News @ M-Media
Author: M-Media
  • တောင်းဆိုမှု မလိုက်လျောက တိုက်ခိုက်မည်ဟု ယူကရိန်း သမ္မတအား အတိုက်အခံ ခေါင်းဆောင်ခြိမ်းခြောက်
    ဇန်နဝါရီ ၂၃၊ ၂၀၁၄
    M-Media
    Ukraine opposition sets 24-hour deadline
    – တိုင်းပြည်အတွင်း ဖြစ်ပွားနေသည့် ဆန္ဒပြမှုများတွင် သမ္မတ ဗစ်တာယာနူကိုဗစ်ခ်ျအနေဖြင့် အလျှော့ပေးခြင်းမရှိပါက ဆန္ဒပြသူများက တိုက်ခိုက်မှုများပြုလုပ်သွားမည်ဟု ယူကရိန်း အတိုက်အခံခေါင်းဆောင် ကလစ်ရှ်ကိုက ယမန်နေ့တွင် သတိပေးပြောကြားခဲ့သည်။
    ယမန်နေ့တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူမျာကြား ပြင်းထန်သော ရုန်းရင်းဆန်ခတ်မှုများဖြစ်ပေါ်ခဲ့ပြီး ဆန္ဒပြသူ ၃ ဦး သေဆုံးခဲ့ပြီးနောက် ကိဗ်မြို့ရှိ လွတ်လပ်ရေးရင်ပြင်သို့ ဆန္ဒပြသူ တောင်ပေါင်းများစွာ ရောက်ရှိလာခဲ့ကြသည်။
    အတိုက်အခံခေါင်းဆောင် ကလစ်ရှ်ကိုက ထိုသူများအား ပြောကြားသော မိန့်ခွန်းတွင် သမ္မတအနေဖြင့် ယခုခြေအနေအား သွေးထွက်သံယို မဖြစ်ဘဲ ဖြေရှင်းနည်းမှာ ရွေးကောက်ပွဲ စောစီးစွာပြုလုပ်ခြင်းဖြစ်ကြောင်း၊ လိုက်လျောက်ခြင်းမရှိပါက တိုက်ခိုက်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    “တကယ်လို့ ယာနူကိုဗစ်ခ်ျက လိုက်လျောမှုတွေမလုပ်ခဲ့ရင် မနက်ဖြန်(ကြာသာပတေးနေ့)မှာ ကျွန်တော်တို့ တိုက်ခိုက်မှုတွေ ပြုလုပ်သွားမှာပါ” ဟု ကလစ်ရှ်ကိုက ဆိုသည်။
    ရုရှားနှင့် ဆက်ဆံရေးထိခိုက်မည်ကို စိုးရိမ်သောကြောင့် ဥရောပကုန်သွယ်ရေးစာချုပ်အား လက်မှတ်ထိုးရန် ယူကရိန်းအစိုးရက ငြင်းဆန်ခဲ့ပြီးနောက် ပြီးခဲ့သည့် တစ်လကျော်ကတည်းက နိုင်ငံတစ်ဝှမ်းတွင် လက်ရှိအစိုးရအား ဖြုတ်ချရန် ဆန္ဒပြမှုများ အဆက်မပြတ်ဖြစ်ပွားနေခဲ့သည်။
    ထို့ပြင် ဆန္ဒပြသူများအနေဖြင့် မျက်နှာအား ဖုံးအုပ်ခြင်းမပြုရဟူသည့် ဥပဒေကို ပြီးခဲ့သည့် တစ်ပါတ်က ပြဌာန်းခဲ့ပြီးနောက်ပိုင်းတွင် ဆန္ဒပြမှုများမှာ ပိုမိုဆိုးရွားလာခဲ့ပြီး ရဲတပ်ဖွဲ့လည်း အကြမ်းဖက် နှိမ်နင်းမှုများ ပြုလုပ်လျက်ရှိသည်။
    Ref: aljazeera
  • အိန္ဒိယတွင် မျိုးနွယ်မတူသူကို ကြိုက်မိသူ အမျိုးသမီးအား အုပ်စုဖွဲ အဓမ္မကျင့်ရန် ရွာလူကြီးအမိန့်ပေး၊
    ဇန်နဝါရီ ၂၃၊ ၂၀၁၄
    M-Media
    201412194679734_20
    – အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရှိ အနောက်ဘင်္ဂလား ပြည်နယ်တစ်ခုတွင် အမျိုးသမီးတစ်ဦးအား အပြစ်ပေးသည့်အနေဖြင့် အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
