News @ M-Media
Author: M-Media
  • Shan: မိတ္ထီလာ-တာချီလိတ်လိုင်းကား ဆွပ်လောင်ဝ် ရွာအနီး ကားမှောက်၍ ၉-ဦး သေဆုံး
    စက်တင်ဘာ ၁၄၊ ၂၀၁၃
    M-Media
    ကိုစိုင်း mmexport1379173376780
    မိုင်းဖြတ် ။        ။       မန္တလေးတိုင်း မိတ္ထီလာနှင့် ရှမ်းပြည်နယ် တာချီလိတ် ပြေးဆွဲနေသော ခရီးသည်တင်ကားတစ်စီးသည် မိုင်းဖြတ်မြို့၊ ဆွပ်လောင်ဝ်ရွာအ၀င်တွင် ယနေ့မနက် ၉း၀၀-နာရီခန့် ချောင်းအတွင်းထိုးကျသွားသဖြင့် ၉-ဦး သေဆုံးသွားကြောင်း သိရသည်။
    အဆိုပါ ခရီးသည်တင်ကားသည် မိတ္ထီလာ – မလိုင် – တာချီလိတ် ပြေးဆွဲသောသော ကားဖြစ်ပြီး ကျိုင်းတုံ နှင့် မိုင်းဖြတ်ကြားရှိ ဆွပ်လောဝ်ရွာ အ၀င် ချောင်းအတွင်း ထိုးကျခဲ့သဖြင့် ကားပေါ်ပါသူ ခရီးသည် ၂၀-ကျော်အနက် ၉-ဦး သေဆုံးသွားကြောင်းသိရသည်။
    အဆိုပါ ၉-ဦးတွင် ၇-ဦးမှာ အမျိုးသမီးများဖြစ်ပြီး ၂-ဦးမှာ အမျိုးသားဖြစ်သည်။ သေဆုံးသူ ၉-ဦးတွင် ဗုဒ္ဓဘာသာဝင် ၅-ဦး၊ ခရစ်ယာန်ဘာသာဝင် ၂-ဦး၊ အစ္စလာမ် ဘာသာဝင် ၂-ဦး ဖြစ်သည်။
    ခရစ်ယာန်ဘာသာဝင်(၂)ဦးအားလည်း ခရစ်ယာန်ဘာသာရေးအဖွဲ့များမှ လာရောက်သွားကြသကဲ့သို့ ဗုဒ္ဓဘာသာဝင်များအားလည်း ဗုဒ္ဓဘာသာသာရေးနာရေးအဖွဲ့များမှ အသီးသီး လာရောက်ယူဆောင်သွားကြကြောင်း သိရသည်။
    ၎င်း အစ္စလာမ်ဘာသာဝင် မွတ်စလင်မ် ၂-ဦးမှာ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးဖြစ်ပြီး မိတ္ထီလာဘက်မှ လာကြသူများဖြစ်သည်။ ထိုသေဆုံးသူ ၂-ဦးအား ကျိုင်းတုံနှင့် တာချီလိတ်မှ မွတ်စလင်မ်လူငယ်များ သာရေးနာရေးအကျိုးဆောင်အဖွဲ့များမှ တာချီလိတ်မြို့မွတ်စလင်မ်သုဿာန်တွင် မြှုတ်နှံရန်အတွက် မိုင်းဖြတ်ဆေးရုံမှ သယ်ဆောင်သွားကြသည်။
    mmexport1379173354249
  • ချေချင်းညှာမှ ဗလီ ရုရှားနိုင်ငံ၏ အထင်ကရ ပြယုဂ် အမှတ်သား ၁၀ ခု မှာ ရွေးချယ်ခံရ
    စက်တင်ဘာ၊ ၁၃
    M-Media
    Akhmad Kadyrov Mosque
    ရုရှားနိုင်ငံ၏ အထင်ကရ အမှတ်သား ၁၀ ခုအားရွေးချယ်သည့် Russia 10 ပြိုင်ပွဲတွင် Heart of Chechnya (ချေချင်းညာ၏ အသည်းနှလုံး) ဟု အမည်တွင်သည့် Akhmad Kadyrov Mosque ဗလီဝတ်ကျောင်းတော်နှင့် Kolomna ရှေးဟောင်းမြို့တော်တို့အား ရုရှား၏ အထင်ကရ အမှတ်အသားအဖြစ် Russia 10 ရွေးချယ်ရေးကော်မတီမှ တာဝန်ရှိသူများက တညီတညွတ်တည်း ဆုံးဖြတ်ခဲ့သည်ဟု ပြိုင်ပွဲကျင်းပရေးကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။
    တယ်လီဖုန်း SMS မှ မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်ပြီး Akhmad Kadyrov Mosque ဗလီဝတ်ကျောင်းတော်အတွက် ရွေးချယ်ထားသည့်မဲများအား နည်းပညာပြဿနာကြောင့်ဟုဆိုကာ ပယ်ဖျက်ခဲ့သည့်အတွက် ထိုရွေးချယ်ပွဲမှာနာမည်ပျက်ခဲ့သည်။
