News @ M-Media

Author: M-Media

  • ယာယီသက်သေခံ လက်မှတ် (၀ှိုက်ကဒ်) များအား အစိုးရမှ  ပြန်သိမ်း

    ယာယီသက်သေခံ လက်မှတ် (၀ှိုက်ကဒ်) များအား အစိုးရမှ ပြန်သိမ်း

    ဧပြီ ၂ ။ ၂၀၁၅
    M-Media
    white card
    – မငြိမ်မသက်မှုများဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်ရှိ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသည့် ရိုဟင်ဂျာမွတ်စလင်များထံမှ ယာယီသက်သေခံလက်မှတ် (၀ှိုက်ကဒ်) များအား အာဏာပိုင်များက စတင်သိမ်းဆည်းနေသည်ဟု တာဝန်ရှိသူတစ်ဦးက ဧပြီ ၁ ရက်နေ့တွင် ပြောကြားလိုက်ပြီး ကုသမဂ္ဂမူ ထိုသို့ဆောင်ရွက်ခြင်းမှာ ရိုဟင်ဂျာများ၏ အထောက်အထားများ ဆုံးရှုံးသွားနိုင်သည်ဟု စောစောပိုင်းတွင် သတိပေးထားသည်။

    လုံခြုံရေးတပ်ဖွဲ့ဝင်များ ခြံရံသည့် အဏာပိုင်များမှာ ရိုဟင်ဂျာဒုက္ခသည်စခန်း တစ်ဒါဇင်နီးပါးခန့်သို့ သွားရောက်ခဲ့ပြီး မတ်လ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဟု သမ္မတရုံးမှ ကြေညာခဲ့သော ယာသီသက်သေခံ လက်မှတ်များအား အပ်နှံရန် တောင်းယူခဲ့ကြသည်။

    “အခြေအနေကောင်းတယ်လို့ လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေ မနေ့က ပြောခဲ့ပါတယ်။ သူတို့ဟာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့အတူ ဒုက္ခသည်စခန်း ၁၁ ခုက ကဒ်ပြားတွေကို သိမ်းဆည်းခဲ့ပါတယ်” ဟု ရခိုင်ပြည်နယ် ပြန်ကြားရေး အရာရှိ ဦးလှသိန်းက AFP သို့ ပြောကြားခဲ့ပြီး ကဒ်အရေအတွက် မည်မျှ သိမ်းယူခဲ့သည်ဆိုသည်ကို မသိရှိဟု ဆိုသည်။
    10995618_442526309231006_2512952657739740414_n
    အဓိကအားဖြင့် ရိုဟင်ဂျာလူနည်းစုများ အပါအ၀င် ၀ှိုက်ကဒ်ကိုင်ဆောင်သူများမှာ သိန်းနှင့်ချီ၍ရှိမည်ဟု သိရပြီး နိုင်ငံသားအဖြစ်လျှောက်ထားမှု လုပ်ငန်းစဉ် တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟုဆိုကာ အဆိုပါ ၀ှိုက်ကဒ်အား
    ထုတ်ပေး ထားခြင်းဖြစ်သည်။

    အဆိုပါကဒ်များမှာ တရားမ၀င်ဖြစ်တော့မည်ဟု သမ္မတဦးသိန်စိန်က ဖေဖော်ဝါရီလတွင် ကြေညာပြီးနောက်ပိုင်း အခြေအနေမှာ ပေါက်ကွဲလုမတတ် ဖြစ်လာခဲ့သည်။

    ထိုကဲ့သို့ ကြေညာခြင်းမှာ ပထမပိုင်းတွင် သမ္မတ ကိုယ်တိုင် အကြံပြုတိုက်တွန်းခဲ့သည့် အဆိုပါ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်သူများ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်သူ့ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ရှိသည်ဆိုသည့် အချက်ကို လွှတ်တော်မှ အတည်ပြုခဲ့ပြီးနောက်မှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ လွှတ်တော်၏ ထိုဆုံးဖြတ်ချက် အတွက် ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီများက ကန့်ကွက်ဆန့်ကျင်ခဲ့ကြသည်။

    ကမ္ဘာ့ကုလသမဂ္ဂက ကမ္ဘာပေါ်တွင် ဖိနှိပ်ညှင်းပန်းအခံရဆုံး လူမျိုးစုများဖြစ်သည်ဟု သတ်မှတ်ခြင်းခံထားရသည့် ရိုဟင်ဂျာများကို မြန်မာအစိုးရက ဘင်္ဂါလီများဟု သတ်မှတ်ထားပြီး ဘင်္ဂလားဒေ့ရှ်မှ တရားမ၀င် ၀င်ရောက်လာကြသူများဟု
    ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြသည်။

    ယာယီသက်သက်သေခံလက်မှတ်များ ပြန်လည်အပ်နှံသူများအား နိုင်ငံသားလျှောက်ထားခွင့်လုပ်ငန်းစဉ်အတွက် စတင်ဆောင်ရွက်ပေးနိုင်မည်လားဆိုသည်နှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

    “၀ှိုက်ကဒ်တွေ ပြန်လည်သိမ်းယူတာနဲ့ပတ်သက်ပြီး လူတွေက စိုးရိမ်နေကြပါတယ်။ သူတို့မှာ အခြားအထောက်အထား မရှိပါဘူး” ဟု ရိုဟင်ဂျာအရေး လှုပ်ရှားမှုများ ပြုလုပ်နေသည့် ဖွံ့ဖြိုးတိုးတက်ရေးအမျိုးသား ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် အဘူတာဟေးက ပြောကြားခဲ့သည်။

    သို့သော်လည်း အဆိုပါ ပြဿနာကြောင့် ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ ထပ်မံဖြစ်ပွားမည်မဟုတ်ဟု ဆိုသည်။

    ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ကြမ်းဖက်တိုက်ခိုက်မှုများကြောင့် မွတ်စလင်အများစုအပါအ၀င် လူပေါင်း ၁၄၀၀၀၀ ကျော်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အခြေအနေဆိုးဝါးသော ယာယီ ဒုက္ခသည်စခန်းများတွင်
    နေထိုင်နေကြရသည်။

    မြန်မာနိုင်ငံရှိ ၁.၃သန်းသော ရိုဟင်ဂျာ မွတ်စလင်များမှာ နိုင်ငံမဲ့များ ဖြစ်နေပြီး ရှုပ်ထွေးသော ကန့်သတ်မှုများ အောက်တွင် နေထိုင်နေ ရသည်။ လူ့အခွင့်အရေးလှုပ်ရှားသူများကမူ ရိုဟင်ဂျာအများစုမှာ လွန်ခဲ့သည့် ၃ နှစ် ရခိုင်ပြည်နယ်တွင် နေအိမ် မီးရှို့ခံရမှုအတွင်း အရေးပါသော အထောက်အထား အများအပြား ဆုံးရှုံးသွားခဲ့ကြသည်ဟု ဆိုသည်။

    မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီကမူ ၀ှိုက်ကဒ်များ တရားမ၀င်တော့ဟု ကြေညာခဲ့မှုနှင့် စပ်လျဉ်း၍ စိုးရိမ်မိကြောင်း မကြာသေးမီက ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြထားပြီး ထိုကဲ့သို့
    ဆောင်ရွက်မှုက ရိုဟင်ဂျာများ၏ အမှတ်သညာနှင့် မဲပေးမှုအခွင့်အရေးတိုကို့ ငြင်းပယ်ခြင်းဖြစ်မည်ဟု ပြောကြားခဲ့သည်။

    Ref: AFP

    Photo Credit- RFA and Internet

  • အချိန်အဖြုန်းခံရသူများ

    အချိန်အဖြုန်းခံရသူများ

    ဧပြီ ၁ ၊ ၂၀၁၅
    M-Media
    ထက်မြတ်ရေးသည်။
    traffic
    ယနေ့ခေတ် ၂၁-ရာစုကြီးထဲတွင် လူကြီး၊ လူလတ်၊ လူငယ်မရွေး အရွယ်သုံးပါးစလုံး အမျိုးသား အမျိုးသမီးများအားလုံး တန်းတူ နေ့စဉ်နှင့်အမျှ စားဝတ်နေရေးအတွက် ရုန်းကန်နေကြသည်။ နေထွက်ချိန်မှ နေဝင်ချိန်ထိ တစ်နေ့တာ ဘဝကို ပုံစံမျိုးစုံဖြင့် ဖြတ်သန်းနေကြသည်။ ယင်းကဲ့သို့ ဖြတ်သန်းရာတွင် အဓိက ပေးဆပ်ရသည့်အရာမှာ “အချိန်” ပင်ဖြစ်ပါသည်။ လူတိုင်းသည် အချိန်ကိုရင်းပြီး သက်ဆိုင်ရာအလုပ်များကို လုပ်ကိုင်နေရခြင်း ဖြစ်သည်။

    ရန်ကုန်မြို့အတိုင်းအတာနှင့် ပြောရရင် ယနေ့ခေတ် သွားချင်တဲ့နေရာသို့ရောက်ရန် အိမ်မှ ယခင်ကထက် ပို၍ စောစွာထွက်ခွာရသည်။ အဘယ်ကြောင့်ဆိုသော် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေသောကြောင့်ဖြစ်သည်။ ရန်ကုန်မြို့ ယာဉ်ပိတ်ဆို့မှု အဘယ်သူမှာ တာဝန်ရှိသနည်း။ မည်သူဖြေရှင်းပေးမည်နည်း။

    လမ်းတွေပြင်သည်၊ ခုံးကျော်တံတားတွေ ဆောက်လုပ်သည်။ ထိုအရာများသည် ပြီးစီးသွားလျှင်တော့ ပြည်သူများအတွက် အလွန်အသုံးဝင်နိုင်မည့်အရာတစ်ခုပါ။ သို့သော် မပြီးစီးခင်အချိန် အတိုင်းအတာတစ်ခုအတွက် ပြည်သူများအနေနှင့် အလွန်ဒုက္ခရောက်ရသည်။

    ကားအသစ်တွေတော့ များစွာတင်သွင်းလျက် ရှိနေပါတယ်။ လမ်းတွေကိုတော့ ကားတွေမတင်သွင်းမီ အရင်ကတည်းက လမ်းချဲ့တာ ဂုံးကျော်တံတားဆောက်တာတွေကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဤကဲ့သို့သာ ပြုလုပ်ထားမည်ဆိုလျှင် ပြည်သူများအနေဖြင့် လွန်စွာလွယ်ကူချောမောပြီး စိတ်ချမ်းချမ်းသာသာနှင့် သွားလာနိုင်မည် ဖြစ်ပါသည်။

    ယခုတော့ လမ်းပြင်၊ ခုံးကျော်တံတားဆောက်နေစဉ် နှစ်လမ်းသွားကို တစ်လမ်းပဲပေးသွား၊ အခြားလမ်းများက ပတ်သွား အစရှိတဲ့ဖြစ်ရပ်တွေကြောင့် ကားတွေက မကျပ်သင့်ဘဲနှင့်ကြပ်၊ လိုရာခရီးကို ယခင်သွားနေကြ အချိန်တိုင်းမရောက်တော့၊ ယခင်ထက်အချိန်က နှစ်ဆလောက်ပေးရ စသည့် အခက်အခဲများကြောင့် နေ့စဉ်အချိန်များမှာ လမ်းပေါ်များတွင် ကုန်ဆုံးလျက် ရှိနေတော့သည်။ နွေရာသီဥတု ရာသီဥတုကလည်း အလွန်ပူ၊ ကားကလည်းပိတ်သောကြောင့် ခရီးသွားပြည်သူများမှာ နေ့စဉ်နဲ့အမျှ စိတ်မချမ်းသာမှုများနှင့် ရင်ဆိုင်နေရပါသည်။

    အခုတော့ နေ့စဉ်နဲ့အမျှအကျိုးမဲ့ အချည်းအနှီး ဖြုန်းတီးပစ်လိုက်ရတဲ့ အချိန်တွေ တစ်နေ့တစ်ခြား များသထက်များလာတာကို တွေ့နေရပါတယ်။ ရုံးသမား၊ ကျောင်းသား၊ အလုပ်သမား အစရှိသူများဟာ အလုပ်ချိန်ရဲ့ တစ်ဝက်လောက်ကို ဘတ်စ်ကားပေါ်မှာ အချိန်ကုန်နေရပါတယ်။ ဘတ်စ်ကားစောင့်ရင်း၊ ဘတ်စ်ကားပေါ်မှာ ကားလမ်းတွေပိတ်နေလို့ အချိန်ကုန်သွားခြင်းတို့ဖြင့် မိမိတို့၏ အဖိုးတန်အချိန်တွေကို ဖြုန်းတီးပစ်လိုက်ရတာ အင်မတန်ကို နှမြောစရာကောင်းလှပါတယ်။