    ဆူဘာလ်ပါ ရွာတွင် ယခုသီတင်းပတ်အစောပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၂၂ နှစ်အရွယ်ရှိ အဆိုပါအမျိုးသမီး၏ အိမ်တွင် ၎င်းနှင့် မျိုးနွယ်မတူသည့် အမျိုးသားတစ်ဦးအား တွေ့မြင်ခဲ့ရသောကြောင့် ၎င်းတို့လူမျိုး၏ ဓလေ့ထုံးတမ်းအရ အပြစ်ရှိသည်ဟု ယူဆသည့်အတွက် salishi sabha ကော်မတီ၏ လူကြီးများက မုဒိမ်းကျင့်အပြစ်ပေးရန် အမိန့်ပေးခဲ့ခြင်းဖြစ်ကာ စုစုပေါင်း လူ ၁၃ ဦးက ၀ိုင်း၍ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။
    ထိုပြဿနာဖြစ်ပွားပြီးနောက်ပိုင်း မပေါက်ကြားစေရန်အတွက် ကျေးရွာအုပ်ချုပ်သူများက တရားခံတစ်ဦးချင်းစီထံမှ ဒဏ်ကြေးအဖြစ် ရူပီး ၂၅၀၀၀ (ကန်ဒေါ်လာ ၄၀၀) ကောက်ခံပြီး မုဒိမ်းကျင့်ခံရသူ အမျိုးသမီးငယ်၏ မိသားစုများအား ပေးအပ်ခဲ့ရာ ထိုမိသားစုက လက်ခံခြင်းမရှိဘဲ တရားဥပဒေအတိုင်း ဆောင်ရွက်အပြစ်ပေးရန် အလိုရှိနေသည်။ ယခုအခါ ထိုအမျိုးသမီးမှာ ဆိုးရွားသော ကျန်းမာရေးအခြေအနေကြောင့် ဆေးကုသမှုခံယူနေရပြီး တရားခံ ၁၃ ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။
    salishi sabha ဟုခေါ်သည့် ကော်မတီမှာ အိန္ဒိယနိုင်ငံရှိ ဆင်းရဲမွဲတေသောရွာများတွင် ရှိနေကြပြီး၊ ရိုးရာဓလေ့ထုံးတမ်းကို ဖောက်ဖျက်သူများအား အပြစ်ပေးသည့်အဖွဲ့ဖြစ်သည်။ သို့သော်လည်း ထိုအဖွဲ့မှာ တရားမ၀င်ဖြစ်ပြီး အိန္ဒိယ ဥပေဒ ကဏ္ဍတွင် ၎င်းတို့အား တရားဝင်အသိအမှတ် ပြုထားခြင်းမရှိပေ။
    အိန္ဒိယနိုင်ငံတွင် အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုများမှာ မကြာခဏဖြစ်ပွားလေ့ရှိပြီး၊ တရားဥပဒေစိုးမိုးမှုမရှိမှု၊ ရဲများ၏ အကျင့်ပျက်ခြစားမှုတို့ကြောင့် ထိရောက်သော အရေးယူမှုများ ပြုလုပ်နိုင်ခြင်းမရှိပေ။
    Ref: aljazeera
    ပုံအညွှန်း – အဓမ္မပြုကျင့်မှုများကို ဆန္ဒပြနေသည့် အိန္ဒိယ အမျိုးသမီးများ
  • မုတ်ဆိတ်ထားခြင်း အပါအဝင် ဘာသာရေးဆိုင်ရာ အဆင်အပြင်များ ၀တ်ဆင်မှု အမေရိကန် စစ်တပ်ခွင့်ပြု
    ဇန်နဝါရီ ၂၃၊ ၂၀၁၄
    M-Media
    _72461030_sikh
    – အမေရိကန်စစ်တပ်တွင် တာဝန်ထမ်းဆောင်နေသည့် စစ်သားများအနေဖြင့် ၎င်းတို့၏ ဘာသာရေးဆိုင်ရာ အဆင်အပြင်များ ၀တ်ဆင်ခြင်းကို ကန့်သတ်ထားမှုအား လျှော့ချလိုက်ပြီး ပေါင်းထုပ်၊ ဦးထုပ်များဝတ်ဆင်ခြင်း၊ မုတ်ဆိတ်ထားခြင်းနှင့် ဆေးမင်ကြောင်ထိုးခြင်း စသည်တို့ကို ခွင့်ပြုပေးခဲ့သည်ဟု အမေရိကန် စစ်တပ် တာဝန်ရှိသူများက ပြောကြားခဲ့သည်။
