News @ M-Media
Author: M-Media
  • ဒီဇင်ဘာ ၂၇ အားကစားသတင်း
    ဒီဇင်ဘာ ၂၇၊ ၂၀၁၃
    M-Media
    article-2529367-1A4B66FE00000578-325_634x465
    မိမိ၏ တိုက်စစ်မှူးများက မိမိအား အခက်တွေ့စေသည်ဟု ချယ်ဆီးအသင်း၏ နည်းပြဖြစ်သူ မော်ရင်ဟိုက ပြောဆိုလိုက်သည်။
    ချယ်ဆီးအသင်းမှာ ယမန်နေ့က ကစားခဲ့သည့် ဆွမ်ဆီးအသင်းနှင့် ပွဲစဉ်တွင် ခြေအသာဖြင့် ကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်များစွာ ရရှိခဲ့သော်လည်း တိုက်စစ်မှူးများက ဂိုးရအောင် သွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ၊ အလယ်တန်းကစားသမား အေဒင် ဟာဇာဒ်၏ သွင်းဂိုး တစ်ဂိုးတည်းဖြင့်သာ အနိုင်ရရှိခဲ့သည်။
    ထိုပွဲတွင် တိုက်စစ်မှူး အီတူးမှာ ပွဲအစကတည်းက ပါဝင်ခဲ့ပြီးနောက် ဖာနန်ဒိုတောရက်စ်မှာ နောက်ပိုင်းတွင် လူစားဝင်လာခဲ့သည်။ မိမိနေဖြင့် ပွဲတိုင်းတွင် ရင်မောရကြောင်း၊ ယခုပွဲတွင်လည် ပထမပိုင်းအပြီးတွင် မိမိတို့အနေဖြင့် သက်တောင့်သက်သာ စိတ်အေးရမည့်အခြေအနေ ရှိသင့်ခဲ့သော်လည်း ထိုကဲ့သို့ ဖြစ်မလာ ခဲ့ကြောင်း မော်ရင်ဟိုက ပွဲအပြီးတွင်ပြောကြားခဲ့သည်။
    ……………………………..
    – အနီးကပ်ပြိုင်ဘက် မန်စီးတီးအသင်းအား ရှုံးနိမ့်ခဲ့ပြီးနောက် လီဗာပူးလ်အသင်း၏ နည်းပြဖြစ်သူ ဘရန်ဒန်ရော်ဂျာက ထိုပွဲတွင် တာဝန်ယူခဲ့သော ဒိုင်လူကြီးများအား ပြစ်တင်ပြောဆိုလိုက်သည်။ ထိုပွဲတွင် စတာလင်သွင်းသည့် ဂိုးတစ်ဂိုးအား လူကျွံဘောဟု စည်းကြပ်ဒိုင်က အလံထောင်ခဲ့မှုနှင့် တိုက်စစ်မှူး ဆွာရက်ဇ်အား မန်စီးတီးနောက်ခံလူ လက်စကော့က အင်္ကျီဆွဲခဲ့သော်လည်း ပင်နယ်တီမပေးခဲ့မှုတို့ကို ရည်ညွှန်း၍ ပြောဆိုခဲ့ခြင်းဖြစ်ပြီး မိမိ၏ ကစားသမားများမှာ အလွန်ကောင်းမွန်ခဲ့သော်လည်း ဒိုင်လူကြီးများ၏ ဖေးမမှုကို မရခဲ့ကြောင်း ရော်ဂျာက ထပ်လောင်းပြောကြားခဲ့သည်။
    …………………………………
    – မိမိ၏အသင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့အတွက် စိန်ခေါ်နိုင်သေးသည်ဟု ယုံကြည်ကြောင်း ဟားလ်စီးတီးအသင်းအား ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲအပြီးတွင် မန်ယူအသင်း၏ နည်းပြ ဒေးဗစ်မိုယက်စ်က ပြောကြားလိုက်သည်။ ထိုပွဲတွင် ဟားလ်စီးတီအသင်းမှာ ပထမပိုင်း ၁၅ မိနစ်အတွင်းမှာပင် ၂ ဂိုးအသာဖြင့်ဦးဆောင်နိုင်ခဲ့သော်လည်း မန်ယူအသင်းက ချေပဂိုးများကို ပြန်လည်သွင်းယူခဲ့ပြီး အနိုင်ရရှိအောင်ကစားနိုင်ခဲ့သည်။
    …………………………………