    သက်ဆိုင်ရာဌာနများအနေနှင့်လည်း ထိုအရာများကို အလေးထား၍ ဆောင်ရွက်စေလိုသည်။ ထိုဖြစ်ရပ်များကို အထူး သတိချပ်စေချင်လိုသည်။ ယခုလို ပြည်သူတွေဆီက အချိန်ခိုးယူမှုတွေ တစ်နေ့ တစ်နေ့ ဘယ်လောက်တောင် များနေပြီလဲ။ အဲဒီလိုဖြစ်ရပ်တွေကြောင့် ဆုံးရှုံးမှုတွေ ဘယ်လောက်တောင် များနေပြီလဲ။ အလေးအနက်စဉ်းစားကြရန်လိုအပ်နေပါပြီ။

    ယနေ့ခေတ်လို အချိန်တွေရှားပါးလာတဲ့ ခေတ်မှာ အချိန်ကိုတန်ဖိုးရှိစွာ အသုံးချနိုင်ကြဖို့ လိုအပ်နေပါပြီ။ ဒီကိစ္စတွေကို စဉ်းစားကြဖို့ကောင်းပါပြီ။ ဘတ်စ်ကားအပြင် တခြားဖြစ်ရပ်များဖြစ်သော ဘူတာရုံမှာ နှစ်နာရီ သုံးနာရီလောက် မီးရထားကိုစောင့်ပြီး နောက်ကျ လို့ဆိုပြီး စောင့်နေရတဲ့ အချိန်တွေ၊ ရုံးတွေ ဌာနတွေမှာ မိမိတွေ့ချင်သည့် ပုဂ္ဂိုလ်များကို တွေ့ရန် ဘုမသိ ဘမသိနဲ့ထိုင်စောင့်ခိုင်းထားလို့ အလဟာသဖြစ်သွားတဲ့အချိန်တွေ စသည်ဖြင့် တွက်ကြည့်လိုက်လျှင် တစ်နေ့တစ်နေ့ အကျိုးမဲ့ကုန်ဆုံးသွားသည့် အချိန်များမှာ မနည်းလှပါဘူး။

    လူတစ်ယောက်အတွက် တစ်နေ့ အကျိုးမဲ့ အချည်းအနှီး ဖြုန်းပစ်လိုက်ရတဲ့အချိန်ကို ပျှမ်းမျှ တွက်ကြည့်လိုက်လျှင် တစ်နေ့ကို (၄) နာရီပဲထား (၄) နာရီမှာ လူ (၁) သိန်းဆိုရင် ဘယ်လောက်ရှိမလဲ။ လူ (၁) သန်းဆိုဘယ်လောက်ရှိမလဲ။ တွက်ကြည့်ကြပါ။ ဒါကတစ်နေ့တာ အတွက်ပဲနော်။ တစ်လစာ တစ်နှစ်စာ သာဆိုလျှင် အကျိုးမဲ့ အချည်းအနှီး ဖြုန်းပစ်လိုက်ရတဲ့အချိန်တွေ ဘယ်လောက်တောင်များနေပြီလဲ။ ပြည်သူများမှာ အချိန်ဖြုန်းခံနေရသူများသာ ဖြစ်နေပါတော့သည်။ ထိုအချိန်များကို အကျိုးရှိမည့်နေရာများတွင်သာ အသုံးချမည်ဆိုပါက မည်ကဲ့သို့ တန်ဖိုးရှိနိုင်ကြောင်း သုံးသပ်ရန်လိုအပ်နေပါကြောင်း။

    ထက်မြတ်

  • လက်က်ျာစွန်းရောက် ဗုဒ္ဓဘာသာအမျိုးသားဝါဒ  အင်အားကောင်းလာသည့် မြန်မာနိုင်ငံ (ဘာသာပြန်)

    လက်က်ျာစွန်းရောက် ဗုဒ္ဓဘာသာအမျိုးသားဝါဒ အင်အားကောင်းလာသည့် မြန်မာနိုင်ငံ (ဘာသာပြန်)

    မတ် ၃၁ ၊၂၀၁၅
    M-Media

    ST_20150330_NIWIRATHU30_1188612e
    ဗုဒ္ဓဘာသာဝင်တွေ သွေးအေးနေဦးမယ်ဆိုရင် အစ္စလာမ်ဘာသာက မြန်မာနိုင်ငံကို တစ်စစလွှမ်းမိုးသွားမယ်လို့ ဦးဝီရသူက အခိုင်အမာဆိုနေဆဲ (ဓာတ်ပုံ – NIRMAL GHOSH)

     

    မြန်မာနိုင်ငံထောင်တစ်ခုထဲမှာ ၈ နှစ်နဲ့ ၃ လ နေခဲ့ခြင်းက ဦးဝီရသူကို နှူးညံ့သိမ်မွေ့အောင် မပြုလုပ်နိုင်ခဲ့တဲ့အပြင် အခုဆို သူဟာ ပြည်တွင်း ဗုဒ္ဓအမျိုးသားရေးဝါဒရဲ့ လက်ျာစွန်းရောက် ပြယုဂ်တစ်ခုပင် ဖြစ်လာပါတော့တယ်။

    သူ့ရဲ့ အားပါးတရအပြုံးက ဆွဲဆောင်မှုရှိသော်ငြား အဆိုးတရားတွေ ပြောဆိုချိန်မှာတော့ သူ့ဟောပြောချက်တွေက ပြင်းထန်လာပြီး သူ့မျက်လုံးတွေက အရောင်တောက်လာလေ့ရှိပါတယ်။ မွတ်စလင်တွေက ဗုဒ္ဓဘာသာအတွက် အန္တရာယ်ဖြစ်ကြောင်း၊ မိမိရဲ့အခန်းကဏ္ဍဟာ ဘာသာသာသနာကို ကာကွယ်ရေးဖြစ်ကြောင်း ဆိုတာမျိုး ပြောဆိုတဲ့အချိန်မှာပေါ့။

    ဒါတင်မကသေးပါဘူး၊ သူ့ဒဿနနဲ့ ထိပ်တိုက်တွေ့သမျှအရာအားလုံးအပေါ် ပျစ်ပျစ်နှစ်နှစ်ကြီးကို ပြောဆိုတတ်ပါသေးတယ်။

    သာသနာ့ဘောင်ထဲ အသက် ၁၃ နှစ်မှာ ၀င်ရောက်ပြီး ယခု အသက် ၄၇ နှစ်အရွယ်ရှိနေတဲ့ သူဟာ ၉၆၉ လို့ခေါ်ဆိုတဲ့ လက်ျာစွန်းရောက် ဗုဒ္ဓ၀ါဒလှုပ်ရှားမှုထဲ ၂၀၀၁ ခုနှစ်မှာ ပါဝင်ခဲ့တယ်။

    ၂ နှစ်ကြာပြီးတဲ့အခါ မွတ်စလင်ဆန့်ကျင်ရေးအကြမ်းဖက်မှု ဖြစ်ပွားအောင် တို့မီးရှို့မီးတရားဟောခဲ့တဲ့အတွက် ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခြင်း ခံလိုက်ရတယ်။

    သို့ပေမယ့်လည်း ၂၀၁၀ ခုနှစ်မှာ အခြားနိုင်ငံရေးအကျဉ်းသားအများအပြားနဲ့ရောပြီး လွတ်မြောက်လာတယ်။ ပြီးတော့ အင်တာနက်နဲ့ ဆိုရှယ်မီဒီယာကိုသုံးလို့ သူ့ခံယူချက်ကို အသံထုတ်ဆူညံစေခဲ့ပါတော့တယ်။

    အခုဆိုရင် မြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့တော် မန္တလေးက သူ့ကျောင်းတိုက်မှာ သူ့လက်အောက်ခံ သံဃာတွေ အပါး ၂၀၀၀ ကျော် ရှိနေပြီဖြစ်ပါတယ်။

    ပြီးခဲ့တဲ့သီတင်းပတ်က သူ့ဒကာတော်တစ်ဦးပိုင်ဆိုင်တဲ့ ရန်ကုန်မြို့စွန်က မထင်မရှားအိမ်တစ်လုံးမှာ The Straits Times နဲ့ တွေ့ဆုံပါတယ်။

    အကြီးစားသစ်သားထည်ပရိဘောကတွေနဲ့စီတန်းထားပြီး ဧရာမရေခဲသေတ္တာတစ်လုံးပါရှိတဲ့ သာမန်ဧည့်ခန်းဆောင်တစ်ခုထဲမှာ လူတစ်စုနဲ့အတူ စားပွဲဝိုင်းတစ်ခုမှာထိုင်လို့ပေါ့။ သူက လှစ်ကနဲ ပြုံးပြီး “အရှိအတိုင်း ရေးသားတင်ပြမယ် ဆိုရင် မေးလိုရာမေးမြန်းနိုင်ပါတယ်” လို့ ကျနော့်ကို ပြောပါတယ်။

    “အသင်ဟာ တော်တော့ကို ကျော်စောလှပေတယ်” လို့ ကျနော်က သူ့ကို ပြောလိုက်ပါတယ်။

    ၂၀၁၃ ခုနှစ်က တိုင်းမ်မဂ္ဂဇင်းမှာ သူ့မျက်နှာပုံနဲ့ “The Face of Buddhist Terror” လို့ ကင်ပွန်းတပ်ခဲ့တော့ သူ့နောက်တော်ပါးတွေက ဒေါသပေါက်ကွဲပြီး မဂ္ဂဇင်းကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတယ်။

    အဲ့ဒီအချက်ကို ပြန်လည်နှိုးဆွလိုက် သလိုဖြစ်သွားတော့ သူက သူ့ရဲ့ Samsung Galaxy SII ဖုန်းလေးကို ပွတ်ရင်း အသံသွင်း ခလုတ်ကိုနှိပ်လို့ ရယ်မောခဲ့တယ်။

    အခြားတစ်ဖက်မှာ သုံးချောင်းထောက်တိုင်ပေါ်က ကင်မရာမီးနီလေး လင်းလာတာ တွေ့ရတယ်။ အင်တာဗျူးကို မှတ်တမ်းတင် ရိုက်နေတာပါပဲ။

    ဓာတ်ပုံဆရာတစ်ယောက်က မလှမ်းမကမ်းမှာရပ်လို့ ကျနော်တို့ကို ဓာတ်ပုံတွေ ရိုက်နေလေရဲ့။ သူ့ရဲ့ ဒုတိယမြောက် မိုဘိုင်းလ်ဖုန်းက ငါးမိနစ်တစ်ကြိမ် အသံမြည်နေပေမယ့်လည်း သူက လျစ်လျူရှုထားတယ်။

    စကားပြန်ကနေတဆင့် သူက ဒီလို ဆိုပါတယ်။
    “ဒီကျော်စောမှုအပေါ် ဦးဇင်း ဂုဏ်ယူပါတယ်။ ပြဿနာက သူတို့ဟာ ဦးဇင်းကို နိုင်ငံတကာက အဆိုးမြင်အောင် အကြမ်းဖက်သမားလိုမျိုး လူမျိုးမုန်း ၀ါဒီလိုမျိုး ပုံဖော်လိုက်တာပါပဲ။ ဒါပေမယ့် ဦးဇင်းက လူမျိုးခြားကို မုန်းတီးတတ်တဲ့ လူဆိုးကြီး မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာကို ကာကွယ်ခြင်းက ဦးဇင်းရဲ့ ရည်ရွယ်ချက်ပါပဲ”။

    ဦးဝီရသူဟာ မြန်မာနိုင်ငံအနောက်စွန်းက ဘင်္ဂလားဒေ့ရှ်နဲ့ထိစပ်နေတဲ့ ရခိုင်ပြည်နယ်ကနေ ပြန်ရောက်လာကာစ ဖြစ်ပါတယ်။ ဖွံ့ဖြိုးမှု နိမ့်ကျလွန်းလှတဲ့ အဲ့ဒီဒေသမှာ မွတ်စလင်-ဗုဒ္ဓဘာသာဝင် ပဋိပက္ခ ဖြစ်ပွားခဲ့တယ်။ ၂၀၁၂ ခုနှစ်မှာ ဗုဒ္ဓဘာသာဝင် ရခိုင်တွေရဲ့တိုက်ခိုက်မှုကြောင့် ဒေသခံလူနည်းစုမွတ်စလင်တွေ စုပြုံသတ်ဖြတ်ခံရတယ်၊ သောင်းနဲ့ချီ ပြီး နေရပ်စွန့်အိုးအိမ်မဲ့ဘ၀ ရောက်ခဲ့ရတယ်။

    သူက နိုင်ငံအနှံ့ ခရီးဆန့်ပြီး ဗုဒ္ဓဘာသာဝင်တွေခံစားနေရတဲ့ အစ္စလာမ့်အန္တရာယ်အကြောင်း တပ်လှန့်တရားတွေ (သူ့ကိုယ်ပိုင်ကောက်ချက်တွေ)ကို ဟောပြောနေလေ့ရှိတယ်။

