News @ M-Media
Author: M-Media
  • ဆရာကြီး ၀မ်းအိုဝမ်း ကျော်ဝင်းမောင် ကွယ်လွန်ခြင်း တနှစ်ပြည့် အောက်မေ့ဖွယ် ဆုတောင်းမှုပြုလုပ်
    စက်တင်ဘာလ ၂၃
    M-Media
    သတင်းဓာတ်ပုံ- ဆူးထက်
    P9230063
    သန်လျှင်။        ။ မေတ္တာ Campaign နာယကကြီး၊ ဂျပန်ခေတ် မင်္ဂလာဒုံ စစ်တက္ကသိုလ် တတိယပတ်၊ ကန်တော့ခံ သက်ကြီး စာပေပညာရှင်၊ လွတ်လပ်ရေး မော်ကွန်းဝင် (ဒု)အဆင့်၊ နိုင်ငံဂုဏ်ရည် (ဒု) အဆင့်၊ အတ္ထုပ္ပတိ စာပေဆုရှင် (၂၀၀၈) ၏ တစ်နှစ်ပြည့် ဇေယာသရ် (ဆုတောင်းမှု) ပြုခြင်းကို ဆရာကြီး၏ မိသားစုဝင်များ၊ အမျိုးသား ညီညွှတ်ရေး ကွန်ဂရက်မှ ရဲဘော်ရဲဘက်များ၊ ဆရာကြီးအား ချစ်ခင်လေးစားကြသူများ၊ ဆရာကြီး၏ မြေးတပည့် မိသားစုတို့မှ စက်တင်ဘာ ၂၃ရက်နေ့ နံနက် (၉)နာရီတွင် စုပေါင်း၍  ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
    P2160017
  • ရုရှ စတုတ္တအကြီးဆုံမြို့ Yekaterinburg ၏ မြို့မ ဗလီသစ်ကြီး ဖွင့်လှစ်တော့မည်
    စက်တင်ဘာ၊ ၂၃
    M-Media
    Ekaterinburg_mosque
    လာမည့် စက်တင်ဘာ ၂၇ ရက်နေ့တွင် ရုရှနိုင်ငံ၏ စတုတ္ထမြောက်အကြီးဆုံးမြို့တော်ဖြစ်သည့် Yekaterinburg ၌ ဗလီဝတ်ကျောင်းသစ်ဖွင့်ပွဲ တစ်ရပ် ကျင်းပမည်ဖြစ်သည်။ ၄င်းမြို့၌ ဗလီငယ်လေး ၂ လုံးသာရှိရာ အစ္စလာမ်ဘာသာဝင်များ အဖို့ လူဦးရေနှင့်နေရာ မမျှမတဖြစ်နေသောကြောင့် နေ့ကြီးရက်ကြီးများတွင် စုပေါင်းဝတ်ပြုနိုင်ဖို့အတွက် Verhnyaya Pishma ဗလီကြီး တည်ဆောက် ရခြင်းဖြစ်သည်။
    ယင်းဗလီသစ်ကြီးတည်ဆောက်ရန် ၁၅ နှစ်တာအချိန်ယူခဲ့ရသည်။ ၁၉၉၈ ခုနှစ်တွင် ရမ်ဇာန်ဗလီ၏အိမာမ်(ရှေ့ဆောင်ဆရာ) Fatkulkodir Hasanov မှ Deputy of the Legislative Assembly ရှိ Sverdlovsk Yevgeniy Zyablitsev ထံသို့ အကူအညီတောင်းပန်ကြားခဲ့သည်။
    “ ဒီပရောဂျက်နဲ့သက်ဆိုင်တဲ့စာရွက်စာတမ်းတွေစီစဉ်ဖို့၊ သင့်လျော်လျောက်ပတ်တဲ့နေရာရရှိဖို့ ကျွန်တော် သူ့ကို ကူညီပေးခဲ့ပါတယ်။ အဲ့ဒီနောက် သစ်သားဆောင်ဗလီငယ်လေးတစ်လုံးကို တည်ဆောက်ခဲ့တယ်။ ၁၅ နှစ်လွန်မြောက်ပြီး အခုအခါမှာတော့ Fatkulkodira Nasretdinovicha ရဲ့အိပ်မက်က ရုပ်လုံးပေါ်လာခဲ့တာပါဘဲ ” ဟု Yevgeniy Zyablitsev မှ ပြောပြသည်။
