News @ M-Media

Author: M-Media

  • အာဖဂန်ကျူးကျော်စစ်မှာ အနောက်နိုင်ငံများ၏ အကျိုးအတွက်သာဖြစ်ဟု အာဖဂန်သမ္မတပြော

    မတ် ၃၊ ၂၀၁၄
    M-Media
    201421671041419734_20
    – အမေရိကန်နှင့် အနောက်အုပ်စုများက အာဖဂန်နစ္စတန်ပေါ် စစ်ပွဲဆင်နွှဲခဲ့ခြင်းမှာ အာဖဂန်ပြည်သူများ၏ အကျိုးအတွက်မဟုတ်ဘဲ ၎င်းတို့၏ အကျိုးအတွက်သာဖြစ်သည်ဟု အာဖဂန်နစ္စတန်သမ္မတ ဟာမစ်ကာဇိုင်းက ၀ါရှင်တန်ပို့စ် သတင်းစာနှင့် အင်တာဗျူးတွင် ပြောကြားလိုက်သည်။

    ကာဇိုင်နှင့်အင်တာဗျူးကို ယမန်နေ့တွင် ၀ါရှင်တန်ပို့စ်သတင်းစာက ဖော်ပြခဲ့ပြီး အမေရိကန်ပြည်ထောင်စုကို အလွန်စိတ်ဆိုးနေသည့် ကာဇိုင်းက “နိုင်ငံအတွက်မဟုတ်သည့် စစ်ပွဲတွင် ပြည်သူများသေကြေခဲ့ရသည်” ဟု မှတ်ချက်ပေးခဲ့သည်။

    ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ တိုက်ခိုက်မှုအပြီးတွင် အမေရိကန်နှင့်အပေါင်းအပါများက တိုက်ခိုက်ခဲ့သော အာဖဂန်စစ်ပွဲမှာ ၁၂ နှစ်ကြာခဲ့ပြီး၊ အမေရိကန်သမိုင်းတွင် အရှည်ကြာဆုံးသော အဆိုပါစစ်ပွဲမှာ အမေရိကန်၏ လုံခြုံရေးနှင့် အနောက်နိုင်ငံများ၏ အကျိုးအတွက်သာဖြစ်သည်ဟု ကာဇိုင်းကဆိုသည်။

    ကာဇိုင်းမှာ ယခုနှစ်ကုန်တွင် အမေရိကန်တပ်များ အာဖဂန်တွင်ဆက်ရှိနေမည့် အမေရိကန်နှင့် လုံခြုံရေးသဘောတူညီချက်အား ချုပ်ဆိုရန် ငြင်းဆိုထားပြီး၊ ထိုငြင်းဆိုမှုက အိမ်ဖြူတော်အား စိတ်ပျက်စေခဲ့သည်။ အဆိုပါကိစ္စအတွက် အမေရိကန် သမ္မတ အိုဘားမားနှင့် ကာဇိုင်းတို့မှာ ပြီးခဲ့သည့် တစ်ပတ်က ဖုန်းဖြင့် ဆွေးနွေးခဲ့ကြသော်လည်း ပြေလည်မှု မရခဲ့ပေ။

    ၂၀၁၄ နောက်ပိုင်းတွင် အာဖဂန်၌ အမေရိကန်တပ်များ လုံးဝမရှိတော့မည့် အခြေအနေအကို ရင်ဆိုင်နိုင်ရန်အတွက် ပြင်ဆင်ထားရန် အိုဘားမားက ပင်တဂွန်သို့ပြောကြားထားသည်။