    ၂၀၁၂ နဲ့ ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်း နေရာများစွာမှာပွင့်ထွက်လာခဲ့တဲ့ မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုများအတွက် အောက်ခံ ပုံကြမ်းလောင်းသူဟာ သူပင်ဖြစ်တယ်လို့ ဝေဖန်သူများ၊ သုတေသီများက ဆိုပါတယ်။ သြဇာကြီးမား ထင်ရှားကျော်စောတဲ့ ဘုန်းတော်ကြီးအချို့ကလည်း သူ့ကို လက်မခံကြပါဘူး။

    မွတ်စလင်တွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အများစုဖြစ်သော်လည်း၊ ဗုဒ္ဓဘာသာဝင်လူများစုမြန်မာနိုင်ငံ အတိုင်းအတာအရ ၈ ရာခိုင်နှုန်းအထိသာရှိမယ်လို့ ခန်းမှန်းရပါတယ်။

    အဲ့ဒီဒေသမှာ မွတ်စလင် ဆန့်ကျင်ရေးအကြမ်းဖက်မှု ကြိုကြားကြိုကြား ရှိလာပေမယ့် သမိုင်းနဲ့ချီပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လာခဲ့ကြတာပါ။

    သို့ပေမယ့် ဗုဒ္ဓဘာသာဝင်တွေ သွေးအေးနေဦးမယ်ဆိုရင် အစ္စလာမ်ဘာသာက မြန်မာနိုင်ငံကို တစ်စစလွှမ်းမိုးသွားမယ်လို့ ဦးဝီရသူက အခိုင်အမာဆိုနေဆဲ ဖြစ်တယ်။ ဘာသာကွဲထိမ်းမြားမှုကို ပိတ်ပင်တဲ့ အငြင်းပွားဖွယ်ဥပဒေမူကြမ်းကိုလည်း သူက ကျားကန်ပေးထားပါတယ်။

    ဦးဝီရသူက လက်လွှတ်စပယ်မဟုတ်ဘဲ ကျွန်တော့်ကို တည့်တည့်ကြည့်လို့ ထိန်းထိန်းသိမ်းသိမ်းလေသံနဲ့ ပြောပါတယ်။ မီဒီယာဟာ မျက်စေ့တစ်ဖက်ကိုသာသုံးပြီး ကြည့်မြင်လေ့ရှိတယ်လို့ ဆိုတယ်။

    “ မြန်မာနိုင်ငံမှာ မွတ်စလင်တွေ ရာခိုင်နှုန်းနည်းနည်းလေးပဲလို့ ခင်ဗျားက ပြောတယ်။ မြန်မာနိုင်ငံထဲက ကြိုက်တဲ့ရဲဋ္ဌာနကို သွားကြည့်ပါ။ မုဒိမ်းသမား အများစုက မွတ်စလင်တွေချည့်ပဲ။ မွတ်စလင်နဲ့လက်ထပ်တဲ့ ဗုဒ္ဓဘာသာဝင်အမျိုးသမီးဟာ ဗုဒ္ဓပုံတော်ကို မဖွယ်မရာလုပ်ခိုင်းတာ ခံရတယ်။ ဦးဇင်းက ဒါကိုသိတော့ အမှန်အတိုင်း ပြောဆိုတယ်။ ဒါကို ဦးဇင်းက အကြမ်းဖက်မှုကိုဖန်တီးနေတယ်လို့ တချို့သူတွေက နားလည်မှုလွဲမှားကြတယ်။ တကယ်တမ်းကျတော့ ဦးဇင်းက မှန်ရာကိုပဲ ပြောဆိုနေတာပါ။ အဲ့ဒီဒုစရိုက်သားတွေကိုသာ ဦးဇင်းက ဒဏ်ခတ်ချင်တာပါ။ တခြားမွတ်စလင်တွေကို မဟုတ်ပါဘူး”။

    ဒီဗီဒီပြစက်ကိုထုတ်ပြီး ဓာတ်ပြားတစ်ချပ်ကိုထည့်လိုက်တယ်။ ၂၀၁၂ ခုနှစ်တုန်းက ရခိုင်ပြည်နယ် မောင်တောက ရိုဟင်ဂျာ မွတ်စလင်အုပ်စုတစ်စု ခဲတွေနဲ့ပစ်ပုံ၊ အိမ်တွေ မီးတင်ရှို့နေပုံကို ဖုန်းနဲ့ရိုက်ကူးထားတဲ့ မြင်ကွင်းပါ။

    “တခြားလူနည်းစုဝင်တွေဖြစ်တဲ့ ဟိန္ဒူနဲ့ခရိယာန်တွေက ပြဿနာမရှာကြဘူး။ မွတ်စလင်တွေကပဲ တခြားဘာသာတွေအပေါ် ဘယ်လိုစော်ကားရမလဲဆိုတာ စဉ်းစားနေကြတာလေ” လို့ သူက ဆိုပါတယ်။

    သူ မီးမွှေးပါတယ်ဆိုတဲ့ မွတ်စလင်ဆန့်ကျင်ရေးဆူပူမှုတွေကိုကြည့်ရင် ပုံစံတူဖြစ်စဉ်တွေကိုသာ အမြဲတမ်း တွေ့နေရပါတယ်။ သာမန်အငြင်းပွားမှုဖြစ်စေ၊ မုဒိန်းမှုဆိုတဲ့စွပ်စွဲချက်ဖြစ်စေ အဲ့ဒီကနေ စတင်လိုက်တယ်။ ပြီးတော့ မွတ်စလင်ဆန့်ကျင်ရေးဖက် ဦးတည်လိုက်ကြတယ်။ ဆိုးဆိုးဝါးဝါးဖြစ်ပျက်ပြီးတဲ့နောက်တော့ တလွဲတချော်ဆိုတာ ပေါ်လာတာချည်းပါပဲ။

    သတင်းတွေက လူမှုမီဒီယာတွေမှာ တောမီးလောင်သလို တမဟုတ်ချင်း ပျံ့နှံ့သွားတယ်။ အဲ့ဒီနောက် ကြိုတင်စုစည်းထားဖွယ်ရှိတဲ့ ဗုဒ္ဓဘာသာဝင်လူအုပ်ကြီးက မွတ်စလင်လူ့အဖွဲ့အစည်းအပေါ် မိုးကျရွှေကိုယ်လို ကျရောက်လာတယ်။ သူတို့ရပ်ဝန်းကို မီးလောင်တိုက်သွင်းတယ်။ မွတ်စလင်မိသားစုတွေကို ကလေးပင်မချန် ခုတ်ထစ်သတ်ဖြတ်ကြတယ်။

    ဒီအမှုမျိုးဟာ ပြည်ပ အစွန်းရောက်အစ္စလာမစ်အုပ်စုတွေရဲ့ဒေါသကို နှိုးဆွလိုက်တဲ့အပြင်၊ အရှိန်တက်လာတဲ့အကြမ်းဖက်မှုက သုတေသီတွေအကြား စိုးရိမ်စိတ်မြင့်မားသွားစေခဲ့ပါတယ်။

    လစ်ဘရယ်ဒီမိုကရေစီကို ဆန့်ကျင်တဲ့ အတိတ်ခေတ်အမာခံများက နောက်ကွယ်ကနေ ဦးဝီရသူကို ကျားကန်ပေးနေတယ်၊ အမျိုးသားရေးဝါဒကို လက်နက်အသွင် အသုံးချတယ်ဆိုတဲ့ ပြောဆိုချက်များလည်း ရှိနေကြပါတယ်။

    သူက မြန်မာနိုင်ငံရေးသမားတွေနဲ့ချိတ်ဆက်မှုရှိနေတယ်ဆိုတဲ့ ပြောဆိုချက်မှန်သမျှကို ပယ်ချတယ်။ တပြိုင်တည်းမှာပဲ နိုင်ငံတကာချိတ်ဆက်မှုကို တည်ထောင်လိုက်ပြန်တယ်။ ယမန်နှစ်နှောင်းပိုင်းက သူဟာ သီရိလင်္ကာနိုင်ငံက လက်ျာစွန်းရောက်အုပ်စု Bodu Bala Sena ကမကထပြုတဲ့ညီလာခံကို သွားရောက်ပြီး မိန့်ခွန်းပြောခဲ့ပါတယ်။

    ဇန္န၀ါရီလမှာ ရှေ့ဆောင်သံဃာတစ်ဦးပီပီ နောက်ထပ်ခြေလှမ်းတစ်ဆင့် တိုးလာခဲ့တယ်။

    မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီက ရခိုင်ပြည်နယ်ရှိ လူနည်းစုရိုဟင်ဂျာမွတ်စလင် အခွင့်အရေးနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလိုက်ပြီးနောက် သူမကို ဦးဝီရသူက“ပြည့်တန်ဆာမ” လို့ ပြောဆိုလိုက်ပါတယ်။ အဲ့ဒီစကားအပေါ် ကုလသမဂ္ဂရဲ့အရေးဆိုမှု ခပ်ကြမ်းကြမ်း ထွက်ပေါ်လာတော့တယ်။

    ဒေသခံဗုဒ္ဓဘာသာဝင်ရခိုင်တွေ၊ အစိုးရကိုယ်တိုင်အပါအ၀င် မြန်မာလူထုအများအပြားဟာ ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားမ၀င်ပြောင်းရွှေ့အခြေချလာသူ ဘင်္ဂါလီတွေအဖြစ် စွပ်စွဲထားပါတယ်။ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကိုပင်လျှင် ဗုဒ္ဓအမျိုးသားရေးဝါဒီတွေအဖို့ နားမထောင်ချင်စရာအဖြစ် နိုင်ငံရေးအရ အလံထောင်ထားကြတယ်။

    ဘယ်လိုပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာဝင်ရဟန်းသံဃာတစ်ပါးအတွက်ဖြစ်စေ ဘယ်လိုလူအတွက်ပင်ဖြစ်စေ မစ္စ ယန်ဟီးလီကို “ပြည့်တန်ဆာမ”လို့ ခေါ်ဝေါ်လိုက်ခြင်းက မယဉ်ကျေးနိုင်စရာ ဘယ်လိုမှမဖြစ်ဘူးလားလို့ ကျွန်တော်က မေးမြန်းတဲ့အခါ သူ(ဦးဝီရသူ)က ဒီလို ဖြေကြားခဲ့ပါတယ်။

    “သူမဟာ ဘင်္ဂလီတွေအတွက် အလုပ်လုပ်ပေးနေတဲ့ ကိုယ်စားလှယ်ပါ။ ၁၉၈၂ နိုင်ငံသားဥပဒေအပြောင်းအလဲ ဖြစ်အောင် သူမ ကြိုးစားနေတာ။ ဒါမှ ဘင်္ဂလီတွေအားလုံး နိုင်ငံသားဖြစ်သွားမယ်လေ။ သူမက ကုလသံတမန် တစ်ဦးဖြစ်တယ်။ မွတ်စလင်တွေအတွက် ဘင်္ဂလီတွေအတွက် လော်ဘီလုပ်ပေးနေစရာ မလိုအပ်ဘူး။ နောက်တစ်ကြိမ်ဆိုရင်ဖြင့် သူ့ကို ဖိနပ်နဲ့ ပစ်ပေါက်ရပါလိမ့်မယ်”။

    xxxxxxxxxxxxxxxx
    The Straits Times : Asia Report မှ ဘန်ကောက်အခြေစိုက် Indochina Bureau Chief ဖြစ်သူ Nirmal Ghosh ရေးသားသော Buddhism’s right-wing face in Myanmar ဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင်ပြန်ဆိုသည်။ Nirmal Ghosh အား [email protected] လိပ်စာဖြင့် ဆက်သွယ်နိုင်ပါသည်။

  • မင်းသားကြီး မောင်မောင်တာ (သို့) ကြွေလွင့်သွားတဲ့ ကြယ်တပွင့်

    မင်းသားကြီး မောင်မောင်တာ (သို့) ကြွေလွင့်သွားတဲ့ ကြယ်တပွင့်

    မတ် ၃၀ ၊ ၂၀၁၅
    M-Media
    169034_1547299923247_53959_n
    ရုပ်ရှင်မင်းသား မောင်မောင်တာအဖြစ် ထင်ရှားကျော်ကြားခဲ့သူ ဒေါက်တာ ဦးမောင်မောင်တာ တစ်ယောက် အသက်(၉၀)အရွယ် ၂၀၁၅-ခု မတ်လ ၂၆-ရက် ညပိုင်းက ရန်ကုန်မြို့ နေအိမ်မှာ လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိခဲ့ရသည်။

