News @ M-Media

Author: M-Media

  • သိုက်စာညွှန်းများ

    သိုက်စာညွှန်းများ

    မတ်လ ၃၀ ၊ ၂၀၁၅
    M-Media
    ညီသွေးရေးသည်။
    prophecy
    နက်ရှိုင်းထူထပ်၊ မှောင်မိုက်တိတ်ဆိတ်
    တန်ဖိုးမဖြတ်နိုင်တော့
    တစ်လက္ခပြီး တစ်လက္ခ တစ်လံပြီးတစ်လံ
    ပိုးတိမ်ပမာ ရွေ့လျားပြီး မိုးရွာမချနိုင်ခဲ့ဘူး
    အသံဝင် ကုတင်ပေါ် အိစက်ညက်ညော ဒဏ်ရာအပြည့်…….

    တန်ဖိုးကြီးကြီးမားမားတွေ ပေးဆပ်ရမယ်မှန်းသိတယ်။ ကြမ်းကြမ်းတမ်းတမ်း၊ ရိုင်းရိုင်းစိုင်းစိုင်း၊ ရက်ရက်စက်စက်၊ သွေးထွက်သံယို  အခက်အခဲမျိုးစုံနဲ့ တွေ့ကြုံရမယ်၊ ရင်ဆိုင်ရမယ်၊ ကာဆီးထားမယ်ဆိုတာသိသိနဲ့ ရဲဝံ့ခြင်းတွေ၊ စွန့်စားခြင်းတွေ၊ မျှော်လင့်ချက်တွေ၊ အမှန်တရားတွေ  ရင်ဝယ်ပိုက်ပြီး စိုးထိပ်မှုတွေနဲ့ တရွေ့ရွေ့ရှေ့သို့ချီလာခဲ့ကြတဲ့ မိဘပြည်သူတွေရဲ့ ရင်နှစ်သည်းချာတွေ၊ ဒါပေမယ့် တစ်ဖက်ကလေးသော၊ ခွေးသော၊ လူကြီးသောလူငယ်သော၊ သံဃာသော မိဘသော ဂရုမစိုက်တဲ့ အန္ဓအုပ်စု။ မြန်မာပြည်သူ လူထုကြီးရှေ့မှာ နိုင်ငံတကာ သတင်းထောက်တွေရှေ့မှာ  မျက်နှာဖုံးတွေအားလုံး ချွတ်ပြခဲ့ကြရပါပြီ။ ဒီထက်ပိုမိုဆိုးရွားသော ကိစ္စများဖြစ်ပေါ်လာပါလျှင် အုံကြွမှုတွေ မထိန်းနိုင် မသိမ်းနိုင်နဲ့ ပြည်သူတစ်ရပ်လုံးထောင်ချောက်ကြီးတစ်ခုထဲသို့ ရောက်ရှိသွားနိုင်တဲ့ အခြေအနေ။

    အခုအဖြေပေါင်းစုံက ထွက်ပေါ်လာပြီးပြီ။ အစိုးရလူကြီးမင်းများ၏ ဇ ကို ထင်ထင်ရှားရှား မြင်ခွင့်ရခဲ့ပြီ။ အရှုံးထဲက အမြတ်အနေနဲ့  ဘယ်သူဟာအမှန်တရားကို ရင်ခုန်လည်း၊ ဘယ်သူတွေဟာ အမှန်တရားဘက်တော်သားတွေကို ဝန်းရံလည်း၊ ဘယ်သူတွေဟာ

    အမှန်တရားမိုးကြိုးသွားကို ထန်းလျက်နဲ့ကာနေလည်း၊ အဖြူအမဲအားလုံး သဲသဲကွဲကွဲမြင်သာထင်သာ ရှိလာခဲ့ပြီ။ နောက်ကွယ်က ဘယ်သူတွေ  လက်သီးပုန်းတွေ ဝင်ထိုးနေလည်း ဘယ်သူတွေပေးတီးပေးနေသလည်း ဘယ်သူတွေချောက်ထဲတွန်းချနေသလည်း

    ကျောင်းသားပြည်သူအတူတူမြင်ခဲ့ရပြီ။ ရင်ထဲက နာကြည်းမှုတွေ၊ ခံပြင်းမှုတွေ၊ ဒေါသတွေကို အခုမဖော်ထုတ်လိုက်ပါနှင့်။ အခုတော့ စောပြီးဖော်ထုတ်လိုက်လျှင် နေပူဒဏ်ခံရမည်။ နံပါတ်ဒုတ်နှင့်အရိုက်ခံရမည်။ အကြမ်းဖက်လူအုပ်ကြီးလို့ တံဆိပ်တပ်ခံရမည်။ နောက်ထပ်သွေးမြေတွေ ထပ်ကျခံရမယ်။ လူ့တန်ဖိုး ၊ လူ့ဂုစ်သိက္ခာ၊ လူ့ကျင့်ဝတ်၊ ဒီမိုကရေစီတန်ဖိုး လုံးဝ စောက်ထိုး မိုးမျှော်ဖြစ်စေရမည်။ လောကနိတိ၊  ဗုဒ အဆုံးအမ၊ ဘာသာ သာသနာလုံးဝ ဂရုမစိုက်တဲ့အုပ်စုကြီးကို ကျွန်တော်တို့တွေ သွေးနဲ့ချွေးနဲ့ရင်းပြီး ဘာလို့သွားရင်ဆိုင်မှာလဲ။

    မီးခြစ်ဆံ တစ်ချောင်းမျှတောင် မကိုင်ဆောင်ထားတဲ့ လူအုပ်စုလေးတစ်ခုကို အကြမ်းဖက်လူအုပ်ကြီးလို့ အမည်တပ် မကောင်းရှုမကောင်း ဝိုင်းဝန်းရိုက်နှက်နေပုံ ဒီပြယုဂ်ဟာ မိဘပြည်သူ အားလုံးရဲ့ ဒေါသတွေကို ခြူနေတဲ့ပြယုဂ် မဟုတ်ပါလား။ ကျောင်းသားတွေ က သွေးမြေကျ၊ ပြည်သူ လူထုကဝင်ပါ။ အဲဒီမှာမှ ဒေါသ တကယ်ထွက်နေသော လူအုပ်ကြီးဖြစ်ပေါ်လာ၊ ဒေါသထွက်နေသော လူအုပ်ကြီးမှတစ်ဆင့် အကြမ်းဖက်လူအုပ်ကြီး အဆင့် ကူးပြောင်းဖို့ဆိုတာ ရေသန့်ဗူးတစ်ဗူးလောက်ပဲ လိုပါတယ်။ အဲဒီအဆင့်ရောက်လာလျှင် မလွဲမရှောင်သာ တိုင်းပြည်ကို ကယ်တင်ပါရသော မင်းသားကြီးများ ဘွားကနဲ ပေါ်လာလိမ့်မယ်။ အဲဒီအချိန် ပုဒ်မ (၁၄၄) တို့၊ ရွေးကောက်ပွဲရက် အကန့်အသက်မရှိ ရွေ့ဆိုင်းခြင်းစသည်တို့ဟာ ဆက်တိုက်လိုက်လာပါလိမ့်မယ်။

