News @ M-Media

Author: M-Media

  • Rakhine: သံတွဲမြို့တွင် ဆူပူအကြမ်းဖက်မှု ဖြစ်ပေါ်စေရန် လှုံ့ဆော်

    စက်တင်ဘာ ၂၈၊ ၂၀၁၃
    M-Media
    ထွန်းတောက်

    TanDwe

    သံတွဲ ။ ။ သံတွဲမြို့တွင် ဆူပူအကြမ်းဖက်မှု ဖြစ်ပေါ်စေရန် လှုံ့ဆော်သော လုပ်ဆောင်မှု တစ်ရပ် ယနေ့ နေ့လည် ၃-နာရီက ဖြစ်ပေါ်ခဲ့ပြီး ယခုအချိန်မှာ စစ်တပ်နှင့် ရဲမှ ၀ိုင်းဝန်းထိန်းသိမ်းနေရကြောင်း သိရသည်။

    ဖြစ်ပွားပုံမှာ ယနေ့နံနက်ပိုင်းက သံတွဲမြို့ရှိ ငပလီရောင်းဝယ်ရှေ့တွင် သုံးဘီးဆိုင်ကယ်တစ်စီး လာရောက်ရပ်ထားမှုကြောင့် ဆိုင်ရှေ့ပိတ်မရပ်ရန် ပြောရာ လမ်းပေါ်ရပ်တာဘာဖြစ်လဲဟု ပြောကာ ဆိုင်ကယ်မောင်းထွက်သွားခဲ့ပြီး နေ့လည် ၂-နာရီခန့်တွင် လူစုလူဝေးပြုလုပ်ကာ၊ နေ့လည် ၃-နာရီခန့်က ငပလီရောင်းဝယ်ရေး ဆိုင်ပိုင်ရှင် နှင့် သံတွဲမြို့နယ် ကမန်တိုးတက်ရေးပါတီ၏ ဥက္ကဌလည်းဖြစ်သူ ဦးကျော်ဇံလှကို ရဲစခန်းမှ မြို့နယ်မှူးမှ လာရောက်ခေါ်ယူသွားခဲ့သည်။

    ထို့နောက် ရခိုင်တိုးတက်ရေးပါတီမှ ဦးဆောင်ကာ ဦးကျော်ဇံလှမှ ဆဲဆိုသည်ဟုဆိုကာ လူစုလူဝေးဖြင့် လူ ၁၅၀-ခန့်ရှိ လူအုပ်ကြီးမှ ရဲစခန်းရှေ့တွင် ၀ိုင်းလာပြီး ဦးကျော်ဇံလှ၏ အိမ်ကို ဖျက်ဆီးမည်ဟု ပြောဆိုခဲ့ကြောင်းနှင့် ယခုအခါ ဦးကျော်ဇံလှ၏ အိမ်ရှေ့တွင် လူ(၂၀၀)ခန့်မှ အကြမ်းဖက်ရန် လုပ်ဆောင်နေပြီး ရဲနှင့် စစ်တပ်မှ ၀ိုင်းဝန်း ထိန်းသိမ်းနေသည်ဟု သိရသည်။

    နောက်ဆက်တွဲ သတင်းကို ထပ်မံ ဖော်ပြပါမည်။

    ================

    နောက်ဆက်တွဲသတင်း (၄း၁၅-နာရီ)

    လူ ၂၀၀-ခန့်မှာ လူစုကွဲသွားပြီး ရဲစခန်းအနီးတ၀ိုက်တွင် လူ ၃၀-၀န်းကျင်ခန့် စုရုံးမှုရှိနေပြီး၊ ဦးကျော်ဇံလှ၏ အိမ်အနီးတွင်တော့ စစ်တပ်ချထားကြောင်း ထပ်မံသိရှိရသည်။

  • စက်တင်ဘာ ၂၈ အားကစား သတင်းစုစည်းမှု

    စက်တင်ဘာ ၂၈၊ ၂၀၁၃
    M-Media

    2892013
    ဂျူးမုန်းတီးရေးသင်္ကေတအား မသုံးရန် စပါးနှင့်ချယ်ဆီးပရိတ်သတ်များကို ရဲတပ်ဖွဲ့သတိပေး

    စနေနေ့တွင် စပါးအသင်း၏ အိမ်ကွင်း ၀ှိုက်ဟတ်လိန်းတွင် ကစားမည့် စပါးအသင်းနှင့် ချယ်ဆီးအသင်းတို့ ကစားမည့် ပရီးမီယားလိဂ်ပွဲစဉ်တွင် ပရိတ်သတ်များအနေဖြင့် ဂျူးမုန်းတီးရေးသင်္ကေတ (Y-သင်္ကေတ) ကိုအသုံးမပြုရန် ရဲတပ်ဖွဲ့က သတိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထိုသင်္ကေတမှာ ဂျူးအယူဝါဒကို သက်ဝင်သူတို့အား နှိမ့်ချသည့် သင်္ကေတအဖြစ် အသုံးပြုကြပြီး စပါးအသင်းကို စတင်အမာခံ အားပေးခဲ့သည့် ပရိတ်သတ်များမှာ ဂျူးလူမျိုးများဖြစ်သောကြောင့် ၎င်းတို့အား စော်ကားနှိမ့်ချရန် အသုံးပြုကြသည်။ နောက်ပိုင်းတွင် စပါးအသင်း၏ ဂျူးမဟုတ်သည့် ပရိတ်သတ်များက ထိုသင်္ကေတအား ဆက်လက် မွေးစားအသုံးပြုခဲ့သည်။ ထိုသင်္ကေတအား အသုံးပြုသည့် မည်သည့်ပရိတ်သတ်ကိုမဆို ကွင်းအတွင်းမှ ဖယ်ရှားပစ်မည်ဟု ဒေသဆိုင်ရာရဲတပ်ဖွဲ့က ကြေညာထားသည်။
    “သီးသန့်အနေနဲ့ (ရဲတပ်ဖွဲ့ဝင်တွေဟာ) ဂျူးဆန့်ကျင်ရေးသင်္ကေတအသုံးပြုတဲ့သူတွေကို စောင့်ကြည့်သွားမှာပါ။ ပြီးတော့ ကျူးလွန်သူတွေကိုလည်း ဖယ်ရှားသွာမှာပါ” ဟု စပါးအသင်း၏ ၀ဘ်ဆိုဒ်တွင် ကြေညာထားခဲ့သည်။ ချယ်ဆီးအသင်းကလည်း စပါး ပရိတ်သတ်များကို စော်ကားသည့်အနေဖြင့် ထိုသင်္ကေတအား အသုံးမပြုရဟုသတိပေးထားပြီး “လူမျိုးရေးခွဲခြားတဲ့ အပြုအမူ၊ အပြောအဆို ပုံစံအားလုံးကိုတားမြစ်ထားပြီး အဲဒီအထဲမှာ Y- သင်္ကေတ အသုံးပြုတာလည်းပါဝင်ပါတယ်” ဟု ချယ်ဆီးအသင်းမှ ထုတ်ပြန်သောကြေညာချက်တွင်ဖေါ်ပြထားသည်။
    goal
    _________________________
    ပရိတ်သတ်များ၏အပြုအမူများကြောင့် ယူကရိန်းအသင်းအား ဖီဖာပြစ်ဒဏ်ချမှတ်