    မိုဘိုင်းအော်ပရေတာများဖြစ်သည့် Beeline နှင့် Megafon တို့မှလိမ်လည်ခဲ့မှုများလည်းရှိပြီး မဲပေးရွေးချယ်ခဲ့ကြသူများမှ ထိုဗလီဝတ်ကျောင်းတော်အား ပြိုင်ပွဲဝင်စာရင်းမှ ထုတ်ပယ်ရန် တောင်းဆိုမှုများလည်းရှိခဲ့သည်။
    “Heart of Chechnya ဗလီဝတ်ကျောင်းတော် နဲ့ Kolomna ရှေးဟောင်းမြို့တော်တို့ကို အနိုင်ရရှိတဲ့ နေရာတွေအဖြစ် ဆုံးဖြတ်ခဲ့ပါတယ်။
    ဆီမီးဖိုင်နယ်အဆင့်မှာ အဲဒီနေရာနှစ်ခုအတွက်ပေးတဲ့ မဲတွေက အခြားဟာတွေထက် ၁၀ ဆ ပိုများပါတယ်။
    ထိုပြိုင်ပွဲအတွက် Heart of Chechnya ဗလီဝတ်ကျောင်းတော်နဲ့ Kolomna ရှေးဟောင်းမြို့တော်တွေကို ပြိုင်ပွဲရဲ့အနိုင်ရရှိတဲ့နေရာတွေအဖြစ် အဖွဲ့ဝင်တွေက သေသေချာချာရွေးချယ်ခဲ့ပါတာပါ” ဟု Russia-10 ၀က်ဘက်ဆိုဒ်မှရွေးချယ်ခဲ့သည်။
    ရုရှရဲ့ ပြယုဂ် အမှတ်အသားအဖြစ် ရွေးချယ်ခံရခြင်းကို ဂုဏ်ယူကြောင်း ရုရှ ဥပေဒပြု အမတ်ပြောကြား
    ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ရှိ ဥပဒေပြုရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဗီတလီ မီလိုနော့ဗ်က ချေချင်းညာရှိ Akhmad Kadyrov Mosque ဗလီဝတ်ကျောင်းတော်မှာ ရုရှားနိုင်ငံ၏ အမှတ်အသားတစ်ခုဖြစ်ပြီး ထိုကိစ္စမှာ ထူးဆန်းသောကိစ္စမဟုတ်ကြောင်းနှင့် ရုရှားနိုင်ငံ၏ သဟဇာတဖြစ်မှု ပြယုဂ် တစ်ခုဟု ယူဆနိုင်ကြောင်းပြောကြားခဲ့သည်ဟု BaltInfo သတင်းအေဂျင်ဆီမှ ရေးသားဖေါ်ပြခဲ့သည်။
    ချေချင်းညာဒေသရှိ Akhmad Kadyrov Mosque ဟု အမည်ရသည့်အဆိုပါဗလီဝတ်ကျောင်းတော်မှာ ‘ချေချင်းညာ၏ နှလုံးသား'(Heart of Chechnya)ဟု လည်း အမည်တွင်သည်။ ထိုပြင် ရုရှားအော်သိုဒေါ့စ် ဘုရားကျောင်းသာမက ထိုဗလီဝတ်ကျောင်းတော်မှာလည်း ရုရှားနိုင်ငံအထင်ကရ အမှတ်အသားများတွင် ပါဝင်နေသည်ကို ကြည်နူးမိကြောင်း မီလိုနော့ဗ်က ထည့်သွင်းပြောကြားခဲ့သည်။
    “ဗလီဝတ်ကျောင်းဆိုတာ နာမ်ပိုင်းဆိုင်ရာအဆောက်အအုံတစ်ခုပါ။ ပြီးတော့ ဒီဒေသမှာရှိတဲ့ပြည်သူတွေအတွက် ဘုရားသခင်နဲ့ဆက်သွယ်ပေးတဲ့ အဆောက်အဦးလည်းဖြစ်ပါတယ်။ တကယ်တော့ ရုရှားမှာ သမိုင်းဝင်ပြီးတန်ဖိုးရှိတဲ့ ဗလီဝတ်ကျောင်းတော်အဟောင်းတွေ တော်တော်များများရှိပါတယ်။ ဘယ်ဗလီက သမိုင်းဝင်ပြီးတန်ဖိုး အရှိဆုံးဆိုပြီး ကျနော် ပါစင်နယ် မညွှန်းချင်ပါဘူး။ ဒါပေမယ့် ချေချင်းညာမှာတည်ဆောက်ထားတဲ့ဒီဗလီဝတ်ကျောင်းတော်ဟာ အကောင်းဆုံးသော အမှတ်အသားတစ်ခုပါ။ ပြီးတော့ အော်သိုဒေါ့စ်နဲ့ မွတ်စလင်တွေအကြားမှာရှိတဲ့ ချစ်ခင်ရင်းနှီးမှုရဲ့ ပြယုဂ်တစ်ခုဖြစ်ပြီး ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်မှုရဲ့ အမှတ်အသားတစ်ခုပါပဲ” ဟု မီလိုနော့ဗ်က ပြောကြားခဲ့သည်။
    Ref: http://islam.ru
  • မက္ကာနှင့် မဒီနာ မြို့များးကို ဆက်သွယ်ထားသည့် ဟာရာမိန်းမြန်နှုန်းမြင့် ရထားလမ်း ၂၀၁၄ နှစ်ဆန်းတွင်ဖွင့်လှစ်နိုင်မည်