    ထို့ကြောင့် အမေရိကန် စစ်တပ်များရှိ အစ္စလာမ်၊ ဆစ်ခ်၊ ဂျူးနှင့် ၀ီကာ ဘာသာဝင်စစ်သားများအနေဖြင့် ယူနီဖောင်းနှင့် ပတ်သက်၍ စစ်တပ်၏ တင်းကျပ်သော ပေါ်လစီများနှင့် ကန့်သတ်မှုများအတွက် လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံနိုင်မည်ဖြစ်သည်။
    ထိုကဲ့သို့တောင်းခံလာပါက စစ်တပ်နေဖြင့် တစ်ဦးချင်းအလိုက် စစ်ဆေးမည်ဖြစ်ကာ စစ်ဆင်ရေးလုပ်ငန်းများအား နှောက်ယှက်မှုမရှိပါက ခွင့်ပြုမည်ဟု သိရပြီး၊ ယခင်က ဆစ်ခ်ဘာသာဝင် သုံးဦး၏ ၎င်းတို့ဘာသာ အယူဝါဒအရ ခေါင်းပေါင်းပေါင်းရန် တောင်းဆိုမှုကိုလည်း အမေရိကန် စစ်တပ်က ခွင့်ပြုပေးခဲ့သည်။
    အမေရိကန်စစ်တပ်အတွင်း တာဝန်ထမ်းဆောင်ကြသည့် စစ်သားများ၏ ဘာသာရေးဆိုင်ရာ အသွင်အပြင် အယူအဆများ ၀တ်ဆင်ဆောင်ရွက်ရန်အတွက် တောင်းဆိုမှုများက စစ်ဆင်ရေးဆောင်ရွက်ခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ အမိန့်နှင့် စည်းကမ်းလိုက်နာခြင်း စသည်တို့အား ထိခိုက်မရှိပါက ထိုတောင်းဆိုမှုများကို ခွင့်ပြုပေးသွားမည်ဟု တပ်မှူး နိတ် ခရစ်တန်ဆန်က ပြောကြားခဲ့သည်။
    BBC
  • Chin: ခရစ်ယာန်များကို ဘာသာရေး ခွဲခြားမှုများ ရပ်တန့်ရန် ချင်းလူ့အခွင့်အရေး အဖွဲ့မှ အစိုးရအား တိုက်တွန်း
    ဇန်နဝါရီ ၂၃၊ ၂၀၁၄
    M-Media
    5098e75e57e36807c173cb7490b1b0d2_L
    – မြန်မာနိုင်ငံရှိ ဘာသာရေး လူနည်းစု အသိုင်းအ၀ိုင်းမှ ပြည်သူများအား ခွဲခြားဆက်ဆံမှုများကို ရပ်တန့်ရန်အတွက် လိုအပ်သောဆောင်ရွက်မှုများ ပြုလုပ်ရန် ချင်း လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ CHRO က မြန်မာအစိုးရအား တိုက်တွန်းပြောဆိုခဲ့သည်ဟု သိရသည်။
    ထိုအဖွဲ့အစည်းမှ  ၂၁ ရက်နေ့(အင်္ဂါနေ့)က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ၂၀၁၃ ခုနှစ် တစ်လျှောက်လုံး မြန်မာနိုင်ငံရှိ ချင်းလူမျိုး ခရစ်ယာန် ဘာသာဝင်များ၏ ဘာသာရေး လွတ်လပ်မှုကို ချိုးဖောက်မှုများကို ဖော်ပြထားပြီး သမ္မတ ဦးသိန်းစိန် အစိုးရအနေဖြင့် နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ထိုကိစ္စအား ဦးစားပေးဆောင်ရွက်ရန်ကိုလည်း တိုက်တွန်းခဲ့သည်။
