News @ M-Media
Author: M-Media
  • ရွေးကောက်ပွဲ အနိုင်ရသော ဂျာမဏီဝန်ကြီးချုပ် Merkel ၏ ပါတီမှ ပထမဆုံး မွတ်စ်လင်မ် လွှတ်တော်အမတ်
    စက်တင်ဘာ၊ ၂၄
    M-Media
    diaby_2
    တနင်္လာနေ့က ရွေးကောက်ပွဲရလဒ်ထုတ်ပြန်ချက်တွင် ဓာတုဗေဒပညာရှင် နှင့် ရုပ်ရှင်သရုပ်ဆောင်တို့သည် ဂျာမဏီနိုင်ငံ၏ ပထမဆုံးသော လူမည်းအမျိုးသား သီးခြားလွှတ်တော် အမတ်များဖြစ်လာကြောင်း ဖော်ပြခဲ့သည်။ ၄င်းတို့နှစ်ဦးလုံးမှာ ဆီနီဂေါဇာတိဖွားများ ဖြစ်ကြသည်။ ပြောင်းရွှေ့ဝင်ရောက် အခြေချနေထိုင်လာပြီး လွှတ်တော်အမတ်အဖြစ် ၀င်ရောက်အရွေးခံသူ ၃၄ ဦးအနက် ၂၁ ဦးမှာ နေရာရရှိခဲ့ကြသည်ဟု ဂျာမဏီနိုင်ငံ လူဝင်မှုစစ်တမ်းဆိုင်ရာအဖွဲ့ Migration Media Service မှ ဆိုသည်။
    ဂျာမဏီ၏ သန်း ၈၀ လူဦးရေတွင် ငါးပုံတစ်ပုံနီးပါးမှာ ပြောင်းရွှေ့ဝင်ရောက် အခြေချလာသူများ၊ ၄င်းတို့၏သားမြေး မျိုးဆက်များဖြစ်ကြသည်။ ၄င်းတို့အနက် ရွေးကောက်ပွဲ ၀င်နိုင်ခွင့်ရှိသူများမှာ မဆိုစလောက်သာ ရှိနေသည်။ ဂျာမဏီ၌ အာဖရိကန်နွယ်ဖွား ငါးသိန်းကျော်အထိ ရှိနေသော်လည်း ယနေ့တိုင်အောင် ပါလီမန်ထဲတွင် လူမည်းအမျိုးသား လွှတ်တော်အမတ်ဟူ၍ တစ်ဦးတစ်လေမျှ မရှိသေးချေ။
    ဆီနီဂေါဇာတိဖွား ဓာတုဗေဒပညာရှင် Karamba Diaby မှ “ ကျွန်တော့်အနေနဲ့ ဂျာမန်ပါလီမန်ထဲ လွှတ်တော်အမတ်အဖြစ် ရွေးချယ်ဝင်ရောက်နိုင်မှုဟာ သမိုင်းတွင်စရာဖြစ်သွားပါတယ် ” ဟု ပြောကြားခဲ့သည်။ သူသည် ပညာသင်စကောလားရှစ်ရရှိပြီးနောက် ယခင်ကွန်မြူနစ်နိုင်ငံဖြစ်သော အရှေ့ဂျာမဏီ Halle မြို့သို့ ၁၉၈၆ ခုနှစ်တွင် သွားရောက်ခဲ့သည်။
    အသက် ၅၁ နှစ်အရွယ်ရှိ Karamba Diaby သည် ၂၀၀၁ ခုနှစ်၌ ဂျာမဏီနိုင်ငံသားဖြစ်လာခဲ့သည်။ သူ၏ဦးစားပေးမှုမှာ ပညာရေးဆိုင်ရာတန်းတူညီမျှအခွင့်အလမ်းများဖော်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
    “ ဂျာမဏီမှာရှိတဲ့ ကလေးသူငယ်တိုင်း သူတို့ရဲ့ကျောထောက်နောက်ခံ၊ သူတို့မိဘရဲ့ဝင်ငွေတွေနဲ့ကင်းလွတ်သော ပညာသင်ကျောင်းတက်ခွင့် ခံစားကြရပါမယ် ” ဟု သူက ဆိုသည်။
    လွှတ်တော်အမတ်ဖြစ်လာသူ လူမည်းအမျိုးသားနောက်တစ်ဦးမှာ အသက် ၅၆ နှစ်အရွယ်ရှိ Charles M. Huber ဖြစ်သည်။ သူသည် မြူးနစ်မြို့တွင်မွေးဖွားပြီး ဖခင်မှာ ဆီနီဂေါအမျိုးသား၊ မိခင်မှာ ဂျာမန်အမျိုးသမီး ဖြစ်ကြသည်။ Huber သည် Chancellor Angela Merkel’s Christian Democratic Union ၏အဖွဲ့ဝင်တစ်ဦးဖြစ်ကာ မဲအရေအတွက် ၄၁.၅ % ဖြင့် လွှတ်တော်အမတ်ဖြစ်လာသည်။
    Merkel ၏ ပါတီမှ မွတ်စ်လင်မ်လွှတ်တော်အမတ်တစ်ဦး Bundestag ၌ ပထမဦးဆုံး ထွက်ပေါ်လာခဲ့သည်။ ၄င်း Cemile Giousouf သည် အနောက်ပိုင်း Hagen မြို့ကို ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အသက် ၃၅ နှစ်ရှိပြီး၊ တူရကီလူမျိုးမိဘနှစ်ပါးမှ ဂျာမဏီတွင် မွေးဖွားသူဖြစ်သည်။
    ယခင်က တူရကီနွယ်ဖွား ဥပဒေပြုလွှတ်တော်အမတ် များစွာရှိခဲ့ကြသော်လည်း အများအားဖြင့် Social Democratic Party (၀ါ) လက်ဝဲပါတီမှ ဖြစ်ခဲ့ကြသည်။
    “ လက်ရှိပါလီမန်လွှတ်တော်အမတ်နေရာ ၆၃၀ ထဲက ၅.၄ % ဟာ ပြောင်းရွှေ့ဝင်ရောက်အခြေချလာတဲ့ မိသားစုအနွယ်များထဲက ဖြစ်တယ်။ သူတို့လူဦးရေဟာ ယခင်ကထက် ၃ ဆမက မြင့်တက်လာပြီး ၁၉ % အထိ ရှိနေပါတယ် ” ဟု Migration Media Service မှ ပြောကြားလိုက်သည်။
  • ကင်ညာ ရှော့ပင်းမောလ် တိုက်ခိုက်မှုအား ရုရှားမွတ်စလင် ခေါင်းဆောင်များ ပြင်းပြင်းထန်ထန်ရှုတ်ချ
