News @ M-Media

Author: M-Media

  • ဘာသာရေး သည်းခံမှု ပျောက်ဆုံးလာသည့် ယူကရိန်းအရှေ့ပိုင်း (သို့) ဒွန်ညက်ပြည်သူ့သမ္မတနိုင်ငံ

    ဘာသာရေး သည်းခံမှု ပျောက်ဆုံးလာသည့် ယူကရိန်းအရှေ့ပိုင်း (သို့) ဒွန်ညက်ပြည်သူ့သမ္မတနိုင်ငံ

    မတ် ၂၅ ၊ ၂၀၁၅
    M-Media
    src.adapt.960.high.donetsk_religion_dog_tags.1426553887130
    – ရုရှားထောက်ခံသူ ခွဲထွက်ရေးသမားများက ဒွန်ညက်ဒေသအား ပြည်သူ့သမ္မတနိုင်ငံအဖြစ်  ပြီးခဲ့သည့်နှစ် ဧပြီလ ကြေညာပြီးကတည်းက Church of Christ အသင်းတော်၏ ခေါင်းဆောင်ဖြစ်သူ လီယွန်နစ် ကရီဇန်နောဗ့်စကီးမှာ ကျီလန့်စာ စားနေရသည်။

    ရုရှားကျောထောက်နောက်ခံပြု သူပုန်များက ရုရှားအော်သိုဒေါ့စ်အသင်းတော်ကို ဒွန်ညက်ဒေသ၏ တရားဝင်ဘာသာတရားအဖြစ် အလျင်အမြန်ပင် ကြေညာခဲ့သည်။ ထိုအချိန်မှစ၍ ယူကရိန်းမှ ဂိုဏ်းအုပ်ဘုန်းတော်ကြီးများမှလွဲ၍ ရုရှား ဂိုဏ်းအုပ်ဘုန်းတော်ကြီးများကို ပယ်ချသော ယူကရိန်းရှိ အော်သိုဒေါ့စ်အသင်းတော်များ အပါအ၀င် ရုရှားအော်သိုဒေါ့စ်အယူဝါဒ၏ အပြင်ဘက်မှ ဘာသာတရားများမှာ ဒွန်ညက်ပြည်သူ့သမ္မတနိုင်ငံ၏ ရန်သူအလောင်းအလျာအဖြစ် သူပုန်များ၏ မျက်စိစပါးမွှေးစူးခြင်းကို ခံခဲ့ရလေတော့သည်။

    ဒွန်ညက်ဒေသတွင် ဘာသာရေးဆိုင်ရာ ဖိနှိပ်ချုပ်ချယ်မှု ပေါ်ပေါက်လာခြင်းက ကရီဇန်နော့ဗ်စကီးကဲ့သို့ သူများကို ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်စေခဲ့သည်။

    ဒွန်ညက်နှင့် သူပုန်များ သိမ်းပိုက်ထားသော မြို့များတွင် ပရိုတက်စတင့်နှင့် ကက်သလစ်ခေါင်းဆောင်များကို လက်နက်ကိုင် သူပုန်များက ဖမ်းဆီးသည်။ အနောက်နိုင်ငံများ၏ အေးဂျင့်များ သို့မဟုတ် ဖက်စစ်အစိုးရဟု ၎င်းတို့ခေါ်ဆိုသည့် ယူကရိန်းအစိုးရ၏ သူလျှိုများဖြစ်သည်ဟု စွပ်စွဲ၍ ဖမ်းဆီးကြခြင်းဖြစ်သည်။ ဘာသာရေးခေါင်းဆောင်များနှင့် နောက်လိုက်အမြောက်အများမှာ ရိုက်နှက်ခံကြရပြီး KGB ပုံစံ မြေအောက် အကျဉ်းစခန်းများတွင် အကျဉ်းချထားခြင်း ခံရလေသည်။

    ဒွန်ညက်၏ အနောက်ဘက်အစွန်ပိုင်းရှိ ပက်ထရော့ဗ်စကီးဒေသတွင် ယေဟောဝါသက်သေ(ခရစ်ယာန်အသင်းတော်တစ်ခု) ၏ ခန်းမကို ပြီးခဲ့သည့်နွေရာသီက သူပုန်များ ၀င်ရောက်လုယက် ဖျက်ဆီးခဲ့ကြသည်။ ထို့နောက် Church of Christ အသင်းတော်၏ သေးငယ်သော ဘုရားကျောင်းတည်ရှိရာ လမ်းတစ်ဖက်တွင်ရှိသည့် နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းကိုလည်း သူပုန်များက အပိုင်စီးခဲ့ကြသည်။

    src.adapt.960.high.donetsk_religion_catholic_church

    ပတ်ဝန်းကျင်တွင် ထိုကဲ့သို့ ဖြစ်ပွားနေစဉ်တွင် ယခင် မိုင်းတွင်းအင်ဂျင်နီယာတစ်ဦးဖြစ်ပြီး ယခုတွင် ဘုန်းတော်ကြီးတစ်ပါးအဖြစ် ဆောင်ရွက်နေသည့် ကရီဇန်နော့ဗ်စကီးတစ်ယောက် လွတ်မြောက်ရေးအတွက် မည်သည့်အခွင့်အရေးမှ မရခဲ့ဘဲ သြဂုတ်လနှင့် စက်တင်ဘာလများတွင် ၎င်းမှာ ပုန်း၍သာ နေရသည်။ သူပုန်များက ၎င်းနှင့် အခြား အော်သိုဒေါ့စ်မဟုတ်သည့် ခရစ်ယာန်ခေါင်းဆောင်များကို ရှာဖွေရာတွင် ကရီဇန်နော့ဗ်စကီးမှာ မြို့တွင်းရှိ ဆွေမျိုးအိမ် တစ်ခုမှတစ်ခုသို့ ကူးပြောင်းကာ ပုန်းရှောင်ရသည်။

    သို့သော်လည်း အောက်တိုဘာလတွင် သူပုန်များက ကရီဇန်နော့ဗ်စကီး၏ အရှိုက်ကို ထိုးနှက်လိုက်သည်။

    “ကျွန်တော်တို့ ဘုရားကျောင်းကို သူပုန်အဖွဲ့က ဖျက်ဝင်ဖို့ ကြိုးစားမယ်ဆိုပြီး ဖုန်းရပါတယ်။ ဒါ့ကြောင့် ကျွန်တော် အဲဒီကို ပြေးသွားတယ်။ သူတို့ တံခါးကို ဖျက်ဖို့ ကြိုးစားနေတာကို ကျွန်တော်တွေ့တဲ့အခါ သူတို့ကို ကျွန်တော်က သော့တွေ ပေးခဲ့ပါတယ်။ ကျွန်တော်တို့ ဘုရားကျောင်းလေးကို ဖျက်ဆီးတာထက် သူတို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ၀င်သွားနိုင်တာက ပိုကောင်းပါတယ်” ဟု ကရီဇန်နော့ဗ်စကီးက ပြောကြားခဲ့သည်။

    အထဲရောက်သွားသည့် အချိန်မှာတော့ သူပုန်အဖွဲ့မှ တပ်မှူးတစ်ဦးက Church of Christ မှာ အမေရိကန်မှ လုပ်ဆောင်နေသည့် အဖွဲ့ဖြစ်သည်ဟု စွပ်စွဲကာ ထိုဘုရားကျောင်းအတွင်း တပ်စွဲမည်ဟု ပြောဆိုခဲ့ကြောင်း ကရီဇန်နောဗ့်စကီးက ပြန်ပြောပြသည်။ သူပုန်တစ်ဒါဇင်ခန့်မှာ စကွဲယားပေ ၃၀၀၀ ခန့်ကျယ်သော အဆိုပါ ဘုရားကျောင်းအတွင်းသို့ ၀င်ရောက်ကာ ၀တ်ပြုခန်းမတွင် စခန်းချ၍ ၀တ်ပြုရာခုံများတွင် ၎င်းတို့၏ ကာလာရှင်ကော့ဗ် ရိုင်ဖယ်များ တင်ကြသည်။

    ဘုရားကျောင်းရှိ ကျမ်းစာအုပ်များနှင့် ဆန်းဒေးစကူးလ်စာအုပ်များကို နောက်ဘက်ရှိ စတိုခန်းထဲသို့ သွားရောက်သိမ်းဆည်းခွင့်ကိုတော့ သူပုန်များက ပေးသည်။ ဘုရားကျောင်း၏ မီးဖိုဆောင်နှင့် အခြားသော အသုံးအဆောင်များကို ၎င်းတို့က စိတ်ကြိုက်သုံးစွဲကြတော့သည်။

    သီတင်း ၂ ပတ်ကြာပြီးနောက် သူပုန်များ အခြားနေရာသို့ ရွှေ့ရမည်ဟု အမိန့်ရကြောင်း တပ်မှူးက ကရီဇန်နော့ဗ်စကီးအား ဖုန်းဖြင့်ပြောသည်။ ထွက်မသွားခင်အလျှင် ၎င်းတို့က အနက်ရောက် အရိုးခေါင်းနှင့် ကြခြေခတ်အရိုး ၂ ချောင်း (အန္တရာယ်အမှတ်အသား)၊ ၎င်းတို့၏ တိုက်ပွဲအမည်ဖြစ်သည့် Oplot တို့ကို ဘုရားကျောင်း၏ အပြင်ဘက်နံရံတွင် ရေးချယ်သွားလေသည်။

    src.adapt.960.high.donetsk_religion_church_exterior.1426553887130

    သို့သော်လည်း ဘုရားကျောင်း၏ လွတ်မြောက်မှုက မကြာလိုက်။ အခြား သူပုန်အဖွဲ့တစ်ခုက သီတင်းပတ် ၃ ပတ်အကြာတွင် ရောက်လာကြပြီး ဂိုဏ်းအုပ်ဘုန်းတော်ကြီးအား သော့အပ်ရန် တောင်းဆိုကြသည်။ ဤအချိန်တွင်တော့ တပ်မှူးက ပို၍ ရန်လိုပြီး တိုက်ခိုက်ရေးသမားအရေအတွက်လည်း ပိုပါလာသည်ဟု ကရီဇန်နော့ဗ်စကီးက ဆိုလေသည်။

    “အခု သူပုန်ခေါင်းဆောင်က ကျွန်တော်တို့ကို သဘောမကျချင်ပါဘူး။ ပိုဆိုးလာမှာပါ။ စစ်ပွဲက ခဏနဲ့ ပြီးမယ့်ပုံမရှိတော့ ဒါတွေ ပိုဆိုးလာမယ်လို့ ကျွန်တော် ထင်ပါတယ်”

    အနောက်ယိမ်းသည့် ယူကရိန်းအစိုးရကို တိုက်ခိုက်နေသည့် ခွဲထွက်ရေးသမားများမှာ ရှေးရိုးစွဲ ရုရှားအော်သိုဒေါ့စ်ဝါဒ၏ တင်းကျပ်သော လိုက်နာမှုပါဝင်သည့် အယူအဆကို နာခံကြသူများဖြစ်သည်။ သူပုန်ခေါင်းဆောင်များ၏ မိန့်ခွန်းများနှင့် ၀ါဒဖြန့်စကားများတွင် ရုရှားအော်သိုဒေါ့စ်အသင်းတော်ကို ဒွန်ဘက်စ်ဒေသ သမိုင်းနှင့် ယဉ်ကျေးမှုတို့၏ ရှိရင်းစွဲ အစိတ်အပိုင်းတစ်ခုအဖြစ် ဖော်ပြကြသည်။ ထိုသို့ ဖော်ပြခြင်းက ယူကရိန်းအရှေ့တောင်ပိုင်းရှိ ဒေသများအားလုံးပါဝင်သည့် ရုရှားသစ် သို့မဟုတ် နိုဗိုရိုစီးယား နိုင်ငံကို သူပုန်များ တည်ထောင်လိုခြင်း၏ နောက်ကွယ်အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်သည်။

    ဒွန်ဘက်စ်ဒေသမှာ ရုရှားအော်သိုဒေါ့စ်တိုင်းပြည်အဖြစ် သူပုန်များက ဖော်ပြနေကြခြင်းကြောင့် အဆိုပါ ဒေသကို ပို၍ လစ်ဘရယ်ကျပြီး အထိန်အချုပ်မဲ့လွန်းသော ဥရောပအနောက်ပိုင်းမှ ဘာသာတရားများ လွှမ်းမိုးသည့် ယူကရိန်းအနောက်ပိုင်းနှင့် ပေါင်းစည်းနိုင်မည်မဟုတ်။

    ပဋိ့ပက္ခများ တစ်နှစ်နီးပါးကြာ ဖြစ်ပွားနေသည့် ယူကရိန်းအရှေ့ပိုင်းတွင် ဘာသာတရားမှာ ရုရှားအော်သိုဒေါ့စ် စစ်တပ်ဟုခေါ်သည့် သူပုန်တပ်ရင်းဆိုသော ၀ါဒဖြန့်မှုတွင် ထင်ရှားသည့် အခန်းကဏ္ဍမှ ပါဝင်နေလေသည်။ ဒေသတစ်ဝှမ်း စစ်ရေးဂိတ်များရှိ ရုရှားကော့ဆက်များက ၎င်းတို့မှာ ရုရှားပြည်သူလူထု၏ ဘုရားသခင် ကာကွယ်ရေးတပ်သားများဟု ပြောကြသည်။ ၎င်းတို့၏ လည်ပင်းတွင် လက်ဝါးကပ်တိုင်များကို ဂုဏ်ယူစွာ ချိတ်ဆွဲကြပြီး ၎င်းတို့၏ အိတ်ထောင်များတွင်လည်း ရွှေရောင် လက်ဝါးကပ်တိုင်များကို တပ်ဆင်ထားကြသည်။

    ခွဲထွက်ရေးသမားများ၏ အယူအဆတွင် ရုရှားအော်သိုဒေါ့စ် ဘာသာတရားကို အသုံးပြုခြင်းမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ရုရှားအမျိုးသားရေးဝါဒီများ အသုံးပြုကြသော နည်းနာဖြစ်သည်။ ၎င်းတို့ ရုရှားနိုင်ငံအား ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုအဖြစ် တည်ဆောက်ရေး ဆောင်ရွက်ရာတွင် အစိုးရကို ပြည်သူလူထုက ထောက်ခံရန် ဘာသာတရားကို အသုံးပြုကြသည်ဟု ရုရှားနှင့် ယူကရိန်းမှ အမျိုးသားရေးအဖွဲ့များ အကြောင်းကို အထူးပြုလေ့လာနေသည့် လန်ဒန်တက္ကသိုလ်မှ သုတေသနပညာရှင် အန်တန် ရှက်ခေါ့ဗ်စတော့ဗ်က ဆိုသည်။

    “ဒါမျိုးဟာ ရုရှားရဲ့ ဇီယွန်ဝါဒလိုမျိုးပါပဲ” ဟု သူကဆိုပြီး ဆိုဗီယက်အလွန် ရုရှားတွင်တော့ အာဏာရှင်ဆန်သည့် အစိုးရကောင်းစားရေးဝါဒသာ ရှိတော့သည်ဟု ပြောကြားခဲ့သည်။

    “ဒါ့ကြောင့် ပူတင်နဲ့ ရုရှားတည်ဆောက်မှုမှာ နောက်လိုက်တွေကို သူတို့ရဲ့အသုံးပြုကြတဲ့ အမှတ်သညာ တစ်ခုခုနဲ့ ဖော်ပြရပါတယ်။ နောက်ပိုင်းမှာ သူတို့ဟာ အဲဒီအမှတ်သညာကို စုပေါင်းထောက်ခံမှုနဲ့ သူတို့ရဲ့ အာဏာကို ထိန်းသိမ်းဖို့ အသုံးပြုနိုင်ပါတယ်” ဟု ရှက်ခေါ့ဗ်စတော့ဗ်က ပြောကြားခဲ့သည်။

    သူပုန်ခေါင်းဆောင်များက ၎င်းတို့အစိုးရမှာ အခြားသော ဘာသာတရားများ၊ လူမျိုးစုများနှင့် ဘာသာစကားများအား သည်းခံမှုရှိသည်ဟု ကြေညာထားသော်ငြား ကရီဇန်နော့ဗ်စကီးကဲ့သို့ ခေါင်းဆောင်များကတော့ ဒွန်ညက်၏ လက်တွေ့အခြေအနေမှာ အလွန်ကွဲပြားခြားနားနေသည်ဟု ဆိုကြသည်။