    “တိုင်းပြည်အတွင်းမှာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ ပုံစံမျိုးဖြစ်အောင် အစိုးရက ဆောင်ရွက်နေပါတယ်။ ဒါဟာ ချင်းလူမျိုး ခရစ်ယာန် ဘာသာဝင်တွေရဲ့ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ဆိုးဆိုးဝါးဝါး ယုတ်လျော့စေပါတယ်” ဟု CHRO ၏ အကြီးအကဲ ဆလိုင်းဘွယ်ပိက ပြောကြားခဲ့သည်။
    အစိုးရက တိုင်းပြည်၏ အရင်းအမြစ်များအား အသုံးပြု၍ စေတီပုထိုးများ တည်ထားခြင်း၊ ဘုန်းကြီးကျောင်းများ ဆောက် လုပ်လျက် ရှိနေချိန်တွင် ခရစ်ယာန် ဘာသာရေး အဆောက်အအုံများ ဆောက်လုပ်မှုများအား ကန့်သတ် ထားကြောင်းဖော်ပြခဲ့ပြီး၊ သမ္မတ ဦးသိန်းစိန်၊ လွှတ်တော် ဥက္ကဌ သူရရွှေမန်း တို့ ချင်းပြည်နယ်သို့ လာရောက် လည်ပတ်ခဲ့အချိန် ပြုလုပ်ခဲ့သည့် အစည်းအဝေးများ၊ ချင်းပြည်နယ် အစိုးရ ထိပ်ပိုင်း အရာရှိများပြုလုပ်လေ့ရှိသော အစည်းအဝေးများကို ခရစ်ယာန်များ၏ တနင်္ဂနွေ ၀တ်ပြုမှု အစီအစဉ်နှင့် တိုက်ဆိုင်ကာ  ပြုလုပ်မှုများ ကိုလည်း ဝေဖန်ထောက်ပြခဲ့သည်။
    ထို့ပြင် ထိုကဲ့သို့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ကိစ္စရပ်များအား လစ်လျူရှုထားမှုမှာ ဆယ်ဆုနှစ်များစွာ ကြာမြင့်နေပြီး၊ ခရစ်ယာန်ဘာသာရေးဆိုင်ရာ ၀တ်ပြုစည်းဝေးမှု အခွင့်အရေးများအား ချိုးဖောက်မှုများ ရှိနေသည်ဟုလည်းဆိုသည်။
    ထိုအစီရင်ခံစာ၏ နောက်ဆုံးပိုင်းတွင် အစိုးရအနေဖြင့် လွတ်လပ်စွာကိုးကွယ်မှုကို အာမခံပေးရန်၊ ဘာသာတရားအားလုံး အတွက် လွတ်လပ်စွာ စည်းဝေး ၀တ်ပြုခွင့်ပေးရန်နှင့် ယခုလက်ရှိ ရှိနေသော သာသနာရေးဝန်ကြီးဌာနအား လူအများထောက်ခံပြီး ဘာသာရေး ဆိုင်ရာ ခွဲခြားမှုများအား ကိုင်တွယ်ဖြေရှင်းနိုင်သော လွတ်လပ်၍ သမာသမတ်ကျသည့် သာသနာရေး အဖွဲ့နှင့် အစားထိုးရန် စသည်တို့ကို ဆောင်ရွက်ပေးရန်  CHRO က အစိုးရအား တိုက်တွန်းခဲ့သည်။
    CHRO  ထုတ်ပြန်ခဲ့သော အစီရင်ခံစာ PDF ဖိုင် ယူရန်
    Ref: Chinland Guardian
  • မန်ယူ ပင်နယ်တီဖြင့်ရှုံးပြီး၊ မန်စီတီး ဂိုးပြတ်နိုင်က ဗိုလ်လုပွဲတက်တဲ့ လိဂ်ဖလား ဆီမီးပွဲစဉ်များ
    ဇန်နဝါရီ ၂၃၊ ၂၀၁၄
    M-Media
    ပင်နယ်တီကြောင့် ဗိုလ်လုပွဲတက်ရေးအိပ်မက် စွန့်လွှတ်ခဲ့ရတဲ့ မန်ယူ၊ မန်စီတီးဂိုးပြတ်ခဲ့တဲ့ လိဂ်ဖလား ဆီးမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်များ
    _72460375_d0d77d0f-e7de-44d0-a7b7-e3b1c0c1da75
