News @ M-Media

Author: M-Media

  • ယောက်ျားနှင့် မိန်းမတို့ကြား နောင်တ မရှိစေဖို့

    ယောက်ျားနှင့် မိန်းမတို့ကြား နောင်တ မရှိစေဖို့

    မေ ၂၀ ၊ ၂၀၁၅
    M-Media
    သက်ဝေနှင်းရေးသည်။
    Solve-Problems-Between-Husband-And-Wife
    ယခုလက်ရှိတွင်ရရှိပြီး ယခုလက်ရှိတွင် သိမြင်နေရသော လူ့ဘဝသည် တစ်ကြိမ်တစ်ခါသာရရှိ၍ တစ်ကြိမ်တစ်ခါသာ သေဆုံးကြရသည်ဆိုသည့် အသိသည် လူတိုင်း၌ရှိ၏။

    လူသည် အသက်ရှင်နေထိုင်ခြင်းနှင့် သေဆုံးခြင်းကြား၌ရှိသော ကာလအတွင်း၊ အချိန်နှင့်ဖြစ်တည် မှုများသည် ပြန်လည်အစားထိုးမရနိုင်တော့မည့်အရာများသည်သာ ဖြစ်၏။

    လူသည်အမိဝမ်း၌ သန္ဓေတည်ပြီးနောက် ရက်ပေါင်းသုံးရာကျော်ခင်မှာပင် အမိဝမ်းမှကျွတ်၍ လူ့လောကအတွင်းသို့ရောက်ရှိပြီး ဘဝတစ်ခုကို ရရှိပိုင်ဆိုင်၏။ ထိုအချိန်မှစ၍ လူ့ဘဝ တစ်လျှောက်လုံးတွင် စတင် ရရှိခဲ့ပြီးလေသော အရာမှန် သမျှသည် နောင်ထပ် တစ်ကြိမ် နောက်ထပ်၍ ထပ်တူ ရရှိမလာတော့ပေ။ ဖြစ်ခဲ့ပြီးသော အရာများသည် (အဖြစ်အပျက်များကို မဆိုလို၊ ဘဝ၏ အစိတ်အပိုင်းများကို ဆိုခြင်း) နောက်ထပ် တစ်ဖန် အစားထိုး၍ ရောက်ရှိမလာခဲ့တော့ပေ။ အစားထိုး၍ ရရှိခဲ့ပါလျှင်လည်း ပထမရှိပြီးသားအချိန်နှင့်နေရာ ခံစားချက်သည် ထပ်တူတော့ဖြင့် မကျနိုင်။ အဓိကအားဖြင့် ဆိုလိုချင်သည်မှာ လူတစ်ယောက် စတင်ဖြစ်ရှိလာသည့် အသက် အရွယ်အပိုင်းအခြားကို စ၍ကြည့်မည်ဆိုလျှင် ကလေးဘဝအရွယ်မှသည် တစ်စတစ်စ တစ်ရက်ပြီးတစ်ရက် တဖြည်းဖြည်း ကြီးပြင်းလာလေသော အခါ ကျန်ရစ်ခဲ့ပြီဖြစ်သော ထိုကလေးဘဝသည် နောက်ထပ် တစ်ခါမည်သို့ မည်သို့မှပြန်လည် မရရှိနိုင်တော့ပေ။ ဖြစ်ပြီးခဲ့ပြီဖြစ်သော အချိန်၊ ကျန်ခဲ့ပြီဖြစ်သော နေရာတို့သည် နောက်ဆုံးလက်လွှတ်လိုက်ရပေ၏။ ဤသို့ပင်တည်း မိမိအတွက်ကောင်းခြင်းကိုသော် လည်းကောင်း၊ ဆိုးခြင်းကိုသော်လည်းကောင်း ၎င်းရရှိ လက်ခံလိုက်ရသော အချိန်အား သတ္တိရှိစွာနှင့်အသုံးချတတ်ရန် လိုအပ်ပေသည်။

    လူသည်ဘဝတစ်ခုဖြစ်လာပြီဆိုလျှင် မည်သည်ကိုမျှ အပိုင်တွက်ထား၍ မရနိုင်ပေ။ လူ့ဘဝကြီးသည် မသေချာခြင်း မရေရာခြင်းများသည်သာ အချိန်ပြည့်စိုးမိုး၏။ မိမိသည် မိမိ၏သတ္တိနှင့် မိမိ၏အသိတို့ကို သေချာရေရာအောင် ထိန်းသိမ်း ထိန်းကျောင်းပေးဖို့ကိုသာ အတတ်နိုင်ဆုံး ကြိုးစားရယူရပေမည်။ မနေ့ကဆိုသော ဖြစ်ပြီး ပျက်ပြီးသည့်အရာများ၊ ကျန်ရစ်ခဲ့ပြီဖြစ်သော အကြောင်းအရာတို့အား မည်သို့မျှ ပြန်၍ အစားထိုးလိုချင်၍မရနိုင်ပေ။ ထို့ကြောင့် မနေ့ကဆိုသော၊ မနေ့ကဆိုသည်မှာ မရှိတော့သော အရာပင်ဖြစ်၏။

    ထိုနည်းတူစွာပင် မနက်ဖန်ဆိုသည်မှာလည်း မရေရာ မသေချာသော အရာတစ်ခုပင်ဖြစ်၏။ မိမိ၏လက်ရှိအချိန်နှင့် လက်ရှိနေရာသည် မိမိဘဝအတွက် အခရာပင်တည်း။ ထိုနည်းတူစွာ လူ့လောကကြီးအတွင်းတွင် အတူတကွရောက်ရှိနေထိုင်ကြလေသော လူသားများ၏ နေရာသည်လည်း ပြန်လည်အစားထိုးမရနိုင်သော ရုပ်ဝတ္တုများပင်ဖြစ်၏။ နေရာကိုဘာညာနှင့်သာ အစားထိုး၍ ရချင်ရမည်။ ထိုနေရာနှင့် ထိုသည်၌ရှိခဲ့လေပြီးသော ပထမပုဂ္ဂိုလ်၊ ပထမလူသားသည်ကား ပြန်လည်၍မရရှိနိုင်တော့ပေပြီတကား။

    ထို့ကြောင့်ပင် ပုဂ္ဂိုလ်လူတစ်ဦးနှင့်တစ်ဦး၊ ယခုတစ်နေ့တွင် တွေ့ဆုံကြ အတူတကွရှိနေကြခြင်း အပေါ်တွင် အလေးအနက်ထား၍ တစ်ဦးအပေါ်တစ်ဦး လေးစားကြည်ညို ချစ်ခင်စွာဖြင့် ဆက်ဆံခြင်း၊ တစ်ဦး၏တန်ဖိုးအားတစ်ဦးမှ နားလည်သိတတ်ခြင်းစသည့် အလေးထားမှုလိုအပ်ပေသည်။ လူသားတစ်ဦးနှင့်တစ်ဦး စာနာ နားလည်ခြင်းသည် ကောင်းမြတ်သော မင်္ဂလာတစ်ပါးပင်တည်း။