    စက်တင်ဘာ၊ ၂၄
    M-Media
    terakt-v-najrobi
    ဆိုမာလီအခြေစိုက်အကြမ်းဖက်အဖွဲ့ အလ်ရှာဘတ်အဖွဲ့၏  အစ္စလာမ်သာသနာအမည်အား အလွဲသုံးစားလုပ်ကာ ကင်ညာမြို့တော် နိုင်ရိုဘီရှိ Westgate ရှော့ပင်းမောလ်အား ၀င်ရောက် စီးနင်းတိုက်ခိုက်သည့် လုပ်ရပ်ကို ရုရှားရှိ အစ္စလာမ့်ပညာရှင်များက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်သည်။
    ထိုတိုက်ခိုက်မှုအတွင်းလူပေါင်း ၆၀ ကျော်သေဆုံးခဲ့ပြီး ရာပေါင်းများစွာဒဏ်ရာရရှိခဲ့သည်။ ထိုကဲ့သို့ ဆိုးရွားသည့် တိုက်ခိုက်မှု သတင်းက ပူပင်သောကရောက်စေပြီး မကျေမနပ်ဖြစ်စရာကောင်းသည့် လုပ်ရပ်ဖြစ်သည်ဟု မွတ်စလင်ခေါင်းဆောင်များက ပြောကြားခဲ့သည်။ “မွဖ်သီ (အစ္စလာမ့်ဓမ္မသတ် ပညာရှင်များ)ကောင်စီက အစ္စလာမ်အရေခြုံပြီးလုပ်တဲ့ ရာဇ၀တ်မှုမြောက်တဲ့ ဒီလိုအကြမ်းဖက် လုပ်ရပ်မျိုးကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ အစ္စလာမ်က အကြမ်းဖက်ဝါဒကို ရွံရှာပါတယ်။
    အပြစ်မဲ့တဲ့ လူတစ်ယောက်ကိုသတ်ဖြတ်ခြင်းဟာ လူသားအားလုံးကိုသတ်ဖြတ်ခြင်းသာဖြစ်တယ်လို့ ကုရ်အာန်မှာ တိတိကျကျဆိုထားပါတယ်။ အကြမ်းဖက်သမား တစ်ယောက်၊ ဒါမှမဟုတ် ရာဇ၀တ်မှုကျူးလွန်သူ တစ်ယောက်ဟာ မွတ်စလင် မဖြစ်နိုင်တော့ပါဘူး။ အဲဒီလိုပဲ စစ်မှန်တဲ့ မွတ်စလင်တစ်ယောက်ဟာလည်း အကြမ်းဖက်သမား မဖြစ်နိုင်ပါဘူး။” ဟု မွဖ်သီကောင်စီ၏ကြေညာချက်ကို ပြောကြားခဲ့သည်။
    လူသတ်သမားများသည် ငရဲဘုံသို့ သွားရမည်ဟု ကုရ်အာန်ကျမ်းတော်မြတ်တွင် ဖော်ပြထားသောကြောင့် ယခုကဲ့သို့လုပ်ရပ်များကိုကျူးလွန်နေသောတရားခံများမှာ ၎င်းတို့၏လုပ်ရပ်များ အတွက်ပြန်လည်ပေးဆပ် ရမည်ဟု အစ္စလာမ့်ပညာရှင်များက ထပ်လောင်းပြောကြားခဲ့သည်။
    အစ္စလာမ်သာသနာတွင် မိမိအားမတရားသဖြင့်အနိုင်ကျင့်ကျူးကျော်သူများကို ထိုသူတို့၏မတရားသောလုပ်ရပ်များ ချုပ်ငြိမ်းသွားသည်အထိ ခုခံ ပိုင်ခွင့်ပေးထားသော်လည်း အပြစ်မဲ့သူများအား သတ်ဖြတ်ခြင်းကို ပြင်းပြင်းထန်ထန်တားမြစ်ထားသည်။
    အလ်ရှာဘတ်အဖွဲ့မှာ ဆိုမာလီယာတွင် အခြေစိုက်ပြီး အာဖရိကတစ်ဝှမ်းတွင် အမေရိကန်နှင့် အစ္စရေးတို့၏ အကျိုး စီးပွားများအား အကြမ်းဖက် တိုက်ခိုက်နေသည့် စစ်သွေးကြွအဖွဲ့ တစ်ခုဖြစ်ပြီး သီတင်းနှစ်ပတ်ကျော်ခန့်ကပင် ဆိုမာလီယာ အစ္စလာမ့် ပညာရှင်များက အလ်ရှာဘတ်အဖွဲ့၏လုပ်ရပ်များမှာ အစ္စလာမ်၏ သွန်သင်မှုနှင့် ဆန့်ကျင်ကြောင်း ဓမ္မသတ်ထုတ်ပြန်ခဲ့သေးသည်။
    Ref: Voice Of Russia
  • ဟုန်ရှင်းစက်ရုံ အလုပ်သမားများ သပိတ်စခန်း ပိတ်သိမ်း
    စက်တင်ဘာ ၂၃၊ ၂၀၁၃၊
    M-Media
    လင်းလင်း
    02
    ရန်ကုန် ။ ။ တောင်ဒဂုံ စက်မှုဇုံရှိ ဟုန်ရှင်းအအေးခန်းစက်ရုံမှ စက်ရုံပိတ်သိမ်းမည်ဆိုကာ အလုပ်ထုတ်ခံလိုက်ရသော စက်ရုံ ၀န်ထမ်းများသည် သူတို့အား အလုပ်ပြန်ခန့်ရန်အတွက် မနေ့က နေ့လည် ၂း၃၀-နာရီမှ စတင်ကာ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြခဲ့ကြပါတယ်။
    ဟုန်ရှင်းအအေးခန်းစက်ရုံသည် စက်ရုံပိတ်သိမ်းတော့မည်ဟုဆိုကာ အလုပ်သမားများ ၂၀၀-ကျော်အား အလုပ်ဖြုတ်ခဲ့ကာ လျော်ကြေးပေးခဲ့ကြောင်း၊ ဟုန်ရှင်းအအေးခန်းစက်ရုံသည် ပိတ်သိမ်းတော့မည်မဟုတ်တော့ပဲ နာမည်ပြောင်းလဲ ဖွင့်လှစ်မည်ဖြစ်သဖြင့် အလုပ်သမားအများစုမှ လျော်ကြေးမလိုချင်ပဲ အလုပ်ပြန်လည်ခန့်ထားမှုကိုသာ လိုချင်ကြောင်း ဆန္ဒထုတ်ဖော်ကာ မနေ့ နေ့လည်မှစတင်၍ သပိတ်စခန်းဖွင့်လိုက်ခြင်း ဖြစ်ပါတယ်။ ယနေ့ညနေပိုင်းမှာတော့ သပိတ်စခန်းရုပ်သိမ်းသွားပြီဖြစ်ပါတယ်။