    – ဒဏ်ရာမှ ပြန်လည်သက်သာလာပြီးနောက် ကစားခဲ့သည့်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း မိမိ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုအား ကျေနပ်မိသည်ဟုဗြိတိန် နာမည်ကျော် တင်းနစ်သမား အန်ဒီမာရေးက ပြောကြားခဲ့သည်။ အသက် ၂၆ နှစ်အရွယ်ရှိပြီး ကမ္ဘာ့အဆင့် ၄ ရှိသည့် အန်ဒီမာရေးမှာ နောက်ကျော ဒဏ်ရာ ခွဲစိတ်ရမှုကြောင့် သီတင်းပတ် ၁၅ ပတ်ခန့် အနားယူခဲ့ရပြီး ယခုတစ်ပါတ် Mubadala World Tennis Championships တင်းနစ်ပြိုင်ပွဲမတိုင်မီ ဆွန်ဂါနှင့်ကစားခဲ့သော သရုပ်ပြတွင် ပြန်လည်ကစားခဲ့ပြီး ရှုံးနိမ့်ခဲ့ရသည်။
    …………………………………
    အာဆင်နယ်၊ ချယ်ဆီး၊ မန်ယူတို့ အနိုင်ရခဲ့ပြီး ထိပ်ဆုံးမှ လီဗာပူးလ် ရှုံးနိမ့်ခဲ့ရသည့် ပရီးမီးယားလိဂ် Boxing Day ပွဲစဉ်များ
    620-mci-liv-1314-negredo-action
    ပရီးမီးယားလိဂ် ပွဲစဉ် ၁၈ ၏ ပွဲများကို ယမန်နေ့က ကစားခဲ့ရာ အာဆင်နယ်၊ ချယ်ဆီး၊ မန်ယူ၊ နယူးကာဆယ်တို့အနိုင်ရခဲ့ပြီး၊ အဲဗာတန်နှင့် လီဗာပူးလ်တို့ ရှုံးနိမ့်ခဲ့ကာ တော့တင်ဟမ်အသင်းမှာ သရေကျခဲ့သည်။
    မန်စီးတီး ၂-၁ လီဗာပူးလ်
    ပွဲစဉ် ၁၈ ၏ Match of the week ဖြစ်သည့် ယခုပွဲစဉ်တွင် အိမ်ရှင်မန်စီးတီး အသင်းမှာ ခြေစွမ်းထက်နေသည့် လီဗာပူးလ်အသင်းအား အနိုင်ကစားခဲ့ကာ အိမ်ကွင်းရာနှုန်းပြည့်နိုင်ပွဲရရှိသည့် စံချိန်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့သည်။
    မန်စီးတီးအသင်းတွင် အသင်းခေါင်းဆောင် ကန်ပနီ၊ ဇာဘလက်တာ၊ ယာယာတိုးယေး၊ နာဆရီ၊ ဆေးလ်ဗားတို့လူစုံပါဝင်ခဲ့ကြပြီး နီဂရီဒိုအား အထောင်တိုက်စစ်မှူးအဖြစ်အသုံးပြုခဲ့သည်။ လီဗာပူးလ်အသင်းတွင်လည်း ဒဏ်ရာရနေသည့် ဂျရတ်မှလွဲ၍ လူစုံပါဝင်ခဲ့သည်။
    ပွဲအစမှာပင် အိမ်ရှင်မန်စီးတီးတို့ ဖိကစားခဲ့ပြီး လီဗာပူးလ်ဂိုးပေါက်အား ခြိမ်းခြောက်နိုင်ခဲ့သည်။ သို့သော်လည်း ဦးဆောင်ဂိုးကို လီဗာပူးလ်က စတင်ရရှိခဲ့ပြီး ၂၄ မိနစ်တွင် စတာလင်၏ ပေးပို့မှုမှ ကော်တင်ဟိုက သွင်းယူပေးခဲ့သည်။ လီဗာပူးလ်အသင်း၏ ဦဆောင်ဂိုးမှာ ၇ မိနစ်သာကြာ ခဲ့ပြီး ၃၁ မိနစ်တွင် ကန်ပနီက ဖြတ်တင်ဘောအား ခါင်းတိုက်၍ ချေပဂိုး သွင်းယူပေးခဲ့သည်။ ပထမပိုင်း နာကျင်အချိန်ပိုတွင် အိမ်ရှင်တို့ အနိုင်ဂိုးရခဲ့ပြီး တိုက်စစ်မှူး နီဂရီဒိုက ဧရိယာအပြင်ဘက်မှ ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် နှစ်သင်းစလုံး ဂိုးသွင်းခွင့် အနည်းငယ်ရခဲ့သော်လည်း အသုံးမချနိုင်ခဲ့ပေ။ ယခုပွဲအနိုင်ကြောင့် မန်စီးတီးအသင်းမှာ ဒုတိယနေရာသို့ ရောက်ရှိခဲ့ပြီး လီဗာပူးလ်အသင်းမှာ အဆင့်လေးသို့ ကျဆင်းခဲ့ရသည်
    ……………………………….