    မင်းသား မောင်မောင်တာလို့ လူသိများသည့် ဒေါက်တာမောင်မောင်တာသည် ရုပ်ရှင်မင်းသားဘ၀တွင်သာ ကျင်လည် ထွန်းပေါက်ခဲ့သည် မဟုတ်ပဲ စစ်သားဘ၀၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး သံတမန်ဘ၀၊ ဘာသာတွင်း စွန္နီ-ရှီအာ ငြိမ်းချမ်းရေး ဆောင်ရွက်သူဘ၀၊ ဘာသာရေးအဖွဲ့များတွင်လည်း သာသနာ့ဝန်ထမ်းဘ၀တွေကိုပါ ဆောင်ရွက်သွားခဲ့သည့် တာဝန်ကျေ လူသားတစ်ဦးဖြစ်ပေသည်။

    မွတ်စလင်အများစုအနေဖြင့် ဦးမောင်မောင်တာလို့ ကြားလိုက်ရသည်နှင့် သူ့အား ရှီအာမွတ်စလင်အဖွဲ့ချုပ်နှင့် တွဲဘက်မြင်ယောင် မိကြပေမည်။ ဟာဂျီ ဦးမောင်မောင်တာသည် မြန်မာနိုင်ငံ ရှီအာဟ်မွတ်စလင်အဖွဲ့ချုပ်၏ ဥက္ကဌအဖြစ် သေဆုံးသည်အထိ တာဝန်ယူသွားခဲ့သည်။

    မြန်မာနိုင်ငံဆိုင်ရာ ပါရှားနိုင်ငံ (အီရန်)ကောင်စစ်ဝန်၊ မြေပိုင်ရှင်၊ ကုန်သည်တော်ကြီး၊ မန္တလေးမြို့ အစိုးရ ကန်ထရိုက်တာနှင့် ဂုဏ်ထူးဆောင် သမာဓိမြို့ဝန်မင်း တစ်ဦးဖြစ်သည့် ဟာဂျီ ဂူလမ် ဟူစိန် ရှီရာဇီ ခေါ် မီးတိုင်အုပ် ဦးမောင်မောင်ကြီး နှင့် ဦးရာဇတ်၏ အမျိုးသားကျောင်းတွင် ပထမဦးဆုံးသောဆရာမ ဖြစ်သူ ဒေါ်သန်းတင် တို့က ၁၉၂၆-ခု ဇန်န၀ါရီလ ၉-ရက်၊ စနေနေ့၌ ဦးမောင်မောင်တာအား မန္တလေးမြို့တွင် မွေးဖွားခဲ့သည်။

    Father

    ဦးမောင်မောင်တာသည် မန္တလေးမြို့ စိန့်ဂျိုးဇက်ဖ် အမျိုးသမီး အထက်တန်းကျောင်းတွင် ၁၉၂၉-ခုနှစ် မှ ၁၉၃၂-ခုနှစ် အထိ ပညာသင်ကြားခဲ့ပြီး မန္တလေးမြို့ စိန့်ပီတာ အင်္ဂလိပ် အထက်တန်း ကျောင်းတွင် ပညာသင်ကြားနေစဉ်  ၁၉၄၁-ခုနှစ်တွင် ဒုတိယကမ္ဘာစစ်မီး မြန်မာပြည်သို့ ကူးစက်ရောက်ရှိလာသဖြင့် ၁၀-တန်း အထိသာ ပညာဆည်းပူးခဲ့ရသော်လည်း လန်ဒန်မြို့တော် မက်ထရိုပိုလီတန်တက္ကသိုလ်မှ Award Master Degree နှင့် ပါရဂူဘွဲ့ကို ရရှိခဲ့သူဖြစ်သည်။

    “တပ်မတော်သားဘ၀”
    ———————–
    11081463_661333593971629_519192251_n၁၉၄၂-ခုနှစ်တွင် ဦးမောင်မောင်တာသည် ဗမာ့လွတ်လပ်ရေးတပ်မတော် BIA သို့ ၀င်ရောက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တပ်မတော်အား ခုခံတိုက်ခိုက်သည်တွင် BIA  တပ်မတော်သားများလည်း ပါဝင်ခဲ့ရာ BIA တပ်သား ဦးမောင်မောင်တာသည် ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်၊ လမ်းခွရွာမှ မန္တလေးအထိ လွတ်လပ်ရေးအတွက် စစ်မှုထမ်းခဲ့သည်။

    မြန်မာနိုင်ငံလွတ်လပ်ရေး  ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရန်ကုန်မြို့ ဦးဝိဇာရလမ်းရှိ စစ်ဝန်ကြီး ရုံးတော်လက်နက်ဌာနတွင်လည်း Civilian   Attache အရပ်သား အဝယ်တော် အဖြစ် ၁၉၄၃-ခုနှစ်မှ ၁၉၄၅-ခုနှစ် မတ်လ (၂၇) တော်လှန်ရေးနေ့ အထိ အမှုထမ်းဆောင်ခဲ့သည်။

    မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် သူသည် သာမန် တပ်မတော် ရဲဘော်တစ်ဦးအနေဖြင့်  ၁၉၄၈-ခုနှစ် သြဂုတ်လမှစတင်ကာ ဗမာ့တပ်မတော်(ကြည်း)တွင် ဝင်ရောက် အမှုထမ်းဆောင်ခဲ့ပြန်သည်။

    အင်္ဂလန်နိုင်ငံ (ဆင်ဟာဆ်) စစ်တက္ကသိုလ် ဗိုလ်သင်တန်းသို့ တပ်ကြပ်ကြီး မောင်မောင်တာအား မြန်မာ့တပ်မတော် ဗိုလ်လောင်း ရွေးချယ်ရေးအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ် Douglas  Blake ၏ စစ်တက္ကသိုလ် သင်တန်းသို့ သွားရောက် ပညာသင်ရန် ရွေးချယ်ခြင်းခံရချိန်တွင် အခြားသော နိုင်ငံရေး ကိစ္စရပ်များကြောင့် မသွားခဲ့ပေ။

    ၁၉၄၉-ခုနှစ်တွင် KNDO နှင့် ဖြစ်ပွားခဲ့သည့် အင်းစိန်တိုက်ပွဲ စစ်မြေပြင်တွင် တိုက်ပွဲဝင်နေစဉ်မှာပင် ဗမာ့တပ်မတော် ပြန်တမ်းဝင် အရာရှိ ဒု-ဗိုလ် ဖြစ်ခဲ့သည်။
    ၎င်းအင်းစိန် တိုက်ပွဲတွင် ဗိုလ်မောင်မောင်တာ သည် အင်းစိန် တိုက်ပွဲကို ဦးဆောင်နေသူ ဗိုလ်ချုပ် ကျော်ဇော၏ ကိုယ်ရေးအရာရှိ အဖြစ်လည်းကောင်း၊ နေ့ခင်း၌ဗိုလ်မှူးဗကို (G-2-Int)၊ ဗိုလ်ကြီးစိုးမင်း- ဗိုလ်ကြီးရှပ် (G-3-Int) တပ်မတော်ထောက်လှမ်းရေး တာဝန်များမှ အစ ညပိုင်းတွင် ရန်သူ၏ နယ်များအတွင်း ဝင်ရောက် တိုက်ခိုက်သည့် အချိန် အထိတာဝန်ယူထမ်းဆောင် ခဲ့သူဖြစ်သည်။

    KNDO နှင့်ဖြစ်ပွားခဲ့သည့် အင်းစိန် တိုက်ပွဲ အောင်မြင်ခဲ့ပြီးနောက် ရန်ကုန်ပြင်ပ ကာကွယ်ရေး တိုက်ပွဲများတွင် ဗိုလ်မှူးကြီး ကြည်မောင် (ရန်ကုန်ပြင်ပကာကွယ်ရေးမှူး RODA) လက်အောက်၌ အမှုထမ်းခဲ့ပြီး မြစ်ဝကျွန်းပေါ် တိုက်ပွဲများအပြီးတွင် မြန်မာနိုင်ငံတောင်ပိုင်း စစ်ဌာနချုပ် ဗိုလ်မှူးချုပ် ကျော်ဇော၏ တာဝန်ပေးချက်အရ ဗမာ့ တပ်မတော်(ကြည်း)၏ ပထမဦးဆုံး စစ်အုပ်ချုပ်ရေးမှူးအဖြစ် အိုင်ကလောင်ကျွန်း၊ ဘောလယ်ကျွန်းဒေသများတွင် တာဝန်ထမ်းခဲ့သည်။

    အသက် (၂၄)နှစ်အရွယ် ၁၉၅၀-ခုနှစ်တွင် တပ်မတော် ဗိုလ်ကြီးအဆင့် တာဝန်များထမ်းဆောင်ခဲ့သည်။  အင်္ဂလန်နိုင်ငံမှ ဗိုလ်ချုပ်တန်ပယ်လ် မြန်မာနိုင်ငံမင်္ဂလာဒုံမြို့နယ်တွင် လာရောက်ဖွင့်လှစ်ခဲ့သော Burma Army Staff  College စစ်တက္ကသိုလ် စာမေးပွဲများ၌ ဗိုလ်ကြီး မောင်မောင်တာသည် နှစ်ကြိမ်တိတိ ပထမအဆင့်ဂုဏ်ထူး ရရှိခဲ့ခြင်းကြောင့် လျင်မြန်စွာ ရာထူးတိုးလာခဲ့ခြင်းဖြစ်သည်။

    ဦးမောင်မောင်တာသည် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်အဖြစ် အဖွဲ့ဝင်အမှတ် (၂၁၄၂၀) အရ ဗိုလ်တထောင် မြို့နယ် တွင်လည်းကောင်း၊ ပန်းပဲတန်းမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် အဖြစ်လည်းကောင်း ပါဝင်ပြီး စစ်မှုထမ်းဟောင်း တာဝန်များကို သေဆုံးသည့်တိုင် ထမ်းဆောင်သွားခဲ့သည်။ ဦးမောင်မောင်တာသည် နိုင်ငံတော် မော်ကွန်းဝင်အဆင့်တွင် ရှိသော်လည်း နိုင်ငံတော်ကို လျှောက်ထားခြင်းမပြုခဲ့ပေ။

    “ရုပ်ရှင်မင်းသားဘ၀”
    ———————
    ttတောင်ငူမြို့၌ စခန်းချနေသော အမှတ် (၂) တပ်မဟာ အောက်၌ အမှုထမ်းနေစဉ် ၁၉၅၄-ခုနှစ်တွင် လုပ်သက်ခွင့် (၃)လ ရရှိခဲ့ချိန် ညတစ်ညတွင် ရန်ကုန်မြို့ တိုန့်(က) လမ်းရှိ ‘၉၉’ကလပ်တွင်  ဗိုလ်ကြီး မောင်မောင်တာနှင့် နောင်တစ်ချိန်တွင် တော်လှန်ရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီးနေ၀င်း၏ ဇနီးဖြစ်လာမည့် ရတနာနတ်မယ် (ခ) ဂျွန်ရိုဇ်ဘလမီ တို့ အနောက်တိုင်း ‘တန်ကို’အကကို ကနေစဉ် အမေရိကန်နိုင်ငံ ဟောလိဝုဒ် ရုပ်ရှင်မြို့တော်မှ စာရေးဆရာအသင်း ဥက္ကဌ ပေါလ်ဂန်ဂလင်၊ ရုပ်ရှင်ထုတ်လုပ်သူ အိုဝိလ်ဖော့စ်၊ ရုပ်ရှင်ဒါရိုက်တာ ဂျော့ဆိုက်ဇ်တို့အဖွဲ့မှ  ဗိုလ်ကြီး မောင်မောင်တာအား မင်းသားအဖြစ် ရွေးချယ်ရန် မျက်စိကျခဲ့သည်။