    “Delovoi Kvartal” သတင်းစာ၏အဆိုအရ Yekaterinburg ၌ အငယ်စားဂျေရုဆလင် စီမံကိန်း တစ်ခုပြုလုပ်ရန် စီစဉ်ခဲ့ကြောင်းသိရသည်။ Synagogue and  Cathedra အနီးတွင် ၀တ်ပြု ဖိတ်ခေါ်မျှော်စင်လေးခု ပါဝင်ပြီး လူ ၂၅၀၀ ၀င်ဆန့်သော ဒေသတွင်း အခမ်းနားဆုံးဗလီ ၀တ်ကျောင်းတစ်ခု တည်ဆောက်ရန် ယင်းစီမံကိန်းထဲ ထည့်သွင်းခဲ့သည်။ ယင်းဒေသကိုလည်း “ဘာသာတရား သုံးမျိုး၏နယ်ပယ်” အဖြစ် သတ်မှတ်မည်ဖြစ်သည်။ ဗလီအုတ်မြစ်ချပွဲကို ၂၀၀၇ ခုနှစ်ကပြုလုပ်ခဲ့သော်လည်း ရံပုံငွေပြဿနာကြောင့် တည်ဆောက်မှုလုပ်ငန်းစဉ် ရပ်ဆိုင်းသွားခဲ့ရသည်။ သို့သော် တည်ဆောက်ရေး ရံပုံငွေကိုမူ ဆက်လက်ကောက်ခံ စုဆောင်းလျက် ရှိနေပေသည်။
    Source : islam.ru
    Yekaterinburg သည် ရုရှနိုင်ငံ၏စတုတ္ထမြောက်အကြီးဆုံးမြို့တော်ဖြစ်ပြီး ဥရောပနှင့် အာရှနယ်စပ်ပေါ် တည်ရှိသည်။ လူဦးရေမှာ ၂၀၁၀ ခုနှစ် စစ်တမ်းအရ ၁,၃၄၉,၇၇၂ ဦး(၁၃ သန်းကျော်) ရှိသည်။ ၄င်းမြို့သည်  Ural Federal ခရိုင်အတွင်း စက်မှုလုပ်ငန်း နှင့် ယဉ်ကျေးမှုတို့၏ ဗဟိုချက်မဒေသဖြစ်သည်။ မြို့အမည်ကို ၁၉၂၄ နှင့် ၁၉၉၁ ခုနှစ်အတွင်း Sverdlovsk (Свердло́вск) ဟု ခေါ်ဆိုခဲ့ကြသည်။
    နယ်မြေအကျယ်အ၀န်း ၆,၅၉၂,၇၆၉ စတုရန်းမိုင် နှင့် လူဦးရေ ၁၄၂.၈ သန်းရှိသော ရုရှတွင် ဘာသာတရားကို ကိုးကွယ်လက်ခံသူမှာ အနည်းစု သာဖြစ်နေ၏။
    နိုင်ငံတွင်း လက်ခံ ကျင့်သုံးခွင့်ပြုထားသော ဘာသာတရားများမှာ ရုရှအော်သိုဒေါ့စ်၊ ရှေးရိုးစွဲအော်သိုဒေါ့စ်၊ ကက်သလစ်၊ ဧ၀ံဂေလိ ခရစ်ယာန်၊ အစ္စလာမ်၊ ဂျူး ၊ ဗုဒ္ဓဘာသာ နှင့် ၄င်းတို့၏မျိုးကွဲ အယူအဆများဖြစ်ကြသည်။ နိုင်ငံသား သန်း ၁၀၀ ခန့်မှာ မိမိကိုယ်ကို အော်သိုဒေါ့စ် ရုရှခရစ်ယာန်များဟု ခေါင်းစဉ်တပ်သော်လည်း အများစုက အမည်ခံမျှသာဖြစ်သည်။ ဒုတိယအကြီးမားဆုံး ခရစ်ယာန်အုပ်စုမှာ ပရိုတက်စတင့် ဖြစ်သည်။
    လူနည်းစုဝင်များ၌ အင်အားအကြီးမားဆုံးမှာ မွတ်စ်လင်မ်များဖြစ်၍ လူဦးရေ ၁၄ သန်းမှ ၂၃ သန်းအကြားတွင် ရှိသည်။ ဗုဒ္ဓဘာသာဝင်များမှာ ၁.၅ သန်းမှ ၂ သန်းအတွင်းရှိကြသည်။
    (ဤအချက်အလက်ကို http://en.wikipedia.org/wiki/Yekaterinburg နှင့် http://en.wikipedia.org/wiki/Freedom_of_religion_in_Russia မှ ထုတ်နှုတ်ဖော်ပြပါသည်)
