News @ M-Media

Author: M-Media

  • အငြင်းပွားဖွယ် Yasukuni ဂူဗိမာန်အား ရှင်ဇိုအာဘေး သွားရောက်လည်ပတ်

    ဒီဇင်ဘာ ၂၆၊ ၂၀၁၃
    M-Media

    _71953960_020440091
    – ၀န်ကြီးချုပ်တာဝန် စတင်ရယူပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးမှာ ဒုတိယကမ္ဘာစစ်တွင် ကျဆုံးခဲ့သည့် ဂျပန်စစ်သားများမြှုပ်နှံထားရာ အငြင်းပွားဖွယ် Yasukuni ဂူဗိမာန်သို့ ယနေ့နံနက်စောစောပိုင်းတွင် သွားရောက်လည်ပတ်ခဲ့သည်ဟု သိရသည်။
    ထိုဗိမာန်သို့သွားရောက်ခြင်းမှာ ပြည်သူများအနေဖြင့် စစ်ပွဲအား ထပ်မံ၍ မတွေ့ကြုံစေရရန် ကတိပြု ဆုံးဖြတ်ရန်အတွက်ဖြစ်ပြီး တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံသားများအား နာကျင်စေရန်မရွယ်ရည်ဟု အာဘေးက ပြောကြားခဲ့သည်။ သို့သော်လည်း ထိုကဲ့သို့ သွားရောက်လည်ပတ်ခြင်းအား တရုတ်နိုင်ငံသားများက လုံးဝလက်မခံနိုင်ဘဲ ရှုတ်ချသည်ဟု တရုတ်သံရုံးမှ အလျင်အမြန်သတင်းထုတ်ပြန်ခဲ့သည်။

    Yasukuni ဂူဗိမာန်မှာ ဒုတိယကမ္ဘာစစ်အတွင်းက စစ်ရာဇ၀တ်မှုများ ကျူးလွန်ခဲ့ကြသည့် ဂျပန်စစ်သားများအား ဂုဏ်ပြုထားသည့် ဂူဗိမာန်တစ်ခုဖြစ်ပြီး၊ ဂျပန်နိုင်ငံ၏ ရန်လိုမှုကိုပြသော အမှတ်အသားတစ်ခုအဖြစ် တရုတ်နှင့် ကိုရီးယားနိုင်ငံတို့က မှတ်ယူထားသည်။
    Ref: BBC

  • ရခိုင်တိုင်းရင်းသားတချို့ စစ်အာဏာရှင်တွေနဲ့ တာလီဘန်တွေကို အားကျနေသလား

    ဆောင်းပါးရှင် – စည်သူအောင်မြင့်
    မြန်မာတိုင်းမ်

    1514963_228207057360569_432758386_n
    လူတစ်ယောက်၊ လူ့အဖွဲ့အစည်းတစ်ခုဟာ အခြားလူတစ်ယောက်၊ လူ့အဖွဲ့အစည်းတစ်ခုရဲ့လုပ်ရပ်တွေကို လက်မခံနိုင်ဘူး၊ မုန်းတီးတယ်၊ စက်ဆုတ်ရွံရှာတယ်ဆိုရင် သူတို့လို လိုက်မလုပ်ဖို့ပါပဲ။ ဒါဟာ အလွန်ရိုးရှင်းတဲ့ ဥပဒေသပါ။ တချို့ကျတော့ လူတစ်ယောက်၊ လူ့အဖွဲ့အစည်းတစ်ခုရဲ့လုပ်ရပ်ကို မကြိုက်ပေမယ့်၊ လက်မခံပေမယ့်၊ ရွံရှာမုန်းတီးပေမယ့် အသိစိတ်နဲ့ဖြစ်စေ၊ မသိစိတ်နဲ့ဖြစ်စေ အဲ့ဒီလုပ်ရပ်တွေအတိုင်း ထပ်တူလိုက်လုပ်မိတတ်ပါတယ်။ အဲလိုဖြစ်ခဲ့ရင်တော့ ပြုပြင်ဖို့ လိုပါလိမ့်မယ်။