    ယနေ့ နေ့လည်ပိုင်းက သပိတ်စခန်းသို့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်၊ ဒေါ်စန္ဒာမင်းနှင့် မြန်မာနိုင်ငံလုံဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်မှ ကိုကျော်ကိုကိုတို့ ရောက်ရှိလာပြီး အလုပ်သမားများအား ငြိမ်းချမ်းစွာ ဖြေရှင်းကြရန်၊ အလုပ်ရှင်နှင့် ညှိနှိုင်းမှုများ ပြုလုပ်ရန် လာရောက်အားပေးမှုများ ပြုလုပ်ခဲ့ပါတယ်။
    “အလုပ်သမားနဲ့ အလုပ်ရှင်ကြားမှာ ပွင့်လင်းမြင်သာမှုရှိရင် တစ်ဖက်နဲ့တစ်ဖက် လိုအပ်တာလေးတွေကို နားလည်မှုနဲ့ ဖြည့်ပေးနိုင်လို့ရှိရင် ကြားထဲမှာ ပြဿနာမရှိဘူး။ အဲဒီတော့ သူနဲ့တိုက်ရိုက်မတွေပဲနဲ့ ကြားထဲက ဥပမာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအရ စော်ကားတာတွေပါလာရင် ပြဿနာတက်မယ်လေ။ အဲဒါကြောင့် မနေ့ကပြောလိုက်တယ်လေ ဦးအောင်သိန်းကို ဖုန်းဆက်တော့ ဇုံမှာတောင်ဒဂုံနဲ့ ဒဂုံဆိပ်ကမ်းရဲ့ဇုံ ဥက္ကဋ္ဌရှိတယ်။ သူ့ရှိကိုလဲဖုန်းဆက်ပြီး ပြောပေးပါလို့ ပြောလိုက်တယ်။ အားလုံးအေးဆေးပါ။ တကယ်လို့တွေ့ရလို့ ပြောပြီးပြီ ဆိုရင်တော့ အေးအေးဆေးဆေးနေလိုက်ကြပါလို့ မေတ္တာရပ်ခံတယ်။ အဓိကတော့ သားတို့က သူများလို ထိုင်စားနိုင်တာမဟုတ်ဘူးလေ။ အလုပ်လုပ်မှ စားရမှာလေ အန်တီတို့အနေနဲ့ တင်ပြသင့်တာတင်ပြမယ်၊ တောင်းဆိုသင့်တာတောင်းဆိုမယ်၊ မေတ္တာရပ်ခံသင့်ရင်မေတ္တာ ရပ်ခံမယ်။ သို့သော် အန်တီ အခုဒီကိုလာတာက လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်အနေနဲ့လာတာပါ”လို့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြောကြားခဲ့ပါတယ်။
    လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကလည်း “စပြီးတော့နည်းနည်းလေး နားလည်မှုတွေလွဲပြီ ဆိုကတည်းကိုက အလုပ်ရှင်ကိုယ်တိုင် ဆင်းလာရမယ်။ ဒီလို အလုပ်ရှင်ရဲ့ ကိုယ်စားလှယ်နဲ့ မလွှဲထားရဘူး။ နောက်ပြီးတော့ အလုပ်သမားဦးစီးကလဲ ချက်ချင်းဆင်းပြီးတော့ ရှင်းပေးရမယ်။ ဒီလိုမျိုးမှန်ကန်တဲ့လမ်းကြောင်းကနေ အမြန်ဆုံးနည်းနဲ့ရှင်းပေးလိုက်ရင် ဒီလို ဆန္ဒပြမှုတွေမဖြစ်လာဘူး။ ဒီလိုမဖြေရှင်းပေးတဲ့အတွက် ကျွန်မတို့ အလုပ်သမားတွေဘက်က လယ်သမားဥပဒေကို သွားရတယ် ဥပဒေကိုချိုးဖောက်သလို ဖြစ်သွားတဲ့အခါကျတော့ ပုဒ်မ ၁၈ ကို သွားငြိတာမျိုးတွေ ဖြစ်လာတယ်။ မလိုလားအပ်တဲ့ နောက်ဆက်တွဲ အာဏာပိုင်ကနေ အရေးယူဆောင်ရွက်မှုတွေကလည်း ဆက်ဖြစ်လာတဲ့အခါကျတော့ ကျွန်မတို့ ပြည်သူတွေရဲ့ရင်ထဲမှာ နာကျည်းမှုတွေ ဆက်ပြီးဖြစ်တာမျိုး ကျွန်မတို့မလိုချင်ဘူး။ အဲဒါကြောင့် ဒီနေရာက ကျွန်မရဲ့နယ်မြေတော့မဟုတ်ပါဘူး ကျွန်မတို့ရဲ့ဒေါက်တာမျိုးအောင်ရဲ့နေရာပါ ဒေါက်တာမျိုးအောင်က ခရီးသွားနေလို့ ကျွန်မသူကိုယ်စားလာရောက်ဖြေရှင်းပေးတာပါ။ အခု ကျွန်မအလုပ်သမားတွေဘက်က အကောင်းဆုံးဖြစ်အောင် ကျွန်မလိုက်သွားမယ်၊ လိုက်သွားပြီးကျွန်မဖြေရှင်းပေးပါမယ်။”လို့ Media ကို ပြောပြခဲ့ပါတယ်။
    သူတို့တောင်းဆိုနေတဲ့ လုံခြုံရေးကို တတ်နိုင်သမျှ ကျွန်တော်တို့အနေနဲ့ ရှိတဲ့ကျောငိးသား အရေအတွက်နဲ့ မဟုတ်တာ မမှန်တာတွေ မဖြစ်ရအောင် ဒီမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ မကြုံတွေ့ရအောင် တတ်နိုင်သမျှ ကာကွယ်ပေးနိုင်ရုံနဲ့ နောက်တစ်ချက်ကတော့ သူတို့ရဲ့တောင်းဆိုချက်-၃ ချက်ဖြစ်တဲ့ အလုပ်သမားထုသွေးစည်း ညီညွှတ်ရေး၊ အလုပ်သမား တန်းသူအခွင့်အရေးရရှိရေးနဲ့ ဟုန်ရှင်းစက်ရုံ အလုပ်သမားသမဂ္ဂ မပြိုကွဲရေးကို တောင်းဆိုထားတယ် အဲဒီတောင်းဆိုချက်ကိုထောက်ခံ အားပေးတဲ့ အနေနဲ့ ကြေငြာချက်တွေ ထွက်မယ်။ ပြီးတော့သူတို့ရဲ့သွေးစည်းညီညွှတ်ရေးနဲ့ သူတို့အောင်ပွဲရရှိအောင် ချီတက်နိုင်ဖို့အတွက် ကျွန်တော် စိတ်ဓာတ်ရေးရာအရကူညီပံပိုးသွားနိုင်ပါတယ်။”လို  မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ချုပ်မှ ကိုကျော်ကိုကိုကလည်း ပြောကြားခဲ့ပြန်ပါတယ်။
