News @ M-Media

Author: M-Media

  • စပါးအသင်းအား ပျက်ရယ်ပြုသည့် စာတန်းကိုင်ဆောင်ခဲ့မှု ကာဇိုလာ ပြန်လည်တောင်းပန်

    ဇန်နဝါရီ ၂၁၊ ၂၀၁၄
    M-Media
    CAZORLA-MAIN-3042045
    – စပါအသင်းအား ပျက်ရယ်ပြုသောသဘောဖြင့် ရေးသားထားသော စာတမ်းတစ်ခုအား ကိုင်ဆောင်ကာ ဓာတ်ပုံရိုက်ခံခဲ့သည့်အတွက် ဆင်နယ်အသင်း၏တိုက်စစ်မှူး ကာဇိုလာက ပြန်လည်တောင်းပန်လိုက်သည်ဟု သိရသည်။

    စပါးအသင်းမှာ အာဆင်နယ်အသင်း၏ ခါးသီးသောပြိုင်ဘက်ဖြစ်ပြီး ကာဇိုလာနှင့် အာဆင်နယ်ကစားသမားဟောင်း ရောဘတ်ပီရက်ဇ်တို့က အမျိုးသမီးပရိတ်သတ် တစ်ဦးနှင့်အတူ စပါးအသင်းအား ပျက်ရယ်ပြုသော စာတန်းကို ကိုင်ဆောင်ကာ ဓာတ်ပုံရိုက်ခံခဲ့ခြင်းဖြစ်သည်။

    “တော့တင်ဟမ်(စပါး)ကို ငါတို့ဘာထင်လဲသိလား။ ဒါ****ပဲ!။ ***** ကိုငါတို့ ဘာထင်လဲသိလား။ တော့တင်ဟမ်!” ဟု ရေးသားထားသော စာတန်းဖြစ်ပြီး ထိုဓာတ်ပုံအား Frech TV တွင် ဖော်ပြခဲ့သည်။ ထို့ပြင် Twitter စာမျက်နှာတွင်လည်း ထိုဓာတ်ပုံမှာ ပေါ်ပြူလာဖြစ်လာခဲ့ကာ ရာပေါင်းများစွာအထိ ထပ်မံမျှဝေခဲ့ကြပြီး ကာဇိုလာကိုလည်း ပြစ်တင်ပြောဆိုမှုများလည်း ရှိခဲ့သည်။

    မာလာဂါအသင်းမှ  အာဆင်နယ်သို့ပြောင်းရွှေ့လာခဲ့သည့် ၂၀၁၂ ခုနှစ်ကတည်းက အင်္ဂလိပ်ဘာသာစကားကို သင်ယူနေသည့် ကာဇိုလာက ၎င်းအနေဖြင့် ထိုစာရွက်တွင် မည်သည့်အကြောင်းအရာ ရေးထားသည်ကို မသိကြောင်း ဖွင့်ဟခဲ့သည်။

    “တော့တင်ဟမ်အသင်း ပရိတ်သတ်တွေကို ကျွန်တော်တို့တောင်းပန်ပါတယ်။ ကျွန်တော်တို့ အဲဒီစာရွက်ကို မကြည့်မိခဲ့ပါဘူး” ဟု ၎င်း၏ Twitter စာမျက်နှာတွင် ကာဇိုလာက တောင်းပန်စကား ရေးသားခဲ့သည်။

    ယခုလအစောပိုင်းက ကစားခဲ့သည့် FA ဖလားပွဲစဉ်တွင်လည်း အာဆင်နယ်အသင်း၏ တိုက်စစ်မှူး သီယိုဝေါလ်ကော့က စပါးအသင်း ပရိတ်သတ်များအား လှောင်ပြောင်သည့် အပြုအမူတစ်ခု ပြုလုပ်ခဲ့သေးသည်။
    Ref: .mirror

