News @ M-Media
Author: M-Media
  • စက်တင်ဘာ ၆ အားကစားသတင်းများ
    စက်တင်ဘာ ၆ ရက်၊ ၂၀၁၃
    M-Media
    ကိုလေး စုစည်းတင်ဆက်သည်။
    del-bosque
    မင်းဆံပင်ကိုညှပ်ပါ။ ဒါမှမဟုတ်ရင် ဘောလုံးဆိုတာမေ့လိုက်တော့။ (ဒဲလ်ဘော့စကေး မှ ဂူတီကို ပြောခဲ့သော စကား)
    ရီးယဲလ်မက်ဒရစ်အသင်းနှင့် စပိန်အသင်းတို့၏ အလယ်တန်းကစားသမားဟောင်းဂူတီက ၎င်းငယ်ရွယ်စဉ်အချိန် စပိန်အသင်း၏လက်ရှိနည်းပြ ဒဲလ်ဘော့စကေးမှာ ၎င်း၏ဆံပင်ရှည်လျားမှုအတွင် သတိပေးပြောဆိုခဲ့ဖူးသည်ဟု ထုတ်ဖော်ပြောဆိုလိုက်သည်။ ကစားသမားဘ၀တစ်လျှောက်လုံးနီးပါး ဆံပင်အရှည်ဖြင့်သာ ကစားခဲ့ပြီး ရီးယဲလ်မက်ဒရစ်အသင်းတွင် ဒဲလ်ဘော့စကေးနှင့် လက်တွဲခဲ့သည့် ဂူတီမှာ ယခုအခါဘောလုံးကစားခြင်းမှ အနားယူသွားခဲ့ပြီဖြစ်သည်။ “ကျနော့်အသက် ၁၄ နှစ်လောက်မှာ ဒဲလ်ဘော့စကေးက တကယ်လို့ ကျနော့်ဆံပင်ကိုမညှပ်ဘူးဆိုရင် ကျနော်ဘောလုံးလောကကနေ ဝေးကွာသွားမယ်လို့ သတိပေးပြောဆိုခဲ့ဖူးပါတယ်။ အခုတော့ ကျနော် ညှပ်လိုက်ပါပြီ။ ဘောလုံးလောက က အနားယူပြီးမှပါ ” ဟု Punto Pelota သတင်းဌာနသို့ အရွှန်းဖောက် ပြောကြားခဲ့သည်။ ၎င်းအပြင်ဂူတီက “သူ(ဒဲလ်ဘော့စကေး) ဟာ ကျနော့်အတွက်တော့ နည်းပြကောင်းတစ်ဦးပါ။ ကျနော့်ကိုကြိုးစားဖို့အမြဲပြောခဲ့ပြီး အမြဲတမ်းလည်း ကူညီခဲ့ပါတယ်။” ဟု ဆရာဟောင်းဖြစ်သူအား ချီးကျူးခဲ့သေးသည်။
    …………………………………………….
    ဟီဂူအင်မှာ ကာဗာနီကဲ့သို့ ဂိုးများသွင်းယူနိုင်မည်ဟု ဘရီတို့စ်ဆို
    နာပိုလီအသင်း၏ ဥရုဂွေးနောက်ခံလူဖြစ်သူ မီဂွယ် အိန်ဂျယ် ဘရီတို့စ်က ယခုနှစ်နွေရာသီအပြောင်းအရွှေ့တွင်မှ နာပိုလီသို့ရောက်ရှိလာသည့် ရီးယဲလ်တိုက်စစ်မှူးဟောင်း ဟီဂူအင်၏ စွမ်းဆောင်ရည်များကို ချီးကျူးပြောဆိုလိုက်သည်။ ယူရိုသန်း ၄၀ ဖြင့်ရောက်ရှိလာသည့် ဟီဂူအင်မှာ အကောင်းဆုံးအနေအထားသို့မရောက်သေးသော်လည်းခြေစွမ်းပြ ဂိုးများသွင်းယူနိုင်ခြင်းကြောင့် ဘရီတို့စ်က ယခုကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်သည်။ “သူ့ရဲ့အမြင့်ဆုံးခြေစွမ်းကိုမရသေးပေမယ့်လည်း အကောင်းဆုံးတွေကို လုပ်ဆောင်ပြခဲ့ပါတယ်။ ကာဗာနီဂိုးသွင်းယူနိုင်သလောက်ကို ဟီဂူအင်လည်းသွင်းနိုင်မယ်လို့ ကျနော်ယုံကြည်ပါတယ်။ သူဟာ တကယ့်ကို သန်မာပါတယ်” ဟု Radio Kiss Kiss သို့ ဘရီတို့စ်က ပြောကြားခဲ့သည်။ ကာဗာနီမှာ နာပိုလီအသင်းတွင် ဘောလုံးရာသီသုံးရာသီကစားခဲ့ပြီး ဂိုးပေါင်း ၁၀၄ ဂိုးသွင်းယူပေးခဲ့ကာ အသင်းသမိုင်းတစ်လျှောက် တတိယဂိုးအများဆုံးသွင်းထားသူဖြစ်သည်။
    …………………………………………….