  • “တစ်အချက် ဆန့်ကျင်တယ်၊ နှစ်အချက် မကြောက်ဘူး။” (အောင်ဝေး)
    စက်တင်ဘာလ ၂၃
    M-Media
    ကဗျာဆရာ အောင်ဝေး
    4
    အာရပ်နွေဦးကို
    ငါတို့ ထောက်ခံခဲ့တယ်
    မှားပြီလား။
    ငါတို့ နွေဦးကို
    သူတို့ နားမလည်ပါလား။
    လူ့ အခွင့်အရေးလား
    ဂျေဟတ်လား။
    ငါ့သဘောထား
    ( ကဗျာဆရာအောင်ဝေး သဘောထား)
    ဘယ်ခြိမ်းခြောက်မှုမျိုး မဆို
    တစ်အချက် ဆန့်ကျင်တယ်
    နှစ်အချက် မကြောက်ဘူး။
    အခု
    (ပြည်တွင်းမှာ)
    မွတ်ဆလင်စစ်စစ်ကြီး
    အဘ ၀မ်းအိုဝမ်းကျော်ဝင်းမောင်
    မကျန်းမမာ ဖြစ်နေတယ်။
    ငါ
    ဒါကိုပဲ စိတ်ဝင်စားတယ်။
    ကမ္ဘာ့ လွတ်လပ်ရေးတိုက်ပွဲဝင်
    သူရဲကောင်းကြီး
    အဲဒီ မွတ်ဆလင်ကြီး
    ကျန်းမာပြီး
    အသက်ရှည်ပါစေ
    ငါဆုတောင်းတယ်။
    မပြီးဆုံးသေးတဲ့
    ဗမာ့ ဒီမိုကရေစီ ခရီး
    ဆုံးခန်းတိုင်
    အဘ လျှောက်လှမ်းနိုင်ပါစေ
    ငါ ဆုတောင်းတယ်။
    အောင်ဝေးဟာ
    ဗမာ့နိုင်ငံသား
    မြန်မာတိုင်းရင်းသား
    အားလုံးက
    နားလည်နိုင်ကြပါစေသား။    ။
    (လျှက်တစ်ပြက် သတင်းဂျာနယ်၊ အတွဲ (၃)၊ အမှတ် (၉၃) တွင်  ကဗျာဆရာ အောင်ဝေးမှ ဆရာကြီး ၀မ်းအိုဝမ်း ကျော်ဝင်းမောင် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူစဉ်က ရေးသားပေးပို့ခဲ့သော ကဗျာအား ဆရာကြီး တစ်နှစ်ပြည့် အမှတ်တရ အောင့်မေ့ဖွယ်ဖြင့် ပြန်လည်ဖော်ပြအပ်ပါသည်။)
    ဓါတ်ပုံအညွှန်း-ဆရာ ဒဂုန်တာရာ အသက် ၉၃နှစ်ပြည့် အကြို အလှူပွဲ သို့ တက်ရောက်သော စာရေးဆရာ ၀မ်းအိုဝမ်း ကျော်ဝင်းမောင် (ဘီဒီအေ လေယာဉ်ပစ်တပ်သားဟောင်း) 2012, January
  • မြန်မာတပ်ရင်း ၃ ခု ကို နယ်စပ်သို့ပို့ဆောင်စေလွှတ် ထားသော်လည်း စိုးရိမ်စရာမရှိဟု ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များပြော
    စက်တင်ဘာ၊ ၂၃
    M-Media
    border-300
    ဘင်္ဂလားဒေ့ရှ်နှင့်ငါးမိုင်ဝန်းကျင်အကွာရှိ နယ်စပ်ဒေသသို့ မြန်မာနိုင်ငံစစ်တပ်မှ တပ်ရင်း ၃ စုကို ပို့ဆောင်စေလွှတ်ခဲ့သည်။ နိုင်ငံရေးအနေအထား တည်ငြိမ်စေရန် ဟူသော အကြောင်းပြချက်ဖြင့် စေလွှတ်ခြင်းဖြစ်သည်ဟု သက်ဆိုင်ရာမှပြောကြားကြောင်း Eleven Myanmar သတင်းစာမှ ဖော်ပြထား၏။
