ဖေဖေါ်ဝါရီ ၁၁၊ ၂၀၁၄
M-Media
ဇာဏီ
သံတွဲ ။ ။ ၂၀၁၃-ခု စက်တင်ဘာ ၂၉-ရက်နေ့တွင် သံတွဲမြို့၌ စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများတွင် ဦးဆောင်ပါဝင်ခဲ့သူများထဲ တစ်ဦးဖြစ်သူဟု ယူဆရသူ သံတွဲ RNDP ဥက္ကဌ ဦးမောင်ပုအား တရားစွဲထားရာမှ ယနေ့ ဖေဖော်ဝါရီ ၁၁-ရက်နေ့တွင် မှားယွင်းမှုအဖြစ် သတ်မှတ်၍ သံတွဲ တရားရုံးက အမှုပိတ်သိမ်း လိုက်ပြီဖြစ်ကြောင်း သိရသည်။
ဦးမောင်ပုအား စွဲဆိုထားသည့် ပုဒ်မ ၅၀၅(ဂ)မှာ သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်မြောက်ခဲ့ပြီး ပုဒ်မ ၃၃၂/၂၀၁၃၊ ပုဒ်မ ၁၈၆ တို့၏ အမှုများကို သံတွဲတရားရုံးမှ မှားယွင်းမှုအဖြစ် အပြီးတိုင် ပိတ်သိမ်း လိုက်ပြီဖြစ်ကြောင်းနှင့် စွဲထားသည့် ပုဒ်မများအရ ထောင်ဒဏ် ၂-လ မျှသာ ချမှတ်နိုင်ပြီး ဦးမောင်ပုသည် အချုပ်ထောင်တွင် နှစ်လ ကျော် ကျခံခဲ့ရပြီးဖြစ်သည့်အတွက် အမှုအား တရားသူကြီး ဒေါ်အေးခင်ညွန့်မှ ပိတ်သိမ်းရန် အမိန့်ချလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒေါ်အေးခင်ညွန့်သည် ရခိုင်ပြည်နယ်ဝန်ကြီးချူပ် ဦးလှမောင်တင် အမျိုးသမီး၏ တူမ တော်စပ်သူဖြစ်ကြောင်းလည်း ဒေသခံများထံမှ သိရသည်။
သံတွဲအကြမ်းဖက်မှုများအတွင်း စွပ်စွဲခံထားရသည့် သဗြုချိုင်ကျေးရွာမှ ကမန်အမျိုးသား များအား ရုံးချိန်းထုတ်ရာ တရားလို ရပ်ကွက် အုပ်ချုပ်ရေးမှူး ဖြေကြားသည်မှာ တရားခံဟု သတ်မှတ်ထားသူများအား လွတ်မြောက်ခွင့် ရနိုင်သော်လည်း ထပ်မံ၍ ရုံးချိန်းပြုလုပ်ရာတွင် သက်သေများရောက်ရှိလာခြင်း မရှိသည့်အတွက် ဖေဖော်ဝါရီ ၁၇-ရက်နေ့တွေင် ရုံးချိန်းထပ်မံ ပြုလုပ်လိုက်သည်ဟုလည်း သိရသည်။ အဆိုပါ ဖမ်းဆီးခံနေရသူများမှာ အကျဉ်းထောင်အတွင်းတွင် ၄-လကျော် ကြာမြင့်နေပြီ ဖြစ်ပြီး တွေ့ဆုံခွင့် မရရှိဟုလည်း ဒေသခံများက ပြောသည်။
ကမန်အမျိုါ်သား ဦးကျော်ဇံလှအား ဖမ်းဆီးထိန်းသိမ်းထားရာတွင်လည်း ထောင်ဒဏ် ၂-နှစ် ချနိုင်သည့် ပုဒ်မဖြင့် စွဲချက်တင်ထားသည့်အတွက် ၂-နှစ် ကျနိုင်သည်ဟု သုံးသပ် ပြောဆိုမှုများလည်း ရှိနေသည်။
ဥပဒေ၏အထက်တွင် မည်သူမျှ မရှိရဟု ကြွေးကြော်နေသော်လည်း ဤကဲ့သို့ တရား လက်လွှတ် ဥပဒေပုဒ်မများတပ်၍ ပြုလုပ်နေခြင်းသည် နိုင်ငံတော်၏ အနာဂတ် ဒီမိုကရေစီ လမ်းကြောင်းအတွက် အဟန့်အတားများသာဖြစ်ကြောင်း ဒေသခံများက M-Media သို့ ပြောသည်။
ဓါတ်ပုံအညွှန်း- သံတွဲ အကြမ်းဖက်မှုကြောင့် မီးလောင်ပျက်ဆီးသွားတဲ့ နေရာမှ အစ္စလာမ်ဘာသာဝင် အမျိုးသမီးတဦး (Credit: Reuters)
Leave a Reply
You must be logged in to post a comment.