News @ M-Media
Author: M-Media
  • Capital One (ကာလင်း) ဖလားကို အကောင်းဆုံး ဂိုး ၂ ဂိုးနဲ့ ၀င်ဘလေမှာ အရယူသွားတဲ့ မန်စီးတီး
    မတ်လ- ၃၊ ၂၀၁၄
    M-Media
    article-2570381-1BF7AFFF00000578-312_634x431
    – အင်္ဂလိပ် ကက်ပီတယ်ဝမ်းဖလား နောက်ဆုံးဗိုလ်လုပွဲကို မနေ့ညက ၀င်ဘလေကွင်းမှာ ကစားခဲ့ပြီး ပရီးမီးယားလိဂ် အသင်းတွေဖြစ်တဲ့ မန်စီးတီးနဲ့ ဆန်းဒါးလန်းတို့ ယှဉ်ပြိုင်ခဲ့ကြပါတယ်။
    ပြီးခဲ့တဲ့နှစ်က FA ဖလားဗိုလ်လုပွဲမှာ တန်းဆင်းဇုန်းက ၀ီဂန်ကို မရှုံးသင့်ဘဲ ရှုံးနိမ့်ခဲ့ရပြီး ချန်ပီယံဖြစ်ခွင့် ဆုံးရှုံးခဲ့တဲ့ မန်စီးတီးတို့ ဒီပွဲမှတော့ အမှားအယွင်းမရှိခဲ့ဘဲဆန်းဒါးလန်းကို အနိုင်ကစားနိုင်ခဲ့ပါတယ်။
    မန်စီးတီးအသင်းဟာ လူစုံပွဲထုတ်ခဲ့ပြီး ဒဏ်ရာကြောင့် အနားယူနေရတဲ့ အဂူရိုလည်း ဒီပွဲမှာ ပြန်ပါနိုင်ခဲ့ပါတယ်။ ပြိုင်ပွဲတစ်လျှောက် ဆောက်သက်တမ်၊ ချယ်ဆီး၊ မန်ယူတို့ကို ထိုက်ထိုက်တန်တန် ကျော်ဖြတ်လာခဲ့တဲ့ ဆန်ဒါးလန်းကလည်း ကက်တာမိုး၊ ဂျွန်ဆင်၊ ဘိုရီနီတို့နဲ့ လူစုံခဲ့ပါတယ်။
    ပရီးမီးယားလိဂ် ပထမအကျော့မှာ အရှုံးပေးခဲ့ရတဲ့ ဆန်းဒါးလန်းကို မန်စီးတီးတို့ပွဲအစကတည်းက ကစားကွက်အသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ဦးဆောင်ဂိုးကိုတော့ ၁၀ မိနစ်မှာ ဆန်းဒါးလန်းက စရခဲ့တာပါ။ ဂျွန်ဆင်ရဲ့ ဖန်တီးပေးပို့မှုကတစ်ဆင့် ဘိုရီနီက ဧရိယာထိပ်ကနေ ကန်သွင်းယူခဲ့တာပါ။ မန်စီးတီးနောက်ခံလူ ကွန်ပနီရဲ့ ပေါ့ဆမှုကြောင့် ပေးလိုက်ရတာလည်း ဖြစ်ပါတယ်။
    ဒါပေမယ့် ကစားကွက်ပိုင်းမှာတော့ မန်စီးတီးတို့ ဆက်လက်အသာရခဲ့ပါတယ်။ ဆန်းဒါးလန်းကလည်း တန်ပြန်တိုက်စစ်ကနေတစ်ဆင့် မန်စီးတီးကို ခြိမ်းခြောက်နိုင်ခဲ့ပြီး ဘိုရီနီရဲ့ ကြိုးပမ်းမှုတစ်ချို့ကလည်း ဂိုးရဖို့ နီးစပ်ခဲ့ပါတယ်။
    ဒုတိယပိုင်းမှာတော့ ချေပဂိုးရဖို့ မန်စီးတီးတို့တင်ကစားလာခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း တော်တော်များများရခဲ့ပါတယ်။ မန်စီးတီးအသင်းအတွက် လိုအပ်နေတဲ့ ချေပဂိုးကိုတော့ ၅၅ မိနစ်မှာ ဇာဘလက်တာရဲ့ဖန်တီးမှုကတစ်ဆင့် ကွင်းလယ်လူ ယာယာတိုးယေးက ဧရိယာအပြင်ဘက် ခပ်လှမ်းလှမ်းကနေ ဂိုးသမားရဲ့ ညာဘက်ထောင့်ကို လှလှပပ သွင်းယူပေးခဲ့တာပါ။ ဒီဂိုးက ပွဲကိုအလှည့်အပြောင်းဖြစ်စေတယ်လို့ ဆန်းဒါးလန်း နည်းပြ ပိုယက်ကလည်း ပွဲအပြီးမှာ ၀န်ခံသွားခဲ့ပါတယ်။
    ဆက်တိုက်ဆိုသလိုပဲ မန်စီးတီးတို့ ဦးဆောင်ဂိုးထပ်ရခဲ့ပြီး ၅၆ မိနစ်မှာ ကိုလာရော့ဗ်ရဲ့ နောက်တန်းက အဝေးဘောကန်တင်ပေးမှုကို နာဆရီက အကောင်းဆုံး အဆုံးသတ်ပေးနိုင်ခဲ့ပါတယ်။ ယာယာတိုယေး ကန်သွင်းခဲ့တဲ့ ထောင့်ကိုဘဲ အဝေးကနေ တိုးယေး ပုံစံအတိုင်း ကန်သွင်းယူပေးခဲ့တာပါ။ နာဆရီဟာ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း ရခဲ့ပါတယ်။ နောက်ပိုင်းမှာ ဆန်းဒါးလန်းက ဂိုးရဖို့အခွင့်အရေးတစ်ကြိမ်ထပ်ရခဲ့ပေမယ့် ဂိုးမဖြစ်ခဲ့ဘဲ ဒုတိယပိုင်း နောက်ဆုံးမိနစ်မှာ နာဗက်စ်က အနိုင်သေချာစေမယ့် ဒုတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။