    နယ်စပ်လုံခြုံရေးအတွက် ရဲတပ်ရင်း ၂ ခုကိုလည်း ထပ်မံပို့ဆောင်သွားဦးမည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချူပ် ကလည်း ပြောကြားသည်။
    သို့သော် မြန်မာ၏ ဆောင်ရွက်ချက်နှင့် စပ်လျဉ်းပြီး စိုးရိမ်စရာမရှိဟု ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ဆိုသည်။
    ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ Bangladesh Border Guard (BGB) ၏ ဦးစီးဒါရိုက်တာ ဗိုလ်ချုပ်ကြီး အဇီးဇ် အဟ်မဒ်က မြန်မာနိုင်ငံမှ ယင်းသို့ဆောင်ရွက်ခြင်းမှာ မလိုလားမှု ရည်ရွယ်ချက်ကြောင့်မဟုတ်ဘဲ ၄င်းတို့၏ ပြည်တွင်းလုံခြုံရေး အနေအထားကြောင့်ဖြစ်ကြောင်း bdnews24.com ၌ ပြောပြခဲ့သည်။
    “ ကျွန်တော်တို့အဖို့ ဘာမှစိုးရိမ်စရာမရှိပါဘူး ” ဟုပြောဆိုကာ မြန်မာနိုင်ငံသည် အလားတူ စေလွှတ်မှုမျိုးကို ယခင်ကလည်း ဆောင်ရွက်မှုများရှိနေခဲ့ကြောင်း ထည့်သွင်းထောက်ပြခဲ့သည်။
    ရခိုင်ဒေသတွင်းပြဿနာများကြောင့် မြန်မာအာဏာပိုင်များက နစကတပ်ဖွဲ့အားဖျက်သိမ်းလိုက်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသတွင် ရဲများက စောင့်ကြပ်လျက်ရှိကြသည်။ ထိုဒေသ၌ လူမျိုးရေးဆိုင်ရာအကြမ်းဖက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိနေ၏။
    ကိုးကား- bdnews24.com
  • ရိုးသားဖြောင့်မတ်ခြင်းက သူဆင်းရဲတစ်ဦးအား ကြွယ်ဝစေပြီ
    စက်တင်ဘာ၊ ၂၃
    M-Media
    bezdomniy_gleyn_james
    ဘော့စ်တွန်မြို့ရှိ အိုးအိမ်မဲ့သူ ဂလဲန်းဂျိမ်းစ်(Glen James) အတွက် Gofundme.com တည်ထောင်သူ တစ်ဦးမှ ငွေကောက်ခံ လျက်ရှိရာ လွန်ခဲ့သည့် ၂ ရက်တွင် ဒေါ်လာ ကိုးသောင်းခွဲအထိ ရရှိသွားပြီဖြစ်သည်။
    ဒေါ်လာလေးသောင်းတန်ဖိုးရှိ ငွေသားအပါအ၀င် ခရီးသွားချက်လက်မှတ်များကို ထည့်ထားသော ကျောပိုးအိတ် တစ်လုံးကို တွေ့ရှိပြီး ပြန်လည်အပ်နှံခဲ့သည့်အမျိုးသားအတွက် ရံပုံငွေထူထောင်ကောက်ခံခဲ့ရာ လွန်ခဲ့သော ၂ ရက်ခန့်တွင် ဒေါ်လာ ၉၁၀၀၀ အထိ ထည့်ဝင်လှူဒါန်းလာကြ၏။ ရံပုံငွေကိုစတင်မတည် ကောက်ခံနေသော ဗာဂျီးနီးယားအမျိုးသားက ဤသည်မှာ အမေရိကန်ပြည်သူတိုင်းအဖို့ ပြောစမှတ်ဖြစ်ရသည်ဟု ဆို၏။