    စက်တင်ဘာ၊ ၁၄ ၊ ၂၀၁၃
    M-Media
    skorostnoy_poesdဆော်ဒီအာရေဗျနိုင်ငံ မက္ကာ၊ မဒီနာနှင့် ဂျစ်ဒါမြို့တို့ကို ဆက်သွယ်ထားပြီး ကီလိုမီတာ ၄၅၀ ရှည်လျားသည့် ဆောက်လုပ်ဆဲ မြန်နှုန်းမြင့် မီးရထားလမ်းအား လာမည့် ၂၀၁၄ နှစ်ဆန်းတွင် အသုံးပြုနိုင် လိမ့်မည်ဟု ဆော်ဒီရထားလမ်းပို့ဆောင်ရေးအဖွဲ့အစည်း(SRO) က ကြေညာခဲ့သည်။
    အဆိုပါရထားလမ်းမှာ စီးပွားရေးမြို့သစ်များ၊ စက်မှုဇုံများနှင့် လူထူထပ်သည့်မြို့များကိုဖြတ်ကာ တောင်နှင့်မြောက် ဆက်သွယ်ထားသည့်မီးရထားလမ်းဖြစ်သည်။ ဆော်ဒီပို့ဆောင်ရေးဝန်ကြီးနှင့် SRO ဘုတ်အဖွဲ့၏ ဥက္ကဌဖြစ်သူ ဂျာဘာရာ အလ် ဆီရာအစ္စရီက မူလကသတ်မှတ်ထားသည့် ဘူတာရုံငါးခုတည်ဆောက်ပြီးသည့်နောက်ပိုင်းတွင် မဒီနာရှိ အဘ်ယာအလီဒေသတွင် ဘူတာရုံးတစ်ခု ထပ်မံတိုးချဲ့ဆောက်လုပ်ဖွယ်ရှိနေသည်ဟု Saudi Press Agency သို့ပြောကြားခဲ့သည်။
    SRO ကုမ္ပဏီမှာ ရထားလမ်း၏ ဒုတိယ အဆင့်ကိုတည်ဆောက်ရန် ကန်ဒေါ်လာ ၉.၄ ဘီလီယံတန်သည့် ပရောဂျက်အား လွန်ခဲ့သည့်အောက်တိုဘာလက AlShoula ကုမ္ပဏီမှ ရရှိခဲ့သည်။ ဒုတိယအဆင့် တည်ဆောက်မှုတွင် ရထားလမ်းပိုင်းများတည်ဆောက်ခြင်း၊ လျှပ်စစ်ပိုင်းဆိုင်ရာ တပ်ဆင်ခြင်း၊ ထိန်းချုပ်ရေးစင်တာတည်ဆောက်ခြင်း၊ အချက်ပြစနစ်နှင့် ဆက်သွယ်ရေး စနစ်များ တပ်ဆင်ခြင်းနှင့် Talgo 350 ရထား ၃၅ စီးတင်သွင်းခြင်းတို့ပါဝင်မည်ဖြစ်သည်။
    မက္ကာနှင့် မဒီနာမြို့နှစ်မြို့ကို အဓိကထားပြီး ဂျစ်ဒါ၊ ရီယာဒ့်နှင့် ဒန်မာန်မြို့များနှင့်လည်းဆက်သွယ်ထားသည့် အဆိုပါရထားလမ်း ပြီးစီးသွားပါက တစ်နေ့တွင် ခရီးသည်ပေါင်း ၁၅၀,၀၀၀ ကျော်ကို ပို့ဆောင်နိုင်မည်ဖြစ်သည်။
    Ref: http://islam.ru
  • စက်တင်ဘာ ၁၃ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို
    စက်တင်ဘာ၊ ၁၃ ၊
    M-Media
    အကြမ်းဖက်မှုများ ရပ်တန့်အောင် မိမိတစ်ဦးတည်းဖြင့် လုပ်ရန် မလွယ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
    အကြမ်းဖက်မှုတွေ ပြေလည်နိုင်ရန် တရားဥပဒေစိုးမိုးဖို့ အရေးကြီးတယ်ဆိုတာကြောင်း၊ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ မွတ်စလင်မ်ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေ ရပ်တန့် ပပျောက်ရေးဟာ မိမိတစ်ဦးတည်း ဆောင်ရွက်နိုင်တဲ့ ကိစ္စမဟုတ်တာကြောင့် တရားဥပဒေ စိုးမိုးရေး ဘယ်လောက် လုပ်နိုင်မလဲဆိုတာ အဖြေဖြစ်ကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ကြောင်း RFA သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
    ________________________
    လူကုန်ကူးမှု အများဆုံးစာရင်းတွင် မန္တလေးခရိုင် ၆-မြို့နယ်ပါဝင်