    ဒီပွဲနိုင်ခဲ့တာကြောင့် ပရီးမိးယားလိဂ်မှာ ၂ ပွဲလျော့နဲ့ အဆင့် ၄ နေရာရောက်နေတဲ့ မန်စီးတီး ဒီရာသီရဲ့ ပထမဆုံးဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး၊ နည်းပြ ပယ်လီဂရီနီရဲ့ ပထမဆုံးဖလားလည်းဖြစ်ပါတယ်။ မန်စီးတီးဟာ ကစားကွက်အသာ ဂိုးသွင်းခွင့် အသာနဲ့ ထိုက်ထိုက်တန်တန် အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။
    “ကျွန်တော်တို့ အကောင်းဆုံးလုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယဦးဆောင်ဂိုးသွင်းဖို့ အခွင့်အရေးရခဲ့မယ်ဆိုရင်တော့ (ရလဒ်ဟာ) တစ်မျိုးဖြစ်ကောင်း ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော်တို့အတွက် လုပ်ရမယ့်အရာအားလုံးကို ကျွန်တော်တို့သိခဲ့တယ်။ လုပ်လည်းလုပ်ခဲ့ပါတယ်။ ယာယာတိုးယေးရဲ့ဂိုးကတော့ ပြောင်မြောက်တဲ့ဂိုးဖြစ်ပြီး၊ နာဆရီရဲ့ဂိုးကလည်း ချီးကျူးစရာကောင်းတဲ့ဂိုးပါ။ တတ်နိုင်သလောက်တော့ ကျွန်တော်တို့ အားလုံးလုပ်ခဲ့ပါတယ်” ပိုယက် (ဆန်းဒါးလန်းနည်းပြ)
    “ကျွန်တော် သိပ်ပျော်ပါတယ်။ ပြိုင်ပွဲတစ်လျှောက်လုံးမှာ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ပြီး၊ ဂိုးလည်းတော်တော်များများသွင်းနိုင်ခဲ့တဲ့အတွက် ဒီဖလားဟာ အသင်းနဲ့ ထိုက်တန်ပါတယ်။ ဒီအနိုင်ဟာ အသင်းအတွက်၊ အသင်းသားတွေ၊ ၀န်ထမ်းတွေနဲ့ ကျွန်တော်တို့အားလုံးအတွက် သိပ်ကိုအရေးပါပါတယ်။ ဖလားတွေကို ရအောင်ယူရမယ့် အသင်းမှာ ကျွန်တော်ရောက်နေပါတယ်။ ဆန်းဒါးလန်းရဲ့ ကစားပုံလည်းတော်တော်ကောင်းခဲ့ပါတယ်” ပယ်လီဂရီနီ (မန်စီးတီးနည်းပြ)
    Ref: Daily Mail
  • ပါလက်စတိုင်း ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံ ဂျကာတာတွင်ကျင်းပ၊ ပါလက်စတိုင်း လွတ်လပ်ရေးအား အပြည့်အ၀ ထောက်ခံသွားမည်ဟု အင်ဒိုဆို
    မတ်-၂ ၊ ၂၀၁၄
    M-Media
    ceapad
    – လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံထူထောင်ရေးနှင့် ပါလက်စတိုင်းအား ပြည့်ဝသော အဖွဲ့ဝင်နိုင်ငံအဖြစ် ကုလမှ အသိအမှတ်ပြုရေးတို့အတွက် ချွင်းချက်မရှိ ထောက်ခံသွားမည်ဟု အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနိုက ပြောကြားခဲ့သည်။
    ယမန်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါလက်စတိုင်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရှေ့အာရှနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ညီလာခံ CEAPAD အဖွင့်မိန့်ခွန်းတွင် ယူဒိုယိုနိုက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
    “လွတ်လပ်ပြီး စီးပွားကောင်းကောင်းလုပ်ဆောင်နိုင်တဲ့ ပါလက်စတိုင်းနိုင်ငံနဲ့ ကုလရဲ့ ပြည့်ဝတဲ့ အဖွဲ့ဝင်ဖြစ်လာခြင်းက ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနဲ့ အရှေ့အလယ်ပိုင်း တည်ငြိမ်ရေးတို့ကို သေချာပေါက် ကူညီမှာပါ” ဟု ယူဒိုယိုနိုက ဆိုသည်။
    ထို့ပြင် ပါလက်စတိုင်း၏ လွတ်လပ်ရေးကြိုးပမ်းမှုအား အားပေးထောက်ခံရန် ညီလာခံသို့ လာရောက်ကြသော အဖွဲ့ဝင်နိုင်ငံအားလုံးအား ယူဒိုယိုနိုက တိုက်တွန်းခဲ့ပြီး၊ ထိုအိပ်မက် အကောင်အထည်ဖော်ရန်အတွက် ပါလက်စတိုင်းပြည်သူများမှာ ၅၅ နှစ်ကြာ ရုန်းကန်နေခဲ့ရကြောင်း၊ အင်ဒိုနီးရှားအနေဖြင့် ပါလက်စတိုင်းအား နိုင်ငံရေး ထောက်ပံ့မှုသာမက၊ စီပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများကိုပါ ပေးသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    ပါလက်စတိုင်းနိုင်ငံအား ထိုကဲ့သို့ စုပေါင်းကူညီမှုအတွက် ကျေးဇူးတင်မိကြောင်း၊ ရှေ့တွင် အခက်အခဲများ ရှိနေသော်လည်း နှစ်နိုင်ငံ ယှဉ်တွဲနေထိုင်ရေးမှာ တွေးဆနိုင်ပြီး လက်ခံနိုင်သည်ဟု ယုံကြည်ကြောင်း ပါလက်စတိုင်း ၀န်ကြီးချုပ် ရာမီ ဟမ်ဒဲလ်လာက ပြောကြားခဲ့သည်။