    လူသားမျိုးနွယ်ဆက်များ ပေါက်ဖွားရှင်သန်မှုအတွက် အဓိကအကျဆုံးဖြစ်သော လူယောင်္ကျား လူမိန်းမတို့ကြားတွင် ထားရှိကြသော ချစ်ခြင်းမေတ္တာ၏ ထုတည်ပမာဏတွင် ပထမဦးစွာဖြစ်ပေါ် ထားရှိခဲ့ကြသော ထုတည်ပမာဏသည် ရှင်သန်ကြီးထွား အားကောင်းလှပေသည်။ တစ်ဦးအပေါ်တွင် တစ်ဦးထားရှိ ပေးအပ်ခဲ့ကြသည့် ဤချစ်ခြင်းမေတ္တာ၏ ထုထည် ပမာဏ အတိုင်းအတာအလျောက် ပေးအပ်သောသူထံမှ လက်ခံရယူသည့် သူသည် တစ်ဘက်သောသူ ပေးသော ပမာဏအားပြည့်ဝစွာ နားလည်လက်ခံနိုင်ကြရပေမည်။

    တစ်ဖက်မှပေးသော အချိန်ကာလတွင် ဖြစ်ရှိနေသည့် ချစ်ခြင်း၏ ထုထည်ပမာဏအား တစ်ခြားတစ်ဖက်မှ ထုထည်တူစွာပြည့်ပြည့်ဝဝ မခံယူခဲ့ပါလျှင် မခံယူတတ်ခြင်းကြောင့် မရရှိခဲ့ပါလျှင် သင်တကယ် အလိုရှိပြီဆိုသည့်အချိန်၌ အရာရာသည် နောက်ကျအကြီး နောက်ကျခဲ့လေပြီဆိုသည့်အသိနှင့် နောင်တတို့သာ သင်ပိုင်ဆိုင်ရပေလိမ့်မည်။ သွေးမတော် သားမစပ်ကြသော ယောက်ျားနှင့် မိန်းမတို့ကြားတွင် ဖြစ်ပေါ်ပေါက်ဖွားလောသော ချစ်ခြင်းမေတ္တာသည် အချိန်ကာလ တစ်ခုအတွင်းတွင် အတိုင်းအတာတစ်ခုအထိသာ ရှင်သန်ပေါက်ဖွားပေလိမ့်မည်။ ပေးအပ်သူနှင့် ခံယူသူတို့ကြား ဤအတိုင်းအတာနှင့် ဤအချိန်ကာလသည် လွန်၍သွားခဲ့ပြီး အနောက်၌ကျန်ရစ်ခဲ့ပြီဆိုလျှင် (Romance) ဟုခေါ်သော လူသားတို့၏ (စိတ်ကူးယဉ်အချစ်) များသည် တစ်စတစ်မှေးမှိန်၍ လာပေလိမ့်မည်။

    ယောင်္ကျားတစ်ယောက်နှင့် မိန်းမတစ်ယောက်သည် မိမိတို့ဆုံးဖြတ်ချက်နှင့်ပင် ပေါင်းသင်းနေထိုင်နေထိုင်၊ မိဘအသိုင်းအဝိုင်း၏ ဆုံးဖြတ်ချက်နှင့်ပင် ပေါင်းသင်းနေထိုင်နေထိုင် ယောင်္ကျားအိမ်ထောင်ဦးစီးသည် ငါသည်သာတန်ဖိုးရှိသည် ငါသည်သာ အခရာကျသည်ဆိုပြီး မိမိကိုယ် မိမိတန်ဖိုးမြှင့်ထားမည်။ သို့တည်းမဟုတ် အိမ်ထောင်တစ်ခုတွင် အသာစီးရထားပြီးသော ငါသည်သာ အဓိကကျသည် ငါသည်သာ အခရာကျသည်ဟု အခြားတစ်ဖက်သို့ငဲ့ မကြည့်ဘဲ မိမိ၏ တစ်ဖက်သတ် အယူဝါဒများနှင့်သာ ရှင်သန်လျှောက်လှမ်းကြမည်ဆိုပါက မည်သို့မျှ အေးချမ်းသာယာ၍ ချိန်ခွင်လျှာညီမှု ရရှိတော့မည် မဟုတ်ပေ။ တန်ဖိုးဆိုသည်မှာ သူ့နေရာနှင့်သူရှိပေ၏။

    တစ်ဦး၏တန်ဖိုးကိုတစ်ဦးမှ သက်ရှိထင်ရှားရှိနေစဉ် ကာလအတွင်း နားလည်သိရှိမှသာ လက်လွှတ် ဆုံးရှုံးလိုက်ရပြီ မရှိတော့ပြီ။ ပြန်လည်မရနိုင်တော့ပြီဆိုသည့်အချိန်ကာလသို့ ရောက်လျှင် နောင်တနှင့်ကြေကွဲမှုတို့လျော့ပါးလိမ့်မည်တည်း။

    သက်ဝေနှင်း

  • ဘာသာ မတူရင် ဘာသာခြားတာပဲ၊ လူမျိုး မတူရင် လူမျိုးခြားတာပဲ၊ ဒါပေမယ့် အားလုံးဟာ ပြည်ထောင်စုသားပဲ

    ဘာသာ မတူရင် ဘာသာခြားတာပဲ၊ လူမျိုး မတူရင် လူမျိုးခြားတာပဲ၊ ဒါပေမယ့် အားလုံးဟာ ပြည်ထောင်စုသားပဲ

    မေ ၂၀ ၊ ၂၀၁၅
    M-Media
    မိုးစက် တွေ့ဆုံမေးမြန်းသည်။

    U Ohme Maung
    ဓါတ်ပုံ အညွှန်း- ညီလာခံအထောက်အကူပြု (ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့) ခရီးစဉ်၌ ပြည်လုံးကျွတ်ညီလာခံကျင်းပရေးကော်မတီမှ အထွေထွေအတွင်းရေးမှူး ဦးအုန်းမောင် ရှင်းလင်းပြောကြားစဉ် Photo UMNC FB