    တိုက်ခိုက်မှုနှင့် ငြင်းပန်းနှိပ်စက်မှုများ ဖြစ်လာမည်ကို ကြောက်ရွံ့သောကြောင့် ဂျူးများ၊ မွတ်စလင်များနှင့် အခြားသော ဘာသာရေးလူနည်းစုများမှာ သူပုန်များ ထိန်းချုပ်ထားရာဒေသများမှ စွန့်ခွာ ထွက်ပြေးခဲ့ကြသည်။ Church of Christ ပါအ၀င် အခြားသော ခရစ်ယာန်ဘုရားကျောင်းများမှာလည်း ဗုံးကြဲမှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပျက်စီးခဲ့ရသည်။ သူပုန်များ လျှို့ဝှက်နေရာအဖြစ်အသုံးပြုခြင်း သို့မဟုတ် နေထိုင်ခြင်းတို့ မရှိသည့် ဘုရားကျောင်းများကိုတော့ သော့ပိတ်ထားသည်။

    ၂၀၁၄ ခုနှစ် ဇူလိုင်လနှောင်းပိုင်း ယူကရိန်းအရှေ့ပိုင်း စလော့ဗ်ညက်ဒေသရှိ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် နေရာတစ်ခုတွင် ခရစ်ယာန် ဧ၀ံဂေလိအသင်းတော်မှ ဘုန်းတော်ကြီးတစ်ဦး၏ သားလေးယောက်အလောင်းကို တွေ့ရှိခဲ့ရသည်။ ဧ၀ံဂေလိအသင်းတော်မှာ အမေရိကန်မှ အသင်းတော်ဖြစ်သည်ဟု စွပ်စွဲ၍ သူပုန်များက ၎င်းတို့အား သတ်ဖြတ်ကာ စလော့ဗ်ညက်မြို့အား ခွဲထွက်ရေးသမားများက ၃ လကြာ သိမ်းပိုက်ထားစဉ်အတွင်း အသတ်ခံရသူများနှင့် ရော၍ မြှုပ်နှံခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

    Church of Christ အသင်းဝင် ၂၀၀ မှ ထက်ဝက်ကျော်မှာ ခွဲထွက်ရေးသမားများ၏ ရန်ကြောင့် ဒွန်ညက်မြို့မှ ထွက်ပြေးခဲ့ရသည်။ ယခုအချိန်တွင် ကရီဇန်နော့ဗ်စကီးတစ်ယောက် တနင်္ဂနွေနေတိုင်း ဒွန်ညက်မြို့တစ်ဝှမ်း ၀တ်ပြုဆုဆောင်းမှု ၃ ခုကို ဦးဆောင်ပေးနေရ၏။ အသင်းဝင်များ နေထိုင်ရာတိုက်ခန်းများတွင် ပြုလုပ်သော ၀တ်ပြုဆုတောင်းမှုများတွင် ဖြစ်သည်။

    မိမိအားလိုအပ်သော အခြားခရစ်ယာန်များကို ကူညီရန် ဒွန်ညက်မြို့တွင် နေခဲ့ခြင်းဖြစ်သည်ဟု ကရီဇန်နော့ဗ်စကီးက ဆိုပြီး ဘတ်စ်ကားစီးသည့်အချိန်၊ လိုင်းစီသည့်အချိန်များတွင် ဘာသာရေးနှင့်ပတ်သက်၍ ပြောဆိုမှုကို ထိန်းသိမ်းကြရန် ခရစ်ယာန်များကို ၎င်းက သတိပေးထားသည်။ ထိုကဲ့သို့ ခိုးကြောင်ခိုးဝှက် နေရခြင်းက သူ့အတွက် ဆိုဗီယက်ခေတ်ကို သတိပြန်ရစေသည။် ထိုခေတ်က ဘာသာတရားဟူ၍မရှိဘဲ ကွန်မြူနစ်ဝါဒနှင့် ဘုရားမဲ့ဝါဒသာရှိသည်ဟု ကရီဇန်နော့ဗ်စကီးက ဆိုသည်။

    ပြီးခဲ့သည့်နှစ် ပဋိပက္ခများမစတင်ခင် ဆိုဗီယက်အလွန် ယူကရိန်းနိုင်ငံမှာ ဘာသာတရားများအကြား သည်းခံမှု အရသာကို ၂၃ နှစ်ကြာ ခံစားခဲ့ရသည်ဟု ၎င်းကပြောသည်။ ကွန်မြူနစ်အစိုးရ၏ နှစ်ပေါင်းများစွာ ဖိနှိပ်ချုပ်ချယ်မှုကို ခံခဲ့ရသည့် ဘာသာတရားအများစုမှာ ဆိုဗီယက်ယူနီယံ ပြိုကွဲသွားသည့်အခါ လွတ်လပ်စွာ ကျင့်သုံးခွင့်ရခဲ့သည်။ ဂရိကက်သလစ်၊ နှစ်ခြင်း၊ ဧ၀ံဂေလိနှင့် ဂျူးဘာသာတရားများမှာ ဘုရားကျောင်းသစ်များကို တည်ဆောက်ခဲ့ကြပြီး ပိတ်ထားသော ဘုရားကျောင်းများကိုလည်း ပြန်လည် ဖွင့်လှစ်ခဲ့ကြသည်။

    ယူကရိန်းယဉ်ကျေးမှုဝန်ကြီးဌာန၏ အဆိုအရ ၂၀၁၄ ခုနှစ်က ဒွန်ညက်ဒေသရှိ ဘာသာရေးအုပ်စုများမှ ၄၂ ရာခိုင်နှုန်းမှာ ရုရှားအော်သိုဒေါ့စ်ဘာသာဝင်များဖြစ်ကြပြီး ကျန်အုပ်စုများမှာ ဧ၀ံဂေလိ၊ ဂျူး၊ အစ္စလာမ်၊ ပရိုတက်စတင့်နှင့် အခြားဘာသာဝင်များဖြစ်ကြသည်ဟု သိရသည်။ ယူကရိန်း တစ်နိုင်ငံလုံး အတိုင်းအတာအရဆိုလျှင် ၃၇ ရာခိုင်နှုန်းမှာ ရုရှားအော်သိုဒေါ့စ်များ ဖြစ်ကြလေသည်။

    ဖေဖော်ဝါရီနှောင်းပိုင်းက Church of Christ ဘုရားကျောင်း၏ မီးဖိုဆောင်တွင် ကရီဇန်နော့ဗ်စကီးတစ်ယောက် ဗစ်တာ (အမည်လွှဲ) ဆိုသည့် သူပုန်တစ်ယောက်နှင့် နောက်ခဲ့ပြောင်ခဲ့ကြသည်။ ဗစ်တာက အခြားသော သူပုန်များစားရန်အတွက် စွပ်ပြုတ်ကို ပြင်ဆင်ချက်ပြုတ်ပေးသည်။ သူပုန်များအား ဒေါသထွက်မည့်အစား ၎င်းတို့နှင့် မိတ်ဆွေဖြစ်ရန်နှင့် ၎င်း၏ ဘုရားကျောင်းအကျိုးငှာ ဆက်ဆံရေးတစ်ခုဖြစ်လာရန် အကောင်းဆုံး ဆောင်ရွက်သည်ဟု ကရီဇန်နော့ဗ်စကီးက ပြောကြားခဲ့သည်။

    “ယူကရိန်း စစ်သားတွေကို ကျွန်တော်ချစ်သလို သူတို့ကိုလည်း ကျွန်တော်ချစ်တယ်ဆိုတာ ဒီကောင်လေးတွေကို ပြောပြပါတယ်။ ကျွန်တော်တို့အားလုံးဟာ ညီအစ်ကိုတွေဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် သတ်နေကြတာလို့ သမ္မာကျမ်းစာက ဆိုထားပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

    ကရီဇန်နော့ဗ်စကီးတစ်ယောက် ၎င်း၏ ဘုရားကျောင်းကို ပြန်လိုချင်ပြီး သို့မှသာ အသင်းဝင်များက ဘုရားကျောင်း၌ အပတ်စဉ်ပေးသော စွပ်ပြုတ်များကို လာယူနိုင်မည်ဖြစ်သည်။ ယူကရိန်းအရှေ့ပိုင်းတွင် ပဋိပက္ခများ ၀င်လာခြင်းကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုလိုအပ်လာသည်ဟု ဗစ်တာကို ၎င်းက ရှင်းပြသည်။

    ဗစ်တာကလည်း စွပ်ပြုတ်များဝေငှမည့်အစီအစဉ်ကို သဘောကျသည်။ သူ၏ တပ်မှူးက ဘုရားကျောင်းအား စွန့်လွှတ်ရေးအတွက် အထက်ကို တင်ပြပေးမည်ဟု ကရီနောဗ့်စကီးကို ကတိပေးသည်။

    သို့သော်လည်း ယခုအချိန် ဒွန်ညက်ဒေသတွင် ထိုဘုရားကျောင်းနှင့် အခြားသော ဘာသာရေးအုပ်စုများမှ ဘုရားကျောင်းများ ပြန်လည်ဖွင့်လှစ်ရေးကတော့ အလွန်အန္တရာယ်များသည်ဟု ဗစ်တာက ပြောသည်။

    “ဒီဘုရားကျောင်းတွေကို အမေရိကန်က ထောက်ပံ့တယ်ဆိုတာ ခင်ဗျားသိလား။ ကျွန်တော်တို့ ဒါကို ခွင့်မပြုနိုင်ဘူး။ စစ်ပြီးလို့ ၅ နှစ်လောက်ကြာရင်တော့ ဖြစ်ကောင်းဖြစ်နိုင်မှာပါ။ အဲဒီအချိန်ကျရင် ဖက်ဆစ်တွေကို တိုက်ထုတ်တာထက် အခြားအရာတွေကို ကျွန်တော်တို့ ပိုအာရုံစိုက်နိုင်မှာပါ” ဟု ဗစ်တာက ပြောကြားခဲ့လေသည်။