    ဂျိမ်းစ်သည် စနေနေ့က ငွေသား ဒေါ်လာ ၂၄၀၀ နှင့် ဒေါ်လာလေးသောင်းနီးပါးရှိ ခရီးသွားချက် လက်မှတ်များ ထည့်ထားသည့် အိတ်ကို တွေ့ရှိပြီးနောက် ရဲအရာရှိတစ်ဦးထံ သွားရောက်အပ်နှံခဲ့သည်။ ပစ္စည်းရှင်သည် အနီးရှိကုန်တိုက် လုပ်သားများကိုပြောပြသဖြင့် ၄င်းတို့မှ ရဲအရာရှိကို အကြောင်းကြားခဲ့သည်။ ယင်းကျောပိုးအိတ်ကို ရဲအရာရှိမှ ၄င်းအား ပြန်လည်ပေးအပ်ခဲ့သည်။
    တနင်္လာနေ့တွင် ဘော့စ်တွန်ရဲဌာနမှ ဂျိမ်းစ်အား ချီးမွှမ်း ဂုဏ်ပြုပွဲတစ်ခု ပြုလုပ်ပေးခဲ့သည်။ မီဒီယာများမှတဆင့် ဂျိမ်းစ်၏ ရိုးသားဖြောင့်မတ်မှုကို ဖတ်ရှုရပြီးနောက် အသက် ၂၇ နှစ်အရွယ် ဈေးကွက်ရှာဖွေရေးမန်နေဂျာ အီသန် ၀စ်တင်တန်က ၄င်းအတွက် ရံပုံငွေတစ်ရပ် ထူထောင်ရန်ဆုံးဖြတ်ခဲ့ကာ gofundme.com ၀က်ဘ်ဆိုဒ်ပေါ်မှ စတင်ကောက်ခံခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ကြာသပတေးနေ့အစောပိုင်း၌ လှူဒါန်းငွေပေါင်း ဒေါ်လာ ၉၁၈၅၅ အထိ ရောက်ရှိသွားကြောင်းသိရသည်။ မိမိနှင့်ရော ဂျိမ်းစ်နှင့်ပါ သူစိမ်းပြင်ပြင်ဖြစ်ကြသူတို့၏ သဒ္ဓါတရားအပေါ် အထူးအံ့သြ အားရ၀မ်းသာဖြစ်နေရသည်ဟု ၀စ်တင်တန်က ဆိုသည်။
    “ သူဟာ အိုးအိမ်မဲ့တစ်ဦးရဲ့အခြေအနေဖြစ်နေပါလျက် အဲ့ဒီကျောပိုးအိတ်ကို ပြန်ပေးခဲ့ပါလား ဆိုတဲ့အချက်က ကျွန်တော့်စိတ်ကို စေ့ဆော်ရိုက်ခတ်သွားခဲ့တာပါဘဲ။ ကျွန်တော့်ရင်ထဲမှာ မကြုံစဖူး တောမီးလောင်သလို ခံစားလိုက်ရပြီး မျှော်လင့်ချက်ကြီးတစ်ခု ဖြစ်လာစေခဲ့တယ်လေ။ ဒီကိစ္စဟာ အမေရိကန်ကလူတိုင်း ပြောစမှတ်ပြုစရာလို့ ကျွန်တော် ထင်ပါတယ်။ တကယ်လို့ ကျွန်တော်တို့ အတူတစ်ကွစုပေါင်းဆောင်ရွက်ယင် ဒီမျှော်လင့်ချက်ပြည့်ဝလာပါလိမ့်မယ် ” ဟု ၀စ်တင်တန်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။
    ဂျိမ်းစ်အတွက် ရံပုံငွေထူထောင်ရေးကြိုးပမ်းချက်မှာ အမှန်အလုပ်ဖြစ်ပါမည်လောဟု သံသယမေးခွန်းအချို့ကိုလည်း ကြုံဆုံခဲ့ရကြောင်း ဆက်လက်ပြောပြခဲ့သည်။
    “ လုပ်ငန်းကြီးတစ်ခုကိုဆောင်ရွက်တော့မယ်ဆိုယင် မဖြစ်နိုင်ဘူးလို့ပြောသူတွေတွေ့ရပြီး လက်လျှော့လုနီးပါး ဖြစ်တတ်ကြပါတယ်။ အဲ့ဒီမှာ နည်းလမ်းတစ်ခုခုနဲ့ ၁၀၀ % ဖြစ်မြောက်ရမယ်လို့ဆန္ဒပြုပြီး လူတွေကို ကျွန်တော် အာမခံခဲ့တယ်။ တကယ်လို့ ကျွန်တော်သာ ကလိမ်ကကျစ်လုပ်ခဲ့ယင် ခုချိန်မှာ ကျွန်တော် သိက္ခာကျပြီးသား ဖြစ်နေပါပြီ”။
    Source : AP