    ကာဇိုင်းကမူ အဆိုပါ လုံခြုံရေးသဘောတူညီချက်စာချုပ် လက်မှတ်မထိုးခင် အမေရိကန်အနေဖြင့် တာလီဘန်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရမည်ဖြစ်ပြီး အာဖဂန်နစ္စတန်အတွင်း စီးနင်းမှုများ၊ တိုက်ခိုက်မှုများအား အဆုံးသတ်ရမည်ဟု အင်တာဗျူးတွင် ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် စစ်ကြောင့် သေကြေထိခိုက်ဒဏ်ရာရမှုများက ၎င်းအတွက် အလွန်ဒုက္ခရောက်ကြောင်း၊ အာဖဂန်နိုင်ငံထက် ပါကစ္စတန်ရှိ တာလီဘန်များကို ပစ်မှတ်ထားတိုက်ခိုက်ရန် အမေရိကန်၏ အာရုံစူးစိုက်မှုလျော့နည်းခြင်းက မိမိတို့အား သစ္စာဖောက်သည်ဟု ခံစားရကြောင်း၊ နိုင်ငံအတွင်း အရပ်သားများ ထိခိုက်သေကြေမှုများကလည်း အာဖဂန်၏ အမေရိကန်နှင့် ဆက်ဆံမှုကို တဖြည်းဖြည်း အားနည်းစေကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ကာဇိုင်းအား ကဘူးလ်ရှိ ၎င်း၏ရုံးခန်းတွင် စနေနေ့ညပိုင်းက ၀ါရှင်တန်ပို့စ်သတင်းစာမှ အင်တာဗျူးခဲ့ခြင်းဖြစ်သည်။

    “အမေရိကန်ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ပြောလိုပြီး၊ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ အမေရိကန်အစိုးရအတွက်တော့ ကျွန်တော့ရဲ့နာကျည်းမှုတွေ၊ ဒေါသတွေသာ ပေးလိုက်ပါ” ဟု ကာဇိုင်းက အင်တာဗျူးအဆုံးတွင် ထည့်သွင်းပြောကြားခဲ့သည်။

  • ယူကရိန်းမှာ ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ရတော့မည်ဟု ၀န်ကြီးချုပ်ပြောကြား

    မတ် ၃၊ ၂၀၁၄
    M-Media
    140302212047-02-ukraine-0302-horizontal-gallery
    – နိုင်ငံအတွင်းသို့ ရုရှားစစ်သားများ ၀င်ရောက်ခြင်းက ယူကရိန်းအား စစ်ကြေညာခြင်းသာ ဖြစ်သည်ဟု ယူကရိန်း ၀န်ကြီးချုပ် Arseniy Yatsenyuk  ကပြောဆို လိုက်ပြီး၊ နိုင်ငံမှာ အလွန် ဆိုးရွားသော အခြေအနေသို့ ရောက်တော့မည်ဟု ပြောကြားလိုက်သည်။

    “ရင်းနှီးတဲ့ မိတ်ဘက်နိုင်ငံတွေဖြစ်ကြတဲ့ ယူကရိန်းနဲ့ ရုရှားတို့အကြား သမ္မတပူတင်က စစ်ဖြစ်စေချင်တယ်ဆိုရင်တော့၊ သူရဲ့ရည်ရွယ်ချက်ဟာ ပိုနီးလာပါပြီ။ ဆိုးရွားတဲ့ အခြေအနေကို ကျွန်တော်တို့ ရင်ဆိုင် ရတော့မှာပါ” ဟု သတင်းထောက်များအား အင်္ဂလိပ်ဘာသာဖြင့် Arseniy Yatsenyuk က ပြောကြားခဲ့သည်။ ယူကရိန်း အရေးတွင် စစ်အင်အား သုံးရန် ရုရှာပါလီမန်က အတည်ပြုပြီး တစ်ရက်အကြာ တနင်္ဂနွေနေ့ (ယမန်နေ့)တွင် ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

