News @ M-Media

Author: M-Media

  • ဒီဇင်ဘာ ၂၈ အားကစား သတင်း

    ဒီဇင်ဘာ ၂၈၊ ၂၀၁၃
    M-Media

    – ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် လီဗာပူးလ် အသင်းသည်သာ စိန်ခေါ်သူအစစ်အမှန်ဖြစ်သည်ဟု ချယ်ဆီးအသင်း၏ နည်းပြဖြစ်သူ မော်ရင်ဟိုက ပြောကြား လိုက်သည်။ ယခုလက်ရှိတွင်အဆင့် ၄ နေရာတွင်ရှိနေသည့် လီဗာပူးလ်အသင်းမှာ အင်္ဂလန် ပထမတန်းအား ပရီးမီးယားလိဂ်အဖြစ် အသွင်ပြောင်းပြီး ကတည်းက ပရီးမီးယားလိဂ်တွင် ဗိုလ်စွဲခဲ့ဖူးခြင်း မရှိသေးချေ။ သို့သော်လည်း မိမိအနေဖြင့် ယခုကဲ့သို့ပြောဆိုခြင်းမှာ  တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်၏ စွမ်းဆောင်ရည်များကို ကြည့်၍ ပြောကြားခြင်း မဟုတ်ဟု မော်ရင်ဟိုက ထည့်သွင်းပြောကြားခဲ့သည်။
    Arsenal-v-Chelsea-Jose-Mourinho_3056633
    ……………………………..

    – ကမ္ဘာ့အဆင့် အဆင့် ၆ ရှိနေသည့် ဆွစ်ဇာလန် နာမည်ကြီး တင်းနစ် ကစားသမား ရော်ဂျာ ဖက်ဒါရာက ၎င်း၏ နည်းပြသစ်ဖြစ် Grand Slam ဆုဖလားအား ၆ ကြိမ်ရရှိဖူးသည့် ဆွီဒင် တင်းနစ်ကစားသမားဟောင်း အတီဖင် အဒ်ဘာ့ဂ်အား ခန့်အပ်လိုက်ပြီဟု ကြေညာခဲ့သည်။

    အနည်းဆုံး ၁၀ ပတ်လက်တွဲမည်ဖြစ်ပြီး လာမည့် သြစတေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ဖက်ဒါရာမှာ နည်းပြသစ်နှင့် ပထမဆုံး ကစားရမည်ဖြစ်သည်။
    ………………………………

    – ထိပ်ဆုံးမှဦးဆောင်နေသည့် ဂျူဗင်တပ်စ်အသင်းနှင့် ၁၀ မှတ်ကွာဟနေသော်လည်း မိမိအသင်းမှာ စီးရီးအေ ချန်ပီယံပြေးလမ်းကြောင်းပေါ်တွင်ရှိနေပြီး ဂျူဗင်တပ်စ်နှင့် ရိုးမားအသင်းတို့အား စိန်ခေါ်နိုင်သည်ဟု နာပိုလီအသင်း၏နည်းပြ ဘင်နီတက်ဇ်က ပြောကြားလိုက်သည်။ ယခုနှစ်တွင် ခြေစွမ်းကောင်းများပြသနေသည့် နာပိုလီအသင်းမှာ ယခုလက်ရှိတွင် အဆင့် ၃ နေရာတွင်ရှိနေသည်။
    …………………………….

    – မိမိအား ပွဲထွက်ဂိုးသမားအဖြစ် စဉ်းစားပေးသည့် ကလပ်အသင်းတွင် ကစားချင်သည်ဟု ရီးယဲလ်မက်ဒရစ်အသင်း၏ ဂိုးသမားဖြစ်သူ အီကာ ကာဆီးလက်က ပြောကြားလိုက်သည်။ ယခုအချိန်တွင် ဂိုးသမား ဒီယေဂိုလိုပက်ဇ်၏နောက် ဒုတိယနေရာတွင်ရှိနေသည့် ကာဆီးလက်မှ ထိုကဲ့သို့ ပြောကြားခြင်းမှာ ရီးယဲလ်မှ ထွက်ခွာတော့မည်ဟု အရိပ်အမြွက်အဖြစ် ပြောကြားလိုက်ခြင်းလည်းဖြစ်သည်။

  • မြန်မာ့ အရှိတရားအပေါ် တရုတ်ပြည်၏ ဆက်ဆံရေး

    ဒီဇင်ဘာ ၂၈၊ ၂၀၁၃
    M-Media
    ဘာသာပြန်ဆိုသူ- သြရသရေချမ်း

    image
    မြန်မာပြည်သည် ဒီမိုကရေစီစံနစ်သစ်တစ်ရပ်ဖြင့် စမ်းသပ်ကာလသို့ ဖြတ်သန်းနေခြင်းနှင့်အညီ တစ်ချိန်က ကြီးစိုးမင်းမူခဲ့သည့် စစ်အစိုးရ၏ လမ်းကြောင်းအား ဖယ်ထုတ်သည့် နိုင်ငံရေး တွန်းအားသစ် များစွာလည်း ထွက်ပေါ်လာကြ၏။ များမြောင်ထွေပြားလွန်းသော လူနည်းစု တိုင်းရင်းသားအုပ်စုများ သာမက အဓိက အင်အားစုကြီး လေးမျိုးသည်လည်း တိုင်းပြည်၏ နိုင်ငံတကာ ဆက်ဆံရေးအပေါ် အဓိပ္ပာယ်သစ်ဖြင့် ဖွင့်ဆိုပေတော့မည်။ အထူးသဖြင့် အိမ်နီးချင်း တရုတ်ပြည်နှင့် ပတ်သက်နေ၏။

    ဖြစ်တည်လာသော နိုင်ငံရေး ဗဟိုချက်များ၌ သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ၊ လွှတ်တော်ကို ဦးစီးပဲ့ကိုင်နေသည့် ဦးရွှေမန်း၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အာဏာစက်အောက်မှ စစ်တပ် နှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီမိုကရေစီ အတိုက်အခံအင်အားစုတို့ ပါဝင်နေကြသည်။

    အထက်ဖော်ပြပါ အုပ်စုလေးမျိုးကို တရုတ်ပြည်က သီးခြားကွဲပြားသော ဆက်ဆံရေး ထားရှိသည်။ အုပ်စုတစ်ခုချင်းစီအပေါ် ထားရှိသော တရုတ်ပြည်၏ မူဝါဒများကို ကြည့်၍ ဘေဂျင်း၏ ပြည်ပသဘောထား ဗျူဟာသော့ချက် နှင့် အတွင်းပိုင်း တွက်ချက်မှုအား နားလည်နိုင်မည် ဖြစ်သည်။