    ပယ်လီဂရီမှာ မန်စီးတီးအတွက် ပရီးမီးယားလိဂ်ဖလားအား ပြန်လည်ရယူပေးမည်ဟု အဂူရိုဆို
    မန်ချက်စတာစီးတီးအသင်း၏တိုက်စစ်မှူးဖြစ်သူ ဆာဂျီယို အဂူရိုက မန်စီးတီးအသင်း ပရီးမီးယားလိဂ်ဆုဖလားအား ပြန်လည်ရယူရန်ကြိုးပမ်းမှုတွင် မန်ချက်စတာယူနိုက်တက်အသင်းနှင့် ချယ်ဆီးအသင်းတို့က အဓိကပြိုင်ဘက်များဖြစ်လာမည်ဟု ပြောဆိုလိုက်သည်။ ၎င်းအပြင် ဇွန်လကအသင်းသို့ရောက်ရှိလာပြီး အသင်းတောင့်တင်းအောင်ပြုလုပ်ခဲ့သည့် နည်းပြသစ် မန်နျူရယ် ပယ်လီဂရီနီကိုလည်း ချီးကျူးပြောဆိုခဲ့သည်”နည်းပြသစ်ကိုင်တွယ်နေတဲ့ မန်ယူအသင်းကို ရင်ဆိုင်ဖို့ခက်ပါလိမ့်မယ်။ ပြီးတော့ သူတို့ရဲ့လူစာရင်းက အထင်ကြီးလောက်စရာပါပဲ။ ချယ်ဆီးအသင်းဟာလည်း အန္တရယ်ရှိပါတယ်။ ဟိုဆေးမော်ရင်ဟိုဟာ အကောင်းဆုံးတွေကို ချယ်ဆီးအသင်းဆီ ယူဆောင်လာပါလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့ဟာလည်း နည်းပြအသစ်နဲ့ပါ။ ပြီးတော့ ကျနော်တို့အသင်းကို ချန်ပီယံဖြစ်ဖို့အလားအလာရှိတဲ့အသင်းအဖြစ်အခြားအသင်းတွေက က ရှုမြင်ကြမယ်လို့ ကျနော်ထင်ပါတယ်။” ဟု အဂူရိုက ပြောကြားခဲ့သည်။
    …………………………………………….