    စက်တင်ဘာ ၆-ရက်နေ့က ယူကရိန်းနိုင်ငံ အလ်ဗစ်မြို့တွင် ဆန်မာရီနိုနှင့် ကစားခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ပြုမူခဲ့သည့် ယူကရိန်း ပရိတ်သတ်များ၏ အပြုအမူများကြောင့် ဖီဖာ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ထိုပြစ်ဒဏ်ကြောင့် ယူကရိန်းအသင်း နောက်ထပ်ကစားမည့် အိမ်ကွင်းပွဲစဉ်တွင် ပရိတ်သတ် မပါဘဲကစားရမည်ဖြစ်ပြီး အလ်ဗစ်ရှိ အမျိုးသားအားကစားရုံ အသုံးပြုခြင်းကိုလည်း ပိတ်ပင်ခဲ့သည်။ ဆန်မာရီနိုနှင့်ပွဲတွင် ယူကရိန်းအသင်းပရိတ်သတ်များမှာ ကွင်းအတွင်း မီးရှူးမီးပန်းများ ပစ်ဖေါက်ကာ အနှောက်အယှက်ပေးခဲ့ကြပြီး ကွင်းမျက်နှာစာတွင် နာဇီလက်သစ်နဖူးစီးများ ချိတ်ဆွဲခြင်း၊ နာဇီပုံစံ အလေးပြုခြင်းနှင့် မျောက်သတ္တ၀ါကဲ့သို့ အသံများ၊ အပြုအမူများအပါအ၀င် လူမျိုးရေးခွဲခြားသော လုပ်ရပ်များပြုလုပ်ခဲ့သည်ဟု ဒိုင်လူကြီးနှင့် ပွဲကြီးကြပ်သူများ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
    “ဒီအဖြစ်အပျက်တွေအားလုံးရဲ့ အသေးစိတ်အချက်အလက်ကိုရယူပြီးနောက် ကော်မတီအနေဖြင့် ယူကရိန်းအသင်း နောက်ထပ် ကစားရမည့် အဓိကပြိုင်ပွဲဖြစ်သည့် ၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲ(အောက်တိုဘာ ၁၁ ရက်နေ့တွင်ကစားရမည့် ပိုလန်အသင်းနှင့်ပွဲ) အား ပရိတ်သတ်မပါဘဲကစားစေရန် ဆုံးဖြတ်လိုက်သည်။ ထို့ပြင် ၂၀၁၈ ရုရှားနိုင်ငံတွင်ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲအထိ အလ်ဗစ်မြို့ရှိ အာကစားကွင်းအား အသုံးပြုမှုကိုလည်းပိတ်ပင်ရန် ဆုံးဖြတ်ခဲ့ပါသည်။” ဟု ဖီဖာစည်းကမ်းထိန်းသိမ်းရေးကော်မတီမှတ်ထုတ်ပြန်သော အစီရင်ခံစာတွင်ဖော်ပြထားသည်။
    goal
    _________________________
    အာဆင်နယ်တွင်သာ နည်းပြဘ၀အဆုံးသတ်ချင်သည်ဟု ၀င်းဂါးဆို