    အစိုးရအာဏာပိုင်အဆင့် ပုံမှန် ဆက်ဆံရေး အနေအထားတွင် တရုတ်နှင့်မြန်မာတို့သည် ၄င်းတို့၏ အတိတ်ပြဿနာ အများအပြားနှင့်ပတ်သက်လျှင် ပန်းခင်းလမ်း အသွင်ဆောင်နေ၏။ ထိုပြဿနာများမှာ ၂၀၁၁ ခုနှစ်တွင် အနောက်နိုင်ငံများနှင့် နွေးထွေးသော သံတမန် ဆက်ဆံရေးဖော်ဆောင်ရာမှ ရှေ့သို့ တိုးထွက် လာတော့သည်။ ၂၀၁၃ ခုနှစ်အစောပိုင်းကာလ ကချင်သူပုန်အရေး၌  ကြားဝင် စွက်ဖက်မှုပြီးသည့်နောက် ယခုအခါ နယ်စပ်တည်ငြိမ်ရေးကို အားလုံးနီးပါး ပြန်လည်ထိန်းသိမ်းနိုင်ခဲ့သည်။ တဆက်တည်းမှာပင် လက်ပံတောင်းကြေးနီသတ္ထု တူးဖော်ရေးအပေါ် ပြည်တွင်း ဆန့်ကျင်မှုနှင့်ပတ်သက်၍ ပြန်လည်စတင်ရန် ဦးသိန်းစိန်အစိုးရမှ သဘောတူလိုက်သည်။ အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံတန်ဖိုးရှိပြီး ဆိုင်းငံ့ထားရသော မြစ်ဆုံဆည်စီမံကိန်းကိစ္စအဖြေထုတ်ရေးမှာမူ စေ့စပ်ညှိနှိုင်းနေဆဲဖြစ်၏။

    ဧပြီလတွင် နှစ်စဉ်ကျင်းပသော တရုတ်ပြည်၏ Boao Forum သို့ ဦးသိန်းစိန် သွားရောက်ကာ တရုတ်ခေါင်းဆောင်သစ် Xi Jinping နှင့် တွေ့ဆုံခဲ့သည်။ အောက်တိုဘာလ အရှေ့အာရှ ထိပ်သီးညီလာခံ ကာလအတွင်း တရုတ်ဝန်ကြီးချုပ် Li Keqiang နှင့်လည်း တွေ့ခဲ့သည်။ အများမြင်ကွင်းဝယ် နှစ်ဖက် ဆက်ဆံရေးမှာ မယိုင်လဲသည့်နှယ်ရှိနေ၏။ နှစ်ဦးနှစ်ဖက်မှ နိုင်ငံပိုင် နှင့် အခိုင်အမာ မီဒီယာများကလည်း သမိုင်းဝင်ရင်းနှီးမှု အပေါ် မပြတ်တမ်း အလွန်အကျွံ အမွှမ်းတင်နေမြဲဖြစ်၏။ (ယခုအခါ အထိန်းအချုပ်မဲ့ မြန်မာ ပုဂ္ဂလိကမီဒီယာတို့မှ နှစ်ဖက်ဆက်ဆံရေးအပေါ် ပိုမိုဝေဖန်နိုင်ခွင့် ရရှိနေပြီဖြစ်သည်)။

    သို့တစေ ယင်းရုပ်လုံးဖော်ချက်များ၌ အေးတိအေးစက်ဖြစ်နေသော အရှိတရားကို နှစ်ဖက်လုံးမှ ဖုံးကွယ်ထားကြ၏။ တရုတ်ခေါင်းဆောင်တို့သည် ၄င်းတို့၏ကိုယ်ပိုင်အနုစိပ် စီမံကိန်းများမှ မြန်မာပြည်အား ဖယ်ထုတ်လိုက်ပြီဖြစ်ကြောင်း အထူး ပေါ်လွင်လာပေသည်။ သာဓကတစ်ရပ်မှာ ၂၀၁၂ ခုနှစ် တရုတ်သမ္မတသစ်တက်လာပြီးနောက်ပိုင်း Politburo Standing Committee (PBSC)၏အဖွဲ့ဝင် မည်သူတစ်ဦးမျှ မြန်မာနိုင်ငံသို့ လာရောက်ခြင်း မရှိတော့ချေ။

    ဤကာလအတွင်း အာဆီယံ အဖွဲ့ဝင်နိုင်ငံများအနက် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း နှင့် ဗီယက်နမ် ငါးနိုင်ငံသို့ တရုတ် သမ္မတနှင့်ဝန်ကြီးချုပ်တို့မှ တသွင်သွင် သွားရောက်ခဲ့သည့်အပြင်၊ PBSC ကော်မတီဝင် Liu Yunshan နှင့် Zhang Gaoli တို့ကလည်း ကမ္ဘောဒီးယား နှင့် စင်္ကာပူသို့ အလည်အပတ်သွားရောက်ခဲ့သည်။ တရုတ်နိုင်ငံခြားရေး ၀န်ကြီး ၀မ်ရီလည်း ရာထူးလက်ခံခဲ့သော မတ်လကတည်းက မြန်မာနှင့်ဖိလစ်ပိုင်ကို ရှောင်ဖယ်၍  အခြားသောအာဆီယံအဖွဲ့ဝင် ရှစ်နိုင်ငံအသီးသီးသို့ ခရီးစဉ် ခြောက်ကြိမ် ထွက်ခဲ့သည်။

    စီးပွားရေး မျက်နှာစာတွင်လည်း ဆက်ဆံရေးမှာ အေးစက်စက်ဖြစ်လာသည်။ ၂၀၁၁ ဘဏ္ဍာရေးနှစ်နှင့်နှိုင်းယှဉ်ပါက ၂၀၁၂ ခုနှစ် ကာလတူအတွင်း တရုတ်၏ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုသည် ၉၀ ရာခိုင်နှုန်းကျော်(အမေရိကန်ဒေါ်လာ ၄၀၇ သန်းနီးပါး) အထိ ထိုးကျသွားခဲ့သည်။ တရုတ်နိုင်ငံပိုင် လုပ်ငန်းစုကြီး အနေနှင့် မြန်မာနိုင်ငံအတွင်း အစဉ်တစိုက် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ခဲ့သော်လည်း ထိုထိုသော တရုတ်စီမံကိန်းဆိုင်းငံ့ခံရမှု နှင့် မရေရာသည့် မူဝါဒများက ကနဦးပိုင်းရှိ စိတ်အား ထက်သန်မှုကို လျော့ပါးချည့်နဲ့သွားစေသည်။ မြန်မာပြည်၌ တရုတ် ရင်းနှီးမြှုပ်နှံမှုများမှာ နှေးကွေး လာပြီး အခြားအရှေ့တောင်အာရှနိုင်ငံများအတွင်း အရှိန်အဟုန်မြင့်မားလာသည်ကို တွေ့ရ၏။

    ဦးသိန်းစိန်အစိုးရနှင့် ၄င်းတို့၏အချို့ မူဝါဒများအပေါ် ဘေဂျင်းမှ ထင်ထင်ရှားရှား စိတ်ပျက်နေသည့်တိုင် အာဏာရကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ အပေါ်မှာတော့ အဆိုးမြ င်သဘောထား ထွက်မလာခဲ့ချေ။ အကြောင်းမှာ တရုတ်၏ တလုံးတခဲ ရင်းနှီးမြှုပ်နှံမှုကိုပြိုလဲစေသော မူဝါဒအပြောင်းအလဲနှင့်ပတ်သက်၍ USDP ထက် ဦးသိန်းစိန်က ပိုမို တာဝန်ရှိကြောင်း ဘေဂျင်းမှ ယုံကြည်၍ဖြစ်သည်။