    ဒုတိယအကြိမ်မြောက်ဖြစ်သည့် အဆိုပါ CEAPAD ညီလာခံကို ပါလက်စတိုင်းနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်နိုင်စွမ်းများမြှင့်တင်ပေးရန် ကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံ ၂၂ နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ ၂၇ ဖွဲ့နှင့် နိုင်ငံတကာအဖွဲ့အစည်း ၅ ခုတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။ အရှေ့အလယ်ပိုင်းဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် ၀ူဆိုင်ကီလည်း ထိုညီလာခံသို့ တက်ရောက်ခဲ့သည်။ CEAPAD ၏ ပထမဆုံးညီလာခံကို ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလတွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပပြုလုပ်ခဲ့သည်။
    ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့တွင် ပါလက်စတိုင်းနိုင်ငံအား လေ့လာသူအဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ချက်ကို ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းက ပြုလုပ်ခဲ့သော ကုလအထွေထွေ ညီလာခံတွင် အတည်ပြုခဲ့ပြီး၊ ထိုအရာမှာ ပါလက်စတိုင်းများ နှစ်ပေါင်း များစွာ မျှော်လင့် တောင့်တနေသော အောင်မြင်မှုလည်းဖြစ်သည်။
    အစ္စရေးကမူ ကုလ၏ ထိုဆုံးဖြတ်ချက်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲအား ကြန့်ကြာစေလိမ့်မည်ဟု သတိပေးထားပြီး၊ အစ္စရေးနှင့် ငြိမ်းချမ်ရေး ဆွေးနွေးမှုများ ပြုလုပ်နေသော ပါလက်စတိုင်းတို့၏ စစ်မှန်သော လွတ်လပ်ရေးမှာ ယခုလက်ရှိတွင် အိပ်မက်အဖြစ်သာရှိနေသည်။
    Ref: ဆင်ဟွာ
  • ယူကရိန်းရှိ ရုရှနွယ်ဖွားများအား ကာကွယ်ရန် အခွင့်ရေးရှိဟု ပူတင်က အိုဘားမားကို ပြော၊ ယူကရိန်းစစ်တပ် တပ်လှန့်ထား
    မတ်-၂ ၊ ၂၀၁၄
    M-Media
    5293232-16x9-940x529
    – ယူကရိန်းနိုင်ငံတွင် ရုရှားစစ်တပ်အား အသုံးပြုရန်အခွင့်အာဏာကို ရုရှား အထက်လွှတ်တော်က သမ္မတ ပူတင်ကိုအပ်နှင်းခဲ့ပြီးနောက် ယူကရိန်းနိုင်ငံကလည်း ၎င်း၏စစ်တပ်ကို အမြင့်ဆုံးအဆင့်တပ်လှန့်နှိုးဆော်ထားသည်ဟု သိရသည်။
    နိုင်ငံ၏ လုံခြုံရေး၊ ကာကွယ်ရေးအကြီးအကဲများနှင့် ယမန်နေ့က ၃ နာရီကြာ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် ရုရှားနိုင်ငံနေဖြင့် ယူကရိန်းအား ၀င်ရာက်ကျူးကျော်သည်မှာ မှန်ကန်သည့် အကြောင်းချင်းရာမဟုတ်ဘဲ၊ ထိုကဲ့သို့ ကျေူးကျော်ဝင်ရောက်ခြင်းက စစ်ပွဲဆီသို့ ဦးတည်နိုင်သည်ဟု ယူကရိန်း၏ ယာယီသမ္မတ အိုလက်ဆန်ဒါ တာချီနော့ဗ်က ပြောကြားခဲ့သည်။
    ထို့ပြင် နိုင်ငံအတွင်းရှိ နျူးကလီးယားအဆောက်အအုံများ၊ လေဆိပ်များနှင့် အခြားသော မဟာဗျူဟာကျသည့် နေရာများတစ်ဝိုက်တွင်လည်း လုံခြုံရေးကို တာန်ဝန်ရှိသူများမှ တိုးမြှင့်ဆောင်ရွက်ထားသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    ရုရှားဝန်ကြီးချုပ် မက်ဗီဒက်နှင့် ဖုန်းပြောဆိုမှုတွင် ယူကရိန်းဝန်ကြီးချုပ် အာဆင် ယက်ဆန်ယွတ်က ခရိုင်းမီးယားဒေသရှိ ရုရှားစစ်သားများအား ရုပ်သိမ်းရန်နှင့် ဆွေးနွေးမှုများပြုလုပ်ရန်အတွက် ရုရှားအား တိုက်တွန်းပြောာကြားခဲ့သည်ဟု သိရသည်။