  • အနယ်လ်ကာ၏ ဂျူးဆန့်ကျင်ရေး အမူအယာကြောင့် ၀က်စ်ဘရွန်း စပွန်ဆာ ရပ်ဆိုင်းတောမည်

    ဇန်နဝါရီ ၂၁၊ ၂၀၁၄
    M-Media
    354628_heroa
    – ၀က်စ်ဘရွန်းတိုက်စစ်မှူး အနယ်လ်ကာ၏ ဂျူးဆန့်ကျင်ရေး အမူအယာကြောင့် အသင်းအား အဓိက စပွန်စာပေးနေသည့် အိမ်ခြံမြေကုမ္ပဏီ Zoopla က ယခုနှစ်ဘောလုံးရာသီအကုန်တွင် ၎င်းတို့၏ စပွန်စာပေးခြင်းအား ရပ်ဆိုင်းတော့မည်ဟု ကြေညာခဲ့သည်။

    တနင်္လာနေ့ည (ယနေ့နံနက်) ကစားမည့် အဲဗာတန်အသင်းနှင့်ပွဲစဉ်တွင် အနယ်လ်ကာဝတ်ဆင်မည့် အင်္ကျီမှ ၎င်းတို့၏ လိုဂိုတံဆိပ်ကို ဖြုတ်ပစ်ရန် အသင်းအား တောင်းဆိုထားသည့် Zoopla ကုမ္ပဏီမှာ ဂျူးလူမျိုးပိုင် ကုမ္ပဏီတစ်ခုဖြစ်ပြီး ၀က်စ်ဘရွန်းအသင်းနှင့် ၂ နှစ်စပွန်စာ စာချုပ် ချုပ်ဆိုထားသည်။

    ‘quenelle’ ခေါ်သည့် အဆိုပါ ဂျူးဆန့်ကျင်ရေးသင်္ကေတအား ဒီဇင်ဘာ ၂၈ ရက်နေ့က ကစားခဲ့သည့် ၀က်စ်ဟမ်းအသင်းအား အနိုင်ရခဲ့သောပွဲတွင် ဂိုးသွင်းပြီးနောက် အနယ်လ်ကာက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    အနယ်လ်ကာက ထိုအပြုအမူမှာ ၎င်း၏ သူငယ်ချင်း ပြင်သစ်လူရွှင်တော်  Dieudonne M’bala M’bala အား ရည်ညွှန်းကာ ပြုလုပ် ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း ထိုလုပ်ရပ် အတွက် ကမ္ဘာတစ်ဝှမ်းမှ ဝေဖန်မှုများ ပေါ်ထွက်လာခဲ့ပြီး အင်္ဂလိပ်ဘောလုံး အဖွဲ့ချုပ် FA ကလည်း အရေးယူရန် ပြင်ဆင်နေသည်။

  • အီရန်အပေါ်ထားရှိသည့် ပိတ်ဆို့မှု အချို့ အမေရိကန်နှင့် ဥရောပသမဂ္ဂ တို့မှ လျှော့ချ

    ဇန်နဝါရီ ၂၁၊ ၂၀၁၄
    M-Media

    EU and US ease some sanctions against Iran
    – နျူးကလီးယားအစီအစဉ်အား ရပ်တန့်ရန် ကိစ္စကို အီရန်နိုင်ငံ စတင်အကောင်အထည်ဖော်ခဲ့ပြီးနောက် ဥရောပသမဂ္ဂနှင့် အမေရိကန်နိုင်ငံတို့က အီရန်အပေါ်ထားရှိသည့် ပိတ်ဆို့မှုအချို့အား ဖြေလျှော့ပေးခဲ့သည်ဟု သိရသည်။

    ထိုဖြေလျှော့မှုများတွင် ရေနံနှင့် ပတ်သက်သည့် ဓာတုပစ္စည်းများနှင့် အဖိုးတန် ဓာတ်သတ္တုများ ကုန်သွယ်မှု၊ ရေနံပို့ဆောင်ရေးလုပ်ငန်းများအပေါ် အာမခံထားခြင်းများ ဆောင်ရွက်နိုင်မှုတို့ ပါဝင်သည်။