    ပြည်ထောင်စုသား မွတ်စလင်များ ပြည်လုံးကျွတ်ညီလာခံကို ၂၀၁၅ ခုနှစ် မေလ ၂၃၊ ၂၄၊ ၂၅ ရက်များတွင် ကျင်းပရန် လျာထားသောလည်း အစိုးရက ကျင်းပခွင့် မပြုခဲ့သောကြောင့် ညီလာခံကျင်းပရန် ရွှေ့ဆိုင်း ထားပါသည်။ ထိုအကြောင်း အရာများကို ပြည်ထောင်စုသား မွတ်စလင်များ  ပြည်လုံးကျွတ် ညီလာခံ ကျင်းပရေးကော်မတီမှ အထွေထွေ အတွင်းရေးမှူး ဦးအုန်းမောင်ကို M-Media မှ မေးမြန်းခဲ့ပါသည်။

    မေး။    ။ မေလ (၁၆) ရက်နေ့  ပြည်ထောင်စုသား မွတ်စလင်များ ပြည်လုံးကျွတ် ညီလာခံ ကျင်းပရေး ကော်မတီကနေ ညီလာခံကျင်းပခွင့်မရဘူးလို့ ထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်ပြီး ပြောပြပေးပါ။

    ဖြေ။    ။ အန်ကယ်တို့ ကော်မတီအနေနဲ့ ကြေငြာချက်ထုတ်ရတဲ့အကြောင်းက ၂၀၁၄-ခုနှစ် စက်တင်ဘာလမှာ   ပြည်ထောင်စုသား မွတ်စလင်များ ပြည်လုံးကျွတ်ညီလာခံကို ကျင်းပနိုင်ဖို့ ရည်ရွယ်ခဲ့ပါတယ်။ သို့သော် နိုင်ငံရေး အခင်းအကျင်းပေါ် မူတည်ပြီး ပြည်ထောင်စု သားတွေရဲ့အကျိုး မွတ်စလင်တွေရဲ့ အကျိုးကိုကြည့်ပြီးတော့ ညီလာခံကို ရွေှ့ဆိုင်းခဲ့ပါတယ်။ အခု ဒီမေလမှာတော့ ရာသီဥတု အနေအထား၊ နိုင်ငံရေး အခြေအနေအရ ကောင်းမွန်နေတာကြောင့်  လုပ်သင့်တယ်လို့ ဆုံးဖြတ်ပြီးတော့ ညီလာခံကို မေလ ၂၃၊ ၂၄၊ ၂၅ ရက်တွေမှာ ကျင်းပမယ်လို့ ထုတ်ပြန်ခဲ့တယ်။ ဒီကော်မတီက ဥပဒေဘောင်ထဲက ရပ်တည်တယ်၊ ဥပဒေဘောင် အတွင်းကပဲ လုပ်နေတဲ့အတွက် နည်းလမ်းတကျ ဥပဒေနှင့်အညီ သက်ဆိုင်ရာ အောက်ခြေကနေ ခွင့်ပြုမိန့် လျှောက်ထားခဲ့တယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ကိုရောက်တော့ သူတို့က ဒါဟာ ပြည်ထောင်စု အဆင့်ဖြစ်လို့ နေပြည်တော်ကို တင်ပြထားတယ်လို့ သိရတယ်။ အန်ကယ်တို့ဘက်ကလည်း ညီလာခံကျင်းပဖို့ အဆင်သင့်ဖြစ်နေပါပြီ။ မေလ ၁၆ ရက်နေ့မှာ ရန်ကုန်တောင်ပိုင်း ခရိုင် အုပ်ချုပ်ရေးမှူးရုံးကနေပြီး အန်ကယ်တို့ ကော်မတီကိုခေါ်တယ်။ သွားတော့ ညီလာခံလျှောက်ထားတဲ့ မေလ ၂၃၊ ၂၄၊ ၂၅ ရက်ကို ကျင်းပခွင့်မပြုကြောင်း နှုတ်နဲ့လည်းပြောတယ်။ စာနဲ့လည်း ထုတ်ပေးတယ်။ အဲ့လိုသိရတော့ ဒီကျင်းပမဲ့ညီလာခံသည် တစ်နိုင်ငံလုံးက မွတ်စလင်တွေကို ကိုယ်စားပြုပြီး ပြုလုပ် ကျင်းပတာဖြစ်သောကြောင့် တစ်နိုင်ငံလုံး သိသာအောင် ညီလာခံကို သက်ဆိုင်ရာက ကျင်းပ ခွင့်မပြုကြောင်းဆိုတဲ့ အသိပေးကြေငြာချက်ကို မခြွင်းမချန် ထုတ်ပြန်ခဲ့တာပါ။

    မေး။    ။ သက်ဆိုင်ရာတာဝန်ရှိသူများကရော ဘာကြောင့် ခွင့်ပြုချက်မပေးရတာလည်းလို့ ပြောပါသလဲ။

    ဖြေ။    ။ အဲဒါကတော့ အန်ကယ်တို့ကို ခေါ်ယူပြောတဲ့စကားရပ်ရယ် သူတို့ပေးလိုက်တဲ့ စာအပေါ်မှာကြည့်ပြီးပြောရရင် ဘာအကြောင်းအရာမှ မပါပါဘူး။ ဘာကြောင့် ကျင်းပခွင့်မပြုလည်း ဆိုတာတော့ မပါပါဘူး။

    မေး။    ။ အခုလို ကျင်းပခွင့်မရတဲ့ အပေါ်မှာ အန်ကယ် ဘာများပြောချင်ပါသလဲ။

    ဖြေ။    ။ အခုလို ကျင်းပခွင့်မရဘူးဆိုတာ သက်ဆိုင်ရာတာဝန်ရှိသူတွေက သူတို့ရဲ့ လုပ်ပိုင်ခွင့်အရ ခွင့်မပြုတာပါ။ ဒီအပေါ်မှာ အမြင်အမျိုးမျိုးနဲ့ တစ်ယောာက်နဲ့တစ်ယောက် အမြင်တွေလွဲမှားတာမျိုး မဖြစ်ကြပါနဲ့။ တစ်ယောက်နဲ့တစ်ယောက် တုံ့ပြန်ပြီး မတိုက်ခိုက်ကြပါနဲ့။ လိုလားရင် ဝိုင်းဝန်ကူညီကြပါ။ မလိုလားရင်လည်း အနှောင့်အယှက်မပေးကြပါနဲ့။

    မေး။    ။ လူမှုကွန်ရက်စာမျက်နှာတွေမှာလည်း ညီလာခံနဲ့ ပတ်သက်ပြီး တိုက်ခိုက်ထားတာကိုရော အန်ကယ့်အနေနဲ့ ဘာများပြောချင်ပါသလဲ။