    ယမန်နေ့တွင် ရုရှားသမ္မတပူတင်နှင့် အမေရိကန်သမ္မတ ဘာရက်အိုဘားမားတို့ ယူကရိန်းအရေးအတွက် မိနစ် ၉၀ ကြာ ဖုန်းဖြင့်ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ အရှေ့ယူကရိန်း၊ သို့မဟုတ် ခရိုင်းမီယားဒေသတွင် အကြမ်းဖက်မှုများဖြစ်ပွားလာလျှင် ထိုဒေသရှိ ရုရှားနွယ်ဖွားများ၏ အကျိုးစီးပွားအား ကာကွယ်ရန် ရုရှား၌ အခွင့်အရေးရှိသည်ဟု ပူတင်က အိုဘားမားအား ပြောကြားခဲ့ကြောင်း ရုရှားသတင်းဌာန RIA Novisti သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
    ထိုကိစ္စနှင့်ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံကလည်း ယမန်နေ့တွင် နယူးယောက်မြို့၌ အရေးပေါ် အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပြီး၊ ရုရှားအနေဖြင့် ထိုကဲ့သို့ ဆက်လက်လုပ်ဆောင်နေပါက ဆိုချီတွင် ပြုလုပ်ရန်ရှိနေသော G8 အစည်းအဝေးသို့ တက်ရောက်မည်မဟုတ်ဟု အမေရိကန်နှင့် ကနေဒါနိုင်ငံတို့က ပြောကြားခဲ့သည်။
    ခရိုင်းမီးယားဒေသတွင် ဖေဖော်ဝါရီ နှောင်းပိုင်းမှစ၍ ရုရှားထောက်ခံသူများနှင့် ဆန့်ကျင်သူများကြား တင်းမာမှုများမြင့်တက်လာခဲ့ပြီး၊ ရုရှားစစ်တပ်မှ စစ်သား ၂၀၀၀ နီးပါးဝင်ရောက်လာကာ ဒေသရှိ အဓိကလေယာဉ်ကွင်း ၂ ခုကို သိမ်းပိုက်ထားသည်ဟု ယူကရိန်းအစိုးရက ပြောဆိုခဲ့သည်။
    Ref: Al Jazeera and agencies
  • မနက်ဖြန် ဖွင့်လှစ်တော့မည့် သြစတြေးလျနိုင်ငံရဲ့ အစ္စလာမ့် အနုပညာနှင့် သမိုင်းပြတိုက်
    မတ်- ၂၊ ၂၀၁၄
    M-Media
    ဘာသာပြန်ဆိုသူ – ETZ
    islamic-museum-victoria
    သြစတေးလျနိုင်ငံ၏ ပထမဆုံးသော အစ္စလာမ် သမိုင်းပြတိုက်ကို ပြည်တွင်းပြည်ပ မှ လေ့လာလို သူများ အတွက် ၂၀၁၄ မတ်လ ၃ ရက်နေ့တွင် ဖွင့်လှစ်တော့မှာ ဖြစ်ပါသည်။ သြစတေးလျ မွတ်စလင်များ၏ ယဉ်ကျေးမှု၊ အနုပညာ၊ သမိုင်းကြောင်းနှင့် နေစဥ့်ဘဝများကိုလေ့လာနိုင်မှာပါ။
    အဆိုပြတိုက်တွင် အဓိက ပြခန်း ၅ ခန်း ပါဝင်ပြီး နိုင်ငံတကာနှင့် ဒေသတွင်း ဆိုင်ရာ ပြခန်းနေရာများ၊ ကော်ဖီဘား၊ ကျောင်းများ အတွက် ပညာရေးဆိုင်ရာ အရင်းအမြစ်များ၊ ဘုံသုံးစင်တာ အကြီးစားနှင့် ရုပ်ရှင်ရုံ အငယ်စား တို့ဖြစ်ကြပါသည်။
    အစ္စလာမ့်သမိုင်းပြတိုက်၏ ရည်ရွယ်ချက်မှာ ယဉ်ကျေးမှုများနှင့် ဘာသာတရားများ အကြား အပြန်အလှန် နားလည်မှုနှင့် သဟဇာတဖြစ်မှုကို အားပေးမြှင့်တင်သွားရန် ဖြစ်ကြောင်း သိရပါသည်။
    အကျိုးအမြတ် အတွက် မရည်ရွယ်သော ထိုပြတိုက်သည် သြစတေးလျနိုင်ငံ၏ ခေတ်အဆက်ဆက် လူမှုအဖွဲ့အစည်း တည်ထောင်မှုနှင့် ယဉ်ကျေးမှု ကဏ္ဍ များတွင် မွတ်စလင်များမှ များစွာ ပါဝင် လုပ်ဆောင်ခဲ့ပုံ ကို မီးမောင်းထိုးပြထားကာ သြစတြေးလျ မွတ်စလင်တို့ ကြွယ်ဝလှသော အနုပညာ ယဉ်ကျေးမှု အမွေအနှစ်များကို မျှဝေနေသော အနုပညာ အိမ်ကြီးဖြစ်ကြောင်း သိရှိရပါသည်။
    အစ္စလာမ် သမိုင်းပြတိုက်ကလည်း သြစတေးလျနိုင်ငံ တွင် အစ္စလာမ်သာသနာ စတင်ရောက်ရှိလာရာမှစပြီး နိုင်ငံ တည်ထောင်ရေး လုပ်ငန်းများတွင်လည်း မွတ်စလင်များ ပါဝင်ခဲ့တယ် ဆိုတာကို သက်သေထူနေတဲ့နေရာပါ”