    အီရန်အနေဖြင့် နျူးကလီးယားအစီအစဉ်ရပ်တန့်ရန် ပဏာမ သဘောတူညီချက်အား အကောင်ထည်ဖော်ခဲ့သောကြောင့် အီရန်နိုင်ငံ၏ ရေနံတင်ပို့မှုကဏ္ဍအတွက် ပြုလုပ်ထားသော ပိတ်ဆို့မှုများအား ဖြေလျှော့ပေးရန် လိုအပ်သော လုပ်ငန်းများကို စီမံရေးဌာနမှ လုပ်ဆောင်ပြီးပြီဟု အမေရိကန် ဘဏ္ဍာရေးဌာနမှ ပြောကြားခဲ့သည်။

    ထို့ပြင် ယမန်နေ့က ထုတ်ပြန်ခဲ့သော ဥရောပသမဂ္ဂ၏ ကြေညာချက်တွင်လည်း အီရန်အပေါ်ထားရှိသည့် သောပိတ်ဆို့မှုအချို့အား ဖယ်ရှာခဲ့ပြီး စောင့်ကြည့် ကာလ ၆ လထားရှိမည်ဟု ဖော်ပြထားသည်။

    ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက အီရန်နှင့် အင်အားကြီးနိုင်ငံ ၆ နိုင်ငံတို့၏ နျူးကလီးယား သဘောတူညီချက်အရ နိုင်ငံအလယ်ပိုင်းရှိ နျူးကလီးယား သန့်စင်မှုလုပ်ငန်းအား အီရန်နိုင်ငံမှ ယမန်နေ့ အစောပိုင်းတွင် ရပ်တန့်ခဲ့ပြီး၊ နိုင်ငံတကာ နျူးကလီးယားအေဂျင်စီ IAEA ကလည်း ထိုကဲ့သို့ ရပ်တန့်ခဲ့မှုအား အတည်ပြုခဲ့သည်။
    Ref: aljazeera.

  • ဗီယက်နမ်တွင် မူးယစ်မှောင်ခိုလုပ်သူ ၃၀ ဦးအား သေဒဏ်ချမှတ်

    ဇန်နဝါရီ ၂၁၊ ၂၀၁၄
    M-Media
    article-2542645-1AD2FA5A00000578-735_634x384
    – နိုင်ငံ၏ အကြီးဆုံး မူးယစ်နှိမ်နှင်းရေး ဆောင်ရွက်ချက်အဖြစ် မူးယစ်မှောင်ခိုလုပ်သူ ၃၀ ဦးအား ဗီယက်နမ်နိုင်ငံတွင် ယမန်နေ့က သေဒဏ်ချမှတ်ခဲ့သည်ဟု သိရသည်။

    Quang Ninh ပြည်နယ် ပြည်သူ့တရားရုံးက မူးယစ်ဂိုဏ်း ၄ ခုမှ မူးယစ်မှောင်ခိုပြုလုပ်သူ ၈၉ ဦးအား ယမန်နေ့က ပြစ်ဒဏ် ချမှတ်ခဲ့ရာတွင် လူ ၃၀ဦးမှာသေဒဏ်၊ ၁၃ ဦးမှာ တစ်သက်တစ်ကျွန်းနှင့် အခြား ၄၆ ဦးမှာ ထောင်ဒဏ် ၁၃ နှစ်မှ နှစ် ၂၀ အထိ ချမှတ်ခဲ့ခြင်းဖြစ်သည်။