့မြန်မာနိုင်ငံတွင် ၃၃၀ မြို့နယ်တွင် (၁၁၉) မြို့နယ်တွင် လူကုန်ကူးမှု ဖြစ်ပွားပြီး အများဆုံးဖြစ်ပွားသည့် ၄၂-မြို့နယ်တွင် မန္တလေးခရိုင်မှ အမရပူရ၊ ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်၊ မဟာအောင်မြေ၊ အောင်မြေသာစံ နှင့် ပုသိမ်ကြီး မြို့နယ် တို့ပါဝင်ကြောင်း၊ တရုတ်သို့ ၈၀ ရာခိုင်နှုန်း၊ ထိုင်းသို့ ၁၀ ရာခိုင်နှုန်း၊ မလေးရှားသို့ ၆ ရာခိုင်နှုန်းနှင့် ပြည်တွင်းမှာပင် ၄ ရာခိုင်နှုန်းဖြစ်ကြောင်း မန္တလေး၌ ကျင်းပသည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့် ပြောကြားကြောင်း မြန်မာခေတ်သတင်းတပုဒ်မှာ ဖော်ပြထားတာတွေ့ရှိရပါတယ်။
    _________________________
    ရခိုင်မှာ အစမ်းကောက်ခံနေတဲ့ ရပ်ဆိုင်း သန်းခေါင်စာရင်း ပြန်ကောက်မည်ဟု ဦးခင်ရီ ပြော
    ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများအား သန်းခေါင်စာရင်း ကောက်ယူနေရာ ရိုဟင်ဂျာအစား ဘင်္ဂါလီဟု ရေးသားမှုများကြောင့် ရိုဟင်ဂျာများနှင့် အခြေအတင်ဖြစ်ကာ ဧပြီလ ၂၆-ရက်နေ့က ရပ်နားထားခဲ့သော သန်းခေါင်စာရင်းအား ပြန်လည် ကောက်ယူနိုင်ရန် ကြိုးပမ်းနေကြောင်း နှင့် ၎င်း သန်းခေါင်စာရင်းမှာ အစမ်းကောက်ခံခဲ့တာဖြစ်ပြီး ရပ်နားထားတာကို ပြန်လည်ကောက်ယူဖို့ လုပ်ဆောင်နေပြီး ကွင်းဆင်းကောက်ယူရတဲ့ ရည်ရွယ်ချက်ကို သေချာရှင်းလင်းပြောပြပြီး နားလည်လက်ခံချိန်မှ ကောက်ယူမယ်လို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဧရာဝတီ သတင်းဌာနဲ့ တွေ့ဆုံခန်းမှာ ပြောကြားခဲ့ပါတယ်။
    _________________________
    ဗိုလ်ချူပ်အောင်ဆန်း ရုပ်ပုံဖြင့် ငွေစက္ကူရိုက်နှိပ်ရေး အဆို ရန်ကုန်တိုင်းလွှတ်တော်မှာ ရှုံးနိမ့်
    မြန်မာရှိ ငွေစက္ကူများတွင် ရှေးယခင်က ဗိုလ်ချုပ်အောင်ဆန်းပုံကို ရိုက်နှိပ်သုံးစွဲခဲ့သော်လည်း နောက်ပိုင်း တဖြေးဖြေးနှင့် ဗိုလ်ချုပ်အောင်ဆန်းပုံမှာ လုံးဝ ကွယ်ပျောက်ခဲ့ပါတယ်။ ယခုတဖန် မြန်မာ ငွေစက္ကူများမှာ ဗိုလ်ချုပ်အောင်ဆန်းပုံ ရိုက်နှိပ်ထုတ်ဝေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ အဆိုတင်သွင်းရာ ကန့်ကွက်ခဲ့သဖြင့် မဲခွဲရာတွင် ထောက်ခံမဲ ၂-မဲ၊ ကန့်ကွက်မှု ၁၂၁ မဲဖြင့် ရှုံးနိမ့်ခဲ့ကြောင်းသိရသည်။ အဆိုတင်သွင်းသူမှာ အမျိုးသားဒီမိုကရေစီပါတီသစ်(NNDP) လွှတ်တော်ကိုယ်စားလှယ် ဦးကျော် ဖြစ်ပြီး ကန့်ကွက်သူမှာ ပြည်ဖြိုင်ဖြိုးပါတီ အမတ် ဒေါက်တာစောလှထွန်းဖြစ်ကြောင်း ဧရာဝတီ သတင်းစာမျက်နှာမှ တဆင့် သိရှိရပါတယ်။
    _________________________
    မလေးရှားမှာ အထောက်အထားမရှိတဲ့ အလုပ်သမားတွေအတွက် သွားရောက်ဆွေးနွေးခဲ့တဲ့ ၀န်ကြီးဦးအေးမြင့်