    မျောက်တွေဟာ ဘယ်တော့မှ ဂျွမ်းထိုးခြင်းအတက်ကို မေ့လျော့ခြင်းမရှိသလို၊ လောက်တွေဟာအမြဲပင် မစင်ပုံ အပုပ်ပုံမှာပဲ ပျော်လေ့ ရှိပါတယ်။ အဆင့်အတန်းမြင့်မားတဲ့ ရထူးရာခံရှိနေပါလျက် တံစိုးလာဘ်စားပြီး တစ်ဖက်သက်တရားစီရင်တတ်တဲ့ တရားသူကြီးများ၊ လုပ်ပိုင်ခွင့်တွေ ပါမစ်တွေကို ခရိုနီနဲ့ပေါင်းပြီး အိပ်ထဲထည့်နေရာမှ ပျော်ရွှင်တဲ့ ရိုက်စားပေါင်းစား ဝန်မင်းများ၊ အများအပြားဖောင်း ပွနေခြင်း ဟာ ဒီသဘောပါပဲ။ ဒါတွေကိုပြုပြင်ပြောင်းလဲနိုင်ဖို့ရန်အတွက် တိကျခိုင်မာပြတ်သားပြီး ကျောသားရင်သား မခွဲခြားတဲ့ ဥပဒေ တစ်ရပ်ပေါ်ပေါက်လာမယ့် အချိန်ကျမှသာ ဖြစ်နိုင်ပါလိမ့်မည်။ မျှော်လင့်နိုင်ပါလိမ့်မယ်။

    ပြည်သူတွေဖြစ်စေချင်နေတဲ့ သားရွှေအိုးထမ်းလာတဲ့မြင်ကွင်းက ၂၀၁၅ မကုန်ခင် မြင်ရနိုင်ဖွယ်မရှိပါဘူးဆိုတာ လက်ရှိကန်နေတဲ့ ပွဲတွေကိုကြည့်ပြီး ခန့်မှန်းနိုင်နေပါပြီ။ နှစ်ကွက် သုံးကွက်ကြိုမြင်အောင် ကြည့်ထားနိုင်မှသာ ပြည်သူလူထုအနေနှင့် ၂၀၁၅ ကစားကွက်မှာ အသာစီးရနိုင်မှာပါ။ ကျွန်တော်တို့တွေရဲ့ အင်အားကို ပိုပြီး စုစည်းထားမယ်။ ကျစ်ကျစ်လစ်လစ်ဖြစ်အောင် သိမ်းထုတ်ထားမယ်။ ပြည်သူနှင့်ကျောင်းသား စိတ်တူကိုယ်တူ အရပ်ဖက်အဖွဲ့အစည်းအားလုံး ညီညွှတ်မှုရှိနေရပါမယ်။ ပြည့် အင်အားသည် ပြည်တွင်းမှာသာရှိနေပါသည်ဆိုတဲ့ အသိအားလုံးရင်ထဲမှာ ရှိနေအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရပါမည်။ တကယ့်တကယ်ကျောင်းသားနဲ့ ပြည်သူကို ဖိနှိပ်နေချိန်မှာ နိုင်ငံတကာဖိအားဆိုတာ သဘောထားကြေညာချက် တစ်စောင် ထုတ်ပြန်တာနဲ့ ပြီးဆုံး သွားပါတယ်။ ဒီထက်ပိုလျှင် အကူအညီသဘောတူညီချက်တွေ ပြန်ပြင်မည်။ ဒါနဲ့ပဲ နိုင်ငံတကာပတ်သက်မှု၊ စွက်ဖက်မှုဆိုတာ ပြီးတာပါပဲ။

    ပြည်သူလူထုအနေနဲ့ ဒီအချိန်မှာ ဘယ်လူမျိုး၊ ဘယ်ဘာသာ၊ ဘယ်အဖွဲ့အစည်း၊ ဘယ်အသင်း စသဖြင့် ခွဲခြားဘေးထွက် ကန့်လန့်တိုက်နေလို့  မရတော့ပါဘူး။ အမြဲ သုည မှတ်အောက်ရောက်နေခဲ့တဲ့ နှင်းဖုံးတောင်ထိပ်က ရည်မှန်းချက်ပန်းတိုင်ဟာ အခုလက်တစ်ကမ်း အကွာရောက်နေပါပြီ။

    ချက်အောက်ထိုးသတ်မည့် အကွက်တွေ၊ ကြည်ဆူပင် စိုက်မယ့်အောက်လမ်းနည်းတွေ၊ ဒိုင်နဲ့ပင်းထားတဲ့ လုပ်ပွဲတွေ တစ်ပွဲပြီး တစ်ပွဲလာပါလိမ့်ဦးမည်။  သို့ဖြစ်သောကြောင့် တစ်ယောက်နှင့် တစ်ယောက်၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်ဆင်းနှင့်တစ်ဆင်း ပိုမိုရိုင်းပင်း ကူညီ၍ စေ့စပ်သေချာသော ညီညွတ်ရေး၊ စည်းရုံးရေးများနှင့် အင်အားတစ်ရပ်ကို ဖော်ဆောင်နေရမယ့် အရေးကြီးသော အချိန်လက်ဆုံသို့ ရောက်နေပါပြီ။

    မတရားတဲ့အရပ်မှာ ဘယ်နက္ခတ်တာရာကမှ မရပ်တည်ပါဘူး။ ကျွန်တော်က အတိတ်နိမိတ်တို့ ခမည်းတဘောင် စတာတွေကို စိတ်မဝင်စားတတ်ပါ။  ဒါပေမယ့် ကျွန်တော်ဒီတစ်ခါကောက်ရတွေ့ရှိခဲ့တဲ့ တဘောင်လိုလို နိမိတ်လိုလို အသားတစ်ပုဒ်ကိုတော့ မှတ်မှတ်ထင်ထင်ဖြစ်မိပါတယ်။  အောက်လမ်းတွေ ယတြာတွေ၊ တဘောင်တွေ ခံသည်တို့ကို စိတ်ဝင်စားသူများ အတွက်တော့ မြေပုံညွှန်း တစ်ခုလည်း ဖြစ်သွားနိုင်တယ်။ အခုလို ထီးနန်းရေးနန်းရာတွေ ရှုပ်ရှုပ်ထွေးထွေးဖြစ်နေတဲ့အချိန် သွားရေးလာရေးကျပ်တည်းလို့ ကျန့်ကြာလို့ ဆိုပြီး နေရာအနှံ့ကုန်းကျော် တံတားတွေ၊ ချောင်းကူးတံတားတွေ၊ မြစ်ကူးတံတားတွေ ထိုးနေကြတဲ့အချိန်၊ ၂၀၁၂ နိုဝင်ဘာမှာ ငလျင်ဒဏ်နဲ့ စစ်ကိုင်းမြို့လေးကျွန်မာန်အောင်  ဘုရားစိန်ဖူးတော်မြေခခဲ့ရပြီး ၂၀၁၃ သြဂုတ်မှာ ကျွန်တော်တို့ သမ္မတကြီး ဦးသိန်းစိန် စိန်ဖူးတော်ပြန်တင်၊ တစ်ဖန် ၂၀၁၄ နိုဝင်ဘာ ၂၇ မှာ  အဲဒီသမ္မတတင်ထားတဲ့ စိန်ဖူးတော် ထပ်မံမြေခလို့ ၂၀၁၅ ဖေဖော်ဝါရီ ၂၂ မှာ ထပ်မံ ထီးတင်ပြန်ပါတယ်။ ကမ္ဘာမှာ သမ္မတ တစ်ဦးတည်း ဘုရားတစ်ဆူတည်းကို ထီးတော်နှစ်ခါ တင်ခွင့်ရတဲ့ ပထမဆုံးသမ္မတ အဖြစ် မှတ်တမ်းတင်ခွင့်ရတဲ့အဖြစ်ပါ။ အခုလို ဟိုရောက် ဒီရောက် စကားစုအတွဲဟာ အောက်ပါ တဘောင် လိုလို ဘာလိုလို အသားတွေနဲ့ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်လို့နေတာကိုက ကျွန်တော်တင်ပြချင်တဲ့ အကြောင်းအရင်းပါပဲ။ ဖတ်ကြည့်ပါ အားလုံးရှင်းသွားနိုင်ပါတယ်။

