News @ M-Media

Author: M-Media

  • စက်တင်ဘာ ၂၇ အားကစားသတင်းများ

    စက်တင်ဘာ ၂၇
    M-Media

    2792013

    ဘာကာ ဖန်တီးရှင်ဟောင်း ဒေကို တားမြစ်ဆေးကြောင့် ဘောလုံးလောကမှ တစ်နှစ်ပိတ်ပင်

    ဘာစီလိုနာအသင်းနှင့် ချယ်ဆီးအသင်းတို့၏ ကစားသမားဟောင်းဖြစ်သူ ဒေကိုအား တားမြစ်သုံးစွဲကြောင်းတွေ့ရှိရ၍ ဘောလုံးလောကမှ တစ်နှစ်ပိတ်ပင်ခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့် သြဂုတ်လက ဘောလုံးကစားခြင်းမှ အနားယူသွားပြီဖြစ်သည့် ဒေကိုမှာ ဘရာဇီးကလပ် ဖလူမင့်စ်အသင်းတွင် ကစားနေစဉ် မတ်လက တားမြစ်ဆေးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး ယာယီအနေဖြင့် ရက်သုံးဆယ်ကစားခွင့် ပိတ်ပင်ခဲ့သည်။

    အသေးစိတ် စစ်ဆေးမှုများ ဆက်လက်ပြုလုပ်ပြီးနောက် ဘရာဇီးအားကစားခုံရုံးမှ ယခုကဲ့သို့ တစ်နှစ်ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ကစားသမားဘ၀မှ အနားယူသွားခဲ့သည့် ဒေကိုအတွက် အကျိုးသက်ရောက်မှု ကြီးကြီးမားမား ရှိမည် မဟုတ်ချေ။ ဒေကိုမှာ ပေါ်တိုအသင်းနှင့်ထင်ရှားလာခဲ့သူဖြစ်ပြီး ဘာစီလိုနာနှင့် ချယ်ဆီးအသင်းတို့တွင် ကစားခဲ့ကာ ၂၀၁၀-ခုနှစ်က ဖလူမင်စ့်အသင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက် သြဂုတ်လတွင် ကစားသမားဘ၀မှ အနားယူခဲ့သည်။
    goal
    ________________________
    ရီးယဲလ်အား မည်ကဲ့သို့အနိုင်ယူရမည်ဆိုသည်ကို သိသည်ဟု ကော့တွစ်ဆို

    အက်သလက်တီကို မက်ဒရစ်အသင်း၏ ဂိုးသမားဖြစ်သူ သီဘောက် ကော့တွစ်က စနေနေ့တွင် ကစားမည့် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ပွဲတွင် အက်သလက်တီကိုမှာ ရီးယဲလ်အား ကျော်လွှားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။ အက်သလက်တီကိုမှာ ပြီးခဲ့သည့်နှစ်က ဘာနေဗျူးတွင် ကစားခဲ့သည့် စပိန်ဘုရင့်ဖလားပွဲစဉ်တွင် ရီးယဲလ်အား အနိုင်ယူနိုင်ခဲ့သည်။

    ထို့ကြောင့် ယခုအကြိမ်တွင်လည်း ၎င်းတို့၏ မြို့ခံပြိုင်ဘက်အား မနိုင်စရာအကြောင်းမရှိဟု ပြောကြားခဲ့သည့် ကော့တွစ်က “ကျွန်တော်တို့မှာ အသင်းကောင်းတစ်သင်းရှိပြီး သူတို့(ရီးယဲလ်ကို) နိုင်အောင် ကစားတတ်ပါတယ်။ သုံးမှတ်ရမယ့်ပွဲဖြစ်ပြီး နောက်ဆုံး ဗိုလ်လုပွဲလိုပဲဖြစ်မှာပါ။ ကျွန်တော် ဘယ်တော့မှ သရေကျဖို့အတွက် မကစားပါဘူး။ နိုင်ဖို့အတွက်ပါပဲ” ဟု သတင်းထောက်များက ပြောကြားခဲ့သည်။
    goal
    ________________________

