News @ M-Media

Author: M-Media

  • မြန်မာနိုင်ငံရှိ HIV/AIDS ကုသမှုလုပ်ငန်းတွင် အာရှဖွံ့ဖြိုးရေးဘဏ်မှ ကူညီမည်

    ဒီဇင်ဘာ ၂၅၊ ၂၀၁၃
    M-Media

    AIDS treatment in Myanmar

    – မြန်မာနိုင်ငံအတွင်း HIV/AIDS ရောဂါကုသရေးနှင့် တားဆီး ကာကွယ်ရေး လုပ်ငန်းများအား တိုးချဲ့လုပ်ဆောင်ရန် အတွက် ဆင်းရဲမွဲတေမှုလျော့ချရေး ရန်ပုံငွေအဖွဲ့(ဂျပန်)မှ ထောက်ပံ့ငွေများအား မြန်မာအစိုးရနှင့် မြန်မာနိုင်ငံ အတွင်းရှိ အန်ဂျီအိုအသင်း အဖွဲ့များအကြား အသုံးပြုနိုင်ရန် မဟာဗျူဟာမြောက်သည့် ဆက်သွယ်မှု တစ်ခုကို အာရှဖွံ့ဖြိုးမှုဘဏ် ADB မှ ချိတ်ဆက်ပေးမည်ဟု နိုင်ငံပိုင်မီဒီယာများက ယနေ့တွင် ဖော်ပြခဲ့သည်။

    ADB မှ ထိုကဲ့သို့ လုပ်ဆောင်ပေးမှုမှာ ဝေးလံခေါင်ဖျားသော ဒေသများရှိ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှု မရရှိသေးသော ပြည်သူလူထုအတွက် ထောက်ပံ့မှုများ ပိုမိုပြုလုပ်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု New Light of Myanmar သတင်းစာ တွင် ဖော်ပြထားသည်။

    ဆင်းရဲမွဲတွေမှုလျော့ချရေး ရန်ပုံငွေအဖွဲ့(ဂျပန်)မှ ကူညီပေးအပ်သည့် ကန်ဒေါ်လာ ၁၀ သန်းဖြင့် ADB၊ မြန်မာအစိုးရနှင့် အန်ဂျီအို အဖွဲ့များပူးပေါင်းကာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ ရွာပေါင်း ၇၃၉ ရွာအား ကျန်မာရေးဆိုင်ရာ အကူအညီများ ပေးပို့သွားမည်ဖြစ်သည်။

    မြန်မာနိုင်ငံရှိ လူဦးရေ ၂ သိန်းကျော်မှာ HIV ပိုး ကူးစက်မှုခံနေရပြီး၊ ၂၀၁၂ ခုနှစ် နိုင်ငံတကာ AIDS အစီအစဉ်၏ စစ်တမ်းကောက်ယူမှု အရ မြန်မာနိုင်ငံတွင် HIV ပိုးကူးစက်သူအများစုမှာ မူးယစ်ဆေးဝါး သုံးစွဲသူများ၊ အမျိုးသမီးလိင်အလုပ်သမများနှင့် လိင်တူဆက်ဆံသူ အမျိုးသားများဖြစ်ကြသည်။ သို့သော်လည်း ရောဂါဖြစ်ပွားသူများ၏ ၄ သောင်းကျော်သာ ART ကုသမှုကိုရရှိကြသည်ဟု သိရသည်။
    Ref: ဆင်ဟွာ

  • ဒီဇင်ဘာ ၂၅ အားကစား သတင်းများ

    ဒီဇင်ဘာ ၂၅၊ ၂၀၁၃
    M-Media

    မိမိသားသမီးများကို စော်ကား၍ မန်စီတီးပရိတ်သတ်ကို လက်ခလယ်ထောင်ပြရခြင်းဟု ဝီလ်ရှိုင်းယားပြော

    – မိမိ၏ သားသမီးများအား စော်ကားပြောဆိုသောကြောင့် မန်စီတီးပရိတ်သတ်များကို လက်ခလယ်ထောင်ပြခြင်းဖြစ်သည်ဟု အာဆင်နယ်အသင်း ကွင်းလယ်လူ ၀ီလ်ရှိုင်းယားက ပြောကြားလိုက်သည်။ ယခုလအစောပိုင်းက အီတီဟတ်တွင် မန်စီးတီးအသင်းအား ၆ ဂိုး ၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲ၌ ပြုလုပ်ခဲ့သည့် ထိုအပြုအမူကြောင့် ၀ီလ်ရှိုင်းယားကို FA မှ ၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ရသည်။ သို့သော်လည်း ထိုကဲ့သို့ပြုလုပ်ခဲ့ခြင်းမှာ မှားယွင်းကြောင်း ၎င်း၏ Twitter စာမျက်နှာတွင် ယမန်နေ့က ၀န်ခံပြောကြားခဲ့သည်။

    Jack-Wilshere-fails-to-get-a-corner-and-gives-the-middle-finger-sign-2926227

    ……………………………..