    “ကနတ္တဒဏ်ထီးတွေနဲ့
    ပျက်ဆီးဖို့ အရေးကြုံ
    ရွှေပေးမယ် မယ်မယုံ
    ငွေပေးမယ် မယ်မယုံ
    တံတားတွေ အသွင်သွင်ဆောက်ပါလို့
    စစ်ကိုင်း၊ ပုဂံ၊ အောင်လံ တလွှားမှာ
    ဘုရားတွေ အလီလီ မှောက်ရင်ဖြင့်
    တစ်ပါးပြည်ဝင်ကာ မနှောင့်ရအောင်
    ပြည်တော်ပြန် မယ်ထွေး၊ နန်းတင်မှအေး” တဲ့

    ပြောချင်တာက တဘောင်ဆိုတာကတောင် မတရားတဲ့ ဘက်မလိုက်ပါဘူးဆိုတာပါ။ စာသားထဲကာလ၊ ဒေသပြ စကားလုံးတွေက အံ့သြစရာတိုက်ဆိုင် လွန်းလှပါတယ်။ အဘယ်ပညာရှိ ဆရာသမားမှန်း မသိပေမယ့် သြချမိပါသည်။ (ဒါပေမယ့် ဘာကြောင့် တိမ်မြုပ်ပျောက် ကွယ်နေရတာလဲ။ ဒါလည်း စဉ်းစားစရာပါပဲ။ အနုပညာမြောက်၊ ကာလဒေသ သမိုင်းမှန်၊ အချက်အလက်မှန် စကားစုတစ်ရပ်အနေနဲ့ မှတ်တမ်း တင်ခွင့်ရတာ ကံတရားလား၊ အနုပညာလား ဒါလည်းစဉ်းစားစရာပါ)။ နမိတ်၊ တဘောင်ယတြာတွေနဲ့ လုံးလည်ချာလိုက်နေလို့ အစိုးရလူကြီးမင်း တသိုက်လည်း ဒါကိုဘယ်လိုစဉ်းစားကြမှာပါလိမ့်။ ဒါလည်း စဉ်းစားစရာပါ။ ဒီလောက်နှစ်ကိုယ့် တစ်စိတ်ဖြစ်ခဲ့ကြဖူးတဲ့ တရုတ်နဲ့ ချစ်ကြည်မှုဟာ လောက်ကိုင်အရေးနဲ့ပတ်သက်ပြီး တရုတ်ပြည်ဘက် ကျည်သင့်ပြီး တရုတ်နိုင်ငံသားတွေ တိမ်ပါးခံသွားရတဲ့ ကိစ္စနဲ့ တရုတ်ကြီးက ရာဇသံပေးတဲ့ အဆင့်ရောက်လာရတာကလည်း “တစ်ပါးပြည်ဝင်ကာ မနှောင့်ရအောင်” ဆိုတဲ့ စာသားကို မှန်ကန်ကြောင်း ထပ်မံ သက်သေခံပြန်ပါတယ်။ တော်ပါပြီ တော်တော်ကြာကြော်ငြာ ဝင်နေတယ်ဆိုပြီး။ အခုကျွန်တော်တို့မြန်မာပြည်သူလူထုအနေနဲ့ ဘယ်အချိန်ကျမှ ဘာလုပ်ရမလဲ တိတိကျကျသေသေချာချာ သိပြီးလျှင် ကလဲ့စား ဘယ်လိုချေရတယ်ဆိုတာ ကမ္ဘာကြီးကို ပြရမယ့်အချိန် စိတ်ရှည်ရှည်လေးထားပြီး စောင့်ရုံပါပဲ။