    ဖြေ။    ။ အန်ကယ်တို့ တရားဝင်သိသလောက်ပေါ့။ တရားဝင် ဒီညီလာခံကို ဘယ်သူကမှ  ဆန့်ကျင် တိုက်ခိုက်ခြင်းမရှိပါဘူး။ အန်ကယ်တို့နဲ့ တစ်ခါမှ ထိပ်တိုက်လည်း မတွေ့ဘူးပါဘူး။ အဲဒီလိုအပြင်ကနေ လူမှုကွန်ရက် စာမျက်နှာတွေ ကနေ ရေးကြ ကြေညာကြတယ် ဆိုတာကလည်း ဒါက တရားဝင်ခြင်း မဝင်ခြင်းနဲ့ဆိုင်ပါတယ်။ ဒါကတော့ နိုင်ငံတော်အစိုးရကပဲ သုံးသပ်ပေးနိုင်မယ်။ အန်ကယ်တို့တော့ ပြောလို့မရပါဘူး။ ဒီနေ့အထိ ခံယူထားတာက ဘာသာမတူရင် ဘာသာခြားတာပဲ၊ လူမျိုးမတူရင် လူမျိုးခြားတာပဲ ဒါကြောင့် အားလုံးဟာ ပြည်ထောင်စုသားတွေပဲလို့ ခံယူတယ်။ ခြားနားခြင်းဆိုတာ မရှိပါဘူး။ တစ်ယောက်ကိုတစ်ယောက် နားမလည်ရင် မျက်နှာချင်းဆိုင် တွေ့ဆုံဖြေရှင်းလိုက်ရင် အဖြေပေါ်မှာပါ။ အခု ဒီညီလာခံကျင်းပခြင်းကလည်း အဲဒီစိတ်ပါပဲ။ စိတ်ထဲမှာ ဖြစ်နေတဲ့ သံသယတွေကို ရှင်းရှင်းလင်းလင်း သိဖို့ပါပဲ။ သူတို့အမြင်နဲ့ သူတို့ကြားတာ ပြောနေကြတာပါ။ အန်ကယ်တို့ဘာသာက ဘယ်တုန်းကမှ တိုင်းပြည်ကို ထိခိုက်အောင်၊ နစ်နာအောင် ထိပါးစရာလည်း မရှိပါဘူး။ အန်ကယ်တို့ အရေးကိစ္စလေးတွေကိုပဲ ဥပဒေဘောင်ထဲကပဲ အဖြေရှာမှာပါ။

    မေး။    ။ အခု ညီလာခံကျင်းပခွင့်မရတော့ အန်ကယ်တို့ကော်မတီအနေနဲ့ ဘာဆက်လုပ်သွားမလဲ။

    ဖြေ။    ။   ပြည်ထောင်စုသား မွတ်စလင်များ ပြည်လုံးကျွတ် ညီလာခံ ကျင်းပရေးကော်မတီဆိုတာ   ပြည်ထောင်စုသား မွတ်စလင်များ ပြည်လုံးကျွတ် ညီလာခံကြီး မဖြစ်မချင်း ဥပဒေဘောင် အတွင်းကနေ မူဝါဒတွေအတိုင်း ဆက်လက်ကြိုးပမ်းနေရမှာဖြစ်တယ်။

    မေး။    ။ ဒီညီလာခံနဲ့ပတ်သက်ပြီး တခြား ရည်ရွယ်ချက်တွေရှိတာလို့ ပြောနေကြတဲ့ အပေါ်မှာရော အန်ကယ့်အနေနဲ့ ဘယ်လိုမှတ်ချက်ပေးချင်ပါသလဲ။

    ဖြေ။    ။ အန်ကယ်တို့ ကိုယ့်ကိုယ်ကို ခံယူထားတာက အန်ကယ် တို့က နိုင်ငံသားတွေ ပြည်ထောင်စုသားတွေပါ။ မြေပေါ်မှာ တရားဝင်ရပ်တည်နေတာပါ။ ပြည်တွင်း မှာလည်း ပြည်ထောင်စုသား မွတ်စလင်တွေရှိတယ်။ မြန်မာနိုင်ငံကနေ နိုင်ငံရပ်ခြားမှာ အလုပ် လုပ်ကိုင်နေကြတဲ့ ပြည်ထောင်စုသား မွတ်စလင်တွေရှိတယ်။ သူတို့တွေရဲ့ အရေးကိစ္စတွေကို လက်ရှိ ရှိနေတဲ့ တည်ဆဲဥပဒေတွေအတိုင်း ပြည်တွင်းမှာ ကြိုးပမ်းဆောင်ရွက်နေတာဖြစ်တယ်။ အဲဒီအခါ လက်ရှိ ရှိနေတဲ့ ဥပေဒတွေကို မဖောက်ဖျက်ဘဲနဲ့ပဲ ပြုလုပ်မှာဖြစ်ပါတယ်။ အများပြည်သူကိုလည်း ပွင့်လင်းမြင်သာမှုရှိစွာ တင်ပြသွားမှာပါ။

    မေး။    ။ အန်ကယ်အနေနဲ့ တခြားဘာများ ဖြည့်စွက်ပြောကြားချင်ပါသေးသလဲ။

    ဖြေ။    ။ ပြည်ထောင်စုသား မွတ်စလင်များ ပြည်လုံးကျွတ် ညီလာခံကျင်းပရေး ကော်မတီဆိုတာ ညီလာခံ ကျင်းပပေးဖို့ တာဝန်ပဲရှိတာပါ။ ညီလာခံ ကျင်းပနိုင်ခွင့်ကိုပဲ ကြိုးပမ်းပေးဖို့ပဲရှိတယ်။  အန်ကယ်တို့က အဖွဲ့အစည်း တစ်ခုလည်း မဟုတ်ဘူး။ ဘာသာရေး အဖွဲ့ ၆ ဖွဲ့မြောက်လည်း မဟုတ်ဘူး။ နိုင်ငံရေး အဖွဲ့လည်းမဟုတ်ပါဘူး။ CSO  အဖွဲ့အစည်း သာဖြစ်တယ်။  ခေါင်းဆောင်တွေ လည်း မဟုတ်ဘူး။ လုပ်ပိုင်ခွင့်တွေလည်း မရှိပါဘူး။ တချို့တွေက အထင်မှားပြီး ခေါင်းဆောင် လုပ်နေကြတယ်။ အဖွဲ့သစ် ထပ်ဖွဲ့တယ်လို့ ပြောနေတာတွေက လုံးဝမဟုတ်ပါဘူး။ ကျန်တဲ့ ကိစ္စ အနာဂတ်အစီအစဉ်တွေက ညီလာခံကို မြန်မာတစ်နိုင်ငံလုံးက တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက ဆွေးနွေးပြီး ဘာလုပ်ဆိုတာ ဆုံးဖြတ်သွားမှာပါ။   ဒီညီလာခံကြီးရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ သိအောင်လုပ်ပြီး လက်တွဲဝိုင်းဝန်း ကူညီပေးကြပါရင် အဆင်ပြေမှာပါ။