    USDP သည် တရုတ်၏နွေးထွေးသော နိုင်ငံရေးလက်တွဲဖော်အဖြစ် ဆက်လက် တည်ရှိလိမ့်မည်ဟု မျှော်လင့်ထားပြီး၊ လက်ရှိ USDP ဥက္ကဌ နှင့် အောက် လွှတ်တော်ပြောဆိုခွင့်ရ ပုဂ္ဂိုလ် ဦးရွှေမန်း၏ ရည်မှန်းချက်နှင့်နိုင်ငံရေးအင်အားအပေါ် မသိမသာ အမွှမ်းတင်နေပေသည်။ သူသည် ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတရာထူး ရရှိနိုင်ခြေ အများဆုံးသူအဖြစ် တရုတ်လေ့လာသူများက ကိုယ်ပိုင်အမြင်ဖြင့် ယုံကြည်ထားကြ၏။ အချုပ်အားဖြင့် သူနှင့် အနီးကပ် ဆက်ဆံရေး ထူထောင်ရန် နှင့် USDP စွမ်းရည်တိုးမြှင့်မှု ကဏ္ဍ၌ ပါဝင်ကူညီရန် ဘေဂျင်းမှ စိတ်အား ထက်သန်လျက်ရှိနေသည်ဟု ဆိုရပေမည်။

    အတိုက်အခံတို့အပေါ် ကွင်းဆင်းမှု

    နိုင်ငံရေးခေါင်းစဉ်အောက်တွင် တရုတ်သည် မြန်မာနိုင်ငံ၏ အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း အကောင်းဆုံး ဆက်ဆံရေး ထူထောင်နိုင်အောင် စီစဉ်နေကြသည်။ ယင်းအုပ်စုများ၏ နိုင်ငံရေးသြဇာမှာ ပြည်တွင်းပြည်ပ မူဝါဒများ အပေါ် သက်ရောက်မြင့်မားလာ၍ဖြစ်၏။

    ၂၀၁၁ ခုနှစ်နှောင်းပိုင်းမှစ၍ တရုတ်ပြည်မှ အတိုက်အခံ ဒီမိုကရေစီ အင်အားစုအပေါ် ငြိမ်းချမ်းရေး သပြေခက် ဆန့်တန်းပြီး ဖြစ်သည်။

    ဘန်ကောက်မှ သံအမတ်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုများကို မကြုံစဖူး ဆက်တိုက် ကျင်းပဆောင်ရွက်သကဲ့သို့ တရုတ်အာဏာပိုင်၊ ပညာရှင်နှင့် ကုမ္ပဏီတို့သည်လည်း နိုင်ငံရေး အတိုက်အခံများနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများအပေါ် ထိစပ်ချိတ်ဆက်မှုများ ရှိလာကြသည်။ သံတမန် ဆက်ဆံရေးကွင်းဆင်းမှု အစိတ်အပိုင်းတစ်ရပ်အနေဖြင့် NLD ကိုယ်စားလှယ်များအပါအ၀င် မြန်မာဂျာနယ်လစ်များ၊ အရပ်ဖက် လူ့အဖွဲ့အစည်းနှင့်နိုင်ငံရေး ပါတီခေါင်းဆောင်များကို ဒါဇင်နှင့်ချီ၍ တရုတ်ပြည်သို့ အလည်အပတ် ဖိတ်ကြားခဲ့ပေ၏။

    ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ပြည်သို့ တရားဝင် အလည်အပတ်ဖိတ်ကြားရန်မှာကား တရုတ်ပြည်မူဝါဒ ဖန်တီးရှင်များအဖို့ ဝေခွဲမရ စိတ်စနိုးစနောင့် ဖြစ်လျက် ရှိနေသေး၏။ ဒေါ်စုကြည်သည် ကမ္ဘာ့ဒီမိုအိုင်ကွန်တစ်ဦးဖြစ်သည်နှင့်အညီ တရုတ်ပြည်၏ သြဇာလွှမ်းမိုး ချုပ်ကိုင်နိုင်ရေး အပေါ် လက်မခံသူလည်း ဖြစ်နေသည်။  နိုဗယ်လ်ငြိမ်းချမ်းရေး ဆုရှင်များဖြစ်ကြသည့် သူမ၏ ဘ၀တူမိတ်ဆွေ ဒလိုင်းလားမား နှင့် Liu Xiaobo တို့ကိုလည်း တရုတ်ပြည်၌ နိုင်ငံ့ ရန်သူများ အဖြစ် သတ်မှတ်ထားကြ၏။ ဒေါ်စုကြည်၏အလည်အပတ်ခရီးစဉ်က တရုတ်ပြည်အတွင်း နိုင်ငံရေး မတည်ငြိမ်မှု နှင့် လူမှုအပြောင်းအလဲ ဖြစ်ပေါ်လာနိုင်သော အနေအထားပင်ရှိသည်ဟု မူဝါဒ ဖန်တီးရှင်အချို့မှ ယုံကြည်ထားကြသည်။

    ဒေါ်စုကြည်သည် ဒီမို အိုင်ကွန်အဖြစ်မှ ပင်တိုင်အမာခံနိုင်ငံရေးသမား အဖြစ် ရုပ်လုံးပေါ်လွင်လာသည်နှင့်အမျှ ထိုစိုးရိမ်သောကများ တရွေ့ရွေ့ ပြယ်လွင့်လျော့ပါး စပြုလာပြီဖြစ်သည်။ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုဖြစ်သော အငြင်းပွားဖွယ်ရာ လက်ပံတောင်းကြေးနီ တူးဖော်ရေးစီမံကိန်း ကိစ္စကို ထောက်ခံအားပေးရန် ဆုံးဖြတ်ချက်၊ ဗုဒ္ဓဘာသာဝင်တို့၏ လူမျိုးရေးတိုက်ခိုက်မှု ပစ်မှတ်ဖြစ်နေသော လူနည်းစုဝင် ရိုဟင်ဂျာ မွတ်စ်လင်မ် ကိစ္စဆိုင်ရာ ထိလွယ် ရှလွယ်နိုင်ငံရေးပြဿနာ အပေါ် ဝေဖန်ခြင်းမှ ရှောင်ကွင်းမှု အပါအ၀င် အရေးအရာများ၌ ဒေါ်စုကြည်သည် လက်တွေ့ စည်းမျဉ်းများထက် နိုင်ငံရေး လိုအပ်ချက်ကို အခြေတည် ဆုံးဖြတ်နိုင်သူဟု တရုတ်မှ ရှုမြင်လာကြသည်။