    ကွန်မြူနစ်ဆန့်ကျင်ရေးဖြစ်သည့် ‘လူထုအောင်သံ’ ဇာတ်ကားအား ဝဇီရာရုံ၌ အထူးပွဲ ပြသရာတွင် နိုင်ငံတော် သမ္မတကြီး မန်းဝင်းမောင်၊ နိုင်ငံတော် ဝန်ကြီးချုပ်ဦးနု၊  နိုင်ငံခြားရေး ဝန်ကြီးစောခွန်ချိုနှင့် အခြားဝန်ကြီး ဧည့်သည်တော်များအပြင် နောင်တစ်ချိန်တွင် ကုလသမဂ္ဂ၌ အတွင်းဝန်ချုပ် ဖြစ်လာသူ ဦးသန့်နှင့်နိုင်ငံတော် ရှေ့နေချုပ် ဦးချန်ထွန်းတို့ချီးမြှင့်တက်ရောက် ခဲ့ကြရာတွင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက ဗိုလ်ကြီး မောင်မောင်တာအား တပ်မတော်မှ နှုတ်ထွက်ပြီး အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ ဒုတိယအတွင်းဝန် အဖြစ်ခန့်အပ်ရန် ဝန်ကြီးချုပ်မှ သဘောတူခဲ့သည်။ ဗိုလ်ကြီးဟောင်း မောင်မောင်တာသည် ရုပ်ရှင်မင်းသား အဖြစ်နှင့် ဇာတ်ကားကို မင်းသမီး မေသစ်၊ မေရီမြင့်တို့နှင့် ‘ဒေါက်တာ အောင်ကျော်ဦး’ ဇာတ်ကားရိုက်ခဲ့ရာ အမေရိကန်နိုင်ငံတွင် ထမ်းဆောင်ရမည့် သံတမန်ရာထူးကို လက်ခံရန် ဗိုလ်ကြီးမောင်မောင်တာ မသွားနိုင်ခဲ့ပေ။
    အမေရိကန် ဟောလီဝုဒ်နှင့် တွဲဖက် ရုပ်ရှင်ရိုက်ကူးသော လူထုအော်သံ ဇာတ်ကားတွင် သရုပ်ဆောင်ခွင့်ရရှိခဲ့သော မောင်မောင်တာ မှာ  မြန်မာနိုင်ငံမှ တစ်ဦးတည်းသော မင်းသားဖြစ်ပါတယ်။

    11113126_814770768578810_7749413151477402106_n
    တပ်မတော်မှနုတ်ထွက်ခွင့်စာကို (၂၄.၅.၅၂) တွင် ရခဲ့ရှိနောက်  တပ်မတော် ဗိုလ်ကြီးအဆင့်မှ မင်းသားဘဝသို့ ကူးပြောင်းခဲ့သည်။

    မောင်မောင်တာ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ “ဤလူ့ဘောင်တွင်”  ရုပ်ရှင်ကားမှာ  အိန္ဒိယနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင် ပထမဆုံး မြင်ကွင်းကျယ်ဇာတ်ကား အဖြစ်မှတ်တမ်းဝင်ခဲ့ပါသည်။

    180223_1547297603189_7185289_n

    မင်းသားမောင်မောင်တာသည့် မြန်မာ့ရုပ်ရှင် လောကတွင် ၁၉၅၄-ခုနှစ်မှစတင်ကာ ၁၉၈၀-ပြည့်နှစ်ကာလအထိ ဇာတ်ကားပေါင်း ၄၀-ကျော် ရိုက်ကူးခဲ့ပြီး ‘ဒေါက်တာ အောင်ကျော်ဦး’ ဇာတ်ကားမှာ ဇာတ်ကားဆု၊ ဒါရိုက်တာဆု အကယ်ဒမီများ ရရှိခဲ့သည်။

    မင်းသားမောင်မောင်တာ ကိုယ်ပိုင်ဒါရိုက်တာ၊ မင်းသားအဖြစ် ရိုက်ကူးခဲ့သော ဇာတ်ကားများအနက် ‘မျှော်တလင့်လင့်’ ဇာတ်ကားမှာ ၁၉၆၂-ခုတွင် ၀င်ငွေအကောင်းဆုံး ဇာတ်ကားဖြစ်ခဲ့သည်။
    ဦးမောင်မောင်တာ ပါဝင်ခဲ့သော ဇာတ်ကား(၄၀)ကျော်တွင် အကယ်ဒမီ ကြည်ကြည်ဌေး၊ အကယ်ဒမီ မြင့်မြင့်ခင်၊ မေသစ်၊ မေရီမြင့်၊ တင်တင်မူ၊ အကယ်ဒမီ စံရှားတင်၊ ကသာမယ်မခင်မှီ၊ ပဲခူးမယ်မြင့်၊ အေဝမ်းမေလွင်၊ အကယ်ဒမီ ခင်ယုမေ၊ အကယ်ဒမီခင်သန်းနု၊ မေရီမြ၊ မသက်ပန်၊ အကယ်ဒမီ ဝါဝါဝင်းရွှေ၊ အကယ်ဒမီထွန်းဝေ၊ အကယ်ဒမီ ကော်လိပ်ဂျင် နေဝင်း၊ ဗိုလ်ဗကို၊ မောင်သင် ၊တင်ဖေ၊ကျော်ဖေ၊ အကယ်ဒမီ ကျော်ဟိန်း၊ဇော်ဝမ်း စသည့် မင်းသမီး မင်းသားများနှင့် အတူ တွဲဖက် သရုပ်ဆောင်ခဲ့သည်။

    မင်းသား မောင်မောင်တာ၏ အကြိုက်ဆုံး ဇာတ်ကားများမှာ  လူထုအောင်သံ၊ မျှော်တလင့်လင့်၊ ဒေါက်တာ အောင်ကျော်ဦး၊  ဤလူ့ဘောင်တွင်၊ သစ္စာမဏ္ဍိုင်နှင့် ဆုဇာတ်ကား များဖြစ်သည်။

    အာရှရုပ်ရှင်ပွဲတော်-မနီလာမြို့-
    ——————————
    င်္၁၉၅၇-ခုနှစ် တွင် ဖိလစ်ပိုင်ကျွန်း မနီလာမြို့တော်၌ ကျင်းပသည့် (၅)ကြိမ်မြောက် အာရှ ရုပ်ရှင်ပွဲတော်ကြီးသို့ မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် မင်းသားမောင်မောင်တာ တက်ရောက်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံ ရုပ်ရှင် မင်းသမီးချော လီတာဂူချာရပ်စ်နှင့် တွဲဖက်ကာ ‘တန်ဂို’ (Tango) အကဖြင့် မြန်မာ့အလံကို ဖိလစ်ပိုင်နိုင်ငံ ရုပ်မြင်သံကြား မှကမ္ဘာသို့လွှင့်ထူနိုင်ခဲ့သူဖြစ်သည်။
    11076290_660412574063731_7264776506282244900_n
    မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ နှစ်စဉ် ကျင်းပလျက်ရှိသည့် ရုပ်ရှင်သက်ကြီးပူဇော်ပွဲများသို့လည်း နှစ်စဉ် မပျက်မကွက် တက်ရောက် ပူဇော်ခံနေသူ တစ်ယောက်ဖြစ်ခဲ့သည်။
    179421_1547304323357_5286601_n
    ငယ်စဉ်ကတည်းက ၀ါသနာပါသည့် အနောက်တိုင်းအက (Ballroom  Dancing)ကို အသက်(၁၂)နှစ် အရွယ်က စတင်ပြီး အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ကမ္ဘာ့အနောက်တိုင်းအက ချန်ပီယံ HVictor Silvestor ထံမှ သင်ယူခဲ့သည်။ မောင်မောင်တာသည် မြန်မာနိုင်ငံတွင် (၉)ကြိမ်တိုင်တိုင်Vienese Waltz ဝီယာနိဇ်ဝါလ်(စ်) ချန်ပီယံဘွဲ့ ဆွတ်ခူးခဲ့သူဖြစ်ပြီး အကူအညီလိုသော လူမှုရေး အဖွဲ့အစည်းများကို သူတတ်မြောက်သည့် အကပညာဖြင့် ကူညီခဲ့သည်။

    အသက်ကြီးပိုင်းရောက်သော်လည်း သူ ၀ါသနာပါရာ အကပညာရပ်အား အမေရိကန် နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်ရှိ Arthur Murray’s School of Dancing ၌ အမေရိကန်နည်းဖြင့်  ထပ်မံသင်ယူလေ့ကျင့်ခဲ့ရာမှ အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ် အင်နာဟိုင်းတက္ကသိုလ်တွင် University of Anaheim Ca,USA အနောက်တိုင်း အကပညာကို ၁၉၉၅-ခုနှစ်တွင် စလယ်ဆုံး ထပ်မံဆည်းပူး သင်ယူခဲ့သူဖြစ်သည်။

    167645_1547312203554_3688038_n
    ဦးမောင်မောင်တာသည် အမေရိကန်နိုင်ငံတွင် အမြဲနေထိုင်ခွင့် Green Card  ရရှိထားသော်လည်း အသက်(၆၅) နှစ် ကျော်ဖြစ်သဖြင့် အမေရိကန် အစိုးရက တစ်လလျှင် ဒေါ်လာ(၉၀ဝ)ကျော် (မြန်မာကျပ်တစ်လကိုးသိန်း) လူမှုဖူလုံရေး ခံစားခွင့်ပေးထားသည်ကိုစွန့်၍ အမိနိုင်ငံမြန်မာပြည်တွင် ပြန်လည် လာရောက်နေထိုင်သူလည်း ဖြစ်သည်။

    မြန်မာနိုင်ငံတွင် ၁၉၅၇-ခုနှစ်၌ ပထမဆုံး အကြိမ်ဖွင့်လှစ်ခဲ့သော စာပေဗိမာန် သတင်းစာသင်တန်း နိုင်ငံခြားသတင်းအဖွဲ့ နာယက ဦးစိန်ဝင်းတို့နှင့်အတူ တက်ရောက် ပညာဆည်းပူးခဲ့ပြီး ထိုသင်တန်း၏ နာယက နိုင်ငံတော် ဝန်ကြီးချုပ် ဦးနုမှ ပေးအပ်သော အောင်လက်မှတ်ကို ရရှိခဲ့သူလည်း ဖြစ်သည်။
    အစ္စလာမ်မစ်အီရန် နိုင်ငံ သတင်း ဖြန့်ချီရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် (IRNA  Resident  Representative) အဖြစ် ၁၉၉၁-ခုနှစ်တွင် ခန့်အပ်ခြင်းခံခဲ့ရသည်။

    ‘ဒီငြိမ်းပါလီမန်အမတ်အရွေးခံခြင်း’
    ————————————–

    423483_3589531217753_1790460045_n
    ၁၉၈၈-ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်းနှင့် (မဆလ)အစိုးရကို မကျေနပ်သဖြင့် မြန်မာနိုင်ငံတဝှမ်း ဆန္ဒပြတောင်းဆိုမှုများ ရန်ကုန်မြို့ နှင့်အခြားမြို့များတွင်ပေါ်ပေါက်ခဲ့ပြီး ဦးမောင်မောင်တာသည် နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးနုဦးဆောင်သော ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အဖွဲ့တွင် (၅-၉-၈၈)နေ့တွင် ဝင်ခဲ့သည်။ ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် ချက်ချင်း ခန့်အပ်ခြင်းခံခဲ့ရပြီး အဖွဲ့၏ ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဌာန တာဝန်ခံ ဖြစ်လာသည်။ ဝန်ကြီးချုပ် ဟောင်းဦးနု၏ စင်ပြိုင်အစိုးရ ကာကွယ်ရေး ဝန်ကြီးဗိုလ်မှူးအောင် (ရဲဘော်သုံးကျိပ်)၏ စစ်သေနာပတိချုပ် အဖြစ် ဗိုလ်မှူးကြီးရာထူးဖြင့် ဗိုလ်ကြီးမောင်မောင်တာအား ခန့်အပ်ခဲ့သည် မကြာမီသူသည် ဝန်ကြီးချုပ်ဟောင်း ဒီငြိမ်း နာယကကြီး ဦးနု၏ ပြောရေးဆိုခွင့်ရှိသူဖြစ် လာရာ နိုင်ငံခြားအသံလွှင့် ဌာနများဖြစ်သည့် VOA-BBC နှင့် All India Radio-AIR တွင် ဦးနုကိုယ်စား ပြောရေးဆိုခွင့် ရှိသူအနေဖြင့် သူ၏အသံကို ကြားကြရသည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး အစိုးရမှ(၂၇-၅-၉၀)နေ့တွင်ကျင်းပပေးခဲ့သောပါလီမန်အမတ် ရွေးကောက် ပွဲသို့ မန္တလေးအရှေ့တောင်မြို့နယ်တွင် ဦးမောင်မောင်တာ ပါဝင်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်မရခဲ့ပေ။

    ‘သာ့သနာဝန်ထမ်းဘ၀’
    ———————–
    ၁၉၇၃-ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်နေ့တွင် ကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ရှီအာဟ်အဖွဲ့ ပြည်လုံးကျွတ် ညီလာခံတွင် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။ ထိုညီလာခံ မှစပြီး (၅)နှစ် တစ်ကြိမ် ကျင်းပခဲ့သည့် ညီလာခံများ၌ လည်းကောင်း၊ ၁၉၉၉-ခုနှစ် ဇန်နဝါရီလ (၅)ရက်နေ့တွင် ရန်ကုန်မြို့ မဂိုခမ်းမ၌ ကျင်းပခဲ့သော ရှီအာဟ်မွတ်စလင် ပြည်လုံးကျွတ် ညီလာခံတွင်လည်း ဥက္ကဋ္ဌအဖြစ် ထပ်မံရွေးချယ် ခံရပြီး ဥက္ကဋ္ဌ အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခဲ့သည်။
    392365_3589443215553_1810200898_n
    အစ္စလာမ်ဘာသာတွင် ငွေကြေးတတ်နိုင်သူများ မပြုမနေရ တာဝန်ဖြစ်သည့် ဟာဂ်ျ မဏ္ဍိုင်ကို ၁၉၈၃-ခုနှစ်တွင် ကျေပွန်ခဲ့သည်။