    နာပိုလီနှင့်ပွဲ လုပ်ရပ်အတွက် ဘာလော့တယ်လီ ပြန်လည်တောင်းပန်

    အေစီမီလန်အသင်းက နာပိုလီအသင်းအား ၂-ဂိုး ၁-ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်အပြီးတွင် ပြုလုပ်ခဲ့သည့် ၎င်း၏ အပြုအမူများမှာ မသင့်လျော်သော အပြုအမှုများ ဖြစ်သည်ဟု ၀န်ခံခဲ့သော်လည်း သူ၏ လုပ်ရပ်မှာ အသေးအဖွဲမျှသာ ဖြစ်သည်ဟု အေစီမီလန်တိုက်စစ်မှူး ဘာလော့တယ်လီက ပြောကြားခဲ့သည်။ ထိုပွဲအပြီးတွင် ဘာလော့တယ်လီမှာ ဒိုင်လူကြီး၊ ပွဲတာဝန်ရှိသူများနှင့် နာပိုလီအသင်းသားများအား ပြင်းပြင်းထန်ထန်စောဒတက်ခဲ့သောကြောင့် ဒိုင်လူကြီးက ဒုတိယအကြိမ် အ၀ါကတ်ပြသခဲ့သည်။

    ထိုလုပ်ရပ်ကြောင့် ဘာလော့တယ်လီအား အီတလီဘောလုံးအဖွဲ့ချုပ်က သုံးပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့သည်။ “ပထမဆုံးအနေနဲ့ ကျွန်တော့် အသင်းဖော်တွေကို တောင်းပန်ပါတယ်။ သူတို့တွေဟာ ကျွန်တော်နဲ့အတူ လေ့ကျင့်ကြ အလုပ်လုပ်ကြပြီး ကျွန်တော့်ရဲ့ဒီအပြုအမူက သူတို့ကို အထီးကျန်သွားစေပါတယ်။ ကျွန်တော့်ကိုဂရုစိုက်တဲ့ ပရိတ်သတ်တွေနဲ့ အသင်းအတွက်လည်း ကျွန်တော်ဟာ အပြစ်ရှိတယ်လို့ ခံစားရပါတယ်။ ဒိုင်လူကြီးကိုလည်းတောင်းပန်ပါတယ်။ ကျွန်တော် ဒီလိုလုပ်ရပ်မျိုး မလုပ်သင့်ခဲ့ပါဘူး။ တချို့အခြေအနေတွေမှာ ကျွန်တော့်ကို ကျွန်တော်ထိန်းချုပ်ရမယ် ဆိုတာ ကျွန်တော် နားလည်သွားပါပြီ “ဟု ဘာလော့တယ်လီက အီတလီ အားကစားသတင်းစာ La Gazzetta dello Sport သို့ပြောကြားခဲ့သည်။
    goal
    ________________________
    ဘာစီလိုနာနဲ့ စစ်ဖြစ်နေတာမဟုတ်ပါဘူးလို့ အင်နီယေစတာ ပြော

    ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းတိုးရန် နှောင့်နှေးနေသည့် ကွင်းလယ်ဖန်တီးရှင် အင်နီယေစတာက အသင်းအုပ်ချုပ်ရေးအဖွဲ့နှင့် ပဋိပက္ခများရှိနေသည်ဆိုသည့် သတင်းကို ငြင်းဆိုလိုက်ပြီး သူ၏ ကစားသမားဘ၀အား ဘာကာတွင်ပင် အဆုံးသတ်ချင်သည်ဟု ပြောကြားလိုက်သည်။

    ၂၀၁၅ တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် အင်နီယေစတာအား ဘာကာမှ သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် စိတ်အားထက်သန်နေသော်လည်း အင်နီယေစတာဘက်မှ နှောင့်နှေးနေသည်ဟု သတင်းများထွက်ပေါ်လာခဲ့ပြီး ပီအက်စ်ဂျီအသင်းကလည်း ခေါ်ယူရန်စောင့်ကြည့်နေသည်။
    “ဘာကာနဲ့ အင်နီယေစတာကြားထဲမှာ ထူးဆန်းတာမျိုးဘာမှမရှိသလို စစ်လည်းမဖြစ်ပါဘူး။ ကလပ်ကလည်း ကျွန်တော့်ကို အလိုရှိတယ်။ ကျွန်တော်ကလည်း ဒီမှာနေချင်ပါတယ်။ ကျွန်တော်ဒီအသင်းမှာပဲ ကစားသမားဘ၀က အနားယူချင်တယ်လို့ ခဏခဏပြောပြီးပါပြီ။ အသင်းကလည်းဒီအတိုင်းပါပဲ။ သဘောတူညီချက်တစ်ခုကိုကျွန်တော်တို့ ရောက်ချင်ပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် အင်နီယေစတာက ပြောကြားခဲ့သည်။
    goal
    ________________________
    မလေးရှားအိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ၀ါဝရင်ကာ ကွာတားဖိုင်နယ်သို့တက်ရောက်

    မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင်ကျင်းပလျက်ရှိသည့် မလေးရှားအိုးပင်းနစ်ပြိုင်ပွဲတွင် ဆွစ်ဇလန်တင်းနစ်သမား စတာနစ်လက်စ် ၀ါဝရင်ကာမှာ ကွာတားဖိုင်နယ်သို့တက်ရောက်သွားပြီဟု သိရသည်။

    နိုင်ခြေအဆင့် ၂ ရှိ ၀ါဝရင်ကာမှာ ဆိုက်ပရပ်စ် တင်းနစ်သမား မားကို့စ် ဘဂ်ဒါတစ်အား ၆-၁၊ ၇-၅ ဖြင့်အနိုင်ရရှိခဲ့သည်။ ၀ါဝရင်ကာမှာ မကြာမီလန်ဒန်မြို့၌ကျင်းပမည့် နှစ်တစ်နှစ်၏ နောက်ဆုံးတင်းနစ်ပြိုင်ပွဲ ATP World Tour finals ကို ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ယခုပြိုင်ပွဲတွင် ကောင်းမွန်စွာစွမ်းဆောင်နိုင်ရန်မျှော်လင့်နေသည်။

    ATP World Tour finals တင်းနစ်ပြိုင်ပွဲမှာ ကမ္ဘာ့တင်းနစ်အဖွဲ့ချုပ်ကသတ်မှတ်သည့် ကမ္ဘာ့အဆင့် ၁ မှ ၈ အတွင်းဝင်သောကစားသမားများသာ ယှဉ်ပြိုင်ရခြင်းဖြစ်ပြီး ၀ါဝရင်ကာမှာ ယခုလက်ရှိတွင် ကမ္ဘာ့အဆင့် ၈ နေရာတွင်ရှိနေသည်။

    “အဲဒီ(လန်ဒန်)မှာကစားခွင့်ရရေးဟာ ကစားသမားအားလုံးရဲ့အိပ်မက်ပါ။ သိပ်ကိုကြီးကျယ်ပြီး အံ့သြစရာလည်းကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်ကတော့ အခုပြိုင်ပွဲမှာ ဘာဖြစ်နေတယ်ဆိုတာကို ဂရုစိုက်တာ ပိုကောင်းပါတယ်။ ကျွန်တော်အဲဒီ(လန်ဒန်)မှာကစားချင်ပါတယ်။ ကျွန်တော်ပွဲကောင်းကောင်းကစားပြီး ပွဲတွေနိုင်ဖို့လည်းလိုပါတယ်။ တကယ်လို့ကျွန်တော်အတွေးမလွန်ဘူးဆိုရင် အဲဒီမှာယှဉ်ပြိုင်ဖို့အခွင့်အရေးရးမှာပါ” ဟု ပွဲအပြီးတွင်ပြောကြားခဲ့သည်။ ၀ါဝရင်ကာမှာ မလေးရှားအိုးပင်းဆီမီးဖိုင်နယ်တွင် နိုင်ခြေအဆင့် ၆ ရ ရုရှားတင်းနစ်သမား ဒီမီထရီ တာဆူနော့ဗ်နှင့် တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။

  • တစ်ပါတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    စက်တင်ဘာ၊ ၂၅၊
    M-Media
    မျိုးမင်း စုစည်းတင်ဆက်သည်။