    ဟုန်ရှင်းအအေးခန်းစက်ရုံကို ဆက်လက်၍ ဖွင့်လှစ်သည်ဖြစ်စေ၊ အမည်ပြောင်းလဲ ဖွင့်လှစ်လျှင်ဖြစ်စေ၊ လုပ်ငန်းပြောင်းလဲ ဖွင့်လှစ်လျှင်ဖြစ်စေ ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ အရေးယူသွားမည်ဖြစ်ပြီး၊ အလုပ်သမားများ အလုပ်ပြန်လည်ရရှိရေးကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ၀န်ကြီး ဦးစိုးမင်းကလည်း ပြောကြားခဲ့ပါတယ်။
    ဓါတ်ပုံများ FB  တွင် ကြည့်လိုလျှင် Link
  • စက်တင်ဘာ ၂၃ နိုင်ငံတကာ သတင်းတို
    စက်တင်ဘာ၊ ၂၃
    M-Media
    ဘရာဇီးဟက်ကာ တစ်ဦးက နာဆာ ၀ဘ်ဆိုက်များအား တိုက်ခိုက်ခဲ့
    nasa
    ကျွမ်းကျင်သည့် ဘရာဇီးဟက်ကာတစ်ဦး၏တိုက်ခိုက်မှုကြောင့် ပြီးခဲ့သည့်တစ်ပါတ်က အမေရိကန် အာကာသအေဂျင်စီ(နာဆာ)၏ ၀က်ဆိုက် ၁၄ ခု ပျက်စီးခဲ့ရသည်ဟုသိရသည်။ ထိုတိုက်ခိုက်မှုမှာ Kepler Space တယ်လီစကုပ် သတင်းအချက်အလက်များ အကြောင်းပါဝင်သည့် နာဆာမှ Ames Research Center ၀က်စာမျက်နှာများအား ဦးတည်တိုက်ခိုက်ခြင်းဖြစ်သည်။ အဆိုပါဟက်ကာအနေဖြင့် နာဆာ၏၀က်ဘ်ဆိုဒ်ကို တိုက်ခိုက်မှုအောင်မြင်ခဲ့သော်လည်း မှားယွင်းတိုက်ခိုက်ခြင်းဖြစ်မည်ဟုယူဆရသည်။ ရည်ရွယ်တိုက်ခိုက်သူမှာ နာဆာကိုဦးတည်သည်ဟု ပေါ်ထွက်လာသော်လည်း ပေးပို့ခဲ့သည့်စာမှာ ဒိုမိန်းနာမည်မှားယွင်းခဲ့သည်။
    Ref: TechSpot
    ………………………………………
    ရုရှားနိုင်ငံ တာတာစတန်မြို့တော် Zainsk တွင် ၂၇ ခုမြောက် ဗလီဝတ်ကျောင်းတော် အသစ် တစ်လုံးဖွင့်လှစ်
    ရုရှားနိုင်ငံ တာတာစတန် သီးခြားပြည်နယ် Zainsk မြို့တွင် ဗလီဝတ်ကျောင်းတော်သစ် တစ်လုံးအား သောကြာနေ့က ဖွင့်လှစ်ခဲ့သည်ဟုသိရသည်။ အဆိုပါဗလီဝတ်ကျောင်းတော်မှာ လူ၁၅၀ ၀တ်ပြုနိုင်မည်ဖြစ်ပြီး Zainskြ မို့ရှိ ၂၇ ခုမြောက်ဗလီ ၀တ်ကျောင်းတော်ဖြစ်လာသည်။ ထိုဗလီဝတ်ကျောင်းတော်ဖွင့်ပွဲသို့ ပြည်နယ် လက်ထောက်ဓမ္မသတ်မှူး မွဖ်သီ Rustam Hazrat Khayrullin၊ ပတ်ဝန်းကျင်ပြည်နယ်များမှ ရှေ့ဆောင်ဆရာတော်များ၊ ခရိုင်အုပ်ချုပ်ရေးမှုများ၊ အစ္စလာမ်ဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်မဟုတ်သူများပါ တက်ရောက်ခဲ့ကြသည်။
    ဖွင့်ပွဲအခမ်းအနားတွင် တာတာစတန်ဓမ္မသတ်မှူးချုပ် Kamil Samigullin ကိုယ်စား Rustam Hazrat က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး၊ ဗလီဝတ်ကျောင်းတော်တည်ဆောက်ရေးတွင် ပါဝင်ကူညီခဲ့ကြသည့် အဖွဲ့အစည်းများအား ကျေးဇူးတင်ကြောင်း သ၀ဏ်လွှာကိုဖတ်ကြားခဲ့သည်။
    တာတာလူမျိုးများကိုအခြေပြု၍ခေါ်ဆိုသော တာတာစတန်ပြည်နယ်မှာ ရုရှားဖက်ဒရယ် ပြည်ထောင်စုအတွင်း တည်ရှိသည့် သီးခြားပြည်နယ် တစ်ခုဖြစ်ပြီး ၂၀၁၀ သန်ခေါင်းစာရင်းအရ လူဦးရေသုံးသန်းကျော်ရှိသည်။ တာတာလူမျိုး အများဆုံးဖြစ်ပြီး ရုရှား၊ ချူဗက်ရှ်နှင့်အခြား လူမျိုးများလည်း ရှိကြသည်။ အများစုမှာ အစ္စလာမ်သာသနာကို ယုံကြည်ကိုးကွယ်ကြကာ ရုရှားအော်သိုဒေါ့စ် ခရစ်ယာန်များလည်းရှိသည်။
    Ref: http://islam.ru/
    …………………………………..