    ဘက်ခမ်း ကို ၄င်းအသင်းမှာ ပြန်ကစားဖို့ ဘိုလစ်ဗီးယား ချန်ပီယံ ဥက္ကဌ နားချ

    – ဘောလုံးကစားခြင်းမှ အနားယူသွားသော အင်္ဂလန် ကွင်းလယ်ကစာသမားဟောင်း ဒေးဘစ်ဘက်ခမ်းအား မိမိ၏ကလပ်တွင် ဘောလုံးကစားရန် နားချနေသည်ဟု ဘိုလစ်ဗီယား ချန်ပီယံ Bolivar အသင်း ဥက္ကဌဖြစ်သူ မာဆယ်လို ကလော်ရီက ပြောကြားလိုက်သည်။ မာဆယ်လိုမှာ ဘက်ခမ်းနှင့် ရင်းနှီးသော သူငယ်ချင်းလည်းဖြစ်ပြီး အမေရိကန်မေဂျာလိဂ်တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် တူဆောင်ရွက်နေသူလည်းဖြစ်သည်။

    ……………………………..

    ယခုခြေစွမ်း ဆက်ထိန်းပါက နေမာ မှာ တောင်အမေရိက သမိုင်းမှာ အကျော်ကြားဆုံးဖြစ်လာမည်ဟု ဘရားဇီး ဂန္တဝင်ကစားသမား ရော်နာဒို ပြော

    – ယခုလက်ရှိ ပြသနေသည့် ခြေစွမ်းအား ထိန်းသိမ်းထားပါက နေးမာမှာ တောင်အမေရိကသမိုင်းတွင် အကျော်ကြားဆုံးကစားသမား ဖြစ်လာလိမ့်မည်ဟု ဘရာဇီးလ်ဂန္တ၀င်ကစားသမား ရော်နယ်ဒိုက ပြောကြားလိုက်သည်။ နေးမာမှာ ပြီးခဲ့သည့် နွေရာသီက ဘာစီလိုနာ အသင်းသို့ ပြောင်းရွှေ့ လာပြီးနောက် ခြေစွမ်းကောင်းများကို ပြသလျက်ရှိနေသည်။

    …………………………..

    မန်စီးတီးရဲ့ လက်ရှိခြေစွမ်းပြမှုကို ဘာစီ ကြောက်ရွံ့နေမည်ဟု ယာယာတိုရေးပြော

    – မန်စီးတီးအသင်း၏ လတ်တလော စွမ်းဆောင်မှုများကြောင့် ဘာစီလိုနာအသင်းမှာ ကြောက်ရွံ့နေမည်ဖြစ်ပြီး၊ မန်စီးတီးအသင်းမှာလည်း လာမည့် ရာသီအနည်းငယ်တွင် ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းဖြစ်လာမည်ဟု မန်စီတီးအသင်း၏ ကွင်းလယ်လူ ယာယာတိုးယေးက ပြောကြားခဲ့သည်။ ယာယာတိုးယေးမှာ ဘာစီလိုနာ ကစားသမားဟောင်းဖြစ်ပြီး ပရီးမီးယားလိဂ်တွင် အဆင့် ၃ နေရာနှင့် ချန်ပီယံလိဂ်တွင် ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည့် မန်စီးတီးအသင်း၏ အရေးပါသော ကစားသမားတစ်ဦးလည်းဖြစ်သည်။ မန်စီးတီးနှင့် ဘာစီလိုနာမှာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တွင် တွေ့ဆုံနေသည်။

    ……………………………..

    နိုင်ငံတွင်း မတည်ငြိမ်မှုများကြောင့် ၂ နှစ်ကြာ ပိတ်ထားသော အီဂျစ်ပြည်တွင်း ပွဲများပြန်စ