    ref: aljazeera
    လေးမောင် ဘာသာပြန်သည်။

  • အလင်း နဲ့ အမှောင်ကြားက အာဆီယံခေါင်းဆောင်တစ်ဦး

    အလင်း နဲ့ အမှောင်ကြားက အာဆီယံခေါင်းဆောင်တစ်ဦး

    မတ် ၂၄ ၊ ၂၀၁၅
    M-Media
    ဆွေမွန်ရေးသည်။
    644444_1603914243154011_7123839644553152360_n
    .
    ဗိသုကာကြီး လီကွမ်းယူ၊ စင်္ကာပူရဲ့ ပထမဆုံး ၀န်ကြီးချုပ်၊ ခေတ်မီစင်္ကာပူကို တည်ဆောက်ခဲ့သူ စသည်ဖြင့် လီကွမ်ယူအကြောင်း အကောင်းရေးကြသူများပါတယ်။ အကောင်းရေးကြရအောင်လည်း သူ့လုပ်ရပ်တွေ (အများစု)က စင်္ကာပူနိုင်ငံကို တိုးတက်စေဖို့ ကိုယ်စားပြုနိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
    .
    အခြားတဖက်ကို ကြည့်ရင် သူဟာ တရုတ်မျိုးရိုး အစစ်ပါပဲ။ စင်္ကာပူနိုင်ငံမဖြစ်သေးတဲ့ စင်္ကာပူကို ၀င်လာတာ မျိုးရိုး လေးဆက်ပဲ ရှိပါသေးတယ်။ ကွမ်းတုံသားပါ။ ၁၈၆၃ မှာ တရုတ်က သူ့ဘိုးဘွားတွေ စင်္ကာပူကို အခြေချပြောင်းဝင်လာခဲ့တယ်။ British Education ကို ဖြစ်ဖြစ်မြောက်မြောက်တတ်ကျွမ်းတာရယ်၊ PAP ပါတီကတဆင့် နိုင်ငံရေးလမ်းကြောင်းကို ပါးပါးနပ်နပ် ရွေးချယ်ခဲ့တာတွေရယ်၊ အင်္ဂလိပ်လက်အောက်ခံ၊ ဂျပန်လက်အောက်ခံ၊ မလေးရှားလက်အောက်ခံတွေ ဖြစ်ခဲ့ပြီး ၁၉၆၅ မှာ မလေးက ခွဲထွက်ကာ စင်္ကာပူကို ကမ္ဘာ့အဆင့် အာရှကျားတစ်ကောင် ဖြစ်လာစေတာတွေက သူ့ကို အသိအမှတ် မပြုလို့ မရတဲ့အကြောင်းအရာတွေပါ။ မလေးကနေ စင်္ကာပူကို ခွဲထုတ်ခဲ့တဲ့အပိုင်းဟာ စိတ်ဝင်စားဖို့ အကောင်းဆုံးပါ။ လူ ၂၀ လောက်ပဲ အသေအပျောက်ရှိတဲ့ လူမျိုးရေးအဓိကရုဏ်းတစ်ခုကို အကြောင်းပြုပြီး စင်္ကာပူခွဲထွက်ခဲ့တယ်။ ဒီနေရာကို သေချာလေ့လာကြည့်ရင် စိတ်ဝင်စားစရာ အများကြီး၊ နောက်ဆက်တွဲ တွေးစရာတွေအများကြီး ရှိနေတာကို တွေ့ကြရပါမယ်။
    .
    တကယ်တိုးတက်သင့်တဲ့ ပင်မနိုင်ငံ မလေးရှားက မတိုးတက်ဘဲ စင်္ကာပူက ကျော်တက်လာရတဲ အကြောင်းအရာတွေ၊ မလေးကို ယှဉ်နိုင်ဖို့ မလေးရဲ့ပြိုင်ဖက် ဆူကာနိုရဲ့ အင်ဒိုနဲ့ ပြေးကပ်ခဲ့တဲ့ အကြောင်းတွေ၊ အာဆီယံကို ထူထောင်ခဲ့တဲ့ အကြောင်းတွေအပြင် အာရှသားတွေ ကမ္ဘာကကို ရင်ဘောင်တန်းနိုင်ဖို့ သူကြိုးစားခဲ့တာတွေကို ပိုပြီး လေ့လာသင့်ကြပါတယ်။
    .
    သူနဲ့ခေတ်ပြိုင် မြန်မာနိုင်ငံက တစ်တိုင်းပြည်လုံးမွဲ၊ သူ့မိသားစုတစ်စုတည်း ကျိကျိတက်ချမ်းသာတဲ့ (၁၉၈၄ လောက် နယူးစ်ဝိခ်လား တိုင်းလား၊ မဂ္ဂဇင်းတစ်စောင်မှာ ထင်မိတယ်။ သေချာ မမှတ်မိတော့။ ကမ္ဘာ့အချမ်းသာဆုံးနံပတ် ၆ ၀င်အောင် တိုင်းပြည်တာဝန်ထမ်းဆောင်ခဲ့တဲ့) ဦးနေ၀င်း၊ ( ခုချိန်ထိ သူ့မြေးတွေ ဒေါ်လာကို ဘီလီယံလို်က် ချမ်းသာကြသေးတယ်။) ဖိလစ်ပိုင်ဖက်မှာဆိုရင် အတိုက်အခံခေါင်းဆောင် အကွီနိုကို အနီးကပ်သတ်ပစ်ခဲ့တဲ့အပြင် ပြည်သူ့ဘဏ္ဍာအကုန်ဘုံးခဲ့တဲ့ သမ္မတ ဖာဒီနန်မားကို့စ်နဲ့ သူ့ကတော် ဖိနပ်အရံ ၂၀၀၀ ပိုင်ရှင် အီမယ်လ်ဒါမားကို့စ်တို့ထက်စာရင် လီကွမ်းယူဟာ နိုင်ငံဘဏ္ဍာကို ဘုံးချင် ခိုးချင်တဲ့သဘော မရှိခဲ့ပေမယ့် သူ့အာဏာတည်မြဲဖို့ အတွင်းစည်းဝိုင်းကို သူ့မိသားစုကိုပဲ ရွေးခဲ့တယ်။
    .
    မလေးရှားက အတိုက်အခံခေါင်းဆောင် အန်န၀ါ အီဗရာဟင်လို နိုင်ငံရေးပြိုင်ဖက်တွေကို အပြတ်ဖြုတ်တတ်တဲ့ မဟာသီ၊ ထိုင်းက အာဏာသိမ်းနိုင်လွန်းပြီး ပြန်ဆင်းမပေးချင်တဲ့ စစ်တပ်အဆက်ဆက်ရဲ့ ပင်မဆရာကြီး ဗိုလ်ချုပ်ကြီးချာဗလစ်ယောင်ချိုင်ယုဒ် (ဦးနေ၀င်းက အကိုကြီးလို့ ခေါ်ဖူးသေး) တို့လိုပဲ နိုင်ငံရေးအာဏာနဲ့ပတ်သက်လာရင် ဘယ်သူ့ကိုမှ မညှာတာခဲ့ပါဘူး။ နိုင်ငံရေးလမ်းကြောင်းမှာ အတိုက်အခံဟူသမျှ နှိပ်ကွပ်ခဲ့တဲ့ အာဏာရှင်အစစ်ပါ။ သူ့ကို အတိုက်အခံလုပ်သူတွေကို အမှုမစစ်ဘဲ ထောင်ချပစ်ခဲ့တယ်လို့ သူကိုယ်တိုင်ဝန်ခံဖူးပါတယ်။
    .
    ဒါ့အပြင် အာဏာပိုင်ဆိုင်ခြင်းကတဆင့် ရလာတဲ့ ဆင့်ပွားအခွင့်အရေးတွေကို မိသားစုလိုက် လက်ဝါးကြီးအုပ်ခဲ့တယ်လို့ ပြောနိုင်တယ်။ သားအကြီးဆုံးဖြစ်သူ လက်ရှိဝန်ကြီးချုပ် လီရှန်လွန်းကို ၀န်ကြီးချုပ်နေရာအတွက် ကြိုလျာထားခဲ့သလို သူ့နောက်က ဂိုချောက်တောင်ကိုလည်း သူပဲ ရွေးခဲ့တယ်။ ဒါပေမယ့် ဂိုချောက်တောင်ဟာ လီကွမ်းယူအရိပ်ကို မကျော်နိုင်ခဲ့ပါဘူး။ လီကွမ်းယူရဲ့ အရုပ်သာသာအဆင့်ပဲ ဖြစ်ခဲ့တယ်။ ၀န်ကြီးချုပ်နေရာကို သားအကြီးဆုံးဖြစ်သူ လီရှန်လွန်းက ၂၀၀၄ မှာ ရယူခဲ့သလို၊ သားအငယ် လီဆင်ယန်းဟာလည်း စင်္ကာပူစစ်တပ်မှာ ဗိုလ်မှူးချုပ်အဆင့်၊ နောက်ပိုင်းမှာ Sing Tel ရဲ့ CEO နဲ့ ဥက္ကဋ္ဌ ဖြစ်ခဲ့တယ်။ ညီကိုနှစ်ဦးလုံးဟာ Cambridge တက္ကသိုလ်ဆင်းတွေ၊ စင်္ကာပူစစ်တပ်မှာ ဗိုလ်မှူးချုပ်အဆင့်တွေချည်းပါပဲ။ ညီဖြစ်သူဟာ ခုချိန်မှာ Fraser and NeaveLtd မှာ ဥက္ကဋ္ဌလုပ်နေတဲ့အပြင် the Civil Aviation Authority of Singapore (CAAF) မှာလည်း အကြီးဆုံးရာထူးယူထားပါတယ်။ လီကွမ်းယူရဲ့သမီး လီဝေလင်းဟာ the National Neuroscience Institute ကို လုပ်ပိုင်ခွင့်ရထားသလို ၀န်ကြီးချုပ်လီရှန်လွန်းရဲ့ မိန်းမ Ho Ching ဟာလည်း Temasek Holdings ရဲ့ CEO နဲ့ Executive Director တစ်ဦးပါ။
    .
    ဒီအကြောင်းတွေမတိုင်မီမှာလည်း လီကွမ်းယူကို ဆက်ခံခဲ့တဲ့ ဂိုချောက်တောင်နဲ့ လီရှန်လွန်းကို ဝေဖန်ခဲ့တဲ့ The New York Times ကပိုင်တဲ့ the International Herald Tribune သတင်းစာကို Philip Bowring အမည်ရ သတင်းစာဆရာတစ်ဦးရေးတဲ့ ‘All in the Family’ ဆောင်းပါးဟာ စင်္ကာပူကို ထိခိုက်စေတယ်လို့ ခေါင်းစဉ်တပ်ပြီး တရားစွဲခဲ့တဲ့အတွက် သတင်းစာတိုက်ဖက်က အမေရိကန်ဒေါ်လာ ၁၁၄၀၀၀ လောက် အလျော်ပေးခဲ့ရပါသေးတယ်။
    .
    သူ့ရဲ့ PAP ပါတီအကြောင်းဟာလည်း စိတ်ဝင်စားစရာပါ။ အခြားအာဆီယံခေါင်းဆောင်တွေနဲ့မတူတာက နိုင်ငံတိုးတက်လာအောင် လုပ်ပြနိုင်ခြင်းပါပဲ။ အခြားအာဆီယံခေါင်းဆောင်တွေထက်စာရင် လီဟာ အပုပ်နံ့နည်းပါတယ်။
    .
    နိုင်ငံ့ပုံရိပ်တိုးတက်လာတာနဲ့အမျှ သူ့ရဲ့မကောင်းကြောင်းတွေဟာ နောက်ကို ရောက်ကုန်ပါတယ်။ သူ့ရဲ့အထင်ကြီးစရာ မူဝါဒတစ်ခုက စင်္ကာပူကို multiculture ယဉ်ကျေးမှုပေါင်းစုံထွန်းကားရာ၊ လူမျိုးပေါင်းစုံ လွတ်လပ်စွာနေထိုင်နိုင်စေရာ ဂေဟာတစ်ခုအဖြစ်ကို ကျင့်သုံးနိုင်ခဲ့ခြင်းပါပဲ။ ဒါကြောင့် နိုင်ငံတကာက လူမျိုးပေါင်းစုံဟာ စင်္ကာပူမှာ နေထိုင်ခွင့်၊ ပညာသင်ယူခွင့်၊ လူနဲ့တူတန်စွာ ကိုယ်ကြိုးစားရင် ကြိုးစားသလောက် တိုးတက်ခွင့်တွေ ရလာစေတယ်။ ဘာသာရေးကို လုံးဝ မပိတ်ပင်ဘူး။ ချပ်ခ်ျ၊ ဘုန်းကြီးကျောင်း၊ ဗလီ၊ ဟိန္ဒူဘုရားကျောင်းတွေအားလုံးဟာ တားဆီးမှု တစ်စုံတစ်ခုမရှိဘဲ လွတ်လပ်ခွင့် အပြည့်ပေးခဲ့တယ်။ ဒီအချက်ဟာ အာဆီယံဘယ်နိုင်ငံထက်မဆို အနောက်နိုင်ငံတွေကို သည်းခြေကြိုက်ဖြစ်စေတဲ့ အချက်ပါပဲ။ စည်းကမ်းနဲ့ပတ်သက်ရင် အလျှော့မပေးဘူး။ အနောက်နိုင်ငံသားတွေကိုတောင် ကြိမ်ဒဏ်ပေးခဲ့တဲ့ သာဓကတွေ အများကြီးပါ။ ကားဆေးမှုတ်မိလို့ ကြိမ်ဒဏ်မိတဲ့ မိုက်ကယ်ဖေးကိစ္စဆိုရင် ကမ္ဘာကျော်ခဲ့တယ်။
    .
    ဖတ်စရာတွေ ကျန်ဦးမှာပါ။ ကောင်းတာတွေရဲ့ တဖက်က အမှောင်ရိပ်သန်းတဲ့ လီကွမ်းယူအကြောင်းတွေဟာ အများကြီးရှိနေဦးမှာပါ။ ဒါပေမယ့် အလင်းအများကြီးထွက်တဲ့ မီးရောင်လိုမျိုး အမှောင်အများအပြားကို ဖယ်ရှားကာ သူ့နိုင်ငံသားတွေရဲ့ ကောင်းကျိုးတွေကို အများဆုံး လုပ်နိုင်ခဲ့လို့သာ သေဆုံးချိန်မှာ အမည်ကောင်းလေး ရခဲ့တယ်လို့ပဲ ဆိုချင်ပါတယ်။
    .
    ဆွေမွန်
    ၂၃ မတ်လ ၂၀၁၅

  • ဗိုလ်ချုပ်အောင်ဆန်း သူငယ်ချင်းတစ်ဦးဖြစ်သည့် တောင်ကြီးသားဦးခန်း အသက်၁၀၀ ပြည့်ပြီ

    ဗိုလ်ချုပ်အောင်ဆန်း သူငယ်ချင်းတစ်ဦးဖြစ်သည့် တောင်ကြီးသားဦးခန်း အသက်၁၀၀ ပြည့်ပြီ

    7 Days မှ ကူးယူဖော်ပြပါသည်။

    3(P) a_0
    ပင်လုံစာချုပ်ချုပ်ဆို မှုကို ကိုယ်တိုင်မျက်မြင် ကြုံတွေ့ ခဲ့သူ၊ စာချုပ်ချုပ်ဆိုရန် ဗိုလ်ချုပ် အောင်ဆန်းကို ကားမောင်းပို့ပေး ခဲ့သူ၊ ဗိုလ်ချုပ်၏ သူငယ်ချင်းတစ် ဦးဖြစ်သူ တောင်ကြီးသား ဦးခန်း သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်က အသက် (၁၀၀) ပြည့်ခဲ့ ပြီဖြစ်ကြောင်း သတင်းရရှိသည်။

    ဦးခန်းသည် ဗိုလ်ချုပ်အောင် ဆန်း ပင်လုံစာချုပ် လက်မှတ်ထိုး ရန် တောင်ကြီးမှ ပင်လုံသို့အသွား ကိုယ်တိုင် ကားမောင်းကာ လိုက် လံပို့ဆောင်ပေးခဲ့သူတစ်ဦးဖြစ်ပြီး ပင်လုံစာချုပ်ချုပ်ဆိုမှုကို ကိုယ်တိုင် မျက်မြင်ကြုံခဲ့သူတစ်ဦး ဖြစ် သည်။

    IMG_20150203_045159aaa

    တောင်တန်း၊ ပြည်မ မခွဲဘဲ လွတ်လပ်ရေးရယူရန် အရေးပါ သည့် ပင်လုံစာချုပ်ချုပ်ဆိုခဲ့မှုနှင့် ပတ်သက်၍ ဦးခန်းက ‘‘ပင်လုံမှာ အစည်းအဝေးတွေ၊ ဆွေးနွေးပွဲ တွေ လုပ်တယ်။ အဲဒီမှာ နိုင်ငံရေး သမားပေါင်းစုံရယ်၊  ဗိုလ်ချုပ် အောင်ဆန်းတို့၊ ဦးနုတို့၊  ဦးစော တို့ပါတယ်။ နှစ်ပေါင်း ၆၀ ဆိုတော့အကုန်လုံးတော့ မမှတ်မိတော့ဘူး။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူတူ ရှမ်းစော်ဘွားတွေလည်း တက်တယ်။ ဗိုလ်ချုပ်အောင်ဆန်းကအတူ လက်တွဲပြီး လွတ်လပ်ရေး ယူဖို့ပဲ ပြောတယ်’’ ဟု ၎င်းတွေ့ကြုံခဲ့ရပုံကို ပြောပြသည်။

    လွတ်လပ်ရေးရမည်ဆို သည်မှာ   သေချာပြီဖြစ်သော ကြောင့် ပြည်နယ်များအနေဖြင့် လည်း နောက်မကျန်အောင်အတူ လက်တွဲပြီး လွတ်လပ်ရေးယူဟု ဗိုလ်ချုပ်အောင်ဆန်းက ပြောခဲ့ကြောင်း  ဦးခန်းက  ဆိုသည်။ ထိုအချိန်က  ဗိုလ်ချုပ်အောင်ဆန်းသည်   လွတ်လပ်ရေးရယူရန် အချိန်ဆွဲသည့်  ရှမ်းစော်ဘွားအချို့ကိုလည်း စည်းရုံးခဲ့ကြောင်း ၎င်းကပြောသည်။

    3(P) b_3

    ‘‘မြန်မာပြည်မှာ ဗိုလ်ချုပ် အောင်ဆန်းနဲ့ တန်းတူတဲ့သူတစ် ယောက်မှ မရှိဘူး’’ဟု ဦးခန်းက ၎င်း၏အမြင်ကို ပြောသည်။ ဗိုလ် ချုပ်အောင်ဆန်းသည် အမျိုးသား ခေါင်းဆောင်ကြီးတစ်ဦးဖြစ်သကဲ့ သို့ ဖြောင့်မတ်ခြင်း၊ သတ္တိရှိခြင်း နှင့် နိုင်ငံအတွက် မြင့်မြတ်သော အလုပ်လုပ်ဆောင်ခဲ့သူတစ်ဦး ဖြစ်သည်ဟုလည်း  ပြောကြား သည်။

    ဦးခန်းသည် အသက်(၁၀၀) ပြည့်ပြီးသည်အထိ ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး လက်ရှိအ ချိန်တွင် တောင်ကြီးမြို့ ရေအေး ကွင်း ရပ်ကွက်၌ သားသမီးများ နှင့်အတူ နေထိုင်၍ ကားကိုပင် ကိုယ်တိုင်   မောင်းနေဆဲဖြစ် သည်။

    ၂၀၁၅ သည် ဗိုလ်ချုပ် အောင်ဆန်း နှစ်(၁၀၀)ပြည့် မွေး နေ့နှစ်ဖြစ်ပြီး ဗိုလ်ချုပ်မွေးရပ်ဇာတိ နတ်မောက်မြို့ အပါအ၀င် တစ်နိုင်ငံလုံးရှိ မြို့များတွင် ဗိုလ် ချုပ်ရာပြည့် အထိမ်းအမှတ်ပွဲများ ကျင်းပခဲ့သည်။

    (ဓာတ်ပုံ – ဂျွန်ချစ်ငြိမ်း)
    http://www.7daydaily.com/story/34194

    ** ဖြည့်စွက်ဖော်ပြချက်- ဦးဖရွတ်ခန်းခေါ် ဦးခန်း သည် အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်ပြီး   ၁၉၅၀ ပြည့်နှစ်မှ ၁၉၆၀ ပြည့်နှစ်အထိ ဆယ်နှစ်နှစ် တိုင်တိုင် နှစ်ကြိမ်ဆက် တောင်ကြီးမြို့ မြူနီစပယ်အဖွဲ့ ဥက္ကဋ္ဌမြို့တော်ဝန်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး ၁၉၆၂ ခုနှစ် တော်လှန်ရေးအစိုးရ တက်လာချိန်တွင် ဦးခန်းအား ရှမ်းစော်ဘွားများနှင့် အတူ ဖက်ဒရယ်အရေး ဆောင်ရွက်သည်ဟုဆိုကာ ၎င်းကို ဆယ်နှစ်ခန့် ထိန်းသိမ်းခဲ့သည်။

    ဦးဖရွတ်ခန်းခေါ် ဦးခန်း (သို့) သက်ရှိပင်လုံမှတ်တမ်း ဖတ်လိုလျှင်
    http://www.m-mediagroup.com/news/32147

  • မန္တလေးအဓိကရုဏ်း အစီရင်ခံစာ ထုတ်ပြန်

    မန္တလေးအဓိကရုဏ်း အစီရင်ခံစာ ထုတ်ပြန်

    DVB မှ ကူးယူဖော်ပြသည်။
    10505488_290062617833072_4129075403937789488_n
    မန္တလေးမြို့မှာ မနှစ်နှစ်လည်ပိုင်းက  ဖြစ်ခဲ့တဲ့ အဓိကရုဏ်းဟာ မမြင်ရတဲ့ လျှို့ဝှက်ကြံစည်သူလက်တွေက နိုင်ငံရေးရည်ရွယ်ချက်အတွက် ကြိုတင်စီစဉ်ထားတဲ့ ဇာတ်လမ်း အတိုင်း ကျူးလွန်ခဲ့ကြတာ ဖြစ်တယ်လို့   တရားမျှတမှုအဖွဲ့ (Justice Trust)က ထုတ်ပြန် ပါတယ်။

    “မြန်မာနိုင်ငံ မွတ်စလင်ဆန့်ကျင်ရေးအကြမ်းဖက်မှုများနောက်ကွယ်မှ မမြင်ရသောလက်၊ မန္တလေးအဓိကရုဏ်းနှင့်ပတ်သက်၍ လေ့လာချက် အစီရင်ခံစာ” အမည်နဲ့ ဒီနှစ် မတ်လထုတ် မူဝါဒဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