    အစ္စလာမ့်သမိုင်းပြတိုက်သည် သြစတြေးလျ လူငယ်ဘဏ်လုပ်ငန်းရှင် မွတ်စ်တဖါ ဖာဟ်ဝါ၏ အတွေးအကြံပြီး  သူက “ နိုင်ငံတစ်နိုင်ငံမှာ ပညာရေးဟာ အရေးကြီးတဲ့ ကဏ္ဍမှာ ပါဝင်ပါတယ်။ ဘာသာ တစ်ခုကို နားလည်ဖို့ရာမှာလည်း ပညာရေးက အဓိကကျပါတယ်။ ဒီပြတိုက်မှာ ကျောင်းသား လူငယ်များအတွက် အနုပညာနှင့် ယဉ်ကျေးမှုကိုသာမက ပညာရေးဆိုင်ရာ များကိုပါ တစ်နေရာတည်းမှာ တွေ့မြင်ရမှာဖြစ်ပါတယ်” ဟုပြောပြခဲ့သည်။
    “ဒါ့အပြင် မတူကွဲပြားတဲ့ ယဉ်ကျေးမှု နဲ့ လူ့အသိုင်းအဝိုင်းတစ်ခုလုံးကောင်းစားရေးကို မြှင့်တင်ရန် အတွက် အထိရောက်ဆုံး နည်းလမ်း တစ်ခုကတော့ ကမ္ဘာကြီးရဲ့ ဘုံ ဘာသာ စကားဖြစ်တဲ့ အနုပညာနှင့် ပညာရေးတို့ပါပဲ” ဟု ထပ်လောင်းပြောပြခဲ့သည်။
    “သြစတေးလျနိုင်ငံမှာ အစ္စလာမ်သာသနာကို လေ့လာလိုသူများ အတွက် လွတ်လပ်ပွင့်လင်းစွာ လေ့လာ လို့ရမယ့်နေရာ မရှိသေးပါဘူး။ ဒီပြတိုက်က ကိုးကွယ်ယုံကြည်မှု နှင့်ယဉ်ကျေးမှု ဆိုင်ရာ ဟန်ချက်ညီစေရန်နှင့် နားလည်မှုခိုင်မာစေရန်ရည် ရွယ်ပါတယ်။ ပြတိုက်များက ခေတ်အဆက်ဆက် ယဉ်ကျေးမှုနဲ့ လူနေမှုဘဝတွေ ကို တစ်စုတစည်းတည်း ဖေါ်ပြထားတဲ့နေရာများဖြစ်ပါတယ်။ အစ္စလာမ် သမိုင်းပြတိုက်ကလည်း သြစတေးလျနိုင်ငံ တွင် အစ္စလာမ်သာသနာ စတင်ရောက်ရှိလာရာမှ စပြီး နိုင်ငံ တည်ထောင်ရေး လုပ်ငန်းများတွင်လည်း မွတ်စလင်များ ပါဝင်ခဲ့တယ် ဆိုတာကို သက်သေထူနေတဲ့နေရာပါ” လို့မွတ်စ်တဖါ က ပြောပြသွားသည်။
    ယခုအခါမှာတော့ အစိုးရ၊ လူ့အသိုင်းအဝိုင်း၊ စက်မှုလုပ်ငန်းများ၊ နိုင်ငံတကာနှင့် သြစတြေးလျ အကြီးစားစီးပွားရေး လုပ်ငန်းစုများ၏ ကူညီထောက်ခံမှုဖြင့် မွတ်စ်တဖါ၏  အိပ်မက်မှာ အမှန်တကယ်ဖြစ်တည်လာခဲ့ပါပြီ။
    Ref: faithvictoria.org.au
  • မြောက်ကိုရီးယား၏နောက် ICC (နိုင်ငံတကာ ရာဇဝတ်ခုံရုံး) မှ မျက်စ,ပစ်နေသော မြန်မာနိုင်ငံ
    မတ်- ၂ ၊ ၂၀၁၄
    M-Media
    ဘာသာပြန်ဆိုသူ- လွင်မောင်
    icc
    မိမိထုတ်ပြန်ကြေညာချက်များအပေါ် မိမိကိုယ်တိုင်က ထိရောက်သော အရေးယူမှုများ မလုပ်နိုင်သောကြောင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးမှာ အရာမရောက်လှသည့် အဖွဲ့တစ်ခုအလား အမြင်ထားရှိခံရလေ့ရှိသည်။
    သို့သော်လည်း မြောက်ကိုရီးယားခေါင်းဆောင်များကို နိုင်ငံတကာရာဇ၀တ်ခုံရုံး International Criminal Court (ICC) သို့ လွှဲပြောင်းပေးရန် ကမ္ဘာ့ခေါင်းဆောင်များအား တိုက်တွန်းသော ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး နဗီ ပီလေး၏ မကြာသေးခင်က ထွက်လာသော အစီရင်ခံစာကိုတော့ ကြိုဆိုမိသည်။ မြောက်ကိုရီးယားနိုင်ငံ အတွင်း စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ခဲ့သည့် ထိုအထောက်အထားများပါ အစီအရင်ခံစာ ထွက်လာပြီးနောက် မြောက်ကိုရီးယားရှိ လူ့အခွင့်အရေးခြေအနေနှင့် ပတ်သက်၍ နက်နက်နဲနဲ စိုးရိမ်မိသည်ဟု အမေရိကန်အစိုးရက ၀န်ခံပြောဆိုခဲ့သည်။
