News @ M-Media
Author: M-Media
  • စပိန် Halal Institute မှ စံနှုန်းသတ်မှတ်ချက် စံနစ်စတင်
    ဒီဇင်ဘာ ၈၊၂၀၁၃
    M-Media
    cordoba-halal-e1385983691326
    စပိန်လူမျိုးစားသုံးသူ ၂ သန်းအား အသိအမှတ်ပြုထုတ်ကုန်ပစ္စည်းအမျိုးအစား ၅၀၀ ဖြင့် ဖြည့်ဆည်းပေးနေသော  စက်ရုံစုစုပေါင်း ၂၄၀ မှ ပုံမှန်ဝင်ငွေဒေါ်လာ သန်း ၆၂၀ ရရှိထားခဲ့သည်။
    အေနော်(Aenor) နှင့်အတူ Halal Institute(ဟလာလ်အဖွဲ့အစည်း)သည် ဟလာလ် အစားအသောက်များနှင့် သက်ဆိုင်သည့် စံနှုန်းသတ်မှတ်ချက်စံနစ်အား စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။
    ကော်ဒိုဘာ(Cordoba) တွင်အခြေစိုက်သည့် စပိန်အစ္စလာမ်ဘုတ်အဖွဲ့(Islamic Board of Spain)၏ Halal Institute သည် စပိန်စံနှုန်းနှင့်အသိအမှတ်ပြု လက်မှတ်ထုတ်ပြန်ရေး(Spanish Association for Standardisation and Certification(AENOR)) နှင့်အတူ အစ္စလာမ့်အဓိကအဖွဲ့အစည်းများ၊ စားသုံးသူများ၊ ထုတ်လုပ်သူများ၊ စီမံအုပ်ချုပ်ရေး တို့၏ ပံပိုးကူညီမှုဖြင့် အစားအသောက်များဆိုင်ရာ ဟလာလ်စံနှုန်းသတ်မှတ်ချက်အသစ်လှုပ်ရှားမှုအား များမကြာမီက စတင်ဆောင်ရွက်နေပြီဖြစ်၏။
    Technical Committee on Standardization AEN/CTN 308 Halal ဌာနကို ၄င်းလုပ်ဆောင်ချက်အတွက် ဗဟိုပြုတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ အုပ်ချုပ်ရေးယန္တရားကို စပိန်အစ္စလာမ့်ဘုတ်အဖွဲ့ကိုယ်စား  Halal Institute မှ တာဝန်ယူမည်ဖြစ်ကြောင်း  ဟလာလ် စံနှုန်းသတ်မှတ်ချက် ဒါရိုက်တာ ဟာနိဖ် အက်စ်ကူဒီရို(Hanif Escudero) မှ Europa Press သို့ ရှင်းလင်းပြောပြခဲ့သည်။
    Halal Institute သည် အစ္စလာမ့်နည်းကျ သိပ္ပံနည်းပညာဆိုင်ရာ အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး၊ စပိန်နိုင်ငံရှိ ဟလာလ်ဈေးကွက်အား စံနှုန်းမှန်အတိုင်း လည်ပတ်နေစေရန် နှင့် ထိန်းသိမ်းပေးရန် တည်ထောင်ထားခြင်းဖြစ်သည်။ သို့သာမက အက်စ်ကူဒီရိုမှ ပြောပြချက်အရ ဆက်လက်သိရှိရသည်မှာ Halal Institute သည် တိုးတက်မှုနောက်ကွယ်မှတွန်းအားတစ်ရပ်ဖြစ်ကာ Coorperation Agreements of 1992 (26/1992) အား လက်မှတ်ရေးထိုးထားကြောင်း၊ Guarantte Mark Halal (2466790 M 0.Halal) အားဖြင့် မှတ်ပုံတင်အတည်ပြုပေးနိုင်သူဖြစ်ကြောင်း၊ ၄င်းမှာ လက်ခံခွင့်ပြုထားခြင်း နှင့် တရားဝင်ဖြစ်ခြင်းကို ရည်ညွှန်းကြောင်း သိရသည်။ ဟလာလ်ဆိုသည်မှာ ကမ္ဘာတစ်ဝှန်းလုံးက လက်ခံထားသော ရှရီအဟ် သို့မဟုတ် အစ္စလာမ့်စည်းမျဉ်းများနှင့် ကိုက်ညီသော ကျင့်ထုံးနှင့်အပြုအမူများအား ညွှန်ပြရန် ဖော်ဆောင်ထားချက်ဖြစ်သည်။
    လက်ရှိတွင် Halal Institute ၏ တာဝန်ယူဆောင်ရွက်မှုအရ နိုင်ငံတကာအဆင့်ဟလာလ်ဈေးကွက်သည် ၁၀-၂၀ ရာခိုင်နှုန်းထိ မြှင့်တက်လျက်ရှိပြီး၊ စပိန်တွင် အဓိကစားသုံးသည် ၂ သန်းနီးပါးခန့် ဈေးကွက်ဝေစုရှိနေကြောင်း၊ ထို့အပြင် စက်ရုံ ၂၄၀ ကျော်မှာ အသိအမှတ်ပြုထုတ်ကုန်ပစ္စည်း ၅၀၀မျိုး နှင့်တစ်ကွ လက်လီအရောင်းဆိုင် ၆၀၀ ကျော်တို့ထံမှ ပုံမှန်ဝင်ငွေ ယူရို သန်း ၆၂၀ ရရှိခဲ့ကြောင်း သိရသည်။
    သမိုင်းဝင် ဖြစ်ရပ်
    စပိန်နိုင်ငံရှိ ဟလာလ်အစားအသောက်ဆိုင်ရာ မူဟန်သွင်ပြင်အားလုံးသည် ယခုအသစ်ဖွဲ့တည်ထားသော Technical Committee on Standardization လုပ်ဆောင်မှု နယ်ပယ်အတွင်း ရောက်လာမည်ဖြစ်ကာ၊ Technical Committee on Standardization မှ နည်းပညာနှင့် ဘာသာရေးရှုထောင့်များဖြင့် လမ်းညွှန်ပေးနိုင်ပါလိမ့်မည်ဖြစ်ကြောင်း၊ ဤသည်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း အက်စ်ကူဒီရိုက အလေးထားပြောပြခဲ့သည်။
    ဆက်၍ဆိုရသော် Halal Institute ၏ လုပ်ဆောင်မှုအပိုင်း၌ စံနှုန်းမှန်လုပ်ငန်းစဉ်သည် သမိုင်းဝင်လုပ်ရပ်အဖြစ် ခြေလှမ်းစခဲ့ပြီဖြစ်သည်။  လွန်ခဲ့သော နှစ် ၂၀ ကျော် Cooperation Agreements (26/1992) အား လက်မှတ်ရေးထိုးပြီးနောက် စတင်ကြောင်း၊ စံချိန်မှီလာအောင် လုပ်ဆောင်ပေးသည့် ပထမဆုံးမြင်ကွင်းဖြစ်ကြောင်း သိရ၏။ တစ်နည်းဆိုရသော် ယခုအခါ Cooperation Agreement မှ ကန့်သတ်ချက်များနှင့် ခွဲခြားဖော်ပြရခက်သည်များကိုပင်လျှင် အခြေခံလုပ်ဆောင်နေခြင်းကြောင့် စံပြုစရာဖြစ်လာပေသည်။
    ကော်မတီ၏ ဦးတည်ရည်ရွယ်ချက်များ