  • စည်သူအောင်မြင့် – “အမုန်းတရား ဟောပြီး မဲမဆွယ်ပါနဲ့”

    စည်သူအောင်မြင့် – “အမုန်းတရား ဟောပြီး မဲမဆွယ်ပါနဲ့”

    စည်သူအောင်မြင့် ရေးသည်။
    မဇ္ဈိမ မှကူးယူဖော်ပြသည်။
    .
    အားလုံးသိကြပြီဖြစ်တဲ့အတိုင်း လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရဟာ အရင် စစ်အာဏာရှင်တွေနဲ့ အစိုးရအဆက်ဆက်ရဲ့ ဆိုးမွေကြီး တစ်ခုဖြစ်တဲ့ ပြည်တွင်းစစ်ကို လက်ခံ ရရှိထားပါတယ်။ ပြည်တွင်းစစ်ဟာ အရာရာကို ဖျက်ဆီးပါတယ်။ တိုင်းရင်းသား အချင်းချင်း မုန်းတီးမှု၊ မယုံကြည်မှု ဖြစ်ပေါ်စေပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆိုတာကို စက္ကူပေါ်မှာပဲ တည်ဆောက်လို့ ရပါတယ်။ တကယ် လက်တွေ့ မတည်ဆောက်နိုင်ပါဘူး။ တိုင်းပြည်စီးပွားရေး ကိုလည်း ဖျက်ဆီးပစ်ပါတယ်။ စစ်အာဏာရှင် စနစ်ကိုလည်း အမြစ်တွယ် ရှင်သန်စေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်စေလိုတဲ့ စိတ်ဆန္ဒရှိတဲ့ လက်ရှိ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့တွေဟာ နှစ်ပေါင်း ၆၀ ကျော် ၇၀ နီးပါး ဖြစ်ပွားလာတဲ့ ပြည်တွင်းစစ် ရပ်စဲပြီး လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးရအောင် ကျားကုတ်ကျားခဲ ကြိုးစားနေတဲ့ ကာလလည်း ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ တိုင်းရင်းသားတွေနဲ့ ယုံကြည်မှု ပိုပြီး ပျက်ပြားအောင်၊ ငြိမ်းချမ်းရေးကို အလှမ်းဝေးသွားစေအောင်အထိ ဖြစ်သွားစေနိုင်တဲ့ ဆောင်းပါး တစ်ပုဒ် ပြည်တွင်းထုတ် ဂျာနယ်တစ်စောင်မှာ ဖော်ပြပါရှိလာပါတယ်။
    .
    ဘယ်ဂျာနယ်မှာ ဘာတွေ ဖော်ပြလာတာပါလဲ၊ အဲဒီ အကျိုးဆက် ဘာတွေ ဖြစ်လာနိုင်သလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။
    ရည်ညွှန်းပါ ဆောင်းပါးကတော့ “တိုင်းပြည်အတွက် မဘသ” ဆိုတဲ့ ဆောင်းပါးဖြစ်ပြီး မေလ ၁၇ ရက်ထုတ် သာကီသွေး ဂျာနယ် စာမျက်နှာ (၆) မှာ ဖော်ပြထားတာပါ။ ဒီဆောင်းပါး ရေးသူကတော့ နှယ်နှယ်ရရ ပုဂ္ဂိုလ် မဟုတ်ပါဘူး။ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ နာမည်ကြီး ထင်ရှားနေတဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) ရဲ့ ဥက္ကဋ္ဌ ဆရာတော် အင်းစိန် ရွာမ ပရိယတ္တိ စာသင်တိုက် ဆရာတော် အရှင် တိလောကာ ဘိဝံသ ကိုယ်တိုင် ဖြစ်နေလို့ပါ။ ဒါကြောင့်လဲ အခုလို ဝေဖန် သုံးသပ်မှု ပြုရတာ ဖြစ်ပါတယ်။.
    .
    ဆောင်းပါးမှာ ဖော်ပြထားတာတွေကတော့ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ ခေတ်အဆက်ဆက်ကနေ ကနေ့ထက်တိုင် ဘာသာခြား လူမျိုးခြား တွေရဲ့ ဖိနှိပ်၊ နှိပ်စက်၊ စော်ကား ခံခဲ့ရတဲ့အကြောင်း၊ ဒီအထဲမှာ ဗုဒ္ဓဘာသာ မြန်မာ အမျိုးသမီး တွေလည်း ပါဝင်တဲ့ အကြောင်း၊ အဲဒီ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးတွေကို ကာကွယ်ပေးဖို့ အမျိုးစောင့် ဥပဒေတွေ ပြဋ္ဌာန်းဖို့ လိုတဲ့အကြောင်း၊ ဒါကြောင့် လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အမျိုးဘာသာ သာသနာအတွက် အားကိုးလောက် သူတွေကို ရွေးချယ်ပေး ရမှာ ဖြစ်တဲ့အကြောင်း ဖော်ပြထားပါတယ်။
    .
    အဲဒီအထဲက စာပိုဒ် တစ်ပိုဒ်ကို ကောက်နှုတ်ဖော်ပြရရင် “ ယနေ့ မျက်မှောက်ခေတ် မှာလည်း ရခိုင်၊ မောင်တော ဒေသစသည်တို့၌ ဧည့်သည် လူမျိုးခြား၊ ဘာသာခြား ဘင်္ဂါလီများ က ဧည့်သည်ဝတ် ဖောက်ဖျက်ကာ အိမ်သည် မြန်မာများကို သတ်ဖြတ် နှင်ထုတ်နေကြသည်။ ဗုဒ္ဓဘာသာ ဘုရားကျောင်းကန်များကို ဖျက်ဆီးခြင်း၊ ရဟန်းသံဃာများ အပါအဝင် ဗုဒ္ဓဘာသာ ဝင်များကို ဗြောင်တစ်မျိုး ကွယ်ရာတစ်ဖုံ သတ်ဖြတ် ညှဉ်းဆဲ နှိပ်စက်ကြလေပြီ။ ကချင်၊ ကယား စသော အစွန်အဖျား ဒေသများ၌လည်း ဘုန်းတော်ကြီးများကို ခရစ်ယာန် သူပုန်များ က သတ်ဖြတ် ချေမှုန်းနေကြလေပြီ။ တိုင်းရင်းသားများ ဗုဒ္ဓဘာသာဝင်များ အသတ်ခံရသူများ အသတ်ခံရ၊ ကိုယ်လွတ် ရုန်းပြေးသူ ပြေးရ၊ ဖြစ်ခဲ့ကြ ရပါပြီ။ မြန်မာမှာရော၊ ကမ္ဘာမှာပါ ဗုဒ္ဓဘာသာဝင်များက အခြားဘာသာ လူမျိုးများအပေါ် မတရားစော်ကား အကြမ်းဖက်ဖူးသည့် သမိုင်းကြောင်း လုံးဝ မရှိခဲ့ပါ” ဆိုပြီး ဖော်ပြထားတာ တွေ့ရပါတယ်။