    လူ့အခွင့်အရေး ချိုးဖောက်မှုတွင် ကမ္ဘာ့အဆိုးဝါးဆုံး နိုင်ငံများထဲမှ တစ်ခုဖြစ်သည့် မြန်မာနိုင်ငံအား ကုလမှ အလားတူအရေးယူမှုများပြုလုပ်ရန် အလှည့်ရောက်လာချေပြီ။ ဒီမိုကရေစီသို့ လျှောက်လှမ်းနေသည်ဟု လူသိရှင်ကြားကြေညာထားသည့် မြန်မာအစိုးရမှ ရိုဟင်ဂျာများကို စနစ်တကျ ဖိနှိပ်ညှင်းပန်းနေခြင်းကြောင့်ဖြစ်သည်။ သတ်ဖြတ်ခြင်းများ စတင်လာကတည်းက အရေးယူရန်အတွက် နိုင်ငံတကာ၏ တိုက်တွန်းမှုများ ရှိနေခဲ့သည်။ အမေရိကန်သမ္မတ ဘာရက်အိုဘားမား၊ ဘုန်းတော်ကြီး ဒလိုင်းလားမား၊ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်တို့ အပါအ၀င် အခြားသောသူများကလည်း
    မွတ်စလင်လူနည်းစုများ အပေါ် လူမျိုးတုန်းသတ်ဖြတ်မှု လုပ်ဆောင်နေသည်ကို ရပ်တန့်ဖို့ မြန်မာသမ္မတ ဦးသိန်စိန်ကို တိုက်တွန်းခဲ့သည်။ ထိုလုပ်ဆောင်မှုများမှာ လက်ရှိဆောင်ရွက်နေသော တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဆန့်ကျင်ရာလည်း ရောက်နေပေသည်။
    မြန်မာနိုင်ငံအတွင်း ရာစုနှစ်များစွာ နေထိုင်ခဲ့သော်လည်း ရိုဟင်ဂျာများမှာ နိုင်ငံမဲ့များအဖြစ် ကြေညာခြင်းခံခဲ့ရသည်။ တရားမ၀င် ခိုးဝင်လာသူများအဖြစ် တံဆိပ်တပ်ခံရသည်။ ထိမ်းမြား လက်ထပ်ခွင့်ကို ငြင်းပယ်ခံရသလို ကလေးနှစ်ယောက်သာ ယူရန် ကန့်သတ်ခံကြရသည်။ ထိုကဲ့သို့ ကန့်သတ်မှုများမှာ ကုလသမဂ္ဂက ၁၉၄၈ ခုနှစ် လူမျိုးတုန်း သတ်ဖြတ်မှု တားဆီးရေးနှင့် အပြစ်ပေးရေးဆိုင်ရာ ပဋိညာဉ်တွင် ဖွင့်ဆိုဖော်ပြထားသည့် လူမျိုးတုန်းသတ်ဖြတ်မှု ဥပဒေ သတ်မှတ်ချက်များနှင့် ငြိစွန်းနေသည်ဟု အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ CAIR က ဆိုလေသည်။ အကြမ်းဖက် တိုက်ခိုက်မှုများက မွတ်စလင်ထောင်ပေါင်း များစွာ၏ ဘ၀များကို ပျက်စီးစေခဲ့သည်။ လူ ၁၄၀၀၀၀ ကျော်မှာ နေအိမ်များမှ စွန့်ခွာထွက်ပြေးခဲ့ရပြီး အစားအသောက်၊ ဆေးဝါးထောက်ပံ့မှုကို အကန့်အသတ်ဖြင့်သာ ရရှိသည့် ဒုက္ခသည်စခန်းများသို့ ရောက်ရှိသွားကြသည်။ အကျင့်ပျက်ခြစားသည့် အာဏာပိုင်များနှင့် ၎င်းတို့၏ လက်ပါးစေများက မွတ်စလင်ရွာများမှ မြေဧက ၂ သန်းကျော်ကို သိမ်းယူခဲ့ကြလေသည်။
    မြန်မာနိုင်ငံ၏ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေက လူမျိုးရေးခွဲခြားမှုပေါ် အခြေခံထားပြီး၊ မြန်မာနိုင်ငံ၏ နိုင်ငံသား အချင်းချင်း သဘောတူညီချက် ၀တ္တရားများကို ချိုးဖောက်ကာ နိုင်ငံတကာ ဥပဒေနှင့်လည်း သွေဖည်နေသည်။ ထိုနိုင်ငံသား ဥပဒေကြောင့် ရိုဟင်ဂျာများသည့် မြန်မာနိုင်ငံ၏ တိုင်းရင်းသားများ အဖြစ် အသိအမှတ် မပြု၊ နိုင်ငံမဲ့များ အဖြစ်သို့ရောက်အောင်၊ ခွဲခြား ဆက်ဆံခြင်းခံရအောင်သာ တွန်းပို့နေသည်။
    ဒေါ်အောင်ဆန်းစုကြည်ထံမှ ထွက်လာသည့် မှတ်ချက်များကလည်း စိတ်ပျက်စရာပင်။ မြန်မာနိုင်ငံ၏ နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်ဖြစ်သည့် သူမက မြန်မာနိုင်ငံရှိ လူနည်းစုဝင်များ အပေါ် ခိုင်ခိုင်မာမာ ရပ်တည် ကူညီပေးရန် အနေအထား မရှိသည်ကို ဖော်ညွှန်းနေ၏။ ၂၀၁၅ ရွေးကောက်ပွဲတွင်
    သမ္မတနေရာ ၀င်ရောက် ယှဉ်ပြိုင်ရေး မျှော်လင့်ချက်ဖြင့် နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားသူများမှ ပြတ်ပြတ်သားသား ဆန့်ကျင်နေကြသည့် ပြည်တွင်းရှိ ရေပန်းစားနေသော မွတ်စလင် ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ထင်ထင်ရှားရှားပင် မသိချင်ယောင်ဆောင် လျက်ရှိသည်။