    အေနော် စံနှုန်းမှန်နည်းစံနစ်ကော်မတီ(Aenor Technical Committees of Normalization) သည် အခြားသောအုပ်စုများမှ စိတ်ဝင်တစားပါဝင်ပူးပေါင်းမှုကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း၊ လူမှုအသိုင်းအ၀ိုင်းမှလိုအပ်ချက်နှင့် ဖြည့်ဆည်းပေးချက်အပေါ် ရပ်တည်ထားသည့် UNE Standards ၏စံချိန်စံနှုန်းဘောင်ဝင်ရန် ထုတ်လုပ်ခြင်းမှာ သူ၏ အဓိကရည်ရွယ်ချက်ဖြစ်ကြောင်း ဆိုသည်။  Technical Committee on Halal Standardization အဖွဲ့သစ်သည် ဟလာလ် အစားအသောက်လိုအပ်ချက်များ၊ ရသာနှင့်အရည်အသွေးဖြည့်ပစ္စည်းများ၊ တိရိစ္ဆာန်များလှီးဖြတ်ခြင်း နှင့် ထိန်းသိမ်းရေး၊ အမှတ်အသား သို့မဟုတ် တံဆိပ်တပ်ခြင်း စသည်များအားလုံးကို  ဥရောပမှထုတ်ပြန်ထားသောစံနှုန်းနှင့်အညီ လိုက်နာပြုလုပ်သွားမည်ဖြစ်၏။
    အုပ်စုအသီးသီးအသုံးပြုဖော်ဆောင်ရသည့် နောက်ရည်ရွယ်ချက်တစ်ခုမှာ Committee of the Whole သည် ကျယ်ပြန့်သည့် ကိုယ်စားပြုဘုတ်အဖွဲ့ကြီးဖြစ်သလို၊ မတူကွဲပြားသောကဏ္ဍများလည်းပါဝင်ကြောင်း၊  လုပ်ငန်းအုပ်စုများသည် ကော်မတီအဖွဲ့ဝင်များမှလုပ်ဆောင်သည့် လုပ်ငန်းစဉ်အစည်းအဝေးများ၊ ကြိုးပမ်းမှုနှင့်နစ်မြှုပ်လုပ်ဆောင်မှုများတွင် တိုးတက်လာစေမည့် အဓိကအခန်းကဏ္ဍဖြစ်ကြောင်း Halal Standardization မှ ဒါရိုက်တာက ကောက်ချက်ချ သုံးသပ်ပြခဲ့ပါသည်။
    Ref:eat-halal
  • တောင်ကြီးမြို့ ၉၆၉ တရားပွဲ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို တိုက်ခိုက် လှုံ့ဆော်စာများ တရားဝင်ဝေငှ
    ဒီဇင်ဘာ ၇ ၊ ၂၀၁၃
    M-Media
    နန်းနွယ်နီနိုင် (တောင်ကြီး)
    2013-12-07 16.02.29
    ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်ညဥ့်၊ တောင်ကြီးမြို့ သိမ်တောင်ပရိယတ္တိစာသင်တိုက်၌ ဓမ္မရောင်စဉ်အဖွဲ့မှ ကြီးမှူးကျင်းပသော တရားပွဲတွင် အညတရဘိက္ခူ (မဟာဓမ္မာစရိယ)အမည်ဖြင့် ရေးသားထားသော “ဒေါ်အောင်ဆန်းစုကြည်၊ NLD နှင့် ကျွန်ုပ်တို့၏အနာဂတ်များ” စာရွက်စာတမ်းများအား တရားနာရန် လာရောက်သူများကို ကြောင်း သိရသည်။
    အညတရဘိက္ခူ (မဟာဓမ္မာစရိယ)အမည်ဖြင့် ရေးသားထားသော “ဒေါ်အောင်ဆန်းစုကြည်၊ NLD နှင့် ကျွန်ုပ်တို့၏အနာဂတ်များ” စာရွက်စာတမ်းအတွင်း ပါရှိသည့်စာသားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
    ဒေါ်အောင်ဆန်းစုကြည်၊ NLD နှင့် ကျွန်ုပ်တို့၏အနာဂတ်များ
    ————————————————————–
    ၂၀၁၅ ခုနှစ်မှာ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတဖြစ်ချင်တယ်လို့ ပြောလိုက်ပါပြီ။ အရင်အခြေအနေအတိုင်းဆို သူမ သမ္မတဖြစ်မှာကို အားလုံးက လိုလားနေကြတာပါ။ ဒီအထဲမှာ ရဟန်းသံဃာတွေလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် အခုအခြေအနေတွေက ပြောင်းလဲသွားပါပြီ။ သူမ သမ္မတ ဖြစ်မယ်မဖြစ်ဘူးဆိုတာကိုတော့ သံဃာတော်တစ်ပါးအနေနဲ့ ဘာမှမပြောတတ်ပါဘူး။ ဒါပေမယ့် အခုအချိန်မှာ သံဃာတော်တွေ ဘာကို တွေးနေမလဲဆိုတာကိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို သိစေချင်ပါတယ်။
    အမှန်တကယ် သံဃာတော်တွေ တွေးနေတာကတော့ ၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် မဲနိုင်လို့ အာဏာရပြီး သမ္မတဖြစ်လာခဲ့ရင် သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာရဲ့အခြေအနေ ဘယ်လိုရှိမလဲ ? ဆိုတာပါပဲ။ တကယ်ဆို ဒီအတွေးကို စတွေးဖြစ်ခဲ့ကြတာလည်း မကြာသေးပါဘူး။ အရင်တုန်းကတော့ သံဃာတော်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို အကြွင်းမဲ့ထောက်ခံသူတွေပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အတွက် သံဃာတော်တွေ အသက်ပေးခဲ့ကြတယ်ဆိုတာ ရွှေဝါရောင်တော်လှန်ရေးက သာဓကပါ။ ဒါပေမယ့် အခုအချိန်မှာတော့ သံဃာတော်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီဟာ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်မှန်းမသိ ဖြစ်လာနေပါပြီ။ ဒါတွေဖြစ်တာ ဘယ်သူ့ကြောင့်ပါလဲ ? ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကြောင့်ပါပဲ။
    ဆရာတော် ဦးဘိစိတ္တာဘိဝံသ(၀ီရသူ)က ခွပ်ဒေါင်းကနေ မွတ်ဒေါင်း ဖြစ်သွားပြီလို့ တရားဟောလိုက်တဲ့အချိန်မှာ အစ္စလာမ်နဲ့မူဆလင်တွေ လွှမ်းမိုးနေတဲ့ မိမိတို့ပါတီကို မပြုပြင်ဘဲ NLD ပါတီဝင်တွေဟာ ဦးဝီရသူကို ရန်သူကြီးတစ်ယောက်လို အဆက်မပြတ် တိုက်ခိုက်လာတော့တာပါပဲ။