    ကမ္ဘာပေါ်မှာ တာလီဘန်လို့ဆိုလိုက်ရင် အစ္စလာမ်အစွန်းရောက်တွေလို့ အားလုံးက နားလည်ကြပါတယ်။ တစ်ကြိမ်တစ်ခါက အာဖဂန်နစ္စတန်မှာ တိုင်းပြည်အာဏာရဖူးပြီး ဒီနေ့အချိန်ထိ အာဖဂန်နဲ့ပါကစ္စတန်နိုင်ငံ နယ်မြေအချို့မှာ လှုပ်ရှားနေဆဲရှိပါတယ်။ သူတို့ဟာ ခေတ်သစ်မှာ အစွန်းရောက်တဲ့ ရှေးရိုးရှားရီးယားဥပဒေကို ပြန်အသက်သွင်းလိုသူတွေဖြစ်ပြီး အမျိုးသမီးတွေ၊ ကလေးသူငယ်တွေရဲ့ အခွင့်အရေး ရပိုင်ခွင့်ကို တားဆီးပိတ်ပင်လိုသူတွေ၊ လူ့အခွင့်အရေးချိုးဖောက်သူတွေ ဖြစ်ကြပါတယ်။ ဒီနေ့အချိန်ထိ သူတို့တွေ ကျင့်သုံးနေဆဲဓလေ့တွေကတော့ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေအပါအ၀င် မယားလေးယောက်ယူနိုင်တာ၊ မိန်းမကို ဖောက်ပြားတယ်လို့ထင်ရင် ဖမ်းဆီး၊ လူမြင်ကွင်းမှာ ဦးခေါင်းပေါ်ရုံလောက် မြေမြှုပ်ပြီး ကျောက်ခဲနဲ့ မသေမချင်းပစ် အရေးယူတာမျိုးဖြစ်ပါတယ်။

    ခေတ်သစ်မှာ သူတို့အဓိကလုပ်တဲ့အလုပ်တွေကတော့ သူတို့လူမျိုး၊ ဘာသာဝင်တွေ အပါအ၀င် ပြည်သူတွေကို ကူညီဖို့လာတဲ့ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းအမျိုးမျိုး၊ အင်န်ဂျီအိုအမျိုးမျိုးကို တားဆီးတာ၊ ပိတ်ပင်တာ၊ ရန်ရှာတာ၊ အလုပ်လုပ်လို့မရအောင် နှောင့်ယှက်ခြိမ်းခြောက်တာ၊ နောက်ဆုံး တိုက်ခိုက်တာအထိ လုပ်လေ့ရှိပါတယ်။ လက်ရှိမြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲက ရခိုင်တိုင်းရင်းသားအုပ်စု တချို့ရဲ့ လုပ်ရပ်တွေနဲ့ သွားဆင်တူနေတာ တွေ့ရပါတယ်။ ဘယ်အချက်မှာလည်းဆိုတာ ခုတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

    ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ဦးမြို့က မြို့မိမြို့ဖ ဒေသခံတွေလို့ဆိုတဲ့ ကော်မတီတစ်ခုက နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ၊ အင်န်ဂျီအိုအဖွဲ့တွေ လိုက်နာရမယ့်အချက်တွေဆိုပြီး ကြေညာချက်တစ်ခု ထုတ်ပါတယ်။ အဲဒီအချက်တွေကို လိုက်နာဆောင်ရွက်ခြင်းမရှိရင် ဒီဇင်ဘာ ၂၀ ရက်နောက်ဆုံးထားပြီး မြို့နယ်ထဲက ထွက်သွားကြဖို့ တောင်းဆိုပါတယ်။ တောင်းဆိုချက်တွေထဲပါတဲ့ အချက်ကတော့ အင်န်ဂျီအို၊ အိုင်အင်န်ဂျီအိုအဖွဲ့တွေအနေနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရာမှာ ဒေသခံတွေပါဝင်တဲ့ ကော်မတီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ ဘက်လိုက်မှု မရှိဘဲ အချိုးညီမျှစွာနဲ့ ဆောင်ရွက်ပေးဖို့၊ ရခိုင်လူမျိုးတွေကို အကူအညီပေးတဲ့ပစ္စည်းနဲ့ အခြားအထောက် အပံ့တွေနဲ့ပတ်သက်ပြီး ဒီကော်မတီကို စီမံခန့်ခွဲခွင့်ပေးဖို့၊ အင်န်ဂျီအို၊ အိုင်အင်န်ဂျီအိုအဖွဲ့တွေက ကျေးရွာတွေမှာ သွားပြီး ကူညီတဲ့အခါ ကော်မတီက အနည်းဆုံး ငါးယောက်ကို အတူလိုက်ပါခွင့်ပြုဖို့၊ အကူအညီပေးမယ့် ပစ္စည်းတွေနဲ့ သိုလှောင်ထားရှိမှု အခြေအနေကို ကော်မတီကို အချိန်မရွေး ၀င်ရောက်စစ်ဆေးခွင့်ပေးဖို့၊ စီမံကိန်ကာလနဲ့အကူအညီပေးမယ့် အဖွဲ့အစည်းရဲ့နာမည် ကော်မတီကို အသိပေးဖို့၊ မြို့နယ်ကျော် အကူအညီပေးတာမျိုး လုံးဝမလုပ်ဖို့၊ အကူအညီပေးတာကို နံနက် ၆ နာရီကနေ ည ၆ နာရီအတွင်းပဲလုပ်ဖို့၊ အရေးပေါ်အကူအညီလိုရင်တောင် ကော်မတီနဲ့ ချိတ်ဆက်ပြီးမှလုပ်ဖို့ စတဲ့ အချက်တွေပါပါတယ်။

    ဒီတောင်းဆိုချက်တွေကိုကြည့်ရင် အရင် စစ်အာဏာရှင်တွေကို သတိရစေပါတယ်။ အာဖဂန်က တာလီဘန်တွေကို သတိရစေပါတယ်။ အရင် စစ်အာဏာရှင်တွေခေတ်တုန်းကလည်း နိုင်ငံတကာ အင်န်ဂျီအိုတွေ၊ အိုင်အင်န်ဂျီအိုတွေအနေနဲ့ ဒုက္ခရောက်နေသူတွေ၊ ဖျားနာသူတွေ၊ စစ်ဘေးဒဏ်ခံရသူတွေ၊ အကူအညီလိုအပ်နေသူတွေဆီ အကူအညီမပေးနိုင်အောင် ၊ မရောက်နိုင်အောင် စည်းကမ်းအမျိုးမျိုး ချမှတ်ပြီး တားဆီးပိတ်ပင်လေ့ရှိပါတယ်။ ထင်ရှားတဲ့သာဓကကြီး တစ်ခုကတော့ ဂလိုဘယ်လ်ဖန်းလို့ခေါ်တဲ့ ကမ္ဘာပေါ်မှာ အလွန်ကြီးမားတဲ့ အကူအညီပေးရေးအဖွဲ့အစည်းကြီး မြန်မာနိုင်ငံထဲက ထွက်ခွာသွားရတဲ့အထိပါပဲ။ နောက်ထပ် ခါးသီးတဲ့ဥပမာ တစ်ခုကတော့ နာဂစ်လေမုန်တိုင်းဘေးဖြစ်ချိန် နိုင်ငံတကာကရော၊ ပြည်တွင်းက ပြည်သူတွေရော အကူအညီမပေးနိုင်အောင် တားမြစ်ပိုတ်ပင်ထားတဲ့ စည်းကမ်းချက်တွေကလည်း စောစောက မြောက်ဦးက ကော်မတီရဲ့ တောင်းဆိုချက်တွေနဲ့ သိပ်မတိမ်းမယိမ်းပါပဲ။ တာလီဘန်တွေကတော့ အဲဒီထက် ပိုဆိုးပါတယ်။ မိန်းကလေးငယ်တွေကို ပညာလာသင်ပေးတဲ့ အင်န်ဂျီအိုအဖွဲ့တွေ၊ ဆေးလာကုပေးတဲ့သူတွေကို ရန်ပြုတိုက်ခိုက်တာမျိုးအထိ လုပ်ကြပါတယ်။

