News @ M-Media
Author: M-Media
  • လက်ကျန် ၂ ရက် အတွင်း အဓိက ခေါ်ယူမှုများ လီဗာပူးနည်းပြ ရော်ဂျာပြုလုပ်သွားမည်
    ဇန်နဝါ၇ီ ၂၉ ၊ ၂၀၁၄
    M-Media
    346022_heroa
    – ယခုနှစ် ဇန်န၀ါရီအပြောင်းအရွှေ့ကာလမကုန်ခင် မိမိအနေဖြင့် လူခေါ်ယူမှုများကို ပြုလုပ်သွားရန် မျှော်လင့်နေသည်ဟု လီဗာပူးလ်အသင်း၏ နည်းပြ ဘရန်ဒန်ရော်ဂျာက ပြောကြားခဲ့သည်။
    လီဗာပူးလ်အသင်းမှာ အီဂျစ် တိုက်စစ်မှူး မိုဟာမက် ဆာလာအား ခေါ်ယူရန် ပစ်မှတ်ထားခဲ့သော်လည်း ချယ်ဆီးအသင်းကခေါ်ယူနိုင်ခဲ့ပြီး လာမည့်နှစ် ချန်ပီယံလိဂ် ၀င်ခွင့်ရရှိရန် အတွက် တိုက်စစ်မှူး တစ်ဦးခေါ်ယူလိုနေခြင်းဖြစ်သည်။
    “နောက်နှစ်ရက်အတွင်းမှာ ကျွန်တော်တို့ တစ်ခုခုလုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ တနင်္လာနေ့က သတင်းစာခေါင်းကြီးပိုင်းမှာ ကျွန်တော် အသင်းနဲ့ ပြဿနာတက်နေတယ်လို့ ရေးခဲ့ကြပါတယ်။ ဒါဟာ လုံးဝမဟုတ်ပါဘူး” ဟု ရော်ဂျာက ယမန်နေ့ အဲဗာတန်အသင်းအား ၄ ဂိုး ဂိုးမရှိသည့် အနိုင်ရခဲ့သည့်ပွဲအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
    ဆာလာဟ်အားခေါ်ယူရန် မအောင်မမြင်ဖြစ်ပြီးနောက် ရော်ဂျာမှာ ယူကရိန်းကလပ် Dnipro အသင်းမှ ယူကရိန်းတောင်ပံကစားသမား ကိုနိုပလီယန်ကာအား ခေါ်ယူရန် ကမ်းလှမ်းခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေသည်။
  • အပြောင်းအရွှေ့အတွက် လွန်ခဲ့သည့် ၃ နှစ်က ဘာကာထံမှ ယူရို ၁၀ သန်းလက်ခံခဲ့သည်ဟု နေးမာ၏ ဖခင် ၀န်ခံ
    ဇန်နဝါ၇ီ ၂၉ ၊ ၂၀၁၄
    M-Media
    362499_heroa
    – နေးမာအား ကမ်းလှမ်းမှုများပြုလုပ်ခဲ့ပါက ၎င်းတို့အား ဦးစားပေးစဉ်စားရန် အတွက် မိမိ၏ ကုမ္ပဏီသို့ ဘာစီလိုနာအသင်းမှ လွန်ခဲ့သည့် ၃ နှစ်ခန့်က ယူရို ၁၀ သန်းပေးခဲ့သည်ဟု နေးမာ၏ ဖခင်ဖြစ်သူက ၀န်ခံခဲ့သည်။
    ယမန်နေ့က ၀န်ခံခဲ့ခြင်းဖြစ်ပြီး ထို ၁၀ သန်းမှာ ဘာစီလိုနာမှ နေးမာ၏ ဖခင်အား ပေးခဲ့သည့် သန်း ၄၀ ၏ ပထမအရစ်လည်းဖြစ်ကာ အပြောင်အရွှေ့ကာလတွင် အခြားသော အသင်းများထက် လက်ဦးမှုရယူရန် ရည်ရွယ်ခြင်းဖြစ်သည်။
    သို့သော်လည်း မိမိနေဖြင့် ထိုကဲ့သို့ လျှို့ဝှက်သဘောတူညီမှုတွင် ဥပဒေကို ချိုးဖောက်ခြင်းမရှိဘဲ၊ အကယ်၍ ဘာစီလိုနာသို့ နေးမာပြောင်းရွှေ့ခြင်းမရှိပါက ထို ၁၀ သန်းအား ပြန်လည်ပေးအပ်ရမည်ဟု နေးမာ၏ဖခင်က ကာကွယ်ပြောကြားခဲ့သည်။
    ရီးယဲလ်မက်ဒရစ်ထက် လက်ဦးမှုကို ရယူ၍ နေးမာအားခေါ်ယူနိုင်ခဲ့သည့် ဘာစီလိုနာအသင်းမှာ ထိုအပြောင်းအရွှေ့တွင် ငွေးကြေးမသမာမှုများရှိနေသည် ဆိုသည့် ဝေဖန်မှုများကိုခံနေရပြီး စပိန်တရားရုံးကလည်း ထိုကိစ္စအား စုံစမ်းစစ်ဆေးလျက်ရှိသည်။ ထို့ကဲ့သို့ အရှုပ်အရှင်းပြဿနာများပေါ်ပေါက်လာပြီးနောက် ဘာစီလိုနာအသင်းဥက္က ရိုဆဲလ်လည်း ရာထူးမှ နှုတ်ထွက်သွားခဲ့သည်။
  • နိုင်ငံရေးတည်ငြိမ်ရန် ရည်ရွယ်၍ ယူကရိန်း ၀န်ကြီးချုပ်နှင့် ကတ်ဘိနက် တစ်ဖွဲ့လုံး နှုတ်ထွက်
    ဇန်နဝါရီ ၂၉၊ ၂၀၁၄
