News @ M-Media

Author: M-Media

  • မြန်မာမွတ်စ်လင်မ် ဒုက္ခသည်များနဲ့တဒင်္ဂဆုံစည်းမှု (ဘာသာပြန် ဆောင်းပါး)

    စက်တင်ဘာ ၁၆- ၂၀၁၃
    M-Media
    မြင့်မိုရ် မောင်မောင် ဘာသာပြန်ဆိုသည်။

    1
    (ဓာတ်ပုံ- ခရိုင်အားကစားကွင်းရှိ ပြည်တွင်းဒုက္ခသည်ယာယီစခန်း IDP Camp ကို နေအိမ်သဖွယ်သဘောထားနေရသော ဒုက္ခသည်များ)

    ပြီးခဲ့တဲ့လအတွင်း ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်စ်ကင်တားနားဟာ မိတ္ထီလာမြို့ထဲက မွတ်စ်လင်မ်ဒုက္ခသည်များ စခန်းကိုသွားရောက်နိုင်ဖို့ကြိုးစားစဉ်က လူရမ်းကားတစ်စုရဲ့ဝိုင်းရံမှုကို ခံခဲ့ရတယ်။
    “ လူ ၂၀၀ လောက် ရှိတဲ့ လူအုပ်ကြီးက ကျွန်တော့် ကားကို ၀ိုင်းပြီး ရပ်တန့်စေခဲ့တယ်။ သူတို့က ဆဲဆိုအော်ဟစ်ပြီး ကားရဲ့ပြူတင်းနဲ့တံခါးတွေကို ရိုက်ပုတ် ကန်ကျောက်ခဲ့ကြတယ် ” လို့ ကင်တားနားရဲ့ပြောဆိုချက်မှာ တွေ့ရတယ်။

    ဒါပေမယ့် မြန်မာအစိုးရကတော့ ဒါဟာ အနှောင့်အယှက်ပေးတာ မဟုတ်ပါဘူးတဲ့။ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ကင်တားနားဟာ အဲ့ဒီအဖြစ်အပေါ် အမြင်မှားအထင်လွဲတာပါဆိုပြီး မီဒီယာအသိုင်းအ၀ိုင်းကို ပြောကြားခဲ့တယ်။ အဲ့ဒီလူအုပ်ဟာ လူရမ်းကားတွေ လုံးဝ မဟုတ်ပါဘူးတဲ့။ ငြိမ်းချမ်းစွာ ဆန္ဒပြယင်း ကြိုဆိုနေကြတဲ့ လူစုပါတဲ့။ သူတို့က ကင်တားနားကို စာတစ်စောင်ပေးနိုင်ဖို့ ကြိုးစားခဲ့ကြတာပါတဲ့။ အဲ့ဒီဖြစ်ရပ်မတိုင်ခင် ရက်ပိုင်းလောက်မှာ နိုင်ငံရေးကိစ္စ အလျဉ်းမပါဝင်ဘဲ ကျွန်တော် နဲ့ ဓာတ်ပုံဆရာ အင်ဒရူး စတင်းဘရစ်ဂ်ျ တို့က ကင်တားနားသွားချင်ခဲ့တဲ့နေရာနဲ့အနီးတစ်ဝိုက်ကလူတွေဆီ ရောက်ရှိခဲ့တယ်။ ကုလသမဂ္ဂရဲ့နာမည်ကြီးပုဂ္ဂိုလ်တွေမဟုတ်တော့ အဲ့ဒီလိုမျိုး မကြုံဆုံခဲ့ရပါဘူး။ ကားကိုရပ်တန့်စေပြီး ပြူတင်းပေါက်ကတဆင့် စာတွေကမ်းပေးဖို့ ရာဂဏန်းရှိ လူတစ်စုရဲ့နှုတ်ဆက်မှုမျိုး မဖြစ်ခဲ့ကြပါဘူး။

    ဒီနှစ်အတွင်း ဗုဒ္ဓဘာသာဝင်တွေရဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အိုးအိမ်စွန့်ခွာခဲ့ကြတဲ့ မွတ်စ်လင်မ် ၁၆၀၀ လောက်က IDP စခန်းမှာ ဇဝေဇ၀ါနဲ့ နေနေရစဲပါ။ ရွှေဆိုင် ပိုင်ရှင် မွတ်စ်လင်မ်တစ်ဦး နဲ့ ရွှေရောင်းသူဗုဒ္ဓဘာသာဝင် တစ်ဦး အငြင်းပွားပြဿနာဖြစ်ရာကနေ လမ်းအပြင်ဖက်ရောက်လာပြီး မွတ်စ်လင်မ် ဆန့်ကျင်ရေး အကြမ်းဖက်မှု စတင်ခဲ့တာ ဖြစ်တယ်။ အခြေအနေ အလှည့်အပြောင်း မြန်ဆန်လှပါတယ်။ မော်တော်ဆိုင်ကယ်စီးလာတဲ့ ဘုန်းကြီးတစ်ပါးကို မွတ်စ်လင်မ်တွေက ဆွဲချပြီး မီးရှို့သတ်ဖြတ်တယ်ဆိုပြီးတဲ့နောက် ဗုဒ္ဓဘာသာဝင်တွေဟာ လက်စားချေသောအားဖြင့် မွတ်စ်လင်မ်တွေရဲ့ နေအိမ်၊ ဆိုင်ခန်းတွေကို မီးရှို့ဖျက်ဆီးခဲ့ကြကုန်တယ်။ လူတွေကို လိုက်လံဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်တဲ့အထိ ဖြစ်ကုန်တယ်။ ရဲတွေကတော့ ကူညီခွင့်မရှိလို့လား ကူညီချင်စိတ်မရှိလို့လား မသိဘူး။ အနီးမှာ ရပ်ကြည့်လျက်သာ ရှိခဲ့ကြတယ်။

    နေရာအနှံ့က အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့သူတွေဟာ ၁၀၀၀၀ ကနေ ၁၈၀၀၀ ကြားမှာရှိပြီး အနည်းဆုံး ၄၃ ဦး သတ်ဖြတ်ခံခဲ့ရတယ်။ မိတ္ထီလာ အာဏာပိုင်များရဲ့အဆိုအရ လက်ရှိ ကယ်ဆယ်ရေး စခန်းတွေမှာ လူ ၄၀၀၀ လောက် ရှိနေကြောင်း၊ မွတ်စ်လင်မ်တွေအတွက် စခန်း ၃ ခု နဲ့ ဗုဒ္ဓဘာသာဝင်တွေအတွက် စခန်း ၁ ခု စီစဉ်ထားပေးထားကြောင်း သိရပါတယ်။

    2(ဓာတ်ပုံ  ဗုဒ္ဓဘာသာဝင်အကြမ်းဖက်အုပ်စုများ ဖျက်ဆီးသွားခဲ့သော မိတ္ထီလာရှိမွတ်စ်လင်မ်နေအိမ်အပျက်အစီးပုံအကြား ထိုင်နေသော လူတစ်ဦး)

    စစ်အုပ်ချုပ်ရေးအပေါ် အုံကြွပေါက်ကွဲခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးပြီးတဲ့နောက် မြန်မာနိုင်ငံဟာ ဒီမိုကရေစီနဲ့လွတ်လပ်မှုဖက်ကို စတင်ကူးပြောင်းလာခဲ့တယ်။ ဒါပေမယ့် ၂၀၁၂ ခုနှစ်ကတည်းက ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စ်လင်မ်တွေအကြား ထိပ်တိုက်တွေ့စေမှုက ပြဿနာတက်လာစေခဲ့တယ်။

    မြန်မာပြည်ရဲ့အနောက်ပိုင်းကမ်းမြှောင်ဒေသတစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ ၂၀၁၂ နှစ်လယ်ပိုင်းက ဒေသခံ ဗုဒ္ဓဘာသာဝင်တွေနဲ့ ရိုဟင်ဂျာမွတ်စ်လင်မ်တွေအကြား အကြမ်းဖက်မှု စတင်ဖြစ်ပွားတယ်။ ရိုဟင်ဂျာတွေက လူနည်းစုဝင် တစ်ရပ်ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်မြန်မာများက သူတို့ကို နိုင်ငံသားအဖြစ် လက်မခံကြပါဘူး။ ရခိုင်ပြည်နယ်ထဲမှာ ဗုဒ္ဓ ဘာသာဝင်တွေ နဲ့ မွတ်စ်လင်မ်များအကြား ကာလအတန်ကြာအောင် တင်းမာမှုရှိနေခဲ့ကြတယ်။ မိတ္ထီလာကျတော့ လုံးဝကွဲပြားခြားနားနေပြီး မွတ်စ်လင်မ်တွေရဲ့ဆင်းသက်မှု၊ နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်လို့ အငြင်းပွားမှုမရှိသလို သာမန်အသေးအဖွဲလောက်နဲ့ ပဋိပက္ခဖြစ်ရတဲ့ရာဇ၀င်မျိုးလည်း မရှိခဲ့တာ အမှန်ပါ။ အခုလို ရက်စက်မှုတွေ ပွင့်ထွက်လာလိမ့်မယ်လို့ ဘယ်တုန်းကမျှ ထင်မထားဘဲ ဗုဒ္ဒဘာသာဝင်တွေနဲ့ သင့်တင့်မျှတညီညွတ်စွာ အတူနေထိုင်လာခဲ့ကြောင်း ဒေသတွင်း မွတ်စ်လင်မ်များစွာတို့က ဆိုပါတယ်။

    ဒီပြောဆိုချက်တွေအမှန်ဖြစ်ကြောင်း မွတ်စ်လင်မ်ခေါင်းဆောင်နဲ့ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးအောင်သိန်းက အတည်ပြုခဲ့ပါတယ်။ သူ့ကို မိတ္ထီလာမြို့ဗလီတွေထဲက အဖျက်ဆီးမခံရပဲကျန်ရစ်နေတဲ့ တစ်ခုတည်းသောဗလီဝတ်ကျောင်းတော်မှာ ကျွန်တော်တို့တွေ့ဆုံခဲ့ကြပါတယ်။ အလားတူ အမည်မဖော်လိုတဲ့ အခြား မွတ်စ်လင်မ်များစွာကလည်း ပြောပြကြပါတယ်။ တိုက်ခိုက်မှုမဖြစ်ပွားခင်က မွတ်စ်လင်မ်နဲ့ဗုဒ္ဓဘာသာဝင်တွေဟာ တော်တော်လေး သင့်မြတ်ပြေလည်မှုရှိကြတယ်၊ အတူ သွားလာစားသောက်စီးပွားလုပ်နေခဲ့ကြတာပါတဲ့။ အာဃာတ တောက်လောင်လာအောင် ကျယ်ကျယ်ပြန့်ပြန့်အမုန်းတရား သွတ်သွင်းဟောပြောနေချက်တွေက ပြစ်တင် ရှုတ်ချစရာပါဘဲ။ ဒီလို အစ္စလာမ်ဆန့်ကျင်ရေး အမျက်သိုမုန်းတီးရေး တရားပွဲများစွာကို ဖန်တီးနေခဲ့သူကတော့ အစွန်းရောက်ဘုန်းကြီး အရှင်ဝီရသူ နဲ့ သူ့နောက်လိုက် ၉၆၉ အဖွဲ့သားတွေဖြစ်ကြတယ်။ ၉၆၉ ဆိုတာ များမကြာသေးတဲ့ကာလတစ်ခုကဖွဲ့စည်းခဲ့တဲ့ ဗုဒ္ဓဘာသာဝင်အမျိုးသားရေးဝါဒီအုပ်စုပါ။