    .
    ဒီ စာပိုဒ်ပါ “ကချင်၊ ကယား စသော အစွန်အဖျား ဒေသများ၌လည်း ဘုန်းတော်ကြီး များကို ခရစ်ယာန် သူပုန်များက သတ်ဖြတ် ချေမှုန်းနေကြလေပြီ။ တိုင်းရင်းသားများ ဗုဒ္ဓဘာသာဝင်များ အသတ်ခံရသူများ အသတ်ခံရ၊ ကိုယ်လွတ်ရုန်းပြေးသူ ပြေးရ၊ ဖြစ်ခဲ့ကြရပါပြီ” ဆိုတာ အလွန်အန္တရာယ်များတဲ့ အမုန်းတရား စာသားဖြစ်ပါတယ်။ အစိုးရ အဆက်ဆက်ကို တော်လှန်ပုန်ကန်ခဲ့တဲ့ ကေအိုင်အေ ကချင်သူပုန်တွေ၊ KNPP ကရင်နီ သူပုန်တွေကို ခရစ်ယာန် သူပုန်တွေအဖြစ် ရည်ညွှန်းပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေကို သတ်ဖြတ်ချေမှုန်းနေတယ် ဆိုပြီး မှန်ကန်မှု မရှိတဲ့ အချက်အလက်တွေကို ရေးသားဖော်ပြ လိုက်တာပါ။
    .
    လက်ရှိ ပြည်တွင်းစစ်ပွဲ ဖြစ်ပွားနေတာမှာ ကချင်နဲ့ ဗမာ၊ ကရင်နီနဲ့ ဗမာ လူမျိုးခြင်း စစ်ပွဲ ဖြစ်နေကြတာ မဟုတ်သလို၊ ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာ ဖြစ်နေကြတဲ့ စစ်ပွဲလည်း မဟုတ်ပါဘူး။ တိုင်းရင်းသား တန်းတူ အခွင့်အရေးရအောင် ခေတ်အဆက်ဆက် ဗဟိုအစိုးရ ကို တော်လှန်ပုန်ကန်နေကြတာသာ ဖြစ်ပါတယ်။ မဘသ ဆရာတော်ကြီးရဲ့ ရေးသားချက်ဟာ လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ တိုင်းရင်းသား အခွင့်အရေး တန်းတူရရေး တော်လှန် ပုန်ကန်မှုကို ပုံပျက်ပန်းပျက် ဖြစ်အောင် စွတ်စွဲလိုက်တာ ဖြစ်သလို လက်ရှိ အစိုးရအဖွဲ့နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ ဆွေးနွေးနေတဲ့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်ရေး ကိစ္စ၊ ငြိမ်းချမ်းရေး ကိစ္စကို အဟန့်အတား အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။
    .
    နောက်ထပ် မမှန်ကန်တဲ့ အချက်အလက်တွေ ရေးသား ဖော်ပြပြန်ပါတယ်။ “ရန်ကုန်၊ မန္တလေး စသော ပြည်တွင်းရှိ အချို့နေရာများမှာပင် လူမျိုးခြား၊ ဘာသာခြားများ ရမ်းကား စော်ကားမှုကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ အသက်အိုးအိမ် လုံခြုံမှု စိုးရိမ်နေကြရပြီ” လို့ ဆိုပါတယ်။ ဒီ အခြေအနေ မှန်ကန်မှု မရှိဘူးဆိုတာ ရန်ကုန်၊ မန္တလေး နေထိုင်သူ အားလုံး သိရှိကြပါတယ်။ ဒီလို ရေးသားဖော်ပြမှုဟာ နဂိုကတည်းကမှ တစ်ဦးအပေါ် တစ်ဦး သံသယ စိတ်နဲ့ ကြည့်နေကြတဲ့ မတူညီတဲ့ ဘာသာဝင်တွေအကြား ပိုပြီး သံသယပွား၊ ပိုပြီး အမုန်းပွားတဲ့ အကျိုးဆက်ပဲ ဖြစ်စေနိုင်ပါတယ်။
    .
    မဘသ ဆရာတော် နောက်ဆုံးရေးတာက အမျိုးစောင့် ဥပဒေကို ကန့်ကွက်သူတွေ ဟာ မြန်မာနိုင်ငံတော်ကို သစ္စာဖောက် သူတွေ ဖြစ်တဲ့အကြောင်း ဖော်ပြထားပြီး “ ၂၀၁၅ ခု ရွေးကောက်ပွဲ၌ မြန်မာနိုင်ငံ၏ နိုင်ငံ့သစ္စာဖောက်များနှင့် ကိုယ်ကျိုးသာ ကြည့်သူများကို ရှောင်ရှားပြီး နိုင်ငံတော်နှင့် အမျိုးဘာသာ သာသနာအတွက် အားကိုးလောက်သော နိုင်ငံ့ ခေါင်းဆောင် ကိုယ်စားလှယ်များကိုသာ စနစ်တကျ ရွေးချယ်နိုင်ကြပါစေကြောင်း” ဆိုပြီး အတိအလင်း ရေးသားထားတာ တွေ့ရပါတယ်။ ဆရာတော် အနေနဲ့ ကိုယ်ကြိုက်နှစ်သက်ရာ ခေါင်းဆောင်၊ ကြိုက်နှစ်သက်ရာ ပါတီကို နှစ်သက်ခွင့် ရှိပါတယ်။ ဝိနည်းနဲ့ ညီတယ်ဆိုရင် ဘယ်လိုခေါင်းဆောင် ဘယ်လို ပါတီမျိုးကို မဲပေးရွေးချယ်ပါဆိုပြီး ကိုယ့် တပည့်ဒါယိကာ၊ ဒါယိကာမတွေကို တိုက်တွန်းနိုင်ပါတယ်။ ဒါပေမယ့် တိုင်းပြည် မီးလောင်မယ့် အမုန်းတရား သွတ်သွင်းပြီး လုပ်ကိုင်ဆောင်ရွက်ဖို့တော့ မသင့်တော်ပါကြောင်း၊ ဒါဟာ မဘသ အဖွဲ့ဝင် ဆရာတော် သံဃာတော် အားလုံးရဲ့ သဘောထားမျိုးလည်း မဟုတ်နိုင်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