    ဒီအစီရင်ခံစာကို တည်းဖြတ်သူ၊ တရားမျှတမှုအဖွဲ့ (Justice Trust)ရဲ့ ဦးဆောင်ကော်မတီဝင် မန္တလေးမြို့က ရှေ့နေဦးသိန်းသိန်းဦးက “တနိုင်ငံလုံးမှာရခဲ့တဲ့ သက်သေအထောက်အထား တွေ၊ ဖြစ်စဉ်တွေက ပုံစံတူတွေဖြစ်တယ်။ ဒီ ဘာသာရေးအရေးအခင်း၊ အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး ဖြစ်တဲ့အနေအထားတွေက တပုံစံတည်း ဖြစ်တယ်။ အဲဒါတွေက မန္တလေးမှာ ဖြစ်ခဲ့တဲ့ကိစ္စကလည်း တကယ်ကတော့ သတင်းဌာန သစ်ထူးလွင်ဆိုတဲ့သတင်းဌာနက မမှန်သတင်း ထုတ်လွှင့်လှုံ့ဆော်တာတွေနဲ့ အတူတူပေါ့နော် ပူးပေါင်းကြံစည်တဲ့သူတွေ ပါဝင်တယ်။ ပူးပေါင်းပါဝင်တဲ့သူတွေ ပါဝင်တာမှ နောက်ကွယ်က အကွက်ချပြီးတော့ ရာဇ၀တ်မှုတွေ ရောယှက်ပြီးတော့ ဇာတ်လမ်းကို မကြီးကြီးအောင်လုပ်တာဖြစ်တယ်။ ဒါကို နိုင်ငံတော်အစိုးရဘက်ကလည်း သတင်းစာရှင်းလင်းပွဲ လုပ်ထားတယ်။ ကျနော်တို့ရတဲ့ အချက်အလက်တွေက တွေ့ရတယ်။ နောက်ဖြစ်စဉ်တွေမှာ ပါဝင်လာခဲ့တဲ့လူတွေက ထုံးစံအတိုင်းပါပဲ မန္တလေးမြို့သားတွေ မဟုတ်ဘူး။ ဖြစ်စဉ်တိုင်း ဖြစ်စဉ်တိုင်းမှာ ပါဝင်ကျူးလွန်သူတွေဟာ သူစိမ်းတွေ ဖြစ်ကြတယ်။ မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌလည်း ဒီအချက်ကို ၀န်ခံရပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းလည်း ဒီအချက်ကို ထောက်ပြတယ်။ ဒီအချက်တွေက ကျနော်တို့ ရရှိတဲ့ အသေးစိတ်အချက်အလက်တွေ ဒီပြင် ဗမာပြည်ထဲမှာ ဖြစ်ခဲ့တဲ့ ပုံစံတူကိစ္စတွေအားလုံးကို ချုပ်လိုက်တော့ ကျနော်တို့ရခဲ့တဲ့ ဓာတ်ပုံအထောက်အထားအပါအ၀င် အချက်အလက်တွေက အဲဒီကိစ္စကို လှုံ့ဆော်သွားတာဟာ မန္တလေးကလူတွေ မဟုတ်ဘူး။ သာမန်ကိစ္စမဟုတ်ဘူး။ အကွက်ကျကျ အစီအစဉ်တကျ စီစဉ်သွားတာလို့ ထုတ်ပြောရင် ဖြစ်ပါတယ်ခင်ဗျ။ ” လို့ ပြောပါတယ်။

    မန္တလေးအဓိကရုဏ်းဟာ သေချာ စုဖွဲ့ထားတဲ့ လက်နက်ကိုင်ဂိုဏ်းတွေက ကျူးလွန် ဆောင်ရွက်ခဲ့ကြကြောင်းနဲ့ သူတို့တတွေကို မန္တလေးမြို့ပြင်ပကနေ ခေါ်ဆောင်လာခဲ့ကြတာ ဖြစ်ပြီး အလိုအလျောက် လူအုပ်လူဝေးနဲ့ ဆူပူအကြမ်းဖက်မှုအသွင် ထင်မြင်ရလေအောင် သေသေချာချာ စီစဉ် ဒီဇိုင်းလုပ်ထားတဲ့အဓိကရုဏ်းဖြစ်တယ်လို့ ဆိုပါတယ်။

    10525761_290063657832968_6796677837261088722_n

    အပိုင်း ၃ ပိုင်းပါ အစီရင်ခံစာမှာ အရင်စစ်အစိုးရဟောင်းနဲ့ ဆက်စပ်မှု ရှိကြတဲ့ သဘောထားတင်းမာသူတွေရဲ့ လျှို့ဝှက်ကြံစည်တဲ့လက်တွေက မန္တလေးအဓိကရုဏ်းတွေကို ဘယ်လို ဖန်တီး လှုံ့ဆော်သည်ကို ဖော်ပြထားပြီး ဘာသာရေးအကြမ်းဖက်မှု ထောင်ချောက် အတွင်း မကျရောက်အောင် ပြည်သူတွေကို အကြံပြုချက်တွေ ထည့်သွင်း ထားပါတယ်။

    နိုင်ငံတကာ ဥပဒေပညာရှင်တွေပါ ၀င်တဲ့ ခြောက်လကြာ ကွင်းဆင်းမေးမြန်းချက်တွေအရ ဖြေကြားသူတွေက တညီတညွတ်တဲ့ ပြောဆိုကြရာမှာ  အဓိကရုဏ်းတွေဟာ စစ်တပ်သဘော ထားတင်းမာသူတွေရဲ့ ပြယုဂ်လုပ်ရပ်တခုဖြစ်ပြီး အထူးသဖြင့် စစ်အစိုးရရဲ့ ထိပ်သီးခေါင်းဆောင်၊ စိတ်ဓာတ်စစ်ဆင်ရေး ကျွမ်းကျင်သူလို့ နာမည်ကျောင်သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သစ္စာရှိ လူယုံများလုပ်ရပ်လို့ ဆိုကြောင်းနဲ့ ရည်ရွယ်ချက်ကတော့ မူဆလင်တွေအပေါ် အကြမ်းဖက်မှုတွေကို ဖန်တီးပေးခြင်းအားဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အဟန့်အတား ဖြစ်စေရန်။ ကန့်လန့်ကာနောက်ကွယ်မှနေ၍ သူတို့အာဏာကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်လို့ ဆိုကြသည်လို့ ဖော်ပြပါတယ်။

    အခန်း ၂ မှာ နောက်ခံအကြောင်းအရာတွေနဲ့ သုံးသပ်ချက်တွေကို ဖော်ပြပြီး အရင်စစ်အစိုး လမ်းပြမြေပုံက နိုင်ငံရေးအသွင်ကူးပြောင်းမှုလမ်းကြောင်းကို ချပေးခဲ့ကြောင်း၊ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ လူမှုအသိုက်အ၀န်းချင်း ပဋိပက္ခများမှသည် မိတ္ထီလာ၊ လားရှိုး၊ မန္တလေးနဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ မွတ်စလင်ဆန့်ကျင်ရေးအဓိကရုဏ်းတွေ ဘယ်ကို ဦးတည်တယ်ဆိုတာကို ဖော်ပြရေးသားပါတယ်။

    အဓိကရုဏ်းတွေရဲ့ ရည်ရွယ်ချက်တွေဟာ ခေါင်းမာအုပ်စုတွေနဲ့ ခရိုနီကွန်ယက်တွေရဲ့ တရားမ၀င် အာဏာကို ဆက်လက်ထိန်းသိမ်းထားရေး ဖြစ်ပြီး လူထုရဲ့ဒေါသ၊ မကျေနပ်မှုတွေကို လမ်းလွှဲပေးရေး၊ လမ်းကြောင်းပြောင်းပေးရေးဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲဖို့ နိုင်ငံရေးဆန္ဒ မရှိကြတဲ့အခြေအနေမှာ ဒီလို လုပ်ဆောင်ခြင်းကြောင့်  ဒီမိုကရေစီအင်အားစုတွေရဲ့ အင်အား ချိနဲ့လာစေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

    မန္တလေးမှာ ဖြစ်ပွားတဲ့အဓိကရုဏ်းမဖြစ်ပွားမီ မနှစ် ဇွန် ၃၀ ရက်နေ့က ဆရာတော် ဦးဝီရသူရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်စာမျက်နှာကနေ မွတ်ဆလင်ညီအကို ၂ ဦးက ဗုဒ္ဓဘာသာဝင် အမျိုးသမီးအိမ်ဖော်တဦးကို မုဒိမ်းကျင့်တယ်လို့   ဖော်ပြခဲ့ပါတယ်။ ဒီအမျိုးသမီးက နောက်ပိုင်းမှာ လူမိုက်တဦးက ခြိမ်းခြောက်ခိုင်းစေတာကြောင့် လိမ်လည်ပြောဆိုခဲ့တာလို့ ပြောဆိုခဲ့တာကို ဖော်ထုတ်နိုင်ခဲ့ပေမယ့် ဒီသတင်းမှားကြောင့် ဗုဒ္ဓဘာသာဝင်တဦးနဲ့ အစ္စလာမ်ဘာသာဝင်တဦး အသက်သေဆုံးခဲ့ရပြီးနောက်မှာ အကြမ်းဖက်မှုကို ဦးတည်တဲ့ အဓိကရုဏ်းဖြစ်ပွားတဲ့ အဆင့်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

    မန္တလေးမြို့ အဓိကရုဏ်းဖြစ်စဉ်မှာ လက်နက်ကိုင်ဆောင်တဲ့ နယ်ခံ မဟုတ်လို့ ယူဆရတဲ့ လူငယ် ၃၀ ခန့်ဟာ တုတ်၊ ဓားတွေ ကိုင်ဆောင်ပြီး ဆိုင်ကယ်တွေနဲ့ မြို့တွင်းမှာ ယာဉ်တွေ၊ အိမ်တွေ၊ ဗလီတွေကို ဖျက်ခဲ့ကြတာကို ရဲ ၁၀၀ ကျော်က လက်ပိုက်ကြည့်နေတယ်လို့ ဆိုပါ တယ်။ အဆိုပါ လူငယ် ၃၀ ခန့်ဟာ ဘုန်းကြီးကျောင်းတွေကိုလည်း သူတို့နဲ့ လိုက်ပါဖို့ လိုက်လံ စည်းရုံးပေမယ့် သံဃာတွေနဲ့ နယ်မြေခံ ပြည်သူတွေက ပူးပေါင်းပါဝင်ခြင်း မရှိခဲ့ကြဘူးလို့ စည်းရုံးခံရပြီး ငြင်းပယ်ခဲ့ကြတဲ့ ကျောင်းထိုင်ဆရာတော်ကြီးတွေရဲ့  မိန့်ကြားချက်ကို ကိုးကား ဖော်ပြပါတယ်။

    အဓိကရုဏ်းဖြစ်နေစဉ်မှာ အနီးဝန်းကျင်မှာ လုံခြုံရေးထိန်းသိမ်းတဲ့တပ်ဖွဲ့တွေ ရှိနေပေမယ့် မကိုင်တွယ်ခဲ့ကြပဲ လျစ်လျူရှုခဲ့ကြတယ်လို့ မျက်မြင်ဒေသခံတွေကို မေးမြန်းချက်တွေကို ဖော်ပြပါတယ်။

    မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံသားတိုင်းဟာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်နဲ့ လွတ်လပ်စွာကျင့်သုံးခွင့် ရှိတယ်လို့ ပြဌာန်းထားပေမယ့် ၉၆၉ လှုပ်ရှားမှု၊ မွတ်စလင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေနဲ့ ဦးဝီရသူရဲ့ တရားပွဲတွေဟာ ဒီအခွင့်အရေးတွေကို တိုက်ရိုက် စိန်ခေါ်ခြိမ်းခြောက်နေတယ်လို့ ဖော်ပြပါတယ်။ ၉၆၉ လှုပ်ရှားမှုဟာ ၂၀၁၄ ဖေဖော်ဝါရီလမှာ ရန်ကုန်မြို့မှာ ကျင်းပတဲ့ စာပေဟောပြောပွဲတခုကိုလည်း မွတ်စလင်ဟောပြောသူတွေ ပါနေတယ်၊ အမုန်းတရားပြန့်ပွားရေး ဟောပြောနေတယ်ဆိုပြီး နှောင့်ယှက်ခဲ့ကြတာကို ဖော်ပြပါတယ်။

    သမ္မတဦးသိန်းစိန်က အမုန်းတရားနဲ့ အကြမ်းဖက်မှုအတွက် လှုံ့ဆော်သူတွေကို ဥပဒေကြောင်းအရ ပြင်းထန်စွာ အရေးယူမယ်လို့ သတိပေးခဲ့ပေမယ့် အာဏာပိုင်တွေက ၉၆၉ လှုပ်ရှားမှုရဲ့ ရန်လိုတဲ့ ဆောင်ရွက်ချက်များအပေါ် တိကျတဲ့ အရေးယူဆောင်ရွက်ချက်တွေ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ရာဇ၀တ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတွေကို အသာထားပြီး တရားဝင်ထုတ်ပြန်ကြေညာချက်များဖြင့်ပင် အရေးယူဆောင်ရွက်ခြင်း မရှိပါလို့ ဖော်ပြ ထားပါတယ်။

    ရှေ့နေ ဦးသိန်းသန်းဦးက“ဥပမာအားဖြင့်ဗျာ အများကြီး မြင်ရပါတယ်။ အခုဆိုလို့ရှိရင်ဗျာ စာရေးဆရာ ဦးထင်လင်းဦးကို ချောင်းဦးမြို့နယ်တရားရုံးမှာ သာသနာကို ညစ်နွမ်းအောင် ပြောဆိုမှုဆိုပြီး ၂၉၅ (က)နဲ့ တရားစွဲထားပါတယ်။ စွဲချက်တောင် တင်နေတဲ့အနေအထား ဖြစ်ပါတယ်။ ဦးထင်လင်းဦး ဟောပြောတာက ဘာသာရေးစော်ကားတာ မဟုတ်ပါဘူး။ အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်တဲ့အခါမှာ အချို့အချက်အလက်ကလေးတွေပါတဲ့အပေါ်မှာ အခွင့်ကောင်းယူပြီးတော့ စွဲတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာမှာ အင်မတန်ထင်ရှားတဲ့ ဆရာတော်တပါးက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ လူ့အခွင့်အရေးကိုယ်စားလှယ် (မစ္စစ် ယန်ဟီးလီ)ကို အင်မတန် ရင့်သီးရိုင်းပြတဲ့၊ သာသနာတော်မှာ ခွင့်ပြုမထားတဲ့၊ သာမန်ယဉ်ကျေးတဲ့ လူတယောက်တောင် မသုံးတဲ့ အသုံးတွေ သုံးထားတာမျိုးကို ဘာမှ သတိပေးတာက အစ ဘာမှမလုပ်ဘူး။ အဲဒီတော့ သူက အမုန်းတရားတွေ လှုံ့ဆော်တဲ့ လူတွေကို ပြောတယ်ဆိုပေမယ့် လူမှုရေးကွန်ရက်မှာလည်း ဒါမျိုးတွေ အများကြီး လူမှုရေးကွန်ရက်မှာလည်း ကြက်ဥကြော်တံဆိပ်တွေနဲ့ အုံနဲ့ကျင်းတဲ့ အချိန်နဲ့တပြေးညီ လှုံ့ဆော်နေတဲ့သူတွေ ရှိတယ်။ ကျယ်ကျယ်ပြန့်ပြန့် တရားပွဲတွေမှာ ပြောနေတဲ့သူတွေ ရှိတယ်။ ဒါတွေ အကုန်လုံးကို လွှတ်ထားပါတယ်။ လွှတ်ချင်တဲ့သူတွေကို လွှတ်ထားပြီးတော့ မလိုတဲ့သူတွေကိုတော့ အပြစ်ပေးတယ်။” လို့ ပြောပါတယ်။

    အစီရင်ခံစာထဲမှာလည်း အစိုးရက အမှန်တကယ်မှာ ၉၆၉ လှုပ်ရှားမှုအတွက် လူမှုအမုန်းတရားများ ဟောပြောဖန်တီးရန် ၀န်းကျင်ကို ဖန်တီးပေးထားပြီး တချိန်တည်းမှာ လူ့အခွင့်အရေးကို ကာကွယ်လှုပ်ရှားပေးနေကြတဲ့ တက်ကြွလှုပ်ရှားသူတွေကို  အတင်းအကျပ် ချေမှုန်း ဖိနှိပ်ခဲ့တယ်လို့ ဆိုပါတယ်။

    မန္တလေးအကြမ်းဖက်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ တရားမျှတမှုအဖွဲ့(Justice Trust)နဲ့အတူ တွေ့ဆုံ မေးမြန်းခဲ့ကြသည့် ရှေ့နေများက ယခု ဖမ်းဆီးထားသူများ၊ ပြစ်ဒဏ် ချမှတ် ထားသူများသည် အမှန်တကယ် ရာဇ၀တ်မှုများ ကျူးလွန်ခဲ့ကြသည်ဟု မယုံကြည်ကြောင်း ဖော်ပြ ထားပါတယ်။

    ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းနဲ့ ကျန်ဒေသတွေမှာ ဖြစ်ပွားတဲ့ အဓိကရုဏ်းတွေဟာ မတူညီ ကွဲပြားခြားနားတယ်ဆိုတာကိုလည်း အစီရင်ခံစာက ထောက်ပြ ထားပါတယ်။ ရခိုင်ပြည်နယ်ကိစ္စမှာ သမိုင်းကြောင်းအရ အမြစ်တွယ်နေတဲ့ ကွဲပြားရန်လိုမှုတွေ အစစ်အမှန် ရှိနေပြီး နောက်ပိုင်းနိုင်ငံရဲ့ ကျန်ဒေသတွေမှာ ဖြစ်ပွားတဲ့ ကိစ္စတွေမှာတော့ လူထုရဲ့ စိတ်ခံစားမှုကို သွေးထိုးပေးပြီး တင်းမာမှုတွေအပေါ်မှာ ရည်ရွယ်ချက်ရှိရှိ ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတွေ ဖြစ်တယ်လို့ ရေးထားပါတယ်။

    အတိတ်ကာလမှာကလည်းက မြန်မာနိုင်ငံမှာ နိုင်ငံရေးအာဏာအတွက် ဘာသာရေးကို ခုတုံးလုပ်မှုတွေ ဖြစ်ခဲ့တာကြောင့် ဒီဖြစ်ရပ်တွေကို  လူအများ သိရှိအောင် ဖြန့်ဝေပြောဆိုကြဖို့နဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့တွေကို ဟန်ဆောင်သဘောမဟုတ်ဘဲ အောက်ခြေအဆင့်ထိ ထိထိရောက်ရောက် ဖွဲ့စည်းပြီး အကြမ်းဖက်ဖို့ ကြိုးပမ်းသူတွေကို တုံ့ပြန် ဆောင်ရွက်သင့်တယ်လို့ မန္တလေးမြို့ ငြိမ်းချမ်းရေးထိန်းသိမ်းမှုကော်မတီအဖွဲ့ဝင်လည်းဖြစ်တဲ့ ရှေ့နေ ဦးသိန်းသန်းဦးက တိုက်တွန်းပါတယ်။

    http://burmese.dvb.no/archives/86801

  • ကျူရှင် ….