    3

    ( ဓာတ်ပုံ  –  မန္တလေးမြို့၊ ၉၆၉ အဖွဲ့ဌာနချုပ်ဖြစ်သော မစိုးရိမ်ကျောင်းတိုက်မှ ဦးဝီရသူ )

    သူ့ကျောင်းတိုက်ကို ရောက်ခဲ့စဉ်က မွတ်စ်လင်မ်တွေဟာ ဘာသာရေးအဓိကရုဏ်းတွေကို စတင်ဖန်တီးသူတွေဖြစ်ကြောင်း၊ သူ့နောက်လိုက်တွေကတော့ မိမိကိုယ်ကိုကာကွယ်သူတွေသာဖြစ်ကြောင်း “ မွတ်စ်လင်မ် အများစုဟာ သွေးကြွသူတွေဖြစ်ကြတယ်။ ဒီလူမျိုးရေးပဋိပက္ခရဲ့ အဓိက အကြောင်းရင်းဟာ သူတို့တွေပဲဖြစ်တယ်။ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတွေက သည်းညည်းမခံနိုင်တော့လို့ သူတို့ကို တန်ပြန်တိုက်ခိုက်ပြီး ကိုယ်ပိုင်ဥပဒေနဲ့စီရင်လိုက်တာပါဘဲ ” ဆိုပြီး ဦးဝီရသူက ကျွန်တော့်ကိုပြောပါတယ်။

    မွတ်စ်လင်မ်များက မြန်မာပြည်ကို ဒုက္ခရောက်အောင်လုပ်နေတယ်လို့ မကြာခဏဟောပြောနေပေမယ့် “ ဘာသာ အသီးသီးက လူတွေနဲ့ ညီညွတ်မျှတစွာနေထိုင်ဖို့ အားလုံးကိုတိုက်တွန်းနေပါတယ်။ ငြိမ်းချမ်းရေးနဲ့သင့်မြတ်ရေးထဲ နေထိုင်နိုင်မယ့်အစီအစဉ်ကို စတင်ချမှတ်နေပါပြီ ” ဆိုပြီး ပြဿနာ မှန်သမျှကနေ ရှောင်ကြဉ်ဖို့ကြိုးစားနေတယ်လို့ ဦးဝီရသူက ဆိုပါတယ်။

    မိတ္ထီလာမြို့ခံ တစ်ချို့က ဦးဝီရသူရဲ့စကားကို ပယ်ချခဲ့ကြတယ်။ ၉၆၉ ခေါင်းဆောင်ကြီးရဲ့တရားပွဲပြီးတဲ့နောက် မိတ္ထီလာတစ်ခွင်လုံးမှာ မွတ်စ်လင်မ်ဆန့်ကျင်ရေးအတွက် မှိုင်းတိုက်ဝါဒဖြန့်စာစောင်တွေ၊ ဒီဗီဒီတွေကို ပလူပျံအောင် ဖြန့်ဖြူးခဲ့တယ်လို့ ဆိုကြပါတယ်။ “ ရခိုင်ပြည်နယ်အကြမ်းဖက်မှုနောက်ပိုင်း ဒီဖက်မှာ အမုန်းမှိုင်းတိုက် တရားပွဲတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်လာကြတယ်။ ဒေသတွင်း အာဏာပိုင်တွေကလည်း ဒါကိုရပ်ဆိုင်းစေဖို့ ဘာဆိုဘာမှ မလုပ်ခဲ့ကြပါဘူး ”။

    မြို့ခံရဲတပ်ဖွဲ့ကလည်း မွတ်စ်လင်မ်တွေကို စုရုံးခွင့်မပြုပါဘူး။ “ တကယ်လို့ သူတို့အမိန့်ကို မလိုက်နာယင် နောက်တစ်ကြိမ်ထပ်မံဖြစ်ပွားဦးမယ်လို့ အာဏာပိုင်တွေက ကျွန်တော်တို့ကို အမြဲတစေ ဖိအားပေးနေပါတယ် ” လို့ တွေ့ဆုံခဲ့သူတစ်ဦးက ဆက်လက်ရှင်းပြတယ်။ ဒေါသအုံကြွမှုတွေ ဆုံးခန်းတိုင်သွားပေမယ့် သူကတော့ လုံခြုံပြီလို့ မခံစားရသေးဘူး၊ ယာယီဒုက္ခသည်စခန်းတွေကနေ မိမိနေအိမ်များကို ပြန်ခွင့်မပြုဘဲ အာဏာပိုင်တွေက အကြောင်းပြချက်အမျိုးမျိုးပေးနေပါတယ် ဆိုပြီး ဆိုပါတယ်။

    မြို့ထဲမှာ တင်းမာမှုတွေ ကြွင်းကျန်နေဆဲဖြစ်ပြီး မွတ်စ်လင်မ်တွေအနေနဲ့ အကျဉ်းအကြပ်ထဲရှိနေဆဲဆိုတာတွေ့ရတယ်။ မိမိတို့ရဲ့မိတ်ဆွေတွေ၊ မိသားစုဝင်တွေကို သတ်ဖြတ်တဲ့ထဲမှာ အိမ်နီးချင်းတွေလည်း ပါဝင်တယ်လို့ လူများစွာက ပြောကြားကြတယ်။ “ အကြမ်းဖက်အုပ်စုထဲပါဝင်တဲ့လူတစ်ချို့ဟာ လှည့်ပတ်သွားလာနေဆဲပါဘဲ။ မိမိခင်ပွန်းကို သတ်ဖြတ်လိုက်သူကို သိခဲ့တဲ့ အမျိုးသမီးတစ်ဦးက သက်ဆိုင်ရာကို တိုင်ကြားပေမယ့် အာဏာပိုင်တွေက လုံးဝ အရေးတယူမလုပ်ကြပါဘူး ”။

    မြန်မာမွတ်စ်လင်မ်တွေအပေါ် ဖိနှိပ်ဆက်ဆံမှုတွေနဲ့ပတ်သက်လို့ လူ့အခွင့်အရေးသုံးသပ်ချက်အစီရင်ခံစာတစ်စောင်ကို ပြီးခဲ့တဲ့ လနှောင်းပိုင်းမှာ ထုတ်ပြန်ခဲ့တယ်။ အနာဂတ်ကာလမှာ လူ့အခွင့်အရေးချိုးဖောက်မှု၊ မျိုးတုန်းရှင်းလင်းမှုအပါအ၀င် အကြမ်းဖက်မယ့်လက္ခဏာအစွန်းအစတွေ တွေ့နေရဆဲဖြစ်တယ်လို့ ဖော်ပြထားတယ်။

    ဘက်လိုက်မျက်နှာလွှဲထားမှုတွေ၊ ပြစ်မှုကျူးလွန်ပြီး တရားရုံးမရောက်သူတွေ၊ နှိပ်စက်မှုမှာ အားပေးအားမြှောက်လုပ်တဲ့ ရဲဝန်ထမ်းတွေရှိခဲ့ကြောင်း “ ရဲဝန်ထမ်းတွေဟာ တိုက်ခိုက်မှုတစ်ချို့အတွင်း တိုက်ရိုက်ပါဝင်ပတ်သက်မှု ရှိခဲ့ကြတယ်။ ကဏ္ဍတော်တော်များများမှာလည်း တားဆီးမှုမရှိဘဲ ရပ်ကြည့်နေခဲ့ကြတယ် ” လို့လည်း အစီရင်ခံစာထဲ ပါရှိနေတယ်။

    ဒီအစီရင်ခံစာကို  Bangkok Foreign Correspondents Club မှာထုတ်ပြန်တဲ့အခါ ရေးသားသူ ဘီလ် ဒေးဗစ် (Bill Davis) က “ ခုချိန်မှာ ပြဿနာ ရပ်ဆိုင်းသွားခဲ့ပြီဖြစ်ပေမယ့် အကြမ်းဖက်မှုကိုဖြစ်ပွားစေတဲ့ အခြေခံအချက်ကတော့ ကျန်ရှိနေတုန်းပါဘဲ။ အဲ့ဒါက အမုန်းတရားအစဉ်အလာကိုဖန်တီးပြီး ဆက်လက် မီးစိမ်းပြဦးမယ့် အမျိုးအစားဖြစ်နေပါတယ် ” လို့ ပြောကြားသွားခဲ့ပါတယ်။

    နောက်ဆုံးရ အချက်အလက်များက အဖမ်းခံရသူ ၈၇ ဦးမှာ ဗုဒ္ဓဘာသာဝင် ၃၈ ဦးသာ ပါဝင်နေကြောင်း ပြသနေပါတယ်။ “ ဒီစီမံမှုထဲ အမှန်တကယ် ပါဝင်နေသူ အများစုက လွတ်မြောက်နေဆဲဖြစ်ပါတယ်။ အဖမ်းခံထားရသူတွေက နောက်လိုက် သက်သက်ပါ။ ခေါင်းဆောင်တွေ မဟုတ်ကြပါဘူး ” လို့ ကျွန်တော်တို့ကို IDP က မွတ်စ်လင်မ်တစ်ဦး ပြောပြခဲ့တယ်။

    ဗုဒ္ဓဘာသာဝင်တွေ အုံကြွလာအောင် မှိုင်းတိုက်မှုအတွက် ကန့်လန့်ကာနောက်ကွယ်က တာဝန်အရှိဆုံးသူတွေဟာ ဦးဝီရသူနဲ့သူ့နောက်လိုက်တွေသာဖြစ်တယ်လို့ လက်ခံသူတွေ များစွာရှိနေကြတယ်။ တိုင်းပြည်ကို ဒီမိုကရေစီ လမ်းကြောင်းကနေဖယ်ခွာပြီး စစ်အုပ်ချုပ်ရေးဖက်ပြန်လည်တွန်းပို့လိုတဲ့ အာဏာပိုင်အချို့က ကြံဆောင်မှုဖြစ်တယ် လို့လည်း အမြင်ရှိသူတွေ မနည်းလှပါဘူး။ မိတ္ထီလာရဲ့ဈေးကွက်ဝင်ဧရိယာထဲက မွတ်စ်လင်မ်တွေကို ဖယ်ထုတ်ပြီး ပြန်လည် ဆုပ်ကိုင်ရယူအမြတ်ထုတ်တယ်လို့ သုံးသပ်သူတွေလည်း ရှိနေကြပါတယ်။

    အမြင်နှစ်ရပ်လုံးထဲမှာ စစ်အာဏာရှင်ဟောင်းတွေရဲ့လက်တွဲဖော် ခရိုနီအုပ်စုတွေဆိုတဲ့ စကားလုံးက ၀ိုင်းရံနေပါတယ်။ စစ်အာဏာရှင်အုပ်စုဟောင်းတွေက မိမိတို့ရဲ့အာဏာ ဆက်လက်တည်မြဲဖို့ (သို့တည်းမဟုတ်) စီးပွားရေးတံခါးဖွင့်ချိန်မှာ ပိုမိုကြွယ်ဝလာဖို့ ခုတုံးလုပ်တာ ဖြစ်နိုင်ပါတယ်။ “ ဒီခရိုနီတွေနဲ့အာဏာပိုင်တွေဟာ တိုင်ပြည်ကို နောက်ပြန်ဆုတ်စေချင်ကြတယ်။ ဒီမိတ္ထီလာအကြမ်းဖက်မှုကြီးကို သူတို့က စံနစ်တကျ ကြိုတင်ကြံစည် ဖန်တီးခဲ့ကြတာပါ ” ဆိုပြီး ကုန်သည်တစ်ဦးက ကျွန်တော်တို့ကို ဗလီထဲမှာ ပြောပြခဲ့ပါတယ်။