    – ဘောလုံးပွဲအတွင်း ရုန်းရင်းဆန်ခတ်မှုများနှင့် နိုင်ငံအတွင်း နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုကြောင့် ၂ နှစ်နီးပါး ပိတ်ထားခဲ့သည့် အီဂျစ်ပြည်တွင်ဘောလုံးပြိုင်ပွဲများအား ယမန်နေ့က ပြန်လည်စတင်ခဲ့သည်ဟု သိရသည်။ Petrojet နှင့် Talae al-Geishအသင်းတို့ ကစားခဲ့ကြခြင်းဖြစ်ပြီး ၁ ဂိုးစီ သရေကျခဲ့သည်။ သို့သော်လည်း ပရိတ်မပါဝင်ခဲ့ဘဲနိုင်ငံ၏ အခြေအနေ တည်ငြိမ်သွားချိန်အထိ ပရိတ်သတ်မပါဘဲ ကစားသွားမည်ဖြစ်သည်။

  • အစ္စရေး ပိတ်ဆို့ထားမှုကြောင့် ယေရှုခရစ် မွေးဖွားရာ ဘက်သလီဟမ်သို့ ခရစ်ယာန် ဘုရားဖူးများ လာရန် အခက်တွေ့နေ

    ဒီဇင်ဘာ ၂၅၊ ၂၀၁၃
    M-Media

    Bethlehem for Christmas
    – ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်ဒေသရှိ ဘက်သလီဟမ်အား အစ္စရေးတို့က မတရားသိမ်းပိုက်ထားပြီး ပိတ်ဆို့မှုများရှိနေသော်လည်း  ဂါဇာကမ်းမြှောင်ဒေသရှိ ခရစ်ယာန်များမှာ ခရစ္စမတ်ပွဲတော်အား ခရစ်တော်ဖွားမြင်ရာ ထိုဘက်သလီဟန်တွင် ဆင်နွှဲရန် စီစဉ်နေကြသည်ဟု သိရသည်။

    “ဘက်သလီဟမ်ဟာ ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားတဲ့ အဓိက နေရာတစ်ခုဖြစ်ပြီး (အစ္စရေးရဲ့) အိမ်ရာ ၂၇ ခုက ၀န်းရံထားပါတယ်။ ပြီးတော့ တံတိုင်းတွေ၊ ခြံစည်းရိုးတွေနဲ့ကာ ရံထားပြီး၊ စစ်ဆေးရေးဂိတ်တွေ ချထားတဲ့အတွက် ခရီးသွားတွေအတွက် အဟန့်အတားဖြစ်စေပါတယ်။ ” ဟု ပါလက်စတိုင်း ခရီးသွာလာရေးဝန်ကြီး ရိုလာမေယာက Albawaba သတင်းဌာနသို့ ပြောကြားခဲ့သည်။ ထို့ပြင် မိမိတို့အနေဖြင့် ကမ္ဘာတစ်ဝှမ်းရှိ ခရီးသွားများကို ဆွဲဆောင်နိုင်ရန်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင်ကြောင်း၊ သို့သော်လည်း အစ္စရေး၏ မတရားသိမ်းပိုက်ထားမှုကြောင့် ထိုကဲ့သို့လုပ်ဆောင်ရန် မဖြစ်နိုင်ကြောင်း ရိုလာမေယာက ထည့်သွင်းပြောကြားခဲ့သည်။

    ကမ္ဘာ့တစ်ဝှမ်းမှ ခရစ်ယာန်ဘုရားဖူးများမှာ နှစ်စဉ်နှစ်တိုင်း ခရစ္စမတ်ပွဲတော်ကာလအတွင်း ဘက်သလီဟမ်ရှိ ခရစ်တော်မွေးဖွာရာနေရာနှင့် ထိုနေရာဘေးတွင် တည်ဆောက်ထားသည့် သမိုင်းဝင် Nativity ဘုရားကျောင်းသို့ လာရောက်လည်ပတ်လေ့ရှိကြသည်။ သို့သော်လည်း အစ္စရေး၏ ပိတ်ဆို့ထားမှုများကြောင့် များစွာသော ခရစ်ယာန်ဘုရားဖူးတို့မှာ ဘက်သလင်ဟမ်သို့ လာရောက်ရန် အခက်ကြုံနေကြရသည်။

    Ref: OnIslam & News Agencies

    Photo-AP

  • ရခိုင်မှ တက္ကသိုလ်တက်နေသူ မွတ်စလင် ကျောင်းသားများကို ရန်ကုန်ပြောင်း တက်ခိုင်း၍ ပညာဆက်သင်ရန် အခက်အခဲဖြစ်နေ

    ဒီဇင်ဘာ ၂၅၊ ၂၀၁၃
    M-Media
    ဇာဏီ

    img001ကျောင်သားစာရင်း အသေးစိတ်ကြည့်လိုလျှင် Click Here

    ရခိုင် ။      ။         စစ်တွေတက္ကသိုလ်နှင့် တောင်ကုတ်ကောလိပ်သို့ တက်ရောက်ပညာ သင်ကြားနေ့သည့် ရခိုင်ပြည်နယ် သံတွဲ၊ ကျောက်ဖြူ၊ ရမ်းဗြဲ(ကျောက်နီမော်ကျေးရွာ)တို့မှ မွတ်စလင်မ် ကျောင်းသား ကျောင်းသူများအနေဖြင့် ပညာဆက်လက် သင်ယူရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရပါတယ်။