    အာဆင်နယ်အသင်း၏ နည်းပြဖြစ်သူ အာဆင်ဝင်းဂါးမှာ အာဆင်နယ်အသင်းနှင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် အဆင်သင့်ဖြစ်နေပြီး သူချစ်သော အာဆင်နယ်တွင်သာ နည်းပြဘ၀ ကုန်ဆုံးချင်သည်ဟု ပြောကြားလိုက်သည်။ အာဆင်ဝင်းဂါးမှာ ၁၉၉၆-ခုနှစ်ကတည်းက အာဆင်နယ်သို့ ရောက်ရှိခဲ့ပြီး လာမည်နှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ကာ အသင်းမှထွက်ခွာတော့မည်ဟု အစောပိုင်းက ကောလဟာလများ ထွက်ပေါ်ခဲ့သေးသည်။ ၀င်းဂါးကလည်း ယခုနှစ် ဘောလုံးရာသီက သူ၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်သည်ဟု ပြောဆိုခဲ့သည်။ သို့သော်လည်း အာဆင်နယ်အသင်း၏ ရှယ်ယာ အများဆုံးပိုင်ဆိုင်သူ စတန်ကရိုအန်ကီ၏ လှိုက်လှဲစွာထောက်ခံမှုကိုရရှိပြီးနောက် အာဆင်နယ်အသင်းတွင်ဆက်နေရန် ၀င်းဂါးမှာ ယုံကြည်မှုပိုရှိလာခဲ့သည်။
    “စတန်ကရိုအန်ကီရဲ့ထောက်ခံမှုကိုရတာ ကျွန်တော်တော်တော်ဂုဏ်ယူပါတယ်။ ကျွန်တော်အသင်းကို ကူညီနိုင်မယ်လို့ သူ့ရဲ့ ထင်မြင်ချက်ဟာ သိပ်ကိုကြီးမားတဲ့ မဲတစ်ခုပါပဲ။ ကျွန်တော့်အတွက်တော့ အရမ်းကောင်းပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။ အာဆင်နယ်အသင်းပေါ်ထားရှိသည့်သဘောထားနှင့်ပက်သက်၍လည်း ၀င်းဂါးက “အသင်းရဲ့ အပြောင်းအလဲမရှိတဲ့ ထောက်ခံမှု ကိုလည်း ကျွန်တော်ရခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ၁၇-နှစ်တာ ကာလအတွင်းမှာ အတက် အကျတွေအများကြီးနဲ့ တွေ့ကြုံခဲ့ရပေမယ့် ကျွန်တော့်ကို ထောက်ခံကြတဲ့အတွက် ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်။ သူတို့အားလုံးကျွန်တော့်ကို ယုံကြည်မှုတွေ ပေးခဲ့ပါတယ်။ ဒီအသင်းမှာ တစ်သက်လုံးရှိနေရတာကို ကျွန်တော်နှစ်သက်ပါတယ်။ ကျွန်တော် ဒီအသင်းကို ချစ်ပါတယ်” ဟု ထပ်လောင်းပြောကြားခဲ့သည်။
    skysports
    _________________________
    မလေးရှားအိုးပင်း တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် ဒေးဗစ်ဖာရဲရားရှုံးနိမ့်

    မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပပြုလုပ်လျက်ရှိသည့် မလေးရှားအိုးပင်းတင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွင် နိုင်အခြေအဆင့် ၁ ရှိ စပိန်တင်းနစ်သမား ဒေးဗစ်ဖာရဲရားမှာ အံ့သြဖွယ် ရှုံးနိမ့်ခဲ့သည်ဟုသိရသည်။

    ဖာရဲရားမှာ နိုင်အခြေအဆင့်သတ်မှတ်ခြင်းမခံရသည့် ပေါ်တူဂီတင်းနစ်သမား ဂျိုအာအို ဆော့ဆာအား ၆-၂၊ ၇-၆(၈-၆)ဖြင့် ရှုံးနိမ့်ခဲ့သည်။ ယခုပွဲအနိုင်ရရှိမှုကြောင့် ဆော့ဆာမှာ ကမ္ဘာ့ထိပ်တန်း ၁၀ ဦးအဆင့်ဝင် တင်းနစ်သမားအား ပထမဆုံးအနိုင်ရရှိခြင်းလည်းဖြစ်ခဲ့သည်။
    “ကျွန်တော် အရင်က တစ်ခါမှ ထိပ်တန်း ၁၀-ဦးထဲက ကစားသမားကိုမနိုင်ဖူးပါဘူး။ ထိပ်တန်း ၅-ဦးဆိုရင်တော့ ပြောမနေပါနဲ့တော့။ ဒီအောင်ပွဲဟာ ကျွန်တော့်အတွက် အကြီးမားဆုံးအောင်ပွဲဖြစ်တယ်ဆိုတာ သံသယရှိစရာမလိုပါဘူး” ဟု ကမ္ဘာ့အဆင့်-၇ ရှိ ဆော့ဆာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    skysports
    _________________________
    WTA Toray Pan Pacific Open တင်းနစ်ပြိုင်ပွဲဗိုလ်လုပွဲသို့ ကဗီတိုဗာတက်ရောက်

    ဂျပန်နိုင်ငံ တိုကျိုမြို့တွင်ကျင်းပပြုလုပ်နေသည့် WTA Toray Pan Pacific Open အမျိုးသမီး တင်းနစ်ပြိုင်ပွဲဆီးမီးဖိုင်နယ်ပွဲစဉ်များကို ယမန်နေ့က ယှဉ်ပြိုင်ကစားခဲ့ရာ ကဗီတိုဗာနှင့် ကာရ်ဘာရ်တို့ အနိုင်ရရှိခဲ့ကာ နောက်ဆုံးဗိုလ်လုပွဲသို့တက်ရောက်သွားပြီဟုသိရသည်။

    ကမ္ဘာ့အဆင့် ၁၁ တင်းနစ်မယ် ပီထရာ ကဗီတိုဗာမှာ အမေရိကန်နာမည်ကြီးတင်းနစ်မယ် ဗီးနပ်စ် ၀ီလီယံကို အကြိတ်အနယ်ကစားကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ၂ နာရီ ၂၄ မိနစ်ကြာမြင့်ခဲ့သော အဆိုပါပွဲတွင် ကဗီတိုဗာမှာ ဗီးနပ်စ်အား ၃-၆၊ ၆-၃၊ ၇-၆ ဖြင့်အနိုင်ရရှိခဲ့ပြီး ယခုနှစ်အတွင်း တင်းနစ်ပြိုင်ပွဲများတွင် ဗိုလ်လုပွဲသို့ တတိယအကြိမ်တက်ရောက်နိုင်ခဲ့သည်။

    ကမ္ဘာ့အဆင့် နံပါတ် ၉ ရှိ ဂျာမန်တင်းနစ်မယ် အိန်ဂျယ်လစ် ကာရ်ဘာရ်မှာလည်း နိုင်ခြေအဆင့် ၄ ရ ဒိန်းမတ်တင်းနစ်မယ် ကာရိုလိုင်း ၀ုဇ်နီအက်ကီအား ၆-၄၊ ၇-၆ ဖြင့်အနိုင်ရရှိခဲ့သည်။