     

    http://www.mizzimaburmese.com/2013-10-20-17-18-22/2013-10-20-16-34-57/item/44858-2015-05-20-05-27-09

  • ဇွန်လ ၁ရက်မှစပြီး မိုဘိုင်းဖုန်းများ ငွေဖြည့်တိုင်း ၅% အခွန်ဖြတ်တော့မည်။

    ဇွန်လ ၁ရက်မှစပြီး မိုဘိုင်းဖုန်းများ ငွေဖြည့်တိုင်း ၅% အခွန်ဖြတ်တော့မည်။

    မေ ၂၀ ၊ ၂၀၁၅
    M-Media
    သတင်း-သူရိန်

    11295802_10206829143111974_509535722301994523_n

    လာမည့် ဇွန်လ ၁ရက်နေ့မှစ၍ မိုဘိုင်းဖုန်း သုံးစွဲသူများထံမှ အခွန်များ စတင်ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

    ကောက်ခံမည့် အခွန်ရာခိုင်နှုန်းမှာ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ဖြတ်တောက်မည်ဖြစ်ပြီး ဖုန်းငွေဖြည့်ပါက သက်ဆိုင်ရာနှုန်းထား အလျောက် ကောက်ယူသွားမည် ဖြစ်သည်။

    အဆိုပါ ကောက်ခံမှုနှင့် ပတ်သက်၍ မိုဘိုင်းဖုန်း သုံးစွဲသူများအကြား ဝေဖန်မှုအချို့ရှိနေပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုလွှတ်တော်က ပြဌာန်းခဲ့သော ပြည်ထောင်စု အခွန် ဥပဒေအရ သတ်မှတ်ကောက်ခံခြင်းလည်း ဖြစ်သည်။

    ၁၀၀၀ဖိုး ဖုန်းငွေဖြည့်ပါ ၄၈ကျပ်၊ ၃၀၀၀ ဆိုလျှင် ၁၄၃ကျပ်၊ ၅၀၀၀ ကျပ်ဆိုလျှင် ၂၃၈ ကျပ်၊ ၁၀၀၀၀ကျပ် အတွက် ၄၇၆ကျပ်၊ ၂၀၀၀၀ဖိုးငွေဖြည့်ပါက ၉၅၂ ကျပ် အသီးသီး ဖုန်းငွေဖြည့်သူထံမှ ဖြတ်တောက် ကောက်ခံသွားမည်ဖြစ်သည်။

    အခွန်ငွေကောက်ခံမှုတွင် လက်ရှိ အော်ပရေတာများဖြစ်သည့် MPT၊ MECTEL၊ Ooredoo၊ Telenor သုံးစွဲသူများထံမှ ကောက်ခံမှုပြုမည်ဖြစ်ရာ သက်ဆိုင်ရာ အော်ပရေတာများမှ သုံးစွဲသူများထံ မက်ဆေစ့်များ ပေးပို့လျက်ရှိသည်။

    လက်ရှိအချိန်တွင် မြန်မာပြည်တွင်း မိုဘိုင်းဖုန်းနှင့် အင်တာနက်သုံးစွဲမှု တစစ မြင့်မားလျက်ရှိရာ မိုဘိုင်းဖုန်း သုံးစွဲသူများ၏ ၅၅.၈ရာခိုင်နှုန်းသည် မိုဘိုင်း အင်တာနက်ကို နေ့စဉ် ပျမ်းမျှ တစ်နာရီမှ နှစ်နာရီအတွင်း သုံးစွဲလျက်ရှိကြောင်း မိုဘိုင်းဖုန်းသုံးစွဲသူတို့၏ အလေ့အထ စစ်တမ်းကောက်ယူမှုအရ သိရသည်။

    ဖုန်းပြောဆိုခများ အနေဖြင့် အော်ရီဒူးမှ တစ်မိနစ်လျှင် ၂၀ကျပ်ဖြင့် အနည်းဆုံးကောက်ခံနေပြီး တယ်လီနော်မှ ၂၅ကျပ်၊ MPT ဆွေသဟာသည် ၃၅ကျပ် နှင့် သာမန် MPT ဖုန်းများသည် တစ်မိနစ်လျှင် ၅၀ကျပ်နှုန်းဖြင့် ကောက်ခံလျက်ရှိသည်။

    ပြီးခဲ့သည့် ၂၀၁၄ခုနှစ်မှစ၍ နိုင်ငံတကာ အော်ပရေတာ နှစ်ခုဖြစ်သည့် အော်ရီဒူးနှင့် တယ်လီနော် ပြည်တွင်း အော်ပရေတာဖြစ်သည့် အမ်ပီတီနှင့် ၎င်း၏လက်ခွဲ MECTEL တို့မှ ဆက်သွယ်ရေးနှင့် မိုဘိုင်းဝန်ဆောင်မှုများ ပေးလျက်ရှိပြီး လာမည့် ၂၀၁၅ခုနှစ် ဒီဇင်ဘာလတွင် ပြည်တွင်းအော်ပရေတာ အသစ်တစ်ခုဖြစ်သည့် ရတနာပုံ တယ်လီပိုတ်မှလည်း ဆက်သွယ်ရေးနှင့်မိုဘိုင်းဝန်ဆောင်မှုများ ပေးရန် လျာထားကြောင်းသိရသည်။

    ၂၀၀၈ အခြေခံဥပဒေ အခန်း(၈) ပုဒ်မ ၃၈၉တွင် နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည် ဟုဖော်ပြထားပြီး ကုန်သွယ်လုပ်ငန်းခွန်သည် ပုဒ်မ ၉၆ကိုရည်ညွှန်းသော အခြေခံဥပဒေ ဇယား၁ ဘဏ္ဍာရေးနှင့် စီမံကိန်း ကဏ္ဍတွင် ပါဝင်သည်။