    မလေးရှားနိုင်ငံမှာ တရားမ၀င် ၀င်ရောက်နေထိုင်သူတွေအား စိစစ်ရန်နှင့် မှုခင်းများ လျော့ချရန် စီမံချက်နဲ့ မလေးရှားအစိုးရ နိုင်ငံခြားသားတွေကို ဖမ်းဆီးရာမှာ ရာနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေလည်း ဖမ်းခံခဲ့ရတာကြောင့်  မြန်မာအလုပ်သမားဝန်ကြီး ဦးအေးမြင့်က မလေးရှားနိုင်ငံ အလုပ်သမားဝန်ကြီးနဲ့ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။  မြန်မာနိုင်ငံသားများအနေနဲ့ မလေးရှားနိုင်ငံမှာ စာရွက်စာတမ်း အထောက်အထားမရှိ၊ အလုပ်လုပ်ခွင့် မရှိကြသူများ လျော်ကြေးပေးစရာ မလိုအပ်ပဲ မြန်မာနိုင်ငံကို ပြန်လာခွင့်ပြုမည်ဖြစ်သော်လည်း မြန်မာနိုင်ငံသား ဟုတ်မဟုတ် စိစစ်ပြီးမှ ပြန်ခေါ်မှာဖြစ်တယ် လို့လည်း မြန်မာအလုပ်သမားဝန်ကြီး ဦးအေးမြင့် ပြောဆိုလိုက်ကြောင်း VOA သတင်း စာမျက်နှာမှတဆင့် သိရှိရပါတယ်
    _________________________
    ၁။ ရုရှားနိုင်ငံရှိ စိတ်ကျန်းမာရေးဆေးရုံ တစ်ခု မီးလောင်မှုဖြစ်ပွား လူသုံးဦးသေဆုံး
    20139137756727621_20
    ရုရှားနိုင်ငံရှိ စိတ်ကျန်းမာရေးဆေးရုံတစ်ခုတွင် ယနေ့နံနက်အစောပိုင်းကမီးလောင်မှုဖြစ်ပွားခဲ့ပြီး အနည်း လူ ၃ ဦးသေဆုံးခဲ့ကာ ၃၀ ကျော်မှာ အသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေသည်ဟု သိရသည်။
    ရုရှားနိုင်ငံအနောက်မြောက်ဘက် နောဗ့်ဂိုရော့ဒေသ လူကာရွာရှိ စိတ်ရောဂါကုဆေးရုံဖြစ်ပြီး ဒေသစံတော်ချိန် ယနေ့နံနက် ၃ နာရီတွင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ အဆောက်အအုံအစိတ်အပိုင်းအများစုမှာ သစ်သားဖြင့်ဆောက်လုပ်ထားခြင်းဖြစ်သောကြောင့် ဆေးရုံတစ်ခုလုံးကို လျင်မြန်စွာလောင်ကျွမ်းသွားခဲ့သည်။
    လူနာတစ်ဦး၏ဆေးလိပ်မီးမှစတင်လောင်ကျွမ်းသည်ဟုယူဆရပြီး မီးလောင်ကျွမ်းချိန်တွင် လူ ဆေးရုံထဲတွင် လူ ၆၀ ခန့်ရှိနေခဲ့သည်။ ၂၃ ဦးကိုကယ်တင်နိုင်ခဲ့ပြီး လူနာနှစ်ဦးနှင့် လူနာများအားကယ်တင်ရန်ကြိုးစားခဲ့သူ သူနာပြုတစ်ဦးသေဆုံးခဲ့သည်။
    ကျန် လူ ၃၀ ကျော်မှာ စိုးရိမ်ဖွယ်ရာ အနေအထားတွင်ရှိနေသည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
    Ref: aljazeera
    —————————————
    ၂။ အလ်ရှာဘတ် စစ်သွေးကြွအဖွဲ့အား ဆိုမာလီအစ္စလာမ့်ပညာရှင်များ ရှုတ်ချ
    ဆိုမာလီနိုင်ငံမှ အစ္စလာမ့်ဓမ္မပညာရှင်များက ဆိုမာလီယာတွင် ကျက်စားနေသည့် အလ်ရှာဘတ်အဖွဲ့၏အကြမ်းဖက်လုပ်ရပ်များအားရှုတ်ချလိုက်ပြီး ထိုအဖွဲ့အတွက် အစ္စလာမ်တွင်နေရာမရှိဟု ပြောဆိုလိုက်သည်။
    “ဆိုမာလီနိုင်ငံသားတွေကို သတ်ဖြတ်ဖို့ဖြစ်လာတဲ့ ဂိုဏ်းတစ်ခုပါပဲ။ တရားလည်းမ၀င်သလို မှန်လည်းမမှန်ပါဘူး။ သူတို့ဖန်တီးချင်တဲ့ တစ်ခုတည်းသောအရာက တိုင်းပြည်အတွင်းမတည်ငြိမ်မှုတွေပါပဲ။ ဒါမှသူတို့ အသက်ဆက်နိုင်မှာပါ” ဟု အစ္စလာမ့်ဓမ္မပညာရှင်တစ်ဦးဖြစ်သူ ရှိခ် ဟာဆန် ဂျာမိုင်က ဘီဘီစီသတင်းဌာနသို့ ယမန်နေ့က ပြောကြားခဲ့သည်။