    ညီသွေး

  • အိန္ဒိယနှင့် ကင်းကွာလာခြင်း

    အိန္ဒိယနှင့် ကင်းကွာလာခြင်း

    ဒေါက်တာ သန့်မြင့်ဦး ရေးသည်။

    18113_925711717463698_5527584147979627271_n  .
    မြန်မာနိုင်ငံရှိ လူအများစုတွင်၊ အိန္ဒိယနိုင်ငံနှင့် ပတ်သတ်သည့် ဗဟုသုတများ ရှိကြခြင်း၊ မရှိကြခြင်းကို အသာထား၊ အိန္ဒိယနှင့် ပတ်သတ်သည့် အငွေ့အသက် ခံစားမှု အာရုံမျိုး ရှိကြသည်။ ရန်ကုန်မြို့ ဖရေဇာလမ်း တစ်လျှောက်ရှိ လျှပ်စစ်မီးချောင်းများ ထွန်းထားသည့် ဒန်ပေါက်ဆိုင်များ၊ ရိုးရှင်းသည့် အစ္စလာမ်ဘာသာဝင်တို့၏ မဂိုဗလီ အပြင် ၄င်းနှင့် လမ်းနှစ်ဘလောက်စာ အကွာအဝေးရှိ အရောင်များ တောက်ပနေသည့် ကာလီဘုရားကျောင်း၊ အရောင်လွင့်နေသော ဆာရီများကို ဝတ်ဆင်ထားပြီး နားလည်ရခက်သည့် ဘာသာစကားကို ပြောဆိုနေကြသည့် ကြော့ကြော့ရှင်းရှင်း အမျိုးသမီးကြီးများ၊ အမျိုးသားများ၏ လုံခြည်ဝတ်ဆင်ပုံ စတိုင် စသည်တို့နှင့် ရင်းနှီးခဲ့ကြပြီးသား ဖြစ်သလို၊ ရှေးဘိုးဘေးဘီဘင်များမှာလည်း နီးစပ်သည့် မိတ်ဆွေများ ဖြစ်ခဲ့ကြသည်။ အိန္ဒိယမှာ မြန်မာနိုင်ငံနှင့် ခေတ်ပြိုင် အိမ်နီးချင်းနိုင်ငံ ဖြစ်ရုံမျှမက အတိတ်က ဆက်နွယ်မှုများ နက်နက်ရှိုင်းရှိုင်း ရှိခဲ့၍၊ အိန္ဒိယ အငွေ့အသက်မှာ အတိတ်ကာလက အကြွင်းအကျန် အဖြစ် မြန်မာနိုင်ငံ၏ နေရာတိုင်းတွင် ရှိနေပေသည်။
    .
    အိန္ဒိယနှင့် မြန်မာ၏ ဆက်နွယ်မှု သမိုင်းကို ယေဘုယျအားဖြင့် ကျောင်းများတွင် မသင်ကြတော့၍ လူများ၏ အတွေးထဲတွင်လည်း မရှိကြတော့ပေ။ ထောင်စုနှစ် တစ်ခုစာ ပြန်ပြောင်းတွေးကြည့်လျှင် ဘင်္ဂလား ပင်လယ်အော် တလျှောက်၊ Bengal ၊ အိုရစ်ဆာ (Orissa) နှင့် အိန္ဒိယ တောင်ပိုင်းဒေသများမှ နေ၍ ဧရာဝတီမြစ်ဝှမ်းအထိ ကုန်သွယ်ရေးနှင့် စိတ်ကူးစိတ်သန်း ဆက်နွယ်ကူးသန်းမှုများ ရှိခဲ့သော်လည်း၊ ယခုအခါတွင်မူ လူ လက်တစ်ဆုပ်စာခန့်ကသာ၊ ပလ္လဝါ (Pallava) အက္ခရာများမှ ဆင်းသက်လာခဲ့သည့် မြန်မာအက္ခရာများအကြောင်းနှင့် အိန္ဒိယပါဠိဘာသာမှ ယူထားသည့် မြန်မာစကားလုံးများအကြောင်းကို ဆက်စပ် တွေးတောမိပေလိမ့်မည်။
    .
    အတူတကွ ခံစားခဲ့ကြရသည့် ကိုလိုနီ လက်အောက်ခံ အတွေ့အကြုံများကိုပင် တော်တော်များများ မေ့ကုန်ကြပြီ ဖြစ်သည်။ အိန္ဒိယရှိ Biral House တွင် ငယ်ရွယ်တက်ကြွသည့် ဦးနုက မဟတ္တမဂန္ဒီနှင့်အတူ လေးစားသည့် အသွင်သဏ္ဍာန်ဖြင့် ထိုင်နေသည်ကို ရိုက်ကူးထားခဲ့သည့် ဓါတ်ပုံမျိုး၊ သို့မဟုတ် အက်တလီနှင့် တွေ့ဆုံရန်အတွက် ဗိုလ်ချုပ်အောင်ဆန်း လန်ဒန်သို့ သွားရင်း ဒေလီမြို့တွင် တစ်ထောက်နားစဉ်တွင် ပဏ္ဍစ် နေရူးက မြန်မာ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း လန်ဒန်တွင် အအေးမိမည်ကို စိုးရိမ်သည့်အတွက် ကုတ်အင်္ကျီတစ်ထည်ပေးခဲ့သည့် ဇာတ်လမ်းမျိုးကိုတော့ တခါတရံတွင် မြင်ရ ကြားရ ပါသည်။ သို့ရာတွင် ပြည်ပြေး ဧကရာဇ် Bahadur Shah Zafar ၏ ဆက်နွယ်နေသော အကြောင်း (သူ၏ အုတ်ဂူ တည်ရှိရာ နေရာမှာ စာရေးသူ ယခုဆောင်းပါးကို ရေးသားနေသည့်နေရာနှင့် မိုင်ဝက်ခန့်ပင် မကွာဝေးပါ)၊ ရာဘင်ဒြာနတ်တဂိုး မြန်မာသို့ လာရောက် လည်ပတ်ခဲ့သည့် ခရီးစဉ်များ၊ ဆူဘတ်ချန်ဒရာဘို့စ်နှင့် အိန္ဒိယ အမျိုးသား တပ်မတော် (INA) တို့၏ စွန့်စားခန်းများအကြောင်း စသည့် အခြား သတိရစရာ အနည်းငယ်လည်း ရှိပါသည်။
    .11080949_925711924130344_4471903472050838676_n
    ကျွန်တော်၏ အဘေးဖြစ်သူမှာ ကာလကတ္တားတွင် ပညာသင်ယူခဲ့သလို၊ ကျွန်တော်၏ အဘိုးဖြစ်သူမှာလည်း Bengal မှ မီးသင်္ဘောဖြင့် အပတ်စဉ် ရောက်လာလေ့ရှိသည့် စာအုပ်များနှင့် သတင်းစာများကို ဖတ်ရင်း ကြီးပြင်းခဲ့သူ ဖြစ်သည်။ လွန်ခဲ့သည့် နှစ် ၁၀၀ ခန့်က၊ မိဘများသည် ၄င်းတို့၏ သားများအား ဒါဂျီလင် (Darjeeling) သို့ စေလွှတ်ကာ ပညာသင်ကြားပေးနိုင်ရေးကို အိပ်မက် မက်ခဲ့ကြသည်။ ၄င်းတို့၏ သားများအနေဖြင့် ထိုမှတဆင့် အောက်စဖို့ဒ် သို့မဟုတ် ကမ်းဘရစ်ဂ်ျ တွင် ပညာ ဆက်လက် ဆည်းပူးကာ၊ ပြန်လာလျှင် အိုင်စီအက်စ် အရာရှိများ အဖြစ် အမှုထမ်းနိုင်လိမ့်မည်ဟူသည့် မျှော်လင့်ချက်များ ရှိခဲ့ကြသည်။ အိန္ဒိယသည် ခေတ်မီခြင်း တစ်မျိုးကို ကိုယ်စားပြုပြီး အိန္ဒိယ ပညာတတ်များနှင့် အိန္ဒိယ အင်စတီကျူးရှင်းများမှာ ပိုမိုကျယ်ပြောသည့် ကမ္ဘာကြီးနှင့် ပေါင်းကူးပေးနိုင်မည့် အရာများ အဖြစ် ရှုမြင်ခြင်း ခံခဲ့ရသည့် အချိန် တစ်ချိန် ရှိခဲ့ဖူးသည်။
    .
    ယခုအခါတွင် နှစ်နိုင်ငံမှ အစိုးရပိုင်းအနေဖြင့်၊ အဝေးပြေးလမ်းမသစ်များနှင့် ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် တရားဝင် ဆက်နွယ်မှုများနှင့် တရားဝင် စီမံကိန်းများ ရှိနေပြီး၊ နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အတွက် အစိုးရများ ဦးဆောင်သည့် အားထုတ်မှုများ ရှိနေသည်။ သို့မဟုတ် အနည်းဆုံးအနေဖြင့် နယ်စပ်တလျှောက်တွင် ပူးပေါင်းဆောင်ရွက်ကြရန် ကတိကဝတ်များ ရှိနေပေသည်။ သို့ရာတွင်နှစ်နိုင်ငံ ပြည်သူများ အချင်းချင်း ဆက်ဆံရေးမှာမူ ပျောက်ဆုံးလျက် ရှိနေသည်။ ဘန်ကောက်နှင့် စင်ကာပူမှာ အိန္ဒိယမြို့များနှင့် နှိုင်းစာလျှင် မြန်မာများအတွက် များစွာ ပိုမို ရင်းနှီးနေပေသည်။ ယနေ့အခါ မြန်မာများ၏ စိတ်ထဲတွင် ကာလကတ္တားမှာ ခပ်စိမ်းစိမ်း ဖြစ်နေကြသလို၊ အိန္ဒိယ အရှေ့မြောက်ပိုင်း ဒေသများမှာမူ စိတ်ထဲတွင် ပိုမို အလှမ်းဝေးကွာ နေကြသည်။ သမိုင်းဝင် အောင်ပွဲမြို့များ ဖြစ်ခဲ့ဖူးသည့် အာသံနှင့် မဏိပူရတို့အား ကျောင်းစာအုပ်များထဲမှနေရာများအဖြစ်သာ သိရှိကြတော့ပြီး၊ မြန်မာနှင့် နီးကပ်စွာ တည်ရှိနေသည့် တကယ့်နေရာများအဖြစ် မမြင်ကြတော့ပေ။ အိန္ဒိယ အရှေ့မြောက်ပိုင်းတွင် မြန်မာတို့နှင့် များစွာ ဆင်တူသည့် ယဉ်ကျေးမှုများနှင့် ဆင်တူသည့် လူ့ဘောင် အသိုင်းအဝိုင်းများ ရှိသည် ဆိုခြင်းကို အများစုက သတိမပြုမိကြတော့ပေ။
    .
    1511432_925711984130338_4561364637519731320_nယခုအပတ်တွင် ကျွန်တော်တို့ အနေဖြင့် အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးအောင်ပွဲ အထိမ်းအမှတ်ကို ဆင်နွှဲရင်း ၁၉၃၇ ခုနှစ်က မြန်မာနိုင်ငံအား အိန္ဒိယမှ ခွဲရေး-တွဲရေး ကိစ္စအကြောင်းကိုလည်း ပြန်လည် သတိရကောင်း ရကြမည် ဖြစ်ပြီး၊ အလွှာတော်တော်များများတွင် ခွဲ၍ အုပ်ချုပ် ဆောင်ရွက်မှုများ စတင်ခဲ့သည်။ အိန္ဒိယမှ ခွဲခဲ့ပြီး နောက်ထပ် ၁၀ နှစ်ကျော်ကျော် အကြာတွင် မြန်မာအနေဖြင့် လွတ်လပ်သည့် နိုင်ငံတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့သည်ကို မြန်မာနိုင်ငံရှိ မည်သူမျှ နောင်တရလိမ့်မည် မဟုတ်ပေ။ သို့ရာတွင် ကျွန်တော်တို့အနေဖြင့် အနာဂတ်အကြောင်း စဉ်းစားရာတွင်မူ၊ အိန္ဒိယနှင့် စိမ်းစိမ်းကားကား ဖြစ်လာခြင်းကို နောင်တရကောင်း ရကြပေမည်။
    .
    မြန်မာနိုင်ငံသည် ပြင်ပကမ္ဘာကြီးနှင့် ပြန်လည် တံခါးဖွင့် ဆက်ဆံလျက် ရှိပြီး၊ ဒီမိုကရေစီ ပန်းတိုင်သို့ ကနဦး ခြေလှမ်းများ လှမ်းလျက်ရှိရာ၊ ရှေးကာလကြာမြင့်စွာ ကတည်းက ရှိခဲ့သည့် အိန္ဒိယနှင့် ဆက်ဆံရေး ပိုမိုတိုးတက်လာအောင် ပြန်လည်ပုံဖော်နိုင်မည့် အခွင့်ကောင်း တစ်ခု ရှိနေသည်။ ထိုသို့ ပြုလုပ်နိုင်ပါက နှစ်နိုင်ငံလုံး အကျိုးရှိလိမ့်မည် ဖြစ်ပါသည်။
    .
    ဓာတ်ပုံအညွှန်း …
    ၁) ဝန်ကြီးချုပ်ဦးနုနှင့် မဟတ္တမဂန္ဒီတို့ ဒေလီမြို့တွင် ၁၉၄၇ ခုနှစ်က တွေ့ဆုံစဉ်
    ၂) အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရောက် ဗမာသံတမန်တစ်ဦးနှင့် အိန္ဒိယအမျိုးသား ၈ ဦး ၏ ပန်းချီကား
    ၃) စာရေးသူ ဒေါက်တာသန့်မြင့်ဦး