    ဟာဂျီ ဦးမောင်မောင်တာအား ရန်ကုန်မြို့နေ ရှီအာမုစ္စလင်တို့မှရွေးချယ်ပြီးသည့်နောက်  ၁၉၇၅-ခုနှစ်မှစတင်ကာ ရန်ကုန်မြို့ တိုင်းတရားရုံး၏ အထွေထွေအမှုတွဲ(၃၇) တရားသူကြီး ဥက္ကဌဦးပေါက်ဖော်နှင့် အဖွဲ့ဝင်များအမိန့် အရ မဂိုရှီအာ ဂျာမေမဇ်ဂျစ်ဒ်ဂေါပက အဖွဲ့ဝင် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြန်သည်။
    98115d78a317a3631044dbd6b40a143c8c454acfc1e3136c77b639031ad68cea
    အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်၏ ၁၉၇၇-ခုနှစ် ၉-ကြိမ်မြောက် မြစ်ကြီးနား ညီလာခံမှ စပြီး ၁၉၉၅-ခုနှစ် သံလျင်ညီလာခံအထိ ဒုတိယဥက္ကဋ္ဌ၊ ဘဏ္ဍာရေးမှူး အဖြစ် အဆင့်ဆင့် အစ္စလာမ့်တာဝန်များကို ထမ်းဆောင်ခဲ့ပြီး အစ္စလာမ့်တက္ကသိုလ် တည်ဆောက်ရေးလုပ်ငန်းတွင် ဘဏ္ဍာရှာဖွေရေး ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။

    မဂိုရှီအာဟ် ဂျာမေမဇ်ဂျစ်ဒ်ဂေါပကအဖွဲ့ဝင်နှင့် ရန်ကုန်မြို့တော် မြို့တော်ဝန် ဝတ်လုံတော်ရ မစ္စတာအမ်-အမ်ရဖီမှ ၁၉၃၇ခုနှစ်တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သော ရန်ကုန်မြို့ ဘားလမ်းရှိ မွတ်စလင် အခမဲ့ဆေးရုံကြီးအား ၁၉၇၄-ခုနှစ် မဆလခေတ်တွင် ပျက်စီးကျဆင်းနေစဉ် ယင်းဆေးရုံကို ပြန်လည်ထူထောင်မတည်ရန် နိုင်ငံတော်ဝန်ကြီးဟောင်း ဦးရာရှစ်၊ ဆေးရုံ ရာသက်ပန်ဂုဏ်ထူးဆောင် အတွင်းရေးမှူး မစ္စတာဝါးနီးယားနှင့်ဆေးရုံကော်မတီအဖွဲ့ဝင်များ ၏မေတ္တာရပ်ခံချက်အရ ဆေးရုံ၏သမိုင်း တပတ်ပြန်လည်ပတ်လာကာ ဦးမောင်မောင်တာအား ဆေးရုံအုပ်နှင့် စီမံခန့်ခွဲသူအဖြစ် ၁၉၇၄-မှ ၁၉၇၆-ခုနှစ်ထိ (၃)နှစ်တိုင် တာဝန်ထမ်းဆောင်ခဲ့ပြန်သည်။
    11103977_661368193968169_479208819_n
    မြန်မာမွတ်စလင်လောကတွင် မွတ်စလင် ယဉ်ကျေးမှု သရုပ်ဖော်ဇာတ်လမ်း ကက်ဆက်ခွေဖြစ်သည့် ပန်းကြာဝတ်မှုန် နေအရုဏ် ဇာတ်လမ်းတွင်လည်း အသံဖြင့် ပါဝင်သရုပ်ဆောင်ခဲ့သည်။

    ‘ငြိမ်းချမ်းရေးသံအမတ်’
    ———————–

    a9dcd048efa7f794db5b4b0dbd25105cc6520223d72090db4266f7302422d19e
    အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကမ္ဘာ့ငြိမ်းချမ်း ရေးအဖွဲ့ဌာနချုပ် IIFWP International (USA)က ဘာသာပေါင်းစုံ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေး အဖွဲ့ကြီးသည် ကမ္ဘာ့ငြိမ်းချမ်းရေးရရှိ တည်မြဲရေး အတွက် ကိုယ်ကျိုးစွန့်၍ အများအကျိုးအတွက် ဆောင်ရွက်သူတို့အား ‘ငြိမ်းချမ်းရေးသံအမတ်’ဟူ၍ သတ်မှတ်ဂုဏ်ပြုလျက်ရှိရာ ဘာသာပေါင်းစုံနှင့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးအဖွဲ့၏ ရည်ရွယ်ချက်များ ဖြစ်မြောက် ပေါ်ထွန်းရေးအတွက် အားပေးဆောင်ရွက်သူများ၊ အပြည်ပြည်ဆိုင်ရာနှင့် ချစ်ကြည်သင့်မြတ်ငြိမ်းချမ်းရေး လိုလားကျင့်သုံးသူများ၊ ကုလသမဂ္ဂအဖွဲ့ကြီးတွင် ကောင်းမွန်သောမူဝါဒ လုပ်ငန်းများ တိုးတက်ရန် နှင့်ငြိမ်းချမ်း သောယဉ်ကျေးမှု  တည်မြဲရေး ဘာသာပေါင်းစုံ အပြည်ပြည်ဆိုင်ရာဘာသာရေး နယ်စပ်များဖယ်ရှားလျက်  ထိုငြိမ်းချမ်းရေးသံအမတ်များ သည်နှစ်ရှည်လများမှ ရည်ရွယ်ချက်ကြီးဖြစ်သည့် စည်းလုံး ညီညွတ်ကာ ရုပ်နှင့်နာမ်ပြည့်ဝသော လူ့ဘဝတည်ရှိလာ  ရေးအတွက် ဘာသာပေါင်းစုံအပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးအဖွဲ့ကြီးမှ ကမ္ဘာ့ ငြိမ်းချမ်းရေးသံအမတ် (Ambassador for Peace)အဖြစ် ဦးမောင်မောင်တာအား (၁၄-၇-၂၀ဝ၃) ရက်နေ့တွင် ခန့်အပ်ခြင်းခံခဲ့ရသည်။
    ဦးမောင်မောင်တာသည် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံများသို့လည်း တက်ရောက်ခဲ့သူလည်းဖြစ်ပေသည်။

    ယခုကဲ့သို့ စစ်သားဘ၀၊ မင်းသားဘ၀၊ ငြိမ်းချမ်းရေး သံတမန်ဘ၀၊ လူမှုရေး ဘာသာရေးအကျိုးပြုပြီး လူသားတစ်ယောက်တာဝန်ကျေပွန်ခဲ့သည့် ဒေါက်တာမောင်မောင်တာကို မတ်လ ၂၇-ရက်နေ့ (ဂျွမ္မာအ် ဆွလားသ်) အပြီး  နေ့လည် (၃း၀၀)နာရီတွင် ရေဝေး ရှီအာဟ်မွတ်စလင် သုသာန်တွင် မြှုပ်နှံသဂြိုဟ် (ဒါဖနာပြု) ခဲ့လေသည်။

    မင်းသားကြီး မောင်မောင်တာ၏ ဘဝမှတ်တမ်းအင်တာဗျုး (ဒါရိုက်တာ ကြည်စိုးထွန်းတွေ့ဆုံဆွေးနွေးသည်။) ရုပ်သံ
     https://www.youtube.com/watch?v=stU6zCNw4lE

    မင်းသားကြီး မောင်မောင်တာပါဝင် သရုပ်ဆောင်ခဲ့သည်။ – “ဤလူ့ဘောင်တွင်” ရုပ်ရှင်ဇာတ်ကား
     https://www.youtube.com/watch?v=lh87g4C5CR0

    ** ဓါတ်ပုံ အချို့ကိုဒေါက်တာ မောင်မောင်တာ၏ မိသားစုဝင်များ ထံမှ ရရှိခြင်းဖြစ်ပါသည်။

  • စကားဝိုင်းမှ သူ့အမြင်များ

    စကားဝိုင်းမှ သူ့အမြင်များ

    မတ်လ ၃၀ ၊ ၂၀၁၅
    ဆွေမွန်ရေးသည်။

    .11112744_1606183022927133_6806012941911440757_n
    ဒီမနက်က အိပ်ယာထပြီး မုန့်လေး ဘာလေး ထွက်ဝယ်ရင်း အပြင်ခဏထွက်ဖြစ်တော့ မတွေ့တာကြာပြီဖြစ်တဲ့ ရဲမှူးကြီးတစ်ဦးနဲ့ လမ်းပေါ်မှာ ပြန်ဆုံဖြစ်ခဲ့တယ်။ သူက ၆၅ ကျော် ၇၀ နား။ ပင်စင်စားပေမယ့် စမတ်ကျကျနဲ့ လန်းဆန်းနေဆဲပါပဲ။ တစ်လမ်းတည်းနေကြသူတွေပီပီ အပြန်အလှန်လေးစားမှုလည်း ရှိကြသလို စကားလည်း မကြာခဏဆိုသလိုတော့ ပြောဖြစ်ကြတယ်။ သူလည်း မနက်ပိုင်း အပြင်ထွက်လမ်းလျှောက်ရာက ကျွန်တော်နဲ့တွေ့တော့ “လာဗျာ၊ ကြုံတုန်း စကားလေး ဘာလေးပြောရအောင်” ဆွဲခေါ်၊ လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်သွားရင်း နောက်ထပ်အသိမိတ်ဆွေတစ်ဦး နှစ်ဦးပါ ၀င်ပါလာတဲ့ စကားဝိုင်းလေးဖြစ်သွားပါတယ်။
    .
    ၂၀၁၅ နဲ့ သူ့အမြင်ကို ခေါက်ကြည့်ပါတယ်။ ပွင့်လင်းပါတယ်။ ရွေးကောက်ပွဲ မရှိနိုင်တော့ဘူးလားလို့ ငါတော့ ထင်မိတယ်ကွ လို့ တစ်ခွန်းတည်း တိုတိုပြတ်ပြတ် ဖြေပါတယ်။ ဒါနဲ့ မြင်သမျှလေး ပြောပြပါဦး။ အန်ကယ့်အမြင်လေးသိပါရစေ၊ စကားထောက်မိတော့ ဒေါ်စုဟာ လွှတ်တော်မှာ လုပ်ပိုင်ခွင့်မယ်မယ်ရရမရှိဘဲ ထိုင်နေရတဲ့အတွက် လုပ်ချင်တာတွေ ရှိနေခဲ့ရင်တောင် ဘာမှ လုပ်မရတော့တာရယ်၊ သူသာ လွှတ်တော်မှာ ထိုင်မနေရင်လည်း ဒီထက် အခြေအနေဆိုးသွားနိုင်တယ်။ Democratic Reform လမ်းကြောင်းဟာ သူ လွှတ်တော်မှာ ထိုင်နေတဲ့အတွက် အသက်ဝင်နေသေးတာဖြစ်တယ် လို့ ထောက်ပြပါတယ်။