    ဆိုမာလီနိုင်ငံ မိုဂါဒစ်ရှူးမြို့တွင် ကျင်းပပြလုပ်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်များအား ကိုင်တွယ်အရေးယူရေး လေးရက်တာ အစည်းအဝေး အပြီးတွင်ပြော ဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါ အစည်းအဝေးအပြီးတွင် အစ္စလာမ့်ဓမ္မပညာရှင်များက အလ်ရှာဘတ်မှာ အစ္စလာမ့်၏သွန်သင်ချက်များနှင့်ဆန့်ကျင်ကြောင်း ဖသ်ဝါ(ဓမ္မသတ်)ထုတ်ပြန်ခဲ့သည်။
    “အလ်ရှာဘတ်ရဲ့လုပ်ရပ်များမှာ အစ္စလာမ်၏လမ်းစဉ်နှင့် သွေဖည်နေပြီး ဆိုမာလီပြည်သူများအား မှားယွင်းသောလမ်းဆီသို့ ဦးတည်ခေါ်ဆောင်ခြင်းသာဖြစ်သည်။ ၎င်းတို့ဝါဒဖြန်နေသော အယူအဆများမှာ အစ္စလာမ်သာသနာတော်အတွက် အန္တရာယ်ဖြစ်စေသကဲ့သို့ ဆိုမာလီလူ့အဖွဲ့အစည်းအတွက်လည်း အန္တရာယ်ဖြစ်စေသည်။” ဟု အဆိုပါဓမ္မသတ်တွင် ရေးသားဖေါ်ပြထားသည်။
    Ref: OnIslam
    —————————————
    ၃။ ဒုတိယကမ္ဘာစစ် အတွင်း ပျောက်ဆုံးခဲ့သည့် လေတပ်သားနှစ်ဦး၏ အလောင်းပြန်တွေ့
    Soldiers honor fallen with flags at Arlington graves
    ဒုတိယကမ္ဘာစစ်အတွင်း ရှေ့တန်းစစ်မျက်နှာတွင်ပျောက်ဆုံးခဲ့သည့် အမေရိကန်လေတပ်သားနှစ်ဦး၏ ရုပ်အလောင်းများအား ပြန်လည်တွေ့ရှိခဲ့သည်ဟု သိရသည်။ ပါပူအာ နယူးဂီနီနိုင်ငံရှိ တောင်တန်းတစ်ခုပေါ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လာမည့်သီတင်းပတ်အတွင်း အာလင်တန် အမျိုးသား စစ်သင်္ချိုင်းတွင် မြှပ်နှံသဂြိုဟ်မည်ဖြစ်သည်။
    ထိုလေတပ်သားနှစ်ဦးမှာ A-20G Havoc ဗုံးကြဲလေယာဉ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဒုဗိုလ် ဗလိုရီ အလ် ပိုလာဒ် နှင့် တပ်ကြပ် ဒိုမီနစ် ဂျေ လီကာရီ တို့ဖြစ်ကြပြီး ၁၉၄၄ ခုနှစ် မတ်လ ၁၃ရက်နေ့က ရန်သူ့စစ်စခန်းများအား တိုက်ခိုက်စဉ် ပျက်ကျသေဆုံးခဲ့ခြင်းဖြစ်သည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
    Ref: CNN
    —————————————
    ၄။ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများအား ဘာရိန်းခြိမ်းချောက်
    kaffash20130213152949867
    ယနေ့တွင်ကျင်းပရန်စီစဉ်ထားသည့် အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွင် ပါဝင် ပတ်သက်သူများအား အရေးယူမည်ဟု ဘာရိန်းပြည်ထဲရေးဝန်ကြီးဌာနက ခြိမ်းခြောက်ပြောဆိုလိုက်သည်။ “ဥပဒေကိုဆန့်ကျင့်ဖို့အတွက် နိုင်ငံရေးအဖွဲ့အစည်းတွေက စီစဉ်ပြုလုပ်တဲ့ ဒီဆန္ဒပြပွဲမှာ ပါဝင်ပက်သက်တဲ့ဘယ်သူ့ကိုမဆို ဥပဒေအရေးယူရပါလိမ့်မယ်” ဟု ပြည်သူ့လုံခြုံရေးအကြီးအကဲ တာရစ် ဟာဆန် အလ် ဟာဆန်က ပြောကြားခဲ့သည်။
