News @ M-Media

Author: M-Media

  • နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် အီရန်ဖိတ်ခေါ်

    ဇန်နဝါရီ ၂၄၊ ၂၀၁၄
    M-Media
    Rouhani reaches out to Western countries
    – နိုင်ငံ၏ နျူးကလီးယားအစီအစဉ်နှင့် ပတ်သက်၍ ကမ္ဘာ့ခေါင်းဆောင်များနှင့် ပြည့်စုံသော သဘောတူညီချက်ရရှိရန်အတွက် ညှိနှိုင်းဆောင်ရွက်သွားရန် ဆုံးဖြတ်ထားသည့် အီရန်နိုင်ငံ၏ စီးပွားရေးမှာ ဖွံ့ဖြိုးလာနိုင်သည်ဟု အီရန်သမ္မတ ရူဟာနီက ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ပြောကြားလိုက်သည်။

    ဆွစ်ဇလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ပြုလုပ်နေသည့် အဆိုပါ စီးပွားရေးဖိုရမ်တွင် အီရန်နိုင်ငံ အတွင်း ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် ဥရောပ ကုမ္ပဏီများကိုလည်း ဖိတ်ခေါ်ခဲ့ပြီး၊ နျူးကလီးယား အရေးဆွေးနွေးမှုများပြုလုပ်နေသည့် အမေရိကန်နိုင်ငံ အနေဖြင့် ၎င်းတို့၏ စကားများကို အလုပ်ဖြင့် သက်သေပြခြင်းအား လိုချင်သည်ဟု ရူဟာနီက ထည့်သွင်းပြောကြားခဲ့သည်။

    အီရန်နိုင်ငံအား ပြင်ပကမ္ဘာနှင့် ဆက်ဆံရေးတိုးတက် ကောင်းမွန်ရန် ဆောက်ရွက်ပေးမည်ဆိုသော ကတိဖြင့် ယမန်နှစ်က ရွေးကောက် တင်မြှောက်ခြင်းခံခဲ့ရသည့် ရူဟာနီမှာ နျူးကလီးယား အစီအစဉ် ရပ်တန့်ရေးအတွက် အင်အာကြီး ၆ နိုင်ငံနှင့် ပဏာမ သဘောတူညီချက်ရရှိခဲ့ပြီးနောက် နိုင်ငံ၏ နျူးကလီးယားစက်ရုံရှိ ယူရေနီယံ သန့်စင်မှုလုပ်ငန်းအားရပ်ဆိုင်းခဲ့သည်။

    ရူဟာနီလက်ထက်တွင် အမေရိကန်၊ ဥရောပနိုင်ငံများနှင့် သံတမန်ဆက်ဆံရေးများ ပိုမိုကောင်းမွန်လာခဲ့ပြီး မကြာသေးခင်ကလည်း အမေရိကန်နှင့် ဥရောပနိုင်ငံတို့က အီရန်အပေါ် ၎င်းတို့ထားရှိသည့် ပိတ်ဆို့မှုအချို့အား ဖယ်ရှားပေးခဲ့သည်။

  • တောင်ဆူဒန်တွင် ရက်သတ္တပါတ် (၅) ပတ် အပစ်အခတ်ရပ်ရန် သဘောတူညီချက်ရ

    ဇန်နဝါရီ ၂၄၊ ၂၀၁၄
    M-Media

    452034-south-sudan-government-rebels-sign-deal
    – တောင်ဆူဒန်နိုင်ငံအတွင်းဖြစ်ပွားနေသည့် တိုက်ခိုက်မှုများအား ရပ်တန့်ရန်အတွက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အား အစိုးရနှင့် သူပုန်ခေါင်းဆောင်တို့က ယမန်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