    ဒေါ်စုကြည်မှ တရုတ်နှင့်ခိုင်မာသော ဆက်ဆံရေး ဆက်လက်ထားရှိရန် ပွင့်လင်းမြင်သာစွာ ရည်ရွယ်လိုက်ခြင်းက သူမ၏ နိုင်ငံတကာ တန်းဝင်ပေါက်ရောက်မှုနှင့် စပ်လျဉ်း၍ ဘေဂျင်း၏စိုးရိမ်သောကကို လျှော့ချပေးရာရောက်ခဲ့သည်။ ယခုသော် ဒေါ်စုကြည်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတနေရာရရေး အတွက် တရုတ်၏ အားပေးထောက်ခံမှုရရန် ကြိုးပမ်းနေသည်ဟု တရုတ်သုတေသီများစွာမှ သုံးသပ်လျက် ရှိနေသည်။ အဘယ်ကြောင့်ဟူမူ လက်ရှိ အခြေခံဥပဒေအရ သူမအဖို့ ထိုအနေအထားသို့ရောက်ရန် ဟန့်တားမှုရှိနေ၍ဖြစ်ပေသည်။ ၂၀၁၄ ခုနှစ်တွင် တရားဝင်နိုင်ငံရေး အတိုက်အခံသမားအနေနှင့် သူမအား ဘေဂျင်းမှ တရားဝ င်ဖိတ်ခေါ်လာလိမ့်မည်ဟု အချို့ တရုတ်သုတေသီများက ခန့်မှန်း ယုံကြည်ထားကြပြန်သည်။

    မြန်မာနိုင်ငံ၏နိုင်ငံရေး အနေအထားသစ်အတွင်း နေရာရရေးအတွက် နိုင်ငံရေး အင်အားစုအားလုံးက အကြိတ်အနယ် တိုးဝှေ့နေကြသည်။ ၄င်းတို့အကြား တရုတ်ပြည်နှင့် ပလဲနံပ အသင့်ဆုံးမှာ စစ်တပ်ဖြစ်၏။ ဤသည်မှာ ယခင် စစ်အစိုးရဟောင်းနှင့်တရုတ်တို့၏ အထူးကျွမ်းဝင်ခြင်း၊ ၂၀၁၁ ခုနှစ်မတိုင်မီ လက်နက်ဖြင့်သြဇာ လွှမ်းမိုးခဲ့ကြသော နှစ်ဖက်ဗိုလ်ချုပ်များ၏ ပုဂ္ဂိုလ်ရေးနှောင်ကြိုးခိုင်မာခြင်းတို့၏ အမွေခံ အစိတ်အပိုင်း တစ်ရပ် ဖြစ်သည်။ ၄င်းအထူးနှောင်ကြိုးများက တူညီသောနိုင်ငံရေး ကစားကွက်များ၊ စီးပွားရေးဆိုင်ရာ ဘုံအကျိုးအမြတ်များကြောင့် ပိုမိုခိုင်မာ အားကောင်းရလေသည်။

    ဘေဂျင်း၏ရှုထောင့်တွင် စစ်တပ် အချင်းချင်းနှောင်ကြိုးများ၌ ပြဿနာအနည်းငယ် ရှိနေသည်။ အာဏာပိုင်များ အဆင့်၌ နိုင်ငံရေးနှင့်စီးပွားရေး ဆက်ဆံမှုများ အေးတိအေးစက်ဖြစ်နေသည့်တိုင် အဆင့်မြင့် စစ်တပ်အရာရှိများ၏ ဖလှယ်မှုနှင့်တွေ့ဆုံ အလည်အပတ်ခရီးစဉ်များမှာ အားကောင်းနေဆဲပင်။ သာဓကအားဖြင့် ဇန္န၀ါရီလက တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၏ဒုတိယအကြီးအကဲ Qi Jianguo သည် မြန်မာနိုင်ငံမှ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းတို့သည် တရုတ်-မြန်မာလုံခြုံရေးဆိုင်ရာ မဟာဗျူဟာနှီးနှောမှုအတွက် အတူစားပွဲ ၀ိုင်းထိုင်ခဲ့ကြသည်။

    တရုတ်စစ်တပ်၏ ထိပ်တန်းကဏ္ဍ တစ်ခုဖြစ်သော ဗဟို စစ်ရေးကော်မရှင်၏ ဒုဥက္ကဌ Fan Changlong သည် မြန်မာနိုင်ငံသို့ ဇူလိုင်လက လာရောက်ခဲ့သည်။ ဤတွေ့ဆုံမှုများမှသည် မြန်မာစစ်ဦးစီးချုပ် မင်းအောင်လှိုင် အနေနှင့် အောက်တိုဘာလ၌ တရုတ် ထိပ်ပိုင်းခေါင်းဆောင်များနှင့်တွေ့ဆုံမည့် ခရီးစဉ်အား သဘောတူမှုရရှိခဲ့၏။ မြန်မာနိုင်ငံမှ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးသည် တရုတ်နှင့်လက်နက် အရောင်းအ၀ယ်၊ စစ်ရေးလေ့ကျင်မှုနှင့် အကူအညီတို့အပေါ် အကျိုးသက်ရောက်မှု မရှိပါချေ။

    မြန်မာပြည်တွင်းရှိ အဓိကနိုင်ငံရေး အင်အားစုအသီးသီးထံ တရုတ်၏ တမူထူးခြား ချဉ်းကပ်မှုနှင့် မူဝါဒများက မြန်မာနိုင်ငံ၏ မဟာဗျူဟာနှင့် သံတူကြောင်းကွဲသံတမန်အနေအထားအပေါ် နောကြေနေခြင်းကို ညွှန်ပြနေပေသည်။ ရှုပ်ထွေးမှုနှင့် မရောရာမှုများအား ၂ နှစ်တာကျော်ဖြတ်ပြီးနောက်ဝယ် တရုတ်နိုင်ငံသည် မြန်မာ့နိုင်ငံရေး သရုပ်သကန်၏ အရှိတရားကို ပါးနပ်စွာ ဆုပ်ကိုင်မိသွားပြီ ဖြစ်ပါတော့သည်။

    xxxxxxxxxxxxxxxxxxxxx

    ကမ္ဘာတစ်ဝှန်းငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာအန္တရာယ်များကို အကျိုးအမြတ်ပဓာနမထား အစွဲကင်းစွာ လေ့လာနေသည့် Stimson Center မှ အရှေ့အာရှ ပရိုဂရမ်အဖွဲ့ဝင် Yun Sun ၏ “China adapts to new Myanmar reality” ဝေဖန်ရေးဆောင်းပါးကို “သြရသ ရေချမ်း” မှ ဆီလျော်အောင် မြန်မာပြန်ဆိုပါသည်။

    —————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများ၊ ဘာသာပြန် များကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။

    M-Media ၏ ခွင့်ပြုချက်မရှိဘဲ စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် ထည့်သွင်းဖော်ပြခြင်းများ လုံးဝ ခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]

  • ဇန်န၀ါရီလ ၄ ရက်နေ့ မှစပြီး ဖိလစ်ပိုင် နိုင်ငံသားများ မြန်မာသို့ ဗီဇာမယူဘဲ ဝင်နိုင်ပြီ

    ဒီဇင်ဘာ ၂၈၊ ၂၀၁၃
    M-Media

    YangonAirport_029
    – ဖိလစ်ပိုင်နိုင်ငံသားများမှာ လာမည့်နှစ် ဇန်န၀ါရီလ ၄ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံသို့ ဗီလာမလိုဘဲဝင်ရောက်သွားလာခွင့်ရရှိနိုင်မည်ဟု ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။ ထို့ကြောင့် သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် ဖိလစ်ပိုင်နိုင်ငံသားများမှာ မြန်မာနိုင်ငံတွင် ဗီဇာမလိုဘဲ ၁၄ ရက်နေထိုင်နိုင်မည်ဖြစ်သည်။

    နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်အား မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန် ဒီဇင်ဘာ ၅ ရက်နေ့က ဖိလစ်နိုင်ငံသို့ သွားရောက်လည်ပတ်စဉ်အတွင်း သဘောတူညီခဲ့ခြင်းဖြစ်ပြီး၊ ထိုကဲ့သို့ သဘောတူညီခြင်းက နှစ်နိုင်ငံ ခရီးသွားလာရေးလုပ်ငန်းနှင့် ရင်နှီးမြှုပ်နှံမှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရန်အတွက် မျှော်လင့်နိုင်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    Ref: Rappler

    ဓါတ်ပုံအညွှန်း- ရန်ကုန်လေဆိပ်ရှိ ဆိုက်ရောက် ခရီးသည်များအား လူဝင်မှုကြီးကြပ်ရေး(လဝက) မှ စစ်ဆေးရာနေရာ
    photo courtesy: maftravelgraphy

  • မွတ်စလင်များ ကူညီမှုဖြင့် ပိတ်ရမည့် အခြေအနေမှ လွတ်မြောက်သွားသည့် ဘရက်ဖိုဒ့် ဂျူးဘုရားကျောင်း

    ဒီဇင်ဘာ ၂၇ ၊ ၂၀၁၃
    M-Media

    မြို့ခံမွတ်စ်လင်တို့မှ ကူညီကြောင့် ပိတ်သိမ်းရတော့မည့် အခြေအနေမှ လွတ်ကင်းသွားသည့် ဘရက်ဖို့ဒ် ဂျူးသာသနိက အဆောက်အဦး
    တစ်နှစ်ခန့်ရပ်ဆိုင်းခဲ့ရသော ဘရက်ဖို့ဒ်ရှိ ဂျူးဘာသာရေးကျောင်းမှာ ဘာသာယဉ်ကျေးမှု အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှုအားဖြင့် ယခုသော် မျှော်လင့်ချက်ရောင်ခြည် ပြန်လည်သန်းလာပြီဖြစ်သည်။

    Bradford Synagogue
    (ဓာတ်ပုံ) ဘရက်ဖို့ဒ်ဂျူးဘာသာရေးကျောင်းဂန်အတွင်း ဘရက်ဖို့ဒ်ဗလီဝတ်ကျောင်းများကောင်စီအတွင်းရေးမှူး Zulfi Karim နှင့် ဂျူးဘုန်းတော်ကြီး Rudi Leavor တို့အား အတူတွေ့ရစဉ်။

    ယမန်နှစ် လက်ရှိအချိန်တုန်းက ဘရက်ဖို့ဒ်တွင် နောက်ဆုံးကျန်ရစ်နေသည့် ဂျူးဘုရားကျောင်း၏ဂေါပကအဖွဲ့သည် အကျဉ်းအကြပ်နှင့် ရင်ဆိုင်ခဲ့ရ၏။ အေဒီ ၇ မှ ၁၃ ရာစုအတွင်း ဒုတိယဆင့်လက်ရာဖြင့် တည်ဆောက်ထားသော ယင်းအဆောက်အဦ၌ ခေါင်မိုးများ ယိုယွင်းနေသည်။ တိုရာဟ်ကျမ်းဂန်များ သိမ်းဆည်ရာ အရှေ့ဖက်နံရံသည် ဆိုးရွားစွာ ပျက်စီးနေသည်။ ယင်းတို့ကိုပြုပြင်ရန် ၀တ်ကျောင်းအသင်းဝင် ၄၅ ဦး၏ နှစ်စဉ်သွင်းဒါနငွေဖြင့်လည်း မလုံလောက်နိုင်။

    အသက် ၈၇ နှစ်အရွယ် ဂျူးဘုရားကျောင်း၏အကြီးအမှူး Rudi Leavor သည် သက်တမ်း ၁၃၂ နှစ်ရှိ အဆောက်အဦအား ရောင်းချကာ ၁၀ မိုင်ခန့်ဝေးကွာသည့်နေရာသို့ သွားရောက် စုရုံးဝတ်ပြုကြစေရန် မျှော်လင့်ချက် ကင်းမဲ့စွာ အဆိုပြုခဲ့လေသည်။

    ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် မြို့တော်၏တစ်ခုတည်းသော ရှေးရိုးစွဲ ဂျူးဘုရားကျောင်းကို ပိတ်လိုက်ရမည့် အနေအထားသို့ ရောက်ရှိသွား၏။ ၄င်း၌ Minyan မည်သောအရွယ်ရောက်သူ ဂျူးအမျိုးသား ၁၀ ဦးလိုအပ်သည့် မလုပ်မနေရ ဘာသာရေး အခမ်းအနားအတွက် အမျိုးသား ၁၀ ဦးကို ပုံမှန်ရရှိအောင်ပင် မစုရုံးနိုင်ခဲ့ပေ။

    ၂၀၁၁ ခုနှစ် လူဦးရေစစ်တမ်းအရ မြို့လူဦးရေ ၁၂၉၀၄၁ အနက် ဂျူးလူမျိုး ၂၉၉ ဦးသာရှိနေသည်။ သို့သော် ဂျူးဘုရားကျောင်းမှာ မပိတ်လိုက်ရသည့်အပြင် ဘရက်ဖို့ဒ်ဂျူးဘုရားကျောင်းပြန်လည်မွမ်းမံရေး အနာဂတ်မှာ မြို့ခံ မွတ်စ်လင်မ်လူ့အဖွဲ့အစည်း၏ ကြားဝင်မှုကြောင့် ပိုမိုတောက်ပလာတော့သည်။

    အနီးအနားရှိ ဗလီဝတ်ကျောင်းတော်၏ အတွင်းရေးမှူးနှင့်အတူ နာမည်ကြီးဟင်လျာ အရောင်းဆိုင်နှင့်ချည်မျှင်အထည် စက်ရုံပိုင်ရှင်တို့မှ ရံပုံငွေ ထူထောင်ရေးအတွက် ကြိုးပမ်းသည်၌ ဂျူးဘုရားကျောင်း၏အနာဂတ် လုံခြုံသွားခဲ့၏။ ၄င်းအပြင် ဘရက်ဖို့ဒ်မြို့ရှိ အစ္စလာမ်နှင့်ဂျူး ဘာသာဝင်များအကြား ချစ်ကြည်ရင်းနှီးမှု အားကောင်းသွားစေသည်။ ဘရက်ဖို့ဒ်ရှိ သြဇာရှိမွတ်စ်လင်မ်အချို့က Leavor နှင့် ဂျူးတို့ကို လုံလောက်အောင်ကူညီမည်ဟု ဆိုပြီးနောက် ဂျူးဘုရားကျောင်း၏ ဘဏ်စာရင်းအတွင်း ခရစ်စမတ်အမှီ ပထမအသုတ် အနေဖြင့် ပေါင်စတာလင် ၁၀၃၀၀၀ ၀င်ရောက်လာတော့မည်ဖြစ်သည်။