    အဲ့ဒီ ကော်မတီ ဆိုတာရဲ့ တောင်းဆိုချက်နဲ့ပတ်သက်ပြီး မြောက်ဦးက အင်န်ဂျီအိုတွေ၊ အိုင်အင်န်ဂျီအိုတွေက လက်မခံကြပါဘူး။ ဒါဟာ အစိုးရအာဏာပိုင်တွေနဲ့ပဲ သက်ဆိုင်တဲ့အတွက် အစိုးရဖက်ကိုပဲ တင်ပြသင့်တယ်လို့ အကြောင်းပြန်ကြပါတယ်။ ဒီလို အင်န်ဂျီအို၊ အိုင်အင်န်ဂျီအိုတွေဖက်က လက်မခံတဲ့အခါ ကော်မတီဘက်က နောက်တစ်ဆင့် တက်လာပြန်ပါတယ်။ ဒီတောင်းဆိုချက်တွေကကို လက်မခံတဲ့ အင်န်ဂျီအိုတွေ၊ အိုင်အင်န်ဂျီအိုတွေကို ဟိုတယ်တွေကနေ လက်မခံဖို့ ထပ်ပြီး ရာဇသံပေး တောင်းဆိုလိုက်ပြန်ပါတယ်။ ကော်မတီဘက်က ဒါဟာ သတိပေးမှု၊ မလိုက်နာရင် ဆန္ဒပြမယ်လို့ ပြောထားပေမယ့် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ရှုမြင်နိုင်ပါတယ်။

    တကယ်တော့ ဒီလိုဖြစ်ရပ်မျိုး၊ အလားတူဖြစ်ရပ်မျိုး ရခိုင်ပြည်နယ်မြို့နယ်အချို့မှာ လူပုဂ္ဂိုလ်တချို့ကလည်း လုပ်ခဲ့ဖူးပါတယ်။ ရခိုင်တိုင်းရင်းသားတချို့ဟာ ဘာကြောင့် လူသားချင်းဆိုင်ရာ အကူအညီပေးမှုတွေကို ရန်လိုနေရတာပါလဲ။ လူသားချင်းဆိုင်ရာ အကူအညီတွေဟာ ဒုက္ခသုက္ခရောက်နေတဲ့၊ စုတ်ပြတ်သတ်နေတဲ့၊ ပညာမဲ့နေတဲ့ ဘင်္ဂါလီ လူအုပ်စုကြီးဆီကို ရောက်မသွားရင် ရခိုင်ပြည်နယ်ကြီး ပိုပြီးဖွံ့ဖြိုါ်တိုးတက်လာမယ်လို့ ယူဆနေကြလို့လား၊ ရခိုင်တိုင်းရင်းသားတွေ ဘ၀ ပိုပြီးလုံခြုံအေးချမ်းစွာနေရမယ်လို့ မျှော်လင့်ကြလို့လား စသဖြင့် မေးခွန်းထုတ်ရမလို ဖြစ်နေပါတယ်။ ဒါတင်မက ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီတွေတင်မက ရခိုင်တိုင်းရင်းသားတချို့လည်း ဒုက္ခရောက်၊ အကူအညီလိုအပ်နေကြပါတယ်။

    ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံ ပြည်နယ်၊ တိုင်းဒေသကြီးတွေထဲမှာ ဒုတိယ အဆင်းရဲဆုံး ပြည်နယ် ဖြစ်နေပါတယ်။ အဲဒါ ဘင်္ဂါလီတွေ ဖန်တီးထားတာ မဟုတ်ပါဘူး။ ဖန်တီးနိုင်လောက်အောင်လည်း သူတို့လက်ထဲမှာ လက်နက်ကိုင်တပ်ဖွဲ့၊ အုပ်ချုပ်ရေး ယန္တရား၊ တရားစီရင်ရေးယန္တယား၊ စီးပွားရေးစွမ်းပကား ဘာတစ်ခုမှ ရှိကြတာ မဟုတ်ပါဘူး။ ရခိုင်ပြည်နယ် ဆင်းရဲမွဲတေမှုတရားခံဟာ အရင် စစ်အာဏာရှင်အစိုးရပါ။ ရခိုင်ပြည်နယ်ထဲက ဘင်္ဂါလီပြဿနာဟာလည်း တိုင်းပြည်ကို ရာစုနှစ်တစ်ဝက်ကျော် ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင် အဆက်ဆက်ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုကနေ ထွက်ပေါ်လာတဲ့အကျိုးဆက်ပါ။

    ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ ရခိုင်ပြည်နယ် မြောက်ဦးက ကော်မတီ ဆိုတာနဲ့ အချို့ရခိုင်တိုင်းရင်းသားတွေရဲ့ အင်န်ဂျီအို၊ အိုင်အင်န်ဂျီအိုတွေကို ပြုမူဆက်ဆံပုံဟာ အရင် စစ်အာဏာရှင်တွေနဲ့ တာလီဘန်တွေက အင်န်ဂျီအို၊ အိုင်အင်န်ဂျီအိုတွေကို ဆက်ဆံပြုမူပုံနဲ့ သွားဆင်တူနေပါတယ်။ စစ်အာဏာရှင်တွေနဲ့ တာလီဘန်တွေရဲ့ လုပ်ရပ်တွေကို အားကျအတုယူလို့ကတော့ဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာမှာ မဟုတ်သလို ပြဿနာတွေလည်း ပြေလည်ငြိမ်းအေးသွားမှာ မဟုတ်ပါဘူး။ ဒါတင်မက ရခိုင်တွေကိုယ်တိုင် ဘ၀လုံခြုံစိတ်ချအေးချမ်းတဲ့ ပတ်ဝန်းကျင်တစ်ခုကိုလည်း တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။

  • ဒီဇင်ဘာ ၂၆ နိုင်ငံတကာသတင်းများ

    ဒီဇင်ဘာ ၂၆၊ ၂၀၁၃
    M-Media

    ရွေးကောက်ပွဲအားရွှေ့ဆိုင်းရန် ထိုင်းရွေးကောက်ပွဲ ကော်မရှင် အကြံပြု

    – ပါလီမန်ဖျက်သိမ်းပေးခဲ့ပြီး ရွေးကောက်ပွဲ ပြုလုပ်ပေးမည်ဟု ကြေညာထားသော်လည်း တိုင်းပြည်အတွင်း မငြိမ်သက်မှုများ ဆက်လက်ဖြစ်ပွားနေသောကြောင့် ဖေဖော်ဝါရီလတွင်ပြုလုပ်မည့် ရွေးကောက်ပွဲအား ရပ်ဆိုင်းထားရန် ထိုင်းရွေးကောက်ပွဲ ကော်မရှင်၏ တာဝန်ရှိသူများက ယနေ့တွင် အကြံပြုပြောကြားလိုက်သည်။

    “အခုလက်ရှိမှာဖြစ်နေတဲ့ ပုံစံမျိုးနဲ့ဆိုရင် လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲမျိုးကို ကျွန်တော်တို့ ကျင်းပလို့ရမှာမဟုတ်ပါဘူး” ဟု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပရာဝစ် ရတ်တာနာပီယန်က သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