    5

    ( ဓာတ်ပုံ  – ဗုဒ္ဓဘာသာဝင်အကြမ်းဖက်သမားတို့မှ ဖျက်ဆီးခဲ့သော မိတ္ထီလာရှိ မွတ်စ်လင်မ်တို့၏နေရာတစ်ခု)

    ရွှေဝါရောင်တော်လှန်ရေးဦးဆောင်ဆရာတော်တစ်ဦးဖြစ်တဲ့ ဦးပုည၀ံသ ကလည်း ဒီအကြမ်းဖက်မှုနောက်ကွယ်မှာ ခရိုနီတွေရှိကြောင်း လက်ခံခဲ့တယ်။ ဒါပေမယ့် ငွေကြေးလောဘ ဆိုတာထက် လက်လွှတ်သွားတဲ့စစ်အုပ်ချုပ်ရေးကို ပြန်လည်အသက်သွင်းလိုတာကြောင့် ဒီလိုလုပ်တာလို့ သူက အမြင်ရှိတယ်။ ပြည်တွင်း မွတ်စ်လင်မ်တွေ ဘယ်ပုံဘယ်နည်း နှိပ်စက်ခံရတယ်ဆိုတာကို မပြောကြားမီ သူက “ မြေပိုင်ဆိုင်ရေး နဲ့ အကျင့်ပျက်ခြစားမှု ပြဿနာတွေ ရှိနေကြတယ် ” လို့ ဆိုပါတယ်။ အာဏာပိုင်တွေက မှန်ကန်တဲ့ အထောက်အထားမပြနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ မွတ်စ်လင်မ်တွေကို ခုထိ မြေပြန်မပေးသေးတာကတော့ ထင်ထင်ရှားရှားတွေ့နေရတယ်။ နေရာတော်တော် များများအတွက် အထောက်အထားဆိုတာ မကျန်ရှိခဲ့ပါဘူး။ (မီးရှို့ဖျက်ဆီးမှုထဲ ပါသွားပြီလေ)။ မြေနေရာပြန်ပေးဖို့ငြင်းဆန်ခြင်းဟာ အကယ်၍ အဲ့ဒါတွေကို ပြန်လည်ပြုပြင် တည်ဆောက်ယင် မြန်မာအစိုးရဟောင်း အဖွဲ့ဝင်အများအပြားကို အကြီးအကျယ် ချမ်းသာကြွယ်ဝသွားစေမှာဖြစ်ပါတယ်။

    ဒီပြဿနာနဲ့စပ်လျဉ်းပြီး ဘီလ်ဒေးဗစ္စ က “ သူတို့ကို အိမ်ပြန်ခွင့်မပေးဖို့ အမိန့်တွေပေးထားကြတယ်။ သူတို့ဟာ ဒီမြေတွေကို တကယ်ပိုင်ဆိုင်ကြောင်း အထောက်အထားတွေပြရမယ်လို့ ဒီလူတွေက ပြောတယ်။ ဒီလိုပြောဆိုတဲ့ ပထမအကြောင်းက မြန်မာနိုင်ငံမှာ မြေပိုင်ဆိုင်မှုစံနစ်ဆိုတာ မရှိပါဘူး (အားလုံးက နိုင်ငံပိုင်မြေ ဖြစ်တယ်)။ ဒုတိယအချက်က အထောက်အထားပြသနိုင်ယင်တောင်မှ အိမ်တွေဖျက်ဆီးခံလိုက်ရပြီဖြစ်လို့ ဘယ်လိုမှ ရယူပြသလို့မရတော့တာကြောင့်ဖြစ်တယ် ” လို့ပြောတယ်။ သက်သေအချက်အလက်မရှိတဲ့အတွက် ဒီသီအိုရီအတိုင်း အသေအချာဖြစ်တယ်လို့ အတည်ပြုပြောကြားတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် “ (အဖျက်ဆီးခံ) မြေနေရာအများစုဟာ စီးပွားရေး နဲ့ ကုန်ကူးသန်းမှုမှာ အရေးပါတဲ့ လမ်းမကြီး တစ်လျှောက်ပေါ် တည်ရှိနေတယ်။ အထူးသဖြင့် စီးပွားရေးလက်ဝါးကြီးအုပ်လိုသူတွေအဖို့ ဒီမြေတွေကို လိုချင်နေတာအမှန်ပါဘဲ။ ကချင်ပြည်နယ် နဲ့ ကရင်ပြည်နယ်လို မြန်မာပြည် အခြားဒေသများမှာလည်း အာဏာပိုင်တွေက အဓမ္မမြေသိမ်းတဲ့ အလားတူအခြေအနေမျိုး ရှိနေပါတယ် ” ဆိုပြီး ဖြည့်စွက်ပြောဆိုသွားခဲ့တယ်။

    ဗလီထဲမှာ တွေ့ဆုံပြောဆိုမှုပြီးစီးတဲ့နောက် ကျွန်တော်တို့ဟာ အကြမ်းဖက်အပျက်အစီးမြင်ကွင်းတွေကို ကြည့်ရှုဖို့ လမ်းသလားခဲ့ကြပါတယ်။ မြို့ရဲ့အချို့အစိပ်အပိုင်းဟာ လေကြောင်းစစ်ဆင်ရေးခံထားရသလိုမျိုးနဲ့ ခပ်ဆင်ဆင် တူနေပါတယ်။ လေလွင့်သူတွေကလည်း အပျက်အစီးပုံထဲက ပစ္စည်းကောင်းတွေကို ရှာဖွေတူးဆွနေကြတယ်။ မီးကျွမ်းပြိုလဲနေတဲ့ အိမ်ဝင်းတစ်ခုထဲမှာတော့ ဆိတ်ကျောင်းသားနဲ့ဆိတ်အုပ်တွေက သွားလာကျက်စားနေကြတယ်။ အဲ့ဒီနေရာဟာ တစ်ချိန်တုန်းက တောက်ပြောင်ခမ်းနားတဲ့ စားသောက်ခန်းတစ်ခု ဖြစ်ချင်ဖြစ်ခဲ့မှာပါဘဲ။ ခုချိန်မှာတော့ ……….။

    6

    ( ဓာတ်ပုံ  – အဖျက်ဆီးခံမွတ်စ်လင်မ်အိမ်များ၌ သွားလာကျက်စားနေသည့် ဆိတ်များ)

    နေ့လည်စာစားပြီးအခိုက်အတန့်မှာ ကျွန်တော်တို့အတွက်စီစဉ်သူက အရပ်သားအသွင်ဆောင်ထားတဲ့ ရဲထောက်လှမ်းရေးအရာရှိတစ်ယောက်ကို ညွှန်ပြပါတယ်။ အဲ့ဒီလူဟာ မြို့လယ်နဲ့အတန်ငယ် လှမ်းတဲ့နေရာတစ်ခုမှာ ကယ်ဆယ်ရေးစခန်းက လူတစ်ချို့နဲ့ကျွန်တော်တို့တွေ့ဆုံဆွေးနွေးမေးမြန်းတာကို နောက်ယောင်ခံ လိုက်ခဲ့တဲ့သူပါ။ အိမ်တစ်အိမ်မှာ IDP  ကလူတစ်ချို့ကို ကျွန်တော်တို့နဲ့တွေ့ဆုံစကားပြောဖို့ ခေါ်ထုတ်လာခဲ့တယ်။ ကျွန်တော်တို့ အင်တာဗျူးလုပ်ကြမယ့်အိမ်ထဲကို စီစဉ်သူက အဲ့ဒီသူကို ၀င်ရောက်စေခဲ့တယ်။ ကျွန်တော်လည်း အဲ့ဒီလူနဲ့အပေးအယူ တစ်ခုလုပ်ခဲ့တယ်။ သူက လက်နှစ်ဖက်လုံးသုံးပြီး အင်ဒရူးက လက်တစ်ဖက်ထဲနဲ့ လက်မောင်းလှဲအားပြိုင်လို့ သူနိုင်ယင် အထဲမှာစောင့်ကြည့်နိုင်တယ်။ တကယ်လို့ အင်ဒရူးကနိုင်သွားခဲ့ယင် သူက ထွက်ခွာသွားပေးရမယ်ဆိုပြီးတော့ပေါ့။ ဆယ်မိနစ်ကျော်ကျော်ကြာလွန် သွားတဲ့နောက် အဲ့ဒီလူက မအီမလည်အောင့်သက်သက်နဲ့ ထွက်ခွာသွားရတယ်လေ။

    သူက အနောက်တိုင်းဂျာနယ်လစ်နှစ်ဦးကို ကိုင်တွယ်ဖို့၊ ခြိမ်းခြောက်မှုလုပ်ဖို့အနေအထား မရှိခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့အင်တာဗျူးအကြောင်းအရာ နဲ့ စီစဉ်သူကိုတော့ ဒီလို သဘောထားချင်မှ ထားပါလိမ့်မယ်။ “မြန်မာ့နွေဦး” လို့ဆိုရမယ့်အပြောင်းအလဲဖြစ်နေသော်လည်း၊ သမ္မတဦးသိန်းစိန်က နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးမယ်လို့ တစိုက်မတ်မတ်ဆိုနေသော်လည်း မြန်မာနိုင်ငံရဲ့ မွတ်စ်လင်မ်တွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူအပေါင်းက အနောက်တိုင်း ဂျာနယ်လစ်များနဲ့တွေ့ဆုံပြောဆိုမှုအပေါ် ရဲထောက်လှမ်းရေးနဲ့သတင်းပေးတွေဖက်က ရှေ့ဆက်ဒုက္ခပေးလာမှာကို စိုးရိမ်မှု ရှိနေတယ်လို့ ပြောပြကြပါတယ်။

    ဇူလိုင်လတုန်းက အာဏာပိုင်တွေကို ထောက်ပြပြောဆိုလေ့ရှိတဲ့ လှုပ်ရှားတက်ကြွသူ ရိုဟင်ဂျာအမျိုးသားကြီးတစ်ဦးကို အရေးယူပြီးထောင်ချခဲ့ကြတယ်။ အဲ့ဒီပုဂ္ဂိုလ်ဟာ ကျန်းမာရေးလည်း မကောင်းသလို ဆေးကုသမှုခံယူခွင့်လည်း ကောင်းကောင်းမရခဲ့ပါဘူး။ ရခိုင်ပြည်နယ်ကယ်ဆယ်ရေးစခန်းက ယာယီတဲတွေကို ဖြိုလှဲနေတဲ့ ရဲဝန်ထမ်းတစ်ယောက်ရဲ့ဓာတ်ပုံကို ဖေ့စ်ဘွတ်ပေါ်တင်လိုက်တဲ့ လူမှုလှုပ်ရှားသူတစ်ဦးဟာလည်း ရက်သတ္တပတ် အနည်းငယ်အတွင်း အဖမ်းခံခဲ့ရပါတယ်။

    7

    ( ဓာတ်ပုံ  – ကျွန်ုပ်တို့အား နောက်ယောင်ခံလိုက်ခဲ့သည့် ထောက်လှမ်းရေးရဲအရာရှိ )