    တမဟုတ်ချင်းတိုးတက်လာသော ဤဆက်ဆံရေးမျိုး ဖြစ်လာနိုင်ချေမရှိဟု အများက ထင်မှတ်ခဲ့ကြသည်။ လွှတ်တော်အမတ်တစ်ဦးဖြစ်သူ David Ward က ဂျူးတို့အား စက်ဆုပ်စရာကောင်းသူများ၊ အစ္စရေးအား သွေးခွဲအုပ်ချုပ်သည့် နိုင်ငံအဖြစ် ရှုတ်ချခဲ့စဉ်က သူ၏မွတ်စ်လင်မ် မိတ်ဆွေအများအပြား၏ လူသိရှင်ကြား ထောက်ခံအားပေးမှုကို ရရှိခဲ့သည်။ အနောက်ပိုင်း ဘရက်ဖို့ဒ်၏ ဂုဏ်ထူးဆောင်လွှတ်တော်အမတ် နှင့် အစ္စရေးဆန့်ကျင်ရေးသမား George Galloway သည်လည်း ဂါဇာသို့ ကူညီကယ်ဆယ်ရေးကိစ္စများအတွက် စည်းရုံးထားသူ၊ ထို့ပြင် ယခုနစ်အစောပိုင်း အော့စ်ဖို့ဒ်တက္ကသိုလ်မှ အစ္စရေးကျောင်းသားနှင့်စကားရည်လုပွဲကို ငြင်းဆန်လိုက်သဖြင့် သူ့မဲဆန္ဒရှင်အမြောက်အများတို့၏ ချီးမွှမ်းမှုကို ခံရသူဖြစ်၏။

    ၁၉၃၇ ခုနှစ်တွင် ဘာလင်မှ ဒုက္ခသည်အဖြစ်ပြောင်းရွှေ့လာသည့် Leavor က ယင်းကဲ့သို့ ဘာသာယဉ်ကျေးမှုအပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်းကို လှိုက်လှဲစွာ ကြိုဆိုလိုက်သည်။ ဤအပတ် ဘရက်ဖို့ဒ် ဗလီဝတ်ကျောင်းများကောင်စီအတွင်းရေးမှူး Zulfi Karim နှင့်အတူပူးတွဲအင်တာဗျူး၌ သူက
    “ အိပ်မက်မက်နေသလိုပါပဲဗျာ ” ဟု ဆိုခဲ့သလို Karim ကလည်း “ ရူဒီဟာ ကျွန်တော့်ရဲ့ ညီနောင်သစ်တစ်ဦးပါ ” ဟု ပြောပါသည်။ Karim သည် ယင်းဂျူးဘုရားကျောင်းလမ်းမှအထက်သို့သွားလျှင် မီတာတစ်ရာကျော်၌တည်ရှိနေသော Central Westgate ဗလီဝတ်ကျောင်းတော်၏ ဘုတ်အဖွဲ့ဝင်ဖြစ်သည်။ “ ကျွန်တော်တို့က မိမိနယ်သားတွေအပေါ် ကူညီကာကွယ်ပေးလိုက်နိုင်တယ်၊ တစ်ချိန်တည်းမှာပဲ ဘရက်ဖို့ဒ်ရဲ့ ယဉ်ကျေးမှုအမွေအနှစ်အစိတ်အပိုင်းတစ်ရပ်ကိုလည်း ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်တဲ့အတွက် ကျွန်တော့်အဖို့ ဂုဏ်ယူစရာပါ ” ဟု သူက ဆို၏။
    Bradford synagogue
    အနီးအနားရှိ ဗလီဝတ်ကျောင်းတော်၏ အတွင်းရေးမှူးမှ ဦးဆောင်၍ံရံပုံငွေထူထောင်ရေးအတွက် ကြိုးပမ်းသည်၌ အနာဂတ် လုံခြုံသွားခဲ့သော ဂျူးဘုရားကျောင်း (ဓာတ်ပုံအညွှန်း)

    ယခုသော် ယင်းပုဂ္ဂိုလ်နှစ်ဦး၏ ရင်းနှီးချစ်ခင်မှုမှာ ပြောစရာမလိုလောက်အောင်ပင်။ Leavor မှ အားလပ်ရပ်ခရီးထွက်လေတိုင်း ဘုရားကျောင်း၏သော့များသာမက အချက်ပေးကုဒ်များကိုပင် Karim အား ပေးထားခဲ့လေ့ရှိ၏။ သူတို့မျှော်လင့်ထားသော ရေရှည်တည်တံမည့်အစဉ်အလာကောင်းတစ်ရပ်ကိုလည်း သူတို့မှ စတင်လျှောက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။ oneg shabbat ဟုခေါ်သော သောကြာညဥ့်စာစားပွဲသို့ ဂျူးလူ့အဖွဲ့အစည်းမှ ဒေသခံ မွတ်စ်လင်မ်တို့အား ဖိတ်ကြားသလို အပြန်အလှန်အားဖြင့် မွတ်စ်လင်မ်တို့ကလည်း ရမဿွန်လ၀ါဖြေပွဲသို့ ဂျူးအသိုင်းအ၀ိုင်းကိုလည်းကောင်း၊ ကောက်ရိတ်သိမ်းပွဲတော်ကာလအတွင်း ခရစ်ယာန်တို့ကိုလည်းကောင်း ဖိတ်ကြားကြ၏။ ဂျူးများအတွက် Karim က ဟလာလ်သိုးသားများဖြင့် စီစဉ်ပေးခဲ့သည်။

    ဒီဇင်ဘာလဆန်းတွင် ဂျူးဘာသာရေးကျောင်း၌ ရှစ်ရက်တာကျင်းပသော ဂျူးဘာသာရေးအခမ်းအနားသို့ Karim နှင့် မွတ်စ်လင်မ်တို့ တက်ရောက်ခဲ့ကြသည်။ ထိုအချိန်ကျမှ ဂျူးဘုရားကျောင်း တည်ရှိမှုပုံဟန်ကို Karim မှ သိမြင်ခဲ့ကြသည်။ “ ဂျူးအသိုင်းအ၀ိုင်းဟာ သိုသိပ်ကျစ်လစ်စွာ နေခဲ့ကြတယ် ” ဟု သူကပြောပြ၏။ ၂၀၀၁ ခုနှစ် မြို့ထဲတွင် ဖြစ်ပွားခဲ့သော လူမျိုးရေးအဓိကရုဏ်းကတည်းကစပြီး အဆောက်အဦအား ထင်ရှားသည့်အမှတ်အသားမျိုး မပေါ်လွင်စေခဲ့တော့ချေ။ “ ပြဿနာရဲ့အရင်းအမြစ်ဟာ ကျွန်တော်တို့ ဖြစ်သွားမှာကို မလိုလားဘူးလေ။ ဒါကြောင့် ဆယ်နှစ်ကျော်ကြာသည့်တိုင်အောင် ဆိုင်းဘုတ်ကို ဖြုတ်ချထားခဲ့ကြပါတယ် ” ဟု Leavor က ဆိုသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က သံပုရာခွံဦးထုပ်ငယ်ဆောင်းထားသည့်အမျိုးသားတစ်ဦးသည် ဂျူးဘုရားကျောင်းမှအထွက် ကားတစ်စီးနှင့်ဖြတ်သန်းသွားသော ပါကစ္စတန်အမျိုးသားနှစ်ဦးမှ တံတွေးထွေးစော်ကားသည့်အဖြစ်မျိုးရှိခဲ့ကြောင်း သူမှ ပြောပြပါသည်။