    စစ်တွေတက္ကသိုလ်နှင့် တောင်ကုတ်ကောလိပ်များတွင် ပညာသင်ယူခဲ့သည့် မွတ်စလင်မ်ကျောင်းသား ကျောင်းသူ ၁၃၀-ကျော်အနေဖြင့် ဖြင့် ယခုအခါ အဆိုပါ တက္ကသိုလ်များတွင် သင်ကြားခွင့် မရနိုင်တော့ဘဲ ရန်ကုန်ရှိ တက္ကသိုလ်ကောလိပ်များသို့သာ ပြောင်းရွေှ့တက်ရောက်ခိုင်းမှုကြောင့် ပညာဆက်လက်သင်ကြားရန် မိဘများမှ မတတ်နိုင်သူများ၊ မိမိယူထားသည့် အဓိကဘာသာရပ် (မေဂျာ)ပြောင်းရွေှ့လိုက်ရမှုများ၊ ရန်ကုန်တွင် နေထိုင်စားသောက်မှု အခက်အခဲများ ဖြစ်နေသည်ကို ရခိုင်ပြည်နယ်မှ ကျောင်းသားကျောင်းသူများက ပြောပါတယ်။

    “ကျွန်တော်တို့ဒီမှာ တက္ကသိုလ်ဆက်တက်ဖို့ တော်တော် အခက်အခဲဖြစ်ပါတယ်။ ရခိုင် ဗုဒ္ဓဘာသာတွေကတော့ တက္ကသိုလ်တွေမှာ တက်လို့ရနေပါတယ်။ ကျွန်တော်တို့ မွတ်စလင်မ်တွေပဲ တက်လို့မရတာပါ။ ဒါကြောင့် အခုဆို ကျွန်တော့်ရဲ့ တစ်ဝမ်းကွဲမောင်နှမ တချို့ ရန်ကုန်ကို ပြောင်းတက်လိုက်ကြတယ်။ မေဂျာပါ ပြောင်းလိုက်ရတယ်။ ငွေကြေး မတတ်နိုင်တဲ့သူတွေ အများကြီးရှိတယ်။ သူတို့တွေအတွက် စိတ်မကောင်းဘူး။ ပညာကို ဘယ်လို ဆက်ပြီးသင်ယူကြရတော့မှာလဲ။ ဒါတွေဟာ ရခိုင်မှာ ကျွန်တော်တို့တွေ ခွဲခြားခံရတာ ပေါ်လွင်နေပါတယ်”လို့ သံတွဲမြို့မှ တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောပါတယ်။

    ယခုကဲ့သို့ တက္ကသိုလ်သို့ ပြောင်းရွေှ့ တက်ရောက်ကြသော်လည်း အခက်အခဲများစွာရှိနေသဖြင့် ပညာရေးတစ်ပိုင်းတစဖြင့် ရပ်တန့်သွားတော့မည့် အခြေအနေများဖြစ်လာသဖြင့် နိုင်ငံတော် တည်ဆောက်ရေးတွင် အရေးပါလှသည့် အနာဂတ် ပညာရေးအတွက် စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း သုံးသပ်လိုက်ရပါတယ်။