    ဟားလ်စီးတီး ၂-၃ မန်ယူ
    နောက်ဆုံးလေးပွဲတွင် နိုင်ပွဲမရှိသေးသည့် အိမ်ရှင်ဟားလ်စီးတီးအသင်းမှာ ယခုပွဲတွင် ဦးဆောင်ဂိုးများ စတင်ရရှိခဲ့သော်လည်း မထိန်းနိုင်သောကြောင့် အမှတ်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။ ဗန်ပါစီမပါနိုင်သည့် မန်ယူတိုက်စစ်တွင် ၀ဲလ်ဘတ်ကို အထောင်ထားကာ ရူနီက နောက်ချန် တိုက်စစ်မှူးနေရာမှ ကစားခဲ့သည်။ ပွဲအစ ၄ မိနစ်မှာပင် အိမ်ရှင်တို့ အဖွင့်ဂိုးရခဲ့ပြီး ဂျိမ်းချက်စတာက အနီးကပ် ကန်သွင်းပေးခဲ့ခြင်းဖြစ်သည်။ ၁၃ မိနစ်တွင် ဒေးဗစ် မေလာက ဟားလ်စီးတီအသင်းအတွက် ဒုတိယဂိုးကို ထပ်မံသွင်းယူပေးခဲ့သည်။ ၁၈ မိနစ်တွင် မန်ယူအသင်း၏ လူငယ်ကစာ သမား ဂျာနူဇေး ဒဏ်ရာရရှိသွားသောကြောင့် ရာဖေးနှင့် လူစားလဲခဲ့ရပြီး ၁၉ မိနစ်တွင် မန်ယူတို့ ချေပဂိုးရရှိခဲ့သည်။ ရူနီ၏ ဖြတ်တင်ဘောမှ တစ်ဆင့် နောက်ခံလူ ခရစ် စမောလင်းက ခေါင်းတိုက် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    ထို့နောက် မန်ယူအသင်းက ဖိကစားနိုင်ခဲ့ပြီး ၂၅ မိနစ်တွင် မန်ယူတို့ ဒုတိယချေပဂိုးရရှိခဲ့ပြီး ရူနီက ဧရိယာအပြင်ဘက်မှ ကန်သွင်းပြီး ရယူခဲ့ခြင်းသည်။ နောက်ပိုင်းတွင် မန်ယူအသင်းကသာ ပွဲကို စိုးမိုးခဲ့ပြီး ဂိုးကန်သွင်းခွင့်များ ရရှိခဲ့သော်လည်း ဒုတိယပိုင်း ၆၆ မိနစ် ဂျိမ်း ချက်စတာ၏ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့မှုကြောင့် အဖိုးတန် အနိုင်သုံးမှတ် ရရှိခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်းမှာ ယခုပွဲအနိုင်ကြောင့် အဆင့် ၇ သို့ တက်လာခဲ့သည်။
    ………………………
    မန်စီးတီးအား အရှက်တကွဲရှုံးနိမ့်ခဲ့ပြီး ချယ်ဆီးအသင်းကိုလည်း သရေသာကစားနိုင်ခဲ့ကာ အမှတ်များဆုံးရှုံးနေသည့် အာဆင်နယ်အသင်းမှာ ယခုပွဲတွင် အမှားအယွင်းမရှိ အနိုင်ကစားနိုင်ခဲ့သည်။ ပွဲအစတွင် အိမ်ရှင် ၀က်စ်ဟမ်းအသင်းမှာ အာဆင်နယ်အသင်းအား အနည်းငယ် ဒုက္ခပေးနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် အာဆင်နယ် ကသာ တောက်လျှောက် ဖိကစားနိုင်ခဲ့သည်။