    ခရိုင်းမီးယားဒေသတွင် ရုရှားစစ်တပ်များ ၀င်ရောက်လာပြီး အစိုးရ အဆောက်အဦးများနှင့် လေဆိပ်များအား ထိန်းချုပ်ထားသည်ဟု ယူကရိန်း အာဏာပိုင်များက စွပ်စွဲထားချိန်တွင် ယူကရိန်းရေတပ်မှ အရာရှိတစ်ဦးမှာ ၎င်းအနေဖြင့် ရုရှားထောက်ခံသူများ ဘက်သို့ ဘက်ပြောင်းသွားပြီဟု ယမန်နေ့က ပြောကြားခဲ့သည်။ ဆီဗက်စတိုပိုလ်မြို့ရှိ ရေတပ်အား တာဝန်ယူပြီး ၂ ရက်အကြာတွင်ပင် ဘက်ပြောင်းသွားခဲ့သည့် ဒန်းနစ် ဘီရီဇော့ဗ်စကီး အမည်ရ အဆိုပါ ရေတပ်အရာရှိအား နိုင်ငံတော် သစ္စာဖောက်မှုဖြင့် စွဲချက်တင်လိုက်ပြီဟု ယူကရိန်း အာဏာပိုင်များက ပြောကြားခဲ့သည်။

    အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီကလည်း ရုရှား၏ ထိုလုပ်ရပ်အား ၁၉ ရာစုက လုပ်ရပ်ဖြစ်ပြီး ၂၁ ရာစုတွင် လုပ်၍ မရတော့ကြောင်း၊ ယူကရိန်း၏ အချုပ်အချာ အာဏာအား ဂရုမထားဘဲ ရုရှား၏ ထိုကဲ့သို့ ရန်စ ကျူးကျော်မှုမှာ နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်ကြောင်း CBS သတင်းဌာနသို့ ယမန်နေ့က ပြောကြားခဲ့သည်။

    နေတိုးအဖွဲ့၏ အထွေအထွေ အတွင်းမှူးကလည်း ရုရှား၏ လုပ်ရပ်များမှာ ဥရောပ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအား ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။

    Ref:  Al Jazeera and agencies

  • အကြမ်းဖက်ခံ ရိုဟင်ဂျာများ အတွက် တူရကီမှ UNICEF မှတဆင့် ၁.၈၂ သန်း အကူအညီများ ပေးအပ်မည်

    မတ် ၃၊ ၂၀၁၄
    M-Media
    image
    မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ နေအိမ် စွန့်ခွာထွက်ပြေးခဲ့ရသော ရိုဟင်ဂျာများအား ကူညီထောက်ပံ့ရန်အတွက် ကန်ဒေါ်လာ ၁.၈၂ သန်း တန်းဖိုးရှိ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကိုပေးပို့ရန် ယူနီဆက်ဖ်နှင့် တူရကီနိုင်ငံတို့ သဘောတူညီမှုရခဲ့သည်ဟု သိရသည်။

    လူမျိုးရေးကို အခြေခံသည့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသော ရိုဟင်ဂျာများ အတွက် သောက်ရေသန့်များ ထောက်ပံ့ရန်နှင့် ၎င်းတို့၏ တစ်ကိုယ်ရေ သန့်ရှင်းရေး အခြေအနေများ တိုးတက်အောင်ဆောင်ရွက်ရာတွင် ထိုငွေများကို အသုံးပြုရန် စီစဉ်ထားသည်။

    ရိုဟင်ဂျာများအား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန်အတွက် တူရကီ သမ္မတရုံး သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ် စီမံခန့်ခွဲရေးအဖွဲ့မှ ပြုလုပ်သော လှုပ်ရှားမှုများမှ ထိုငွေများကို ရရှိခဲ့ခြင်းဖြစ်သည်။