    ထိုင်းနိုင်ငံတွင် အစိုးရ ဖြုတ်ချရေးဆန္ဒပြပွဲများဖြစ်ပွားနေသည်မှာ သီတင်းပတ်များစွာ ကြာမြင့်နေပြီဖြစ်ပြီး အနည်းဆုံး လူ ၅ ဦးသေဆုံးခဲ့ကာ ၂၀၀ ကျော်ဒဏ်ရာရရှိခဲ့ကြသည်။

    thai-flag-protests

    ——————————————-

    နျူဗုံးထုတ်လုပ်နိုင်မည့် ယူရေနီယံသန့်စင်မှု မူကြမ်း အီရန်ပါလီမန်သို့ အမတ်များတင်သွင်း

    – တိုင်းပြည်အတွင်း ပြုလုပ်နေသာ နျူးကလီးယား အစီအစဉ်တွင် ဗုံးတီထွင်နိုင်သည့် ကုန်ကြမ်းများ ထုတ်လုပ်နိုင်သော အဆင့်သို့ရောက်ရှိမည့် ယူရေနီယံသန့်စင်မှု မူကြမ်းတစ်ခုအား အီရန် ပါလီမန်ရှိ ဥပဒေပြု အမတ်များက ယမန်နေ့တွင် တင်သွင်းခဲ့သည်ဟု သိရသည်။ ထိုကဲ့သို့ မူကြမ်းတင်သွင်ခဲ့ခြင်းမှာ ပြီးခဲ့သည့်လက အီရန်နိုင်ငံနှင့် ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံတို့ ရရှိခဲ့သည့် သဘောတူညီချက်အား ဆန့်ကျင်နေခြင်းဖြစ်ပြီး ထိုနိုင်ငံများနှင့် ပဋိပက္ခများလည်း တိုက်ရိုက် ဖြစ်ပွားနိုင်ချေရှိနေသည်။
    ………………………..
    ရွေးကောက်ပွဲအတွက် ပါတီမှတ်ပုံတင်သည့် နေရာတွင် ဆန္ဒပြနေသူများကို ထိုင်းရဲ ဖြိုခွင်း

    – လာမည့် ဖေဖော်ဝါရီတွင်ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် မှတ်ပုံတင်များပြုလုပ်နေသာ နိုင်ငံရေးပါတီများအား ဆန့်ကျင်သောအနေဖြင့် မှတ်ပုံတင်ပြုလုပ်ရာ ဘန်ကောက်မြို့ရှိ ဘောလုံးကွင်း၌ ဆန္ဒပြနေကြသော လူအုပ်အား ထိုင်းရဲတပ်ဖွဲ့က ယနေ့နံနက်ပိုင်းတွင် မျက်ရည်ယိုဗုံးများ အသုံးပြုကာ လူစုခွဲခဲ့သည်ဟု သိရသည်။ သီတင်းပတ်ပေါင်း များစွာကြာ ပြုလုပ်ခဲ့သည့် အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် ၀န်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ထရာက ပါလီမန်ကို ဖျက်သိမ်းပေးခဲ့ပြီး ရွေးကောက် ပွဲပြုလုပ်ရန် ရက်သတ်မှတ်ပေးခဲ့သော်လည်း အတိုက်အခံများ အနေဖြင့် ကျေနပ်ခြင်း မရှိဘဲ ဆက်လက်ဆန္ဒပြမှုများ ပြုလုပ်နေသည်။
    ……………………………..
    ဘရာဇီးတွင် ရေကြီး မြေပြိုမှုကြောင့် လူ ၃၂ ဦးသေဆုံး၊ အိုအိမ်စွန့်ခွာသူ ၅ သောင်းခန့်ရှိ