    သို့သော်လည်း ဦးဆောင်ဂိုးကို ၀က်စ်ဟမ်းအသင်းက ဒုတိယပိုင်းအစတွင် ရရှိခဲ့ပြီး ဂိုးသမား ရှက်ဇက်နီ၏ အမှားမှတစ်ဆင့် ကာတန်ကိုးလ်က သွင်းယူပေးခဲ့သည်။ အာဆင်နယ်အသင်းအတွက် ချေပဂိုးကို ၆၈ မိနစ်တွင် ရရှိခဲ့ပြီး ကာဇိုလာ၏ ဖန်တီးမှုမှတစ်ဆင့် ဝေါလ်ကော့က ကန်သွင်းပေးခဲ့သည်။ ၃ မိနစ်အကြာတွင်ပင် အာဆင်နယ်တို့ အနိုင်ဂိုးထပ်ရခဲ့ပြီး ဝေါလ်ကော့က ခေါင်းတိုက်သွင်းယူပေးခဲသည်။ ထို့နောက် အာဆင်နယ်ကသာ ပွဲကိုစိုးမိုးထားပြီး ၇၉ မိနစ်တွင် ဂျရူး၏ ဖန်တီးပေးမှုမှတစ်ဆင့် ပိုဒေါစကီးက အနိုင်သေချာစေမည့်ဂိုးကို သွင်းယူပေးခဲ့သည်။ ပိုဒေါစကီးမှာ ဒဏ်ရာကြောင့် ပြီးခဲ့သည့် သြဂုတ်လကတည်းက အနားယူနေခဲ့ရပြီး ယခုပွဲတွင်မှ ပြန်လည် ကစားနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုပွဲအနိုင်ရခဲ့သည့် အာဆင်နယ်အသင်းမှာ လီဗာပူးလ်အသင်းရှုံးပွဲတွေ့သွားသောကြောင့် ဇယား ထိပ်ဆုံးသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
    …………………………….
    ချယ်ဆီး ၁-၀ ဆွမ်ဆီး
    စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ကစားခဲ့သည့် ယခုပွဲတွင် မော်ရင်ဟို၏ ချယ်ဆီးအသင်းမှာ နှစ်ပွဲဆက် အနိုင်မရရှိမှုကို အဆုံးသတ်နိုင်ခဲ့သည်။ မော်ရင်ဟိုမှာ ပြီခဲ့သည့် အာဆင်နယ်နှင့်ပွဲက လူစာရင်းအား ၅ နေရာအပြောင်းအလဲလုပ်ခဲ့ပြီး ကွင်းလယ်လူ လမ်းပတ်အား အရန်ခုံတွင် ထိုင်စေခဲ့သည်။ ပထမပိုင်းတွင် ပွဲအစတွင် ဆွမ်ဆီးအသင်းအား တောက်လျှောက်ဖိအားပေးနိုင်ခဲ့သည့် ချယ်ဆီးအသင်းမှာ ၂၉ မိနစ်တွင် အနိုင်ဂိုးရရှိခဲ့ပြီး အက်ရှ်လေကိုး၏ ဖန်တီးပေးမှုမှတစ်ဆင့် ကွင်းလယ်လူ ဟာဇာဒ်က သွင်းယူပေး ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ဆွမ်ဆီးအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့သော်လည်း ချယ်ဆီးကသာ ဂိုးသွင်းခွင့်များရခဲ့ပြီး အဆုံးသတ်မသေချာမှုကြောင့် ၁ ဂိုးဖြင့်သာကျေနပ်ခဲ့ရသည်။
    …………………………
    နယူးကာဆယ် ၅-၁ စတုတ်စီးတီး
    စိန့်ဂျိမ်းပါ့ခ်တွင် ကစားခဲ့သည့် ယခုပွဲတွင် စတုတ်စီးတီးအသင်းက ဦးဆောင်ဂိုး စတင်ရရှိခဲ့သော်လည်း ပထမပိုင်းတွင် ကစားသမားနှစ်ဦး အထုတ်ခံခဲ့ရခြင်းကြောင့် နယူးကာဆယ်အသင်းက ယခုကဲ့သို့ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ နယူးကာဆယ်အတွက် ဂိုးများမှာ ပထမပိုင်းပြီး ကာနီးတွင် ၁ ဂိုးနှင့် ဒုတိယပိုင်းတွင် ၄ ဂိုးရရှိခဲ့ခြင်းဖြစ်သည်။
    ………………………..