    (စာရေးသူ နောက်ဆုံး ရေးသားထားသည့် စာအုပ်မှာ Where China Meets India: Burma and the New Crossroads of Asia စာအုပ် ဖြစ်ပါသည်။ စာရေးသူမှာ Yangon Heritage Trust ၏ ဥက္ကဌ ဖြစ်ပါသည်။)
    The Hindu သတင်းစာ၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည့် “Growing up, growing apart” ဆောင်းပါးကို မဇ္ဈိမသတင်း မှ ဘာသာပြန်ထားခြင်းကို တဆင့်ကူးယူဖော်ပြပါသည်။

  • ကမ္ဘောဒီးယား၏ အကြီးဆုံးဗလီကို ၀န်ကြီးချုပ်ဟန်ဆန် တက်ရောက် ဖွင့်လှစ်ပေး

    ကမ္ဘောဒီးယား၏ အကြီးဆုံးဗလီကို ၀န်ကြီးချုပ်ဟန်ဆန် တက်ရောက် ဖွင့်လှစ်ပေး

    မတ် ၂၈၊ ၂၀၁၅
    M-Media
    1241
    – ကမ္ဘောဒီးယားနိုင်ငံ မြို့တော်ဖနွမ်းပင်မှာရှိတဲ့ နိုင်ငံရဲ့ အကြီးဆုံးဗလီဖြစ်တဲ့ အလ်ဆာကဲလ် ဗလီဝတ်ကျောင်းတော်ကြီး ဖွင့်ပွဲအခမ်းအနားမှာ ၀န်ကြီးချုပ် ဟန်ဆန်ကိုယ်တိုင် တက်ရောက်ခဲ့ပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။

    အဲဒီဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီဗလီဝတ်ကျောင်းကြီးဟာ နိုင်ငံအတွင်း ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်မှုကို ဖော်ကျူးနေတာဖြစ်တယ်လို့ ၀န်ကြီးချုပ်က ဆိုပါတယ်။

    “ကမ္ဘောဒီးယားမှာ အယူဝါဒပေါင်းစုံ၊ ဘာသာပေါင်းစုံက လူတွေဟာ ငြိမ်းချမ်းစွာနဲ့ သဟဇာတဖြစ်စွာ အတူတကွ နေထိုင်ကြတယ် ဆိုတဲ့ ကောင်းမွန်တဲ့ သမိုင်းကြောင်း ရှိပါတယ်။ ဘာသာရေးနဲ့ပတ်သက်လို့ ပဋိပက္ခတွေ ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး။ ကမ္ဘောဒီယားဟာ မွတ်စလင်ပြည်သူတွေကို လူမှုလုပ်ငန်းတွေမှာ မျှမျှတတ ဆက်ဆံပါတယ်” လို့ ၀န်ကြီးချုပ် ဟန်ဆန်က ဖွင့်ပွဲအခမ်းအနားမှာ ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
    129
    ယဉ်ကျေးမှုနဲ့ သာသနာရေးဝန်ကြီး မင်ခင်က နှစ်ထပ်ဆောင်ဖြစ်တဲ့ ဒီဗလီဝတ်ကျောင်းတော် ဆောက်လုပ်မှုအတွက် ကန်ဒေါ်လာ ၂.၉ သန်းလောက် ကုန်ကျတယ်လို့ ဆိုပါတယ်။

    “ဒီဗလီဝတ်ကျောင်းတော် ဖွင့်လှစ်နိုင်ခြင်းဟာ ကမ္ဘောဒီးယားမှာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှု ရှိတယ်ဆိုတာကို ပြသလိုက်တာပါပဲ။ ပြီးတော့ ဒီလွတ်လပ်ခွင့်ဟာ အခြားသော ယုံကြည်ချက်တွေနဲ့ ဘာသာတရားတွေကို မထိခိုက်ဘူးဆိုရင် ဘာသာရေးလှုပ်ရှားဆောင်ရွက်မှုအားလုံးကို နိုင်ငံတော်က အာမခံပေးထားပါတယ်” လို့ မင်ခင်က ပြောကြားခဲ့ပါတယ်။

    ကမ္ဘောဒီးယားမွတ်စလင်လူ့အဖွဲ့အစည်းရဲ့ နာမ်ပိုင်းဆိုင်ရာ ခေါင်းဆောင်ဖြစ်တဲ့ အွတ်စ်မန် ဟာဆန်က ၀န်ကြီးချုပ်ကိုယ်တိုင် တက်ရောက်လာတာဟာ နိုင်ငံတော်ရဲ့ ဗုဒ္ဓဘာသာအပြင် အခြားသော ဘာသာတရားတွေအပေါ်မှာ ကမ္ဘောဒီယားအစိုးရက မျှမျှတတ ဆက်ဆံတယ်ဆိုတာ ပြသလိုက်တာပဲလို့ ပြောကြားခဲ့ပါတယ်။

    ဗုဒ္ဓဘာသာဝင်အများစုရှိတဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ခမာမွတ်စလင် အရေအတွက်ဟာ ၆ သိန်းလောက်ရှိတယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။

    ref:Xinhua
    Photo: Chim Nary

    1251 126 127 128

  • အမျိုးသမီးများနှင့် စွမ်းဆောင်ရည်ကဏ္ဍ

    အမျိုးသမီးများနှင့် စွမ်းဆောင်ရည်ကဏ္ဍ

    မတ် ၂၈ ၊ ၂၀၁၅
    M-Media
    ထက်မြတ် ရေးသည်။

    women

    ယနေ့ ၂၁ ရာစု ဒီမိုကရေစီကာလကို ကူးပြောင်းနေတဲ့ခေတ်ကြီးမှာ ယောက်ျားလေးများ (အမျိုးသားများ)နှင့်တန်းတူ ရင်ဘောင်တန်း လုပ်ဆောင်လာကြသည်မှာ မိန်းကလေးများ (အမျိုးသမီးများ) ပင်ဖြစ်ကြပါသည်။ အခုခေတ် မိန်းကလေးများ ကို ရှေးယခင်က ခေါ်ဆိုခဲ့ကြသည့်အတိုင်း အားနွဲ့သည့် သူများဟု ဆိုလျှင် မှားမည်ဟုထင်မိပါသည်။

    မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးရှိ လူဦးရေထက်ဝက်ကျော်ကျော်က အမျိုးသမီးများပင်ဖြစ်ကြသည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် နိုင်ငံတစ်နိုင်ငံလုံးမှာရှိတဲ့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။ ထို့ကြောင့် မိမိအမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အမျိုးသမီးများတွင်လည်း တာဝန်ရှိပါသည်။ နိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေအားလုံး ဆရာမတွေ၊ ဆရာဝန်တွေ၊ အရောင်းစာရေးတွေချည်း လုပ်နေလို့မရပါဘူး။ အမျိုးသမီး အင်ဂျင်နီယာတွေ၊ အမျိုးသမီး လေယာဉ်ပိုင်းလော့တွေနှင့် အမျိုးသမီးဘတ်စ်ကားမောင်းတဲ့ သူတွေလည်း လိုအပ်လှပါတယ်။

    နိုင်ငံတကာမှာဆိုလျှင် မီးရထား၊ ဘတ်စ်ကားမှအစ အာကာသယာဉ်မောင်းတာအထိ အမျိုးသမီးများ ဝင်ရောက်မောင်းနှင်နေ တာမျိုးကို တွေ့ရမှာပါ။ တရုတ်နိုင်ငံမှာဆိုလျှင် သဘောင်္မောင်းတဲ့ အမျိုးသမီးတွေတောင် ရှိနေပြီဖြစ်ကြောင်း သိရှိမှာပါ။ အမျိုးသမီးများကိုယ်တိုင်ဦးစီးလုပ်ကိုင်နေသော ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းများစွာကိုလည်း ယနေ့ရှိနေပါပြီ။ အမျိုးသမီးများမှာ ယနေ့ခေတ်အမျိုးသားများတန်းတူ မည်သည့်အလုပ်မဆို တန်းတူလုပ်ကိုင်လျှက်ရှိကြောင်းကို တွေ့ရှိရမှာဖြစ်ပါတယ်။

    မြန်မာနိုင်ငံတွင် မိန်းကလေးအများစုဟာ ရှေးယခင်ကအယူအဆတွေအတိုင်း မိန်းကလေးတွေရဲ့ နေရာဟာ မီးဖိုချောင်သာ ဖြစ်တယ် ဆိုတဲ့ အယူအလွဲကြီးကို ကျင့်သုံးနေကြတုန်း ဖြစ်တယ်။ မိန်းကလေးများဟာ ယောင်္ကျာလေးများကို အလုပ်အကျွေးပြုသည့် အနေအထားတွင်သာ ရှိနေရင် လုံလောက်ပြီဟု ထင်နေကြသည်။ မိန်းကလေးများကို နေရာမပေးဘဲ အိမ်ထဲတွင်သာ ထားချင်ကြသည်။ မိန်းကလေးများတွင်လည်း မွေးရာပါ ပါရမီများရှိနိုင်ပါသည်။ သူမတို့ ကျွမ်းကျင်ရာသည် အိမ်အလုပ် လုပ်ရခြင်းဖြစ်ချင်မှ ဖြစ်လိမ့်မည်။ အင်ဂျင်နီယာဝါသနာပါသူလည်း ဖြစ်နိုင်သည်။ ကားမောင်းကျွမ်းကျင်သူလည်း ဖြစ်နိုင်သည်။ သူမတို့ ဝါသနာပါရာကို လုပ်ကိုင်ခွင့်ပေးမည်ဆိုပါက ယင်းပညာရပ်တွင် ထူးချွန်သူတစ်ယောက်ဖြစ်လာနိုင်မည်မှာ ငြင်းပယ်၍မရပါ။

    မိန်းကလေးများထက် “ဗလ” တစ်မျိုးတည်းသာ သာတဲ့ ယောက်ျားလေးများကို “အိမ်ဦးနတ်” နေရာမှာထားပြီး ရိုသေလေးစားကျွေးမွေးနေဖို့ မလိုအပ်လှပါဘူး။ မိန်းကလေးများ အချက်အပြုတ်၊ အချုပ်အလုပ်တွေနဲ့ပဲ အချိန်ဖြုန်းနေဖို့ မသင့်တော်တော့ပါဘူး။ ယနေ့ခေတ် နာမည်ကြီး စာဖိုမှူး၊ ဒီဇိုင်နာတွေကို ကြည့်လိုက်ပါ။ အမျိုးသမီးများထက် အမျိုးသားများကို တွေ့နိုင်မှာပါ။ ထမင်းဟင်းချက်တာကို “အလုပ်” တစ်ခုလို သတ်မှတ်ပြီး လုပ်စားနေတဲ့သူတွေ ယနေ့ခေတ်မှာအများကြီးရှိပါတယ်။ ပိုက်ဆံပေးနိုင်ရင် အချိန်မရွေး ငှားရမ်းနိုင်ပါတယ်။

    မိန်းကလေးများမှာလည်း ပညာနဲ့ အသိဥာဏ်ရှိဖို့ လိုအပ်ပါတယ်။ ရုပ်မလှရင်နေရပါ ပညာလှဖို့တော့ လိုအပ်လှပါသည်။ ပညာလှပြီး ထူးချွန်ထက်မြက်လှတဲ့အမျိုးသမီးတွေ၊ နိုင်ငံတော်ကို အမျိုးသားများနည်းတူ အလုပ်ကျွေးပြုနေကြတဲ့ အမျိုးသမီးတွေ နိုင်ငံတကာမှာ ရှိပါတယ်။ သူမတို့၏ ဘဝများကို လေ့လာကြည့်လျှင် သိနိုင်ပါလိမ့်မည်။ မြန်မာနိုင်ငံမှာလည်း ထူးချွန်ထက်မြက်တဲ့ နိုပယ်ဆုပိုင်ရှင် အမျိုးသမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို လူတိုင်းသိကြမယ် ထင်ပါတယ်။ သူမက နိုင်ငံတကာ အမျိုးသမီးစွမ်းဆောင်ရှင်တွေထဲက တစ်ဦးဆိုလျှင်လည်း မမှားပါဘူး။

    မကြာသေးမီအချိန်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပေးအပ်သည့် အမျိုးသတ္တိရှင် (၁၀) ဦးတွင် မြန်မာနိုင်ငံမှ ကချင်အမျိုးသမီး ငြိမ်းချမ်းရေးကွန်ရက်တွင် ဦးဆောင်လှုပ်ရှားနေသူ ဒေါ်မေစံပယ်ဖြူ သည် ရွေးချယ်ခြင်းခံခဲ့ရသည်။ သူမသည် အမျိုးသမီးများအား အကြမ်းဖက်မှုကနေ တားဆးမှုဥပဒေမူကြမ်းကို ရေးဆွဲနိုင်ရန်အတွက် ရှေ့တန်းကနေ ပါဝင်ခဲ့တဲ့အတွက်ကြောင့် ယခုလိုရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ယင်းကဲ့သို့ အမျိုးသမီး မြောက်များစွာ လိုအပ်နေပါသည်။