    စကားပြင်ပြီး နောက်တစ်မျိုးပြောရရင် ၂၀၁၅ ရွေးကောက်ပွဲဟာလည်း ဒေါ်စုလွှတ်တော်မှာ ထိုင်နေသေးတဲ့အတွက် ရှိကောင်း ရှိနိုင်မယ်။ ဒေါ်စုသာ လွှတ်တော်မှာ မရှိတော့ရင် ဒီလူတွေ ပြန်ပြီး ဘောင်းဘီကောက်ဝတ်လိုက်တာ ကြာလှပြီလို့ သူ့အမြင်ကို ထုတ်ပြောပါတယ်။
    .
    ကြားထဲမှာ ရွေးကောက်ပွဲပျက်အောင် မွှေနေတဲ့အဖွဲ့အစည်းတွေဟာလည်း တကယ်ရှိနေတယ်။ ဘာကိုမှ အလျှော့အတင်း မလုပ်ချင်တဲ့ အုပ်စု၊ သဘောထားတင်းမာတဲ့အုပ်စု၊ ဒီအုပ်စုက အဓိကပဲ။ ဒီအုပ်စုဟာ ဘယ်သူတွေလဲ၊ မသဲကွဲဘူးလို့ ပြောနေကြပေမယ့် မြင်တတ်ဖို့ပဲ လိုပါတယ်လေ၊ တစ်ရက်က မန္တလေးအဓိကရုဏ်းအစီရင်ခံစာမှာပါသလို ၃ မျိုးရှိတယ်လို့ ပြောကြတယ်။ ပထမအုပ်စုက သမ္မတ ဦးသိန်းစိန်ကို မလိုလားသူတွေက သမ္မတ ရာထူး နောက်ထပ် သက်တမ်း အတွက် ယှဉ်ပြိုင်လိုစိတ်နဲ့ လုပ်ကြတာ၊ ဒုတိယ အချက်က NLD ကို ပစ်မှတ်ထားပြီးတော့ ဘာသာရေး အရ ခုတုံးယူ နိုင်ငံရေးအရ အသာစီး ရဖို့ လုပ်တာ၊ တတိယက စစ်အုပ်ချုပ်ရေးအောက်မှာ ရွေးကောက်ပွဲ ကျင်းပချင်တဲ့ ဆန္ဒရှိသူတွေက တိုင်းပြည် မငြိမ်သက်အောင် လုပ်ပြီး ရွေးကောက်ပွဲ ရွှေ့ဆိုင်းအောင် လုပ်နေကြတာလို့ ပြောကြပြန်တယ်။ ၃ မျိုးရှိသလို ၃ မျိုးပေါင်း တစ်မျိုးတည်းလို့လည်း သတ်မှတ်နိုင်တဲ့အချိန်တွေလည်း ရှိခဲ့ပြန်တယ်။ လုပ်သမျှ ပြသနာတွေဟာ ဒီအုပ်စု၊ ဒီလူတွေကြောင့်၊ တတိယအုပ်စုပေါ့ကွာ၊ ဒီလိုပဲ အကြမ်းမှတ်ထားပေါ့ကွာ။
    .
    ရွေးကောက်ပွဲ မဖြစ်မနေလုပ်ရရင်လည်း ဦးသိန်းစိန်ရဲ့ ကြံ့ခိုင်ရေးပါတီ သေချာပေါက် ရှုံးလိမ့်မယ်။ အရင်က ဒီပဲယင်းကိစ္စ၊ လောလောလတ်လတ် လုပ်ထားတဲ့ လက်ပံတန်းကိစ္စ၊ ရှေ့က သန္တိသုခဘုန်းကြီးကျောင်းကိစ္စ၊ ကိုပါကြီးကိစ္စ၊ ဒေါ်ခင်ဝင်းကိစ္စ၊ ကချင်ဆရာမတွေ DNA စစ်တာတောင် အဖြေမထွက်သေးတဲ့ ကိစ္စတွေအပြင် ဒီရက်တွေမှာ ဖြစ်ခဲ့တဲ့ လက်ပံတောင်းတောင်က မီးလောင်သံဃာတွေကို အမှုဖွင့်ခွင့်မပေးတာတွေဟာ ငါတို့ ရဲ လုပ်ထုံးမှာ မရှိဘူး။ အမှုလာဖွင့်ရင် လက်ခံကို ခံပေးရမှာက ရဲတာဝန်ပဲ။ အမှုဖွင့်သူ မရှိရင်တောင် ရဲက တရားလို လုပ်ပြီး အမှုဖွင့်ရမယ့်ဟာကို အမှုဖွင့်ခွင့် မရှိဘူး၊ စုံစမ်းခွင့်ပိတ်တယ်၊ နံပတ်တုတ်ကိုင်ပြီး ရိုက်နှက်တာတွေ၊ မန္တလေးမှာဆိုရင် ဆိုင်ကယ်ပေါ်ကလူကို ရဲယူနီဖောင်းကြီးနဲ့ ဆွဲချလိုက်တာတွေဟာ ဥပဒေ ပ လုပ်ရပ် တွေချည်းပဲ။ အမိန့်ကို နာခံတာက တပိုင်းပေါ့ကွာ၊ ဥပဒေပြင်ပက မလုပ်ရဘူး၊ ဒီတော့ လူတွေ မကျေနပ်ထားတာ အများကြီးပဲ။ ဒီလူတွေကို ဒေါ်စုက ထိန်းထားတာ၊ ဒေါ်စု ရှိနေလို့ ဒီလူတွေရဲ့ မကျေနပ်ချက်တွေဟာ ပေါက်ထွက်မသွားသေးတာလို့တော့ ငါမြင်မိတယ်။ ဖိထားလွန်းလို့ ခဏအောင့်နေတဲ့ ပေါက်ကွဲလုလုမီးတောင်ကြီးနဲ့ အတူတူပဲ။
    .
    ရွေးကောက်ပွဲလုပ်ပေးတာနဲ့ သူတို့ ရှုံးမယ်။ အခုဖွင့်မရတဲ့ အမှုတွေဟာ ကျေအေးသွားကြမှာ မဟုတ်ဘူး။ ဒါကို သူတို့ ကောင်းကောင်း သိတယ်။ ရခိုင်ကစ တစ်နိုင်ငံလုံး မီးတင်ရှို့ထားတာတွေ၊ လူသတ်ထားတာတွေ၊ လယ်သိမ်းထားတာတွေ၊ ပြည်သူပိုင်တွေကို ကိုယ်ကျိုးအတွက်သုံး ရောင်းစား လက်သိပ်ထိုးထားတာတွေဟာ တရားခံမရှိ၊ အမှုမပေါ်တာများကြတယ်။ သတ်ဖြတ်ခံထားရတဲ့လူတွေဖက်က ပြန်တရားစွဲကြရင်၊ တရားလိုပေါ်လာရင် ဒါတွေဟာ အမှုမဖွင့်ပါနဲ့ လို့ ပြောလို့ မရမယ့်အချိန် ရောက်လာမှာကို သူတို့ ဘယ်လိုလားပါ့မလဲ။ သူတို့ ကိုယ့်လည်ပင်းကို ကိုယ် ကြိုးကွင်းစွပ်မယ့်လူတွေ မဟုတ်ကြဘူးလေ။
    .
    အဲဒီအခြေအနေကို မရောက်အောင် ရွေးကောက်ပွဲ မရှိမှာ ဖြစ်မှာ။ ဒီတော့ တတိယအုပ်စုသားတွေဟာ ရွေးကောက်ပွဲနောက်ဆုတ်သွားအောင်၊ ရွေးကောက်ပွဲမှာ မရှုံးအောင် သူတို့ ညစ်ပတ်ချင်ရင်၊ စကားခံထားတယ်နော်၊ (ညစ်ပတ်ချင်ရင်) ဖြစ်လာနိုင်တာ ၃ မျိုးလောက်ရှိနိုင်တယ်။ မိုးရာသီမတိုင်ခင် ဖြစ်သွားနိုင်တယ်လို့တော့ သူမြင်မိတယ်လို့ ပြောပါတယ်။
    .
    နံပတ် (၁) က ထုံးစံအတိုင်း အဓိကရုဏ်းတွေဖက်ကို လှည့်နိုင်သေးတယ်။ ဒါပေမယ့် ငါတော့ သိပ်မထင်မိတော့ဘူး။ တရုတ်ဖက်ကို မလှည့်ရဲဘူး။ ဒါက သေချာတယ်။ ကုလားဖက်ကိုလည်း လှည့်မရလောက်တော့ဘူး။ လူတော်တော်များများက သိနေကြပြီ။ မန္တလေးကိစ္စ မဖြစ်မြောက်ကတည်းက ၉၆၉ ဟာ အရှိန်သေသလောက်ဖြစ်သွားတယ်။ ဒါပေမယ့် လိုတရဖြစ်နေတဲ့ ကုလားကို ဆက်ပြီးတော့ မုန်းနေဖို့ တရားပွဲတွေနဲ့ အဆက်ပြတ်မသွားအောင် သွေးမအေးသွားအောင် မီးထိုးပေးနေသေးတယ်။ အရင်က တစ်နှစ်တစ်ပွဲတောင် မရှိတဲ့ တရားပွဲတွေဟာ ခု တစ်ပတ် နှစ်ပွဲ သုံးပွဲ လုပ်ခွင့် ရနေသေးတယ်။ ဘယ်က ပိုက်ဆံတွေ ထွက်လာနေသလဲ။ ဘယ်သူတွေ ထောက်ပံ့နေကြသလဲ။ ဒီဘုန်းကြီးသွားလာဖို့ လုံခြုံရေးအားလုံးကို ဘယ်သူတွေ စီစဉ်ပေးနေသလဲ။ ဘုန်းကြီးအားလုံးက သူတို့ လူတွေလို့ ပြောနိုင်တဲ့ ကြံ့ခိုင်ရေးအားပေးတဲ့ ဘုန်းကြီးတွေချည်းပဲ။ ဒါက တချက်။
    .
    ဒီတော့ ကုလားဖက်နဲ့လည်း တိုက်နေဦးမယ်။ အမျိုး၊ ဘာသာ၊ သာသနာ တိုးတက်ဖို့ ကြံ့ခိုင်ရေးကို မဲပေးစို့လို့ အမည်တပ်နိုင်ဖို့ ကုလားကို လိုတဲ့အချိန် ထိုးကျွေးနိုင်ဖို့ ပြင်ဆင်နေဦးမှာပဲ။ ခုလည်း ၉၆၉ ကို မဘသ လို့ ပြောင်းထားပေမယ့် လိုရင် ထပ်ပြောင်းလိမ့်ဦးမယ်လို့ ထင်မိတယ်။ အဓိကရုဏ်းတော့ မဖြစ်လောက်တော့ဘူး၊ ငါ ဒီလိုပဲ ထင်မိထားသေးတယ်။
    .
    (၂) အချက် အနေနဲ့ ရွေးကောက်ပွဲ ပျက်သွားနိုင်တာက တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အရှိန်မြှင့်တိုက်ပွဲတွေ ဖန်တီးဖို့ပဲ။ တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်နေတဲ့အတွက် အေးချမ်းတည်ငြိမ်မရှိလို့ ရွေးကောက်ပွဲ ပျောက်ရပါတယ်ပေါ့။ ခုလည်း ကရင် DKBA ၊ ကချင် KIA ၊ TNLA ၊ ကိုးကန့်၊ ၀၊ ရခိုင် အကုန်လုံးနဲ့ ချနေတာပဲလေ။ ဖြစ်နေတဲ့ အရှိန်လေးကို ထပ်တင်လိုက်ဖို့ပဲ လိုတယ်။ နောက်တစ်ခါ နေရာအနှံ့ ဗုံးခွဲမှုတွေ ဖြစ်လာနိုင်တယ်။ တစ်နှစ်ကလို သာကေတဖက်က အမှိုက်ပုံတွေမှာ ဗုံးခွဲ၊ ကုန်သည်ကြီးများဟိုတယ်တက် ဗုံးထောင်၊ စောနေတိုးဆိုပြီး အမည်တစ်ခုကို ရွတ်ပြ၊ သတင်းစာ ရှင်းလင်းပွဲတွေ အကြီးအကျယ်လုပ်၊ ဒလံဂျာနယ်တွေကတဆင့် ကြော်ငြာ၊ ဟိုလူ လက်ညှိုးထိုး၊ ဒီလူ လက်ညှိုးထိုး၊ အားလုံးက ကြောက်လန့် စိုးရွံ့နေရအောင် လုပ်ထား။ ပင်မပစ်မှတ်က ရွေးကောက်ပွဲ ပျက်သွားဖို့ပဲ။ နောက်ဆုတ်သွားစေဖို့၊ စစ်အုပ်ချုပ်ရေးပြန်ဝင်လာဖို့ပဲ။