    – သီတင်းနှစ်ပတ်ကြာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘရားဇီးလ်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ပြည်နယ်နှစ်ခုတွင် ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၃၂ ဦးသေဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။ ထို့ပြင် ထိုရေဘေးဒုက္ခကြောင့် အိုးအိမ်များကို စွန့်ခွာခဲ့ရသူ ၅ သောင်းခန့်ရှိသည်။ ဘရာဇီးသမ္မတ ဒီလ်မာ ရူဆက်ဖ်က ထိုဒေသများသို့ အင်္ဂါနေ့က သွားရောက်ခဲ့ပြီး ပျက်စီးသွားသည့် အိမ်များ၊ လမ်းများနှင့် အဆောက်အဦးများကို ပြန်လည်ဆောက်လုပ်ရာတွင် လိုအပ်သည့်အကူအညီများကို ပေးအပ်ရန် ပြည်နယ်အစိုးရအား မှာကြားခဲ့သည်။

  • သမ္မတကတော် မီရှယ်က အိုဘားမားအား ကွာရှင်းတော့မည်ဟု သတင်းများ ထွက်ပေါ်နေ

    ဒီဇင်ဘာ ၂၆၊ ၂၀၁၃
    M-Media

    michelle-obama-wanted-divorce
    – ယခုလအစောပိုင်းက ပြုလုပ်ခဲ့သော တောင်အာဖရိကသမ္မတဟောင်း နယ်လ်ဆင် မင်ဒဲလား၏ အောက်မေ့ဖွယ် အခမ်းအနားတွင် ရွှေရောင် ဆံပင်ရှိသည့် နိုင်ငံအကြီးအကဲအမျိုးသမီးတစ်ဦးနှင့် ပုံမှန်ထက် ပိုမိုရင်းနှီးစွာ ဆက်ဆံခဲ့သောကြောင့် အမေရိကန်သမ္မတကတော် မီရှယ်က သမ္မတအိုဘားမားအား ကွာရှင်းရန် ကြိုးစားနေသည်ဟု အမေရိကန် သတင်းစာတစ်စောင်ဖြစ်သည့် The National Enquirer က ယနေ့တွင် ရေးသားဖော်ပြခဲ့သည်။

    ထိုအဖြစ်အပျက်က မီရှယ်အား လူပုံအလယ်တွင် အရှက်ရစေခဲ့ပြီးနောက် ၂၁ နှစ်တာ ပေါင်းသင်းလာခဲ့သည့် သူမ၏ ယောက်ျားအား ချီကာဂိုရှိ တန်ဖိုးကြီးသော ၎င်းတို့ နေအိမ်မှ နှင်ချရန် ပြင်ဆင်နေပြီး၊ အိုဘာမားနှင့် ကွာရှင်းရန်ကိုလည်း ရှေ့နေနှင့်ဆွေးနွေးနေကြောင်း၊ အိုဘားမားနှင့် နီးစပ်သူ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

    “ကျန်ရှိနေတဲ့ သမ္မတသက်တမ်းမှာတော့ မီရှယ်ဟာ အိမ်ဖြူတော်မှာနေမှာပါ။ ဒါပေမယ့် သူတို့တွေရဲ့ ဘ၀တွေကို သီးခြားစီ ရှင်သန်ကြတော့မယ်ဆိုတာကိုတော့ မီရှယ်က ရှင်းရှင်းလင်းလင်းပြောထားပါတယ်။ အခု သူဟာ အခြားသီးသန့် အခန်းတစ်ခုကို ပြောင်းရွှေ့ဖို့လုပ်နေပါတယ်။ ချီကာဂိုက သူတို့အိမ်မှာရှိတဲ့ သမ္မတရဲ့ အ၀တ်တွေ ပစ္စည်းတွေကို ရွှေ့ပြောင်းဖို့လည်း မီရှယ်က စီစဉ်နေပါတယ်” ဟု အမည်မဖော်လိုသူ ထိုအရာရှိက ပြောကြားခဲ့သည်။