    ထို့ပြင် ယနေ့ပြုလုပ်မည့် ဆန္ဒပြပွဲအား ပြည်ထဲရေးမှ ပိတ်ပင်ထားကြောင်း၊ ဥပေဒကအာမခံထားသည့် လွတ်လပ်စွာထုတ်ဖော်မှုမှာ ဆန္ဒပြခြင်းနှင့် မည်သို့မှ ပက်သက်မှုမရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    Ref: presstv
    ——————————–
    ၅။ ၁၃ နှစ်အရွယ်လူငယ်လေးအား ပြန်ပေးဆွဲ သတ်ဖြတ်မှုတွင် ပါဝင်သည့် သံသယရှိသူ ၃ ဦးကို မက္ကဆီကိုတွင်ဖမ်းဆီး
    မက္ကဆီနိုင်ငံ၏မြို့တော်ရှိ အရက်ဘားတစ်ခုမှ အသက် ၁၃ နှစ်အရွယ် လူငယ်တစ်ဦးအား ပြန်ပေးဆွဲမှုတွင် ပါဝင်သည်ဟု သံသယရှိသူသုံးဦးကို မက္ကဆီကိုရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု သိရသည်။
    ထို သံသယရှိသူသုံးဦးမှာ ဂျိုနသန်ရိုဘယ်လ်၊ ပက်ဒရို ဖရန်စစ္စကို ပက်ဇ်လိုပက်ဇ်နှင့် ဖာနန်ဒို ဖာနန်ဒက်ဇ်တို့ဖြစ်ကြပြီး ၁၃ နှစ်အရွယ်လူငယ်အား ပြန်ပေးဆွဲသတ်ဖြတ်မှုတွင်ပါဝင်သည်ဟု သံသယရှိသူများဖြစ်ကြသည်ဟု တရာလိုရှေ့နေများက ပြောကြားခဲ့သည်။
    အဆိုပါပြန်ပေးဆွဲမှုမှာ ပြီးခဲ့သည့်မေလကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မက္ကဆီကိုရဲတပ်ဖွဲ့၏ အရေးယူရန်ပျက်ကွက်မှုကို သေဆုံးသူ၏ မိသားစုများက မကျေမနပ်ဖြစ်ကာ ဆန္ဒပြခဲ့ရာမှ လူသိများလာခဲ့ခြင်းဖြစ်သည်။
    ——————————–
    ၆။ ဗြိတိန် ဥပဒေပြုလွှတ်တော်အမတ် မုဒိမ်းမှုဖြင့် တရားစွဲဆိုခံရ
    > on May 7, 2013 in London, England.
    ဗြိတိသျှအောက်လွှတ်တော်မှ အမတ်တစ်ဦးမှာ လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကကျူးလွန်ခဲ့သည့် များစွာသော လိင်ပိုင်းဆိုင်ရာ စော်ကားမှုများနှင့် ပက်သက်၍ တရားစွဲဆိုခြင်းခံရသောကြောင့် ရာထူးမှ နှုတ်ထွက်သွားသည်ဟုသိရသည်။
    နီဂဲလ် အီဗန့်ဟုအမည်ရသည့် အဆိုပါ ပုဂ္ဂိုလ်မှာ ရှေ့နေတစ်ဦးဖြစ်ပြီး ဗြိတိန်အာဏာရ ကွန်ဆာဗေးတစ်ပါတီဝင်တစ်ယောက်လည်းဖြစ်သည်။
    အီဗန့်က ထိုကိစ္စများမှာ စွပ်စွဲမှုများသာဖြစ်ပြီး ပြန်လည် ဖြေရှင်းသွားမည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံရေးလောကတွင် ဦးဆောင်သူတစ်ဦး အဖြစ်ရှိနေမည် မဟုတ်ဘဲ ပါလီမန်တွင်သာ ရှိနေမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    Ref: CNN
    ————————————-
    ၇။ ဂျပန်နိုင်ငံတွင် ထရပ်ကားနှစ်စီးတိုက်မိ တစ်ဦးသေ နှစ်ဦးဒဏ်ရာရ
    ဂျပန်နိုင်ငံအနောက်တောင်ပိုင်း ဖူကူအိုကာစီရင်စုတွင် ယနေ့နံနက်စောစောပိုင်းက ထရပ်ကားနှစ်စီးတိုက်မိခဲ့ရာ လူတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
    ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၅ မိနစ်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၃ တန်ရှိသည့်ထရပ်ကားနှင့် ၈ တန်ရှိသည့် ထရပ်ကားသို့ ဖူကူအိုကာစီရင်စု မီယာမာမြို့ရှိ ကျူရှုအဝေးပြေးလမ်းမပေါ်တွင် တိုက်မိခဲ့ခြင်းဖြစ်သည်ဟု Mainichi Shimbun နေ့စဉ်သတင်းစာတွင် ဖေါ်ပြခဲ့သည်။