    ဒီတိုက်ခိုက်မှုဟာ နောက်ပိုင်းကြတော့ သံဃာတော်အားလုံးကို တိုက်ခိုက်တဲ့ပုံစံမျိုး အသွင်ဆောင်ပြီး NLD ပါတီဝင်တွေက သံဃာတော်တွေရဲ့ဂုဏ်ကျေးဇူးမဲ့ကို ဗုဒ္ဓဘာသာတစ်ယောက်နဲ့ မတူလောက်အောင်ကိုသံဃာတော်တွေအပေါ်ကို တိုက်ခိုက်လာခဲ့ပါတယ်။ ဒီအချိန်မှာ သံဃာထုဘက်က
    မနေနိုင်တော့လို့ ပြည်တွင်းပြည်ပမှာရှိတဲ့ သံဃာတော်တွေပါ NLD နဲ့တိုက်တဲ့တိုက်ပွဲမှာ ပါဝင်လာခဲ့ကြတာပေါ့။
    ဒီတိုက်ပွဲကို အရှိန်မြှင့်ပေးလိုက်တာကတော့ “မျိုးစောင့်ဥပဒေ” ကိစ္စပါ။ မှော်ဘီသံဃာ့အစည်းအဝေးမှာ ဦးဝီရသူက “အမျိုးစောင့်ဥပဒေ” တင်သွင်းမယ်လို့ မီဒီယာတွေမှာဖော်ပြပြီး၊ အမျိုးသမီးတွေရဲ့ ထင်မြင်ယူဆချက်(opinion) ကို မီဒီယာတွေ မေးမြန်းကြတဲ့အခါ ဒေါ်ဇီးကွက်၊ ဒ်ါဇင်မာအောင်နှင့်
    ဒေါ်အောင်ဆန်းစုကြည်တို့က တညီတညွတ်တည်း ကန့်ကွက်ခဲ့ကြတယ်။
    “လူ့အခွင့်အရေးချိုးဖောက်တယ်” လို့ ပြောခဲ့ကြတာပါ။ ဒီအခါမှာတော့ နှစ်ဖက် (Online) တိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာခဲ့တယ်။ NLD က ခွန်ဒီးယမ် ခေါ် မေဇင်အေးရဲ့ ဗုဒ္ဓဘာသာအပေါ် တိုက်ခိုက်မှုတွေက ဗုဒ္ဓဘာသာတွေက လက်ခံနိုင်စရာအဆင့်ကို ကျော်လွန်ခဲ့ပါတယ်။
    တစ်ချိန်ထဲမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ မေဇင်အေးတို့ နှစ်ယောက်အတူ တွဲရိုက်ထားတဲ့ပုံတွေ အင်တာနက်မှာ ပျံ့နှံ့လာတဲ့အခါမှာတော့ NLD က ဗုဒ္ဓဘာသာနဲ့ သံဃာတော်တွေကို ရှုတ်ချအပုပ်ချတဲ့နေရာမှာဒေါ်အောင်ဆန်းစုကြည်ကပါ အလိုတူအလိုပါ လုပ်ခဲ့တယ်လို့ သံဃာတော်တွေက
    ယုံကြည်လာကြပါတယ်။ အဲ့ဒီမှာပဲ သံဃာတော်တွေက သူတို့ ဗုဒ္ဓဘာသာရဲ့အနာဂတ်ကို စတင်စဉ်းစားလာခဲ့ကြတာပါ။ အကယ်၍ ၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခဲ့ရင် သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာအတွက် ဘယ်လောက်အာမခံချက် ရှိနိုင်မလဲ ? ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်ကို မေးချင်တာပါ။ အဲဒီလို ဘာလို့ မေးရတာလဲဆိုရင် – ယနေ့အချိန်ထိ ဒေါ်အောင်ဆန်းစုကြည်က သံဃာတော်တွေနဲ့ဗုဒ္ဓဘာသာကို အကာအကွယ်ပေးတဲ့စကား (လုံးဝ) မပြောသေးပါဘူး။ ဒါပေမယ့် မူဆလင်နဲ့အစ္စလာမ်ကို အကာအကွယ်ပေးတဲ့စကားကို
    သွယ်ဝိုက်ပြီးပြောနေတယ်လို့ သံဃာတော်တွေက ယူဆနေကြတာပါ။
    ဒီအယူအဆဟာ Time မဂ္ဂဇင်းက ဦးဝီရသူအပါအ၀င် သံဃာတော်တွေနဲ့ မြန်မာဗုဒ္ဓဘာသာတွေကို (The Face of Buddhist Terror)  ဆိုတဲ့ မျက်နှာဖုံးဆောင်းပါး ပါလာချိန်မှာ ပိုပြီးတော့ ခိုင်မာစေခဲ့ပါတယ်။ ဒီ (The Face of Buddhist Terror)ဆောင်းပါးနဲ့ပတ်သက်ပြီး သမ္မတရုံးအပါအ၀င် မြန်မာမီဒီယာအများစုက Time မဂ္ဂဇင်းကို ကန့်ကွက်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဗုဒ္ဓဘာသာဝင်အမည်ခံထားပါလျက် ဗုဒ္ဓဘာသာအတွက် မည်သည့်ကာကွယ်ပြောဆိုမှုများ တစ်ခုမျှ မလုပ်သည့်အပြင် NLD ပါတီဝင်တွေက Time မဂ္ဂဇင်းကိုကန့်ကွက်တဲ့ campaign ကို ရှုတ်ချခဲ့ပါသေးတယ်။ ဗုဒ္ဓဘာသာဘက်ကနေ အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တာဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်တွေကို အစ္စလာမ်တွေရဲ့ လွှမ်းမိုးမှုကြောင့်လို့ ယူဆနေကြတာပါ။
    ရှင်းရှင်းပြောရရင် အာဏာတောင်မရသေးဘူး။ သံဃာကို အာခံချင်နေပြီ။ အာဏာသာရရင် သံဃာတော်တွေကို ဟာလာလုပ်ပစ်မလားတောင် မသိဘူးလို့ ပြောနေကြပါပြီ။ ဒါက ဘာကိုပြသလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တွေအပေါ် အစ္စလာမ်တွေရဲ့ လွှမ်းမိုးမှုရှိနေတာကို ပြတာပါပဲ။ ဒါတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်တွေက ရဟန်းသံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာအပေါ် လျစ်လျူရှုနေတာကို ပြနေတယ်လို့ သံဃာတော်တွေက ခံစားနေရပါတယ်။ ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ OIC နဲ့ အဆက်အသွယ်ရှိနေပါတယ်။ OIC ရုံးခွဲ
    မြန်မာနိုင်ငံမှာ ဖွင့်လှစ်ခွင့် သမ္မတ ဦးသိန်းစိန်လက်ထက်မှာ မရခဲ့ပါဘူး။ ဒါပေမယ့် ၂၀၁၅ ခုနှစ်မှာ OIC ရုံးခွဲဖွင့်လှစ်ခွင့်ကို ဒေါ်အောင်ဆန်းစုကြည်က ကျိန်းသေပေါက် ပေးလိမ့်မယ်လို့ ထင်နေပါတယ်။