    ကျူရှင် ….

    ဆောင်းပါးရှင်- ကျော်မိုးအောင်

    1794605_1015999801747060_6985290458237284774_n

    ကျူရှင် ….

    မြန်မာနိုင်ငံမှာ မူကြိုကလေးကစ … ဆေးကျောင်းသားမကျန် .. ယုတ်စွအဆုံး ပါရဂူဘွဲ့အတွက် ပြင်ဆင်နေသူအထိ မကင်းတဲ့ စကားလုံး ဖြစ်စဉ်တစ်ခု။

    “မြန်မာပြည်က ကျောင်းသားမှန်ရင် ကျူရှင် တက်ဖူးကြသည်” ဆိုရင် မှားမယ်မထင်။ ပုံစံအမျိုးမျိုးသော ကျူရှင်များ … ကျူရှင်ဆရာများလည်း အလုပ်ဖြစ်ကြတယ်လေ။

    ကျွန်တော်ကိုယ်တိုင်လည်း ဆယ်တန်းအောင်ပြီးစ လွန်ခဲ့တဲ့ ၁၅နှစ်လောက်ကစလို့ သင်ကြားရေးနဲ့ နွယ်တဲ့အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းနေသူတစ်ဦးပါ။

    အထက်တန်းကျောင်းသားများအတွက် study guide လုပ်ခဲ့ရာကအစ … နောက်ပိုင်း ကျူရှင်ဆရာအဖြစ် ပြောင်းလဲသင်ကြားရင်း ခုချိန်မှာ ကျောင်းတစ်ကျောင်းမှာ စာသင်နေသူဆိုတော့ ဒီဖြစ်စဉ်တွေနဲ့ မစိမ်းသလို ကိုယ်တိုင် မိဘတစ်ဦးအနေနဲ့ပါ ဒီကိစ္စကို သုံးသပ်မိတော့ ရှုထောင့်စုံကနေလည်း မြင်နေခွင့် ရနေပါတယ်။

     ကျူရှင် အလွဲ

    ကျူရှင်ကိစ္စ လွဲတာကို ပြောရရင် ပထမဆုံး အသံထွက် စာလုံးပေါင်း နဲ့ အဓိပ္ပါယ်ကနေပဲ စရမယ် ထင်ပါတယ်။

    မူလဘူတအားဖြင့် ကာကွယ်စောင့်ရှောက် တာဝန်ယူခြင်း “protection, care, custody” လို့အဓိပ္ပါယ်ရတဲ့ tuycioun ဆိုတဲ့ ပြင်သစ်စကားလုံး ဝေါဟာရကနေ ဆင်းသက်လာတဲ့ စကားလုံးကို မြန်မာသံနဲ့ ကျူရှင်လို့ ခေါ်လေသည်ပေါ့လေ။ အင်္ဂလိပ် အသံထွက် အမှန်က ဗြိတိန် အသံထွက်နဲ့ဆို /tjuːˈɪʃ(ə)n/ … အမေရိကန် အသံထွက်နဲ့ဆို /tuːˈɪʃ(ə)n/  အနည်းစပ်ဆုံး အသံထွက် ရေးပြရရင် /ထယူး အစ်ရှန်/ ဒါမှမဟုတ် /ထူး အစ်ရှန်/ ရယ်လို့ အစ်ကို ဖိပြီး အသံထွက်ရပါတယ်။ မြန်မာလိုက ကျူရှင်ရယ်လို့ ပြောနေလေတော့ အင်္ဂလိပ်လို စာလုံးပေါင်းကြရမှာ “tution” ဆိုပြီး i တစ်လုံး ကျန်နေတတ်ကြပါတယ်။

    အမှန်က “tuition” ပါ။

    “tuition” ဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပါယ်ကို Cambridge Advanced Learners’ Dictionary ကတာ့ ဒီလို ဆိုလေရဲ့။

    “tuition – noun [U]

    1.    (MAINLY UK)       teaching, especially when given to a small group or one person, such as in a college or university
    2.    (MAINLY US)       the money paid for this type of teaching”

    “၁။ ကောလိပ် တက္ကသိုလ် စသည်တို့တွင် ကျောင်းသားအုပ်စုလိုက်ဖြစ်စေ တစ်ဦးချင်းဖြစ်စေ သင်ကြားပေးခြင်း၊

    ၂။ ထိုသို့ သင်ကြားပေးရန်အတွက် ပေးရသော အခကြေးငွေ။”

    မူရင်း အဓိပ္ပါယ်အားဖြင့်ကတော့ စာသင်ကြားပေးခြင်းပါ။ တက္ကသိုလ်မှာ အုပ်စုအလိုက် ကျောင်းသား ခပ်နည်းနည်းနဲ့ သင်တာကိုလည်း ကျူရှင်လို့ပဲ ခေါ်ပါတယ်။ (အသံထွက်အားဖြင့် ကျူရှင်ဆိုတာ မှားကြောင်း ပြောထားပေမယ့် အများသုံး ဒီစာလုံးကိုပဲ ဆက်သုံးပါရစေ။) အပြင်မှာ သပ်သပ် ဆရာတစ်ဦးဦးနဲ့ သင်တာကိုမှ ကျူရှင်ခေါ်တာ မဟုတ်ပါ။ ကျောင်းမှာ၊ ကောလိပ်မှာ၊ တက္ကသိုလ်မှာ သင်တာလည်း ကျူရှင်ပါ။

    နောက်ထပ် အဓိပ္ပါယ် (၂) က ငွေကြေးနဲ့ ဆိုင်ပါတယ်။ တော်ရုံတန်ရုံ အင်္ဂလိပ်လို နားလည်သူတွေတောင် tuition fee ရယ်လို့ ကျွန်တော်က ပြောတော့ ကျောင်းတက်မှာကို ကျူရှင်ပါ ထပ်တက်ရမှာလား … ကျူရှင်အတွက်ပါ ပေးရမှာလား ဆိုတာမျိုး ပြန်မေးတာ ကြုံခဲ့ဖူးပါရဲ့။ ကျောင်းလခဆိုဆို သင်တန်းကြေးပြောပြော … အဲဒါကိုလည်း ကျူရှင်လို့ ခေါ်ပါတယ်။ တက္ကသိုလ်တက်ဖို့ သွင်းရတဲ့ အခကြေးငွေကလည်း tuition ပါ။

    ကျူရှင်ဆရာ

    အဲလို ကျူရှင် (tuition) သင်တဲ့ဆရာကို တကယ်တော့ ကျူတာ (tutor) လို့ ခေါ်ပါတယ်။ ဒီစာလုံးမှာတော့  u နဲ့ t ကြား i မပါတော့ပါဘူး။ သူ့ရဲ့ အသံထွက် အမှန်ကလည်း /ˈtju: tə(r) / သို့မဟုတ် /ˈtu: tə(r) /  (ထယူးထာ သို့မဟုတ် ထူးထာ) ပါ။

    ကျူရှင်ဆရာဆိုတာကို (ကျွန်တော်ကိုယ်တိုင်အပါအဝင်) တိုက်ရိုက် ဘာသာပြန်ပြီး tuition teacher ရယ်လို့ အလွယ်ပြောနေမိပေမယ့် တကယ့် အခေါ်အဝေါ်မှန်က tutor ပါ။ tutor ရဲ့ အဓိပ္ပါယ်က “a teacher who works with one student or a small group, either at a college or university or in the home of a child” ကောလိပ်၊ တက္ကသိုလ် သို့မဟုတ် ကျောင်းသားအိမ်တွင် တစ်ဦးချင်းဖြစ်စေ အုပ်စုလိုက်ဖြစ်စေ သင်သောဆရာ ပါ။ တစ်ချို့ကလည်း home tutor/ private tutor ရယ်လို့ ကွဲပြားအောင် သုံးနှုန်းကြလေရဲ့။

    ကျူရှင်ခေတ် ဘယ်ကစ

    လက်ရှိ မြန်မာနိုင်ငံမှာ ခေတ်စားနေသော ကျူရှင် ဘယ်ကစတယ် သေချာမသိပေမယ့် အမြစ်တွယ် တွင်ကျယ်လာတာကတော့ ဆယ်စုနှစ် အတန်ကြာနေပါပြီ။

    အလွတ်သင် ကိုယ်ပိုင်ကျောင်းများ မရှိတော့တဲ့နောက်မှာ … ကျောင်းသားများ အထက်တန်းစာမေးပွဲ (တက္ကသိုလ်ဝင်တန်း၊ ဆယ်တန်း) ပြင်ပဖြေခွင့်မရှိဘဲ အစိုးးရကျောင်းတက်မှသာ ဖြေခွင့်ရှိခဲ့တဲ့ကာလမှာ ကျူရှင်တွေ အထူး ခေတ်ကောင်းခဲ့ပါတယ်။

    အဲဒီခေတ်က ကျူရှင် နှစ်မျိုးတွေ့ရမယ် ထင်ပါတယ်။

    ၁။ အစိုးရကျောင်းများမှ ဆရာဆရာမများ (ဝမ်းရေးအတွက် တစ်တပ်တစ်အား အထောက်အကူ ပြုစေဖို့) အပြန်အလှန် နားလည်မှုနဲ့ သင်ကြားတဲ့ … တရားဥပဒေအရ အရေးယူနိုင်တဲ့၊ ခွင့်မပြုတဲ့ private tuition တွေ home tuition တွေ ဝိုင်းကျူရှင်တွေ

    ဒီလိုကျူရှင်တွေမှာလည်း ကျောင်းမှာသင်လိုက်တဲ့စာကို နောက်တစ်ကြိမ် ကြေညက်အောင် အမှန်တကယ် ပြန်သင်တဲ့ စေတနာ ဆရာဆရာမတွေ အများအပြား ပါပါတယ်။ စုန်းပြူးတွေ နေရာတကာ ရှိတဲ့အတွက် ငွေအဿပြာအတွက်သက်သက် ကျူရှင်ဖွင့် … စာမေးပွဲမှာ မေးမယ့် မေးခွန်းနဲ့အဖြေကိုသာ သင်တဲ့ဆရာဆရာမလည်း ရှိတာပါပဲ။ ပြောရရင် နှစ်မျိုးလုံးသော ဆရာဆရာမတွေ ကိုယ်တွေ့ ကြုံခဲ့ရဖူးပါတယ်။ ဒီကျူရှင်မျိုးတက်တဲ့ကျောင်းသားတွေမှာလည်း လိုလိုလားလား ပညာလိုချင်လို့ … စာကျေညက်ချင်လို့ တက်တာမျိုးလည်း ရှိသလို အတန်းပိုင်ဆရာမ မငြိုငြင်ရေး၊ အမှတ်ကောင်းရရေး၊ မပင်မပန်း တစ်နှစ်တစ်တန်းအောင်ရေး အလွယ်လိုက်ချင်လို့ တက်ခဲ့ကြသူတွေလည်း ရှိတာပဲပေါ့လေ။

    ၂။ ပြင်ပ ပညာရှင်များ မှတ်ပုံတင် ဖွင့်လှစ်တဲ့ တရားဝင် ကျူရှင်များ

    အကြောင်းကြောင်းသော အကြောင်းများကြောင့် အစိုးရကျောင်းများမှ ဆရာဆရာမများ သင်ကြားပေးတာ မလုံလောက်လို့ ယူဆတဲ့အတွက် ကျောင်းချိန် ပြင်ပမှာ ကျောင်းသားများ အပြင်ကျူရှင် တက်ကြပါတယ်။ အရင်ကတော့ ဒီလို ကျူရှင်တွေကို အထက်တန်းရောက်မှသာ (ဆယ်တန်းစာမေးပွဲ အမှတ်ကောင်းစေဖို့) တက်ကြတာမျိုးပါ။

    ကျူရှင် ပြီးရင်း ကျူရှင်

    ဘာကြောင့် စခဲ့စခဲ့ … ကျူရှင်ကတော့ မြန်မာ့ကျောင်းသား အသိုင်းအဝိုင်းမှာ အမြစ်တွယ်နေပါပြီ။

    ကျောင်းမှာသင်တာ မလုံလောက်လို့ ကျူရှင်ယူတယ်ဆိုရာကနေ … အကောင်းဆုံး ကျူရှင်ယူသူများသည်ပင်လျင် ကျူရှင်ပြီးတော့ မပြီးသေးဘဲ နောက်ထပ် study guide ဂိုက်ဆိုတဲ့ အသွင်သစ်ကျူရှင်တစ်မျိုးမှာ ထပ် အသင်ခံကြပြန်ရော။

    ပြောခဲ့ပါတယ် … ကျွန်တော်လည်း study guide လုပ်ရင်း သင်ကြားရေးလောက ရောက်ခဲ့တာဆိုတာ။

    ဂိုက် စလုပ်တဲ့အချိန်မှာ … (မြန်မာပေတံနဲ့ တိုင်းလို့) စာတော်ပါတယ်ဆိုသူတွေတောင် …. အကောင်းဆုံးကျောင်းဆိုတာမှာ တက်ပါလျက် … နာမည်အကြီးဆုံး ကျူရှင်တွေမှာ ရွေးတက်ပါလျက် … စာကို သေချာ နားမလည်သေးလို့ ကိုယ်က ပြန်သင်ပေး ပြန်ရှင်းပြရတာ အကြိမ်ကြိမ်။

    အဲဒီတုန်းကတော့ သူတို့ ဘာလို့ သေချာနားမလည် မကြေညက်တာလဲဆိုတာ ကိုယ်တိုင်လည်း သေချာရေရာ မသိခဲ့။  ကိုယ်ရှင်းပြလိုက်တော့မှ သူတို့ နားလည်သွား … ပုစ္ဆာ တွက်နိုင်သွား … မေးခွန်းဖြေနိုင်သွားတာဆိုပြီး ကိုယ့်ကိုကိုယ်လည်း အဟုတ်ကြီးထင်၊ ကျောင်းသားတွေကလည်း ကိုယ့်ကို ပိုအားကိုးပေါ့။

    စဉ်းစားကြည့်တော့ကလေးတွေခမျာ ကျောင်းကသင်၊ ကျူရှင်ကပြန်သင်၊ ဂိုက်ကထပ်သင်နဲ့ မနက် ၆နာရီကနေ ည၁၀နာရီ ၁၁နာရီထိ တစ်ပတ် ၇ရက် အသင်ခံရတဲ့ passive အနေအထားသက်သက်။ ဘယ်မှာလဲ ကိုယ်တိုင်ကိုယ်ကျ လေ့လာတဲ့ active learning။ နတ္ထိ။ လွဲချက်ကနာ။