    အဲဗာတန် ၀-၁ ဆန်းဒါးလန်း
    ယခုနှစ်ရာသီတွင် အသင်းကြီးများကို ဒုက္ခပေးနိုင်သည့် ဆန်းဒါးလန်း အသင်းမှာ ယခုပွဲတွင်လည်း အဆင့် ၅ မှ အဲဗာတန်အသင်းအား အနိုင်ကစားနိုင်ခဲ့သည်။ ပထမပိုင်း ၂၅ မိနစ်တွင် ကိုရီးယား ကစားသမား ကီဆွန်ယွန်၏ ပင်နယ်တီးသွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည့် ဆန်းဒါးလန်းအသင်းမှာ အဲဗာတန်အသင်း၏ ထရစပ်ဖိအားပေးမှုနှင့် ကန်သွင်းမှုများကို ကြံ့ကြံ့ခံ ကာကွယ်သွားနိုင်ခဲ့ပြီး အဖိုးတန်အနိုင် ၃ မှတ်ကို ရယူသွားခဲ့သည်။
    ……………………….
    ကာဒစ်ဖ် ၀-၃ ဆောက်သက်တမ်
    နောက်ဆုံး ၅ ပွဲတွင် နိုင်ပွဲမရခဲ့သည့် ဆောက်သက်တမ်အသင်းမှာ တိုက်စစ်မှူး ဂျေး ရော်ဒရီဂက်ဇ်၏ ခြေစွမ်းပြမှုနှင့်အတူ တန်းဆင်းဇုန်နားမှ ကာဒစ်ဖ်အသင်းအား အနိုင်ယူနိုင်ခဲ့သည်။ ဆောက်သက်တမ် အသင်းတွက်ဂိုးများကို ဂျေးရော်ဒရီဂက်စ်က ၂ ဂိုး၊ အင်္ဂလန်တိုက်စစ်မှူး ရစ်ကီ လမ်ဘာ့တ်က ၁ ဂိုး အသီးသီးသွင်းယူပေးခဲ့သည်။
    …………………………..
    စပါး ၁-၁ ၀က်စ်ဘရွန်း
    စပါးအသင်း၏ အမြဲတမ်းနည်းပြအဖြစ် ပထမဆုံးကစားရသည့် ယခုပွဲတွင် တင်ရှားဝုဒ်မှာ အိမ်ကွင်းတွင် သရေတစ်မှတ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ သို့သော်လည်း စပါးအသင်းမှာ ဘောလုံးပိုင်ဆိုင်မှုအသာရခဲ့ပြီး ဂိုးသွင်းခွင့်များရရှိခဲ့သော်လည်း အသုံးမချနိုင်ခဲ့ချေ။ စပါးအသင်းအတွက် ဦးဆောင်ဂိုးကို ခရစ်ရှန် အဲရစ်ဆန်က ၃၆ မိနစ်တွင် သွင်းယူပေး ခဲ့သော်လည်း ၃၈ မိနစ်တွင် ဂျိုနက်စ် အောလ်ဆန်က ၀က်စ်ဘရွန်းအတွက် ချေပဂိုးကိုသွင်းယူပေးခဲ့သည်။
    ……………………………..
    နော်ဝစ်ခ်ျ ၁-၂ ဖူလ်ဟမ်
    ယခုပွဲအနိုင်ရခဲ့သော်လည်း ဖူလ်ဟမ်အသင်းမှာ အိမ်ရှင်တို့အား သူတင်ကိုယ်တင်ကစားခဲ့ရသည်။ ပထမပိုင်းတွင် နော်ဝစ်ခ်ျအသင်းမှ ဂယ်ရီဟူပါးနှင့် ဖူလ်ဟမ်အသင်းက ကာစာမီတို့၏ သွင်းဂိုးများဖြင့် သရေကျနေခဲ့ပြီး၊ ဒုတိယပိုင်း ၈၇ မိနစ်တွင်မှ ဖူလ်ဟမ်တို့အနိုင်ဂိုးရရှိခဲ့ကာ စကော့ပါကားက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    ………………………….