    အာဖဂန်အရှေ့ပိုင်းတွင်ပေါက်ကွဲမှုကြောင့် နိုင်ငံခြားစစ်သားနှစ်ဦးသေ
    အာဖဂန်နစ္စတန်အရှေ့ပိုင်းတွင် ယမန်နေ့က ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး နေတိုးဦးဆောင်သည့် မာဟာမိတ်တပ်မှ စစ်သားနှစ်ဦးသေဆုံးခဲ့သည်ဟု ယနေ့နံနက်ပိုင်းတွင် မဟာမိတ်တပ်မှ သတင်းထုတ်ပြန်ခဲ့သည်။
    “မနေ့ကအာဖဂန်အရှေ့ပိုင်းမှာဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှုအတွင်း နိုင်ငံတကာ လုံခြုံရေးကူညီထိန်းသိမ်းရေးတပ်(ISAF)က တပ်သားနှစ်ယောက်သေဆုံး ဆုံးခဲ့ပါတယ်” ဟု ISAF မှထုန်ပြန်ခဲ့သည့် ကြေညာချက်တွင်ရေးသားဖော်ပြထားသည်။ သို့သော်လည်း ISAF မူအရ မည်သည့်နိုင်ငံကဖြစ်ကြောင်းကို ထည့်သွင်းရေးသားထားခြင်းမရှိပေ။ ISAF တွင် တပ်သားပေါင်း ၈၇၀၀၀ ကျော်ရှိပြီး အမေရိစစ်သား ၆၀၀၀၀ ကျော်ပါဝင်သည်။ ယခုနှစ်အတွင်း အာဖဂန်တွင် တိုက်ခိုက်မှုများကြောင့် သေဆုံးသူနိုင်ငံခြားစစ်သားဦးရေမှာ ၁၃၁ယောက်ရှိဖြစ်သည်။
    Ref: ဆင်ဟွာ
    …………………………………
    ဆန့်ကျင်မှုများရှိနေသော်လည်း ပါလီမန်အား ကမ္ဘောဒီယားဘုရင်ချီးကျူး
    အတိုက်အခံပါတီများက ဆန့်ကျင်ပြီး အာဏာရပါတီ၏ ဥပေဒပြုအမတ်များသာတက်ရောက်သည့် ကမ္ဘောဒီယားအထွေထွေညီလာခံ၏ ဥပဒေပြုလွှတ်တော်၏ ပဉ္စမအကြိမ်မြောက်အစည်းအဝေးကို ကမ္ဘော့ဒီယားဘုရင် နော်ဒမ်ရှီဟာမိုနီက ချီးကျူးသြဘာပေးခဲ့သည်။
    ကမ္ဘာဒီယားနိုင်ငံတွင် ကာလကြာရှည်စွာဝန်ကြီးချုပ်ဖြစ်နေသည့် ၀န်ကြီးချုပ် ဟန်ဆန်၏အာဏာရ ကမ္ဘောဒီယားပြည်သူ့ပါတီ(CPP)မှ ဥပဒေပြုလွှတ်တော်အမတ် ၆၈ ဦးမှာ ထိုအစည်းအဝေးသို့တက်ရောက်ခဲ့ကြပြီး၊ အတိုက်အခံခေါင်းဆောင် ဆန်ရန်စီ၏ အမျိုးသားကယ်ဆယ်ရေးပါတီ(CNRP))မှ ဥပဒေပြုလွှတ်တော်အမတ် ၅၅ ဦးမှာတက်ရောက်ခဲ့ခြင်းမရှိပေ။ ထိုအစည်းအဝေးသို့ နိုင်ငံခြားသံအမတ်များကိုလည်း ဖိတ်ကြားခဲ့ပြီး အမေရိကန်သံအမတ် ၀ီလီယံအီးတော့၊ တရုတ်သံအမတ် ဘူဂျီယန်ဂူအို၊ ဂျပန်သံအမတ် ယူဂျီကူမာမာရူတို့လည်း တက်ရောက်ခဲ့ကြသည်။
    Ref: ဆင်ဟွာ
    ……………………………….
    ဆီးရီးယားကိစ္စပေါ်အနောက်နိုင်ငံများက အမြတ်ထုတ်ရန်ကြိုးပမ်းနေသည်ဟု ရုရှားဆို
    ဆီးရီးယားအား စစ်ရေးအရ၀င်ရောက်အရေးယူမည်ဟု ကုလသမဂ္ဂကို တွန်းအားပေးခြိမ်းခြောက်ခြင်းဖြင့် ဆီးရီးယားဓာတုလက်နက်ကိစ္စအပေါ် အမေရိကန်နှင့် မဟာမိတ်များက အမြတ်ထုတ်ရန်ကြိုးပမ်းနေကြသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့က ယမန်နေ့တွင်ပြောဆိုလိုက်သည်။
    အမေရိကန်- ရုရှားတို့ဆွေးနွေးသဘောတူညီခဲ့သည့် ဓာတုလက်နက်များနိုင်ငံတကာ လက်အောက်သို့ ရောက်ရှိအရေးသဘောတူညီချက်က သတ်မှတ်ထားသည့်နောက်ဆုံးနေ့တွင် ဆီးရီးယားဘက်မှ ၎င်းတို့၏ ဓာတုလက်နက်တိုက်များ၏ အချက်အလက်များကို ကုလသမဂ္ဂကျောထောက်နောက်ခံပြုထားသည့် စောင့်ကြည့်ရေးအဖွဲ့များသို့ ပေးအပ်ခဲ့သည်။ သို့သော်လည်း လူပေါင်း ၁-သိန်းကျော်သေဆုံးခဲ့သည့် ဆီးရီးယားပြည်တွင်းစစ်အား လက်မခံသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီရှိ အဓိကအင်အားကြီးနိုင်ငံများက ဆီးရီးယားအနေဖြင့်ထိုအစီအစဉ်အား သေချာစွာလိုက်နာစေရန်နှင့် ပက်သက်ပြီး သဘောထားကွဲလွဲနေကြသည်။
    Ref : aljazeera
    ………………………………..
    ရေတပ်စခန်းတွင်ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုက လက်နက်ပိုင်ဆိုင်ခွင့်ဥပဒေအား ပြောင်းလဲရန် တွန်းအားဖြစ်စေသည်ဟု အိုဘားမားဆို
    အမေရိကန်သမ္မတ ဘာရက်အိုဘားမားက အမေရိကန်တွင်နောက်ဆုံးဖြစ်ပွားခဲ့သည့် အစုလိုက် အပြုံလိုက် ပစ်ခတ်သတ်မှုတွင် သေဆုံးသွားခဲ့သူများ အောက်မေ့ဖွယ် အခမ်းအနား၌ သေနတ်ပိုင်ဆိုင်ခွင့် ဥပေဒေကို ပြောင်းလဲပြင်ဆင်ရန် မေတ္တာရပ်ခံခဲ့သည်ဟု သိရသည်။
    ပြီးခဲ့သည့်တနင်္လာနေ့က ၀ါရှင်တန်ရှိ ရေတပ်စခန်းတစ်ခုတွင် လူတစ်ဦးမှ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် လူ ၁၂-ဦး သေဆုံးခဲ့သည်။
    “ဘယ်လိုတိုးတက်တဲ့နိုင်ငံမျိုးမှ ဒီလိုအကြမ်းဖက်မှုမျိုးကို ကြံ့ကြံ့မခံနိုင်ပါဘူး။ ကျွန်တော်တို့ရဲ့မျက်ရည်တွေမလုံလောက်သလိုပဲ၊ ကျွန်တော်တို့ရဲ့ စကားတွေ၊ ဆုတောင်းမှုတွေလည်း မလုံလောက်ပါဘူး။ ကွယ်လွန်သွားတဲ့ ဒီအမျိုးသား၊ အမျိုးသမီး ၁၂ ယောက်ကို ဂုဏ်ပြုချင်တယ်ဆိုရင်၊ နောက်ပြီး သေနတ်ကျည်ဆံတွေက ကျွန်တော်တို့ရဲ့ဘ၀တွေကိုခိုးယူမှုမရှိဘဲ၊ အကြမ်းဖက်ခံရမယ်ဆိုတဲ့အတွေးတွေကနေလွတ်ကင်းပြီး အလုပ်၊ ကျောင်းတွေကိုသွားနိုင်တဲ့၊ လမ်းမတွေပေါ်မှာလမ်းလျှောက်နိုင်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ချင်တယ်ဆိုရင် ကျွန်တော်တို့ (သေနက်ကိုင်ဆောင်ခွင့်ဥပေဒကို) ပြောင်းလဲရပါတော့မယ်” ဟု ၀ါရှင်တန်ရေတပ်စခန်းတွင်ပြုလုပ်ခဲ့သည့် ကွယ်လွန်သူများ အောက်မေ့ဖွယ်အခန်းအနားတွင် အိုဘားမားက ပြောကြားခဲ့သည်။
    အမေရိကန်နိုင်ငံတွင် သေနတ်ဖြင့် အကြမ်းဖက်သတ်ဖြတ်မှုများမှာ မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကလည်း ကွန်နက်တီကတ်ပြည်နယ် နယူးတောင်းမြို့ရှိ မူလတန်းကျောင်း တစ်ကျောင်းတွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် ကလေးငယ် ၂၀ အပါအ၀င် လူ ၂၆-ယောက်သေဆုံးခဲ့သည်
    ……………………………………..