     

     

    မဆုံးနိုင်တဲ့ ကျူရှင်သံသရာ

    အစိုးရကျောင်းမှာ ကျောင်းသားအများအပြားနဲ့ သင်ပေးနေလို့  … ကျောင်းမှာ ကိုယ့်စိတ်ကြိုက် ရွေးချယ်ခွင့် မရှိလို့ ထပ်ဆောင်း တက်ကြပါတယ်ဆိုတဲ့ ကျူရှင်သံသရာက အဲဒီမှာတင် မရပ်ပါဘူး။

    ပုဂ္ဂလိကကျောင်းတွေ ဖွင့်ခွင့်ရလာတော့ အောင်မြင်ကျော်ကြားတဲ့ ကျူရှင်ဆရာများ ဦးစီးပြီး ကျောင်းတွေဖွင့် ကြပ်ကြပ်မတ်မတ် သင်ပါတယ်ဆိုလည်း အဲဒီကကျောင်းသားတွေ ကျူရှင် ယူနေရသေးတာပဲ။

    အင်္ဂလိပ်ဘာသာစကားသုံးပြီးသင်တဲ့ … နိုင်ငံတကာသင်ရိုးတွေသင်တဲ့ … (အတန်းပိုင်ဆရာဆီမှာ အအောင်အရှုံး သတ်မှတ်ခွင့် မရှိနိုင်တဲ့) ကျောင်းမှာ တက်သူတွေလည်း အများစု ကျူရှင် ယူနေကြရတာပါပဲ။

    မိဘတိုင်းလိုလို ပြောကြတာတစ်ခု ရှိပါတယ်။ ပိုက်ဆံတွေ အများကြီး ပေးထားရတဲ့ ကျောင်းမှာ တက်နေကြရပြီး ကျူရှင်တွေ ထပ်ယူနေရတာ အပိုတွေ သိပ်ကုန်တယ် … မထားလို့မရရင် မထားချင်ဘူး … မတတ်သာလို့တဲ့။

    ကျောင်းတွေကည်း ပြောတယ် … ကျူရှင် မလိုဘူး အပိုတွေတဲ့။

    ဒါဆို … ကျောင်းတွေက ဘာလို့ ကျူရှင် မလိုဘူး ပြောလဲ … တကယ်မလိုတာ သေချာရဲ့လား။

    မိဘတွေကရော မထားလို့ရရင် မထားချင်ဘူး … မတတ်သာလို့ဆိုရင် တကယ်ပဲ မဖြစ်မနေ မတတ်သာလို့လား။

    ကျွန်တော်က မိဘလည်း ဟုတ်သူ … ကျောင်းတစ်ကျောင်းမှာလည်း ကိုယ်စားပြုနေသူ။

    နှစ်ဖက်လုံးကနေ ကြည့်ကြည့်မိတယ်။

    မိဘ ပံ့ပိုးမှု နှင့် ကလေးပညာရေး

    မိဘများထံက ကြားရလေ့ရှိတဲ့ အချက်တစ်ချက်က “တို့ဘက်က ပိုက်ဆံတွေ ဒီလောက် အကုန်ခံ ကျောင်းထားပေးထားတာ … နောက်ထပ် ဦးနှောက်ခြောက် မခံချင်ဘူး။ ကျောင်းကပဲ အားလုံးကို ကိစ္စပြီးအောင် တာဝန်ယူ လုပ်ပေးသင့်တယ်။ မလုပ်ပေးတော့ ပိုက်ဆံအကုန်ခံ ကျူရှင် ထပ် စီစဉ်ရတာပေါ့” ဆိုတာပါ။

    တီဗီကြော်ငြာမှာ တွေ့ဖူးသလို “မိဘများ စီးပွားရေးကို စိတ်အေးချမ်းသာစွာ လုပ်ပါ … သားသမီးတို့ပညာရေး ကျွန်ုပ် တာဝန်ယူမည်” ရယ်လို့ ပြောနိုင်ဖို့ရာက ကျောင်းသားရေးရာ မှန်သမျှအတွက်၂၄နာရီပတ်လုံး ကျောင်းကသာ တာဝန်ယူတဲ့ Boarding School လို့ခေါ်တဲ့ ကျောင်းအိပ်ကျောင်းစား ဘော်ဒါကျောင်းမျိုးပဲ ရပါမယ်။ ဒါတောင် ဘယ်လောက် ဘယ်လို စီစဉ်ပေးတယ်ပြောပြော လူသားဆိုတာ စက်ရုပ်မဟုတ်တဲ့ … အလွန်သိမ်မွေ့နက်နဲရှုပ်ထွေးတဲ့ စနစ်ဇယား complex system တစ်ခု ဖြစ်တာကြောင့် ရာနှုန်းပြည့် မဖြစ်နိုင်ပါ။ မိဘဆီကသာရမယ့် အနှိုင်းမဲ့ ချစ်ခြင်းမေတ္တာနဲ့ နွေးထွေးလုံခြုံမှု … ဆွေမျိုးသားချင်း ဦးလေးအဒေါ်များ ဘိုးဘွားများ ညီအစ်ကိုမောင်နှမ ဝမ်းကွဲများနဲ့အတူနေခြင်းကြောင့်ရမယ့် “ကြီးသူရိုသေ … ရွယ်တူလေးစား … ငယ်သူသနား” ရကောင်းမှန်းတွေ၊ အသိုင်းအဝိုင်းထဲမှာ ဘယ်လို နေထိုင်တတ်ရမယ်ဆိုတာတွေ  … ဒါတွေကတော့ လိုအပ်နေဦးမှာပါ။

    အနောက်တိုင်းက လုပ်ထားတဲ့ သုတေသန research အချို့ ဖတ်ဖူးတာအရကတော့ “ပံ့ပိုးမှု” ကောင်းတဲ့ အခြေအနေမှာ ကလေးတစ်ယောက်ရဲ့ အမှတ် Grade   1.5 (+/ – 0.5)  တက်နိုင်ပါသတဲ့။ ဆိုလိုတာက (A*, A, B, B, C*, C, D*, D, E*, E စတဲ့ အမှတ်ပေးစနစ်မှာ) ကျောင်းသားတစ်ယောက် လက်ရှိ ရမှတ်က E ရနေတယ် ဆိုပါစို့။ သူ့ကို “ပံ့ပိုးမှု” ကောင်းကောင်း ပေးနိုင်ရင် D*  ထိ တက်လာနိုင်တာမျိုးပါ။ လက်ရှိ D*  ဆိုရင် B အထိ ရနိုင်တာမျိုးပေါ့။ (+/ – 0.5)  ဆိုတဲ့အတွက် အနေအထားအလိုက် အနည်းဆုံး 1 ကနေ အများဆုံး 2 ထိလောက် တက်နိုင်ပါတယ်။

    အမှတ် ၁၀၀ ကို အခြေခံတဲ့ စနစ်ဆိုရင် ၁၀မှတ်ကနေ ၂၀မှတ်လောက် တက်လာနိုင်တယ် ဆိုပါစို့။

    ကောင်းပြီ … ပံ့ပိုးမှုက အမှန်တကယ် အကျိုးရှိတယ်ဆိုတာလဲ ငြင်းမရဘူး …

    “မိဘ ဆရာ ပူးပေါင်း ကလေးပညာကောင်း” လို့ ဆိုရိုးစကား ရှိတာပဲလေ။

    ပညာရေးမှာ ကျောင်းချိန်ပြင်ပ မိဘတို့ရဲ့ ပံ့ပိုးမှု အခန်ကဏ္ဍကလည်း အင်မတန် အရေးပါလှတာပေါ့။ ကျောင်း သက်သက်နဲ့ မပြည့်စုံပါဘူး။

    ပံ့ပိုးမှု ဟူသည်

    မိဘရဲ့ ပံ့ပိုးမှုကတော့ ဟုတ်ပါပြီ။ ဘယ်လို ပံ့ပိုးကြမှာလဲ။

    ကလေးတွေ ဘယ်လို လမ်းလျှောက်တတ်လာကြသလဲ စဉ်းစားကြည့်ရအောင်။

    အရွယ်အလိုက် တိုးတက်လာရာကနေ မတ်တပ်စမ်းစ လမ်းလျှောက်စမှာ ကလေးတိုင်း ချော်လဲတတ်ပါတယ်။ ချော်မလဲဘဲ လမ်းလျှောက်တတ်လာတဲ့ကလေးရယ်လို့ မရှိပါ။

    ကိုယ့်ကလေး ချော်လဲမှာစိုးလို့ မလွှတ်တမ်း ချီထားခြင်းကလည်း ကလေးကို ပံ့ပိုးပေးတာ မဟုတ်သလို … ကားတွေ ဥဒဟို သွားနေတဲ့လမ်းမှာ … ခဲတွေချိုင့်တွေပေါတဲ့လမ်းမှာ … ကားလမ်းဘေးမှာ ဖြစ်ချင်ရာဖြစ် လက်လွတ်စပယ် လွှတ်ထားတာကလည်း ပံ့ပိုးမှု မဟုတ်ပါ။

    ကလေး လမ်းလျှောက်သာမယ့် .. အန္တရာယ်မရှိမယ့် လမ်းမျိုးဖြစ်အောင် အတတ်နိုင်ဆုံး စီစဉ်ပေးပြီးနောက် ကလေး လဲတဲ့အခါ လဲပါစေ … နည်းနည်း နာတဲ့အခါ နာမှာပေါ့။ ဆိုးဆိုးရွားရွား မဖြစ်အောင် မိဘက မလှမ်းမကမ်းက စောင့်ရှောက်ပေးရင်း  … လမ်း စမ်းလျှောက်ကြည့်ခိုင်းရမယ် မဟုတ်လား။

    ဒီလိုပါပဲလေ။

    နောက်ထပ် ဥပမာ ပေးလိုပါသေးတယ်။ ဘယ်မှာ ဖတ်ဖူးမှန်း မမှတ်မိတဲ့ ကြားဘူးးနားဝ ပုံပြင် ဆိုပါစို့။

    ပိုးတုံးလုံးလေး အဆင့်ကနေ … caterpillar … pupa အဆင့်ကနေ လိပ်ပြာ ဖြစ်လာဖို့ အကောင်ငယ်လေးက အခွံထဲကနေ သူ့ဟာသူ ခွဲထွက် ရုန်းထွက်ရပါတယ်။ အဲလို ရုန်းထွက်တဲ့အခိုက် အပြင်ကနေ သနားလို့ဆိုပြီး ဆွဲထုတ်ပေးလိုက်တာ အဲဒီကောင်လေး လိပ်ပြာအဖြစ် မပျံနိုင်တော့ပဲ ချည့်နဲ့ သေသွားရပါတယ်တဲ့။

    ကျောင်းသားတွေလည်း အခွံထဲကနေ ထွက်နေတာပါ။ သူဟာသူ ရုန်းရတဲ့အခါ ရုန်းပါစေ။ အပြင်ကနေ လိုသလောက်ပဲ လိုတာထက် ပိုပြီး မပံ့ပိုးမိအောင် သတိထားပေးပါလား။ ချည့်နဲ့ မသွားစေချင်လို့ပါ။

     

     

    “ပံ့ပိုးမှု” အတွက် ပံ့ပိုးပေးခြင်း

    နိုင်ငံတကာသင်ရိုး တစ်ချို့မှာကတော့ မိဘများ အိမ်ကနေ ဘယ်လို ကူညီပံ့ပိုးပေးပါဆိုတဲ့ လမ်းညွှန် Parent Handbook/ Guidebook လိုမျိုး တွဲလျက် ပါတတ်ပါတယ်။ ဥပမာ စင်္ကာပူ မူလတန်းကျောင်းသားများ ဖြေရတဲ့ Primary School Leaving Examination (PSLE) အတွက် မိဘလမ်းညွှန် စာအုပ်လိုမျိုးပါ။ ကျောင်းက ဒီအကြောင်းအရာသင်ရင် မိဘဘက်က အိမ်မှာ ဒီလို ကူညီပေးပါ ဆိုတာမျိုး။ ကျောင်းက အပင်အစိတ်အပိုင်းအကြောင်းသင်နေရင် အိမ်က မီးဖိုဆောင်မှာ ဒီလို ဟင်းသီးဟင်းရွက် ဝယ်ချက်ပြီး သားသမီးကို ဘယ်လို ကူပေးခိုင်း .. ဘယ်လိုမေးခွန်းလေးတွေ မေးပေး အစရှိသည်ဖြင့် ဒီစာအုပ်မျိုးထဲမှာ လမ်းညွှန်ပေးတတ်ပါတယ်။

    ကျွန်တော့်သား မူကြိုကျောင်းသားအတွက်လည်း ကျောင်းကပေးတဲ့စာ အပတ်စဉ် ပါလာပါတယ်။ ဒီစာထဲမှာ လာမည့်သီတင်းပတ် အတွင်း ကျောင်းက သင်မယ့် အကြောင်းအရာအလိုက် မိဘတို့ဘက်က ဘယ်လို ပံ့ပိုးမှု ပေးပေးပါ ဆိုတဲ့ လမ်းညွှန်နဲ့ပါ။

    မူလတန်းကနေ အလယ်တန်းအဆင့်ထိလည်း ဒီလို လမ်းညွှန် စာအုပ်တွေ အင်္ဂလိပ်လိုနဲ့တော့ ရှိနေပါတယ်။ ကျောင်းများဘက်ကလည်း မိမိတို့သုံးတဲ့ သင်ရိုးအလိုက် ဒါမျိုးလမ်းညွှန် ဘာသာပြန်ပေး ပြုစုပေးနိုင်မယ်ဆိုရင် အတိုင်းထက်အလွန်ပါ။ အားလုံးအတွက် အကျိုးရှိပါမယ်။ အစိုးရကျောင်း သင်ရိုးအတွက်လည်း ခေါင်းစဉ်အလိုက် ဒါမျိုး ပြုစုပေးဖို့ အခက်ကြီးတော့ မဟုတ်ပါ။ ဝါယမတစ်ခု စိုက်ထုတ်ကြဖို့ လိုနေတာပါ။

    ဒါမျိုး လမ်းညွှန်တွေ မရှိသေးခင်စပ်ကြား ခုလိုကာလမျိုးမှာ မိဘဘက်က အိမ်မှာ ပံ့ပိုးမှုပေးကြဖို့ရာကို စဉ်းစားကြည့်တော့ မဖြစ်နိုင်အောင် ခက်ခဲတယ် မဟုတ်ပေမယ့် အတားအဆီး အချို့ ရှိနေတာကတော့ လက်တွေ့ ကိုယ်တွေ့ပါ။ စဉ်းစားမိသလောက် ကြုံရသလောက် တစ်ချက်ချင်း ဆွေးနွေးကြည့်ရအောင်။

    မိဘများဘက်က အခက်အခဲ အတားအဆီးများ

    ၁။ ကလေးအတွက် သီးသီးသန့်သန့် အချိန်ပေးနိုင်မှု

    အိမ်ရှိလူကုန် အလုပ်လုပ်နေရတဲ့ … အလုပ်ရှုပ်နေရတဲ့ လူနေမှုစနစ်ကြားက ကျွန်တော်တို့ မိဘတွေအနေနဲ့ သားသမီးအပေါ် အချိန်တစ်ခု ပေးနိုင်ဖို့ ခက်ကြပါတယ်။ တခါတလေ ကိုယ် အိမ်ပြန်ရောက်ရင် ကလေး အိပ်ချိန် ဖြစ်နေပြီ … တခါတလေ သူတို့ မနိုးသေးခင် ကိုယ်က အလုပ်သွားရပါပြီ။

    နောက်တစ်ချက်က ရင်ခွင်ပိုက် လက်မလွှတ်သေးတဲ့ ကလေးငယ် ရှိနေတဲ့ မိဘတို့အတွက်ကလည်း ဒီကလေးငယ် ဝေရာဝစ္စကို လုပ်ကိုင်ပေးနေရသေးတော့ … တခြား အိမ်မှုကိစ္စတွေလည်း ရှိသေးတော့ … ပံ့ပိုးမှု လိုအပ်မှန်း … ရှိရင်ကောင်းမှန်း သိပေမယ့် ကလေးရောမိဘပါ အဆင်ပြေမယ့်အချိန် ရှာလို့မရ ဖြစ်တတ်ပါတယ်။