    ၁။ အာကာသမှ လာသော သက်ရှိများ

    992298_10151866173763166_1209631394_n
    ဂြိုဟ်သား… လို့ ပြောလိုက်ရင်တော့ ရုပ်ရှင်ထဲမှာ မြင်ဖူးတဲ့ မျက်လုံးပြူးပြူး အစိမ်းရောင် ခန္ဓာကိုယ်နဲ့ ပုံးစံမျိုးကိုပဲ ပြေးမြင်မိကြပါ လိမ့်မယ်။ အခုဟာကတော့ အာကာသကလာပေမယ့် အလွန်သေးငယ်တဲ့ ပိုးမွှားအရွယ် သက်ရှိလေးတွေ ဖြစ်ပါတယ်။ University of Sheffield and Buckingham က သုတေသီတွေက ဒီလို အာကာသကနေ ပိုးမွှားလေးတွေ ရောက်လာတာ ရှိနိုင်တယ်လို့ သံသယ ရှိတာကြောင့် လေဘောလုံးတစ်ခု ကို မြေပြင်ကနေ ၁၆မိုင် အမြင့်ကို လွှတ်တင်ပြီး လေထုကို စစ်ယူပြီး စစ်ဆေးတဲ့အခါမှာ diatom လို့ ခေါ်တဲ့ ရေညှိပုံစံ သက်ရှိ အပိုင်းအစကို တွေ့ရှိခဲ့ပါတယ်။ ဒီလိုသေးငယ်တဲ့ အရွယ်အစားပေမယ့် မြေပြင်ကနေ ၁၆မိုင် အမြင့်ကို လွင့်ပျံတက်သွားဖို့ဆိုတာ မဖြစ်နိုင်ပဲ အာကာသက လွင့်လာတဲ့ ဥက္ကာပျံများနဲ့ တွယ်ကပ်ပါလာတာသာ ဖြစ်နိုင်တယ်လို့ သုတေသီများက အခိုင်အမာ ပြောဆိုခဲ့ပါတယ်။
    .

    ၂။ Apple နဲ့ Samsung

    1373071_10151866174358166_1807145420_n
    နည်းပညာ သတင်းတွေကို စိတ်ဝင်စားတဲ့ ပရိသတ်ကြီး သိကြလိမ့်မယ်လို့ ထင်ပါတယ်… Apple နဲ့ Samsung ဆိုတာ အပြန်အလှန် တရားစွဲနေကြတယ်ဆိုတာကိုပါ။ အခုတော့ ထူးဆန်းတဲ့ သတင်းကြားရပါတယ်။ အခုနောက်ဆုံးထွက်တဲ့ iPhone 5s မှာ သုံးထားတဲ့  A7 Processor ဟာ  Samsung ကထုတ်လုပ်ပေးတဲ့ ပစ္စည်း ဖြစ်ပါတယ်တဲ့။ ဟိုး အရင်ကတော့  iDevice တွေအတွက် အကောင်းဆုံး display ကိုလည်း Samsung ကပဲ ထုတ်လုပ်ပေးခဲ့ပါသေးတယ်။ နောက်တော့   Apple က Samsung display တွေ မသုံးတော့လို့ သူတို့ တွေ ပြတ်စဲခဲ့ပြီလို့ ထင်ကြပေမယ့် မပြတ်နိုင်သေးဘူး ဆိုတဲ့သဘောပေါ့ ခင်ဗျာ။
    .

    ၃။ Cygnus spacecraft

    1368644_10151866180203166_869724805_n
    အမေရိကန်အာကာသ လွန်းပျံယာဉ်တွေ ရပ်ဆိုင်းလိုက်ကတည်းက ဆိုယုစ် အာကာသယာဉ်တွေကိုပဲ နိုင်ငံတကာ အာကာသစခန်း ISS နဲ့ ပို့ဆောင်ရေး လုပ်နေရတာကြာပါပြီ။ အခုတော့ ပုဂ္ဂလိက ကုမ္ပဏီ ဖြစ်တဲ့  Orbital Sciences Corp က ဒီလုပ်ငန်းကို ဝင်ရောက်လာပါတယ်။ ၂၂ရက် ညက လွှတ်တင်လိုက်တဲ့ Cygnus spacecraft ဟာ ထောက်ပံ့ရေး ကုန်စည်တွေ သယ်ဆောင်သွားပြီး ၂၃ ရက်မနက်မှာတော့  ISS နဲ့ ချိတ်ဆက်ဖို့ ရောက်ရှိခဲ့ပါတယ်။ ဒါပေမယ့်  ချိတ်ဆက်ဖို့ ISS နဲ့ အချက်ပေး ဆက်သွယ်မှုတွေမှာ software ချွတ်ယွင်းမှုကြောင့် မချိတ်နိုင်ခဲ့ပါဘူး။ နောက်တစ်ကြိမ် ပြန်လည် ကြိုးစားဖို့ နောက်ထပ် နှစ်ရက် စောင့်စားရမှာ ဖြစ်ပြီး ဒီကာလ အတွင်းမှာ  software ကို ပြုပြင် သွားမယ်လို့ သိရပါတယ်။