    Final communique of the OIC contact Group on Myanmar Muslim Rohingya Minory ဆိုတဲ့ OIC နောက်ဆုံးကြေညာချက် အပိုဒ်ရေ(g)မှာ Muslim opinion leaders and NGOs should convey their views to their counterparts in Myanmar, first and foremost to Ms. Aung San Suu Kyi, chairperson of the National League for Democracy လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ OIC ပတ်သက်မှုကို အတိအလင်း ဖော်ပြထားပါတယ်။ OIC ဆိုတာ မြန်မာလူမျိုးတွေအတွက် လုံးဝမဟုတ်ပါဘူး။ ဘင်္ဂါလီနဲ့ အစ္စလာမ် အကျိုးစီးပွား သက်သက်မျှသာပါ။
    ၁၉၈၂ နိုင်ငံသားဥပဒေကို နိုင်ငံတကာအဆင့်နဲ့အညီဖြစ်အောင် ပြင်မယ်လို့ ပြောနေတာတွေဟာ သူအကာအကွယ်ပေးနေတဲ့ ဘင်္ဂါလီတွေကိုယ်တိုင်ကတော့ နိုင်ငံတကာအဆင့်နဲ့ညီအောင် နေနိုင်စွမ်းမရှိဘဲနဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေကိုတော့ နိုင်ငံတကာအဆင့်နဲ့ညီအောင် ပြင်မယ်ဆိုတော့ သေချာပါတယ်၊ ဒီပြင်ဆင်မှုဟာ ဗုဒ္ဓဘာသာအတွက်လည်း မဟုတ်ဘူး၊ မြန်မာပြည်သူတွေအတွက်လည်း မဟုတ်ဘူး၊ ဘင်္ဂါလီတွေအတွက်သက်သက်၊ အစ္စလာမ်တွေအတွက်သက်သက်ပဲ။ အာဏာမရသေးတဲ့ခုလိုအချိန်မျိုးမှာတောင် ဒီဥပဒေကို ပြင်မယ်တကဲကဲလုပ်နေရင် အာဏာသာရသွားလို့ကတော့ ကျိန်းသေပေါက်ပြင်မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ၊ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီရဲ့အဓိကနေရာမှာ အစ္စလာမ်ဘာသာဝင်တွေ နေရာယူထားရုံတင်မကဘဲ အခြား NLD ပါတီဝင်တွေအပေါ်မှာလည်း အစ္စလာမ်ဘာသာဝင်တွေက
    လွှမ်းမိုးနေပါပြီ။ ယခုဆိုရင် လွှတ်တော်ထဲမှာ အစ္စလာမ်ဘာသာဝင်အမတ်သုံးဦးရှိပါတယ်။ အကယ်၍ NLD ပါတီကသာ ရွေးကောက်ပွဲမှာ အနိုင်ရသွားရင် အစ္စလာမ်ဘာသာဝင်အမတ် အယောက် ၃၀ လောက် ဖြစ်သွားလိမ့်မယ်လို့ သံဃာတော်တွေက တွက်ထားပါတယ်။ အဲ့ဒီလို တကယ်ဖြစ်ခဲ့ရင် သူတို့အစ္စလာမ်ဘာသာဝင်တွေဟာ ၀န်ကြီးဝန်လေးအမတ်နေရာတွေ ရလာပြီး ဒေါ်အောင်ဆန်းစုကြည်အားကိုးနဲ့ သခင်အားရကျွန်ပါးဝပြီး ဥပဒေဘောင်အတွင်းကတစ်မျိုး၊ ဥပဒေပြင်ပကတစ်ဖုံ သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာကို ဒုက္ခပေးလိမ့်မယ်လို့ ယူဆနေကြပါပြီ။ ဒီအယူအဆဟာ အကြောင်းမဲ့ (Groundless) မဟုတ်ဘူးဆိုတာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တို့က ပိုပြီးသိပါလိမ့်မယ်။
    ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာ သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာရဲ့ အန္တရာယ်လို့ သံဃာတော်တွေနဲ့ဗုဒ္ဓဘာသာဝင်ပြည်သူတွေက မြင်လာရင်တော့ သူတို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်တွေကို မဲမပေးနိုင်အောင် မဲမရအောင် သံဃာတော်တွေမက ပြည်သူတွေကပါ လှုပ်ရှားလာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ ခေါင်းဆောင်သမ္မတလုပ်ချင်တဲ့သူဟာ ဘယ်သူဖြစ်ဖြစ် သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာရဲ့ အကျိုးစီးပွား တစ်နည်းအားဖြင့် အမျိုးဘာသာသာသနာရဲ့ အကျိုးစီးပွားကို အာမခံချက် ပေးနိုင်မယ့်သူဖြစ်ရပါမယ်။ အမျိုးဘာသာသာသနာအတွက် အာမခံချက်မပေးနိုင်တဲ့ အဘယ်ပုဂ္ဂိုလ်မှ မြန်မာနိုင်ငံမှာ ခေါင်းဆောင်သမ္မတ မဖြစ်သင့်ပါဘူး။
    ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရင် သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာရဲ့ အနာဂတ် ဘယ်လိုဖြစ်မယ်ထင်ပါသလဲ ? ….။ ကောင်းတဲ့အနာဂတ်လား ?…။ မကောင်းတဲ့အနာဂတ်လား ?…။ တကယ်ဆို သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာပြည်သူတွေ လိုချင်တာက ဒီမိုကရေစီဖြစ်ထွန်းပြီး ဗုဒ္ဓဘာသာပြန့်ပွားတဲ့ ဗုဒ္ဓဘာသာဒီမိုကရေစီ နိုင်ငံတော်ကြီးပါ။ ဒါပေမယ့် ဒီမိုကရေစီ ခေါင်းဆောင်က အစ္စလာမ်ကို မျက်နှာသာပေးတဲ့အခါမှာ ဗုဒ္ဓဘာသာပြည်သူတွေက အစ္စလာမ်လွှမ်းမိုးမဲ့ ဒီမိုကရေစီနိုင်ငံကို သွားမဲ့အစား ဗုဒ္ဓဘာသာလွှမ်းမိုးတဲ့ အာဏာရှင်နိုင်ငံကို ပြန်သွားမယ်လို့တောင် ပြောနေကြပါပြီ။ ယခုအချိန်မှာ သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာပြည်သူတွေ အတွက်တော့ ဆုပ်လည်းစူး၊ စားလည်းရူး၊ (between the devil and the deep blue) ဖြစ်နေပါပြီ။ အားငယ်နေစရာ မလိုပါဘူး။ အဆုံးအဖြတ်ပေးမှာက ဗုဒ္ဓဘာသာပြည်သူတွေပါ။ ရဟန်းသံဃာတွေကတော့ တိုက်ရိုက်ရွေးချယ်လို့မရပါဘူး။ ပြည်သူတွေမှာသာ တိုက်ရိုက်ရွေးချယ်ခွင့် ရှိတာပါ။ ဒါကြောင့် မိမိတို့ပြည်သူတွေအနေနဲ့ ရွေးချယ်မမှားဖို့လိုပါတယ်။ ပြည်သူတွေ ရွေးချယ်မှားရင် ပြည်သူတွေတင် ဒုက္ခခံစားရမှာ မဟုတ်ဘူး။ ပြည်သူတွေကိုးကွယ်နေတဲ့ သံဃာတော်တွေပါ ဒီဆိုးကျိုးကို ခံစားရမှာပါ။