    ၂။ နေရာထိုင်ခင်း အပြင်အဆင် သီးသန့် ပေးနိုင်မှု

    မိဘအနေနဲ့ အိမ်မှာ ကလေးအိမ်စာလုပ်ရာမှာ … စာပြန်ကြည့်ရာမှာ နိုင်သလောက် ကူဖို့ အိမ်မှာတော့ ရှိပါပြီ … ဒါပေမယ့် ကလေးအတွက် သီးသန့် စာကြည့်စားပွဲလိုမျိုး ပြင်ဆင်ထားနိုင်ပြီလား။ အဲဒီနေရာဟာ တခြားအတွက် မသုံးဘဲ … အနှောက်အယှက် မရှိဘဲ တိတ်တိတ်ဆိတ်ဆိတ် စာကြည့်နိုင်မယ့် နေရာလား … ဒါမှမဟုတ် တီဗီရှေ့လား။ လူကြီးတွေက သူ့အနားမှာ ဝိုင်းဖွဲ့ စကားပြောဖြစ်ကြမှာလား။ ကိုရီးယားကား ကြည့်ရင်း သူ့ကို စာလုပ်ခိုင်းမှာလား။ ကလေးနဲ့အတူ သူ့ကို စာကူပေးနေတုန်း ဧည့်သည်လာရင် အားလုံး ပျက်သွားမှာလား။ ကလေးငယ်လေးတွေကရော သူ့တို့ကိုကို မမ အနားမှာ ဝင်ရှုပ်နေမှာလား။

    ဒါမျိုးဆိုလည်း မအောင်မြင်နိုင်ပါ။

    နိုင်ငံတကာမှာ ကျောင်းတောင်မထားဘဲ home schooling ဆိုတာမျိုး အိမ်ကပဲ ကလေး ကျောင်းစာ လေ့လာနိုင်အောင် ပြင်ဆင်ပေးတာမျိုး ရှိပေမယ့် ဒီအချက်တွေ ပြင်ဆင်ပေးထားတာပါ။

    ၃။ ကလေးရဲ့ စိတ်ပါဝင်စားနိုင်မှု

    ကလေးဆိုတာ စက်ရုပ်မဟုတ်ပါ။

    မူလတန်းအရွယ် ကလေးငယ် မနက် ငါးနာရီလောက် အိပ်ရာထ (ဘာသာရေးအရဖြစ်စေ … လူမျိုးစုတစ်ခုခုရဲ့ လိုအပ်ချက်အရဖြစ်စေ … ဘာသာရေးကျောင်း နှင့် ဘာသာစာပေကျောင်း) မနက် ၆နာရီကနေ ၈နာရီတက် …. အဲဒီနောက် အစိုးရကျောင်း/ ပုဂ္ဂလိက မြန်မာကျောင်း/ အင်္ဂလိပ်ကျော်ငးလို့ အလွယ်ခေါ်တဲ့ နိုင်ငံတကာ သင်ရိုးနဲ့သင်တဲ့ကျောင်း တစ်ခုခုမှာ တစ်နေကုန် ညနေ သုံးနာရီ လေးနာရီထိ ကျောင်းတက် အိမ်ပြန်ရောက် ခဏနေတော့ မိဘက သူ့ရှေ့မှာ စာအုပ်ဖွင့် စာကျက်ခိုင်းတော့ ကျောင်းသားက ဘယ် စိတ်ပါပါ့မလဲ။ “တယ် … ငါရိုက်လိုက်ရ … စိတ်က ဘယ်ရောက်နေတာလဲ … စာကို စိတ်မဝင်စားဘူး” ဆိုပြီးဆူ … ကလေးက ကြောက်တော့ငို။ နောက်ဆုံးတော့ မဖြစ်ပါဘူး … မင်း … ကြောက်ရမယ့် ဆရာမတစ်ယောက်ယောက်ဆီသာ ကျူရှင်သွားတက်တော့ ဖြစ်ရော။

    ဒါမှမဟုတ်လည်း ကိုယ့်ကလေးကိုယ် အမြဲတမ်း အလိုလိုက် အလျှော့ပေးတဲ့ မိဘနဲ့ ဆိုပြန်တော့လည်း ကလေးက ဂျီကျ … မိဘက မနိုင် … ကဲ … သွားလေရော့ ကျူရှင်။

     

    ၄။ မိဘရဲ့ ပညာရေး အခြေခံ

    တချို့မိဘတွေက ကိုယ်တိုင် ပညာရေး အခြေခံ မကောင်းလှတော့ … အထူးသဖြင့် နိုင်ငံတကာ သင်ရိုးနဲ့ အင်္ဂလိပ်လို သင်တဲ့ကျောင်းမှာ ကိုယ့်သားသမီးကို ပို့ထား … ကိုယ်တိုင်က ပံ့ပိုးပေးဖို့ စိတ်ပါပေမယ့် ကလေးစာကို ကိုယ်က နားမလည်။ ကျောင်းတွေသင်တဲ့ ချဉ်းကပ်နည်းတွေကို မိဘက မသိ။

    ဒီတော့လည်း ကျူရှင် ပို့ရင်ပို့ … မပို့ရင် ကျူရှင်ဆရာ အိမ်ခေါ်ရလေသတည်း ပေါ့လေ။

     

    စဉ်းစားမိသမျှ

    မိဘကိုယ်တိုင် ပံ့ပိုးရာမှာ ကြုံနိုင်တဲ့ အခက်အခဲတွေကြားကနေ မဖြစ် ဖြစ်အောင် အကောင်းဆုံးဖြစ်အောင် ဘယ်လို စီစဉ်လို့ ရမလဲ မေးရင် ကျွန်တော့်မှာ တိကျ ရေရာလှသော … ရာသက်ပန် မှန်နိုင်သော … တစ်ခုတည်းသော အဖြေ မရှိပါ။ နောက်ခံအနေ အထားပေါ်လိုက်လို့ အပြောင်းအလဲ ရျှိနိုင်ပါမယ်။

    ဘယ်လောက်ကောင်းတဲ့ ကျူရှင်ပြောပြော ဘယ်လိုနည်းနဲ့မှတော့ ကျူရှင်က မိဘတို့ရဲ့ နည်းစနစ်မှန်သော ပံ့ပိုးမှုကို မမီနိုင်ပါ။

    ဥပမာပဲ ပေးလိုပါတယ်။

    ရင်သွေးငယ်တို့ရဲ့ မိဘတိုင်း ကလေးတွေ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ ကြုံဖူးကြမှာပါ။ ဆရာဝန်ဆီသွားရင် ဆရာဝန်ကလည်း ရေဓာတ် ခန်းခြောက်မှု အဆိုးရွားကြီး မဟုတ်ရင် လမ်းညွှန်မှာက ဓာတ်ဆားရည် တိုက်ဖို့ပါ။ (ကလေး ငယ်သေးပါက မိခင်နို့ပါပေါ့လေ။) မိဘတိုင်း ပြန်ပြောမှာကလည်း တိုက်ရခက်တယ် … ကလေးက မသောက်ဘူး ဆိုတာပါ။ ဒီလိုအချိန်မှာ ကလေးဆရာဝန်တိုင်း ဖြေမှာကလည်း “မဝင် ဝင်အောင်တိုက် … တခြား ဘာအရည်မှ မတိုက်နဲ့ … ရေလည်း မတိုက်နဲ့ … နောက်ဆုံး မနေနိုင်ရင် ဓာတ်ဆားကိုပဲ သူကိုယ်တိုင် သောက်လာလိမ့်မယ်။ အဲလိုမှ လုံးဝ မရရင်တော့ ဆေးရုံမှာ IV Drip သွင်းရမယ်” ဆိုတဲ့ အဖြေပါ။ ခုလည်းပဲ ထိုနည်းလည်းကောင်းပါပဲလို့ ဆိုပါရစေ။ အထူးသဖြင့် ငယ်သေးတဲ့ မူလတန်းအရွယ်မှာ ကျူရှင်မပါဘဲ မဖြစ်ဖြစ်အောင် နည်းမျိုးစုံ စီစဉ်ကြည့်ပါ … မဖြစ်နိုင်လွန်းတာ သေချာပြီဆိုမှသာ နောက်ဆုံးအဆင့် ကျူရှင်လမ်းကြောင်းကို ရွေးသင့်ပါတယ်။

    ကျူရှင် မယူရစေဖို့

    ကျူရှင် မယူရစေဖို့ ဘာလုပ်ရမလဲ စဉ်းစားမိသလောက်

    ၁။ ကျူရှင် ယူဖို့ရာ လိုအပ်ချက်တစ်ခု မဟုတ်နိုင်တဲ့ ကျောင်းမျိုးမှာ ထားပါ။

     ပြောတာ လွယ်လိုက်တာ မဆိုစေချင်ပါ။ တကယ် ဖြစ်နိုင်ပါတယ်။

    အချို့အချို့သော ကျောင်းတွေက ဆရာဆရာမတွေကိုယ်တိုင် ကျူရှင်အတွက် ဆွယ်တာ .. ခေါ်တာ ရှိနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ စာကောင်းကောင်းသင်နေသော ကျောင်းတွေလည်း အများကြီးပါ။ အာမခံပြီး ပြောပါမယ်။ ဆရာ ဆရာမတိုင်း အသပြာဆရာ မဟုတ်ပါ။ ကျောင်းကောင်း သေချာ ရွေးပါ။ အစိုးရကျောင်း၊ မြန်မာသင်ရိုးသင် ပုဂ္ဂလိကကျောင်း၊ နိုင်ငံတကာ သင်ရိုးသင် ပုဂ္ဂလိကကျောင်း … ဘယ်ကျောင်းမှာတက်တက် အမှန်တကယ် စာသင်တဲ့ကျောင်းကို သေချာ ရွေးပေးပါ။

    (လက်ရှိ ကျွန်တော် ရေးတဲ့စာကို ဖတ်နေသူတွေက online သုံးနိုင်တဲ့ အဆင့်ဆိုတော့ အောက်ဆုံးအလွှာ လူတန်းစားကို မရည်ရွယ်ပါ။ အတိုင်းအတာ တစ်ခုအထိ ပံ့ပိုးမှု ပေးနိုင်သော သူများကို ရည်ရွယ်တာပါ။ ဆင်းရဲသူများ တက်သော ကျောင်းတွေမှာကတော့ ဆရာဆရာမက ကျူရှင် ဆွယ်တာ အတော် နည်းပါလိမ့်မယ် … ဘယ်လာက်ပဲ အဆင့် နိမ့်ပါတယ်ပြောပြော ဘာမှ မသင်ပေးတာထက်စာရင် အများကြီး သာပါတယ်။ ရွေးခွင့် မရှိသူအတွက်ဆိုလည်း ရရာ နေရာမှာ အကောင်းဆုံး ကြိုးစားလို့ ရပါသေးတယ်။ ကျွန်တော် ပြောနေတာက မိဘ အိမ်ကနေ အပံ့ပိုးလွန်ပြီး ကျူရှင်ပြီးရင်း ကျူရှင်နေသူများကို ဆိုလိုတာပါ။)

    ၂။ ကျောင်းက ဆရာဆရာမများအပေါ်သာ အပြည့်အဝ အားကိုးပါ။

    ကျွန်တော့်ကို နိုင်ငံတကာကျောင်းမှာ ကျောင်းဆရာတစ်ယောက်ဖြစ်လာစေဖို့ လက်တွဲခေါ်ယူ လေ့ကျင့် သင်ကြားပေးခဲ့တဲ့ သင်ဆရာ မြင်ဆရာ ကြားဆရာ … ကျွန်တော့် ပထမဆုံး ဆုံခဲ့ဖူးတဲ့ နိုင်ငံခြားသား ကျောင်းအုပ်ဆရာကြီးရဲ့ ကိုယ်တွေ့ကို မျှဝေလိုပါတယ်။

    သူက မြန်မာနိုင်ငံသူ အမျိုးသမီးနဲ့ အိမ်ထောင်ကျကာ မြန်မာစကားကို လေ့လာ လိုက်စားသူပါ။ မြန်မာစကား အတော်အသင့် ပြောတတ်ပြီး မြန်မာစာ အရေးအဖတ်အတွက် ဆရာမတစ်ယေက်ဆီမှာ သင်ယူနေစဉ်ကပေါ့။ ဆရာမက အင်္ဂလိပ်လို မပြောတတ် … သူကလည်း မြန်မာလိုကို သိပ် များများကြီး နက်နက်နဲနဲ နားမလည်။

    တစ်ရက် … ဆရာမက မြန်မာ ဝေါဟာရ တစ်ခုကို မြန်မာလိုနဲ့ ရှင်းပြနေတာ … သူကြိုးစား နားောင်ကြည့်ပေမယ့် နာ.မလည်နိုင် ဖြစ်နေပါတယ်။ ဆရမကလည်း နှစ်ခါပြန် သုံးခါပြန် ပြောပြ … သူကလည်း သေချား နားထောင်ပေမယ့် နားမလည်။ သူစိတ်ထဲမှာ ကဲ … ထားလိုက်တော့ … အိမ်ရောက်မှ သူ့အမျိုးသမီးကို မေးလိုက်တော့မယ်ဆိုပြီး ဆရာမကို ထပ် မမေးတော့ဘူး။

    ငါးမိနစ်လောက် ကြာသွားတော့မှ သူ့ဟာသူ သတိပြုမိတယ်။ ကျောင်းသားတွေကို ကျူရှင် မလိုကြောင်းပြောပြီး သူ့အနေနဲလည့်း “ပြင်ပ” အားကိုး တစ်ခုကို ရှာလိုက်မိပါလားဆိုပြီး။

    ချက်ချင်းပဲ ဆရာမကို အဲဒီအပိုင်း နားမလည်သေးလို့ ပြန်ရှင်းပြပါဆိုပြီး မေး … သေချာ နားထောင်လိုက်တာ ၁၀ မိနစ်လောက် အချိန် ပိုပေးလိုက်ရပေမယ့် သူ့အတွက်လည်း သင်ခန်းစာကောင်း ရလိုက်ပါတယ်တဲ့။

    ယုံကြည်လို့ တက်နေတဲ့ကျောင်းက ဆရာဆရာမကို အပြည့်အဝ လုံးလုံးလျားလျား အားကိုး ကြည့်ပါ။

     

     

    ကိုယ်တွေကိုလည်း ပြောပါရစေ။

     

    ကျွန်တော် ဆယ်တန်းနှစ်တုန်းက နွေရာသီကတည်းကစလို့ ကျူရှင်တွေ တက်ပါတယ်။

     

    (၅တန်းတုန်းက ခြေထောက်ကျိုးလို့ ကျောင်း တစ်လကျော် နားလိုက်ရတဲ့အတွက် ဆရာမတစ်ယောက်အိမ်မှာ လွတ်တဲ့စာတွေ ပြန်သင်ခဲ့တာအပြင် ၈တန်းထိ ကျူရှင် မယူခဲ့ပါ။ ကျောင်းက သင်တာကိုပဲ အားကိုးခဲ့တာပါ။)

    ကျူရှင် တက်ပြီဆိုတော့ ကျောင်းက ဆရာမအပေါ် အပြည့်အဝ အားမကိုးမိတော့တာကတော့ လက်တွေ့ပါပဲ။

    ကျူရှင်မှာ မသင်သေးခင် ကျောင်းက သင်္ချာ ဆရာမက SEQUENCES AND SERIES သင်ပါတယ်။ စိတ်ထဲမှာ ကျူရှင်က သင်တော့မှပဲ သေချာ လိုက်လုပ်မယ်ဆိုပြီး အတန်းထဲမှာ သေချာ နားမထောင်ဖြစ်ခဲ့ပါဘူး။

    ကျူရှင်မှာ အဲဒီအကြောင်းအရာ သင်တော့ စသင်တဲ့ ၃ရက်လောက် ကျွန်တော် ကျူရှင် ပျက်ပါတယ်။ တဝက်တပျက် လိုက်နားထောင်တော့ ကျောင်းတုန်းက စာသင်ခန်းထဲမှာ သင်ဖူးတာနဲ့ မှတ်မိသလိုလို … ရှင်းလှချည်ရဲ့ မဟုတ်ပေမယ့် ဒီလိုပဲ ပြီးသွားခဲ့ပါတယ်။ ဆရာ သင်နေတုန်း မေးတာတော့ ဖြေနိုင်လိုက်သလိုပဲ။

    တကယ်တမ်း မေးခွန်းဟောင်းတွေကို ကိုယ့်ဟာကိုယ် မဖြေနိုင်ပါ။ အခက်တွေ့ပါတယ်။

    အကြောင်းကြောင်းသော အကြောင်းများကြောင့် နှစ် ဆုံးသည်အထိ ကျူရှင် မတက်ဖြစ်တော့ပါ။ အဲဒီ ခေါင်းစဉ် ကျွန်တော် ဝိုးတဝါးနဲ့ အခက်တွေ့တဲ့ ခေါင်းစဉ်ပါ။