    WTA Toray Pan Pacific Open တင်းနစ်ပြိုင်ပွဲဗိုလ်လုပွဲကို ယနေ့တွင်ကျင်းပပြုလုပ်မည်ဖြစ်ပြီး ကဗီတိုဗာနှင့် ကာရ်ဘာရ်တို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
    skysports

  • ပိတ်ပင်တားဆီးခံ သမိုင်းတစ်ပုဒ် သို့မဟုတ် အီဂျစ်နိုင်ငံမှ မွတ်စ်လင်မ် ညီနောင်များအဖွဲ့

    စက်တင်ဘာ၊ ၂၈
    M-Media

    muslim-brotherhood

    ၈၅ နှစ်သက်တမ်းရှိနေပြီး ချောင်ထိုးခံထားရတဲ့ မွတ်စ်လင်မ် ညီနောင်များ အဖွဲ့ဟာ ၂၀၁၁ ခုနှစ်မှာ တရားဝင်ဖြစ်လာခဲ့တယ်။ ၂၀၁၃ ခုနှစ်မှာတော့ ပြန်လည် ပိတ်ပင်ခံရတယ်။

    အာဏာရှင် မူဘာရက်ပြုတ်ကျပြီး ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ သမ္မတဟောင်း မုဟမ္မဒ် မိုရ်စီကို ထောက်ခံကြသူတွေအပေါ် စစ်တပ် ကျားကန်ထားတဲ့ အစိုးရက ကြမ်းတမ်းစွာ နှိမ်နင်းပြီးတဲ့နောက် မွတ်စ်လင်မ်ညီနောင်များအဖွဲ့ကို ဖျက်သိမ်းဖို့၊ ၄င်းရဲ့ပိုင်ဆိုင်မှုအ၀၀ကို ဖယ်ရှားဖို့ အီဂျစ်တရားရုံးတစ်ခုက အမိန့်ထုတ်ပြန်ခဲ့တယ်။

    မွတ်စ်လင်မ်ညီနောင်များအဖွဲ့၊ ဒီအဖွဲ့ရဲ့အတွေးအမြင်၊ ပိုင်ဆိုင်မှု နဲ့ ငွေကြေးထောက်ပံ့မှု ရှိနေတဲ့ NGO မှန်သမျှ ပိတ်ပင်ကြောင်း ကိုင်ရိုတရားစီရင်ရေးရုံးချုပ်က စက်တင်ဘာ ၂၃ ရက်၊ တနင်္လာနေ့မှာ အရေးပေါ်အနေအထားအရ ထုတ်ပြန်ကြေငြာခြင်းဖြစ်တယ်။

    မွတ်စ်လင်မ်ညီနောင်များအဖွဲ့နဲ့ ချိတ်ဆက်နေတဲ့ ကျောင်း၊ ဆေးရုံ စတဲ့ လူမှုဝန်ဆောင်လုပ်ငန်းတွေ၊ ဒါနအဖွဲ့တွေနဲ့ ပတ်သက်လို့တော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

    ဒီအမိန့်နဲ့ထုတ်ပြန်ရခြင်းရဲ့အကြောင်းရင်းကို တရားရုံးက မပြောကြားပါဘူး။ Tagammu လို့ကျော်ကြားတဲ့ လက်ဝဲပါတီ National Progressive Unionist Party က မွတ်စ်လင်မ်ညီနောင်များအဖွဲ့အပေါ် အကြမ်းဖက်သမား၊ နိုင်ငံရေးအားဖြင့် ဘာသာရေးကိုဖျက်ဆီးနေသူဆိုပြီး စွပ်စွဲတိုင်တန်းချက်ကြောင့်လို့ ယူဆဖွယ်ရှိပါတယ်။

    ၈၅ နှစ်သက်တမ်းရှိနေပြီး ချောင်ထိုးခံထားရတဲ့ မွတ်စ်လင်မ်ညီနောင်များအဖွဲ့ဟာ ၂၀၁၁ ခုနှစ်မှာ တရားဝင်ဖြစ်လာခဲ့တယ်။ အဲ့ဒီနောက် ၂၀၁၃ ခုနှစ်၊ မတ်လမှာ အရပ်သားလူ့အဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ခဲ့တယ်။

    မွတ်စ်လင်မ်ညီနောင်များအဖွဲ့ကိုပိတ်ပင်ကြောင်း အဆောတလျင်ဆုံးဖြတ်ရတဲ့အကြောင်းရပ်များကတော ……..

    – ၁၉၂၈ ခုနှစ်မှာ အီမာမ် ဟတ်စာန်း အလ်ဘန်နားမှ စတင်ထူထောင်ခဲ့တဲ့ မွတ်စ်လင်မ်ညီနောင်များအဖွဲ့ဟာ ဘုရင် ဖာရူးက်လက်ထက် ပါလက်စတိုင်းကနေခွဲထွက်ပြီးတဲ့နောက် ၁၉၄၈ ခုနှစ်မှာ ပထမဆုံး ပိတ်ပင်ခံခဲ့ရတယ်။ အဲ့ဒီအချိန်တုန်းက မွတ်စ်လင်မ်ညီနောင်များအဖွဲ့မှာ ဌာနခွဲ ၂၀၀၀ နဲ့ အဖွဲ့သား သို့မဟုတ် ထောက်ခံအားပေးသူပေါင်း ခန့်မှန်းချေ ၅ သိန်းအထိ ရှိနေခဲ့တယ်။