    မြန်မာအမျိုးသမီးများအနေနှင့် အိမ်ထဲမှာပဲ ဟင်းချက် ထမင်းချက်မနေသင့်တော့ဘဲ ကဏ္ဍပေါင်းစုံတွင် အမျိုးသမီးများပါဝင်ခွင့်ရနေပါပြီ။ အမျိုးသားများချည်း အရာရာကို ဦးဆောင်နိုင်သည့်ခေတ် မဟုတ်တော့ပါ။ လွှတ်တော်ထဲတွင်လည်း အမျိုးသမီးများ ဝင်ရောက်နေကြပြီး တိုင်းပြည်အတွက် ကူညီပံ့ပိုးနေကြပါပြီ။ လွှတ်တော်ထဲတွင် အမျိုးသမီးအရေအတွက်မှာ အမျိုးသားများထက် နည်းပါးနေခြင်းကြောင့် ကြိုးစားရန်လိုနေသေးသည်။ အမျိုးသမီးများအနေနှင့် အိမ်ပြင်ကိုထွက်ပြီး လောကကြီးကို မျက်စိဖွင့်ကြည့်ရန် လိုအပ်နေချိန်ဖြစ်ပါသည်။ စွမ်းဆောင်နိုင်သည့် ကဏ္ဍများမှပါဝင်စွမ်းဆောင်ပြီး နိုင်ငံတော်ကြီးကို ဦးဆောင်နိုင်တဲ့ အမျိုးသမီးများဖြစ်လာနိုင်ရန် လိုအပ်လှပါသည်။ နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်ကို လျှောက်နိုင်အောင် လုပ်ပေးနိုင်ရန် အမျိုးသားများတန်းတူ အမျိုးသမီးများမှလည်း ဝိုင်းဝန်းကြိုးပမ်းသွားရမည် မဟုတ်ပါလား။

    ထက်မြတ်

    ဓါတ်ပုံ အညွှန်း-အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမြို့တော်မှာကျင်းပတဲ့ ၂၀၁၅ နိုင်ငံတကာ အမျိုးသမီးသတ္တိရှင် ဆုပေးပွဲ အခမ်းအနားမှာ ကချင်တိုင်းရင်းသူ မမေစပယ်ဖြူ တက်ရောက်ပြီး ဆုကို လက်ခံရယူ။ သတင်းဓာတ်ပုံ- ရေဗက္ကဝင်း

  • သတ္တိ ရှိတယ်တဲ့လား

    သတ္တိ ရှိတယ်တဲ့လား

    မတ် ၂၈ ၊ ၂၀၁၅
    M-Media
    နှင်းဆီခင်ရေးသည်။
    courage
    “သတ္တိရှိလိုက်တာ”လို့ လူတွေက တအံ့တသြချီးကျူးတာကို ခံရတဲ့အခါ လူ့သဘာဝအရ တအားကြီးကျေနပ်မိမှာပါ။ ယောက်ျားတွေက အားကျလေးစားတဲ့ အရည်အသွေးတွေထဲမှာ သတ္တိရှိခြင်းဆိုတာ ထိပ်ဆုံးကပါဝင်နိုင်ပါတယ်။ ရှေးခေတ် အခါသမယတုန်းက ဆိုရင် ယောင်္ကျားတစ်ယောက်ရဲ့ သတ္တိရှိခြင်းဟာ သူ့ရဲ့ယောက်ျားပီသမှုအတွက် ပြယုဂ်တစ်ခုပဲပေါ့။ ဓား၊ လှံ၊ လက်နက်ချင်းယှဉ်ရင်း လက်ရုံးရည်ကို ပြသခဲ့ကြသလို လူသာမန်တွေလုပ်နိုင်တဲ့ စွမ်းဆောင်မှုတွေကို ထုတ်ဖော်ပြသ ခဲ့ကြတယ်။

    ဒီကနေ့ခေတ်မှာရော ယောင်္ကျားတွေဟာ သူတို့ရဲ့ကာယသတ္တိကို နည်းလမ်းမျိုးစုံနှင့် ပြသကြသည်ပဲပေါ့။ ကျယ်ပြောလှတဲ့ ပင်လယ်ပြင်ကြီးထဲမှာ တစ်ကိုယ်တော် ရွက်လွှင့်လား လွှင့်ရဲ့၊ မြင့်မားလှတဲ့ ချောက်ကမ်းပါးစွန်းထိပ်ကနေ ပင်လယ်ထဲကို ခုန်ချပြတာလည်းမရှား၊ ရှိသေးတယ်။ ဟိုးအမြင့်မှာ ကြိုးတန်း လမ်းလျှောက်ပြသလို မြန်နှုန်းမြင့်ပြိုင်ကားကို အရှိန်ပြင်းပြင်း မောင်းပြသူတွေလည်း ရှိပြန်ရော။ တချို့ကျပြန်တော့ သဘာဝဘေးအန္တရာယ် ကြုံတွေ့နေရသူတွေကို အသက်စွန့် ကြိုးပမ်းကယ်ဆယ်ပေးကြလို့ မီးလောင်နေတဲ့ အဆောက်အအုံထဲကို သက်စွန့်ကြိုးပမ်း ဝင်ရောက်ပြီး ပိတ်မိနေတဲ့သူတွေကို ကယ်ခဲ့ကြတယ်။ ဘယ်လိုပုံစံနှင့်ပဲဖြစ်ဖြစ် သတ္တိရှိခြင်းကို အသွင်အမျိုးမျိုးနှင့် ပုံဖော်ကြတဲ့သဘောပါ။ ဒီလုပ်ဆောင်ချက်တွေဟာလည်း မြင်သာထင်သာရှိတဲ့ သတ္တိရှိခြင်းတွေလို့ ဆိုနိုင်ပါတယ်။

    ယေဘုယျအနေနှင့်ပြောရင် ကာယသတ္တိရှိခြင်းနှင့် စိတ်သတ္တိအစွမ်းဆိုပြီး ခွဲခြားသိရှိရသလို အဲဒီအတွက် ပြယုဂ်တွေကို အခွင့်အခါသင့်သလို ကြုံဆုံခံစားရလေ့ရှိပါတယ်။ တစ်ခါတစ်ရံကျပြန်တော့ သတ္တိအစစ်အမှန်ကို ထင်ရှားအောင် လက်တွေ့ဖော်ပြလို့ မရနိုင်ပေမယ့် ရင်ထဲကစူးနစ်သွားအောင် ခံစားလိုက်ရတဲ့ ဖြစ်ရပ်မျိုးမှာ တစ်စုံတစ်ဦးရဲ့ စိတ်သတ္တိအစွမ်းကို သိရှိလိုက်နိုင်သည်ပဲပေါ့။

    ဆိုပါစို့။ ကိုယ်လက်အဂါင်္ချို့တဲ့နေသူတစ်ဦးဟာ လောကကြီးရဲ့ တစ်ထောင့်တစ်နေရာမှာ အကျိုးပြုနိုင်အောင် ပါဝင်ဆောင်ရွက်နိုင်ခြင်းဟာ စိတ်သတ္တိအင်အား ကြီးမားခြင်းပါပဲ။ မသန်ပေမယ့် စွမ်းသူတွေဟာ ဘဝကို အရှုံးမပေးဘဲ ရှင်သန်ရပ်တည်နေကြ ပါတယ်။ တစ်ခါတစ်ရံမှာတော့ လုပ်ချင်တာထက် လုပ်သင့် လုပ်ထိုက်တာတွေကို တာဝန်ကျေကျေ ဆောင်ရွက်ရတာမျိုးတွေရှိပါတယ်။ နာတာရှည်ဝေဒနာသည်တွေကို စိတ်ရှည်လက်ရှည်ပြုစုတာဟာ လက်တွေ့မှာ ထင်သလောက် မလွယ်လှပါဘူး။ ကိုယ်ပိုင်အချိန် တော်တော်များများကို လူမမာတစ်ယောက်နှင့် ကုန်ဆုံးရတာ တော်တော်လေး စိတ်ရှည်မှဖြစ်တာကိုး။ အထူးသဖြင့် စေတနာသက်သက်နှင့်ပဲ ပြုစုစောင့်ရှောက်ခြင်းမျိုးကို ဆိုလိုပါတယ်။ ကိုယ့်ရဲ့သွေးသားရင်းချာကိုပဲဖြစ်ဖြစ်၊ ခင်ရာဆွေမျိုးဖြစ်တဲ့ သံယောဇဉ်ရှိသူ သူစိမ်းတစ်ယောက်ကိုပဲဖြစ်ဖြစ် နေ့စဉ်ရက်ဆက်ပြုစုစောင့်ရှောက်နိုင်ခြင်းဟာ စိတ်သတ္တိစွမ်းအားကြီးမားခြင်းကို ဖော်ပြနေတယ်။