    ၄။ အင်္ဂါဂြိုဟ်

    1371719_10151866176478166_473736840_n
    နာဆာရဲ့ Mars rover ယာဉ်ငယ်လေးရဲ့ ရှာဖွေခဲ့တဲ့ ရှစ်လတာ ကာလတလျှောက် အင်္ဂါဂြိုဟ် ပေါ်မှာ မီသိန်းဓါတ်ငွေ့ ထွက်ရှိခြင်း မရှိသလို သက်ရှိ လည်း မတွေ့ရှိကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ မီသိန်းဓါတ်ငွေ့ကတော့ အရင်က ရှိခဲ့ပြီး တဖြည်းဖြည်းချင်း လျှော့ပါးသွားတာလို့ ဆိုပါတယ်။

    ၅။ ကံကောင်းစွာမပေါက်ကွဲခဲ့တဲ့ နျူကလီးယားဗုံး
    အခုဖွင့်ထုတ်ပေးလိုက်တဲ့ လျို့ဝှက် မှတ်တမ်းတစ်ခုမှာ  ၁၉၆၁ ခုနှစ်က  B-52 လေယာဉ်ဟာ မြောက် ကယ်ရိုလိုင်းနား ပြည်နယ် တစ်ခုပေါ်မှာ ပျံသန်း နေတုန်း ချွတ်ယွင်းမှုကြောင်း ဟိုက်ဒရိုဂျင် ဗုံးတစ်လုံး လွှတ်ချလိုက်မိပါတယ်။ ကံကောင်းစွာနဲ့  လုံခြုံရေး ခလုတ်တစ်ခုက တားဆီးထားလို့သာ မပေါက်ကွဲခဲ့တာပါတဲ့။ ပေါက်ကွဲခဲ့မယ်သာဆိုရင် ဟီရိုရှီးမား ဗုံ့းထက် အဆ ၂၆၀ ပြင်းထန်တဲ့ ဗုံးဟာ Washington, Baltimore, Philadelphia နဲ့  New York City  တွေ ပျက်စီးရမှာ ဖြစ်ပါတယ်။ ( ဟိုက်ဒရိုဂျင် ဗုံး ဆိုတာကတော့ နျူကလီးယား fusion ဗုံးဖြစ်ပါတယ်။)

  • ၂၀၁၃-ခုနှစ် ကုရ်ဘာနီ ကြီးကြပ်ရေးကော်မတီ ဖွဲ့စည်းခြင်း

    စက်တင်ဘာ ၂၄၊ ၂၀၁၃
    M-Media
    KK

    ရန်ကုန် ။         ။       မကြာခင် ကျရောက်တော့မည့် အစ္စလာမ်သာသနာဝင်များ၏ အီဒွလ်အသွလ်ဟာ (ကုရ်ဘာနီ)ရက်မြတ် ကျရောက်တော့မည်ဖြစ်သဖြင့် ကုရ်ဘာနီကြီးကြပ်ရေး ကော်မတီ တစ်ရပ်ကို မနေ့က စက်တင်ဘာ ၂၃-ရက်နေ့က ရွေးချယ် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

    အဆိုပါ ကုရ်ဘာနီကြီးကြပ်ရေးကော်မတီအား မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးများဖြစ်သည့် အိုလမာ အစ္စလာမ်သာသနာ့ ပညာရှင်များအဖွဲ့ချုပ်၊ အစ္စလာမ် သာသနာရေးရာကောင်စီ ဌာနချုပ်၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ မော်လ၀ီ အဖွဲ့ချုပ် (ဗဟို)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ် လူငယ်များ(ဘာသာရေး)အဖွဲ့၊ မြန်မာမွတ်စလင်မ် အမျိုးသားရေးရာ အဖွဲ့ချုပ်တို့၏ စက်တင်ဘာ ၂၃-ရက်နေ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