    ၃ တန်ထရပ်ကားမှ ယဉ်မောင်းတစ်ဦးသေဆုံးခဲ့ပြီး ကျန်ခရီးသည်နှစ်ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟုသိရသည်။
  • ၉-၁၁ နှစ်ပတ်လည် ပြုလုပ်မည့်နေရာတွင် ကုရ်အာန်ကျမ်းစာအုပ်များ မီးရှို့ရန် ကြံစည်ထားသော အမေရိကန်နိုင်ငံသား တယ်ရီဂျုံး ဖမ်းဆီးခံရ
    စက်တင်ဘာ၊ ၁၂ ၊
    M-Media
    pastor-terry-jones
    မိုင်ယာမီ။      ။ ဖလော်ရီဒါပြည်နယ်မှ အငြင်းပွားဖွယ်ရာပြုလေ့ရှိသော ပရိုတက်စတင့် ဘုန်းကြီးတစ်ဦးသည် ၉/၁၁ တိုက်ခိုက်မှုနှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ပုံနှိပ်ကုရ်အာန် ၃၀၀၀ ကို ရေနံဆီစိမ်ထားကာ မီးရှို့မည့်ဆဲဆဲ ဖမ်းဆီးခံရသည်ဟု အမေရိက မီဒီယာများက ဆိုသည်။
    အာဏာပိုင်များ၏အဆိုအရ ဂျုံးစ်သည် ပစ်ကပ်ကားတစ်စီးဖြင့် ရေနံဆီစိမ်ထားသည့် ကုရ်အာန်ကျမ်း စာအုပ်များကို နောက်တွဲယာဉ် အတွင်းထည့်၍ သယ်ဆောင်လာခဲ့သည့်အပြင် ထရပ်ကားနောက်ခန်းတွင် လောင်စာဆီများကိုလည်း ပုလင်းများဖြင့် အပိုဆောင်း ယူဆောင်လာခဲ့သည်ဟု ဆိုသည်။
    သမ္မတဘားရက်ခ် အိုဘားမားမှ ဆီးရီးယားအား စစ်ရေးအရ အရေးယူရလိမ့်မည်ဟု အသံထုတ်ထားချိန် အရှေ့အလယ်ပိုင်း၌ တင်းမာမှုကြီးထွားနေစဉ် ဂျုံးစ်က မွတ်စ်လင်မ်တို့တန်ဖိုးထားသော ကုရ်အာန်ကျမ်းစာအုပ်ကို လူအများရှေ့ မီးရှို့ပြရန်ကြံစည်ခဲ့ခြင်း ဖြစ်သည်။
    ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်ခံရသူများ အတွက် အောက်မေ့ဖွယ်ရာအဖြစ် Tampa Bay နေရာတွင် ကုရ်အာန် စာအုပ်ပေါင်း ၂၉၉၈ အုပ်ကို မီးရှို့ရန်ရည်ရွယ်သည်ဟု ဂျုံးစ်၏ ၀က်ဘ်ဆိုဒ်ပေါ် ဖော်ပြထားသည်။
    ဂျုံးစ် အား ကြံရာပါဖြစ်တော် ဘုန်းတော်ကြီး မာဗင် စက်ပ်(Marvin Sapp) နှင့်အတူ မီးရှို့မည့်အစီအစဉ် မပြုလုပ်မီ ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
    ဖလော်ရီဒါပြည်နယ်၊ Gainesville ရှိ Dove World Outreach Center မှ ဘုန်းတော်ကြီး ဂျုံးစ်သည် ၂၀၁၀ ခုနှစ်ကလည်း ကုရ်အာန်စာအုပ်များကို မီးရှို့မည်ဟု ခြိမ်းခြောက်ပြောကြားခဲ့သဖြင့် အမေရိကန်ပြည်ထောင်စု အတွင်းအပြင်၌ အမျက်ဒေါသ အုံကြွမှုဖြစ်လာသောကြောင့် ၄င်း၏ အစီအစဉ်ကို ရုပ်သိမ်းခဲ့ရသည်။
    သို့သော် ၂၀၁၁ ခုနှစ်တွင် သူ့နောက်လိုက်များက မွတ်စ်လင်မ်တို့၏ ကုရ်အာန်ကျမ်းဂန်ကို မီးရှို့ပြခဲ့ပြီး၊ နောက်တစ်နှစ်တွင် အစ္စလာမ် ဆန့်ကျင်ရေးရုပ်ရှင်ဇာတ်ကား တကား ထုတ်လုပ်ရေးကို ၄င်းမှ ဦးဆောင်ခဲ့ပြန်သည်။
    ယင်းဖြစ်စဉ် သုံးရပ်သည် အရှေ့အလယ်ပိုင်း နှင့် အာဖဂန်နစ္စတန်ရှိ အကြမ်းဖက်မှုများကို မီးမွှေးပေးခဲ့ခြင်း ဖြစ်သည်။
    – AFP/ir
    Photo-(AFP/Bill Pugliano)