    မြန်မာနိုင်ငံရှိ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသော ရိုဟင်ဂျာများအတွက် ယူနီဆက်ဖ်အား တူရကီနိုင်ငံမှ ယခုကဲ့သို့ အကူအညီများပေးပို့ခြင်းကို ကျေးဇူးတင် ပါကြောင်းနှင့် ဆီးရီးယား ဒုက္ခသည်များအတွက် အကူအညီပေးရေး အတွက် တူရကီ၏ စိတ်အား ထက်သန်မှုကိုလည်း ချီးကျူးပါကြောင်း ယူနီဆက်ဖ်မှ တာဝန်ရှိသူ ဒိုမီနစ် ဟိုင်ဒီက ပြောကြားခဲ့သည်။

    တူရကီနိုင်ငံသည် ရခိုင်ပြည်နယ်မှ နှစ်ဘက် ဒုက္ခသည်များကို ထောက်ပံ့ရန် အတွက် ၂၀၁၂ ခုနှစ်အတွင်းက အမေရိကန် ဒေါ်လာ သန်း ၅၀ လှူဒါန်းခဲ့ပြီးဖြစ်သည်။

    ကုလသမဂ္ဂ၏ အဆိုအရ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ လူမျိုးစုများမှာ ကမ္ဘာ့ပေါ်တွင် ဖိနှိပ်အခံရဆုံး လူမျိုးများဖြစ်သည်ဟု သိရသည်။ ၎င်းတို့မှာ ဗုဒ္ဓဘာသာဝင် ရခိုင် အစွန်းရောက်များ၏ စနစ်တကျ တိုက်ခိုက် သတ်ဖြတ်မှုကို ခံစားနေရပြီး၊ လူတစ်သိန်းခန့်မှာ အခြေအနေအလွန် ဆိုးရွာကာ သီးသန့် ဖယ်ထုတ်ခြင်းခံထားရသည့် ဒုက္ခသည် စခန်းများတွင် နေထိုင်နေကြရသည်။ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ ၎င်းတို့၏ နိုင်ငံသားဖြစ်မှုမှာ ဆုံးရှုံးခဲ့ရပြီး၊ နိုင်ငံမဲ့များ ဘ၀သို့ ရောက်နေကြသည်။ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဦးရေ ၁.၃ သန်းခန့် ရှိသည်ဟု ခန့်မှန်းရသည်။

    ဓါတ်ပုံအညွှန်း စစ်တွေမြို့မှ ဒုက္ခသည်စခန်းတွင် ဆေးကုသရန်စောင့်ဆိုင်းနေစဉ် ငိုကြွေးနေသည့် ရောဂါသည် ကလေးငယ်အား မိခင်ဖြစ်သူမှ ချော့မြူနေစဉ် (၂၀၁၂ ခုနှစ် နိုဝင်ဘာ Photo-AFP)

    Ref: World Bulletin

  • ဆေးရုံ၏ အရေးပေါ်ကုသမှု အတွက် ကနေဒါမွတ်စလင်များ ရန်ပုံငွေရှာဖွေရေး လှုပ်ရှားမှုပြုလုပ်

    မတ်- ၃၊ ၂၀၁၄
    M-Media

    Ontario-Muslims-Support-Hospital

    – ကနေဒါနိုင်ငံ အွန်တာရီယိုပြည်နယ် မစ်စီဆော်ဂါမြို့ရှိ ဆေးရုံးတစ်ခုအတွက် ရန်ပုံငွေ ရရှိရန် ရည်ရွယ်၍ နှစ်ပတ်လည် လမ်းလျှောက် လှုပ်ရှားမှုတစ်ခုကို ထိုမြို့ရှိ အစ္စလာမ် ဘာသာဝင်များက ပြီးခဲ့သည့် သီတင်းပတ် အတွင်း ပြုလုပ်ခဲ့သည်ဟု သိရသည်။

    လေးကြိမ်မြောက်ပြုလုပ်သည့် အဆိုပါ ရန်ပုံငွေ ရှာဖွေရေး လှုပ်ရှားမှုအတွင်း ကန်ဒေါ်လာ ၆၀၀၀၀ ခန့် ရရှိခဲ့ကြပြီး၊ အဆိုပါဆေးရုံ အတွက် စုစုပေါင်း ကန်ဒေါ်လာ ၂ သိန်း ၅ သောင်း ရန်ပုံငွေ ရှာဖွေပေးနိုင်ခဲ့ပြီဖြစ်သည်။