    တက္ကဆက်ရှိအိမ်တစ်အိမ်တွင် မိသားစုငါးဦး၏အလောင်းများတွေ့ရှိ
    အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မြောက်ဘက် နာဗာရိုကောင်တီ ရွိုက်စ်မြို့ရှိနေအိမ်တစ်ခုတွင် သေဆုံးနေသောမိသားစုငါးဦး၏အလောင်းအား ယမန်နေ့ညကတွေ့ရှိခဲ့ရသည်ဟု အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။ နာဗာရိုကောင်တီ၏ ရဲတပ်ဖွဲ့ဝင်များက ကလေးငယ်သုံးဦးနှင့် လူကြီးနှစ်ဦး၏အလောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မည်သည့်အကြောင်းကြောင့် သေဆုံးခဲ့သည်ကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ “ဒီကိစ္စနဲ့ပက်သက်ပြီစုံးစမ်းစစ်ဆေးမှုတွေကိုအာရုံစိုက်လုပ်ဆောင်နေပါတယ်။ ဒီအချိန်မှာ သံသယဖြစ်ဖို့ကောင်းတယ်လို့ ယုံကြည်စရာလူတယောက်မှမရှိသေးပါဘူး” ဟု နာဗာရိုကောင်တီ ငြိမ်ဝပ်ပိပြားရေးအရာရှိ အလ်မာတန်နာက ပြောကြားခဲ့သည်။ သို့သော်လည်း မိမိကိုယ်ကိုသတ်သေခြင်း သို့မဟုတ် မည်ကဲ့သို့သေဆုံးခဲ့သည်ကို ထုတ်ဖော်ပြောဆိုခြင်းမပြုခဲ့ပေ။
    CNN
    ……………………………….
    ဓာတုလက်နက်စစ်ဆေးရေးအရာရှိလာရောက်နိုင်သော်လည်း လုံခြုံရေးအတွက် စိတ်ပူမိသည်ဟု အာဆတ်ဆို
    ဆီးရီးယားသမ္မတ ဘာရှာအလ်အာဆတ်က နိုင်ငံအတွင်းရှိနေသည့် ဓာတုလက်နက်သိုလှောင်ရုံများကို နိုင်ငံတကာမှကျွမ်းကျင်သူများ လာရောက်စစ်ဆေးရန် ပြဿနာတစ်စုံတစ်ရာမရှိဟုပြောဆိုလိုက်သည်။
    CCTV သတင်းဌာနနှင့်အင်တာဗျူးတွင် ထိုနေရာများသို့သွားရောက်ရန်အတွက် အဓိကစိန်ခေါ်မှုမှာ ဘေးအန္တရာယ်ကင်းစွာရောက်ရှိရေးဖြစ်ပြီး သူပုန်များက ထိုပညာရှင်များ၏လုံခြုံရေးအား ခြိမ်းခြောက်နိုင်သည်ဟု သတိပေးပြောဆိုလိုက်သည်။ နိုင်ငံတကာကျွမ်းကျင်သူများဝင်ရောက်ခွင့် သဘောတူညီချက်အား ဆီးရီးယားအစိုးရမှ ဖောက်ဖျက်သည်ဟု အပြစ်ဖြစ်လာစေရန် တိုက်ခိုက်ရေးသမားများက နှောက်ယှက်နိုင်သည်ဟု အာဆတ်က ထည့်သွင်းပြောကြားခဲ့သည်။
    ဆီးရီးယားနိုင်ငံတွင် ဆယ်စုများစွာကြာထုတ်လုပ်ထားသည့် ဓာတုလက်နက်များမြောက်များစွာရှိနေသော်လည်း အစိုးရ၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေသည်ဟုအာဆတ်ကဆိုခဲ့သည်။
    Ref: VOA
  • စက်တင်ဘာ ၂၃ အားကစားသတင်းများ
    စက်တင်ဘာ၊ ၂၃
    M-Media
    မန်ယူဂိုးပြတ်ရှုံး၊ စပါးအနိုင်ရခဲ့ပြီး အာဆင်နယ်ဇယား ထိပ်ရောက်သွားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ် ၅ စူပါဆန်းဒေးပွဲများ
    city_2679527b
    န်စီးတီး ၄-၁ မန်ယူ
    အာဆင်နယ် ၃-၁ စတုတ်စီးတီး
    ခရစ္စတယ်ပဲလေ့စ် ၀-၂ ဆွမ်ဆီး
    ကာဒစ်ဖ် ၀-၁ တော့တင်ဟမ်ဟော့စပါး
    မန်ချက်စတာဒါဘီပွဲစဉ်အဖြစ် မန်ချက်စတာစီးတီးအသင်းနှင့် မန်ချက်စတာယူနိုက်တက်အသင်းတို့ အီတီဟတ်ကွင်းတွင်ကစားခဲ့ရာ မန်ယူအသင်းက ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ပွဲစကတည်းက နှစ်သင်းစလုံးမှာ မြန်မြန်ဆန်ဆန် ကစားခဲ့ပြီး မန်စီးတီးအသင်းက ကွင်းလယ် အသာရခဲ့သည်။ ပထမိုင်း ၁၅ မိနစ်တွင် မန်စီးတီးအသင်း ဦးဆောင်ဂိုးရခဲ့ပြီး ကိုလာရော့ဗ်၏ ဖန်တီးမှုမှတစ်ဆင့် အဂူရိုက သွင်းယူနိုင်ခဲ့သည်။ မန်စီးတီးအသင်းမှာ မိနစ် ၃၀ ကျော်သည်အထိ မန်ယူအား ဖိအားပေး ကစားနိုင်ခဲ့ပြီး နောက်ပိုင်းတွင် မန်ယူက ကစားကွက်ပြန်မိလာခဲ့သည်။
    သို့သော်လည်း ပထမပိုင်းပြီးကာနီး နာကျင်အချိန်ပိုတွင် မန်စီးတီးအသင်းက ဒုတိယဂိုးရရှိခဲ့ပြီးထောင်ကန်ဘောမှတစ်ဆင့် ယာယာတိုးရေးက သွင်းယူနိုင်ခဲ့သည်။