    ကျွန်တော်တို့တွေ့ဆုံခဲ့တဲ့ IDP စခန်းထဲကလူအားလုံးဟာ အကြမ်းဖက်မှုစတင်စဉ်ကတည်းကြုံတွေ့ရမှုကို ပြောပြခဲ့တာ ထပ်တူထပ်မျှဖြစ်နေပါတယ်။ သူတို့ဟာ ဗုဒ္ဓဘာသာဝင်များနဲ့ ကာလရှည်ကြာစွာ ငြိမ်းငြိမ်းချမ်းချမ်း အတူနေထိုင်ခဲ့ကြတယ်။ ဒါပေမယ့် တင်းမာမှုတွေ တဖြည်းဖြည်းမြှင့်တက်လာမှုကိုလည်း သတိထားမိခဲ့ကြတယ်။ မိမိအိမ်ကို မီးတင်ရှို့ခံလိုက်ရတဲ့ အငြိမ်းစားရဲအရာရှိတစ်ဦးက “ ကျွန်တော်တို့ လူ့အဖွဲ့အစည်းက ဘာမှမကျူးလွန်ခဲ့ပဲနဲ့ ဘာကြောင့်ဒီလိုဖြစ်ပျက်ရတယ်ဆိုတာ မသိရပါဘူး ” လို့ ပြောပါတယ်။ မိမိရပ်ကွက်ထဲက ဗုဒ္ဓဘာသာဝင်တွေကို မိမိကိုယ်တိုင်ချက်ပြုတ်ကျွေးမွေးပေးတဲ့အထိ ရင်းနှီးကျွမ်းဝင်ခဲ့ကြတာပါလို့ နောက်တစ်ဦးကလည်း ဆိုပြန်တယ်။

    တိုက်ခိုက်မှုအတွက် သူတို့အားလုံး အပြစ်တင်တာကတော့ ဦးဝီရသူ ပါဘဲ။ စစ်တပ်နဲ့အာဏာပိုင်တွေ ပါဝင် ပတ်သက်မှုရှိတယ်လို့လည်း ပြောကြတယ်။ “ တစ်ချိန်တုန်းက ကျွန်တော်တို့ ငြိမ်းချမ်းသင့်မြတ်နေခဲ့ကြပါတယ်။ ဒါပေမယ့် စံနစ်တကျကြံစည်ထားတဲ့ အမုန်းမီးမွှေးမှု ပျံ့နှံ့လာခဲ့တယ်။ အဲ့ဒီနောက် လူတွေကြားထဲ ဖြည်းဖြည်းချင်း စိမ့်ဝင်သွားခဲ့တာပါဘဲ ” လို့ တစ်ဦးသောသူက ရှင်းပြခဲ့တယ်။

    လူ့အသိုင်းအ၀ိုင်းအချင်းချင်းအကြားမှာ အယုံအကြည်ကင်းမဲ့သွားခဲ့ပါပြီ။ မိမိတို့လုံခြုံမှုကိုအာမခံပေးတဲ့ မူဝါဒတစ်ခုကို အစိုးရဖက်က ပြုလုပ်ဖို့လိုအပ်ကြောင်း ပြောဆိုကြပါတယ်။ အခုလက်ရှိအချိန်မှာတော့ သူတို့အဖို့ IDP စခန်းထဲကနေ ထွက်ခွာနိုင်ဖို့က အရေးအကြီးဆုံးဖြစ်နေပါတယ်။

    8

    ( ဓာတ်ပုံ  – ခရိုင်အားကစားကွင်းထဲရှိ ကယ်ဆယ်ရေးစခန်းအဖြစ်ပြုလုပ်ထားသောအားကစားရုံ )

    ကျွန်တော်တို့ ပထမဆုံးသွားရောက်ခဲ့တဲ့စခန်းက ခရိုင်အားကစားကွင်းဖြစ်ပါတယ်။ သေးငယ်တဲ့အားကစားရုံထဲမှာ လူ ၆၀၀ ကျော် ပြွတ်သိပ်ပြီးနေနေတာကို တွေ့ခဲ့ရပါတယ်။ မတ်လ ၂၁ ရက်နေ့ကစပြီး ဒီပုံစံနဲ့ နေထိုင်လာခဲ့တာ ငါးလ ရှိပါပြီ။ သီးခြားအကန့်မရှိဘဲ ကြမ်းပြင်ပေါ်ဖြစ်သလို ဖျာတွေ၊ စောင်တွေခင်းပြီး အ၀တ်အိတ်နဲ့ပိုင်ဆိုင်မှုတွေ နံဘေးမှာကိုယ်စီချထားလို့ နေအိမ်သဖွယ် နေထိုင်နေရတာပါ။ လူနှစ်ယောက် ပခုံးချင်းယှဉ်ဖြတ်လျှောက်လို့မရတဲ့အထိ ကြမ်းပြင်တစ်ကြော လူတွေပြည့်ကျပ်နေပါတယ်။ မိမိရဲ့ဖျာတစ်ချပ်စာနေရာမှာ သူ့မိသားစု ၇ ဦးနေထိုင်နေရတယ်လို့ လူတစ်ဦးက ပြောပြတယ်။

    မိမိတို့ရဲ့အနာဂတ် ဘာဖြစ်လာမလဲ၊ ဘာကိုရွေးချယ်ရမလဲဆိုတာ ဘယ်သူမှ သေသေချာချာ မပြောနိုင်ပါဘူး။ ဒီမှာမလွတ်လပ်ဘူး၊ ကိုယ့်အိမ်ကိုယ်ပြန်မှဖြစ်မယ်၊ နောက်တစ်နေ့ပြန်ခွင့်ရတာနဲ့ထွက်ခွာမယ် စသဖြင့် ကိုယ်စီ ဆိုနေကြပါတယ်။

    အချို့ကျတော့ လမ်းပြင်ရောက်ယင် လုံခြုံမှု မရှိဘူးလို့ ဆိုကြပြန်တယ်။ “ ကျွန်မတို့ဆီမှာ အနာဂတ် မရှိတော့လို့ အိမ်ကိုလည်း မပြန်ချင်တော့ဘူး ” ဆိုပြီး နေအိမ်တစ်ခုလုံး မီးထဲပါသွားတဲ့ အမျိုးသမီးတစ်ဦးက ပြောဆိုပါတယ်။

    ကျွန်တော်တို့ရောက်ဖူးတဲ့ မြန်မာပြည်အခြားဒေသက IDP စခန်းတွေနဲ့မတူပဲ မိတ္ထီလာမှာ ကျွန်တော်တို့သွားတဲ့နေရာတိုင်း ရဲတစ်စုက လိုက်နေခဲ့ကြတယ်။ အချို့က ယူနီဖောင်းနဲ့၊ တစ်ချို့ကျတော့ အရပ်ဝတ်နဲ့ဖြစ်တယ်။ ရဲအရာရှိတစ်ဦးရှေ့မှာဖြစ်စေ၊ စကားဝိုင်းထဲ သူဝင်ပါတဲ့အခါဖြစ်စေ မေးမြန်းပြောဆိုမှုတွေကို ခက်ခဲသွားစေပါတယ်။ အဲ့လိုဝင်စွက်လိုက်ယင် ရှေ့ဆက်တိုးဖို့ မလွယ်တော့ပါဘူး။

    အားကစားရုံအပြင်ဖက်မှာ ၀ါးတဲထိုးပြီး နေထိုင်နေကြတဲ့ ဒုက္ခသည်တွေလည်းရှိကြတယ်။ တစ်ချို့က ချက်ပြုတ်နေကြတယ်။ တစ်ချို့က ဆိုင်ငယ်လေးတွေခင်းပြီး သွားရေစာနဲ့ဟင်းသီးဟင်းရွက်တွေကို ရောင်းချနေကြတယ်။ အဲ့ဒါက ဘောလုံးကွင်းထဲမှာပါ။ တစ်ချို့ကတော့ အမိုးမိုးဖို့ ကွန်ကရစ်တိုင်သုံးမယ့်အထိ စိတ်ကူးနေကြတယ်။

    9

    ( ဓာတ်ပုံ  – ကယ်ဆယ်ရေးစခန်းတစ်ခု၏ပြင်ပမှ ရဲအရာရှိများ )

    ခရိုင်အားကစားကွင်းကနေထွက်ခွာလာပြီးတဲ့နောက် မြို့ထဲနဲ့နီးတဲ့ ဗုဒ္ဓဘာသာဝင်ဒုက္ခသည်စခန်းတစ်ခုကို ၀င်ပါတယ်။ အဲ့ဒီကအခြေအနေတွေကလည်း သိပ်ပြီးမထူးခြားပါဘူး။ မှောင်ပိန်းညစ်ပတ်တဲ့တဲတွေထဲမှာ လူတွေ နေနေကြရတယ်။ အဲ့ဒီမှာတော့ အာဏာပိုင်တွေ သိပ်မရှိကြပါဘူး။

    ကင်တားနား သွားရောက်ဖို့ရည်ရွယ်ထားတဲ့ နောက်ထပ်စခန်းတစ်ခုကို ကျွန်တော်တို့ရောက်ပြန်တယ်။ ဒုက္ခသည်စခန်း လုပ်ထားတဲ့ ရေပေးဝေရေးစက်ရုံတစ်ခုပါ။ အပြင်ဖက်မှာ လူတစ်ချို့ ၀ိုင်းဖွဲ့ထိုင်နေကြတယ်။ ထင်းခွေသူတွေ ခွေကြ၊ ခြင်းလုံးခတ်သူတွေ ခတ်ကြနဲ့ပေါ့။ ၀ါးတဲများနဲ့ တစ်ထပ်တိုက်အဆောက်အဦထဲမှာ မိသားစုတစ်စုအတွက် ၁၀ ပေ ပတ်လည်ကန့်သတ်နေရာချထားပေးတယ်။ ဒီစခန်းက အခြေအနေတော်တော်ကောင်းပုံရပါတယ်။

    ဒီလိုစခန်းမျိုးထဲမှာတောင် ရဲနဲ့ထောက်လှမ်းရေးအရာရှိတွေက အချင်းချင်းရယ်မောစကားဆိုယင်း ကျွန်တော်တို့နောက်ကို ထပ်ကြပ်မကွာ လိုက်နေခဲ့ကြတယ်။ ဒါကြောင့် အင်တာဗျူးလုပ်ဖို့ကြိုးပမ်းချက်အများစုက သဲထဲရေသွန်ဖြစ်သွားရတယ်လေ။ ခြောက်သွေ့ပူပြင်းတဲ့ဒဏ်၊ ဖရိုဖရဲဝန်းကျင်အခြေအနေတွေ၊ စခန်းပတ်လည်က လုံခြုံရေးအစောင့်တွေကြောင့် ကျွန်တော့်မှာ ပျို့အန်ချင်သလို ခံစားလာခဲ့ရပါတယ်။ အကျဉ်းသဘောလောက်သာ လျှောက်ကြည့်ပြီး ရဲအစောင့်တွေကို ကောင်းမွန်စွာ နှုတ်ဆက်ထွက်ခွာလာကြပါတယ်။

    10

    ( ဓာတ်ပုံ – ရေပေးစက်ရုံစခန်းပတ်လည်မှ ကျွန်ုပ်တို့နောက်လိုက်နေသည့် လုံခြုံရေးအုပ်စုဝင်များ )