    မြန်မာနိုင်ငံမှာ တိုင်းရင်းသားပေါင်းစုံ နေထိုင်သော တိုင်းပြည်ဖြစ်ပြီး၊ နိုင်ငံနယ်စပ် တစ်လျှောက် တောင်တန်းဒေသများ၌ လူနည်းစု တိုင်းရင်းသား အနည်းဆုံး ၇ မျိုးရှိနေသည်။ ၎င်းတို့၏ လူဦးရေက နိုင်ငံ့ လူဦးရေ၏ ၆၅ ရာခိုင်နှုန်းရှိလေသည်။ မြန်မာနိုင်ငံကို တစ်ပြည်ထောင်စနစ်ဖြစ်အောင်
    ပါဝင်ကြိုးပမ်းခဲ့သော တောင်တန်းဒေသမှ ထိုတိုင်းရင်းသားလူနည်းစုများမှာလည်း နှစ်ပေါင်း ၆၀ ကြာမြင့်သည့် စစ်အုပ်ချုပ်ရေးအောက်မှ စစ်ဗိုလ်ချုပ်ကြီးများ၏ စနစ်တကျ ဖိနှိပ် ချုပ်ချယ်ခြင်းကို ခံစားခဲ့ကြရသည်။ ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှုကလည်း နိုင်ငံတော်မှ
    ကျောထောက်နောက်ခံပြုထားသော လူမျိုးစုလိုက် သုတ်သင်မှု၏ အခြားအကျည်းတန်ဥပမာတစ်ခုပင် ဖြစ်လေသည်။
    မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံး သန်းခေါင်စာရင်းကောက်ယူမှုကို မတ်လ ၃၀ ရက်နေ့မှ ဧပြီ ၁၀ ရက်နေ့အထိ ဆောင်ရွက်ရန် ရှိနေသည်။ သို့သော်လည်း ဝေးလံခေါင်ဖျားသည့် အချို့ဒေသများတွင် အခွင့်အလမ်းများ ကန့်သတ်မှုနှင့် တိုင်းရင်းသား ၁၃၅ မျိုးကျော်၊ အဓိကဘာသာ စကား အနည်းဆုံး ၁၉ ခုနှင့်အတူ တိုင်းရင်းသား၊ နိုင်ငံသားနှင့်တိုင်းရင်းသားဆိုင်ရာ အခက်အခဲများနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။ ထို့ပြင် ပြည်ပရောက် မြန်မာနိုင်ငံသားများ အပါအ၀င် ခန့်မှန်းခြေပမာဏ ၁ သိန်း ၃ သောင်းဝန်းကျင် ရှိနေသည့် ထိုင်းနိုင်ငံရောက် မြန်မာ ဒုက္ခသည်များကိုလည်း သန်းခေါင်စာရင်း ကောက်ယူရန် မြန်မာအစိုးရက စီစဉ်လျက်ရှိနေသည်။ ရိုဟင်ဂျာ လူမျိုးများကိုတော့ “အခြား” ဆိုသည့် ခေါင်းစဉ်အောက်တွင် တရုတ်များ၊ ပါကစ္စတန် မျိုးနွယ်များနှင့် အတူ ထည့်သွင်းတွက်ချက်မည်ဖြစ်သည်။ သန်းခေါင်စာရင်း ပုံစံတွင် ရိုဟင်ဂျာများကို တိုင်းရင်းသား အဖြစ် စာရင်းသွင်းခြင်းမှ ဖယ်ထုတ်ခဲ့လျှင်.. ထိုကဲ့သို့ အသိအမှတ် မပြုခြင်းက ခွဲခြားမှုများ ပိုမိုဖြစ်ပေါ်ခြင်းနှင့် တိုင်းပြည်မှ မောင်းထုတ်ခြင်းတို့ဆီသို့ ဦးတည်သွားနိုင်ပေလိမ့်မည်။
    သန်းခေါင်စာရင်းကောက်ယူမှု၏ လတ်တစ်လော ပြဿနာက မျှမျှတတ ဖြစ်ရန်နှင့်၊ ကောက်ယူရရှိသည့် ရလဒ်များအား နိုင်ငံရေး အခင်းအကျင်းတွင် အသေအချာ အလေးထားရန်ပင်ဖြစ်သည်။ အခြားတိုင်းပြည်များမှ ထောက်ပံ့ ကူညီငွေများနှင့် အတူ မကြာမီ လုပ်ဆောင်တော့မည့် သန်းခေါင် စာရင်းကောက်ယူမှု လုပ်ငန်းစဉ် အတွက် ကုလသမဂ္ဂ ကလည်း သင်တန်းများ၊ အချက်အလက်များကို ပေးနေသည်။ သို့သော် နိုင်ငံသားဖြစ်မှု ကဏ္ဍအတွက် ပြောင်းလဲသတ်မှတ်ပြင်ဆင်မည့် အရိပ်လက္ခဏာ ယခုအချိန်အထိ မတွေ့ရသေးချေ။ သန်းခေါင်စာရင်းမှ အပျက် သဘောဆောင်သည့် အကျိုးကျေးဇူးများ၊ ရလဒ်များ ထွက်ပေါ်လာမည်ဟု ထင်လောက်စရာ အကြောင်းခံများရှိပါက သန်းခေါင်စာရင်း လုပ်ငန်းစဉ် ကိစ္စတွင် ပါဝင်သည့် ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်နှင့် အခြားသော အသင်းအဖွဲ့များ၊ တိုင်းပြည်များက (ထိုကဲ့သို့ မဖြစ်စေရန် အတွက်) ၎င်းတို့၏ သြဇာကို အသုံးချရန် တာဝန်ရှိပေသည်။