    ဒုတိယပိုင်းအစတွင် မန်ယူအသင်းကချေပဂိုးရရန် တရစပ်ဖိကစားခဲ့သော်လည်း တန်ပြန်တိုက်စစ်မှတစ်ဆင့် ၄၆ မိနစ်တွင် အဂူရိုက တတိယဂိုးသွင်းယူနိုင်ခဲ့သည်။ ဆက်တိုက်ဆိုသလိုပင် ၄၉ မိနစ်တွင် နာဆရီက မန်စီးတီးအသင်းအတွက် စတုတ္ထမြောက်ဂိုးကို သွင်းယူပေးခဲ့သည်။
    နောက်ပိုင်းတွင် မန်ယူအသင်းမှာ မန်စီးတီးအသင်းဘက်သို့ ထိုးဖောက်တိုက်စစ်ဆင်နိုင်ခဲ့သော်လည်း ဂိုးမရရှိခဲ့ဘဲ မန်ယူအသင်းအတွက် နှစ်သိမ့်ဂိုးကို ၈၅ မိနစ်တွင်ရူနီက ပြစ်ဒဏ်ဘောမှတစ်ဆင့် လှပစွာကန်သွင်းယူခဲ့သည်။ ယခုပွဲအနိုင်ကြောင့် မန်စီးတီးအသင်းမှာ ရမှတ် ၁၀ မှတ်ဖြင့် စပါးအသင်း၏အောက် တတိယနေရာတွင်ရှိနေသည်။
    အာဆင်နယ်အသင်းမှာ အိမ်ကွင်းတွင် စတုတ်စီးတီးအသင်းအား ၃ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ်လေးပွဲဆက်တိုက်နိုင်ပွဲရရှိခဲ့သည်။ ယခုပွဲတွင်ရရှိသည့် ၃ ဂိုးစလုံးကို အသင်းသို့ စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်ရောက်လာခဲ့သည့် မိဆုအိုဇေးလ်က
    ဖန်တီးပေး ခဲ့ခြင်းဖြစ်သည်။ အာဆင်နယ်အသင်းအတွက် အဖွင့်ဂိုးကို ပွဲအစ ၅ မိနစ်တွင် အိုဇေးလ်၏ ဖရီးကစ်အား ဂိုးသမားပုတ်ထုတ်၍ ထွက်လာသောဘောလုံးကို ရမ်ဆေးက အပိုင်ပိတ်ကာသွင်းယူပေးခဲ့သည်။ သို့သော်လည်း ၂၆ မိနစ်တွင် ဂျီအော့ဖ်ကင်မရွန်းက
    စတုတ်စီးတီးအတွက်ချေပဂိုးကိုသွင်းယူပေးခဲ့သည်။ အာဆင်နယ် အသင်းအတွက် အနိုင်ဂိုးများကို အိုဇေးလ်၏ဖန်တီးမှုမှတစ်ဆင့် ၃၆ မိနစ်တွင် မာတီဆက်ကာနှင့် ၇၂ မိနစ်တွင် ဆဂ်နာက သွင်းယူပေးခဲ့သည်။ အာဆင်နယ်အသင်းမှာ ယခုပွဲအနိုင်ကြောင့် ၅ ပွဲကစား ၁၂ မှတ်ဖြင့် ပရီးမီးယားလိဂ်ဇယားကို ဦးဆောင်နိုင်ခဲ့သည်။
    ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် ဆွမ်ဆီးအသင်းတို့၏ပွဲစဉ်ကို ခရစ္စတယ်ပဲလေ့စ်အသင်း၏ အိမ်ကွင်း ဆဲလ်ဟာစ်ထ် ပါ့က်တွင်ကစားခဲ့ပြီး ဧည့်သည် ဆွမ်ဆီးအသင်းက အနိုင်ရရှိခဲ့သည်။ ဆွမ်ဆီးအတွက် ပရီးမီးယားလိဂ် ဒုတိယမြောက်နိုင်ပွဲဖြစ်ခဲ့ပြီး အနိုင်ဂိုးများကို ပွဲအစ ၂ မိနစ်တွင် မီချူးကလည်းကောင်း၊ ၄၈ မိနစ်တွင် နသန်ဒိုင်ယာ ကလည်းကောင်း အသီးသီးသွင်းယူပေးခဲ့သည်။ ယခုပွဲအရှုံးကြောင့် ခရစ္စတယ်ပဲလေ့စ်အသင်းမှာ ၅ ပွဲကစားသုံးမှတ်ဖြင့် အဆင့် ၁၉ သို့ကျဆင်းသွားခဲ့သည်။
    ကာဒစ်ဖ်စီးတီးနှင့် စပါးတို့ပွဲစဉ်တွင် စပါးအသင်းက ပေါ်လင်ဟို၏ ဒုတိယပိုင်းနာကျင်အချိန်ပိုသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ၅ ပွဲကစား ၁၂ မှတ်ရရှိကာ အာဆင်နယ်အသင်းနှင့် ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် ဒုတိယနေရာတွင်ရှိနေသည်။
    …………………………………..
    မန်စီးတီးအားဂိုးပြတ်ဖြင့်ရှုံးနိမ့်ခဲ့ပြီးနောက် ပွဲစဉ်ဇယားအား မိုယက်စ်အပြစ်တင်
    မန်ချက်စတာယူနိုက်တက်အသင်း၏ နည်းပြ ဒေးဗစ်မိုယက်စ်က မန်စီးတီးအသင်းအားဂိုးပြတ်ရှုံးနိမ့်ပြီးနောက် အသင်း၏ ခက်ခဲလှသောရာသီအစပွဲစဉ်များအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ဇယားအား မေးခွန်း ထုတ်လိုက်သည်။ မန်ယူအသင်းသည် ပရီးမီးယားလိဂ်နောက်ဆုံး သုံးပွဲတွင် နိုင်ပွဲမရှိဘဲ လီဗာပူးလ်နှင့် မန်စီးတီးကိုရှုံးကာ ချယ်ဆီးအသင်းအား သရေကျခဲ့သည်။ “(ကျွန်တော်တို့ရဲ့ ရာသီအစဟာ) နည်းနည်းပိုကောင်းရပါမယ်။ ဒါပေမယ့် ခက်ခဲတဲ့စတင်မှုလို့ကျွန်တော်တို့ပြောခဲ့ပြီးပါပြီ။ ပြီးတော့ ပရီးမီးယားလိဂ်မဲခွက်ထဲကမဲလိပ်တွေထွက်လာတဲ့ပုံစံကို ကျွန်တော်မယုံကြည်နိုင်ပါဘူး။ အခုထက်ထိပါပဲ” ဟု Sky Sports သို့ပြောကြားခဲ့သည်။
    Ref: Goal.com
    ……………………………………..