    .
    ငါနောက်တစ်ခု အကြီးအကျယ် စိုးရိမ်မိတာ ဒီသင်္ကြန်တွင်းပဲ။ အကြမ်းဖက် သောင်းကျန်းသူလို့ အမည်တပ်ပြီး ဂျာနယ်တွေမှာ ခုတလော ပါလာနေတယ်။ စစ်ကိုင်းလိုလို၊ ရှမ်းတောင်လိုလို၊ ကြိုလွှင့်ထားပြီးသား။ ဒီကြားထဲမှာ IS အမည်တပ်ပြီး သင်္ကြန်မဏ္ဍပ်အကြီးကြီးတစ်ခုမှာ ဗုံးခွဲချလိုက်လို့ လူ ၅၀ – ၁၀၀ လောက် သေပြီဆိုရင် ပြီးသွားပြီ။ လူ ၁၀၀ လောက်ပဲ ရင်းရမယ်။ မရင်းရဲစရာ မရှိဘူး။ ဒီလူတွေမှာ ပြည်သူ ပြည်သား အသက်သေကြေမှာကို စာနာစိတ်က တစက်မှ မရှိဘူး။ ဒါက အားလုံး အသိပဲလေ။ မှတ်မိဦးမယ်၊ X2O မဏ္ဍပ်ဗုံးခွဲတရားခံဆိုပြီး မွတ်ဆလင်ကို လူမှားဖမ်းတဲ့ထဲမှာ အခု လ၀က ၀န်ကြီး ဦးခင်ရီတောင် ဦးစီးပြီး သတင်းစာတွေ ဘာတွေ ရှင်းလိုက်သေးတယ်ကွာ၊ မင်းတို့ သိကြဦးမယ်။ တရားခံအစစ် ပျောက်သွားတယ်။ ကြားထဲက မဆိုင်သူတွေ ဘ၀ပျက်ရတယ်။ ထိုးကျွေးကြတာကို ပြောတာပါကွာ။ ဒီလူတွေ ဒီလို လုပ်ဖူးတယ်။ ဒီလို လုပ်တတ်တယ်။ လုပ်ရဲတယ်။
    .
    ခုလည်း ၂၀၁၅ မှာ သင်္ကြန်မဏ္ဍပ်ဗုံးကွဲပြီး လူ ၁၀၀ လောက် အသေပြ၊ အဲဒီထဲမှာ အနုပညာရှင် နည်းနည်းပါးပါး ဒူးပြတ် ပေါင်ပြတ် အသေပြ၊ ဘုန်းကြီးတစ်ပါး နှစ်ပါးလောက် သွေးရွှဲရွှဲနဲ့ အသေပြလိုက်ရင် ရပြီ။ IS အဖွဲ့က မြန်မာပြည်ကို ဂျီဟတ်လုပ်နေပါပြီ။ ဗုဒ္ဓဘာသာဝင်တွေကို ဂျီဟတ်လုပ်ပါတယ်လို့ အစိုးရ သတင်းစာတွေ ကိုယ်တိုင်က ရေး၊ ကုလားရုပ်တွေနဲ့ ချိတ်ပြလိုက်ရင် မင်းတို့ ဘာလုပ်ကြမလဲ။ တစ်နိုင်လုံးမှာ အဓိကရုဏ်း အကြီးအကျယ်ထပ်ဖြစ်၊ သွေးချောင်းစီးကုန်ကြလိမ့်မယ်။ အကွက်က ရိုးရိုးလေးပဲ၊ အဖြေ ဆန်းဆန်းလေး ထွက်သွားမယ်။ ဘယ်အဖွဲ့မှ တားမရတော့ဘူး။ မြို့တိုင်းမှာ သူတို့လူတွေချည်းပဲ။ ချထားပြီးသား။ စလုပ်မယ့် အကြောင်းတရား ဖန်တီးပေးလိုက်ဖို့ပဲလိုတယ်။ ပွဲစတာနဲ့ အချိန်ကိုက် အခါကိုက် ဖျက်ဆီးသတ်ဖြတ်မှုတွေ အကြီးအကျယ် ဖြစ်ကုန်လိမ့်မယ်။
    .
    ၁၉၉၄ ဧပြီ တုန်းက ရ၀မ်ဒါမှာ ဟူတူ နဲ့ တွတ်ဆီတွေ အပြန်အလှန်ဆော်ကြတာကို သိတယ်မလား။ ရက် ၁၀၀ အတွင်း လူ ရှစ်သိန်းကျော် အသတ်ခံကြရတယ်။ ကုလသမဂ္ဂမပြောနဲ့၊ ဘယ်အဖွဲ့အစည်းမှ တားဖို့ အချိန်မရလိုက်ဘူး။ ကလေး၊ မိန်းမ၊ အရပ်သား၊ လူတွေ ကုန်သွားပြီ။ ဒါမျိုး ဒီမှာ မလုပ်ဘူး၊ မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောနိုင်သလဲ။ မိတ္ထိလာမှာလည်း ဘယ်သူမှ မတားနိုင်ခဲ့ဘူး။ ကလေးတွေကို အရှင်လတ်လတ် မီးရှို့သတ်ပြခဲ့တာ။ ရဲတွေ တားနိုင်ပေမယ့်၊ လက်ပတန်းမှာ ကျောင်းသားလေးတွေကို နံပတ်တုတ်နဲ့ရိုက်ပြီး တားသလို တားလို့ရလျှက်နဲ့ အထက်အမိန့်မရလို့ မတ်တပ်ရပ်ကြည့်နေခဲ့ကြတယ်။
    .
    ‪#‎အဲဒီအထက်အမိန့်ကိုဘယ်သူပေးနေသလဲ‬။

    လက်ပတန်းမှာ ကျောင်းသားတွေကို ရိုက်မိန့်လာတယ်။ လက်ပံတောင်းမှာ မီးဆွမ်းကပ်မိန့်လာတယ်။ မိတ္ထိလာမှာ မတ်တပ်ရပ်ခိုင်းထားတယ်။ ဒီလူသတ်သမားတွေ၊ ကြိုးကိုင်သူတွေဟာ ခုချိန်ထိ လက်မည်းကြီး အမည်ခံပြီး အရှင်လတ်လတ်ကြီး ငုတ်တုတ်ကြီးရှိနေသေးတယ်။ လူ လေး ငါးဆယ်လောက် သတ်ဖူးသူတွေဟာ ပိုသတ်ဖို့လည်း ၀န်မလေးနိုင်ဘူး။ အကြီးကြီးကို လုပ်ပြမှ အပြောင်းအလဲ အကြီးကြီး ဖြစ်သွားမှာ။ ဒီလိုလုပ်ဖို့အတွက် အကွက်ကောင်းကောင်း စောင့်နေတာပဲ ရှိတယ်။ ဒီသင်္ကြန်မှာ ဒီတစ်ချက်ကို ငါ အစိုးရိမ်ဆုံးပဲကွာ လို့ သူက ပြန်ပြောခဲ့ပါတယ်။
    .
    သူပြောပြတဲ့ ဒီအတွေးအမြင်က ကျွန်တော့်ကို တကယ်ကျောချမ်းစေပါတယ်။ ဖြစ်အောင် ဖန်တီးရင် ဖြစ်သွားနိုင်တာပါပဲ။
    .
    နံပတ် (၃) က ရွေးကောက်ပွဲ မတိုင်မီ ဒေါ်စု လုပ်ကြံခံရနိုင်တယ်။
    ဒီအချက်ကို အရင်ကတွေးဖူးပေမယ့် ဖယ်ထားတာ ကြာနေပါပြီ။ တလောက မြို့တော်ခန်းမရှေ့မှာ လက်ပတ်နီစွမ်းအားရှင်တွေကို ထုတ်သုံးနေသေးတာကို မြင်ကတည်းက အားလုံးဟာ အရင်အတိုင်းပဲ။ ပြောင်းလဲမှု ဘာမှမရှိသေးဆိုတာကို မြင်ကြမယ်။ ပြောင်းလဲမှုအားလုံးရဲ့ အရင်းအမြစ်ဟာ အသက်ဟာ ဒေါ်အောင်ဆန်းစုကြည်ပဲ။ ဒေါ်စုသာ တိမ်းပါးသွားရင် အဖြေဟာ ပြောင်းသွားနိုင်တယ်။ ဒီမှာလည်း ကုလားကို ထိုးကျွေးလို့ ရနိုင်သေးတယ်။ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်၊ ဒေါ်စုကို သတ်တာ ကုလားပါခင်ဗျာ။ ကုလားရုပ်ခံလေးနဲ့ ပြီးသွားပြန်ပြီ။ ဒါပေမယ့် မဖြစ်နိုင်လောက်သလို မဖြစ်ပါစေနဲ့လို့ ငါ ဆုအတောင်းဆုံးပဲ။ နိုင်ငံတကာက မျက်လုံးဒေါက်ထောက် ကြည့်နေတဲ့ကြားက အလုပ်ခံရရင် ဘယ်သူတွေ အမြတ်ထွက်မလဲ။ ရွေးကောက်ပွဲ ချိန်ခွင် အနည်းနဲ့ အများအပြောင်းအလဲ ဖြစ်သွားနိုင်တယ်။ ဒါကြောင့် ဒီတစ်ချက်ကို ငါ ခဏခဏ ပြန်ပြီး စဉ်းစားမိတယ်လို့ ပြန်ပြောခဲ့ပါတယ်။

    အားလုံး ပြန်သုံးသပ်ကြည့်ရင် ရွေးကောက်ပွဲကို နိုဝင်ဘာမှာ လုပ်ရင် ရှုံးမယ်။ ရွေးကောက်ပွဲကိုလည်း ကျင်းပကို ကျင်းပပေးရတော့မယ်။ ရွေးကောက်ပွဲ ရက်ထွက်နေပြီ။ ဒါပေမယ့် ရှုံးလို့ကို မရဘူး။ ရှုံးရင် အာဏာ လွှဲပေးလို့ မရဘူး။ ဒါကသေချာတယ်။ ရှုံးတာနဲ့ သူတို့ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေဟာ အကုန်ပေါ်လာမှာ။ မျိုထားသမျှ ပြန်လျော်ရမှာ။ ဒါလည်းသေချာနေပြန်တယ်။ ဒါတွေက ထွက်လာနိုင်ဖို့ ထွက်ပေါက်လိုတယ်။ သရေလောက်ဆို မဆိုးဘူး။ သူတို့ ခု လုပ်နေသမျှဟာ သရေလောက်ရဖို့၊ ၅၀-၅၀ လောက် ရဖို့ မှန်းပြီး လုပ်နေကြတဲ့ အကွက်တွေချည်းပဲ။ စစ်တပ်က တမတ်နဲ့ပေါင်းပြီး ၅၀-၆၀ ကျော်နိုင်ရင် သူတို့အသက်ရှိဦးမယ်။
    .
    NLD က ကျေအေးပါတယ်၊ အာဃာတ မထားဘူးလို့ အလကားအော်နေခဲ့တာမှ မဟုတ်ဘဲ။ သူတို့ ဘာကို စိုးရိမ်နေသလဲဆိုတာတွေကို NLD က သေသေချာချာကြီးကို သိထားတယ်။ ဒါကြောင့် NLD နိုင်ရင် သူတို့ကို ဘာမှ ပြန်မလုပ်ပါဘူးလို့ ဖွင့်ဟထားသလို သူတို့ဖက်ကလည်း နောက်ကြောင်းပြန် အရေးယူလို့ မရအောင် ဥပဒေကို အဆင့်ဆင့် ချုပ်ထားတယ်။ စစ်တပ်က တမတ်ဖိုးပါနေသေးတာ ဒီအချက်ကြောင့်ပဲ။ မျိုထားသမျှ ပြန်မအန်ရအောင် လုပ်ထားတာတွေချည်းပဲကွာ။ ဒါပါပဲ။ နိုင်ငံရေး အစစ်အမှန်တွေ မဟုတ်ကြပါဘူး။
    .
    မင်းကို ပြောပြတဲ့ ငါ့အမြင်တွေကလည်း ‪#‎မှန်းဆချက်တွေပါပဲ‬။ မှန်းတာဖြစ်တဲ့အတွက် ဖြစ်ချင်လည်း ဖြစ်လာနိုင်တယ်။ လွဲသွားတာလည်း ဖြစ်နိုင်မယ်။ ကောင်းတဲ့ အပြောင်းအလဲ ဖြစ်လာနိုင်ဖို့ ဆုတောင်းရတာလည်း အမောပါပဲကွာ။ ကောင်းတဲ့ တိုးတက်ပြောင်းလဲမှုတွေကိုပဲ မြင်ချင်ပါတယ်။ ငါလည်း မင်းတို့တွေကို ဒီမက ပြောချင်တာတွေ ရှိနေသေးတယ်။ ခုတော့ ငါလည်း ပြန်ရဦးမယ်ကွ။
    .
    ဟုတ်ကဲ့ပါခင်ဗျာ။ နောက်တွေ့ချင်ပါသေးတယ်။ စကားပြောရတာ အင်မတန်ဗဟုသုတရစေပါတယ်။ ကျေးဇူးပါပဲ။
    .
    စကားဝိုင်းအမည်ခံပေမယ့်လည်း နားထောင်သက်သက်ဖြစ်ခဲ့ရတဲ့ စကားဝိုင်းလေး အပြီးမှာ ကျန်ခဲ့သူတွေဟာ စကားဆက်ပြောစရာ မကျန်တော့သလိုပါပဲ။ အဲဒီ ရဲမှူးကြီးနဲ့ ပြောခဲ့သမျှကို အတွေးထဲမှာပဲထားဖို့၊ မရေးဖို့ ဆုံးဖြတ်ထားပေမယ့် မနေ့ မနက်ပိုင်းက ရခိုင်သူပုန်နဲ့ စစ်တပ်ချကြတဲ့သတင်းကိုလည်း ကြားရော၊ ငါတို့အန်ကယ်ကြီးပြောတာ တစ်ချက်တော့ ပက်ပင်းလက်ငင်း ထိပဟလို့ တွေးမိရင်း သူ့အမြင်အချို့လို့ပဲ ရိုးရိုးရှင်းရှင်း မှတ်ပေးကြဖို့ ပြောပြခဲ့သမျှ ရေးချလိုက်ရပါတယ်။

    ဆွေမွန်
    ၃၀ မတ်လ ၂၀၁၅