    အက်စတွန်ဗီလာ ၀-၁ ခရစ္စတယ်ပဲလေ့စ်
    နောက်ဆုံး သုံးပွဲဆက်ရှုံးနိမ့်ထားသည့် အက်စတွန်ဗီလာမှာ ယခုပွဲတွင် ကစားကွက်အသာဖြင့် ခရစ္စတယ်ပဲလေ့စ်အသင်းအား ဖိကစားနိုင်ခဲ့သော်လည်း လိုအပ်သည့် ဂိုးများကို အရမယူနိုင်ခဲ့သောကြောင့် အိမ်ကွင်းတွင် အမှတ်ဆုံးရှုံးခဲ့ရသည်။ ခရစ္စတယ်ပဲလေ့စ်အသင်းတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ဒုတိယပိုင်း နာကျင်အချိန်ပိုတွင်မှ ဒွိုက် ဂေလီက ဧရိယာအပြင်ဘက်မှ ကန်သွင်းပေးခဲ့ခြင်းဖြစ်သည်။
  • ဒီဇင်ဘာ ၂၇ နိုင်ငံတကာ သတင်းများ
    ဒီဇင်ဘာ ၂၇၊ ၂၀၁၃
    M-Media
    jet-li
    နာမည်ကျော် ကွန်ဖူးမင်းသား ဂျက်လီ hyperthyroidism ရောဂါခံစားနေရ
    – တရုတ် ရုပ်ရှင်အကျော်အမော် ဂျက်လီက ၎င်းမှာ သိုင်းရွိုက်ဟော်မုန်းများ အထွက်များသည့် ရောဂါ (hyperthyroidism) ခံစားနေရကြောင်း ပြောကြား လိုက်သည်။ အင်္ဂါနေ့က ပြုလုပ်ခဲ့သည့် TV အစီအစဉ်တစ်ခုတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး ခန္ဓာကိုယ်အလေးချိန်မှာ အတက်အကျ အလျင်အမြန်ဖြစ် ပွားနေကြောင်း၊ ယခုအချိန်တွင် မိမိမှာ ၀နေသော်လည်း ထိုရောဂါအား ကုသနေသည့် ဆေးကြောင့် လေ့ကျင့်ခန်း မလုပ်နိုင်ကြောင်း ဂျက်လီက ထည့်သွင်းပြောကြားခဲ့သည်။
    hyperthyroidism ရောဂါမှာ လူ့ခန္ဓာကိုယ် အတွင်း ဖြစ်ပွားနေသော ဇီဝဖြစ်စဉ်ကို လည်ပတ်စေသော သိုင်းရွိုက်ဟော်မုန်းများ အထွက်များသောရောဂါဖြစ်ပြီး၊ ကုသ၍ မရနိုင်ဘဲ ရောဂါမဆိုးဝါးအောင်သာ ထိန်းချုပ်ထားနိုင်သည်။
    —————————————————————
    ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းတွင် ဘတ်စ်ကား လျိုထဲ ထိုးကျ ခရီးသည် ၂၉ ဦးသေဆုံး
    – ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းရှိ Phetchabun ပြည်နယ်တွင် ခရီးသည်တင်ဘတ်စ်ကား တစ်စီးမှာ လျှိုမြောင်ထဲသို့ ထိုးကျခဲ့ပြီး အနည်းဆုံး လူ ၂၉ ဦးသေဆုံးခဲ့ကာ ၄ ဦးမှာ စိုးရိမ်ရသော အနေအထားတွင် ရှိနေသည်ဟု သိရသည်။
    Chiang Rai ပြည်နယ်သို့ ဦးတည်မောင်းနှင်နေသည့် အဆိုပါကားမှာ ယနေ့နံနက် သန်းခေါင်ယံအချိန်က Lom Sak ခရိုင်တွင် မီတာ ၃၀ အနက်ရှိသည့် လျှိုမြောင်ထဲသို့ ထိုးကျခဲ့ခြင်းဖြစ်ပြီး၊ ကားမောင်းသူမှာ အိပ်ပျော်သွားခြင်းကြောင့် ဖြစ်မည်ဟု ယူဆရကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိ သူများက ပြောကြားခဲ့သည်။
    Ref: aljazeera
    —————————————————————
    အိုကီနာဝါကျွန်း သို့ အမေရိကန် မရိန်းတပ်ဖွဲ့ ရွှေ့ပြောင်းရေး ဂျပန်နှင့် သဘောတူညီမှုရ