    အီသီယိုးပီးယာနိုင်ငံ မြို့တော် အက်ဒစ်တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တောင်ဆူဒန်သမ္မတ ဆာလ်ဗာ ကီရ်၊ အတိုက်အခံခေါင်းဆောင် ရီက်မက်ခ်ဟာနှင့် ယခင် ဆူဒန် ဒုတိယသမ္မတဟောင်းတို့ တက်ရောက်ခဲ့ကြပြီး ယခုကဲ့သို့ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်ကာ အပစ်အခတ်ရပ်စဲရေးကာလမှာ သီတင်းပတ် ၅ ပတ်ရှိမည်ဖြစ်သည်။ ဆွေးနွေးပွဲတွင် ဖမ်းဆီးခံထားရသူများအား လွှတ်ပေးရေးကိစ္စနှင့်ပက်သက်၍ အကြိတ်အနယ်ဆွေးနွေးခဲ့ကြပြီး မက်ခ်ဟာနှင့် နီးစပ်သည့် အတိုက်အခံအဖွဲ့ တာဝန်ရှိသူ ၁၁ ဦးအား လွှတ်ပေးမည်ဟု အစိုးရက သဘောတူခဲ့သည်။

    ထိုဆွေးနွေးပွဲတွင် ကြားဝင်စေ့စပ်ပေးသူများအဖြစ် အရှေ့အာဖရိကဒေသတွင်းအဖွဲ့ IGAD က ဆောင်ရွက်ခဲ့ပြီး ယခုကဲ့သို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ပြီးနောက် ငြိမ်းချမ်းရေးအတွက် လုပ်ထုံးလုပ်နည်းများအား စောင့်ကြည့်လေ့လာခြင်းနှင့် အကူအညီပေးရေး ၀န်ထမ်းများအား အကန့်အသတ်မရှိ ၀င်ရောက်ခွင့်ပေးရေးတို့ကို ဆောင်ရွက်မည်ဟု ပြောကြားခဲ့သည်။

    တောင်ဆူဒန် နိုင်ငံအတွင်း ဒီဇင်ဘာ ၁၅ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် နိုင်ငံရေးပဋိပက္ခအတွင်း အစိုးရနှင့် အတိုကအခံ နှစ်ဖက်တိုက်ခိုက်မှုများကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး၊ ပြည်သူသန်းဝက်ခန့်မှာလည်း အိုးအိမ်များကို စွန့်ခွာကာ ထွက်ပြေးခဲ့ရသည်။
    Ref: aljazeera

  • အမေရိကန် အဆိုတော် ဂျနီဖာဂရောက်မှ အစ္စလာမ်ဘာသာ ကူးပြောင်းကြောင်း အတည်ပြုပြောဆို

    ဇန်နဝါရီ ၂၄၊ ၂၀၁၄
    M-Media

    Singer-Jennifer-Grout-2
    သူမ၏ အစ္စလာမ်ဘာသာသို့ကူးပြောင်းပါသည်ဟုဆိုထားသော အစောပိုင်းဗီဒီယိုအား ငြင်းပယ်ခဲ့သည့် အမေရိကန် အဆိုတော် ဂျနီဖာဂရောက်(Jennifer Grout) က ယခုအခါတွင် ၎င်းသတင်းကို အတည်ပြုလိုက်ပြီဖြစ်သည်။ ၎င်းအပြင် သူမသည် ၀တ်ပြုခြင်း၊ ကုရ်အာန်ကျမ်းတော်အား လေ့လာသင်ယူခြင်းနှင့် ဇကာ့သ်ဒါနပေးဆောင်ခြင်းကိုလည်း စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

    “ လူတကာတွေ့မြင်ထားခဲ့တဲ့ ဗီဒီယိုဟာ မော်ရိုကိုဇာတ်ကားထဲမှ အစိတ်အပိုင်းတစ်ခု အမှန်ဖြစ်ပြီး Arabs Got Talent  မပြသခင်က ကျွန်မရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ် ” ဟု ဂရောက်မှ ဇန်န၀ါရီလ ၂၁ ရက်၊ အင်္ဂါနေ့က Gulf News သို့ ပြောပြခဲ့သည်။