    Ref: The National Enquirer

  • ပါလက်စတိုင်း လူမျိုးများ၏ နေအိမ်များအား အစ္စရေး ထပ်မံဖျက်စီးပြန်

    ဒီဇင်ဘာ ၂၆၊ ၂၀၁၃
    M-Media

    un-condemns-israeli-demolition-.si
    – ခရစ္စမတ်အကြိုနေ့ဖြစ်သည့် အင်္ဂါနေ့တွင် ပါလက်စတိုင်း အနောက်ဘက်ကမ်းခြေရှိ ဗဒူအင် လူမျိုးများ၏ နေအိမ်များအား ဖျက်ဆီးသော အစ္စရေး၏လုပ်ရပ်ကို ကုလသမဂ္ဂ အလုပ်အကိုင်နှင့် အကူအညီပေးရေးအေဂျင်စီ UNRWA က ရှုတ်ချလိုက်ပြီး၊ ထိုလုပ်ရပ်များအား ချက်ချင်းရပ်တန့်ရန် တိုက်တွန်းလိုက်သည်။

    UNRWA မှာ ပါလက်စတိုင်း ဒုက္ခသည်များအား အကူအညီပေးနေသော အဖွဲ့အစည်းဖြစ်ပြီး ထိုအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ခရစ် ဂန်းနက်စ်က “အနောက်ဘက်ကမ်းခြေမှာ အခုနောက်ဆုံး ဖြစ်ပွားခဲ့တဲ့ ဒီဖျက်ဆီးမှုကို ကျွန်တော်တို့ UNRWA က ကန့်ကွက်ပါတယ်။ ဒီလုပ်ရပ်ကြောင့် ပါလက်စတိုင်း ၆၈ ဦး အိုမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်” ဟု ပြောကြားခဲ့သည်။ ထိုဒုက္ခသည်များတွင် ကလေးငယ် ၃၂ ဦးပါဝင်ကြောင်း၊ သိုးနှင့် ဆိတ် ၇၅၀ ခန့်မှာလည်း နေစရာမရှိသောကြောင့် ဒုက္ခရောက်နေကြောင်း ဂန်းနက်စ်က ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ယခုနှစ်အတွင်း နေအိမ် ၂၅၉ လုံးအပါအ၀င် ပါလက်စတိုင်းရှိ အဆောက်အအုံ ၆၆၃ လုံးကို အစ္စရေးက ဖျက်ဆီးခဲ့ကြောင်း၊ ထို့ကဲ့သို့ဖျက်ဆီးမှုကြောင့် ပါလက်စတိုင်း ၁၁၀၃ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့ပြီး၊ အစ္စရေးအနေဖြင့် ထိုကဲ့သို့ ဖျက်ဆီးမှုများအားရပ်တန့်ရန်နှင့် နိုင်ငံတကာ ဥပဒေများကိုလိုက်နာရန် ဂန်းနက်စ်က တိုက်တွန်းပြောကြားခဲ့သည်။

    ၁၈၉၇-ခုနှစ်က ဆွစ်ဇာလန်နိုင်ငံ ဘရပ်ဆဲလ်တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ဇီယွန် ကွန်ဂရက်အစည်းဝေးကတည်းက ပါလက်စတိုင်းအား သိမ်းပိုက်ရန် ဂျူးလူမျိုးများ ကစီစဉ်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် အရှေ့ဥရောပရှိ ဂျူးလူမျိုးများမှာ ပါလက်စတိုင်းနယ်မြေသို့ တရားမ၀င်ရောက်နေထိုင်ခဲ့ကြပြီး အမေရိကန်နှင့် အနောက်နိုင်ငံအချို့၏အကူအညီဖြင့် ပါလက်စတိုင်းများကိုသတ်ဖြတ်ကာ၊ နယ်မြေများကို အပိုင်စီးပြီး ၁၉၄၈ ခုနှစ် မေလတွင် အစ္စရေးနိုင်ငံအဖြစ်ထူထောင်ခဲ့ကြသည်။ ထိုအချိန်မှစ၍ အစ္စရေးမှာ ယခုအချိန်အထိ နည်းမျိုးစုံဖြင့် ပါလက်စတိုင်းပိုင်နယ်မြေများကို သိမ်းပိုက်လျက်ရှိသည်။
    Ref: RT