    ဒုက္ခသည်တွေကို ဘယ်နေ့ဘယ်ရက်မှာအိမ်ပြန်ခွင့်ပြုမယ်ဆိုတာ ကယ်ဆယ်ရေးစခန်းတွေက တပ်အပ်သေချာ မပြောကြပါဘူး။ လူ့အဖွဲ့အစည်းတွေအကြား ရင်ကြားစေ့ရေးအစီအစဉ်ပြုလုပ်ပေးမယ့်လမ်းလည်း မမြင်ရဘူး။ နောက်ထပ်အကြမ်းဖက်လာနိုင်ချေရှိတဲ့အရာကို ထိန်းချုပ်ထားတဲ့ မူဝါဒစံနစ်တစ်ရပ်ကိုပင် မချမှတ်ထားတာလည်း တွေ့ခဲ့ရတယ်။

    မိတ္ထီလာအကြမ်းဖက်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့ ကင်တားနားက “ အနီးအနားမှာ ရဲတပ်ဖွဲ့ဝင်တွေရှိနေပါလျက် အကာအကွယ်မဲ့နေရတဲ့ ဒီအဖြစ်ကိုကြုံတွေ့လိုက်ရတဲ့အခါ စိုးရိမ်ထိတ်လန့်မှုကို ခံစားလိုက်ရတယ်။ လွန်ခဲ့တဲ့မတ်လ အကြမ်းဖက်မှုကြီးအတွင်း လူရမ်းကားအုပ်စုတွေက လူ ၄၃ ဦးကို သေတဲ့အထိ ရိုက်နှက်၊ ထိုးခုတ်၊ မီးရှို့နေပါလျက် ရဲတွေက စောင့်ဆိုင်းရပ်ကြည့်နေချိန်မှာ မြို့ခံလူတွေရဲ့သောကဝေဒနာကို ကျွန်တော့်ရဲ့ဒီအဖြစ်က ကိုယ်ချင်းစာနားလည်မှု ဖြစ်သွားစေပါတယ် ” လို့ ဖော်ထုတ်ပြောကြားခဲ့ပါပြီ။

    ကုလသမဂ္ဂသံတမန်တစ်ဦးကိုပင်လျှင် အာဏာပိုင်တွေက မကာကွယ်နိုင်ဘူး ဒါမှမဟုတ် ကာကွယ်ပေးလိုစိတ်မရှိဘူး ဖြစ်နေတဲ့အခါ မိတ္ထီလာက မွတ်စ်လင်မ်တွေအတွက် အနာဂတ်အလားအလာကောင်းဖို့ မမြင်တော့ပါဘူးဗျာ။

    ( International Centre For Journalists ထံသို့ Danny Gold ၏  Spending time with the displace muslims of Myanmar ခေါင်းစဉ်ဖြင့်တင်ပြချက်ကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည် )

    Photos Credit: Andrew Stanbridge

  • သင်မသိသော သင့်ဦးနှောက်အကြောင်း

    စက်တင်ဘာ ၁၆၊ ၂၀၁၃
    M-Media Knowledge ကဏ္ဍ
    ရှာဖွေတင်ဆက်သူ – မိုးတိမ်

    brain 2

    ၁။ ဦးနှောက်ရဲ့ ရာခိုင်နှုန်း ၈၀ ဟာ ရေဖြစ်ပါတယ်။ ဆိုလိုတာက ဦးနှောက်ကောင်းကောင်း အလုပ်လုပ်ဖို့ ရေအဝအလင် သောက်နေဖို့လိုပါတယ်။

    ၂။ ဦးနှောက်ဟာ မနက်ထက် ညပိုင်းမှာပိုပြီး အလုပ်ပိုလုပ်ပါတယ်။

    ၃။ အချက်အလက်တွေဟာ အာရုံကြောတွေကနေ ဖြတ်သွားတဲ့အခါ တစ်ခုနဲ့ တစ်ခု အမြန်နှုန်းမတူကြပါဘူး။ ဒါကြောင့် တစ်ခါတလေမှာ တစ်ချို့အကြောင်းအရာတွေကို ချက်ချင်းမှတ်မိပြီး တစ်ချို့ကိုကျ နည်းနည်းနောက်ကျပြီးမှ သတိရတာပါ။

    ၄။ ကျွန်တော်တို့ ဦးနှောက်ဟာ ခန္ဓာကိုယ်အလေးချိန်ရဲ့ ၂ ရာခိုင်နှုန်းသာရှိပါတယ်။ ဒါပေမယ့် သွေးထဲကိုရောက်လာတဲ့ အောက်ဆီဂျင်တွေရဲ့ ၂၀ ရာခိုင်နှုန်းကို လိုအပ်တယ်။

    ၅။ ဦးနှောက်ဟာ ၁၀ ဝက်ပ် မီးလုံးတစ်လုံးနဲ့ စွမ်းအင် အသုံးပြုပမာဏတူပါတယ်။

    ကိုးကား – GK

  • တစ်ပါတ်အတွင်း သိပ္ပံနှင့် နည်းပညာသတင်း (M-Media Tech ကဏ္ဍ)

    စက်တင်ဘာ၊ ၁၆ ၊
    M-Media
    ရှာဖွေ တင်ဆက်သူ – မျိုးမင်း

    ၁။ အသစ်ထွက်လာတော့မယ် Apple ရဲ့  iPhone 5c တို့ 5s အကြောင်း

    5s
    ဒီတစ်ပါတ်  နည်းပညာ သတင်းတွေထဲ့မှာ အရင်ဆုံးအနေနဲ့ iPhone 5c တို့ 5s တို့ အကြောင်းက စပြောရမယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ Apple က တစ်ခုခု ထုတ်လိုက်ပြီဆိုရင် လူတွေက သဲသဲလှုတ် ကြိုက်ကြတာကိုးခင်ဗျ။ ဒီ စက်တင်ဘာလ ၁၀ ရက်ညမှ 5c နဲ့ 5s ကို ထုတ်ဖေါ် ပြသခဲ့ပါတယ်။ 5c အကတော့ အရင်က iphone 5 နဲ့ hardware အားဖြင့် တော်တော်လေး ဆင်ပါတယ်။ A6 chip ကိုပဲ သုံးထားပါတယ်။ ဈေးနှုန်းကို သက်သာအောင် ဖုန်းအိမ်ကို ပလပ်စတစ်သားနဲ့ လုပ်ထားပါတယ်တဲ့။ iphone 5 ထက် feature အသစ်လေးတွေ နဲနဲ ပိုပါတာကလွဲလို့ အတူတူ နီးပါးပါပဲတဲ့။ ဈေးကတော့ သက်သာတယ် လို့တော့ ပြောတာပါပဲခင်ဗျ။ 5c ဆိုတာတောင် “cheap” ဆိုတဲ့  အဓိပ္ပါယ်နဲ့ သုံးထားတာဆိုတော့။ ဒါပေမယ် သူတို့ပြောတဲ့ ဈေးသက်သာတယ် ဆိုတာ 16GB ဗားရှင်းကို $550 နဲ့ရမယ်လို့ ဆိုလိုတာပါ။ ဝါ၊ စိမ်း၊ ပြာ၊ ပန်းရောင်၊ အဖြူ ဆိုပြီး အရောင် ၅ မျိုး နဲ့ ဝယ်ယူနိုင်ပါတော့မယ် ခင်ဗျား။

    ရွှေအဆင်းနဲ့ 5s ကတော့ A7 chip နဲ့ ဖုန်းအသစ် ဖြစ်ပါတယ်။ A7 ဟာ 64-bit processor ဖြစ်ပြီး M7 ဆိုတဲ့ “motion coprocessor” လည်း ထပ်ပြီး ပါဝင်ပါသေးတယ်။ အထူးခြားဆုံးကတော့ လက်ဗွေရာနဲ့ ဖုန်းဖွင့်ရတာပါပဲ။ ကင်မရာကတော့ ၈ megapixel ပဲ ဖြစ်ပေမယ့် မှန်ဘီလူးတွေ image sensor တွေ ပိုကောင်းတယ်လို့ ဆိုပါတယ်။ ရွှေရောင် အပြင် မီးခိုးရောင်၊ ငွေရောင် နဲ့လည်း ရနိုင်ပြီး ဈေးနှုန်းကတော့  16GB ဗားရှင်းကို $၆၅၀ ဖြစ်ပါတယ်။

    ၂။ နေအဖွဲ့အစည်းပြင်ပကို ပထမဆုံးရောက်သော အာကာသယာဉ်ဖြစ်လာတော့မည့် Voyager-1

    Voyager
    ဒီတစ်ပါတ် အာကာသ သိပ္ပံလောကမှာ မှတ်တမ်းတင်ရမယ့် ဖြစ်ရပ်ကတော့ Voyager-1 အာကာသယာဉ်ပါပဲ။ 5 September 1977 ကလွှတ်တင်လိုက်တဲ့ ဒီအာကာသယာဉ်ဟာ အခုဆိုနေအဖွဲ့အစည်းရဲ့ နယ်စွန် နယ်ဖျားကနေ တွက်ခွာပြီး ပြင်ပ စင်္ကြာဝဠာထဲကို ခရီးဆက်သွားနေပြီ ဆိုတာကို ဒီယာဉ်က ကိရီယာတွေက ပို့လွှတ်တဲ့ ပါတ်ဝန်းကျင် အာကာသရဲ့ ရာသီဥတု အချက်အလက်တွေက ပြဆိုနေပါတယ်။ သူရဲ့ ခရီးသွားနှုန်း အရလည်းအစကတည်းက ဩဂုတ်လ ၂၅ရက်လောက်မှာ ဒီလိုနေရာကို ဖြတ်ကျော်မယ်ဆိုတာကြိုတင်တွက်ဆထားပြီးသားပါ။ ဒီမှာ နေအဖွဲ့အစည်းရဲ့ နယ်နိမိတ် ဆိုတာဘာလဲဆိုတာ ရှင်းပြချင်ပါတယ်။ အလင်းမှုန်တွေ တိုက်ခတ်တဲ့ နေရဲ့ Solarwind ပျံ့နှံ့မှု ဟာ စက်လုံးပုံသဏ္ဌာန် ရှိပါတယ်။ ဒီအစွန်အဖျားဒေသဟာ Solarwind အားပျော့ရာနေရာ ဖြစ်သလို နေရဲ့ ဒြပ်ဆွဲအား ရဲ့ အဆုံးလည်း ဖြစ်ပါတယ်။ ဒီနေအဖွဲ့အစည်းတစ်ခုလုံးကလည်း စင်္ကြာဝဠာထဲမှာ အရှိန်အဟုန်နဲ့ interstellar wind ထဲမှာ တိုးဝင် ရွေ့လျားနေတဲ့အခါမှာ  Heliopause လို့ခေါ်တဲ့ shock wave  ဖြစ်လာပါတယ်။ Voyager-1 ဟာ အခုဒီနေရာကို ဖြတ်ကျော်သွားပြီဖြစ်လို့ Voyager-1 ဟာဆိုရင်နေ အဖွဲ့အစည်းပြင်ပကို ထွက်ခွာ ခရီးနှင်နိုင်တဲ့ လူသားတွေ တည်ဆောက်ထားတဲ့ ပထမဆုံး အာကာသယာဉ်ပဲ ဖြစ်ပါတယ်။