    “ အင်တာနက်ပေါ်မှာ အဲ့ဒီလောက်လေးနဲ့ အဆုံးသတ်ထားလိုက်တဲ့အတွက် ကနဦးပိုင်းမှာ ကျွန်မ စိတ်ပျက်ဝမ်းနည်းသွားသလို၊ အလွန်လည်း တုန်လှုပ်သွားခဲ့တယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်မ မိသားစု နဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေကို အစ္စလာမ် အကြောင်း မရှင်းပြရသေးခင်မှာပဲ ကျွန်မ ကူးပြောင်း သက်ဝင်လိုက်ပြီလို့ နေရာတိုင်းမှာ ဟိုးလေးတကျော် ဖြစ်သွားခဲ့လို့ပါ။ သို့ပေမယ့်လည်း ပေါက်ကြားသွားပြီဖြစ်လို့ ယခုချိန်မှာတော့ ကျွန်မရဲ့ သက်ဝင်ယုံကြည်ချက်မှုအတွက် ရှက်ရွံ့မနေတော့ပါဘူး။ ဒါဟာ ကောင်းခြင်းတစ်မျိုးပါပဲရှင် ” ဟု သူမက အီမေးလ်မှတစ်ဆင့် ပြုလုပ်သော အင်တာဗျူး၌ အထက်ပါအတိုင်း ဖြေကြားထားခဲ့သည်။

    ဂရောက်သည် အမေရိကန်အဆိုတော် တစ်ဦးဖြစ်ပြီး “Arabs Got Talent” အမည်ရှိ တီဗီမှအစီအစဉ်အတွက် အရည်အချင်း စစ်ပြိုင်ပွဲအတွင်း ဆန်ကာတင်နောက်ဆုံးသုံးနေရာထိ ရောက်ရှိသွားပြီးနောက်တွင် အာရဗ်လူမျိုးများအား အားကျစွဲလန်းသွားခဲ့သည်။

    ထိုပြိုင်ပွဲပြီးသော် ဘော့စ်တွန်(Boston) ဇာတိ အသက် ၂၃ နှစ်အရွယ် သူမသည် မော်ရိုကို(Morocco) သို့သွားရောက်ကာ Amazigh  နှင့် မော်ရိုကို အာရဗီ ဘာသာစကားများကို သင်ယူခဲ့သည်။

    ယခုလအစောပိုင်းက သူမ၏ ယုံကြည်မှုကိုဖွင့်ဟဖော်ပြသော ရှဟာဒဟ်ဖတ်ရွတ်နေပုံ ဗီဒီယိုမှာ YouTube အပေါ် ရောက်ရှိလာ ခဲ့သည်။ ၎င်းအတွင်း၌ သူမ၏ ခင်ပွန်းလောင်းဟု ဆိုကြသူ လူငယ်တစ်ယောက်နှင့်အတူ ပေါ်ထွက်လာပြီး သူမက ရှဟာဒဟ် (အစ္စလာမ် သက်ဝင်မှု သက်သေခံစကားရပ်) ရွတ်ဆိုခဲ့သည်။ အခြား အမျိုးသားတစ်ဦးကိုလည်း အနီး ၀န်းကျင်တွင် ဖော်ရွေ ရင်းနှီးသည့် ပုံဟန်ဖြင့် တွေ့ခဲ့ကြရသည်။

    မော်ရိုကိုတွင် နေထိုင်နေသော ဂရောက်က သူမသည် ဗလီဝတ်ကျောင်းတော်သို့ သွားရောက်၍ ရှေ့ဆောင်ဆရာ(အိမာမ်) တစ်ဦးထံ မိမိ၏ကူးပြောင်းမှုကို အတည်ပြုခြင်း သို့မဟုတ် စာရွက်ပေါ်ရေးသားခြင်းမျိုး မပြုလုပ်ထားကြောင်း ရှင်းပြခဲ့သည်။