  • ရိုဟင်ဂျာ လူမျိုးပြုန်းအောင် လုပ်နေလို့ဆို

    ရိုဟင်ဂျာ လူမျိုးပြုန်းအောင် လုပ်နေလို့ဆို

    085928-e96e6ef4-fc6b-11e4-9fac-f9da0f3d8e0c
    မြန်မာ အစိုးရ ရဲ့ ရိုဟင်ဂျာ တွေ အပေါ် ထားတဲ့ သဘောထားတွေ ၊ ပြုမူနေ တာတွေ ဟာ လူမျိုးပြုန်း အောင် လုပ်တဲ့ လုပ်ဆောင်ချက် တွေ လိုမျိုး ဖြစ်နေကြောင်း တွေ့ရှိ ရတယ် လို့ လန်ဒန် က Queen Mary University of London က သုတေသန တွေ့ရှိချက် ကို မူတည်ပြီး ပြောကြား လိုက်ပါတယ်။
    .
    ရခိုင် ပြည်နယ်မှာ ရှိနေကြတဲ့ ရိုဟင်ဂျာ တွေ ကို လူမျိုးပြုန်းအောင် သတ်ဖြတ်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်ခဲ့တာ တော့ မရှိပါဘူး။
    .
    အဲဒီ သုတေသီ ထဲက တယောက်ဖြစ်တဲ့ မစ္စ Alicia de la Cour Venning က နိုင်ငံအစိုးရ တခုက ဦးစီးပြီး ရာဇဝတ် တခု လုပ်ဆောင် နေသလားဆိုတဲ့ ဆန်းစစ်မှု ဘောင်နဲ့ ကြည့်တဲ့အခါ အစိုးရဟာ လူမျိုးအုပ်စု တခု ကို ပစ်မှတ် ထားပြီး လူသား အဖြစ်က နှိမ့်ချ ပြုမူ နေတာတွေ ကို အချိန်ကာလ တခု အတော် ကြာကြာ တွေ့လာခဲ့ရတယ် လို့ ဆိုပါတယ်။
    .
    ဒါဟာ လူမျိုးတုံးအောင် လုပ်ခဲ့တဲ့ ရဝမ်ဒါလို၊ ဂျာမနီ မှာလို အဖြစ်တွေ နဲ့ဆင်တူ ပါတယ်။
    .
    နောက်ပြီး ရိုဟင်ဂျာတွေ ဟာ အပြင်ကလူတွေ၊ ဘင်္ဂါလီက ခိုးဝင် လာတဲ့သူတွေ လို့ သတ်မှတ်ပြီး မြန်မာ လူ့အသိုင်းအဝိုင်း မှာ ဝင်လို့ မရအောင် ခွဲခြား ထားတယ်၊ ချိုးနှိမ် ဆက်ဆံတာ။ အခြေခံ လူ့အခွင့်အရေး တွေ မရဘူး။ သူတို့ရဲ့ စခန်းတွေ ထဲကနေ၊ ရွာတွေ ထဲက အပြင်ကို ထွက်ဖို့ ဆိုတာ လည်း ပိတ်ပင်တာ ခံရသလို အဲလိုလုပ်မယ် ဆိုရင် ခြိမ်းခြောက် တာတွေ ၊ အကြမ်းဖက်တာတွေ က ကြုံနေရတယ်။
    .
    ဒီလို လုပ်ဆောင်တာတွေ က အစိုးရက တိုက်ရိုက်ဖြစ်စေ၊ အာဏာပိုင် တွေ ရဲ့ခွင့်ပြုချက်တွေ နဲ့ ပတ်သက် ဆက်နွယ်နေတာ တွေ က လုပ်နေ တာပါ။ ဒါကြောင့် အစိုးရ ကိုယ်တိုင် က လူမျိုးပြုန်းအောင် ပြုမူနေတာ လို့ ကောက်ချက်ချ လို့ ရပါတယ် လို့ ဖြေပါတယ်။
    .
    မြန်မာအစိုးရ ကတော့ ဒီ လူတွေ ကို နှစ်ပေါင်းများစွာ ကတည်းက မြန်မာပြည်မှာ အခြေချ နေထိုင် ခဲ့တဲ့ သူတွေ လို့မသတ်မှတ် ထားပါဘူး။ သူတို့ ဟာ ဘင်္ဂလားဒေ့ရှ် က လွန်ခဲ့တဲ့ ဆယ်စုနှစ် တွေမှာ တရားမဝင် ရွှေ့ပြောင်း လာသူ တွေ လို့ သတ်မှတ် ထားပြီး သူတို့အနေနဲ့ ဒီလူတွေ အပေါ်မတရား ပြုမူတာတွေ မရှိဘူး လို့ အမြဲ ပြောခဲ့ပါတယ်။
    .
    အခု သုတေသီ အဖွဲ့ အနေနဲ့ ကတော့ သမိုင်းကြောင်း အရ ဒီလူတွေ ဘယ်လို ဘယ်အချိန် က ရောက်လာတယ် ဆိုတာ ကို ငြင်းခုံမှုတွေ အများအပြား ရှိပေမယ့် သူတို့ ကတော့ လက်ရှိ ရှိနေတဲ့ ရိုဟင်ဂျာ တွေ ရဲ့ အခြေအနေ ကိုသာ ဦးတည် လေ့လာခဲ့တာ လို့ဆိုပါတယ်။
    .
    သူတို့ဟာ ခွဲခြားဖိနှိပ်ခံရ တာတွေ အမှန်ပဲ ရှိနေတဲ့အတွက် အဲဒါ တွေ ကို အစိုးရ က ဖြေရှင်း ဆောင်ရွက် သင့်တယ် လို့လည်း သူက ပြောပါတယ်။ ရိုဟင်ဂျာတွေ အနေနဲ့ အဲဒီ ပြုမူ ဆောင်ရွက်ချက် တွေ ကို ပေခံရင်း အဲဒီမှာ ဆက်နေ မလား နဲ့ အဲဒီနေရာ ကနေ ထွက်ပြေး မလား ဆိုတဲ့ လမ်း ၂ ခု ကလွဲလို့ ဘာမှ မရှိတဲ့ အကြောင်းလည်း ပြောပါတယ်။
    .
    အခုဒီ သုတေသနပြုချက် ဟာ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ အထူးသဖြင့် မြန်မာအစိုးရ က ရိုဟင်ဂျာတွေ အပေါ် သဘောထား ပြုမူ ချက်တွေ ပြောင်းလဲလာစေဖို့ တွန်းအား တခု ဖြစ်စေလိမ့်မယ် လို့ သုတေသီ အယ်လစ်ရှာ က ရည်မှန်း ပေမယ့် မြန်မာ အစိုးရ အနေနဲ့ က တော့ ဒီအရေး နဲ့ပတ်သက်ပြီး နားထောင်လေ့ မရှိတာ ကို တွေ့နေရ ပါတယ်။
    .
    BBC မြန်မာပိုင်းမှ ကူးယူဖော်ပြသည်။
    .
    ဓါတ်ပုံ အညွှန်း- အင်ဒိုနီးရှားမှ ကယ်ဆယ်ထားသည့် လှေစီးဒုက္ခသည်များ

    http://www.bbc.com/burmese/burma/2015/05/150518_rohingya_genocide