    ဆန်းဒါးလန်းနည်းပြဒီကာနီယိုအား အသင်းမှထုတ်ပယ်
    အဓိက ကစားသမားများပါဝင်ခဲ့သော်လည်း ၀က်စ်ဘရွန်းအသင်းအား အနိုင်ရရှိအောင်မစွမ်းဆောင်နိုင်ခဲ့သည့် ဆန်းဒါးလန်းအသင်းနည်းပြ ဒီကာနီယိုအား ဆန်းဒါးလန် အသင်းမှ ထုတ်ပယ်လိုက်ပြီဟုသိရသည်။
    စနေနေ့ကကစားခဲ့သည့် ၀က်စ်ဘရွန်းအသင်းနှင့်ပွဲစဉ်အပြီးတွင် အသင်း၏ ဆိုးရွားသောရလဒ်များနှင့်ပက်သက်ပြီး အသင်းပိုင်ရှင် အီလစ်ရှော့က ဒီကာနီယိုနှင့် အသင်းသားများအား အသင်းလေ့ကျင့်ရေး ကွင်းတွင် ပြင်းထန်စွာဖြေရှင်းချက်တောင်းခဲ့ပြီး ဒီကာနီယို၏ ဆန်းဒါးလန်းအသင်းနည်းပြဘ၀မှာလည်း အဆုံးသတ်ခဲ့သည်။ ယခုအချိန်အတွင် ဒီကာနီယို၏နေရာအားဆက်ခံရန် ရောဘတ်တိုဒီမတ်တီယိုက ရေပန်းစားနေသည်။
    Ref: Mirror
    …………………………………..
    ဘာလော့တယ်လီ ပါးစပ်ပိတ်ထားဖို့လိုပါတယ် (အယ်လ်လီဂရီ)
    အေစီမီလန်အသင်းက နာပိုလီအသင်းအား ၂ ဂိုး ၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့သော ပွဲအပြီးတွင် ဒိုင်လူကြီးအား ပြင်းပြင်းထန်ထန်စောဒကတက်ခဲ့သောကြောင့် ဒုတိယအကြိမ်အ၀ါကဒ်ပြခံခဲ့ရသည့် ဘာလိုတယ်လီ၏ အပြုအမူအား အေစီမီလန်အသင်းနည်းပြ မက်ဆီမီလာနို အယ်လ်လီဂရီက ပြင်တင်ပြောဆိုကာ ဘာလော့တယ်လီအနေဖြင့် ပါးစပ်ပိတ်ထားရန်လိုသည်ဟု သတိပေးလိုက်သည်။
    ထိုပွဲတွင်ဘာလော့တယ်လီမှာ ပရော်ဖက်ရှင်နယ်သက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ်ပင်နယ်တီလွဲချော်ခဲ့ပြီး အယ်လ်လီဂရီက”ပွဲပြီးသွားတဲ့အခါ တိတ်တိတ် ဆိတ်ဆိတ်လေးနေတာကောင်း ပါတယ်။ စိတ်မချုပ်တည်းနိုင်တာကို ကျွန်တော်မကြိုက်ပါဘူး။ အကောင်းဆုံးကတော့ ဒိုင်လူကြီးနဲ့ငြင်းခုံတာထက် ပါးစပ်လေးပိတ်ပြီး အေးအေးဆေးဆေးနေတာက အကောင်းဆုံးပါပဲ။
    ဘာကြောင့်လဲဆိုတော့ အဲဒါ(ငြင်းခုံတာ)ဟာ ဘာမှကိုမပြောင်းလဲနိုင်စေလို့ပါ။ ဘာလော့တယ်လီအနေနဲ့ ရင်ကျင့်ဖို့ လိုအပ်ပါတယ်” ဟု အယ်လ်လီဂရီက ပြစ်တင်ပြောကြား ခဲ့သည်။
    Ref: Goal.com
    ……………………………………………..
    ATP Moselle Open တင်းနစ်ပြိုင်ပွဲတွင် ဂီလက်စ် စီမွန်ဗိုလ်စွဲ
    ပြင်သစ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ATP Moselle Open တင်းနစ်ပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲကို ယမန်နေ့ကယှဉ်ပြိုင်ကစားခဲ့ရာ ပြင်သစ် တင်းနစ်သမား ဂီလက်စ်စီမွန်က တစ်နိုင်ငံ တည်းသား ဂျိုးဝိုင်းလ်ဖရိုဒ် ဆွန်ဂါအား အနိုင်ရဗိုလ်စွဲခဲ့သည်။
    စီမွန်မှာ ဆွန်ဂါအား သက်တောင့်သက်သာကစားပြီး ၆-၄၊ ၆-၃ ဖြင့်နှစ်ပွဲပြတ်အနိုင်ရခဲ့ကာ ယခုနှစ်ရာသီပထမဆုံး ဆုဖလားအား ဆွတ်ခူးရရှိခဲ့သည်။ “ကျွန်တော့်ရဲ့ အခွင့်အရေးကို ကျွန်တော် ရယူနိုင်ခဲ့တယ်လို့ ခံစားရပါတယ်။ ပြီးတော့ ကျွန်တော် အရမ်းပျော်ပါတယ်။ ဂျိုး(ဆွန်ဂါ)ဟာ ဒီနေ့သူရဲ့ အကောင်းဆုံး ပုံစံကို မစွမ်းဆောင်နိုင်ခဲ့ဘူးလို့ ကျွန်တော် ထင်ပါတယ်” ဟု စီမွန်က ပွဲအပြီးတွင်ပြောကြားခဲ့သည်။
    Ref:skysports
    ………………………………………..
    St Petersburg Open တင်းနစ်ပြိုင်ပွဲတွင် ဂူလ်ဘစ်ဗိုလ်စွဲ
    ရုရှားနိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့သည့် St Petersburg Open တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် လတ်ဗီးယားတင်းနစ်သမား အာန်နတ်စ် ဂူလ်ဘစ်က အနိုင်ရဗိုလ်စွဲခဲ့သည်ဟု သိရသည်။
    ဂူလ်ဘစ်မှာ စပိန်တင်းနစ်သမား ဂါစီယာလိုပက်ဇ်အား အကြိတ်အနယ်ကစားကာ ၃-၆၊ ၆-၄၊ ၆-၀ ဖြင့်အနိုင်ရရှိခဲ့သည်။ ယခုရရှိခဲ့သည့် ဆုဖလားမှာ ဂူလ်ဗစ်၏ ကစားသမား သက်တမ်းတစ်လျှောက် စတုတ္ထမြောက်ရရှိခဲ့သည့် ဆုဖလားဖြစ်သည်။ “ဒီပြိုင်ပွဲမှာ ကျွန်တော် တော်တော်လေးဗိုလ်စွဲချင်ခဲ့ပါတယ်။
    ဒီအကြောင်းကြောင့်ပဲ ဒီနေ့ပွဲမှာ အမှတ် တစ်မှတ်ချင်းစီအတွက် ကျွန်တော်တိုက်ပွဲဝင်ခဲ့တာပါ။ ကျွန်တော်အနှစ်သက်ဆုံးမြို့တွေထဲကတစ်မြို့ဖြစ်တဲ့ စီန့်ပီတာစဘတ်မြို့မှာ ဒီပြိုင်ပွဲကို ဗိုလ်စွဲခဲ့တဲ့အတွက် ကျွန်တော်အရမ်းပျော်ပါတယ်။ နောက်နှစ်ချန်ပီယံဘွဲ့ကိုကာကွယ်ဖို့ ဒီကိုလာတဲ့အခါမှာလည်း ကျွန်တော်ပျော်ရွှင်နေမှာပါ” ဟူ ဂူလ်ဘစ်က ပွဲအပြီးတွင်ပြောကြားခဲ့သည်။
    skysports