  • ဒီဇင်ဘာ ၂၄ နိုင်ငံတကာ သတင်းများ

    ဒီဇင်ဘာ ၂၄၊ ၂၀၁၃
    M-Media

    မိမိ၏ အလုပ်မှာ ပြီးဆုံးသွာပြီဖြစ်ကြောင်း စနိုးဒင်ဆို

    – အမေရိကန်၏ ထောက်လှမ်းရေး ပရိုဂရမ်များကို ပြန်လည်ပြင်ဆင်ရလောက်အောင်၊ အမျိုးသားထောက်လှမ်းရေးအေဂျင်စီ NSA ၏ လျှို့ဝှက်ချက်များကို ဖွင့်ချခဲ့သည့် NSA ၀န်ထမ်းဟောင်း အက်ဒ၀ပ် စနိုးဒင်က ၎င်း၏လုပ်ငန်းများမှာ ပြီးဆုံးခဲ့ပြီဟု ပြောကြားခဲ့သည်။ ၀ါရှင်တန်ပို့စ်သတင်းစာနှင့် ယမန်နေ့က အင်တာဗျူးတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ ၉/၁၁ တိုက်ခိုက်မှုပြီးကတည်းက ဆောင်ရွက်လာခဲ့သည့် အမေရိကန်၏ ဆယ်စုနှစ်တစ်ခုကြာ လျှို့ဝှက်ထောက်လှမ်းရေးအစီအစဉ်အစား ဂျာနယ်လစ်များကို ဖွင့်ချခဲ့ရသောကြောင့် ကျေနပ်မိကြောင်း၊ ၎င်း၏အလုပ်မှာ ယခုအချိန်တွင် ပြီးမြောက်ခဲ့ပြီဖြစ်ကြောင်း စနိုးဒင်က ထည့်သွင်းပြောကြားခဲ့သည်။

    စနိုးဒင်မှာ NSA ၏ လျှို့ဝှက်ချက်များကို ဟောင်ကောင်တွင်ဖွင့်ချခဲ့ပြီးနောက် ရုရှားနိုင်ငံ၌ ခိုလှုံနေခဲ့ပြီး ယခုအခါ ရုရှားရှိ ၀ဘ်ဆိုဒ်ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင်လျက်ရှိသည်။ အမေရိကန်အစိုးရက နိုင်ငံတော်၏ လျှို့ဝှက်ချက်များကို ပေါက်ကြားစေမှုဖြင့် စနိုးဒင်အား စောစောပိုင်းက ဖမ်းဝရမ်းထုတ်ထားခဲ့သော်လည်း၊ လျှို့ဝှက်ချက်များ ဖွင့်ချမှုကို ရပ်တန့်ပါက လွတ်ငြိမ်းချမ်းသာ ခွင့်ပေးမည်ဟု နောက်ပိုင်း တွင် ပြန်လည်ပြောကြားထားသည်။
    Ref: AP

    AP_Edward_Snowden_DC_121220_16x9_992
    ………………………………….

    ပါကစ္စတန် နျူကလီးယား ဓါတ်အားပေးစက်ရုံ ဆောက်ဖို့ တရုတ်မှ ဒေါ်လာ ၆.၅ ဘီလီယံ ကူညီ

    – ပါကစ္စတန်နိုင်ငံ ကရာချီရှိ နျူးကလီးယား ဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရေးအတွက် ကန်ဒေါ်လာ ၆.၅ ဘီလီယံ ကူညီမည်ဟု တရုတ်အမျိုးသား နျူးကလီးယားကော်ပိုရေးရှင်း (CNNC) မှ ကတိပေးခဲ့သည်။ အဆိုပါဓာတ်အားပေးစက်ရုံတွင် ဓာတ်ပေါင်းဖို နှစ်ခုပါဝင်မည်ဖြစ်ပြီး တစ်ခုချင်းစီမှ လျှပ်စစ်ဓာတ်အား ၁၁၀၀ မီဂါဝပ်စီ ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်။
    Ref: RT
    ……………………

    တရားစွဲခံထားရသော မူရှာရက်ဖ် တရားရုံးလာရာ လမ်းတွင် လက်နက်များတွေ့၍ ရုံးချိန်းရွှေ့ပေး

    – နိုင်ငံတော်သစ္စာဖောက်မှုဖြင့် တရားစွဲဆိုခံထားရသည့် ပါကစ္စတန်သမ္မတဟောင်း ပါဗက်ဇ်မူရှာရက်ဖ်အား လာမည့်ဇန်န၀ါရီ ၁ ရက်နေ့တွင် ရုံးချိန်းလာရောက်ရမည်ဟု ချိန်းဆိုလိုက်ကြောင်း ပါကစ္စတန်အထူးတရားရုံး၏ တာဝန်ရှိသူများက ယနေ့တွင်ပြောကြားလိုက်သည်။ မူရှာရက်ဖ်၏ ရုံးချိန်းမှာ ယနေ့တွင်ဖြစ်သော်လည်း တရားရုံးလာရာလမ်းကြောင်းတွင် ဗုံးတစ်လုံးနှင့် ပစ္စတိုများကို တွေ့ခဲ့ရပြီး၊ မူရှာရက်ဖ်၏ ရှေ့နေဖြစ်သူက ၎င်းအမှုသည်၏ အသက်အန္တရာယ်စိုးရိမ်ရသောကြောင့် ရုံးချိန်း ရက်ရွှေ့ပေးရန် လျှောက်ထားခဲ့သောကြောင့် ယခုကဲ့သို့ ရက်ရွှေ့ပေးလိုက်ခြင်းဖြစ်သည်။
    Ref: ဆင်ဟွာ