    ပြင်သစ်လက်ရွေးစင်အသင်းတွင် အဘီဒယ်လ်ဆက်လက်ကစားလို
    ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ဂျော်ဂျီယာအသင်းနှင့် ယနေ့ယှဉ်ပြိုင်ကစားမည့် ပြင်သစ်အသင်းတွင် ရွေးချယ်ခံခဲ့ရသည့် အဘီဒယ်လ်က ၎င်းအနေဖြင့် ဘောလုံးကစားနိုင် သလောက် ပြင်သစ်လက်ရွေးစင်အသင်းတွင် ပါဝင်ကစားချင်သည်ဟုပြောကြားခဲ့သည်။ အဘီဒယ်လ်မှာ ကင်ဆာရောဂါကြောင့် ပြီးခဲ့မတ်လက ကျောပ်ကပ်အစားထိုးကုသခဲ့ရပြီး ဘောလုံးလောကနှင့် ၁၂ လခန့် ကင်းကွာနေခဲ့သည်။ အသက် ၃၃ အရွယ်ရှိ အဘီဒယ်လ်က “သိပ်ကိုခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ကျနော်အန်တုနိုင်ခဲ့ပြီး၊ ကျနော်ရဲ့နေရာကို အခု ကျနော်ပြန်ရောက်ပါပြီ။ တကယ်လို့ ကျနော်ရဲ့ကျန်းမာရေးအခြေအနေက ဘောလုံးဆက်ကစားဖို့ ခွင့်မပြုတော့ဘူးဆိုရင်တော့ ကျနော်အနားယူမှာပါ။ ဒါပေမယ့် ဒီလိုမဖြစ်ခဲ့ပါဘူး။ ကျနော်ရဲ့အတွေ့အကြုံအရ ကျနော်ယုံကြည်မှုသိပ်မရှိပါဘူး။ ဒါပေမယ့် (ပြင်သစ်)နည်းပြက ကျနော့်မှာ ဒီပွဲအတွက် လုံလောက်တဲ့ ပြင်ဆင်မှုတွေရှိနေတယ်လို့ပြောပါတယ်။ အခုကျနော် လက်ရွေးစင်အသင်းမှာပါဝင်နေပြီး ဆက်လက်ပြီးလည်း ကစားချင်ပါတယ်” ဟု လက်ရွေးစင်အသင်းတွင်သူ့အားရွေးချယ်ခဲ့မှုနှင့် ပက်သက်၍ ပြေကြားခဲ့သည်။ အဘီဒယ်လ်မှာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ၆၂ ပွဲကစားပေးထားသည်။
    …………………………………………….
    မိမိအားဆက်လက်အားပေးနေသည့်အတွက် ဂျူဗင်တပ်စ်အား လော်ရန်တေး ကျေးဇူးတင်
    ဂျူဗင်တပ်စ်အသင်းတွင် ရာသီအစ အခက်အခဲများရှိနေသော်လည်း စိတ်မပျက်ဘဲ ၎င်းအား အားပေးခဲ့ကြသည့် ဂျူဗင်တပ်စ်အသင်း ပရိတ်သတ်များအား ကျေးဇူးတင်ကြောင်း တိုက်စစ်မှူးသစ် လော်ရန်တေးက ပြောကြားခဲ့သည်။ လော်ရန်တေးမှာ အက်သလက်တီကိုဘီလ်ဘာအိုအသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး တိုက်စစ်မှူး ကားလို့စ်တီဗက်ဇ်နှင့် မီရန်ကို ဗူချီနစ်တို့၏နောက် တတိယဦးစားပေး တိုက်စစ်မှူးအဖြစ်သာ ရှိနေသည်။ “ကျနော့်ကိုယုံကြည်မှုတွေပေးပြီး ဆက်လက်အားထားနေကြတဲ့ လူတိုင်းကို ကျနော်ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ရဲ့ယုံကြည်မှုတွေကို ပျော်ရွှင်စရာ အချိန်တွေနဲ့ပြန်လည်ပေးဆပ်ဖို့ နေ့တိုင်း အလုပ်ကိုကြိုးကြိုးစားစားလုပ်နေပါတယ်။” ဟု လော်ရန်တေးက သူ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားခဲ့သည်။
    …………………………………………….
    အာဆင်နယ်တွင်ပြန်လည်ကစားရခြင်းကို ဖလာမီနီပျော်ရွှင်
    အေစီမီလန်အသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့်အဆင်နယ်အသင်းသို့ ပြန်လည်ရောက်ရှိလာသည့် ဖလာမီနီက အာဆင်နယ်အသင်းတွင်ပြန်လည် ကစားရသည်ကို ပျော်ရွှင်မိကြောင်းပြောကြားခဲ့သည်။ ယခင် တစ်ပတ်ကမြို့ခံပြိုင်ဘက် စပါးအသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် လူစားဝင်ကစားခဲ့သည့် ဖလာမီနီက “ကိုယ့်အိမ်ကို ပြန်ရောက်လာသလို ကျနော် ခံစားမိပါတယ်။ စပါးနဲ့ဒါဘီပွဲဟာ ပွဲကြီးတစ်ပွဲပါ။ ” ဟု ဖလာမီနီ၏ပြောကြားမှုအား အာဆင်နယ်အသင်း၏ ၀ဘ်စာမျက်နှာတွင် ဖော်ပြထားသည်။ ဖလာမီနီမှာ ၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ အာဆင်နယ်အသင်းတွင် ကစားခဲ့ဖူးသည်။
    …………………………………………….
    အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပြုလုပ်နေသည့် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ အမျိုးသားပွဲစဉ်တွင် လက်ရှိချန်ပီယံ အန်ဒီမာရေးမှာ ကွာတားဖိုင်နယ်တွင် ၀ါဝရင်ကာ အားရှုံးနိမ့်ခဲ့ပြီး၊ ကမ္ဘာ့နံပါတ် ၁ ဂျိုကိုဗစ်မှာ ယူဇနီအား အနိုင်ရရှိခဲ့သည်ဟုသိရသည်။
    ဆွစ်ဇလန်တင်းနစ်သမား စတာနစ်လတ် ၀ါဝရင်ကာမှာ အန်ဒီမာရေးအား ၆-၄၊ ၆-၃၊ ၆-၂ ဖြင့် သုံးပွဲပြတ်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ၀ါဝရင်ကာမှာ လွန်ခဲ့သည့်သုံးနှစ်ကလည်း အန်ဒီမာရေးအား ယူအက်စ်အိုးပင်းတတိယအဆင့်တွင် ဖြုတ်ချနိုင်ခဲ့သူဖြစ်ပြီး ယခုနိုင်ပွဲကြောင့် ဂရန်းစလမ်းပြိုင်ပွဲကြီးများတွင် ဆီးမီးဖိုင်နယ်သို့ ပထမဦးဆုံးတက်ရောက်နိုင်ခဲ့သည်။
    ကမ္ဘာ့နံပါတ် ၁ တစ်နစ်သမား နိုဗက်ဂျိုကိုဗစ်မှာ ရုရှားမှ မစ်က်ဟေးလ် ယူဇနီအား ၆-၃၊ ၆-၂၊ ၃-၆၊ ၆-၀ ဖြင့်အနိုင်ရရှိခဲ့သည်။ ထိုပွဲအနိုင်ကြောင့် ဂျိုကိုဗစ်မှာ ဂရန်းစလမ်းပြိုင်ပွဲကြီးများတွင် ၁၄ ကြိမ်ဆက်တိုက် ဆီမီးဖိုင်နယ်သို့တက်ရောက်နိုင်သူဖြစ်လာသည်။
    ယူအက်စ်အိုးပင်းပြိုပွဲ အမျိုးသား ဆီးမီးဖိုင်နယ်ပွဲစဉ်များကို စနေနေ့တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲစဉ် ၁ တွင် ရာဖေးလ် နာဒယ်လ်နှင့် ရစ်ချက် ဂတ်စ်ကတ်တို့ တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်ကာ၊ ပွဲစဉ် ၂ တွင် ဂျိုကိုဗစ်နှင့် ၀ါဝရင်ကာတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ယူအက်စ်အိုးပင်းနောက်ဆုံးဗိုလ်လုပွဲကို စက်တင်ဘာ ၉ ရက် တနင်္လာနေ့တွင် ကစားမည်ဖြစ်သည်။
    skysports
    …………………………………………….