    “ ဒါပေမယ့် ကျွန်မ နှလုံးသားထဲကနေ ရှဟာဒဟ်ကို လှိုက်လှိုက်လှဲလှဲ ရွတ်ဆိုခဲ့တာပါ။ များမကြာသေးမီကပဲ ကျွန်မဟာ  နေ့စဉ် ၅ ကြိမ်ဝတ်ပြုမှုကို စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ် ” ဟူသော စကားနှင့်အတူ  သူမသည် ယခုနှစ်နှောင်းပိုင်း တွင်ကျရောက်မည့် ရမဿွာန်လအတွင်း ဥပုသ်သီလဆောက်တည်ရန် စီစဉ်နေသည့်အပြင်၊ ရက်ရောမှုသဒ္ဓါတရား ပိုမိုတိုးပွားလာရေးအတွက် ဇကာ့သ် ပေးလှူရန်ကိုလည်း ကြိုးစားနေကြောင်း ဆိုပါသည်။

    “ ဒီအရာတွေဟာ အရေးအကြီးဆုံးအချက်တွေပါပဲ။ ဒါကြောင့်မို့လို့ ကျွန်မဟာ ကုရ်အာန်ရဲ့အဓိပ္ပာယ် နဲ့ အစ္စလာမ့် သမိုင်းကြောင်း ကိုလည်း ပိုမို သိရှိ နားလည်နိုင်အောင်ကြိုးစားနေတယ်လေ။ ကျွန်မ တစ်နေရာမှာ ဖတ်လိုက်ရတယ်။ အစ္စလာမ်ဆိုတာဟာ ဖြစ်တည်မှု အခြေအနေတစ်ရပ် မဟုတ်ဘူး။ ဖြစ်တည်လာအောင်ကြိုးစားရတဲ့ ဖြစ်စဉ်တစ်ခုဆိုတာကိုပေါ့။ ဒါဟာ ကျွန်မအဖို့ အစစ်အမှန်တရားကို အသိပေးလမ်းညွှန်နေတာပါပဲရှင် ”။

    အမေရိကန်ပြည်ထောင်စု၌ မွတ်စ်လင်မ် လူဦးရေ ၆ မှ ၈ သန်းအထိ မှီတင်းနေထိုင်လျက်ရှိသည်။

    Ref: OnIslam

  • မောင်တောမှ အကြမ်းဖက်မှု ရိုဟင်ဂျာ မွတ်စလင် ၄၀ ကျော် သေဆုံးခဲ့ဟု ကုလ သတင်းထုတ်ပြန်

    ဇန်နဝါရီ ၂၄၊ ၂၀၁၄
    M-Media

    2014123172049831580_20
    ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ မွတ်စလင်အမျိုးသမီး ၂ ဦး Photo- [Reuters]
    – ရခိုင်ပြည်နယ် မောင်တောမြို့ ဒူချီရာတန်း (အလယ်တန်းရွာ)မှ ရိုဟင်ဂျာများအား ရခိုင်-ဗုဒ္ဓဘာသာ လူအုပ်စုကြီးက ဓားရှည်များ၊ တောခုတ်ဓားများဖြင့် အကြမ်းဖက်တိုက်ခိုက်ခဲ့မှုကြောင့် လူ ၄၀ ကျော်သေဆုံးခဲ့သည်ဟု ကုလသမဂ္ဂမှ ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Navi Pillay က ပြောကြားခဲ့ရာတွင် မောင်တော်မြို့ ဒူချီရာတန်း (အလယ်တန်းရွာ) ရွာတွင် ဇန်န၀ါရီ ၉ ရက်နေ့က ရိုဟင်ဂျာအမျိုးသား ၈ ဦးမှာ တိုက်ခိုက်သတ်ဖြတ်ခြင်းခံခဲ့ရသည်ဟု သတင်းများ ရရှိခဲ့ပြီးနောက်ပိုင်း သီတင်းပတ် တစ်ပါတ်ကြာတွင် အဆိုပါရွာ၌ပင် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားခဲ့ကာ အမျိုးသမီးနှင့် ကလေးငယ်များအပါအ၀င် အနည်းဆုံး ရိုဟင်ဂျာ ၄၈ ဦးသေဆုံးခဲ့သည့် သတင်းကိုလည်း ခိုင်လုံသော သတင်းရင်းမြစ်များမှ ရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