    မန်ယူ ၂-၁ ဆန်းဒါးလန်း (နှစ်ကျော့ပေါင်း ၃ ဂိုးစီသရေ၊ ပင်နယ်တီဖြင့် ဆန်းဒါးလန်းနိုင်)
    အင်္ဂလိပ် လိဂ်ဖလားပြိုင်ပွဲ ဆီးမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွေကို ဒီတစ်ပါတ်ရဲ့ ဗုဒ္ဓဟူးနဲ့ ကြာသာပတေးနေ့တွေမှာကစားခဲ့ကြပါတယ်။ ၀က်စ်ဟမ်းနဲ့ မန်စီးတီး၊ မန်ယူနဲ့ ဆန်းဒါးလန်းတို့ ကစားခဲ့ကြတဲ့ အခုပွဲမှာ မန်စီးတီးနဲ့ ဆန်းဒါးလန်းတို့က နောက်ဆုံးဗိုလ်ပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။
    ပထမအကျော့ အိမ်ကွင်းမှာ ၆ ဂိုးပြတ်နဲ့ ၀က်စ်ဟမ်းကိုအနိုင်ရခဲ့တဲ့ မန်စီးတီးတို့ အခုပွဲမှာလည်း ၃ ဂိုးပြတ်နဲ့ ထပ်မံအနိုင်ရခဲ့ပြီး
    နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။ ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့တဲ့ မန်စီးတီးအတွက် အနိုင်ဂိုးတွေကို နီဂရီဒိုက ၂ ဂိုးနဲ့ ဒဏ်ရာကနေ သက်သာလာပြီး အသင်းမှာ ပြန်လည်ပါဝင်ခဲ့တဲ့ အဂူရိုက ၁ ဂိုးသွင်းပေးခဲ့တာပါ။ ပွဲအပြီးမှာတော့ နည်းပြ ပယ်လီဂရီနီက အသင်းရဲ့ကစားပုံကိုချီးကျူးခဲ့ပြီး၊ တိုက်စစ်မှူး နီဂရီဒို ပခုံးဒဏ်ရာရသွားကြောင်းပြောကြားခဲ့ပါတယ်။
    မိုယက်စ်ရဲ့မန်ယူကတော့ ပထမအကျော့က ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ဆန်းဒါးလန်းအသင်းကို အိုးထရက်ဖို့ဒ်မှာ နောက်ခံလူ အီဗန့်စ်ရဲ့ ၃၇ မိနစ်ဂိုးနဲ့ ပွဲပြီးတဲ့အထိ ဦးဆောင်နေနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၂ ဂိုးစီသရေဖြစ်နေတာမို့ အချိန်ပိုဆက်လက်ကစားခဲ့ရပြီး ၁၁၉ မိနစ်မှာ ဘာ့ဒ်စလေက ဆန်းဒါးလန်းအတွက် ဂိုးသွင်းယူခဲ့တဲ့ပါတယ်။ သို့သော်လည်း အချိန်ပို နောက်ဆုံးမိနစ်မှာ ဟာနန်ဒက်ဇ်က ဧရိယာအတွင်းက အနီးကပ်ကန်သွင်းယူခဲ့ပြီး မန်ယူရဲ့ ဗိုလ်လုပွဲတက်ရေး မျှော်လင့်ချက်ကို ရှင်သန်စေခဲ့ပါတယ်။
    ပွဲအပြီးရလဒ်က ၃ ဂိုးစီသရေဖြစ်နေတဲ့အတွက် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ပြီး ၇ လုံးအထိကန်သွင်းခဲ့ရာမှာ မန်ယူက ဒါဆေးလ်ဗားနဲ့ ရာဖေးလ်တို့ရဲ့ ပင်နယ်တီလွဲချော်ခဲ့ပြီး ဆန်းဒါးလန်းက ၁ လုံးသာ လွဲချော်ခဲ့တဲ့အတွက် ဆန်းဒါးလန်းအသင်းက နောက်ဆုံး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ မိုယက်စ်ကတော့ အသင်းရဲ့ရှုံးနိမ့်မှုမှာ ထိုက်တန်သည်ဟု ပြောကြားခဲ့ပြီး၊ ဆန်းဒါးလန်းအသင်းကိုတော့ ချီးကျူးသွားခဲ့ပါတယ်။
    Photo-BBC