    ကျမရဲ့အဖေဟာ ကျမအပေါ် ကြီးမားတဲ့ လွှမ်းမိုးမှု ရှိနေတုန်းပါပဲ (ဆရီနာဝီလီယံ)
    ယူအက်စ်အိုးပင်းချန်ပီယံဖြစ်ရန် လက်တစ်ကမ်းအကွာသို့ရောက်ရှိနေသည့် အမေရိကန်နာမည်ကြီးတင်းနစ်မယ် ဆရီနာဝီလီယံက သူမ၏ တင်းနစ်ကစားသမား ဘ၀တွင် သူမ၏ အဖေဖြစ်သူက အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု ပြောဆိုလိုက်သည်။ ယူအက်စ်အိုးပင်း ဆီမီးဖိုင်နယ်တွင် တရုတ်တင်းနစ်မယ်လီနာနှင့် ယှဉ်ပြိုင်ရမည့် ဆရီနာက “အဖေဟာ သိပ်ကိုဆန်းသစ်တီထွင်တတ်ပါတယ်။ အချို့ပွဲတွေမှာ ကျမအကောင်းဆုံးကစားနေနိုင်တဲ့အကြောင်းအရင်းကတော့ အဖေ့ရဲ့စီမံခန့်ခွဲမှုကြောင့်လို့ ကျမထင်ပါတယ်။ ပြီးတော့ အဖေဟာ ကျမအမကိုလည်း စီမံပေးပါသေးတယ်။ အဖေဟာကျမကို အကောင်းဆုံးခြေခံကိုပေးခဲ့ပါတယ်။ ဒီကနေ့အချိန်အထိ အဖေဟာ နည်းပြကောင်း တစ်ဦးပါပဲ။ ဟိုတစ်နေ့က ကျမဆီကို အဖေစာတစ်စောင်ရေးခဲ့တယ်။ အဲဒီစာကိုဖတ်ပြီးတဲ့အခါ ‘ဒါဟာငါတကယ်လုပ်ရမယ်ဟာပဲ’လို့ ကျမသိခဲ့ပါတယ်။ အဲဒီစာထဲမှာပါတဲ့အကြံပြုချက်ဟာ ပွဲကစားချိန်အတွင်းမှာ ကျမကိုကူညီခဲ့ပါတယ်” ဟု ၎င်း၏ကစားသမားဘ၀တွင် ဖခင်၏ အရေးပါမှုအား ဖွင့်ဟခဲ့သည်။
  • တရုတ်ပြည်တွင် အဆိပ်သင့် ငါးသေများ ကီလိုဂရမ် တစ်သိန်း အထိတွေ့ရှိ
    စက်တင်ဘာ- ၆ ရက်၊ ၂၀၁၃
    M-Media
    Dead fish float on the Fuhe river
    သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအရာရှိများက အနီးဝန်းကျင်ရှိ ဓာတုစက်ရုံ၏ အမိုးနီးယားဓာတ် နှင့် လေထု ညစ်ညမ်းမှုပြဿနာများကြောင့် တိရစ္ဆာန်များ သေဆုံးနေရသည်ဟု ဆိုလိုက်သည်။
    ကီလိုဂရမ် တစ်သိန်း (ပေါင်ချိန်အားဖြင့် ၂၂၀,၀၀၀)ရှိ ငါးသေများကို ဆယ်ယူခဲ့ရကြောင်း၊ ထိုငါးများသည် ဓာတုစက်ရုံတစ်ခုမှ အမိုးနီးယားဓာတ်ကြောင့် သေဆုံးခဲ့ရကြောင်း တရုတ်အာဏာပိုင်များက ဆိုသည်။ နိုင်ငံပိုင်မီဒီယာမှလည်း လေထုညစ်ညမ်းမှု ပမာဏကြီးထွားနေသည်ဟု နှိုးဆော်ပြောကြားလိုက်သည်။
    ဟူပေပြည်နယ် သဘာ၀၀န်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဌာနမှ ဖူဟယ်မြစ်အတွင်း တနင်္လာနေ့က ယင်းအဖြစ်ကို တွေ့ရှိရကြောင်း၊ ၄င်းမှာ ဒေသခံ Hubei Shuanghuan Science and Technology Stock Co မှ တာဝန်ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
    စက်ရုံထွက် အမိုးနီးယားသိပ်သည်းဆမှာ သတ်မှတ်စံညွှန်းပမာဏထက်လွန်ကဲနေသည်ဟု သုံးသပ်သော်လည်း ကုမ္ပဏီမှ မည်သည့်တုန့်ပြန်ပြောကြားမှု မှတ်ချက်မပေးခဲ့ချေ။