    ဒါကြောင့် ပြည်သူတွေရဲ့ ရွေးချယ်မှုက အရေးကြီးတယ်ဆိုတာ ပြည်သူတွေကိုယ်တိုင် သိထားဖို့လိုပါတယ်။ အဓိကတော့ သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာရဲ့ (တစ်နည်းအားဖြင့်) အမျိုးဘာသာသာသနာရဲ့အကျိုးစီးပွားကို အာမခံနိုင်မည့် ခေါင်းဆောင်သမ္မတကိုသာ ရွေးချယ်ပါလို့
    အလေးအနက်တိုက်တွန်းလိုက်ပါရစေ။
    အချုပ်အားဖြင့် ပြောရရင် …
    * ၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လို့ OIC ရုံးခွဲဖွင့်ခွင့်ပြုခဲ့မယ်ဆိုရင် …
    * ၁၉၈၂ နိုင်ငံသားဖြစ်မှုဥပဒေကို ပြင်ဆင်ခဲ့မယ်ဆိုရင် …
    * NLD ပါတီတွင်းမှာရှိတဲ့ မူဆလင် အစ္စလာမ်တွေကို မဖယ်ထုတ်ခဲ့ဖူးဆိုရင် …
    * NLD ပါတီကို မူဆလင် အစ္စလာမ်တွေက ဆက်လက်လွှမ်းမိုးနေမယ်ဆိုရင် …
    * ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဘင်္ဂါလီမူဆလင် အစ္စလာမ်ဘာသာကို ဆက်လက်အကာအကွယ်ပေးနေမယ်ဆိုရင် …
    * ဒေါ်အောင်ဆန်းစုကြည်နဲ့NLDပါတီက သံဃာတော်များနဲ့ဗုဒ္ဓဘာသာတွေကို အကာအကွယ်ပေးဖို့ ဆက်လက်ပျက်ကွက်နေမယ်ဆိုရင် …
    နောက်ပိုင်းသံဃာတော်များရဲ့ဘ၀နဲ့ဗုဒ္ဓဘာသာရဲ့ အနာဂတ်ကတော့ လှပလိမ့်မယ်လို့ မထင်။
    အညတရဘိက္ခူ (မဟာဓမ္မာစရိယ)
  • ဗြိတိန် ဗလီကျောင်းတော်များ၏ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး အစီအစဉ်
    ဒီဇင်ဘာ ၇ ၊၂၀၁၃
    M-Media
    British Mosques Go Green
    လန်ဒန်။    ။ ဗြိတိန် မွတ်စ်လင်မ်အဖွဲ့အစည်းတစ်ရပ်သည် သဘာ၀၀န်းကျင်ဆိုင်ရာ အကျိုးပြုလုပ်ရှားမှုများ၌ ဗလီကျောင်းတော်များအား ပါဝင်လာစေရန်၊ ပညာပေးနိုင်ရန် လှုံ့ဆော်တွန်းအားပေးသည့် ဆုပေးပွဲအစီအစဉ်တစ်ခုကို စတင်လိုက်ပြီဖြစ်ကြောင်းသိရသည်။
    “ အပေးအယူဆိုတဲ့ ကျွန်တော်တို့ရဲ့မိရိုးဖလာ အယူအဆသဘောတရားနဲ့နှိုင်းယှဉ်ရင် သဘာဝတရားဟာ ဘယ်လောက် ထိပိုပြီးလေးနက်တယ် ဆိုတာကို ကုရ်အာန်ထဲမှာ ကျွန်တော်တို့တွေ့မြင်ရတယ် ။ သဘာဝတရားဆိုတာ ဘုရားသခင်ရဲ့အံဘွယ်ဖန်ဆင်းမှုတစ်ခုလို့ အသိရှိသွားပြီးရင် ကျွန်တော်တို့အဖို့ ထိုအရာကိုစောင့်ရှောက်ဖို့လိုလိမ့်မယ်။ ကျွန်တော်တို့ဟာ အသေးအဖွဲ ကိစ္စလေးတွေအပေါ်မှာသာ အာရုံစိုက်နေမိကြတယ်၊ သဘာ၀၀န်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးက အရေးတကြီး ဦးစားပေးရမယ်ဆိုတာကိုတော့ ဂရုမစိုက်မိကြသေးဘူး ” ဟု  UK Carbon Reduction network (ဗြိတိန်မှ ကာဗွန်လျော့နည်းမှု စွမ်းဆောင်ရေး)ဖြစ်သော  E2B Pulse သို့ နိုင်ငံရေးသတင်းထောက် နှင့် ပညာရှင် မိုင်ရီယမ် ဖရန်ကို့စ် ဆီရာဟ်(Myriam Francois-Cerrah) က ဒီဇင်ဘာလ ၂ ရက်၊ တနင်္လာနေ့ တွင် ပြောကြားခဲ့ပါသည်။
    မွတ်စ်လင်မ် ဖွံဖြိုးမှုပညာပေးအေဂျင်ဆီ(Muslim Agency For Development Education (MADE)) မှ တာဝန်ခံဆောင်ရွက်သည့် သဘာဝထိန်းသိမ်းမှုဆုအား လွန်ခဲ့သော စနေနေ့ကစတင်ခဲ့ပြီး ဗြိတိန်နိုင်ငံရှိ ဗလီကျောင်းတော်များ၏ ပတ်ဝန်းကျင်အား သဘာဝနှင့် လိုက်လျောညီထွေရှိနေစေမည့် အစီအမံဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
    ယင်းလှုပ်ရှားချက်သည် မွတ်စ်လင်မ်များအား စိမ်းလန်းစိုပြေခြင်း၏အမြင်ကိုရရှိစေရန် နှင့် သူတို့၏ အစာရေစာ၊ သယ်ယူပို့ဆောင်ရေး နှင့် အ၀တ်အစားများ အပေါ် ဂေဟစံနစ်၏အကျိုး သက်ရောက်စေမှုကို သိရှိစေရန်အတွက်လည်းဖြစ်သည်။
    ပထမဆုံးဆုအား City Bridge Trust မှ ထောက်ခံအားဖြည့်ပေးထားပြီး၊ “ စွန္နဟ်အားမေ့လျော့နေသူများအတွက် သတိပေးသင်္ကေတများ” ဆိုသောခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သော ပွဲအတွင်း ကြေငြာပေးခဲ့သည်။ ၄င်းပွဲအား လန်ဒန် မိုင်းလ်အဲန်း(Mile End) ရှိ အီကိုလော်ဂျီ ပါဗေးလီယန်း(Ecology Pavilion) တွင် ပြုလုပ်ခဲ့ပြီး လူသိများသောမွတ်စ်လင်မ်ဦးရေ ၁၅၀ နီးပါး တက်ရောက်ခဲ့သည်။
    လာရောက်သူများအား Green Up My Community! လုပ်ဆောင်ချက်လက်စွဲလမ်းညွှန်စာအုပ်များအား အခမဲ့ဖြန့်ဝေပေးအပ်ခဲ့ပြီး ထိုအထဲတွင် ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ နည်းလမ်းများပါဝင်သည်။
    ပွဲအတွင်း၌ အစ္စလာမ် ဥပဒေပညာရှင် နှင့် အီဘရာဟင်တက္ကသိုလ် (Ebrahim College)တည်ထောင်သူ ရှိုင်းခ် ရှမ်းစ်(Shaykh Shams) မှ သဘာ၀၀န်းကျင်ရေရှည် တည်တံ့ရေးဆိုင်ရာ အစ္စလာမ့်အမြင်ကို တင်ပြခဲ့သည်။