    ” ဒူချီရာတန်း ရွာမှာ ဖြစ်ပွားခဲ့တဲ့ အသက်ဆုံးရှုံးမှုတွေအတွက် ၀မ်းနည်းမိပါတယ်။ ပြီးတော့ အာဏာပိုင်တွေအနေနဲ့ သမာသမတ်ကျပြီး၊ ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့နဲ့၊ သေဆုံးသွားသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေအပေါ် တရားမျှတမှုတွေ ဆောင်ကျဉ်းပေးဖို့ ကျွန်မ တိုက်တွန်းပါတယ်” ဟု ပီလေးက ပြောကြားခဲ့သည်။

    အဆိုပါရွာရှိ ရိုဟင်ဂျာများက ရဲတပ်ကြပ်တစ်ဦးအား ပြန်ပေးဆွဲခဲ့ပြီး သတ်ဖြတ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ဇန်န၀ါရီ ၁၃ ရက်နေ့တွင် ဒုတိယအကြိမ် အကြမ်းဖက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်သက်သေများနှင့် လူ့အခွင့်အရေး အဖွဲ့များက ပြောကြားခဲ့သည်။

    သို့သော်လည်း ရခိုင်ပြည်နယ် အစိုးရနှင့် မြန်မာအစိုးရကမူ ထိုကဲ့သို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု သတင်းအား ငြင်းဆန်ခဲ့ပြီး၊ ကုလ၏ သတင်းထုတ်ပြန်မှုမှာ လုံးဝ မှားယွင်းသည်ဟု ပြည်ထောင်စု အစိုးရ၏ ပြန်ကြားရေး-ဒုဝန်ကြီး သမ္မတ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောကြားခဲ့သည်။

     

    Source: AP

  • ရန်ကုန်၊မန္တလေးမှလွဲပြီး ကျန်နည်းပညာ တက္ကသိုလ်များ၌ BE ဘွဲ့မပေးရေး အဆို TU ကျောင်းသားများကန့်ကွက်

    ဇန်နဝါရီ ၂၄၊ ၂၀၁၄
    M-Media
    သတင်း-သူရိန်

    TTU

    ရန်ကုန်၊မန္တလေးမှလွဲပြီး  ကျန် နည်းပညာတက္ကသိုလ်များတွင် တက်ရောက်နေသော ကျောင်းသားကျောင်းသူများကို BE ဘွဲ့မပေးတော့ သတင်း အပေါ် ကန့်ကွက်သွားမည်ဖြစ်ကြောင်း နည်းပညာတက္ကသိုလ် ကျောင်းသားများက ဆိုသည်။

    ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ကျင်းပခဲ့သော ပညာရေးပြုပြင်ပြောင်းလဲမှု ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် Center of Excellence (COE) နှစ်ကျောင်းဖြစ်သည့် ရန်ကုန်နည်းပညာတက္ကသိုလ် နှင့် မန္တလေးနည်းပညာ တက္ကသိုလ်ကျောင်းများမှ နှစ်စဉ် BE ဘွဲ့ရ အင်ဂျင်နီယာ (၇၀၀) စီမွေးထုတ်ပေးမည်ဖြစ်ကြောင်း၊ ကျန်နည်းပညာ တက္ကသိုလ်များတွင် BE ဘွဲ့ချီးမြှင့်ခြင်းပြုမည် မဟုတ်သည့် အဆိုကို တင်သွင်းထားကြောင်း သိရသည်။