    ၃။ အာကာသစခန်းမှ အောင်မြင်စွာ ပြန်လည်ရောက်ရှိလာတဲ့ Soyuz

    soyuz79700000-AFP-522777241

    နိုင်ငံတကာ အာကာသစခန်းက ပြန်လည်ထွက်ခွာလာတဲ့ Soyuz capsule ဟာ Kazakhstan နိုင်ငံထဲကို  ၁၁ ရက် မနက် 8:58 a.m မှာ ဆင်းသက်ခဲ့ပါတယ်။ ယာဉ်ပေါ်မှာ  ရုရှနှစ်ဦးနဲ့ အမေရိကန် တစ်ဦး ပြန်လည် လိုက်ပါလာပါတယ်။ ပြန်လာတဲ့ ခရီးမှာ လမ်းကြောင်း အချက်အလက်ပြ ကိရိယာများ ချို့ယွင်းမှုကြောင့် “blind landing” ပုံစံဖြင့် ဆင်းသက်ခဲ့ရသည်ဟု Pavel Vinogradov  က  သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ၄။ တမူထားခြားမယ့် ကားကုမ္ပဏီ Nissan ကထုတ်တဲ့ Nismo Watch

    nismo-smartwatch-nissan-designboomthumf

    အခုရက်ပိုင်းမှာတော့  smart watch တွေကို အပြိုင်အဆိုင် ထုတ်နေကြပါတယ်။ ထူးထူးဆန်းဆန်း မမျှော်လင့်ပဲ ထွက်ပေါ်လာတာကတော့ ကားကုမ္ပဏီ Nissan က ဖြစ်ပါတယ်။ Nissan Nismo ကားတွေနဲ့ တွဲဖက် သုံးစွဲဖို့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ နာရီမှာတော့ ကားရဲ့ မိုင်နှုန်း၊ ဓါတ်ဆီလက်ကျန်၊ စတဲ့ ကားရဲ့ အချက်အလက်တွေ အပြင် ကားမောင်းသူရဲ့ သွေးခုန်နှုံးကဲ့သို့ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေလည်း ဖေါ်ပြသွားနိုင်မှာပါ။ Twitter၊ Facebook၊ Pinterest နဲ့ Instagram ကဲ့သို ဆိုက်များနဲ့လည်း ချိတ်ဆက်ထားနိုင်မှာ ဖြစ်ပါတယ်။

    ၅။ ကိုယ်ပျောက် မိုးမျှော်အဆောက်အဦး တစ်ခု တည်ဆောက်မည်

    south-korea

    တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့  နိုင်ငံတကာ လေဆိပ်အနီးမှာ ကိုယ်ပျောက် မိုးမျှော်အဆောက်အဦး တစ်ခု တည်ဆောက် တော့မယ် ဆိုပါတယ်။ Tower Infinity လို့ အမည် ပေးထားပြီး အမြင့်ပေ 1,476 မှာ နံရံကို LED မျက်နှာပြင်ကြီးတွေ တပ်ဆင်ထားပြီး  အဆောက်အဦးရဲ့ အခြား တစ်ဘက်က မြင်ကွင်းကို ပြသခြင်းဖြင့် ဖေါက်ထွင်းမြင် ရသလို ထင်မြင်ရမှာ ဖြစ်ပါတယ်။ ဘယ်တော့လောက် စတင်ဆောက်လုပ်မယ်ဆိုတာတော့ မကြေငြာသေးပါဘူး။

    ၆။ ၁၅နှစ်အရွယ် ကျောင်းသူ၏ စွမ်းအင်ဆိုင်ရာ တီထွင်မှု

    15yrgirl

    British Columbia က ၁၅နှစ်အရွယ် အထက်တန်း ကျောင်းသူ  Ann Makosinski  ရဲ့ဟာ ဂူးဂဲလ် ကကျင်းပမယ့် သိပ္ပံ ပညာ ပြိုင်ပွဲမှာ လူရဲ့ ခန္ဓာကိုယ် အပူကနေ စွမ်းအင် ထုတ်ယူပြီး ဓါတ်မီး ထွန်းနိုင်မယ့် နည်းကို တီထွင် ထားပါတယ်။ နည်းပညာကတော့  Peltier tiles ကိုသုံးထားပါတယ်။ Peltier tiles လေးတွေဆိုတာ တစ်ဘက်မျက်နှာပြင်က အေးပြီး တစ်ဘက် မျက်နှာပြင်က ပူရင် လျှပ်စစ် ထုတ်ပေးနိုင်ပါတယ်။ အပူချိန်ကွာခြားမှု များလေလေ လျှပ်စစ် ပိုထွက်လေ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကနေ အပူစုစုပေါင်း 100 watts အား ထုတ်လုပ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

    ၇။ ဂီယာပါသော ပိုးနှံကောင်

    gear627-large

    ဂီယာတွေ ဆိုတာ လူတွေ တီထွင်ထားတာ ဖြစ်ပြီး သဘာဝကနေ တုပ ဖန်တီးထားတဲ့ ပစ္စည်း မဟုတ်ခဲ့ပေမယ့် သိပ္ပံပညာရှင်တွေ ဒီတစ်ပါတ် ရှာဖွေ တွေ့ရှိသွားတာ ကတော့ အရမ်း အံ့ဩဖို့ ကောင်းပါတယ်။  Issus လို့ ခေါ်တဲ့ ပိုးနှံကောင် တစ်မျိုး ရဲ့ ခန္ဓာကိုယ်မှာ ဂီယာ နဲ့ တည်ဆောက်ထားတာ တွေ့ ခဲ့ကြပါတယ်။ နှံကောင်ခုန်တဲ့ အခါမှာ ခြေထောက်တွေ ချိန်ကိုက် လှုပ်ရှားနိုင်ဖို့ ဒီ ဂီယာက လုပ်ဆောင်ပေးပါတယ်။

    ၈။ Intel  3D Motion Control

    Intel-3D-Motion-Gesture-Control-Should-Be-Widespread-Like-the-Mouse-382520-2

    3D Motion Control  နဲ့ သုံးနိုင်မယ့်  mouse တစ်မျိုးကို Intel ကုမ္ပဏီက ထုတ်လုပ်လိုက်ပါတယ်။  လက်ရဲ့ လှုပ်ရှားဟန်တွေနဲ့ ကွန်ပြူတာကို ထိန်းချုပ်နိုင် မှာဖြစ်လို့ အနာဂါတ်မှာ လူသုံးများလာလိမ့်မယ်လို့ သုံးသပ်ကြပါတယ်။

    ၉။ Intel ရဲ့ အသေးငယ်ဆုံး Quark system chip

    intel02

    smartwatch တွေမှာ ထည့်သွင်းအသုံးပြုနိုင်ဖို့ အဓိကထားတဲ့ Quark chip လေးကို Intelက ထုတ်လုပ်လိုက်ပါတယ်။ အရွယ် အားဖြင့် ယခင် အသေးစား atom စီးရီးchip ဆွေရဲ့ ၅ ပုံ တစ်ပုံပဲ ရှိပါတယ်။ ၎င်းကို နာရီတွေ အပြင် အခြား အီလက်ထရွန်းနစ် ပစ္စည်းတွေထဲမှာ ထည့်သွင်း တည်ဆောက်နိုင် ဖို့ ရည်ရွယ် တယ်လို့ ကြေငြာထားပါတယ်။

    ၁၀။ ရေခဲပြင် ဧရိယာပြန်တိုးလာတဲ့ အာတိတ်စက်ဝိုင်းဒေသ

    နောက်ဆုံးအနေနဲ့ သတင်းကောင်းလေး တစ်ခု ပြောပြချင်ပါတယ်။ ကမ္ဘာကြီး ပူနွေးလာလို့ အာတိပ် ရေခဲပြင်တွေ နှစ်စဉ် နှစ်တိုင်း အရည်ပျော်လာခဲ့ပေမယ့် ဒီနှစ်တော့ ပြန်လည် တိုးပွားလာပါတယ်တဲ့။ မနှစ်ကတော့ ရေခဲပြင် ဧရိယာ ၁.၈၂ စတုရန်းပေ ရှိခဲ့ရာကနေ ဒီနှစ်မှာတော့ ၂.၃၅ စတုရန်းပေ  ထိ တိုးပွားလာပါတယ် လို့ National Snow and Ice Data Center ကထုတ်ပြန်ပါတယ်။

  • အစ္စလာမ်အား တစ်ဖက်သတ် အမြင်မှားကြောက်ရွံ့ခြင်း အမြစ်တွယ်နေမှုကို အမေရိကန် ပါမောက္ခ ထုတ်ဖော်ဝေဖန်

    စက်တင်ဘာ၊ ၁၅
    M-Media

    Esposito Slams Deep-Rooted Islamophobia

    အစ္စတန်ဘူလ်။            ။ လွန်ခဲ့တဲ့ ၁၂ နှစ်ဝန်းကျင် ၉/၁၁ အရေးကစပြီး ကမ္ဘာတစ်ဝှန်းက မွတ်စ်လင်မ်တွေအပေါ် တစ်ဖက်သတ်အမြင်မှားကြောက်ရွံ့မှု(Islamophobia) ယန္တရားဟာ အရှိန်မြင့်မားနေဆဲဖြစ်တယ်။ မိမိနဲ့အတိုက်အခံဖြစ်သူ ဘယ်သူ့ကိုမဆို သေးသိမ်စေလိုယင် အကြမ်းဖက်ဆိုတဲ့ ခေါင်းစည်းတပ်နေဆဲဖြစ်တယ်လို့ ယမန်နေ့ အစ္စတန်ဘူလ်မှာကျင်းပတဲ့ International Conference on Islamophobia မှာ နာမည်ကြီး အမေရိကန် မွတ်စ်လင်မ် ပါမောက္ခ တစ်ဦးက ပြောကြားလိုက်ပါတယ်။

    “ ခင်ဗျားတို့တွေ့မြင်နေရတာက အခြေအမြစ်မဲ့ အကြောက်တရားတွေဖြစ်တယ်။ ယနေ့ကာလမှာ အခြေခံလူ့အဖွဲ့အစည်းထဲက နေ့စဉ်စကားတွေမှာ အစ္စလာမ်နဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေကို တွေ့နေရပါတယ်။ သူတို့ရဲ့ကောက်ချက်ချမှုများဟာ အထောက်အထားမရှိ၊ ခိုင်မာမှုမရှိ၊ လူထုရှေ့မှောက်မှာ တေ့ဆိုင် ရှင်းလင်းမှု မရှိပဲနဲ့ လက်ခံချင်စရာ အမှန်တရားလိုလို ဖြစ်လာကြတယ် ” လို့ စက်တင်ဘာ ၁၂ ရက်၊ ကြာသပတေးနေ့က အထက်ပါ အစ္စတန်ဘူလ် ညီလာခံမှာ ဂျော့ဂ်ျတောင်း တက္ကသိုလ်၊ ဘာသာရေး၊ နိုင်ငံတကာရေးရာ နဲ့ အစ္စလာမ့်လေ့လာရေးပညာ ပါမောက္ခ ဂျွန် အယ်လ် အက်စ်ပိုစီတို (John L. Esposito) က ပြောကြားလိုက်ပါတယ်။

    ပြီးခဲ့တဲ့ ကြာသပတေးနေ့က စတင်ကျင်းပတဲ့ညီလာခံမှာ အက်စ်ပိုစီတိုက “Islamophobia: Law and Media” ခေါင်းစဉ် နဲ့ ဟောကြားခဲ့ပါတယ်။