    “ အစ္စလာမ့် စည်းမျဉ်းများက ရုပ်ဝါဒနဲ့ဖွင့်ဆိုထားတဲ့ ရှင်သန်ရေး အတွေးအခေါ်ကို ရှောင်ဖယ်ဖို့၊ ဘ၀ကဏ္ဍတိုင်းမှာ ခေတ်စံနစ်နဲ့အညီ လျှောက်လှမ်းကြဖို့ ကျွန်တော်တို့ကို သင်ကြားပေးပါတယ်” ဟု သူကဆိုသည်။
    စဦးလုပ်ဆောင်ချက်များ
    ဆုအားကြေငြာပြီးနောက်တွင် လန်ဒန်အရှေ့ပိုင်း ဗလီ(East London Mosque)၊ ပါးလ်မား ဂရင်းဗလီ(Palmers Green Mosque) နှင့် အလ်မနားရ် ဗလီ(Al-Manar Mosque) အပါအ၀င်လက်တစ်ဆုပ်စာမျှသော ဗြိတိန်နိုင်ငံရှိ ဗလီကျောင်းတော်များမှ စတင်၍ အကောင်အထည်ဖော် လုပ်ဆောင်လာကြသည်။
    မန်ချက်စတာအလယ်ပိုင်းတွင်တည်ရှိသော အလ်မရ်ကဇ် အလ်နဂ်ျမီ ဗလီကျောင်းတော်(Al-Markaz Al-Najmi Mosque) အား စံပြဗလီကျောင်းတော်အဖြစ် အသုံးပြု၍ ဆုပေး အကဲဖြတ်မည်ဖြစ်ကြောင်း သိရသည်။
    ၂၀၁၀ ခုနှစ်တွင် အလ်နဂ်ျမီ ဗလီကျောင်းတော်အား မန်ချက်စတာ၏ ပထမဆုံး သဘာ၀၀န်းကျင်နှင့်လိုက်လျောညီထွေရှိသောဗလီကျောင်းတော်အဖြစ် ဖွင့်လှစ်နိုင်ခဲ့ပြီး၊ ၄င်းကို ပြန်လည်အသုံးချ ရင်းမြစ်ဖြစ်သည့်သစ်သား နှင့် ကြေးရိုင်းမှပြုပြင်ထားသည့်ကျောက်တုံးများဖြင့် တည်ဆောက်ထားကာ ပေါင် ၃.၅ သန်း ကုန်ကျခဲ့သည်။
    စဲလ်ဖို့ဒ်တက္ကသိုလ် ဗလီကျောင်းတော် (University of Salford’s mosque) ကိုလည်း တင်းပြည့်ကျပ်ပြည့်စိမ်းလန်းစိုပြေနေသော ဗလီကျောင်းတော် အဖြစ် ဆောက်လုပ်ရန် စီစဉ်ခဲ့ပြီး၊ ဗလီကျောင်းတော်အား နေရောင်ခြည်စွမ်းအင်သုံး Panel များ၊ စွန့်ပစ်ပစ္စည်းပြန်လည် အသုံးချစံနစ် နှင့် မြေသားအပူရှိန်စွမ်းအင်များကို အသုံးပြုထားသော ဇီဝဥယျာဉ် တစ်ခုတို့ဖြင့် တည်ဆောက်ထားကာ ငွေကြေး ပေါင်စတာလင် ၁၀ သန်း ကုန်ကျစားရိတ်ရှိခဲ့သည်။
    “ ယခုအစီအစဉ်ဟာ နောင်လာနောက်သားများအနေနဲ့ သဘာ၀၀န်းကျင်နိယာမရဲ့ အရေးပါပုံကို နားလည်စေဖို့ ပြုလုပ် ခဲ့တာဖြစ်တယ်။ ရေဆိုးရေညစ်ကိုရေကောင်းရေသန့် အဖြစ် ပြန်လည်ပြုပြင်တဲ့ နည်းစံနစ်များ အပါအ၀င်၊ အဆောက်အဦပြင်ပ ပိုက်လိုင်းစနစ်နဲ့ နေအပူချိန်သုံးရေနွေး ရရှိအောင် ပြုလုပ်ထားတယ်၊ ဗလီကျောင်းတော်မှာ သဘာဝ စွန့်ပစ်ပစ္စည်းသုံးစံနစ်နဲ့ အပူဓာတ်ကို ဖန်တီးထားပါတယ်။ ” ဟု စဲလ်ဖို့ဒ် ဗလီကျောင်းတော်ဥက္ကဌ အွတ်စ်မန်း အလီ (Usman Ali) က ဆိုသည်။
    “ တည်ဆောက်မှုစီမံချက်ထဲမှာ ကျောင်းသား ၄၃ ယောက်ပါဝင်တယ်။ သူတို့အားလုံးဟာ လက်ဖျားခါလောက်တဲ့ ဒီဇိုင်းများကို ရေးဆွဲတင်ပြနိုင်ခဲ့တယ်လို့ ကျွန်တော်ဆိုချင်ပါတယ်။ ကျောင်းသားအများအပြားဟာ အဆောက်အဦထဲ ရေကိုဘယ်လို သွယ်ယူရမလဲ၊ အဆောက်အဦနဲ့အညီ ရေအလုံအလောက်ရရှိအောင် ဘယ်လိုလုပ်ကြမလဲဆိုတာကို အတော်လေး အားထုတ်ခဲ့ကြရပါတယ်”ဟု စဲလ်ဖို့ဒ်ဗလီကျောင်းတည်ဆောက်ရေး ဦးစီးမှူး မာ့ခ် အဲလ်စတွန် (Mark Alston) က ဆိုသည်။
  • မကြာခဏစာမေးပွဲ စစ်ဆေးခြင်းသည် စာပေလေ့လာခြင်းကို မြှင့်တက်စေကြောင်း လေ့လာစမ်းသပ်မှု
    ဒီဇင်ဘာ ၇၊ ၂၀၁၃
    M-Media
    images
    အမေရိကန်နိုင်ငံ၊ တက္ကဆက်တက္ကသိုလ်မှ ပြုလုပ်ခဲ့သည့်စမ်းသပ်လေ့လာမှုသည် စီးပွားရေး၊ လူမှုရေးနောက်ခံကွဲပြားကြသည့်ကျောင်းသားများအကြား အမှတ်အဆင့်ရရှိမှုကွဲပြားခြားနားခြင်းကို လျော့နည်းစေပါသည်။ အော်စတင်မြို့ရှိ ထိုတက္ကသိုလ်၏ စိတ်ပညာဌာနမှ ကျောင်းသူကျောင်းသား (၉၀၁)ဦးကို Quizမေးခွန်းများဖြေကြားရန် ဆရာများက မိမိတို့လက်တော့ပ်များကို ယူဆောာင်လာ စေခဲ့ပါသည်။ အွန်လိုင်းဖြင့် Quizများကို ဖြေကြားစေခြင်းဖြင့် ကွန်ပျူတာများကို စနစ်တကျ အသုံးပြုစေရန် ဖြစ်စေပြီး အခြားလမ်းလွဲလုပ်ဆောင်မှုမှ ကင်းဝေးစေပါသည်။
    စိတ်ပညာရှင်များက နှစ်ပေါင်းများစွာက သိရှိခဲ့သောစာမေးပွဲစစ်ဆေးခြင်းနည်းမှာ ကျက်မှတ်ပြီး သောအကြောင်းအရာတစ်ခုမှ မိမိ မှတ်မိသမျှပြန်လည်ရေးသားစေခြင်းသည် ထိုအကြောင်းအရာကို ပိုမို မှတ်သား မိစေသော်လည်း အခြားအကြောင်းအရာများကို လေ့လာရန် မဖြစ်နိုင်သည်များကို ရှိခဲ့ပါသည်။ ယခုအသုံးပြုသောအိုင်တီနည်းပညာအခြေခံသောစာမေးပွဲစစ်နည်းမှာ Quizမေးခွန်း(၇)ခုခန့်သည် တိုတောင်းပြီး မိမိနှင့်သက်ဆိုင်သောအကြောင်းအရာကို အခြေခံထားပြီး ကျောင်းသားကျောင်းသူတစ်ဦးစီ အတွက် စီစဉ်ထားပါသည်။
    ကျောင်းသားကျောင်းသူများက ဖြေဆိုရန် စီစဉ်ထားပါသည်။ (မိမိလက်တော့ပ် ပေါ်တွင် ဖြေဆိုရန်ဖြစ်၍ တစ်ဦးကို တစ်ဦးက မမေးမြန်းရန်လိုအပ်ပါမည်-စာရေးသူ) ဤနည်းဖြင့် ဆရာ များက မေးခွန်းပုံစံများစီစဉ်ပြီး စာမေးပွဲကို မကြာခဏဖြေဆိုပြီး ရရှိသောGradeအမှတ်များကို နောက်ဆုံး အတန်းတင်စာမေးပွဲတွင် အသုံးချပြီး ဆုံးဖြတ်ပေးပါသည်။