    – အဲ့ဒီနောက် အမျိုးသားရေးဝါဒီစစ်အရာရှိများနဲ့ပူးပေါင်းပြီး အီဂျစ်နိုင်ငံရဲ့ သက်ဦးဆံပိုင်ပဒေသရာဇ်စံနစ်ကို ၁၉၅၂ ခုနှစ်မှာဖြုတ်ချနိုင်ခဲ့တယ်။ ဒါပေမယ့် အာဏာသိမ်းခေါင်းဆောင်တွေက လောကီရေးသက်သက်ဝါဒကို သွတ်သွင်းလာတဲ့အခါ မွတ်စ်လင်မ်ညီနောင်များအဖွဲ့က ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့အတွက် ပျားရည်ဆမ်းခရီးလမ်းက ၁၉၅၄ ခုနှစ်မှာ အချိန်တိုတိုအတွင်း အဆုံးသတ်သွားရတယ်။ အဖွဲ့ကို နောက်ထပ်တစ်ကြိမ် ပိတ်ပင်ခံရတယ်။ ဒီတစ်ခေါက်မှာတော့ အဖွဲ့သားတွေထောင်နဲ့ချီပြီး ထောင်သွင်းအကျဉ်းချခံလိုက်ရတယ်။ ထိန်းသိမ်းရေးစခန်း နဲ့ အကျဉ်းထောင်ထဲ နှစ်ပေါင်းများစွာ လူအမြောက်အများ ညှင်းပန်းနှိပ်စက်ခံခဲ့ကြရတယ်။

    – နာဆာအစိုးရရဲ့နောက် ၁၉၇၀ ခုနှစ် အန်ဝါ ဆဒဒ် အီဂျစ်သမ္မတဖြစ်လာတော့ အကျဉ်းစံအဖွဲ့ဝင်တွေကို ဖြည်းဖြည်းချင်း လွှတ်ပေးခဲ့တယ်။ အဖွဲ့အစည်းက မသိမသာ ကျယ်ပြန့်ကြီးထွားလာပြန်တယ်။ ဒါပေမယ့် တရားမ၀င် အဖြစ်သတ်မှတ်ပြီး ကာလအတိုင်းအတာတစ်ရပ်ထိ နှိပ်ကွက်ခံရတယ်။ အထူးသဖြင့် ၁၉၇၄ ခုနှစ် အစ္စရေးနဲ့ ငြိမ်းချမ်းရေးသဘောတူ စာချုပ်ချုပ်ဆိုပြီး တဲ့နောက်ပိုင်း ဖြစ်တယ်။

    – သမ္မတ ဟော့စ်နီ မုဘာရပ် လက်ထက် ၁၉၈၀ ခုနှစ်များအတွင်း အစ္စလာမ့်ရေးရာလှုပ်ရှားသူကျောင်းသားပေါင်းများစွာ မွတ်စ်လင်မ်ညီနောင်များအဖွဲ့နဲ့ ပူးပေါင်းပါဝင်ခဲ့ကြတယ်။ ဒီလိုနဲ့ အီဂျစ်ကျောင်းသားအသင်းအဖွဲ့များ နဲ့ တတ်သိပညာရှင်များအပေါ် မွတ်စ်လင်မ်ညီနောင်များအဖွဲ့က လွှမ်းမိုးလာခဲ့တယ်။ မုဘာရပ်လက်ထက်တစ်လျှောက်လုံး ပိတ်ပင်ခံအုပ်စုအဖြစ်သဘောထားလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ဖြိုလဲမှုကို ခံခဲ့ရလင့်ကစား နောက်ဆယ်နှစ်အကြာမှာတော့ မွတ်စ်လင်မ်ညီနောင်များအဖွဲ့က ပိုမိုလက်တွေ့ဆန်တဲ့ ဒီမိုကရေစီနည်းကျ နိုင်ငံရေးစံနစ်ကို အပြန်တလဲလဲတောင်းဆိုခဲ့ကြတယ်။

    လက်ရှိ ၂၀၀၃ ခုနှစ်မှာ မွတ်စ်လင်မ်ညီနောင်များအဖွဲ့က ထပ်မံပိတ်ပင်တားဆီးခံရသော်လည်း သူ့ရဲ့အဖွဲ့ဝင်အင်အားပမာဏ အနည်းဆုံး ၃ သိန်းက တစ်သန်းအထိရှိနေတယ်လို့ ခန့်မှန်းရတယ်။ အီဂျစ်လူဦးရေ ၈၅ သန်းထဲက အများစုထဲမှာလည်း မထင်မရှားနဲ့ များပြားစွာ ကျန်ရှိနေဆဲပါ။

    Muslim Brotherhood … A History of Bans အား မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင်ပြန်ဆိုရေးသားသည်။

  • ၁၃၅-မျိုး စာရင်းတွင် မပါသေးသည့် တိုင်းရင်းသားများ အရေး အမျိုးသားညီညွတ်ရေး ကွန်ဂရက်မှ သမ္မတကြီးထံ ပေးစာပို့

    စက်တင်ဘာ ၂၇၊ ၂၀၁၃

    M-Media
    သုတ

    ရန်ကုန် ။ ။ ၁၆.၉.၂၀၁၃ နေ့တွင် ပြည်ထောင်စုဝန်ကြီး ဦခင်ရီက တိုင်းရင်းသား ၁၃၅-မျိုးစာရင်းတွင် မပါဝင်သော လူမျိုးများမှာ တိုင်းရင်းသားမဟုတ်ကြောင်း ပြောကြားခဲ့သည့်အတွက် စာရင်းတွင် ထည့်သွင်းရန် ကျန်နေသေးသည့် တိုင်းရင်းသားလူမျိုးများအရေးအား အမျိုးသားညီညွတ်ရေး ကွန်ဂရက်ဌာနချုပ် (UNC)မှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပေးစာတစ်စောင်ကို စက်တင်ဘာ ၂၅-ရက်နေ့က ပေးပို့လိုက်ကြောင်း သိရသည်။