    တိုက်ဆိုင်မှုကြောင့် မွတ်စ်လင်မ်တို့မှ စတင်ကူညီပေးနိုင်ခဲ့ကြောင်း Leavor က ရှင်းပြသည်။ ဂျူးဘုရားကျောင်းနှင့် မဆိုစလောက်သာကွာဝေးသော ဘရက်ဖို့ဒ်ရှိနာမည်ကြီးစားသောက်ဆိုင် Sweet Centre ၏ပိုင်ရှင်ဖြစ်သူ Zulficar Ali က သူ့အား ချဉ်းကပ်ခဲ့သည်။ ယင်းဧရိယာအတွင်း နောက်ထပ်ဟင်းလျာဆိုင်တစ်ခု လာရောက်ဖွင့်လှစ်ရန် ခွင့်ပြုရေးအစီအစဉ်အား ကူညီကန့်ကွက်ပေးရန် Ali မှ Leavor ကို အကူအညီတောင်းသည်။ Leavor လည်း သဘောတူကာ နှစ်ဦးသားပူးပေါင်းကန့်ကွက်နိုင်ခဲ့ကြသည်။ ထို့နောက်ဝယ် Ali သည် ထိုက်တန်သူကိုချီးမြှင့်ဂုဏ်ပြုလေ့ရှိသည့် လူမှုအဖွဲ့အစည်း Carlisle Business Centre နှင့် Leavor အား မိတ်ဆက်ပေးသည်။ ၄င်းတို့မှ ယိုယွင်းနေသည့် ဘုရားကျောင်းအမိုးများကို အရေးပေါ်ပြင်ဆင်နိုင်ရန် ပေါင်စတာလင်ရာပေါင်းများစွာ ပေးအပ်ခဲ့သည့်အပြင် ဒေသခံ လုပ်ငန်းရှင် Khalid Pervais ကလည်း ပေါင်စတာလင် ၁၄၀၀ ကို ထပ်မံလှူဒါန်းခဲ့၏။

    ယင်းဘုရားကျောင်းကို ၁၈၈၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သူ ဂျူးဘုန်းတော်ကြီး Joseph Strauss ၏အဆက်အနွယ်များမှ ဦးစီးလုပ်ကိုင်လာသည့် စက်ရုံရှိကြောင်း၊ မိမိ၏ဖခင်မှာ၁၉၆၀ ခုနှစ်များအတွင်း ပါကစ္စတန်မှပြောင်းရွှေ့အခြေချလာပြီးနောက် ထိုစက်ရုံ၌ အလုပ်ဝင်ရောက်ခဲ့ကြောင်းကို Karim မှ သိရှိသွားခဲ့၏။

    သို့ဖြင့် Bradford Council မှ ချပေးသည့် ပေါင်စတာလင် ၂၅၀၀ နှင့်တစ်ကွ အဖက်ဖက်မှ မထင်မှတ်သည့်ရံပုံငွေများ ဒလဟော ၀င်ရောက်လာပါတော့သည်။ ထိုအခါ ဘုရားကျောင်း ပြန်လည်မွမ်းမံရေး စတင်နိုင်ခဲ့သည်။ ရောက်ခဲလှသည့် ယင်းနေရာအား တိုးမြင့်ပြင်ဆင်လျက် ကျောင်းသားအုပ်စုများ၏လေ့လာရေးအတွက် တစ်ပတ်လုံးလုံး တံခါးဖွင့်ပေးထားမည် ဖြစ်သည်။ ၄င်းခြေလှမ်းသည် သဟဇာတ တည်ဆောက်ရေးကို အထောက်အကူပြုလိမ့်မည်ဟု Karim မှ ယုံကြည်ထားသည်။

    “ အစ္စလာမ့်ခေါင်းစဉ်အောက်ကနေ Lee Rigby ကို သတ်ဖြတ် လိုက်သူများအပေါ် ကြည့်လိုက်ပါ။ ဒီလူငယ်တွေကို ဒီလောက်အထိ အစွန်းရောက်အောင်၊ ဒီလောက်အထိ အမျက်ထွက်လာအောင်၊ ဒီလောက်အထိ ခါးသည်းခွဲခြားစေအောင် ဘယ်အရာက ဖန်းတီးလိုက်ပါလိမ့် ဆိုတဲ့ မေးခွန်းထွက်လာပါလိမ့်မယ်။ အတူတစ်ကွ ဆုံစည်းစားသောက်ခြင်းဖြင့်ဖြစ်စေ၊ ဂျူးဘုရားကျောင်း သို့မဟုတ် ၀တ်ပြုကျောင်းဂန်တွေ သွားရောက် လည်ပတ်ခြင်းဖြင့်ဖြစ်စေ ဘာသာတရားဆိုင်ရာ အပြန်အလှန်နှီးနှော ဖလှယ်မှုလုပ်သွားခြင်းသည်သာလျှင် တစ်ခုတည်းသောဖြေဆေး ဖြစ်မယ်လို့ ကျွန်တော့်အနေနဲ့ နက်နက်ရှိုင်းရှိုင်း အရှိအတိုင်းကို ခံစားယုံကြည်ပါတယ် ”။

    Ref: The Guardian

  • 27 SEA Games မီးရှူးတိုင် သယ်ဆောင်ခွင့်ရခဲ့သူ ၁၉၆၉ ကျွန်းဆွယ် လက်ဝှေ့ချန်ပီယံ ဦးသိန်းလွင်

    ဒီဇင်ဘာ ၂၇-၂၀၁၃
    M-Media
    သီရိ

     

    8
    ရန်ကုန်။           ။ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအထိမ်းအမှတ် မီးရှူးတိုင်သယ်ဆောင်သည့် အခမ်အနားတွင်  နိုင်ငံ အတွက် အာရှနှင့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များ ဆွတ်ခူးပေးခဲ့သော မြန်မာမွတ်စလင် အားကစားသမားများ ဖြစ်ကြသည့် ဒေါ်ဘေဘီ (ဘော်လီဘော)၊ ဦးအေးလွင်(ဘောလီဘော)၊ ဦးဝင်းမောင်(လက်ဝှေ့)၊ ဦးမောင်လှ(ပြေးခုန်ပစ်)၊ ဦးသိန်းလွင်(လက်ဝှေ့) တို့ ပါဝင်သယ်ဆောင်ခွင့်ရခဲ့ရရှိခဲ့ပါသည်။ အဆိုပါ (၅) ဦး အနက်မှာ နိုင်ငံတကာ ပြိုင်ပွဲများ တွင် လက်ဝှေ့အားကစားနည်းဖြင့် တိုင်းပြည်အတွက် ဆုတံဆိပ်များ ရရှိအောင် စွမ်းဆောင်ပေးခဲ့သူ လက်ဝှေ့ ချန်ပီယံဟောင်း ဦးသိန်းလွင်ကို M-Media မှ တွေ့ဆုံမေးမြန်းခွင့် ရရှိခဲ့ပါသည်။