    ဤနည်းကို စတင်ပြုလုပ်ခဲ့သောပါမောက္ခပန်နီဘေကာနှင့် ဂေါ့စလင်းတို့က ရှင်းပြရာတွင် ဤနည်း ကို ကျောင်းသားကျောင်းသူများက အစတွင် မလိုလားကြပါ။ နောက်ပိုင်းသူတို့ စိတ်ဝင်စားမှုရှိလာကြရာ မိမိ အပေါင်းအသင်းများက စားသောက်ရန် ခေါ်ဆိုမှုကိုပင် မလိုက်နိုင်အောင်ဖြစ်လာကြပါသည်။ အဘယ် ကြောင့်ဆိုသော်နောက်စာမေးပွဲအတွက် စီစဉ်နေကြရ၍ဖြစ်သည်။
    ဤနည်းဖြင့် သင်ကြားခဲ့သောသင်တန်းပြီးဆုံးပြီးနောက် ယခင်က အလားတူဘာသာရပ်ဖြင့် စိတ်ပညာ၃၀၁တွင် တက်ရောက်ခဲ့သောကျောင်းသားကျောင်းသူ(၉၃၅)ဦးတို့နှင့် နှိုင်းယှဉ်ကြည့်ပါသည်။ (၉၃၅)ဦးကို ပုံမှန်နည်းဖြင့် စာမေးပွဲ(Mid-term Exams)များစစ်ဆေးခဲ့ပါသည်။ နည်းအသစ်ဖြင့် စာမေးပွဲ ဖြေဆိုသောကျောင်းသားကျောင်းသူများက ပိုမိုအဆင့်များရရှိပြီး အထူးသဖြင့်စီးပွားရေး၊ လူမှုရေးနောက်ခံ အားနည်းသူအများစုက ပိုမိုအမှတ်များကောင်းမွန်သည်ကို လေ့လာတွေ့ရှိရပါသည်။ သူတို့သည် အဆင့် နိမ့်သောကျောင်းများမှ လာရောက်ကြသော်လည်း
    ယခုအခါအတော်ဆုံးကျောင်းသားကျောင်းသူများ ဖြစ်လာကြပါသည်ဟု ပါမောက္ခဂေါ့စလင်းက ပြောကြားပြီး သာမန်စာမေးပွဲစနစ်တွင် ပထမကျဆုံးပါက ကံကို ပုံချတတ်ပြီး ဒုတိယကျရှုံးပါက ဘာမျှမပြောတော့ပါ။ ထိုအချိန်တွင် အချိန်များစွာကုန်သွားပါသည်။ ယခုQuizကို အသုံးပြုခြင်းမှာ ထိုကဲ့သို့အဖြစ်ဆိုးများကို ရှောင်လွဲနိုင်ပါသည်။
    ကျောင်းသားကျောင်းသူများကို စာသင်ခန်းများအတွင်း ဂရုစိုက်ရန် စာဖတ်ရန်တိုက်တွန်းပေးသည့် အသွင်ကို ဖော်ဆောင်ပေးသည့်ဤQuizဖြေကြားနည်းသည် မည်သို့စာလေ့လာရန် အခြေခံကျသည့် နည်းလမ်းကို ပေးပါသည်။ ဤနည်း၏ ကောင်းမွန်သည့်အချက်တစ်ခုမှာ သာမန်စာမေးပွဲနည်းတွင် စာမေးပွဲ နောက်ဆုံးဖြေရမည့်အချိန်နီးကပ်လာလေ လူနည်းလေးဖြစ်တတ်ရာ (၆၀)ရာခိုင်နှုန်းခန့်သာကျောင်းတက် သည်ကို တွေ့ရပါသည်။ ယခုနည်းသစ်တွင်မူ (၉၀)ရာခိုင်နှုန်းအထိ ကျောင်းတက်ကြပါသည်။ သင်သည် Quizတစ်ခုကို ဖြေဆိုရမည်ဟု သိသည်နှင့် သင့်အနေဖြင့် ကျောင်းသို့ လာရမည်ကို သိနေသည်ဟုပင် ပြောဆိုနိုင်ပါသည်။ ယခုနည်း၏ ကောင်းကျိုးမှာ ကျောင်းသားအများစုကို အိုင်တီနည်းပညာအသုံးပြုခြင်း ဖြင့် ကောင်းမွန်စွာရလဒ်ကို ရစေခြင်းဖြစ်သော်လည်း မည်မျှကျယ်ပြန့်စွာအသုံးချနိုင်ဆိုသည့်အချက်ကိုမူ ရှင်းလင်းစွာမသိနိုင်သေးပါ။
    ဤလေ့လာစမ်းသပ်ချက်သည် လူအများစုကို မကြာခဏQuizမေးခွန်းများပေးခြင်းဖြင့် တုံ့ပြန်မှု (Feedback)လွယ်ကူစွာရရှိခြင်းသည် အရေးပါသောအချက်ဖြစ်ပါသည်။ သာမန်သင်ကြားနည်းတွင် ဤသို့ မရနိုင်ပါ။ ဤဆောင်းပါးကို ရေးသားသူတွဲဖက်ပါမောက္ခဂျက်ဖရီကာပစ်ကီကမူ သူသည် စမ်းသပ်မှုကို ပါဝင် လုပ်ဆောင်သူမဟုတ်သော်လည်း လူအများစုသည် စာသင်ခန်းအတွင်း Quizများဖြေကြားခြင်းသည် လူမှု စီးပွားရေးနောက်ခံကြောင့် ရမှတ်အတက်အကျများပြားခြင်းကို လျှော့ချနိုင်ကြောင်း ပြောကြားခဲ့ပါသည်။
    ထို့အပြင်ယခုစမ်းသပ်နည်းဖြင့် စာမေးပွဲစစ်ဆေးခြင်းသည် စာတတ်မြောက်ခြင်းကို ပိုမိုမြှင့်တင်ပေး နိုင်ကြောင်း နောက်ဆုံးနည်းဖြစ်ပါသည်။ ဤနည်းသည် ၀င်ငွေနည်းမိသားစုမှ ကျောင်းသားကျောင်းသူများ အတွက် ပိုမိုသက်ရောက်သည်ကို တွေ့ရကြောင်း ဤဆောင်းပါးကို ဖော်ပြသည် Plos Oneဂျာနယ်တွင် ဖော်ပြထားပါသည်။
    ဤဆောင်းပါးသည် (၂၆-၁၁-၂၀၁၃)နေ့ထုတ် တူဒေးသတင်းစာ(စာမျက်နှာ-၂၀)တွင် ပါရှိသော New York Times သတင်းစာ၏ မူရင်းကို ဆီလျော်အောင်ပြန်ဆိုထားခြင်းဖြစ်ပါသည်။
    မောင်ထွေးဝင်း(ဓနုဖြူ)
  • ဒီဇင်ဘာ ၆၊ အားကစားသတင်းများ
    ဒီဇင်ဘာ ၆ ၊ ၂၀၁၃
    M-Media
    ဒဏ်ရာရနေသော ရော်နယ်ဒို ခြေစွမ်းပြနေသော ဘေးလ်အား ချီးကျူး
    – မိမိမကစားနိုင်သော်လည်း အသင်းမှာ ကောင်းမွန်သောစွမ်းဆောင်ရည်များကို ပြသနိုင်ခဲ့သည်ဟု ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုက ပြောကြားခဲ့သည်။ ရော်နယ်ဒိုမှာ ကြွက်သားဒဏ်ရာကြောင့် အနားယူနေရပြီး ၎င်းမကစားနိုင်သည့် နှစ်ပွဲတွင် ရီးယဲလ်အသင်းမှာ ဂါရက်ဘေးလ်၏ ခြေစွမ်းပြမှုနှင့်အတူ ရလဒ်ကောင်းများရရှိခဲ့သည်။ ထို့ပြင်ရော်နယ်ဒိုမှာ ဂါရက်ဘေးလ်ကိုလည်း ချီးကျူးပြောဆိုခဲ့သည်။
    341777_heroa
    ………………………………
    ငွေအလွဲသုံးစားလုပ်မှု ဆီဗီးလား နည်းပြဟောင်း ထောင် ၇ နှစ်ချခံရ