    ၎င်း ကုရ်ဘာနီကြီးကြပ်ရေးကော်မတီတွင် နာယကကြီးများအဖြစ် အလ်ဟာဂ်ျမောင်လာနာ မုဟမ္မဒ် ဆွာလေ (ခ) ဦးစိုးသန်း၊ အလ်ဟာဂ်ျ ဦးတင်မောင်သန်း၊ အလ်ဟာဂ်ျဦးကျော်စိုး၊ အလ်ဟာဂ်ျဦးမြင့်ထွန်း၊ ဟာဂျီဦးကျော်ခင်တို့ ပါဝင်ပြီး ၊ ဥက္ကဋ္ဌ အလ်ဟာဂ်ျမောင်လာနာ မုဟမ္မဒ်ယူစွဖ် (ခ) ဦးသိန်းမြင့်၊ အတွင်းရေးမှူး အလ်ဟာဂ်ျဦးမြင့်ရွှေ၊ ဘဏ္ဍာရေးမှူး ဦးရဲနောင်သိန်း၊ စာရင်းစစ် အလ်ဟာဂ်ျဦးတင်ယု၊ ပြန်ကြားရေးမှူး ဟာဂျီဦးကိုကိုအောင်နှင့် ကော်မတီဝင်များအဖြစ် အလ်ဟာဂ်ျဦးခင်မောင်သန်း၊ ဦးဝဏ္ဏရွှေ၊ ဦးကျော်ဝင်းဦး တို့ ပါဝင်ကြောင်းသိရှိရပါသည်။

    1 2

  • ကချင်လွယ်အိတ်နီကြီးနဲ့ ပြည်သူတွေသိတဲ့ ၀မ်းအိုဝမ်း

    စက်တင်ဘာလ ၂၃
    M-Media
    ကဗျာ – ပသီဆောင်းနှင်းဖြူ

    IMG_0094

    ငယ်စဉ် ဆယ်ကျော်သက် ဘ၀ ကတည်းက
    တိုင်းပြည်လွတ်လပ်ရေး အတွက် ကျရာနေရာကနေ
    သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ သူရဲ့ သမိုင်းစာမျက်နှာ။

    ဂျပန်တော်လှန်ရေး ကာလ ကြုံ့ဆုံလာတဲ့ အသက်အန္တရာယ် အသွယ်သွယ်မှာ
    ဂျပန်တော်လှန်ရေး ပျက်ပြားသွားမှာ
    အထိမခံနိုင် အပျက်မခံနိုင်
    သူ့အသက်ကိုသာ လွတ်လပ်ရေး ကန်ဘောင်ရိုးမှာ
    စတေးခံဖို့ ဆုံးဖြတ်ခဲ့သူပါ။

    တိုင်းပြည် လွတ်လပ်ရေးအတွက် ဆောင်ရွက်တာချင်း အတူတူတောင်
    အစ္စလာမ် ဘာသာဝင် ပသီလူမျိုးမို့
    သူများတွေထက် အစားသောက် အဆင်းရဲခံပြီး
    တိုင်းပြည်တာဝန်ကို ထမ်းရွက် ဆောင်ရွက်ခဲ့သူ။

    သမိုင်းလှသူရဲ့ ဘ၀ခရီးလမ်းတလျှောက်
    ကချင်လွယ်အိပ်နီကြီးကို စလွယ်သိုင်းကာ
    ယိမ်းယိုင်စပြုလာတဲ့ ခန္ဓာကိုယ်ကို အားတင်းပြီး
    တုန်ရီနေသော လက်ချောင်းလေးတွေကြားက
    ကလောင်ကို လက်က မချ
    သူ့စာပေတွေ ပြည်သူတွေဆီ အရောက်ပို့။

    ဇာရာကို အန်တုတဲ့ အသက် ၉၀ကျော် အဖိုးအိုရဲ့
    သြချရတဲ့ ဥာဏ်ရည်ဥာဏ်သွေးနဲ့
    ခိုင်မာသော ယုံကြည်ချက် အပေါ်
    တစိုက်မတ်မတ် မဆုတ်မနစ်တဲ့ ဇွဲ၊လုံ့လ၊ ၀ီရိယတွေဟာ
    လေးစား အားကျစရာ စံနမူနာ။

    ကျွန်မ လိုက်ပါခွင့်ရခဲ့တဲ့
    စာပေနှစ် (၇)နှစ် အတွင်းမှာ
    ပျော်ရွှင်မှု၊ ဘ၀အမော၊ မျှော်လင့်ခြင်း၊
    အသိတရား၊ မာယာများတဲ့ လောကဓံတွေ၊
    သနားကြင်နာမှုတွေ၊
    ရောင်စုံ စိတ်ဓာတ်တွေ၊
    အမှန်တရားကို ချစ်မြတ်နိုးမှု စိတ်တွေ၊
    မကုန်ဆုံးနိုင်တဲ့ ပညာတွေ၊
    အတုယူဖွယ်ရာ စိတ်ဓာတ် နှလုံးသား သိမြင်ခံစားမှု ရသစုံ အထွေထွေ ကျွန်မကို ပေးခဲ့သူ။