    နောက်တစ်ခုကတော့ သက်ကြီးရွယ်အို မိဘဘိုးဘွားတွေကို မညည်းညူပြုစုခြင်းပါပဲ။ ဒါ့အပြင် ပြင်းထန်တဲ့ ဝေဒနာခံစားနေရတဲ့ မသန်စွမ်း သားသမီးကို (တစ်ဘဝလုံး) လုံးဝမညည်းညူဘဲ ပြုစုစောင့်ရှောက်ခြင်းဟာ မလွဲသာလို့ ထမ်းဆောင်ရတဲ့ (သားသမီးတာဝန်၊ မိဘတာဝန်) ပဲလို့ မပြောနိုင်ပါဘူး။ စေတနာ၊ မေတ္တာအပြင် ကြီးမားတဲ့ စိတ်သတ္တိမျိုးလည်း လိုအပ်သေးတာကြောင့်ပဲပေါ့။

    တစ်ခါတုန်းကပေါ့။ ခရီးသည်တင် သဘောင်္ငယ်တစ်စင်းဟာ ရေစီးသန်တဲ့မြစ်တစ်ခုမှာ နစ်မြုပ်သွားတယ်။ ကယ်ပါယူပါ တစာစာအော်နေသူတွေကို မြစ်ကမ်းပေါ်မှာ ရှိသူတွေက မြစ်ထဲခုန်ဆင်းပြီး ကယ်ဖို့ကြိုးစားကြတယ်။ အဲဒီမှာ လူမမည်ကလေးတစ်ယောက်ရေထဲ မြုပ်ခါနီးဖြစ်နေတဲ့ မြင်ကွင်းကို လှမ်းမြင်လိုက်ရတဲ့ မြစ်ကမ်းပေါ်က လူတစ်ယောက်ဟာ ရေထဲကို တစ်ဟုန်တိုးခုန်ဆင်းပြီး ကလေးငယ်ရှိရာကို ရောက်အောင်သွားရင်း ကလေးကိုလှမ်းဆွဲနိုင်ခဲ့တယ်။ နောက်ပြီး တခြားကယ်ဆယ်ရေးသမားတစ်ဦးကို လှမ်းပေးလိုက်တယ်။ သူကိုယ်တိုင်ကတော့ ရေနစ်သေဆုံးသွားခဲ့တယ်။ သူရဲ့မိတ်ဆွေတွေ ပြန်ပြောပြလို့ သိကြရတာက အဲဒီသူဟာ ရေလုံးဝမကူးတတ်သူ မဟုတ်ဘူးဆိုတာပါပဲ။ လတ်တလော ဖြစ်ပေါ်လာတဲ့သတ္တိက သူများအတွက် အသက်စွန့်ကယ်ဆယ်ဖို့ တွန်းအားဖြစ်သွားတဲ့ သဘောပါ။

    ရှိသေးတယ်။ အဲဒီသဘောင်္ပေါ်ပါလာတဲ့ ခရီးသည်တွေထဲမှာ မိန်းမနှင့်ကလေးတွေကို ရတတ်သရွေ့ အသက်ကယ်လှေတွေထဲ ချပေးကြတယ်။ (အသက်ကယ်လှေ အရေအတွက် နည်းတယ်) ။ ဒါပေမယ့် ယောက်ျားတွေကတော့ လှေထဲကို လုံးဝမဆင်းကြဘူး။ ယောင်္ကျားတော်တော်များများဟာ သူများအတွက် ကိုယ်ကျိုးစွန့်ရင်း အသက်ဆုံးရူံးခံခဲ့ကြတယ်။ မြင့်မြတ်တဲ့စိတ်သတ္တိကို ချီးကျူးမဆုံးဖြစ်ကြတဲ့အကြောင်း စူမတြာကျွန်းအနီးက အဖြစ်အပျက်တစ်ခုက ဖော်ပြနေပါတယ်။

    ကနေဒီးယန်း စစ်ဆေးရုံတစ်ရုံမှာ တက်ရောက်ကုသနေတဲ့ စစ်ပြန် စစ်သားတစ်ဦးကတော့ တကယ့်ကို အထင်ကရပါပဲ။ သူ့ကို ကိုးရီးယားသေနတ်သမားတစ်ယောက်က စစ်မြေပြင်မှာ ပစ်လိုက်တဲ့ ကျည်တောင့်ဟာ တစ်မဆုံကအရိုးကိုထိမှန်ပြီး အဲဒီအရိုးဟာ အပိုင်းအစလေးပေါင်း (၁၀၀) လောက်အထိ ပဲ့စဉ်သွားခဲ့တယ်။ အရိုးအပိုင်းအစလေးတွေက ကိုယ်ခန္ဓာရဲ့တော်တော်များများကို စတီးရိုးတွေနှင့် ဖြည့်စွက်ခဲ့ရတယ်။ ခွဲစိတ်ကုသမှုပြီးလို့ သတိရလာတဲ့အခါ နာကျင်တဲ့ဝေဒနာကို အလူးအလိမ့်ခံစားရတာပေါ့။ သူဟာ အဲဒီဆေးရုံတစ်ခုလုံးမှာ ဒဏ်ရာအပြင်းအထန်ဆုံး ရရှိသူပဲ။ ဒါပေမယ့် ခံစားနေရတဲ့ဝေဒနာကို သတ္တိရှိရှိ ကြိတ်မှိတ်ခံစားရင်း ပြောတာက…
    “ကျွန်တော်က သိပ်ကိုကံကောင်းတဲ့သူပါ။ ဘာဖြစ်လို့လဲဆိုတော့ ခြေတွေလက်တွေ ဖြတ်ပစ်ရသူတွေထက်စာရင် အများကြီးသက်သာတာပေါ့။ ကျွန်တော့်မှာ ကိုယ်ပိုင် ခြေတွေလက်တွေ ကျန်နေသေးတယ်လေ။ ခြေလက်တွေ ပြတ်နေရသူတွေကလည်း မျက်စိကန်းသွားသူတွေထက် ကံကောင်းတာပဲ။ ဟော – မျက်စိကန်းသူတွေကလည်း ကိုယ်ခန္ဓာ အောက်ပိုင်းသေသွားသူတွေ ထက်တော့ ကံကောင်းသေးတာပေါ့ဗျာ ” တဲ့။

    အဲဒီစစ်သားဟာ သူ့ဝေဒနာကို သတ္တိရှိရှိရင်ဆိုင်ခဲ့တဲ့အပြင် တခြားဝေဒနာသည်တွေကို အားပေးစကားတရင်းတနှီးပြောခဲ့တယ်။ ဒါကြောင့် အဲဒီဆေးရုံမှာတော့ သူ့ရဲ့ဇွဲသတ္တိကို မှတ်တမ်းတင်ရတဲ့အထိပါပဲ။ ကျော်ကြားတဲ့သမားတော်ကြီးတစ်ဦးက “သတ္တိဆိုသော အရာကို ခြားစိတ်ဖြာခြင်း” ဆိုတဲ့စာအုပ်မှာရေးထားတယ်။ “သတ္တိဆိုတာ ခွန်အားမဟုတ်ဘူး၊ နှလုံးသားရဲ့အစွမ်း” လို့ဆိုတယ်။ ဒါကြောင့် ကာယသတ္တိရော စိတ်သတ္တိပါ ပြည့်စုံအောင်ကြိုးပမ်းသင့်တယ်ဆိုတဲ့အကြောင်း။