    တရားခံများမှာ ဟီရိုးအင်း၊ မီသမ်ဖက်တမင်း အခဲနှင့် ဆေးပြားတို့ကို ဗီယက်နမ်နိုင်ငံမှ တရုတ်နှင့် လာအိုနိုင်ငံများသို့ မှောင်ခိုတင်ပို့မှုကြောင့် ဖမ်းဆီးခံခဲ့ရသည်ဟု နိုင်ငံပိုင်သတင်းအေဂျင်စီ VNA က ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    ဗီယက်နိုင်ငံ၏ ဥပဒေအရ ဟီရိုးအင်း ၆၀၀ ဂရမ်နှင့်အထက်၊ မီသမ်ဖက်တမင်း ၂.၅ ကီလိုဂရမ်နှင့်အထက် ပမာဏများအား မှောင်ခိုကုန်ကူးခြင်း၊ အနည်းဆုံး ဟီရိုအင်း ၁၀၀ ဂရမ်နှင့် တားမြစ်ထားသော မူးယစ်ဆေးဝါး ၃၀၀ ဂမ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းတို့အတွက် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ချမှတ်နိုင်သည်။

    Ref: ဆင်ဟွာ

  • အတွေ့အကြုံဖလှယ်ရန် သြစတေးလျ စစ်သင်္ဘော တစ်စီး မြန်မာနိုင်ငံသို့ ရောက်ရှိ

    ဇန်နဝါရီ ၂၁၊ ၂၀၁၄
    M-Media

    images_cms-image-000001708
    – နှစ်နိုင်ငံ ရေတပ်များ၏ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန်နှင့် အတွေ့အကြုံများဖလှယ်ရန်အတွက် သြစတေးလျ စစ်သင်္ဘော တစ်စီးမှာ သန်လျင်မြို့ရှိ သီလ၀ါဆိပ်ကမ်းသို့ ယမန်နေ့က ဆိုက်ရောက်လာသည်ဟု နိုင်ငံပိုင် မီဒီယာများက ယနေ့တွင် ဖော်ပြခဲ့သည်။

    HMAS Childers ဟု အမည်ရသည့် ထိုသင်္ဘောတွင် အမှုထမ်း ၂၄ ဦးပါဝင်ပြီး မြန်မာနိုင်ငံတွင် လေးရပ်ကြာ ရပ်နားမည်ဖြစ်ကာ မြန်မာရေတပ်မှ တာဝန်ရှိသူများနှင့် ဆွေးနွေးမှုများ၊ အတွေ့အကြုံ ဖလှယ်မှုများပြုလုပ် သွားမည်ဖြစ်သည်။

    ထိုကဲ့သို့ လာရောက်မှုမှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း သြစတေးလျ စစ်သင်္ဘော ပထမဆုံးလာရောက်မှုဖြစ်ပြီး ပြီးခဲ့သည့်နှစ် စက်တင်ဘာလကလည်း ဂျပန်စစ်သင်္ဘောတစ်စီး မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။

    အဆိုပါ သြစတေးလျ စစ်သင်္ဘောမှာ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ဘင်္ဂလား ပင်လယ်အော်တွင်ပြုလုပ်မည့် ရေတပ်စစ်ရေးလေ့ကျင့်မှုတွင် ပူးပေါင်းပါဝင်ရန် အိန္ဒိယနိုင်ငံသို့ ဆက်လက်သွားရောက်မည်ဟု သိရသည်။ ထိုစစ်သင်္ဘောမှာ သြစတေးလျနိုင်ငံမြောက်ပိုင်း ရေပိုင်နက်တွင် ကင်းလှည့်ခြင်း၊ လူကုန်ကူးမှုများကို တားဆီးခြင်း စသည့်လုပ်ငန်းများကို လုပ်ဆောင်နေသည့် သင်္ဘောလည်းဖြစ်သည်။

    ဓါတ်ပုံအညွှန်း- နှစ်နိုင်ငံ ရေတပ်အရာရှိများ တွေ့ဆုံ နှုတ်ဆက်နေကြစဉ်

    Ref: ဆင်ဟွာ
    Photo- Australian Navy