    ဒါနဲ့ပဲ ကျောင်းက ဆရာမဆီ ပြန်သွား … ပွင့်ပွင့်လင်းလင်း ကိုယ့်အမှားကိုပြော … ကိုယ်ကအရင် စာကြည့် .. တွက်ကြည့် … မရှင်းတာရှိရင် ဆရာမကို တစ်ချက်ချင်း ပြန်မေးနဲ့ လုပ်လိုက်တာ နှစ်ပတ်လောက်အတွင်း အဲဒီ TOPIC ကို ကြေကြေညက်ညက် သိသွားပါတော့တယ်။

    သင်ခန်းစာ ရလိုက်တာက လက်ရှိ သင်နေတဲ့ ဆရာဆရာမအပေါ် ယုံကြည် အားကိုးဖို့ပါ။

    ကျူရှင်ရော ကျောင်းရော ရှိတဲ့ ကျောင်းသားများက ဟိုကို အားကိုးမှာလိုလို ဒီကို အားကိုးမှာလိုလိုနဲ့ ကြားကနေ လွတ်တတ်ပါတယ်။ ကျောင်းအပေါ်မှာ ယုံကြည် အားကိုးကြည့်ပါ။

    ယုံကြည် အားကိုးတယ်ဆိုတာက resource person အနေနဲ့သက်သက်ကို ပြောချင်တာပါ။ အစစအရာရာ မှီခှိုမှုကို မဆိုလိုပါ။

     

     

    ၃။ အိမ်စာ နားမလည်ရင် … ကိုယ်တိုင် ကြိုးစားကြည့်လို့ မရခဲ့ရင် သင်တဲ့ဆရာကိုသာ မေးပါ။

     အိမ်စာ ပေးကြရခြင်း ရည်ရွယ်ချက်ကို သေချာ သဘောပေါက်စေလိုပါတယ်။

    သင်ခန်းစာ မသင်ခင် ကြိုတင် လေ့လာဖို့ ပေးတဲ့ pre-task assignment တွေဖြစ်စေ … သင်ခန်းစာတစ်ခု ကျောင်းမှာ သင်ပေးပြီးနောက် ပေးတဲ့ follow-up assignment တွေဖြစ်စေ အိမ်စာ လုပ်ခိုင်းရခြင်းရဲ့ ရည်ရွယ်ချက်က ကျောင်းသားများ သင်ပေးတာ ခံရပြီးနောက် ကိုယ်တိုင် (consolidate) ကျွမ်းကျင်တတ်မြောက်အောင် လေ့ကျင့်စေဖို့ပါ။

    ပေးလိုက်တဲ့ အိမ်စာမှာ ဆရာတွေ အတန်းထဲမှာ လက်တွေ့ သင်ထားတာထက် အနည်းငယ် ပိုခက်မယ့် … အချိန်ယူ စဉ်းစားရမယ့် … ဦးနှောက်ကို အလုပ်ပေးရမယ့် အခန်းကဏ္ဍလည်း ပါပါမယ်။

    ကျောင်းသားတိုင်းအနေနဲ့ ပေးလိုက်သမျှ အိမ်စာကို တစ်ခုမကျန် အကုန် တတ်သိနားလည် ဖြေနိုင် တွက်နိုင်စာလုပ်နိုင်မယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပါ။ အထူးချွန်ဆုံး ကျောင်းသားအတွက်တောင် အမြဲ မမှန်နိုင်ပါ။

    ကျောင်းသားအနေနဲ့ ဘယ်သူ့အားကိုးမှ မပါဘဲ မိမိ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှ အစွမ်းကုန် အဖြေရှာကြည့်လို့ မရခဲ့ရင် သူ တိုင်ပင်ဖို့က သူ့ဆရာပါ။ ကျောင်းသားရဲ့ လိုအပ်ချက်ကို အသိဆုံး ဖြစ်ရမှာက သူ့ဆရာပါ။ အိမ်စာ နားမလည်ရင် ဆရာဖြစ်သူကို ပေးသိပါ။ ဆရာက လိုအပ်တာ စီစဉ်ပါစေ။

    ဆရာနဲ့ ကျောင်းသား အကြားမှာ ကြားပွဲစား မရှိစေသင့်ပါ။

    တကယ်လို့ အိမ်စာကို (grade) အမှတ်ပေးရင်တောင် အမှတ်ပြည့် ရရေးထက် အရေးကြီးတာက ကလေး တကယ် တတ်မတတ်ပါ။ အမှတ်မရမှာစိုးလို့ ကလေးအိမ်စာကို ကျူရှင်အားကိုးနဲ့ မဖြေရှင်းသင့်ပါ။

    ဆရာအနေနဲ့ သူ့ကျောင်းသားက ပေးထားတဲ့အိမ်စာကို အပြည့်အဝ မလုပ်နိုင်မှန်းသိရင် လိုအပ်သလို (differentiated instruction) ကျောင်းသားအရည်အချင်း လုပ်နိုင်စွမ်းအလိုက် လမ်းညွှန်မှု လုပ်ပေးပါလိမ့်မယ်။

    ဘယ်ဆရာကမှ ကိုယ့်ကျောင်းသား နားမလည်လို့ အိမ်စာမလုပ်ရတာ ဆိုတာကို အပြစ်တင်မှာ အပြစ်ပေးမှာ မဟုတ်ပါ။

    Tongue Twister လျှာ ခလုတ်တိုက်စရာ ဆိုရိုးစကားလေး မျှဝေပါရစေ။

    “If you understand, say “Understand”. If you don’t understand, say “Don’t understand”. If you don’t understand and say “Understand”, how can I understand that you understand, understand?”

    “နားလည်ရင် နားလည်တယ်ပြော၊ နားမလည်ရင် နားမလည်ဘူးပြော၊ နားမလည်ဘဲ နားလည်တယ်ပြောရင် နားလည်မလည် ဘယ်လိုလုပ် နားလည်ရပါ့မလဲ၊ နားလည်လား” တဲ့။

    ၄။ မိဘရဲ့ မတော်လောဘ ပြိုင်ဆိုင်လိုမှု အတ္တ လျှော့ပေးပါ။

     “ပြောလည်း ပြောချင်တယ် ပြောလည်း မပြောရဲဘူး” ရယ်လို့ နိဒါန်းချီပြီး တောင်းပန်ပါရစေ။

    ကျွန်တော်ကိုယ်တိုင်လည်း ကျောင်းသားမိဘ တစ်ဦးပါ။

    မြင်တဲ့အတိုင်း တည့်တည့် ပြောရရင် မိဘများဘက်ကလည်း နည်းနည်း လျှော့စေချင်ပါတယ်။

    ကိုယ့် သားသမီးအပေါ် ညှာတာ နားလည်ပေးပါ။

    ကိုယ်တိုင်ကရော ဘယ်အတိုင်းအတာထိ ပညာရေးမှာ ပေါက်မြောက်ခဲ့ပါသလဲ။ ကိုယ်တိုင်တုန်းကရော နေ့မအား ညမနား ကျူရှင်တွေ ကျောင်းတွေနဲ့ စာပြီးရင်းစာ ထိပ်ဆုံးမှာ အမြဲရှိခဲ့ … ဘာသင်သင် နားလည်တတ်သိခဲ့သူ ဟုတ်ပါသလား။

    ဟုတ်နေခဲ့ရင်တောင် ကိုယ့်သားသမီးကို ကိုယ်နဲ့ထပ်တူ ဖြစ်ရမယ် တွက်ထားလို့ မရပါ။

    လိုတာထက် ပိုတဲ့ ဖိအား တွန်းအား ပေးမှု မဖြစ်စေသင့်ပါ။

    ဘယ်တော့မှ မမေ့နိုင်မယ့် ကိုယ်တွေ့ စာလေးတစ်စောင်အကြောင်း ပြောပြပါရစေ။

    သုံးတန်းကျောင်းသားလေး တစ်ယောက်က စာမေးပွဲခန်းထဲမှာ စာမေးပွဲ ဖြေအပြီး စာရွက်တိုစာရွက်စ တစ်ခုမှာ ရေးနေတာ ဖတ်လိုက်ဖူးလို့ပါ။

    စကားလုံး အတိအကျ မမှတ်မိပေမယ့် သူ အင်္ဂလိပ်လို ရေးလိုက်တဲ့ စာတိုလေးရဲ့ ဆိုလိုရင်းက “မေမေရေ … သား သိသလောက်တော့ ဖြေလိုက်တာပဲ။ အမှတ်လျော့ရင် သားကို မဆူပါနဲ့နော်” ဆိုတာမျိုးပါ။

    အဲဒီ ကျောင်းသားက အတန်းထဲမှာ ထူးချွန်သူပါ။ စာမေးပွဲလေးတွေမှာ အမှတ် လျော့ခဲ့ရင် သူ့ မေမေက ကျောင်းမှာ လိုက်ပြီး ဘာလို့ အမှတ်လျော့သလဲ .. ဘာတွေ မှားသလဲ … သူများတွေရော မှားသလား … စတဲ့ မေးခွန်းပေါင်းများစွာနဲ့ ဆူတတ် … ကျူရှင်မှာ ပို ဖိတတ်လို့ပါ။

     

     

     

     

    ဆရာတွေ စာသင်ဖို့ သင်ခန်းစာ ပြင်ဆင်တဲ့ အချိန်မှာ ထည့်စဉ်းစားရတဲ့ ABCD ရှိပါတယ်။ A ဆိုတာက audience … ကိုယ်သင်တဲ့ ကျောင်းသားရဲ့ အနေအထား၊ B ဆိုတာက Behavioral Change … ကိုယ်က သင်ပေးလိုက်ပြီးရင် ဘယ်လို အပြောင်းအလဲ ဖြစ်သွားစေချင်တယ် ဆိုတဲ့ အချက်၊ C ဆိုတာက Condition … အဲလို ဖြစ်စေဖို့ ဘယ်လို အခြေအနေတွေ ဆရာက ပံ့ပိုးပေးမလဲဆိုတဲ့အပိုင်း၊ D ကတော့ Degree … ဘယ်လောက် အတိုင်းအတာအထိ ဆရာက အဲလို အပြောင်းအလဲကို မျှော်မှန်းထားသလဲဆိုတာပါ။

    ကိုယ်သင်ရတဲ့ ကျောင်းသားကို သင်ခန်းစာတစ်ခု သင်ပေးအပြီး ဘယ်လောက်အထိ တတ်စေချင်တယ် ဆိုတာက ကျောင်းသင်ရိုးများကို သိနားလည်တဲ့ ဆရာရဲ့ သတ်မှတ်ချက်ပါ။

    အတန်းထဲမှာ ရှိသမျှ ကျောင်းသားတိုင်းက ဆရာ သင်သမျှကို ရာနှုန်းပြည် မှတ်မိ နားလည် ပြန်လည် အသုံးချတတ်ဖို့ဆိုတာ သိကြားမင်း ဆင်းသင်တောင် မရနိုင်တာပါ။

    သင်ထားသမျှရဲ့ ၄၀% ကနေ ၇၀% ကို မှတ်မိ သိနားလည်ရင် အဲဒီစာကို အဲဒီကာလအတွက် အခြေခံအဆင့် တတ်ပြီလို့ သတ်မှတ်တာက ပညာရှင်လက်ခံထားတဲ့ အချက်ပါ။ (မြန်မာပြည် ပညာရေးရဲ့ အတန်းတင် အောင်မှတ်က ၄၀%ပါ။)

    ဆိုပါစို့ … မူလတန်း အတန်းငယ်အဆင့်မှာ ရာဂဏန်းအဆင့် ကိန်းဂဏန်းတွေ အပေါင်းအနှုတ် လုပ်တတ်ရပါမယ်။ ပုစ္ဆာ ဆယ်ပုဒ်မှာ ၅ပုဒ် ၆ပုဒ် ၇ပုဒ် လောက်အထိ အမှားအယွင်းကင်းကင်း တွက်တတ်တဲ့အဆင့်ဆို အခြေခံအဆင့် တတ်ပါပြီ။ ကျန်တဲ့ နောက်တဆင့်မှာ ထောင်ဂဏန်းအထိ ပေါင်းရင်းနှုတ်ရင်းနဲ့ ရာဂဏန်းတွေလည်း ပြန် တွေ့ရဦးမှာ ဖြစ်တော့ အဲဒီကာလရောက်ရင် ရာဂဏန်းကိန်းတွေကို အမှားကင်းကင်း တွက်နိုင်သွားပါလိမ့်မယ်။

    Education is repetition ပညာရေး ဆိုတာ ထပ်ဖန်တလဲလဲ လေ့ကျင့်ခြင်းပါတဲ့။

    အတန်းအလိုက် သင်ရိုးပြဋ္ဌာန်းချက် ညှိုနှိုင်းဆက်နွယ်မှု (Horizontal and Vertical) Curriculum Alignment ကို ကျောင်းတွေက စာသင်နေတဲ့ ဆရာတွေက မိဘထက် အများကြီး ပို နားလည်ပါတယ်။

    ဘယ်အဆင့်မှာ ဘယ်ကျောင်းသား ဘယ်လောက်ထိ တတ်ရင် လုံလောက်ပြီ ဆိုတာလည်း ဆရာတွေက အသိဆုံးပါ။

    ကိုယ့်သားသမီးရဲ့ အခြေအနေအလိုက် ဘယ်အဆင့်အထိ တတ်သင့်တယ်ဆိုတာ ဆရာက ပို ဆုံးဖြတ်ပေးနိုင်မှာပါ။

    လိုတာထက်ပိုတဲ့ … ပြိုင်ဆိုင်လိုတဲ့ … အတ္တနဲ့ ယှဉ်တဲ့ မတော်လောဘ သားသမီးပညာရေးအပေါ် မထားစေချင်ပါ။

    ကိုယ် ဖြစ်စေချင်တာကို သားသမီးကို အသိပေး အကြံပေးလို့ ရပေမယ့် … မမေ့သင့်တာက သူတို့သည်လည်း (မိဘတို့ ငယ်စဉ်ကလိုပဲ) အကန့်အသတ်ရှိတဲ့ လူသားတွေဆိုတာ နားလည် လက်ခံပေးစေလိုပါတယ်။ ဝန်မပိစေလိုပါ … မနိုင်ဝန် မထမ်းစေချင်ပါ။

    တိုက်တွန်း နှိုးဆော်မှု motivation က အရေးကြီးပေမယ့် အတွန်းခံရလွန်းရင်လည်း ပညာရေး ကျဆုံးရတတ်ပါတယ်။

    နိဂုံးချုပ်ပါမယ်။

    (လက်ရှိ မြန်မာနိုင်ငံသားများ တလွဲနားလည် လက်ခံကျင့်သုံးနေသော) ကျူရှင်ဆိုတာ မရှိမကောင်း ရှိမကောင်းပါ။ ရှိခြင်းအားဖြင့် ရေတို အကျိုးကျေးဇူး ရတာတွေ အဟုတ်အမှန် ရှိသလို မလိုလားအပ်တဲ့ ဆိုးကျိုးတွေလည်း အများကြီးပါ။ သေချာတာကတော့ ကျူရှင်ဟူသည် ဘယ်သောအခါမှ မရှိမဖြစ် essential မဟုတ်ပါ။

    မိဘများနဲ့ ကျောင်းသားများ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ သေချာတာကတော့ ကျူရှင်ကြောင့် ကလေးများ ကိုယ့်အားကိုယ်ကိုးတတ်သောအကျင့် လျော့လာကြပြီး အရာရာမှာ သူတပါးအပေါ် မှီခိုလွန်းသူ ဖြစ်မှန်းမသိ ဖြစ်လာကြခြင်းပါ။

    လက်တလော ရေတိုပြေလည်ရေး ဆေးမီးတိုနဲ့ ကုစားနေကြတာ သက်သာအဆင်ပြေသလို ရှိပေမယ့် တစ်ချိန်ချိန် နိုင်ငံရပ်ခြားမှာ အဆင့်မြင့်ပညာအတွက် ကျောင်းဆက်တက်ပြီဆိုမှ မရှူနိုင်မကယ်နိုင် ကိုယ့်ခြေထောက်ပေါ်ကိုယ် မရပ်နိုင် မဖြစ်စေရေး စဉ်းစားချင့်ချိန်ကြရမယ့် ကိစ္စရပ် တစ်ခုပါ။

    ဒီနေ့ စပြင်ကြရင် တစ်ရက် သက်သာပါမယ်။