    – အမေရိကန်နှင့် ဂျပန်နိုင်ငံတို့ အချိန်အတော်ကြာ အငြင်းပွားနေကြသည့် အိုကီနာဝါကျွန်းသို့ အမေရိကန် မရိန်းတပ်ဖွဲ့ ရွှေ့ပြောင်း အခြေစိုက်ရေးကိစ္စမှာ ယနေ့တွင် ပြေလည်သွားပြီဟု သိရသည်။
    အမေရိကန်တပ်ဖွဲ့များ အခြေစိုက်ရန် အိုကီနာဝါ ပြည်နယ်အုပ်ချုပ်ရေးမှူးက ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး၊ ထိုကဲ့သို့ သဘောတူညီချက်ရရှိမှုက အာရှ-ပိစိဖိတ် ဒေသအတွင်း အမေရိကန်၏ စစ်ရေးအင်အား ပြန်လည်ထိန်းညှိရန်ကြိုးပမ်းမှု၊ တရုတ်၏ စစ်ရေးအရ လွှမ်းမိုးမှုအား စောင့်ကြည့်ရန်နှင့် နိုင်ငံ၏ စစ်ရေး မဟာဗျူဟား မြှင့်တင်ရန် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့၏ ကြိုးပမ်းမှု စသည်တို့အတွက် အထောက်အပံ့ဖြစ်လာမည် ဖြစ်သည်။
    Ref: NY Time
  • ကလေး တစ်ယောက် ပေါ်လစီအား ဖြေလျော့ပေးရန် တရုတ် အာဏာပိုင်များဆွေးနွေး
    ဒီဇင်ဘာ ၂၇ ၊ ၂၀၁၃
    M-Media
    51343454-one_child_policy
    – ကလေးတစ်ယောက်ပေါ်လစီအား ဖြေလျှော့ပေးရန် မူကြမ်းတစ်ခုကို စတင်ဆွေးနွေးနေပြီး၊ ဥပဒေဆိုင်ရာလုပ်ငန်းများကိုလည်း တရုတ်အစိုးရက စတင်လုပ်ဆောင်နေသည်ဟု တာဝန်ရှိသူများက ယနေ့တွင် ပြောကြားခဲ့သည်။
    ဘေဂျင်းမြူနီစီပယ်ဌာန၏ မိသားစုနှင့် လူဦးရေအစီအစဉ် ဥပဒေ၏ ပြင်ဆင်ချက်မူကြမ်းကို မြူနီစီပယ်ပြည်သူ့ကွန်ဂရက်မှ စစ်ဆေးနေခြင်းဖြစ်ဖြစ်ပြီး ထိုပြင်ဆင်ချက်အား ဥပဒေပြဌာန်းပြီးပါက လာမည့်နှစ် မတ်လတွင် စတင်ကျင့်သုံးနိုင်မည်ဖြစ်သည်။
    ထိုမူကြမ်းအရ ဇနီးမောင်နှံနှစ်ဦးတွင် တစ်ဦးက မိသားစု၏ တစ်ဦးတည်းသော သားသမီးဖြစ်ပါက ကလေးနှစ်ဦးယူခွင့်ရမည်ဖြစ်သည်။ ယခုလက်ရှိ ကျင့်သုံးနေသည့် ဥပဒေမှာ ဇနီးမောင်နှံနှစ်ဦး စလုံး တစ်ဦးတည်းသော သားသမီးဖြစ်မှသာ ကလေးနှစ်ဦး ယူခွင့်ရသည်။ ထိုဥပေဒအား ၁၉၇၀ ပြည့်နှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး တရုတ်ပြည်သူအချို့နှင့် နိုင်ငံတကာ၏ ဝေဖန်ပြစ်တင်မှုကို ခံခဲ့ရသော ဥပဒေဖြစ်သည်။
    Ref: ဆင်ဟွာ
  • အာဂျင်တီးနားနိုင်ငံတွင် အသားစားငါးများ တိုက်ခိုက်မှုကြောင့် လူ ၇၀ ခန့် ဒဏ်ရာရရှိ
    ဒီဇင်ဘာ ၂၇၊ ၂၀၁၃
    M-Media
    piranhas-injure-60-argentina.si
    – အာဂျင်တီးနားနိုင်ငံ ရိုစာရီယိုပြည်နယ်တွင် အသားစားငါးတစ်မျိုးက ရေချိုးနေသူများအား တိုက်ခိုက်မှုကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်း ပြတ်တောက်ခြင်းများ အပါအ၀င် လူ ၇၀ ခန့် ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။ ရိုစာရီယိုပြည်နယ် Rambla Catalunya ဒေသရှိ ပရာနာ မြစ်တွင် ခရစ္စမတ်နေ့၌ အပူမှ သက်သာရန် လူ ၉၀၀၀ ခန့်က ရေစိမ်နေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