    “ တစ်ဖက်သတ်အစ္စလာမ့်ကြောက်ရောဂါနဲ့မီဒီယာအခန်းကဏ္ဍ” အကြောင်းဟောပြောချက်အတွင်း ၁၉၉၀ နှစ်များတစ်လျှောက် ဥရောပနဲ့အမေရိကန်ပြည်ထောင်စု အတွင်း Islamophobia ပုံဟန်သစ်တစ်ခု ရုတ်ခြည်းပဲ အရှိန်ဟုန်ပြင်းစွာပေါ်ထွက်လာခဲ့ကြောင်း တွေ့ခဲ့ရတယ်လို့ အက်စ်ပိုစီတိုက ထည့်သွင်းပြောကြားခဲ့တယ်။

    အဲ့ဒီ အစ္စလာမ်အပေါ်တစ်ဖက်သတ်အမြင်မှားစိုးကြောက်စေရေးသွေးထိုးမှုများကို အမေရိကန်ဖောင်ဒေးရှင်း ၇ ခုက ဦးဆောင်ခဲ့တာဖြစ်ပြီး ၁၀ နှစ်တာအတွင်း လှုပ်ရှားဦးဆောင်သူတွေနဲ့သူတို့ရဲ့ဝက်ဘ်ဆိုဒ်တွေကို ဒေါ်လာ ၄၂.၅ သန်း ပံ့ပိုးကူညီခဲ့ကြတယ်လို့ သူက ဖွင့်ချပြောဆိုတယ်။

    “ ယနေ့ခေတ်ရဲ့ Islamophobia ရောဂါပြင်းထန်မှုက သာမန်မီဒီယာတွေထက် လူကြိုက်များရေပန်းစားတဲ့ ဆိုရှယ်မီဒီယာတွေကနေတဆင့် ထိုးဖောက်စိမ့် ၀င်လာတာကို ကျွန်တော် ထောက်ပြချင်ပါတယ်။ ယခင်နဲ့ယခု ကျွန်တော်တို့ တွေ့မြင်ရတဲ့အခြေအနေဟာ အဲ့ဒီအုတ်မြစ်ဆီက တိုးထွက်လာမှုပဲ ဖြစ်ပါတယ် ”။

    အထောက်အထားမရှိ အခြေအမြစ်မဲ့ စိုးရိမ်မှုပေါ်အခြေပြုလို့ အမေရိကန်ပြည်ထောင်စုထဲက ပြည်နယ် ၃၁ ခုမှာ ယှရီအဟ်ဥပဒေဆန့်ကျင်ရေးတွေ ပြန့်နှံ့ခဲ့ကြတယ်။

    အက်စ်ပိုစီတိုက “ ယှရီအဟ်ဥပဒေဆန့်ကျင်ရေးအတွက် တောင်းဆိုနေသူများက ဘယ်သူတွေလဲ။ သူတို့သာလျှင် ပြဿနာကောင်တွေ ဖြစ်ပါတယ်။ တိုင်းသူပြည်သားတွေက ယှရီအဟ် ဆိုတာ ဘာမှန်းတောင် သိရှိခဲ့ကြတာမဟုတ်ဘူး။ အဲ့ဒါကို ယှရီအဟ်ဥပဒေဆန့်ကျင်ရေးအတွက် ထောက်ခံကြတယ်တဲ့ဗျာ ” ဆိုပြီး ပြောပြခဲ့ပါတယ်။

    ကွန်ဖရင့်ကို စက်တင်ဘာ ၁၂ နဲ့ ၁၃ ရက်က ကျင်းပခဲ့တယ်။ တူရကီဒုဝန်ကြီး ဗျူးလဲင့် အာရင့် (Bulent Arinc) ၊ အိုအိုင်စီရဲ့အထွေထွေအတွင်းရေးမှူးချုပ် အက်မီးလက်တင် အိဟ်စာနိုဂလူ (Ekmelettin Ihsanoglu) နဲ့ နိုင်ငံတကာ ပညာရှင်များစွာလည်း တက်ရောက်ခဲ့ကြတယ်။

    အစ္စလာမ့်အခြေခံဝါဒီများအား ချိုးနှိမ်သေးသိမ်စေခြင်း

    အစ္စလာမ့်လမ်းစဉ်အခြေခံအစိုးရကို အကြောက်ကြီးကြောက်လို့ အီဂျစ်အာဏာသိမ်းပွဲ ဖြစ်ခဲ့တယ်။ အဲ့ဒါ တရားဝင်သလား ဆိုတဲ့မေးခွန်းကို ရှောင်ဖယ်နေ သူများဟာ ကြောင်းကျိုးမကျ သိမ်ဖျင်းတဲ့ Islamophobia ရောဂါဝင်နေသူများသာဖြစ်တယ်လို့ အက်စ်ပိုစီတိုက ဝေဖန်လိုက်ပါတယ်။

    “ ထပ်ပြန်တလဲလဲ တစ်ဖက်သတ်ယိုးစွပ်မှုတွေကိုပဲ ပြုလုပ်နေကြတယ်။ စစ်အစိုးရရဲ့အကြမ်းဖက်မှုအတိုင်းအတာကိုတော့ မကြည့်ရှုမသုံးသပ်ကြဘူး။ လူတွေဟာ ထောင်နဲ့ချီပြီး နှိမ်နှင်း သတ်ဖြတ်ခံလိုက်ရပြီ ”။

    သမ္မတဟောင်း မုဟမ္မဒ် မိုရ်စီကို စစ်တပ်ကဖြုတ်ချပြီးတဲ့နောက် အီဂျစ်နိုင်ငံအတွင်းအပြင်မှာ အစ္စလာမ့်အခြေခံဝါဒီများရဲ့ သွေးထိုးဝါဒဖြန့်မှုကြောင့်ဆိုတဲ့ အကြောင်းပြချက်ကိုပဲ တွေ့နေပြန်တယ်။ အကယ်၍များ အစ္စလာမ့်လမ်းစဉ်ပေါ် အခြေခံတဲ့အစိုးရ (တစ်နည်း) မိုရ်စီရဲ့အစိုးရ လက်အောက်မှာ လက်ရှိအကြမ်းဖက် လုပ်ရပ်မျိုးရဲ့ ဆယ်ပုံတစ်ပုံပဲ ဖြစ်ပွားခဲ့ယင်တောင်မှ “ဧရာမအကြမ်းဖက်လှိုင်းလုံးကြီး” လို့ ပြဲပြဲစင်ဟစ်အော်ကြပါလိမ့်မယ် ဆိုပြီး အက်စ်ပိုစီတိုက စစ်တပ်ရဲ့လုပ်ရပ် အပေါ် ထိထိရောက်ရောက် ပြစ်တင်ရှုတ်ချခဲ့တယ်။

    ဒါ့အပြင် ဒီအဖြစ်ဟာ အာဏာသိမ်းခြင်းဟုတ်မဟုတ်၊ ဒီမိုကရေစီနည်းကျရွေးချယ်ခံအစိုးရကို ဖယ်ထုတ်တာက တရားဝင်ခြင်းရှိမရှိ ဆိုတဲ့အပေါ် သေသေချာချာ စိစစ်ကြည့်မြင်မှု မရှိသူတွေကိုလည်း သူက ဝေဖန်လိုက်ပါတယ်။

    စီမိုက်တစ်အနွယ်ဆန့်ကျင်ရေး နဲ့ အစ္စရေး-ပါလက်စတိုင်းပဋိပက္ခအရေးကို အထူးပြုလေ့လာသူ နိုင်ငံရေးကျွမ်းကျင်ပညာရှင် အမေရိကန်လူမျိုး နော်မန် ဂယ်ရီ ဖင်ကဲလ်စတိန်း (Norman Gary Finkelstein) က ဒီအဆိုကို သဘောတူခဲ့တယ်။

    လူတစ်စုတစ်ဖွဲ့ရဲ့ပင်မယုံကြည်မှုများကို ဦးတည်ပြီး တစ်လွဲပုံဖော်ချက်ဟာ ကျိုးကြောင်းကျနခြေမြစ်မှု မရှိတဲ့အပြင် အန္တရာယ်ဖြစ်စေပါတယ်။ မွတ်စ်လင်မ်တွေဟာ အကြမ်းဖက် သမားတွေဖြစ်တယ်၊ ဂျူးတွေဟာ နိမ့်ကျသူတွေဖြစ်တယ်၊ အစ္စလာမ်ဟာ အကြီးအကျယ်ဖျက်ဆီးမယ့်သာသနာဖြစ်တယ် ဆိုတာမျိုးတွေဟာ anti-Semitism နဲ့ Islamophobia ထဲက တူညီနေတဲ့ ဖွင့်ဆိုသတ်မှတ်ချက်တစ်ခုဖြစ်တယ်လို့ သူက ပြောပြခဲ့ပါတယ်။

    ဒီလိုဖွင့်ဆိုသတ်မှတ်ချက်တွေ၊ ခေါင်းစဉ်တပ်မှုတွေဟာ အဆင့်မရှိတဲ့အပြင် ပကတိအရှိတရားအပေါ် ကြည့်မြင်ရှာဖွေရေးလမ်းကြောင်းကနေ လူတွေကို အမြင်မှားလမ်းချော်သွားစေကြောင်း ဖင်ကဲလ်စတိန်းက အထူးပြု ဆွေးနွေးသွားခဲ့ပါတယ်။

  • တရုတ်နိုင်ငံ ဗလီကျောင်းတော်များတွင် ကျန်းမာရေးဟောပြောပွဲပြုလုပ်

    စက်တင်ဘာ ၁၅
    M-Media
    China Mosques Promote Reproductive Health
    ဗလီကျောင်းတော်၏သမိုင်းပေးအစဉ်အလာအရ လူမှုရေးရာပြဋ္ဌာန်းမှုများအား ထိန်းသိမ်းရန် တရုတ်နိုင်ငံ ဗဟိုမြို့တော် ၀ူဇောင်(Wuzhong) တွင် မျိုးဆက်ပြန့်ပွားမှုဆိုင်ရာ ကျန်းမာရေးပညာပေးဟောပြောချက်အား ပြုလုပ်ခဲ့ရာ ဒေသအတွင်း မကြုံဖူးလောက်အောင် အောင်မြင်မှုရရှိခဲ့သည်။

    “ အစ္စလာမ်ဘာသာဝင်များသည် ယခုအခါတွင် ကျန်းမာရေးအသိပညာ နှင့် ၀န်ဆောင်မှုများကဲ့သို့ အခြားသောကဏ္ဍများအတွက်ပါ ဗလီကျောင်းတော်များအား မျှော်လင့် အားကိုးလာကြသည်  ” ဟု ကျင်းကိုင် (Qinqiao) ဗလီကျောင်းတော်၏ အီမာမ်ဖြစ်သူ နှင့် ၀ူဇောင် မိသားစုစီမံကိန်းဆိုင်ရာအဖွဲ့အစည်း(Wuzhong Family Planning Association) မှ လက်ထောက် ဒါရိုက်တာ ၀ူရွှယ်ရှင်း (Wu Xuexing)  က စက်တင်ဘာလ ၁၂ ရက်၊  ကြာသပတေးနေ့တွင် China Daily သို့ပြောကြားခဲ့သည်။

    လွန်ခဲ့သောဆယ်ငါးနှစ်ခန့် ၁၉၉၉ ခုနှစ်က တရုတ်နိုင်ငံ မိသားစုစီမံကိန်းဆိုင်ရာအဖွဲ့အစည်း (China Family Planning Association) အား  စတင်ထူထောင်ခဲ့ပြီး၊ မွတ်စ်လင်မ်များအား မျိုးဆက်ပြန့်ပွားမှုဆိုင်ရာ ကျန်းမာရေးအသိပညာများ ပေးအပ်ရန် နင်းရှားဟွေ (Ningxia Hui) ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအတွင်းရှိ ၀ူဇောင် မှ အီမာမ်များ နှင့် ဗလီကျောင်းတော်များကိုလည်း ပါဝင်ထည့်သွင်းဆောင်ရွက်ခဲ့သည်။