    “ဒီကဆေးရုံ ရန်ပုံငွေရဖို့အတွက် ဒီကလူတွေ အားလုံးနဲ့အတူ ပူးပေါင်းဆောင်ရွက်ခွင့်ရတဲ့ အတွက်ကျွန်တော်တို့ ကျေနပ်မိပါတယ်။ ကျွန်တော်တို့မြို့မှာ စခဲ့တဲ့ ဒီလှုပ်ရှားမှုဟာ အခုတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့လုပ်တဲ့ လှုပ်ရှားမှု တစ်ခုဖြစ်လာပါပြီ” ဟု အဆိုပါလှုပ်ရှားမှုကို စီစဉ်သည့်အဖွဲ့မှ ဥက္ကဌ အက်ဗဒူလ် ကိုင်ယမ် မွဖ်သီက South Asian Focus သတင်းဌာနသို့ ပြောကြားခဲ့သည်။

    မစ်စီဆော်ဂါ မွတ်စလင် လူ့အဖွဲ့အစည်းမှ ဦးဆောင်ပြုလုပ်ခဲ့သည့် အဆိုပါ ရန်ပုံငွေ ရှာဖွေရေး လှုပ်ရှားမှုမှာ ၄ နှစ်မြောက်ရှိခဲ့ပြီး ထိုလှုပ်ရှားမှုမှ တစ်ဆင့် ထိုမြို့ရှိ Trillium Health Partners ဖောင်ဒေးရှင်းမှ တည်ထောင်ထားသည့် ဆေးရုံသို့ ကန်ဒေါ်လာ ၂ သိန်း ၅ သောင်းအထိ လှူဒါန်းနိုင်ခဲ့သည်။

    “ကျန်းမာရေးစောင့်ရှောက်မှုပိုင်းမှာ ထူးခြားတာတွေလုပ်ဖို့ ကျွန်တော်တို့တူ တကွ လုပ်ဆောင်တာနဲ့ ပတ်သက်ပြီး ဘ၀င်မမြင့်ပါဘူး။ ပိုကောင်းတဲ့ ကမ္ဘာအဖြစ် ပြောင်းလဲဖို့ ကျွန်တော်တို့အားလုံး ကူညီနေကြတာပါ” ဟု မွဖ်သီက ဆိုသည်။

    ထို့ပြင် ၎င်းတို့၏ ရည်ရွယ်ချက်ဖြစ်သည့် ၅ နှစ်အတွင်း ရန်ပုံငွေ ၂ သိန်း ၅ သောင်းရရှိရေး ရည်ရွယ်ချက် ပြည့်မြောက်သွားသည့် အတွက် ဂုဏ်ယူမိကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ ယခုနှစ်ပြုလုပ်ခဲ့သည့် ရန်ပုံငွေ ရှာဖွေရေး ကြွေးကျော်သံမှာ “ငါတို့၏ ကလေးငယ်၊ ငါတို့၏ မျှော်လင့်ချက်” ဖြစ်သည်။

    “Trillium Health Partners ဖောင်ဒေးရှင်းက တည်ထောင်ထားတဲ့ ဒီဆေးရုံက အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်ကို ထောက်ပံ့ဖို့ အတွက် အောင်မြင်တဲ့လှုပ်ရှားမှု တစ်ခုကို မစ်စီဆော်ဂါ မွတ်စလင်တွေက ပြုလုပ်နိုင်ခဲ့တဲ့ အတွက် ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ရဲ့ အရေးပေါ်ဌာနမှာ နှစ်စဉ် လူ ၂ သိန်း ၅ သောင်းကျော် လာရောက် ကုသလျက်ရှိပြီး ဒီဒေသမှာတော့ အမြင့်ဆုံး ပမာဏပါ” ဟု Trillium Health Partners ဖောင်ဒေးရှင်းမှ စီအီးအိုဖြစ်သူ စတီဗ် ဟော့စ်ချစ်က ပြောကြားခဲ့သည်။