    သက်တော်ရှည် စာပေပညာရှင်ရဲ့
    အောင်မြင်သော မှတ်တိုင်
    မြန်မာ့ သမိုင်း မှတ်တိုင် ကမ္ဘာတည် သ၍ တည့်တံ့စေ။

    နိမ့်ချည် တလှည့် မြင့်ချီ တလှည့်
    မောဟိုက်နေတဲ့ နှလုံးခုန်သံတွေကြားက
    အလျှော့မပေး စတမ်း
    အသက်ရှင်သန်ခွင့် ရဖို့ အတွက်

    အားစိုက် ရှူသွင်းနေတဲ့
    အသက်ရူသံတွေရဲ့ အဆုံးမှာ…..
    ၂၀၁၂ခုနှစ်ရဲ့ စက်တင်ဘာ ၂၃ရက်  ည (၁၀း ၄၅)မိနစ်
    အားလုံးကို နှုတ်ဆက် ထွက်ခွာ သွားခဲ့သူ။

    ဒီကနေ့ ဒီကဗျာရေးပြီး အချိန် ည (၁၀း ၄၅)မိနစ်တိတိ
    တိုင်ဆိုင်မှုတွေက အံ့သြမှင်သက်မှုတွေနဲ့ အတူ
    တစ်နှစ်ပြည့် အောင်းမေ့ဖွယ် ကဗျာလေးနဲ့ ဂုဏ်ပြုလိုက်ပါရစေပါ…။

  • နိုင်ရိုဘီ တိုက်ခိုက်မှုအား ကင်ညာ မွတ်စလင်မ်များက ရှုတ်ချ

    စက်တင်ဘာ၊ ၂၄
    M-Media

    Muslims Condemn Kenya Terrorist Attack

    ကင်ညာနိုင်ငံ မြို့တော်နိုင်ရိုဘီရှိရှော့ပင်းမောလ် တစ်ခုအား ဆိုမာလီ အခြေစိုက် အလ်ရှာဘတ် အကြမ်းဖက်အဖွဲ့အစည်းက စီးနင်း တိုက်ခိုက်မှုအား ရှုတ်ချကြောင်း ကင်ညာရှိ မွတ်စလင်အဖွဲ့အစည်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

    ထိုတိုက်ခိုက်မှုမှာ စနေနေ့ကစတင်ခဲ့ပြီး ယခုအချိန်အထိ လူပေါင်း ၆၉ ဦးသေဆုံးခဲ့ကာ ရာကျော်ဒဏ်ရာရခဲ့သည်။

    “ငြိမ်းချမ်းမှုကိုမြတ်နိုးတဲ့ ကင်ညာနိုင်ငံသားတွေနဲ့ ကျွန်တော်တို့နိုင်ငံမှာနေထိုင်ဖို့၊ အလုပ်လုပ်ဖို့ လာရောက်ကြတဲ့ နိုင်ငံတကာက ကျွန်တော်တို့ ဧည့်သည်တွေကို တိုက်ခိုက်တဲ့ဒီလိုလုပ်ရပ်မျိုးကို ပြင်းပြင်းထန်ထန်ရှုတ်ချဖို့ ကျွန်တော်တို့  မွတ်စလင်ခေါင်းဆောင်တွေ ဒီမှာစုဝေးကြတာပါ” ဟု ကင်ညာမွတ်စလင်ကောင်စီမှ တနင်္ဂနွေနေ့က ထုတ်ပြန်သော ကြေညာချက်တွင်ဖော်ပြထားသည်။

    ထို့ပြင် ယခုရင်ဆိုင်နေရသည့် အခက်အခဲများအား ဖြေရှင်းနေရသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အစိုးရတာဝန်ရှိသူများ အားလုံးကိုထောက်ခံကြောင်း ထည့်သွင်းရေးသားခဲ့သည်။

    အဆိုပါတိုက်ခိုက်မှုမှာ နိုင်ရိုဘီမြို့ရှိ Westgate ရှော့ပင်းမောလ်တွင် စနေနေ့ ဒေသစံတော်ချိန် ၁၂နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေနတ်သမားများက ဗုံးများ၊ အော်တိုမက်တစ်လက်နက်များ ပစ်ဖောက်ကာ ၀င်ရောက်စီးနင်းခဲ့ကြသည်။ ထိုအချိန်တွင် ရှော့ပင်းမောလ်တွင် ကလေးများနေ့ကျင်းပနေချိန်လည်းဖြစ်သည်။