    – ငွေအလွဲသုံးစားပြုမှုတွင် အပြစ်ရှိကြောင်းတွေ့ရှိရ၍ ဆီးဗီလားအသင်း၏ ဥက္ကဌဖြစ်သူ ဂျိုဆေး မာရီယာ ဒဲလ် နီဒိုအား စပိန်တရားရုံးက ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်ဟု သိရသည်။ အသက် ၅၆ နှစ်အရွယ်ရှိသည့် နီဒိုမှာ ၁၉၉၉ ခုနှစ် ၂၀၀၃ ခုနှစ်အကြားတွင် မာလာဂါရှိ မာဘယ်လာ မြို့တော်ဝန်ဟောင်း ဂျူလီယန် မူနော့ဇ်နှင့် အတူ နိုင်ငံ့ဘဏ္ဍာအား အလွဲသုံးစားလုပ်မှုတွင် ပါဝင်ခဲ့သည်။
    ………………………………
    အလွန်ဆိုအား စာချူပ်သစ်ချူပ်နိုင်ရင် ခရစ္စမတ်လက်ဆောင်ဖြစ်လာမည်ဟု အန်ဆယ်လော့တီပြော
    – ကွင်းလယ်လူ အလွန်ဆိုအား စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့ပါက အလွန်ကောင်းမွန်သော ခရစ္စမတ်လက်ဆောင်ဖြစ်လာမည်ဟု ရီးယဲလ်အသင်း၏ နည်းပြ အန်ဆယ်လော့တီက ပြောကြားလိုက်သည်။ အသက် ၃၂ နှစ်အရွယ်ရှိ အလွန်ဆို၏ စာချုပ်မှာ ယခုနှစ်ဘောလုံးရာသီအကုန်တွင် ကုန်ဆုံးတော့မည်ဖြစ်ပြီး အန်ဆယ်လော့တီက ၎င်းအားအသင်းတွင် ဆက်လက်ရှိနေရန် လိုလားနေကာ ယခုနှစ် မကုန်ခင် သက်တမ်းတိုးစာချုပ်ချုပ်နိုင်ရန် မျှော်လင့်နေသည်။
    ……………………………
    ဆွာရက်ဇ် ယခုထက်တိုးတက်လာလျှင် ကမ္ဘာအကောင်းဆုံး ထဲမှ တစ်ဦးဖြစ်လာမည်ဟု ဂျရတ်ပြော
    – ယခုထက်ပိုမို၍  စွမ်းဆောင်ရည် တိုးတက်လာပါက တိုက်စစ်မှူး ဆွာရက်ဇ်မှာ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားများထဲမှ တစ်ဦးဖြစ်လာမည်ဖြစ်ပြီး၊ မက်ဆီ၊ ရော်နယ်ဒိုတို့နှင် ပြိုင်ဘက်ဖြစ်လာလိမ့်မည်ဟု လီဗာပူးလ်ကွင်းလယ်လူ စတီဗင်ဂျာရတ်က ပြောကြားလိုက်သည်။ ဆွာရက်ဇ်မှာ ဗုဒ္ဓဟူးနေ့က နော်ဝစ်ခ်ျအသင်းအား ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသောပွဲတွင် လီဗာပူးလ်အသင်းအတွက် တစ်ဦးတည်း ၄ ဂိုး သွင်းယူပေးခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၉ ပွဲတွင် ၁၃ ဂိုး သွင်းယူပေးထားနိုင်သည့်အထိ ခြေစွမ်းထက်လာခဲ့သည်။
    ……………………….
    ဒဏ်ရာရနေသော မက်ဆီ ဇန်နဝါရီ လဆန်းထိ ကစားနိုင်မည်မဟုတ်ဟု ဘာကာနည်းပြပြော
    – အသင်း၏ တိုက်စစ်မှူး မက်ဆီမှာ ဇန်န၀ါရီလဆန်းပိုင်းတွင် ကစားရန်ရှိသည့် ပွဲစဉ်များကိုပါ လွဲချော်ဖွယ်ရှိနေပြီး၊ မက်ဆီအား အလျင်စလို မကစားခိုင်းဟု ဘာစီလိုနာအသင်း၏ နည်းပြဖြစ်သူ မာတီနိုက ပြောကြားလိုက်သည်။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or အား ၄ ကြိမ်တိုင်တိုင် ရရှိထားသည့် အသက် ၂၆ နှစ်အရွယ် မက်ဆီမှာ တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရပြီး၊ မက်ဆီမပါဝင်နိုင်သည့် ဘာစီလိုနာအသင်းမှာ ချန်ပီယံလိဂ်နှင့် လာလီဂါတို့တွင် ပထမဆုံး ရှုံးပွဲများနှင့် ကြုံတွေ့ခဲ့ရသည်။
    …………………………
    ၂၀၁၄ ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲ ပွဲစဉ် ၁၉ ခုသာပါရှိမည်။
    – ၂၀၁၄ ခုနှစ် ဖော်မြူလာဝမ်း ကားမောင်းပြိုပ်ပွဲအတွက် တစ်နှစ်စာ ပွဲစဉ်ဇယားကို ကမ္ဘာ့ကားမောင်းအဖွဲ့ချုပ် FIA က ထုတ်ပြန်ခဲ့ရာ ပြိုင်ပွဲ ၁၉ ခုသာပါရှိတော့သည်ဟု သိရသည်။ ယမန်နှစ်က ပွဲစဉ်ဇယားတွင် ပြိုင်ပွဲ ၂၂ ခုပါဝင်ခဲ့သော်လည်း ယခုနှစ်တွင် တောင်ကိုရီယား၊ နယူးဂျာဆီနှင့် မက္ကဆီကိုတို့တွင် ပြုလုပ်မည့် ပြိုင်ပွဲများမှာ ဖယ်ထုတ်ခြင်းခံခဲ့ရသည်သည်။
    …………………………….
    Sunday Timesနှင့် Sky Sports ရဲ့ တနှစ်တာ အကောင်းဆုံး အမျိုးသမီးအားကစားသမားစု ဗြိတိန်အပြေးမယ် Christine Ohuruogu ရရှိ
    -Sunday Timesနှင့် Sky Sports တို့က ပေးအပ်ချီးမြှင့်သော တနှစ်တာအတွက် အကောင်းဆုံး အမျိုးသမီး အားကစားသမားဆုကို ဗြိတိန်အပြေးမယ် Christine Ohuruogu က ဆွတ်ခူးရရှိခဲ့သည်ဟုသိရသည်။ အဆိုပါဆုပေးပွဲအခမ်းအနားအား လန်ဒန်မြို့ရှိ Sky စတူဒီယိုတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်များက ထိုဆုအား ရရှိခဲ့ကြသည့် အားကစားမယ်များတက်ရောက်ခဲ့ကြသည်။
    Christine Ohuruogu မှာ ၂၀၀၇ ခုနှစ် အိုစာကာနှင့် ၂၀၁၃ ခုနှစ် မော်စကိုကမ္ဘာ့ချန်ပီယံရှစ် မီတာ ၄၀၀ အပြေးပြိုင်ပွဲများတွင် ဗိုလ်စွဲခဲ့သူဖြစ်ပြီး၊ ကမ္ဘာ့ချန်ပီယံနှစ်ကြိမ်ဖြစ်ခဲ့သည့် ဗြိတိန်၏ ပထမဦးဆုံး အပြေးမယ်ဖြစ်လာခဲ့သည်။ ထို့ပြင် ၂၀၀၈ ခုနှစ် အိုလံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆွတ်ခူးခဲ့ပြီး ဗြိတိန်ဘုရင်မကြီး ချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဘွဲ့ OBE ဘွဲ့အားရရှိခဲ့သူလည်းဖြစ်သည်။