    ရုတ်တရတ် အပူချိန်မြင့်တက်လာမှုကြောင့် ဖြစ်ပွားခြင်းဖြစ်မည်ဟု ယူဆရကြောင်း တိုက်ခိုက်ခံရသည့် လူအများစု၏ ဒဏ်ရာမှာ မပြင်းထန်ဘဲ  အသက် ကိုးနှစ်အရွယ် မိန်းကလေးတစ်ဦးမှာ လက်ချောင်းအချို့ ပြတ်တောက်ခဲ့ရကြောင်း ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
    အခင်းဖြစ်ပွားပြီးနောက် အာဏာပိုင်းများက ထိုမြစ်ထဲသို့မဆင်းရန် ညွှန်ကြားခဲ့သော်လည်း အပူချိန်အလွန်မြင့်မားသောကြောင့် နာရီဝက်အကြာတွင်ပင် လူများမှာ ပြန်လည်ဆင်းသက်ခဲ့ရသည်။
    Ref: RT
  • ခရစ်စမတ်သစ်ပင် ပါလီမန်တွင် ထားရန် အစ္စရေး လွှတ်တော်ဥက္ကဌ ခွင့်မပြု၊
    ဒီဇင်ဘာ ၂၇၊ ၂၀၁၃
    M-Media
    ခရစ်စမတ်သစ်ပင် ပါလီမန်တွင် ထားရန် အစ္စရေး လွှတ်တော်ဥက္ကဌ ခွင့်မပြု၊ လူမြင်ကွင်းမှာ ထားခြင်းမှာ ဂျူးများကို စော်ကားခြင်းဖြစ်ဟုပြော
    541bcfe9-35fc-4363-8dab-2345af5a219d_16x9_788x442
    – ဂျူးလူမျိုးများအကြား နာကျင်သောအမှတ်ရမှုများအား ပြန်လည်သတိရစေသောကြောင့် ခရစ္စမတ်သစ်ပင်ကို ပါလီမန် အဆောက်အဦးတွင် ထားရှိခြင်းအား အစ္စရေးပါလီမန်ဥက္ကဌ ယူလီ အီဒဲလ်စတိန်က ငြင်းဆိုခဲ့သည်ဟု သိရသည်။
    ခရစ်ယာန်တို့၏ အမှတ်အသားဖြစ်သည့် ထိုခရစ္စမတ်သစ်ပင်အား လူမြင်ကွင်းတွင် ထားရှိခြင်းမှာ စော်ကားမှု တစ်ရပ်ကို ဖော်ပြခြင်းအဖြစ် အီဒဲလ်စတိန်က အစ္စရေး ရေဒီယိုသို့ ယမန်နေ့တွင် ပြောကြားခဲ့သည်။ ဂျူးလူမျိုးများမှာ ခရစ်ယာန်များ၏ နှိပ်စက်ညှင်းပန်းမှုကို ရာစုနှစ်များစွာကြာ ခံစားခဲ့ရသည်။
    ယခုသီတင်းပတ်အစောပိုင်းက အာရဗ် ခရစ်ယာန် အမတ်တစ်ဦးက ပါလီမန်တွင် ခရစ္စမတ်သစ်ပင် ထားရှိရန် တောင်းဆိုမှုအား အီဒဲလ်စတိန်က ပယ်ချခဲ့ပြီး ပါလီမန်အမတ်များအနေဖြင့် ခရစ္စမတ်သစ်ပင်ကို ၎င်းတို့၏ရုံးခန်းနှင့် ပါတီ၏အစည်းအဝေးခန်းမတွင်သာ ထားရှိရမည်ဖြစ်ကြောင်း၊ ထို့ကဲ့သို့ ခရစ္စမတ်သစ်ပင်ထားခြင်း ခွင့်ပြုခဲ့ပါက နောက်ပိုင်းတွင် လက်ဝါးကပ်တိုင်နှင့် လခြမ်းကိုပါထားရန် တောင်းဆိုမှုနှင့် ကြုံတွေ့လာရနိုင်ကြောင်း ၎င်းက ထပ်လောကာင်းပြောကြားခဲ့သည်။
    Ref: AP
    ဓါတ်ပုံအညွှန်း ခရစ်တော်မွေးဖွားရာ ပါလက်စတိုင်းနယ်မြေအတွင်းရှိ အနောက်ဘက်ကမ်းဒေသ ဘက်သလီဟမ်တွင် ခရစ်စမတ်နေ့ အခမ်းအနား ကျင်းပစဉ်