    M-Media
    ukraine-prime-minister-resigns-390x285
    – အစိုးရနှင့် ဆန္ဒပြသူများအကြား နှစ်လကျော်ကြာဖြစ်ပွားနေသည့် တင်းမာမှုများကို အဆုံးသတ်ရန်ရည်ရွယ်၍ ဆန္ဒပြသူများအား ကန့်သတ်သော ဥပဒေများကို ယူကရိန်းအစိုးရက ပယ်ဖျက်ပေးခဲ့ပြီး ၀န်ကြီးချုပ်အပါအ၀င် ကတ်ဘိနက် အဖွဲ့အားလုံးကို နှုတ်ထွက်ခဲ့သည်ဟု သိရသည်။
    ယမန်နေ့က မြို့တော့်ကိဗ်တွင်ပြုလုပ်ခဲ့သည့် ပါလီမန်အထူးအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး၊ ထိုအစည်းအဝေးမတိုင်မီကလည်း ၀န်ကြီးချုပ် မိုကိုလာ အဇာရော့ဗ့်က ဆန္ဒပြသူများနှင့် အစိုးရအကြား တင်းမာမှုများကို ပြေလျှော့ရန် ကမ်းလှမ်းခဲ့သည်။
    သမ္မတနှုတ်ထွက်ရန်အတွက် အလိုရှိနေသည့် အတိုက်အခံခေါင်းဆောင်များကမူ ၀န်ကြီးချုပ်နှုတ်ထွက်မှုအား အားပေးခဲ့ပြီး အောင်မြင်မှုအတွက် ခြေလှမ်းတစ်ရပ်ဟု ပြောကြားခဲ့သည်။
    ယူကရိန်းနိုင်ငံတွင် အစိုးရဆန့်ကျင်ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်မှာ နှစ်လကျော်ကြာမြင့်နေပြီးဖြစ်ပြီး တစ်စထက်တစ်စ ဆိုးရွားလာကာ အစိုးရကလည်း အတိုက်အခံများနှင့် ဆွေးနွေညှိနှိုင်းမှုများပြုလုပ်ခဲ့သည်။
  • ဝေဖန်ခံနေရသည့် ဂွာတာနာမို အကျဉ်းစခန်းအား ယခုနှစ်တွင်း ပိတ်သိမ်းသင့်သည်ဟု အိုဘာမားဆို
    ဇန်နဝါရီ ၂၉၊ ၂၀၁၄
    M-Media
    Obama urges Guantanamo closure this year
    – အာဖဂန်နစ္စတန်မှ အမေရိကန် တပ်များရုပ်သိမ်းမည့် ယခုနှစ်သည် ဂွာတာနာမိုကျဉ်းစခန်းပိတ်သိမ်းသင့်သောနှစ်ဖြစ်သည်ဟု ယမန်နေ့က ပြောကြားခဲ့သော နိုင်ငံတော် အခြေပြမိန့်ခွန်းတွင် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ထည့်သွင်းပြောကြားခဲ့သည်။
    ထိုကဲ့သို့ပြောကြားခဲ့ခြင်းမှာ လွန်ခဲ့သည့် ငါးနှစ်အရင်က ရွေးကောက်ပွဲ ၀င်စဉ်က နိုင်ငံတကာမှ ဝေဖန်နေသော ကျူးဘားရှိ အမေရိကန်ရေတပ်စခန်းမှ ဂွာတာနာမိုအကျဉ်းစခန်းအား ပိတ်သိမ်းနိုင်အောင်ဆောင်ရွက်ပေးမည်ဟု ၎င်းပေးခဲ့သော ကတိအား ပြန်လည်ဖော်ပြခဲ့ခြင်းလည်းဖြစ်ပြီး ထိုကိစ္စအားဆောင်ရွက်ရာတွင် ကူညီမှုများပေးရန် ကွန်ဂရက်ကိုလည်း အိုဘားမားက တိုက်တွန်းခဲ့သည်။
    “ဂွာတာနာမိုမှာ ရှိတဲ့အကျဉ်းသား လွှဲပြောင်းပေးရေးအတွက် ကျန်ရှိနေတဲ့ ကန့်သတ်မှုတွေကို ကွန်ဂရက်က ရုပ်သိမ်းဖို့ လိုအပ်နေပြီး၊ ပြီးရင်တော့ ကျွန်တော်တို့ အကျဉ်းစခန်းကို ပိတ်ပစ်မှာပါ” ဟု အိုဘားမားက နိုင်ငံတော် အခြေပြမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
    ဂွာတာနာမိုအကျဉ်းစခန်းတွင် လက်ရှိ အကျဉ်းသား ၁၅၅ ဦးရှိနေပြီး၊ ၎င်းတို့အားလုံးမှာ နိုင်ငံခြားသားများဖြစ်ကြသည်။ ၎င်းတို့အား ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့အကြမ်းဖက် တိုက်ခိုက်မှုနောက်ပိုင်းတွင် သံသယဖြင့် ဖမ်းဆီးထားခြင်းဖြစ်ကာ မည်သည့် တရားစွဲဆိုမှုမှ မပြုလုပ်ဘဲ ဖမ်းဆီးထားခြင်းဖြစ်သည်။