    အစ္စလာမ်ဘာသာမှာ ကနေဒါနိုင်ငံတွင် ခရစ်ယာန် ဘာသာပြီးနောက် ဒုတိယကိုးကွယ်မှု အများဆုံး အယူဝါဒ တစ်ခုဖြစ်ပြီး နိုင်ငံလူဦးရေ ၃၂.၈ သန်း၏ ၂.၈ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာကို သက်ဝင် ယုံကြည်သူများဖြစ်ကြသည်။

    Ref: OnIslam & News Agencies

  • လီဗာပူးလ်နိုင်ပြီး အဆင့် ၂ ရောက်၊ စပါးနဲ့ အက်စတွန်ဗီလာတို့ နိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၈ ဆူပါဆန်းဒေးပွဲများ

    မတ်- ၃၊ ၂၀၁၄
    M-Media

    SOU-LIV-1314-ps23-010314
    – ပရီးမီးယားလိဂ် ပွဲစဉ် ၂၈ ရဲ့ လက်ကျန် ၄ ပွဲကိုတော့ မနေ့က ကစားခဲ့ပြီး လီဗာပူးလ်၊ စပါးနဲ့ အက်စတွန်ဗီလာတို့ အနိုင်ရခဲ့ကာ ဆွမ်ဆီးကတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ သရေကျခဲ့ပါတယ်။

    ပထမအကျော့မှာ ဆောက်သက်တမ်ကို ရှုံးခဲ့တဲ့ လီဗာပူးလ်တို့ ဒီနေ့ပွဲမှာတော့ အမှားအယွင်း မရှိခဲ့ဘဲ၊ ဆွာရက်ဇ်၊ စတာလင်၊ ဂျရတ်တို့ရဲ့ဂိုးတွေနဲ့ အနိုင်ရခဲ့ပါတယ်။ ပွဲစကတည်းက လီဗာပူးလ်တို့ အသာရခဲ့ပြီး တစ်ပွဲလုံး ဆောက်သက်တမ်ဘက်ကို ဖိကစားနိုင်ခဲ့ပါတယ်။ ဒီပွဲဟာ တိုက်စစ်မှူး ဆွာရက်ဇ်ရဲ့ ပရီးမီးယားလိဂ်ပွဲ ၁၀၀ ပြည့်မြောက်တဲ့ ပွဲလည်းဖြစ်တယ်။

    နောက်ဆုံးလေးပွဲမှာ သုံးပွဲအထိ ရှုံးထားတဲ့ အက်စတွန်ဗီလာတို့ ဒီပွဲမှာ နော်ဝစ်ခ်ျကို ဂိုးပြတ်နဲ့ နိုင်ခဲ့ပါတယ်။ ဒါပေမယ့် နော်ဝစ်ခ်ျက ပွဲအစ ၃ မိနစ်မှာပဲ ဦးဆောင်ဂိုးရခဲ့တာပါ။ ဘောလုံးပိုင်ဆိုင်မှု သိပ်မကွာဘဲ၊ ဂိုးသွင်းကလည်း နော်ဝစ်ခ်ျ ထက်နည်းကာ ၆ ကြိမ်ပဲ ရှိခဲ့တဲ့ ဗီလာတို့ ၄ ဂိုးရခဲ့တာက အံ့သြစရာဖြစ်ပြီး တိုက်စစ်မှူးတွေကို ချီးကျူးရမှာပါ။ ဒီပွဲရဲ့ ဂိုး ၅ ဂိုးစလုံးကို ပထမပိုင်းမှာပဲ ရခဲ့တာကတော့ ထူးခြားချက်တစ်ခုပါပဲ။