    အဖ ဦးမောင်အေး၊ အမိ ဒေါ်အေးခင် တို့မှ ၂၂ ရက် မေလ ၁၉၄၄ ခုနှစ်တွင် ဟသာင်္တခရိုင် ထူးကြီး တွင် မွေးဖွားခဲ့သည်။ မွေးချင်းလေးယောက်အနက် အကြီးဆုံးဖြစ်သည်။ ၁၉၆၇ ခုနှစ်တွင် ဒေါ်စန်းအေးနှင့် အိမ်ထောင်ကျကာ သားနှစ်ယောက် သမီးနှစ်ယောက် ထွန်းကားခဲ့သည်။

    M-Media ။          ။ အန်ကယ်သူငယ်တန်းမှစပြီးဘယ်လိုပညာကိုသင်ကြားခဲ့ပါသလဲ။
    ဖြေ။           ။ အန်ကယ် သူငယ်တန်းကနေစပြီး ၁၀ တန်းအောင်တဲ့အထိ Burmar Muslim (ယခု အ.ထ.က ၅ မင်္ဂလာတောင်ညွန့်) မှာ သင်ကြားခဲ့တယ်။

    M-Media ။         ။ ၁၀ တန်းအောင်တော့ရော ဘယ်လိုကျောင်းတွေဆက်တက်ခဲ့ပါသလဲ။
    ဖြေ။          ။ ၁၀ တန်းအောင်စာရင်းထွက်ပြီးကတည်းက အားကစားပဲလုပ်ခဲ့တာ၊ ကျောင်းဆက်တက်ဖို့ စိတ်လဲ မ၀င်စားတော့ဘူး စိတ်လဲမပါဘူး အဲတော့ဆက်မတက်ဖြစ်ခဲ့ပါဘူး။

    M-Media ။         ။ အန်ကယ် ဘောက်စင်ထိုးတာကို ဘယ်အချိန်ကတည်းကစိတ်ဝင်စားခဲ့တာပါလဲ။
    ဖြေ။           ။ ကလေးဘ၀ကတည်းကပေါ့ ကျောင်းသားဘ၀ ၆ တန်းလောက်ကတည်းက အရမ်း စိတ်ဝင်စားခဲ့တာ တခြား အားကစားနည်းတွေ စိတ်မ၀င်စားဘူး ဘောက်စင်ပဲစိတ်ဝင်စားတယ်။

    M-Media ။          ။ ဘယ်အချိန်မှာ စ ကစားဖြစ်ခဲ့တာပါလဲ၊ အန်ကယ်ကစားခဲ့တဲ့ပွဲတွေမှာရော ဘယ်လိုအောင်မြင်မှုမျိုးတွေ ရခဲ့ပါသလဲ။
    ဖြေ။            ။ စ ကစားဖြစ်ခဲ့တာတော့ ၁၉၆၁ ခုနှစ်မှာ ၇ တန်းကျောင်းသားဘ၀မှာပေါ့ စခဲ့တယ်။ ၇ တန်းမှာ  ကျောင်းပွဲမှာစကစားခဲ့တယ်၊ ၈တန်းရောက်တော့ ကျောင်းကချန်ပီယံ ဖြစ်လာတယ်။ နောက်တော့ ၁၉၆၃ခုနှစ်မှာ ရှမ်းပြည်နယ်မှာ သွားရောက်ယှဉ်ပြိုင်ခဲ့တော့ ရှမ်းပြည်နယ်ရဲ့ ချန်ပီယံဖြစ်ခဲ့တယ်။ ၁၉၆၄ မှာ မြန်မာပြည်မှာအားကစားပေါင်းစုံ တိုင်းနှင့်ပြည်နယ်ပွဲကို ပထမဆုံးကျင်းပခဲ့တယ်၊ အဲဒီပွဲမှာ အန်ကယ် ၀င်ပြိုင်ခဲ့တာ ရွှေတံဆိပ်ဆုပေါ့ ချန်ပီယံဖြစ်ခဲ့တယ်။ ၁၉၆၄ မှာပဲ မြန်မာနှင့် ယိုးဒယားချစ်ကြည်ရေးပွဲမှာ ရွှေထပ်ခဲ့ရတယ်။ ၁၉၆၆ မှာ အမျိုးသား တံခွန်စိုက်ပွဲမှာ ယှဉ်ပြိုင်ခဲ့တာ ငွေတံဆိပ်ဆု ရခဲ့တယ်။ ၁၉၆၈ မှာ ရရှား-မြန်မာ ချစ်ကြည်ရေးပွဲမှာ ငွေရခဲ့တယ်။ ၁၉၆၉ မှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အရှေ့တောင်အာရှ ကျွန်းဆွယ်နိုင်ငံ SEAP GAME  ပြိုင်ပွဲမှာ ရွှေရခဲ့တယ်။ အဲဒီနောက်တော့ အန်ကယ် ကစားတာ နားလိုက်တော့တယ်။

    M-Media ။        ။ အန်ကယ်ဘယ်အချိန်မှာ နားခဲ့တာလဲ၊ ဘာကြောင့်နားခဲ့တာလဲ။
    ဖြေ။          ။ ၁၉၇၁ ခုနှစ် အသက် ၂၄ နှစ်မှာပဲနားခဲ့တယ်၊ အိမ်ကမိဘကလည်း ဘောက်စင်ထိုးနေတာကို သိပ်သဘောမကျဘူး တခြားစီးပွားရေးပဲ လုပ်ရမယ်ဆိုလို့ စောစောပဲနားလိုက်တာပါ။

    M-Media ။          ။ အန်ကယ်အနားယူပြီးတဲ့အချိန်ကစပြီး ဘာတွေလုပ်ခဲ့ပါလဲ။
    ဖြေ။           ။ အားကစားလောကကအနားယူပြီးချင်း ကုန်သွယ်ရေးမှာ လုပ်ခဲ့တယ်၊ နောက်တော့ မြို့နယ်အားကစားအရာရှိ လုပ်ခဲ့တယ်၊ နှစ်နှစ်လောက် လုပ်ပြီးတော့ သဘောင်္လိုက်ခဲ့တယ်။ ၁၉၉၆ ကစပြီးတော့ ဘာမှမလုပ်တော့ဘူး။

    M-Media ။           ။ အန်ကယ် SEA GAME အတွက် နေပြည်တော်မှာ ဘယ်လို မီးရူးတိုင်ကို ကိုင်ဆောင်ခွင့်ရခဲ့ပါသလဲ။
    ဖြေ။           ။ သတင်းစာထဲမှာ ကြေငြာပါလာတာတွေ့တော့ လျှောက်လိုက်တယ်၊ နောက်တော့ နေပြည်တော်ကိုခေါ်ပြီး ရွှေရထားတဲ့ အားကစားသမားဟောင်းတွေကို ဂုဏ်ပြုတယ်၊  အဲဒီရောက်မှ မီးရူးတိုင်ကိုနေပြည်တော်ကို လာရောက်ကိုင်ပေးပါလို့ ပြောတော့ ကိုင်ဖြစ်သွားတာပါ။

    M-Media – အခုလို ဖြေကြားပေးတဲ့ အန်ကယ်ကို ကျေးဇူးအများကြီးတင်ပါတယ်။

    —————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများ၊ ဘာသာပြန် များကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။

    M-Media ၏ ခွင့်ပြုချက်မရှိဘဲ စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် ထည့်သွင်းဖော်ပြခြင်းများ လုံးဝ ခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]