    ၂၀၁၄-ခု ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာတွင် တိုင်းရင်းသား လူမျိုး(၁၃၅)မျိုးစာရင်းတွင် မပါဝင်သော လူမျိုးများမှာ တိုင်းရင်းသား မဟုတ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားခဲ့သည့်အတွက် ၁၉၇၂-ခုနှစ် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် တိုင်းရင်းသား လူမျိုးစာရင်းတွင် (၁၄၄)မျိုးပါဝင်ပြီး ၁၉၈၃-ခုနှစ် စာရင်းထုတ်ပြန်ရာတွင် ၉-မျိုး လျော့နည်း ပျောက်ကွယ်နေပြီး (၁၃၅)မျိုးသာ ရှိတော့ပြီး ၁၉၈၃-ခုနောက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများ စာရင်း ပြန်လည် စိစစ်ထုတ်ပြန်ခြင်း မရှိခဲ့ပါပဲ ယခုကဲ့သို့ ပြောကြားမှုအပေါ် နိုင်ငံတော် သမ္မတမှ ထည့်သွင်းစဉ်းစား လမ်းညွှန်ရန် ပေးပို့ခြင်းဖြစ်ကြောင်းသိရသည်။

    ဤကဲ့သို့ လူမျိုး ၁၃၅-မျိုးပြောကြားလိုက်သည်မှာ ရှေးယခင် လွန်ခဲ့သော ၁၀၀၀-ကျော်က စတင်ကာ လုပ်မြေ၊ နေမြေနှင့် အတည်တကျနေထိုင်လာပြီး သမိုင်းအထောက်အထား ခိုင်မာသည့် တိုင်းရင်းသားလူမျိုးအချို့မှာ ၎င်း(၁၃၅)မျိုးတွင် မပါဝင်ပဲ ကျန်ရှိနေသည့်အတွက် ၁၃၅-မျိုးဟုသာ သတ်မှတ်ပြီး တိုင်းရင်းသား အခွင့်အရေးဆုံးရှုံးရမည်ဆိုပါက မှန်ကန်မှု၊ တရားမျှတမှုရှိမည် မဟုတ်ပဲ အမှန်တည်ရှိနေသည့် တိုင်းရင်းသားလူမျိုးများကို မျက်ကွယ်ပြုကာ ၂၀၁၄-ခု သန်းခေါင်စာရင်းကောက်ယူမည်ဆိုပါက အခက်အခဲများစွာ ရှိလာနိုင်ပြီး တိုင်းရင်းသားဖြစ်ပါလျက် တိုင်းရင်းသားမဟုတ်ဟူသော စာရင်းတွင် ထည့်သွင်းခံရမည့် တိုင်းရင်းသားလူမျိုးများမှလည်း ကျေနပ်လက်ခံနိုင်မည် မဟုတ်သည့်အတွက် ပြန်လည်ထည့်သွင်း စဉ်းစားရန် လိုအပ်ကြောင်း တင်ပြထားသည်ဟု သိရပါသည်။

    အဆိုပါ ကိစ္စနှင့်ပတ်သက်၍ “ဒီ ၁၃၅-မျိုးနဲ့ ရပ်ထားလို့ မရဘူး။ ဒီ ၁၃၅ မျိုးမှာ ခြွင်းချန်ပြီး ကျန်ရစ်ခဲ့တဲ့ လူမျိုးစုတွေရှိတယ်ဆိုတာ ဆက်ပြီး ပြောရမယ်”လို့ စက်တင်ဘာ ၉-ရက်နေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီမှာ ဦးခင်မောင်ချို(တရားလွှတ်တော်ရှေ့နေ)က ပြောကြားခဲ့ပါသည်။

    “၁၉၇၂-ခု စာရင်းက ၁၄၄-မျိုး၊ ၁၉၈၃-ကျတော့ ၁၃၅-မျိုး ဖြစ်သွားပြန်တယ်။ ဒါပေမယ့် တကယ့်တကယ်တမ်းမှာ တိုင်းရင်းသားတွေမှာ မျိုးနွယ်စုလေးတွေ အများကြီး ထပ်ကွဲနေတဲ့အတွက် ၁၄၄-မျိုးထက်မကရှိနေပါတယ်။ ၁၃၅-မျိုး တောင် မကပါဘူး။ ဒါကြောင့် အခုပြောတဲ့ တိုင်းရင်းသား ၁၃၅-မျိုးမှာ မပါဝင်သေးတဲ့ တိုင်းရင်းသားတွေအတွက် စဉ်းစားပါလို့ တိုက်တွန်းချင်ပါတယ်”လို့ ၎င်း ဦးခင်မောင်ချိုမှပင် ယနေ့မှာ M-Media ကို ပြောပြခဲ့ပါသည်။

    ၎င်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ပြောကြားလိုက်သည့်အပေါ် တိုင်းရင်းသားများခေါင်းဆောင်များက ၁၉၈၃-ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ တိုင်းရင်းသား ၁၃၅-မျိုးကို ပြန်လည် စိစစ်ရန် လိုအပ်ကြောင်းပြောကြားခဲ့ကြတာကို စက်တင်ဘာ (၂)ရက်နေ့က Unity ဂျာနယ်တွင် ဖော်ပြပါရှိခဲ့သလို စက်တင်ဘာ (၁၀)ရက်နေ့က M-Media တွင်လည်း ဖော်ပြခဲ့ပြီးဖြစ်ပါသည်။

    img430 img431

  • စက်တင်ဘာ၊ ၂၇ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို

    စက်တင်ဘာ၊ ၂၇
    M-Media

    ၂၀၀၈-အခြေခံဥပဒေနှင့်သာ ၂၀၁၅-ရွေးကောက်ပွဲပြုလုပ်ပါက အယောင်ဆောင် ဒီမိုကရေစီသာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

    ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲမှု မပြုပဲ ၂၀၁၅ တွင် ရွေးကောက်ပွဲပြုလုပ်ပါက တရားမျှတမှုမရှိပဲ အယောင်ဆောင် ဒီမိုကရေစီစနစ်သာ ဖြစ်ကြောင်း ဒီနေ့ကျင်းပသည့် NLD ရွှေရတု သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
    _________________________
    ကသာမြို့က သိမ်းဆည်းခံ လယ်ယာမြေများအတွက် ဆန္ဒပြ

    ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက လယ်ယာမြေ ပဋိပက္ခအရေး အစိုးရဌာနဆိုင်ရာတွေမှ အမြန်ဆုံး ဖြေရှင်းပေးဖို့ ပြောကြားမှုအား ကြိုဆိုထောက်ခံသည့် အနေဖြင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်ရှိ ကျေးရွာ ၂၂-ရွာမှ တောင်သူလယ်သမား ၃၀၀-ခန့်က ဒီနေ့မှာ သူတို့ထံမှ သိမ်းဆည်းမြေများအား လွှဲပြောင်းယူခဲ့သည့် မောင်းကုန်းရွာရှိ ဂရိတ်ဝေါကုမ္မဏီရှေ့တွင် ဆန္ဒပြခဲ့ကြကြောင်း RFA သတင်းမှာ ဖော်ပြထားပါတယ်။
    ________________________
    မမှန်မကန်ရန်သူသတင်းပေးသူ အလင်းဝင် KIA ဒု-ဗိုလ်အား အမှုဖွင့်

    သံဖြူဇရပ်ဘက်မှ KIA ဗိုလ်အဆင့်ရှိသူတစ်ဦးပါဝင်ပြီး ကျား ၆-ဦး၊ မ ၄-ဦးတို့ လက်နက်မျိုးစုံ ၁၀-လက်ဖြင့် ရန်ကုန်မြို့သို့ လာရောက် အလင်းဝင်မည်ဟု စက်တင်ဘာ ၁၇-ရက် ညတွင် ဒလမြို့နယ် သပြေကုန်းရွာ လုံခြုံရေး ရေ-တပ်ဖွဲ့သို့ လာရောက်သတင်းပေးသည့် လက်နက်မဲ့ အလင်းဝင်ရောက်လာသူ တူးအောင်(ခ)ဂျော်ကာသည် တိုင်းစစ်ဌာနချုပ်မှ အလင်းဝင်ရောက်လာသူ တစ်ဦးဖြစ်ကြောင်း ထောက်ခံချက် မူရင်း ပြသနိုင်ခြင်း မရှိပဲ လက်ရေးဖြင့် ပြန်လည်ရေးသားထားသော စာရွက်များသာ တွေ့ရှိရသဖြင့် မမှန်မကန် ရန်သူသတင်းများ ဖြန့်ဝေသူတစ်ဦးဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် စစ်ဘက်မှ တရားစွဲဆို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မဇ္ဈိမသတင်း စာမျက်နှာမှာ ဖော်ပြထားပါတယ်။
    ________________________
    လွှတ်တော်ကိုယ်စားလှယ်တွေမှာ စစ်တပ်အမျိုးသမီးများ ထည့်သွင်းရန် ဂျင်မီကာတာ တိုက်တွန်း

    မြန်မာနိုင်ငံရဲ့ ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသမီးများကို ရွေးချယ်ခန့်ထားဖို့ကို မြန်မာကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့ဆုံစဉ်မှာ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာက တိုက်တွန်းလိုက်ပါတယ်။ “မြန်မာအစိုးရအနေနဲ့ လက်ရှိလုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လုပ်ပါလို့ ကျွန်တော် ကတော့ အကြံပြုချင်တယ်။ တိုင်းပြည်တွင်းက လူတဦးချင်းစီမှာ တန်းတူ အခွင့်အရေးရရှိလာအောင် အခွင့်အလမ်းတွေကို ဖွင့်ပေးပါ။ မြန်မာနိုင်ငံက အမျိုးသမီးတွေကို မျှတစွာ ဆက်ဆံတယ်လို့ ကျွန်တော် မထင်ပါဘူး။ လွှတ်တော်ထဲမှာဆိုရင်လည်း အမျိုးသမီး လွှတ်တော်အမတ် အရေအတွက်က ၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့တုန်းကလည်း စစ်သား လွှတ်တော်အမတ် ၁၆၆-ယောက်ကို သူက ရွေးချယ်ပေးရတော့ ၂၀၁၅ ကျရင် စစ်တပ်အနေနဲ့ အမျိုးသမီးတချို့ကို ရွေးချယ်ဖို့ ကျနော် အကြံပြုခဲ့ပါတယ်”လို့ VOA သတင်းဌာနကို ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။

    ______________________

    အီရန်နျူးကလီးယားကိစ္စ ဆွေးနွေးရန်အတွက် ရက်သတ်မှတ်

    အီရန်နျူးကလီးယားကိစ္စနှင့်ပက်သက်ပြီး လာမည့်လတွင် ဂျီနီဗာ၌ တွေ့ဆုံးဆွေးနွေးရန် အီရန်နှင့် အင်အားကြီး ၆-နိုင်ငံတို့ သဘောတူညီချက် ရရှိခဲ့သည်ဟု သိရသည်။ အမေရိကန်နှင့် အီရန်နိုင်ငံခြားရေးဝန်ကြီးတို့ ယမန်နေ့ တွေ့ဆုံပွဲမှထွက်ပေါ်လာခြင်း ဖြစ်ပြီး ထိုတွေ့ဆုံပွဲတွင် အမေရိကန်က ဆောင်ရွက်ရမည့်ကိစ္စများ များပြားစွာရှိနေသည်ဟု ပြောကြားခဲ့ပြီး အီရန်ဘက်ကလည်း ပိတ်ဆို့မှုများ အလျင်အမြန်ရုပ်သိမ်းရေးအတွက် အလေးအနက်တိုက်တွန်းသွားခဲ့သည်။

    ဆွေးနွေးပွဲအပြီးတွင် အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်က ကမ္ဘာ့အင်အားကြီးနိုင်ငံများအနေဖြင့် အီရန်နျူးကလီးယား ကိစ္စအပေါ် တစ်နှစ်အတွင်း အမြန်ဆုံးဖြေရှင်းရန် သဘောတူညီခဲ့သည်ဟု ပြောကြားခဲ့သည်။
    Ref : aljazeera
    ______________________
    ချုံပုတ်များကို မီးရှို့မှုအတွက် သြစတေးလျ လူငယ်တစ်ဦးကို တရားစွဲ