    “ မွတ်စ်လင်မ်တို့သည် အီမာမ်များအား လေးစားကြပြီး၊ သူတို့၏ပြောဆိုချက်များကို အရေးပေးလေ့ရှိကြသည်။ ထိုကဲ့သို့ ဘာသာရေးဆိုင်ရာခေါင်းဆောင်များထံမှ အကူအညီရရှိခြင်းကြောင့် ကျန်းမာရေးစီမံချက် နှင့် မျိုးဆက်ပြန့်ပွားမှုဆိုင်ရာပညာပေးဟောပြောခြင်းများ၌ အတိုင်းထက်အလွန် ထိရောက်ခဲ့ပါသည်” ဟု  အဖွဲ့အစည်း၏လက်ထောက်ဒါရိုက်တာ ကောင်ချင်းမင် (Gou Qingming) က China Daily သို့ပြောကြားခဲ့သည်။

    မွတ်စ်လင်မ်တစ်သန်းလောက်အား အကျိုးဖြစ်ထွန်းစေသည့် ၄င်းစီမံချက်က ဗလီကျောင်းတော် ၅၀၀ ကျော်တွင် မျိုးဆက်ပြန့်ပွားရေးဆိုင်ရာ ၀န်ဆောင်မှုအခန်းများ နှင့် လူဦးရေယဉ်ကျေးမှုသမိုင်းဆိုင်ရာစာကြည့်တိုက်များအပါအ၀င် လိုအပ်ချက်တို့ကို ထားရှိဖြည့်ဆည်းပေးထားသည်။

    ဗလီကျောင်းတော်များမှ ကျန်းမာရေးအသိပေးခြင်း၏ရလဒ်သည် အလွန် အားရဖွယ်ကောင်းလျက်ရှိသည်။
    မကြာသေးမှီကပြုလုပ်ခဲ့သော ဒေသတွင်းလေ့လာချက်အရ ၀ူဇောင်တွင် မျိုးဆက်ပြန့်ပွားမှုဆိုင်ရာ ကျန်းမာရေးအသိရရှိမှုသည် ၁၉၉၉ ခုနှစ်တွင်  ၄၆% ရာခိုင်နှုန်းရှိခဲ့ရာမှ ယခု ၂၀၁၁ ခုနှစ်၌် ၉၇% ရာခိုင်နှုန်းအထိ တိုးပွားခဲ့ကြောင်း သိရသည်။

    ကျန်းမာရေးပညာပေးသင်တန်းများသည်လည်း အမျိုးသမီးများတွင် ဖြစ်လေ့ရှိသော မျိုးဆက်ပြန့်ပွားခြင်းမှ ရောဂါပိုး ကူးစက်မှုကိုလည်း ၁၉၉၉ ခုနှစ်တွင် ၇၇% ရာခိုင်နှုန်းမှ ၂၀၁၁ ခုနှစ်တွင် ၄၃% ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ခဲ့သည်။

    မြို့တော်ရှိ ဗလီကျောင်းတောင်များတွင် မွတ်စ်လင်မ်အမျိုးသမီးများအတွက် ရင်သားကင်ဆာ ရှိမရှိ အပါအ၀င် အခမဲ့ ကျန်းမာရေးစစ်ဆေးမှုများကို ဆောင်ရွက်ပေးနေသည်။
    “ မွတ်စ်လင်မ်များ အထူးသဖြင့် အမျိုးသမီးများသည် လက်ရှိစီမံချက်မှ ကောင်းကျိုး အမြောက်အများရရှိခဲ့ကြသည် ” ဟု ၀ူ က ဆိုသည်။

    “ ကြိုးစားမှုများကြောင့် ယခုဆိုလျှင် မလိုလားအပ်သော ပဋိသန္ဓေဆိုင်ရာပြဿနာများ၊ ကျန်းမာသော ရင်သွေးးငယ်အား မွေးဖွားပျိုးထောင်နည်းတွေကို ကျွန်မတို့ သိနားလည်လာခဲ့ကြပါသည် ” ဟု ဗလီကျောင်းတော်တွင် ခန္ဓာဗေဒကျန်းမာရေးစစ်ဆေးမှုကို လာရောက်ပြုလုပ်သည့် မာကောင်ဝ်မေ (Ma Qiomei) က ပြောပြသည်။

    အစ္စလာမ်ဘာသာသည် မိမိ၏နောက်လိုက်များအား လက်ထပ်ထိမ်းမြားရန်၊ မျိုးဆက်ပွားရန် နှင့် ကမ္ဘာမြေတွင် လူသားမျိုးဆက်ထိန်းသိမ်းစေရန် အားပေးထား၏။ သို့သော်လည်း အခြေအနေအချိန်အခါအရ လိုအပ်လာပါလျှင် သားဆက်ခြားခြင်းကိုလည်း ခွင့်ပြုထားပါသည်။ ထိုလုပ်ဆောင်ချက်များသည် အစ္စလာမ်၏ ပြဌာန်းချက်များ အတွင်း လုပ်ဆောင်ပါက ပိုင်နိုင်စွာလုပ်ဆောင်နိုင်လေသည်။ ဥပမာ vasectomy – လင်ယောက်ျား၏သားကြောဖြတ်ပစ်ခြင်း ကဲ့သို့ ပြန်လည်အစားထိုးမရသည့်နည်းလမ်းမျိုး မဟုတ်ပါက မိသားစုစီမံကိန်းဆောင်ရွက်ခွင့်ရှိကြောင်း သိရသည်။

    အမျိုးသမီး အီမာမ်များ

    အစ္စလာမ့်လူ့ဘောင်ရှိ အမျိုးသမီးများအခန်းကဏ္ဍအား ဦးစားပေးသောအားဖြင့်  ၀ူဇောင် ပလီကျောင်းတော်များ၌ ပြုလုပ်သည့် မျိုးဆက်ပြန့်ပွားခြင်းဆိုင်ရာ ကျန်းမာရေးပညာပေးမှုများတွင် အမျိုးသမီး အီမာမ်များလည်း ပါဝင်ဆောင်ရွက်ရန် ထည့်သွင်းထားသည်။

    “ သူတို့သည် သူတို့၏ အတွင်းရေးပြသနာများကို ကျွန်မတို့အား ပြောရန်လိုလားကြပါသည် ” ဟု အမျိုးသမီး အီမာမ်တစ်ဦးဖြစ်သူ ၀မ်ရှို့ယန် (Wang Xiuyan) က China Daily သို့ ပြောကြားခဲ့သည်။
    “ ဗလီကျောင်းတော်အတွင်း အမျိုးသမီးများသည် ယခုကဲ့သို့ ကွန်ဒုံးများ နှင့် ပဋိသန္ဓေတား ဆေးဝါးများကိုလက်ခံရန် တစ်ချိန်တုန်းကဆိုလျှင် စိတ်ပင်မကူးရဲကြပါ ”ဟု ဗလီကျောင်းတော်သို့လာရောက်သူ အမျိုးသမီး ၆၀ နီးပါးအား နေ့စဉ်တာဝန်ယူရသူ ၀မ်က ထည့်သွင်းပြောကြားခဲ့သည်။

    အောင်မြင်မှုကြီးမားလှသည့်အတွက် ဤသို့စီမံကိန်းအား ရှန်းစီးး (Shaanxi), ကျန်စု(Gansu) နှင့် ကျင်းဟိုင် (Qinghai) ၊ အလားတူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ရှင်းကျန်း ဥဂါးရ် (Xinjiang Uighur) ထံသို့လည်း ဖြန့်ကျက်လုပ်ဆောင်နိုင်ရန် စီစဉ်ထားကြောင်း ကောင်ဝ် က ဆိုသည်။

    သို့သာမက ဟုတုဘီ (Hutubi) ကောင်တီမှ အီမာမ်များသည်လည်း ဥဂါးရ်နယ်များရှိ မွတ်စ်လင်မ်တို့အား မျိုးဆက်ပြန့်ပွားခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာပေးဟောပြောမှုများ စတင်ပြုလုပ်နေပြီဖြစ်သည်။
    “ ကျွန်တော်တို့၏ တွန်းအားပေးမှုသည် လူအများအဖို့ တစ်ကိုယ်ရည်သန့်ရှင်းမှုအပြင် ကျန်းမာသောဘ၀များကိုလည်း ရရှိစေလိမ့်မည် ဟုထင်ပါသည် ” ဟု ဟုတုဘီရှိ အီမာမ် ယန်ဂျီ (Yang Jie) က ဆိုသည်။

    အစ္စလာမ့်ယဉ်ကျေးမှု၌ ဆေးရုံများမပေါ်ပေါက်မှီ လွန်ခဲ့သောနှစ်ပေါင်းနှစ်ရာကျော်ကပင် တမန်တော်မြတ် (SAW) ၏ ဗလီကျောင်းတော်သည် စစ်ပွဲ၌ ဒဏ်ရာရရှိသူများ ကုသစောင့်ရှောက်ရေး နှင့် အခြားသော ကဏ္ဍများအတွက်ပါ တံခါးဖွင့်ပေးခဲ့သောဌာနတစ်ခု ဖြစ်ခဲ့သည်။ စာမတတ်သူများသည် တမန်တော်မြတ်၏ ဗလီကျောင်းတော်အတွင်း အရေး၊ အဖတ် သင်ကြားခဲ့ကြသည်။ မွတ်စ်လင်မ်များသည် ထိုဗလီကျောင်းတော်မှရရှိခဲ့သော ပညာများကို အခြေခံ၍ မိမိတို့၏ အစ္စလာမ့်ယဉ်ကျေးမှု တစ်ခုလုံးကို တိုးတက်ဖွံ့ဖြိုးအောင် တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။ ဗလီကျောင်းတော်အတွင်း တားမြစ်ထားသောအရာမှာ အကျင့်ပျက်ကိစ္စများ၊ ရောင်းဝယ်ဖောက်ကားခြင်း စသည့် လုပ်ရပ်မျိုးသာဖြစ်သည်။

    တရားဝင်အချက်အလက်များအရ တရုတ်နိုင်ငံတွင် မွတ်စ်လင်မ် ၂၂ သန်းရှိပြီး ရှင်းကျန်း (Xinjiang) ၊ နင်းရှ (Ningxia) ၊ ကျန်စု (Gansu) ၊ ကျင်းဟိုင် (Qinghai) ဒေသ နှင့် ပြည်နယ်များတွင် အများဆုံးနေထိုင်ကြသည်။
    တရုတ်နိုင်ငံအတွင်းပိုင်းဒေသများတွင်လည်း မွတ်စ်လင်မ်လူ့အဖွဲ့အစည်းများအား  လူနည်းစုဝင်များအဖြစ် တွေ့ကြရသည်။

    အတည်မပြုနိုင်သေးသောအချက်အလက်များအရ  မွတ်စ်လင်မ်လူဦးရေမှာ ၄င်းထက်ပိုမိုများပြားနိုင်ပြီး ၆၅ မှ သန်း ၁၀၀ ကြားတွင် ရှိနိုင်ကြောင်း၊ တရုတ်နိုင်ငံလူဦးရေပမာဏ၏ ၇.၅ ရာခိုင်နှုန်းအထက်ရှိကြောင်း သိရသည်။