    တင်ရှားဝုဒ်ရဲ့စပါးကလည်း အိမ်ကွင်းဝှိုက်ဟတ်လိန်းမှာ အဆင့် ၁၉ က ကာဒစ်ဖ်ကို အနိုင်ရခဲ့ပါတယ်။ ချန်ပီယံလိဂ် ၀င်ခွင့် မှန်းနေတဲ့ စပါးတို့ရဲ့ ဒီအနိုင်ဟာ ထိုက်တန်ခဲ့ပြီး ဂိုးသွင်းခွင့် အချို့ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ၁ ဂိုးနဲ့သာ ကျေနပ်ခဲ့ ရတာပါ။ အိမ်ရှင်အသင်း အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ စပိန်တိုက်စစ်မှူး ဆိုလ်ဒါဒိုက ပထမပိုင်း ၂၈ မိနစ်မှာ သွင်းယူပေး ခဲ့ပါတယ်။။ ဒီဂိုးဟာ သူရဲ့ ၂ လကျော်ကြာ ဂိုးမိုးခေါင်မှုကို အဆုံးသတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ကာဒစ်ဖ်ကတော့ စက်တင်ဘာလကတည်းက အဝေးကွင်း တစ်ပွဲမှ မနိုင်သေးဘဲ တန်းဆင်းရဖို့ အန္တရာယ်ဟာ တစ်ဖြည်းဖြည်းနဲ့ နီးနီလာပါပြီ။

    ကစားပုံကောင်းပေမယ့် ရလဒ်တွေကို မှန်းလို့မရတဲ့ ဆွမ်ဆီးအသင်းကတော့ ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ သရေကျခဲ့ ပါတယ်။ ၂၅ မိနစ်မှာ ဦးဆောင် ဂိုးသွင်းနိုင်ခဲ့ပေမယ့် ၈၂ မိနစ်မှာ ဂလန် မာရေးက ပင်နယ်တီကတစ်ဆင့် ပဲလေ့စ်အတွက် ချေပဂိုး သွင်းယူပေးခဲ့တာကြောင့် သရေတစ်မှတ် ခွဲပေးလိုက်ရပါတယ်။

    ဒီတစ်ပါတ်ပွဲစဉ် ၂၈ အပြီးမှာတော့ ချယ်ဆီးအသင်းကသာ ဇယားကို ဆက်လက်ဦးဆောင်ထားပြီး အာဆင်နယ် ရှုံးသွားတဲ့အတွက် ဆောက်သက်တမ်ကို အနိုင်ရခဲ့တဲ့ လီဗာပူးလ်တို့ အဆင့် ၂ ကို ရောက်လာပါတယ်။ ဇယားအောက်ခြေမှာတော့ သိပ်မပြောင်းခဲ့ဘဲ ဆန်းဒါးလန်း၊ ကာဒစ်ဖ်နဲ့ ဖူလ်ဟမ်တို့ပဲ တန်းဆင်းဇုန်းမှာ ဆက်ရှိနေပါတယ်။

    ဒီတစ်ပတ်ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ဆောက်သက်တမ် ၀-၃ လီဗာပူးလ်
    အက်စတွန်ဗီလာ ၄-၁ နော်ဝစ်ခ်ျ
    ဆွမ်ဆီး ၁-၁ ခရစ္စတယ်ပဲလေ့စ်
    စပါး ၁-၀ ကာဒစ်ဖ်
    အဲဗာတန် ၁-၀ ၀က်စ်ဟမ်း
    ဖူလ်ဟမ် ၁-၃ ချယ်ဆီး
    ဟားလ်စီးတီး ၁-၄ နယူးကာဆယ်
    စတုတ်စီးတီး ၁-၀ အာဆင်နယ်
    ဆောက်သက်တမ် ၀-၃ လီဗာပူးလ်