    သြစတေးလျနိုင်ငံတွင် ချုံပုတ်များအား တမင်ကြံရွယ်ကာ မီးရှို့မှုအတွက် လူငယ်တစ်ဦးအား ရဲတပ်ဖွဲ့ကာ တရားစွဲဆို ထားသည်ဟုသိရသည်။ နယူးဆောက်ဝေးလ်ပြည်နယ် နယူးကာဆယ်မြို့အနီး အစိုးရက ထိန်းသိမ်း စောင့်ရှောက်ထားသည့် မြေနေရာတွင် မီးရှို့မှုကြောင့် လူငယ် ၄-ဦးကိုဖမ်းဆီးထားပြီး အသက် ၁၆-နှစ်အရွယ် လူငယ်တစ်ဦးကို မီးရှို့မှုဖြင့် တရားဆွဲဆိုထားကာ ကျန်သုံးဦးအား ဆက်လက်စစ်ဆေးနေသည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

    ထိုမီးရှို့မှုကြောင့် ၄၀-ဟက်တာ (၉၈-ဧကကျော်) မြေနေရာရှိ ချုံပုတ်များ မီးလောင်ကျွမ်းခဲ့ပြီး မီးသတ်သမားများက တစ်ညကြာ ငြိမ်းသက်ခဲ့ရသည်။
    Ref : xinhua
    ______________________
    ဒုက္ခသည်များအား ခိုလှုံခွင့်ပေးသည့် ဘရာဇီးအား UNHCR ကျေးဇူးတင်

    စစ်ဘေးသင့် ဆီးရီးယားပြည်သူများနှင့် ဆီးရီးယားရှိ အခြားနိုင်ငံသားများအား ခိုလှုံရန် အထူးဗီဇာ ခွင့်ပြုခဲ့သည့် ဘရားဇီးနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီအား ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)က ကြိုဆိုလိုက်သည်။ ဘရာဇီးနိုင်ငံမှာ ဆီးရီးယား စစ်ဘေးသင့် ပြည်သူများအား ခိုလှုံရန် အထူးဗီဇာ ထုတ်ပေးခဲ့သည့် အမေရိကမှ ပထမဦးဆုံးနိုင်ငံဖြစ်သည်။

    ဒုက္ခသည်များဆိုင်ရာ ဘရာဇီးအမျိုးသားကော်မတီ(CONARE)၏ အဆိုအရ ဆီးရီးယားပတ်ဝန်းကျင် နိုင်ငံများရှိ သံရုံးများတွင် ဘရာဇီးသို့လာရောက်ချင်သည့် စစ်ဘေးသင့်ပြည်သူများအတွက် ခရီးသွားဗီဇာများကို ထုတ်ပေးမည်ဖြစ်ပြီး မိသားစုများအတွက်ပါ ပါဝင်မည်ဖြစ်သည်။ ယခုအချိန်ထိ ဆီးရီးယားစစ်ဘေးသင့် ပြည်သူများမှာ ဘရာဇီးတွင် အနည်းငယ်သာရှိသေးပြီး တဖြည်းဖြည်းနှင့် တိုးလာသည်ဟု UNHCR ပြောရေးဆိုခွင့်ရှိသူ အက်ဒရီယန် အက်ဒ်ဝပ်က ပြောကြားခဲ့ပြီး ၂၀၁၃-ခုနှစ်တွင် ဒုက္ခသည် ၁သိန်းအတွက် လူသားချင်းစာနာသည့် ပြည်ဝင်ခွင့်ဗီဇာများကို ထုတ်ပေးရန် UNHCR မှ ဘရာဇီးအားတိုက်တွန်းခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    Ref : xinhua
    ______________________
    အစ္စရေးအား နိုင်ငံတကာမှ ဖိအားပေးရန် အဘတ်စ်တိုက်တွန်း

    Abbas

    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ် အဘတ်စ်က အမေရိကန်မှ ပွဲစားလုပ်ကာ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးအတွက် နောက်ဆုံးအခွင့်tရေး ဖြစ်ကောင်းဖြစ်မည်ဟု ပြောကြားလိုက်ပြီး အစ္စရေးနှင့် ဖြစ်ပွားနေသည့် အငြင်းပွားမှုအားလုံးကို လုံးဝဖြေရှင်းနိုင်မည့် သဘောတူညီချက်တစ်ခုကိုလည်း တောင်းဆိုလိုက်သည်။

    ယမန်နေ့ကုလသမဂ္ဂ အစည်းအဝေးမတိုင်မီ ပြောကြားခဲ့ရာတွင် ပါလက်စတိုင်း နယ်မြေများအတွင်း အစ္စရေးမှအိမ်ရာဆောက်လုပ်နေမှုများအား ရပ်ဆိုင်းရန်အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ဖိအားပေးရန် ထည့်သွင်းပြောဆိုသွားခဲ့သည်။

    “အချိန်တွေကုန်သွားနေပါတယ်။ ငြိမ်းချမ်းရေး တံခါးပေါက်ဟာလည်း ပိတ်ပိတ်လာနေပါတယ်။ ပြီးတော့ အခွင့်အရေးတွေဟာလည်း နည်းနည်းလာပါတယ်။ အခုလုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ငြိမ်းချမ်းမှုရဖို့အတွက် နောက်ဆုံးအခွင့်အရေးဖြစ်လာပါပြီ” ဟု အဘတ်စ်က ပြောကြားခဲ့သည်။

    ပါလက်စတိုင်းကပိုင်ဆိုင်သည့် အနောက်ဘက်ကမ်းခြေတွင် အိမ်ရာများဆောက်လုပ်ခြင်းအား ရပ်နားထားရန် နိုင်ငံတကာကသတိပေးထားသော်လည်း အစ္စရေးက လစ်လျူရှုကာ ဆက်လက်ဆောက်လုပ်နေခြင်းဖြစ်သည်။
    Ref : aljazeera