    ယင်းအဆိုနှင့် စပ်လျဉ်း၍ နည်းပညာ တက္ကသိုလ် ကျောင်းသားကျောင်းသူများက ဆန့်ကျင် ကန့်ကွက်သွားမည်ဖြစ်ပြီး လက်ရှိတွင် ဆန့်ကျင်ကန့်ကွက်သည့် လက်မှတ်ပေါင်း ၄၀၀၀ ကျော်စုစည်းရရှိနေပြီဖြစ်ကြောင်း သိရသည်။

    BEမပေးသည့်အဆိုနှင့် ပတ်သက်ပြီး နည်းပညာ တက္ကသိုလ်(သန်လျင်)မှ မြို့ပြအင်ဂျင်နီယာ ဘာသာရပ်မှ ကျောင်းသားတစ်ဦးက ယခုလို မှတ်ချက်ပြုပါတယ်။ “ကျွန်တော်တို့ နည်းပညာ တက္ကသိုလ်ကျောင်းသားတွေကို ဘာလို့ BE ဘွဲ့ မပေးတာလဲ။ COE ကျောင်းတွေနဲ့ အဆင့်ချင်း မတူလို့လား။ ဒီလိုသာ ခွဲခြားပြီး လုပ်နေမယ်ဆိုရင် နောက်ပိုင်း လုပ်ငန်းခွင်ဝင်တဲ့အခါ အခက်အခဲတွေရှိလာလိမ့်မယ်။ ကျွန်တော်တို့ကျောင်းသားထု အားလုံးကတော့ ဒီအဆိုကို ကန့်ကွက်ပါတယ်။”

    “လက်ရှိရေးဆွဲထားသော တယူသန် အတ္တဆွဲ လူတစ်စု ဟန်ပြ ပညာရေးထက် တန်းတူညီမျှ အမျိုးသားပညာရေး မူဝါဒသို့သာ ပြောင်းလဲ ကျင့်သုံးသင့်တယ်။ GTC နှင့် GTI များ အခြေခံလုပ်သားအတွက် လိုအပ်သည်ထင်ပါက ထပ်မံဖွင့်လှစ်သင့်သည်။ COE နှင့် TU ဟူ၍ ခွဲခြား မထားဘဲ အရည်အချင်း ပြည့်ဝသော အင်ဂျင်နီယာများ အမိနိုင်ငံတော်ကြီးအတွက် များစွာ မွေးထုတ်ပေးသင့်သည်။”ဟု နည်းပညာတက္ကသိုလ်(သန်လျင်) ကျောင်းသားသမဂ္ဂမှ ကိုကျော်ဇင်ထက်ကဆိုပါတယ်။

    “TU ကျောင်းသား ကျောင်းသူများကို BE မပေးရေးကိစ္စနဲ့ ပတ်သက်ပြီးနည်းပညာ တက္ကသိုလ်(သန်လျင်) ကျောင်းသားများ သမဂ္ဂသည် ကန့်ကွက်ကြောင်း လက်မှတ်များ စုဆောင်းနေပြီး ဆွေးနွေးပွဲတွင် ကျောင်းသား ကျောင်းသူများလိုလားသည့် စနစ် တစ်ခုဖြစ်လာစေရန်ကိုသာ တင်ပြတောင်းဆိုရန် လုပ်ဆောင်နေကြောင်း”ဖြင့် နည်းပညာ တက္ကသိုလ်(သန်လျင်) ကျောင်းသား သမဂ္ဂ၏ ဖေစ့်ဘုတ် စာမျက်နှာတွင်ဖော်ပြထားသည်။

    TU Form
    ဓါတ်ပုံအညွှန်း- TU များ၌ BE မပေးရေးအဆိုကန့်ကွက်ပြီး ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သတ်၍ ဆွေးနွေးပွဲကို နည်းပညာတက္ကသိုလ် (သန်လျင်)တွင် ပြုလုပ်စဉ်
    Photo Credit- နည်းပညာတက္ကသိုလ်(သန်လျင်) ကျောင်းသားများသမဂ္ဂ (TTUSU) FB

    TU= Technological University