    အစ္စလာမ့်သွန်သင်ချက်နှင့် ဆန့်ကျင်သောလုပ်ရပ်

    ထိုတိုက်ခိုက်မှုဖြစ်ပွားပြီးလျှင်ပြီးချင်း ကင်ညာမွတ်စလင်များက ချက်ချင်းပင်ရှုတ်ချခဲ့ကြသည်။  “ဒီတိုက်ခိုက်မှုဟာရိုင်းစိုင်းပြီး မကောင်းဆိုးဝါးတွေရဲ့လုပ်ရပ်ပါ။ ဒါဟာ ကင်ညာစိုးရနဲ့ ကျွန်မတို့ကင်ညာနိုင်ငံသားအားလုံးအတွက် စိန်ခေါ်မှုပါပဲ” ဟု ကျား၊ မ တန်းတူညီမျှရေး တက်ကြွလှုပ်ရှားသူ ဟာမီဇာ ဆာဂျာက ကင်ညာသတင်းအေဂျင်စီတစ်ခုဖြစ်သည့် Anadolu Agency သို့ပြောကြားခဲ့သည်။ ထို့ပြင် မွတ်စလင်တစ်ယောက်အဖြစ် အစ္စလာမ်သာသနာက ထိုကဲ့သို့သောအကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်ရှုတ်ချကြောင်းသိရှိထားပြီး တိုက်ခိုက်သူများကို ဘာသာတရားဖြင့်တွဲဖက်၍ မကြည့်ရှုသင့်ကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။

    “တိုက်ခိုက်သူတွေကို ဘာသာ လူမျိုးမရွေး ပြစ်ဒဏ်ပေးသင့်ပါတယ်။ ကျွန်မရဲ့ ဆွလာသ်(၀တ်ပြုမှုတွေ)ဟာ ဒဏ်ရာရသူတွေအတွက်ဖြစ်ပြီး အဆောက်အအုံထဲမှာ ပိတ်မိနေတဲ့ သူတွေကို အစိုးရက ကယ်တင်နိုင်လိမ့်မယ်လို့ ကျွန်မမျှော်လင့်နေပါတယ်” ဟု သူမက ဆိုသည်။

    ကင်ညာ မွတ်စလင်တစ်ဦးဖြစ်သူ ဘရှီးရ် မိုဟာမက်ကလည်း ထိုတိုက်ခိုက်မှုများအား ရှုတ်ချခဲ့ပြီး ယုတ်မာသော၊ သရဲဘောကြောင်သော အကြမ်းဖက်မှုအဖြစ်ပြောကြားခဲ့သည်။ ထို့ပြင် အမျိုးသမီးများနှင့် ကလေးငယ်များအား ပစ်မှတ်ထား တိုက်ခိုက်သည့် ထိုလုပ်ရပ်မှာ အစ္စလာမ်၏ ငြိမ်းချမ်းရေးသွန်သင်မှုများနှင့် ဆန့်ကျင်နေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “ကင်ညာနိုင်ငံသားတွေအနေနဲ့ သည်းခံဖို့၊ ပြီးတော့ ညီအကိုမောင်နှမတွေလိုနေကြဖို့နဲ့ ဘာသာရေးပဋိပက္ခတွေဖြစ်ပွားနိုင်တဲ့ ဒီလိုလုပ်ရပ်တွေကို ရှုတ်ချဖို့ ကျွန်တော်တိုက်တွန်းပါတယ်” ဟု ဘရှီးရ်က ဆိုခဲ့သည်။

    အစ္စလာမ်က မိမိအား မတရားသဖြင့် ဖိနှိပ်စော်ကားသူကို ထိုမတရားမှုများချုပ်ငြိမ်းသွားသည်အထိ ခုခံပိုင်ခွင့်ပေးထားသော်လည်း အပြစ်မဲ့သူများအား သတ်ဖြတ်မှုကို ပြင်းပြင်းထန်ထန်တားမြစ်ထားသည်။ အပြစ်မဲ့သူတစ်ဦးအား သတ်ဖြတ်ခြင်းမှာ လူသားအားလုံးအား သတ်ဖြတ်သကဲ့သို့ အပြစ်ထိုက်ကြောင်း ကုန်အာန် ကျမ်းတော်မြတ်တွင် အတိအလင်းဖော်ပြထားသည်။

    Ref:OnIslam