    ဂွာတာနာမိုအကျဉ်းစခန်းတွင် အကျဉ်းသားများအား လူမဆန်စွာ နှိပ်စက်ညှင်းပန်းမှုများရှိနေသည်ဆိုသည့် သတင်းများမှာ ကာလကြာရှည်စွာ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေခဲ့ပြီး ထိုအကျဉ်းစခန်းတွင် တာဝန်ထမ်ဆောင်ခဲ့သည့် ၀န်ထမ်းဟောင်းအချို့ကလည်း ထိုသတင်းအား ဟုတ်မှန်ကြောင်း ၀န်ခံမှုများရှိခဲ့သည်။
    Ref: aljazeera
  • အမေရိကန် GE ကုမ္ပဏီ မြန်မာနိုင်ငံ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍသို့ ဝင်ရောက်လာ
    ဇန်နဝါရီ ၂၉၊ ၂၀၁၄
    M-Media
    cooperate in oil
    – အမေရိကန် ရေနံနှင့် ဓာတ်ငွေ့ကုမ္ပဏီတစ်ခုဖြစ်သည့် General Electric ( GE) နှင့် မြန်မာနိုင်ငံ၏ ပုဂ္ဂလိကပိုင် ကုမ္ပဏီ SMART Technology Service တို့မှာ မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက် သွားမည်ဟု ယနေ့ထုတ် ပြည်တွင်း သတင်းစာများတွင် ဖေါ်ပြခဲ့သည်။
    ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်အရ  SMART ကုမ္ပဏီမှ လက်နက် ကိရိယာများ၊ ၀န်ဆောင်မှုများကို ထောက်ပံ့ပေး သွားမည်ဖြစ်ပြီး GE ကုမ္ပဏီက ရှာဖွေမှုများ၊ တူးဖော် ထုတ်လုပ်မှုများကို ပြုလုပ် သွားမည်ဖြစ်သည်။
    GE ကုမ္ပဏီမှာ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံပေါ် စီးပွားရေး ပိတ်ဆို့ထားမှုများအား ဖြေလျှော့ပေးခဲ့သည့် ၂၀၁၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံသို့ လာရောက်ကာ ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်နေသော ကုမ္ပဏီတစ်ခုဖြစ်သည်။
    နိုင်ငံ၏ စွမ်အင်ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ရေနံနှင့်ဓာတ်ငွေ့လုပ်ငန်များ ရှာဖွေဖော်ထုတ်ခြင်းများအား နိုင်ငံခြား ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိနေသည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလက မြန်မာနိုင်ငံရှိ ကုန်းတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်အတွက် နိုင်ငံခြား ကုမ္ပဏီ ၇၈ ခုက လုပ်ကိုင်ရန် ကမ်းလှမ်းခဲ့ပြီး  ဗြိတိန်၊ ဘရူးနိုင်း၊ ကနေဒါ၊ အိန္ဒိယ၊ အီတလီ၊ လူဇင်ဘတ်၊ မလေးရှား၊ ပါကစ္စတန်၊ ရုရှားနှင့် ထိုင်နိုင်ငံများမှ ကုမ္ပဏီ ၁၀ ခုက လုပ်ကွက် ၁၆ ခုအား တင်ဒါအောင်မြင်ခဲ့သည်။
    မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ပရောဂျက် ၁၁၅ ခု  တွင် နိုင်ငံခြားကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးမှာ ၂၀၁၃ နှစ်ကုန်ပိုင်း၌ ကန်ဒေါ်လာ ဘီလီယံ ၁၄.၃၇၂ ( ၁ ဘီလီယံ= သန်း ၁၀၀၀) ရှိလာခဲ့သည်။ ထိုပမာဏမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၏ ၃၂.၄၆ ရာခိုင်နှုန်းဖြစ်ပြီး နိုင်ငံ၏ လျှပ်စစ်စွမ်းအား ကဏ္ဍနောက် နိုင်ငံခြား ရင်းနှီးမြှုပ်မှု ဒုတိယ အကြီးဆုံးဖြစ်သည်ဟု တရားဝင်ကိန်း ဂဏန်းများအရ သိရသည်။
    ဓါတ်ပုံ အညွှန်း- မြန်မာ့ကမ်းလွန်ပင်လယ် သဘာဝဓါတ်ငွေ့ တူးစင်တခု