    မြန်မာနိုင်ငံတွင် နောက်ဆုံး တရားဝင် သန်းခေါင်စာရင်းကောက်ယူမှုအား ၁၉၈၃ ခုနှစ်တွင် ပြုလုပ်ခဲ့ပြီး ထိုသန်းခေါင်စာရင်း၌ နိုင်ငံအတွင်းရှိ မွတ်စလင်များ၏ အရေအတွက်ကို စာရင်းလျှော့၍ပြခဲ့သည်ဟု လူအများက ထင်မြင်ယူဆထားကြသည်။ ယခုကောက်မည့် သန်းခေါင်စာရင်းက တိုင်းရင်းသားများ၏ ကိုယ်ပိုင် လက္ခဏာအား အသိအမှတ်ပြုရန် အခွင့်အရေးဖြစ်မည်ဟု ကနဦးပိုင်းက ယူဆထားကြသော်လည်း ထိုလုပ်ငန်းစဉ်တွင် အဓိကပြောင်းလဲမှုများ ပြုလုပ်ရန်အတွက် တိုင်းရင်းသား အဖွဲ့အစည်းများမှ တောင်းဆိုမှုများ ကြီးထွားလာနေပါသည်။ ထိုသန်းခေါင်စာရင်းက တိုင်းရင်းသား အုပ်စုများ အတွင်းနှင့် လူမျိုးစုများ အကြားတွင် ကွဲပြားမှုဖြစ်စေသည်ဟု ၎င်းတို့က ရှုမြင်ကြသည်။ မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုများ တိုးပွားလာခြင်းကလည်း လက်ရှိဆောင်ရွက်နေသော ငြိမ်းချမ်းရေး လုပ်ငန်းများကို အကျိုး သက်ရောက်စေသည်။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ မတိုင်ခင် လများအတွင်း ထွက်လာမည့် သန်းခေါင်စာရင်း ရလဒ်များက လူမျိုးရေးနှင့် ဘာသာရေး တင်းမာမှုများကို ဖြစ်စေနိုင်ပြီး ရွေးကောက်ပွဲ ပျက်သွားနိုင်လောက်သည် အထိပင် ဦးတည်သွားနိုင်ပါသည်။
    မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်းကိစ္စကို ရွှေ့ဆိုင်းသင့်သည်ဟု ယူကေရှိ ဘားမားကမ်ပိန်းကလည်း ပြောနေသည်။ သန်းခေါင်စာရင်းနှင့် ဆက်စပ်၍ ရှေ့ဆက်ဖြစ်လာမည့် အန္တရာယ်များက ထိုမှရရှိမည့် အကျိုးကျေးဇူးများထက် ပိုများနေသောကြောင့်သာဖြစ်သည်။
    “သန်းခေါင်စာရင်း ကောက်ယူမှုအတွက် ဖွဲ့စည်း တည်ဆောက်ပုံတွေက ကျွန်တော်တို့အဖို့ လုံးဝ လက်မခံနိုင်စရာပါပဲ။ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား လူနည်းစုအားလုံး အတွက် တူညီတဲ့ အခွင့်အရေးကိုပဲ ကျွန်တော်တို့ ရိုးရိုးသားသားတောင်းဆိုနေတာပါ” ဟု ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီမှ ဦးကျော်မင်းက ဆိုသည်။
    မြန်မာနိုင်ငံ၏ အနာဂတ်တွင် ကုလသမဂ္ဂက ထိရောက်သည့် အခန်းကဏ္ဍ၌ ရှိမည်ဆိုလျှင် နိုင်ငံသားများအား စာရင်းကောက်ခြင်းအစား ရိုဟင်ဂျာလူမျိုးများ သေဆုံးမှုနှင့် ၎င်းတို့၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို စာရင်းကောက်ယူခြင်းက ပိုကောင်းပေ လိမ့်မည်။ မြန်မာခေါင်းဆောင်များ၏ တာဝန်ယူမှုနှင့် လူမျိုးတုန်း သတ်ဖြတ်မှုတွင် ၎င်းတို့၏ အခန်းကဏ္ဍအတွက် သတိပေးမှုများကို အသေအချာပင် ပြုလုပ်ရမည်။
    ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး နဗီပီလေးက မြောက်ကိုရီးယားနှင့်အတူ မြန်မာနိုင်ငံအား လူသားထုအပေါ် ၎င်းတို့ ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများအတွက် နှစ်နိုင်ငံစလုံးအား စွဲချက်တင်ပြီး၊ နိုင်ငံတကာရာဇ၀တ်ခုံရုံးသို့ လွှဲပြောင်းပေးရန်သာ ကျွန်တော်တို့၏ တစ်ခုတည်းသော မျှော်လင့်ချက်ပင်ဖြစ်တော့သည်။
    ဒေါက်တာ အာဇီးမ်း အီဗရာဟင်မှာ စကော့တလန် အင်စတီကျုမှ အမှုဆောင်ဥက္ကဌဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စု ချီကာဂို တက္ကသိုလ်တွင် နိုင်ငံတကာလုံခြုံရေး ဘာသာရပ်အား သင်ကြားပို့ချပေးနေသူဖြစ်သည်။
    Huffington Post ‎ တွင် ဖော်ပြပါရှိသော UN Is Right to Refer North Korea to International Criminal Court — Now It’s Burma’s Turn အား လွင်မောင် မှ ဆီလျော်အောင်ပြန်ဆိုသည်။