    ဆယ်စုနှစ်သုံးခုအတွင်း စီးပွားရေးဖွံ့ဖြိုးကြီးထွားလာသည်နှင့်အမျှ အလုပ်ရုံစက်ရုံများကို ထိန်းချုပ်ကိုင်တွယ်မှုအားနည်းခြင်း နှင့် စံချိန်စံညွှန်းသတ်မှတ်ချက်၌ပေါ့လျော့ခြင်း တို့က တရုတ်နိုင်ငံအဖို့ လေထုညစ်ညမ်းမှုပြဿနာကို ပိုမိုဆိုးဝါးလာစေသည်။ မြစ်ချောင်းများ အတွင်း တိရစ္ဆာန်သေဆုံးနေမှုများအပါအ၀င် ထူးခြားသည့်ဖြစ်ရပ်များသည် လေထု ညစ်ညမ်းမှုနှင့် လယ်သမားများ အဖို့ သားငါးအာဟာရ ရှားပါးလာခြင်းသာမက သောက်သုံးရေသန့်ရှင်းရေး အတွက်ပါ စိုးရိမ်စရာဖြစ်လာခဲ့သည်။
    ယခုနောက်ဆုံးဖြစ်ရပ်က တံငါသည် ၁၆၀၀ နေထိုင်လျက်ရှိသည့် ဟွမ်ဟွားလောင်ရွာအနီးတ၀ိုက်အား ထိခိုက်နစ်နာစေသည်ဟု ကျေးရွာကွန်မြူနစ်ပါတီအတွင်းရေးမှူး ၀မ်ဆန်ကျင်း မှ ပြောဆိုသည်။
    “ ငါးသေတွေ မြစ်တစ်ပြင်လုံးမှာ ဖုံးလွှမ်းနေတာဖြင့် ဆီးနှင်းတွေ ဖွေးဖွေးထ ကျထားတဲ့အတိုင်းပါဘဲ။ ရွာမှာ ငါးဖမ်းလှေ ၁၅၀ လောက်ရှိနေတယ်။ ဒီဖြစ်ရပ်ကြောင့် နေ့စဉ် ယွမ်ငွေ ခုနှစ်သောင်း(ပေါင်စတာလင် ငါးသောင်းကိုးထောင်) အထိ ဆုံးရှုံးနစ်နာမှု ဖြစ်သွားနိုင်ချေရှိနေပါတယ် ”။
    သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဌာနမှ လူထုအနေနှင့် ငါးသေများကို မစားကြရန် သတိပေးသော်လည်း သောက်သုံးရေ၌ ဘေးမရှိပါဟု ဆိုသည်။ ကုမ္ပဏီ၏ လုပ်ငန်းစဉ်အား ခေတ္တရပ်ဆိုင်း၍ လေထု ညစ်ညမ်းမှုပြဿနာအား ဦးစွာ စိစစ်ဆောင်ရွက်ရန် အမိန့်ထုတ်ထားသည်။
    မြစ်ကြောင်း၏ ၂၅ မိုင်အကွာအဝေးအတွင်း ကီလိုဂရမ် တစ်သိန်းဝန်းကျင်ရှိ ငါးသေများကို ရှင်းလင်းထားပြီးဖြစ်သည်ဟု နိုင်ငံပိုင် စင်ဟွာသတင်းဌာနက ပြောကြားခဲ့သည်။ သို့သော် ငါးသေများ၏အရေအတွက်ကိုမူ မပြောဆိုခဲ့ချေ။ အလွန်အင်မတန်များပြားသည့် ပမာဏဟူ၍သာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ အတည်ပြုထား၏။
    (ဓာတ်ပုံစာညွှန်း – တရုတ်ပြည်၊ ဟူပေပြည်နယ်ရှိ ဖူဟယ်မြစ်ပေါ်တွင် တွေ့ရသည့် ငါးသေများ)
    Ref:  The Guardian
  • သမိုင်းကြောင်းက ပြောသော အစ္စလာမ့် ခေတ်၏ ဆေးပညာ အဆင့်အတန်း (အပိုင်း-၁)
    စက်တင်ဘာ- ၆ ရက်၊ ၂၀၁၃
    M-Media
    ဒေါက်တာ သန့်ဇင်ထွန်း
    အာရဗ်များသည် ဆေးပညာ၌ မည်သို့ကြိုးပမ်းအားထုတ် ပါဝင်ခဲ့ကြသည်ကို  နားလည်သဘောပေါက်ရန် အာရဗ်ခေတ် မတိုင်မီက ဆေးပညာ၏ ပုံရိပ်ကိုစိတ်မှာ ပုံဖော်ကြည့်မိရန် လိုအပ်သည်။ ယေဘုယျအားဖြင့်ဆိုသော် လက်တွေ့ အသုံးချ ဆေးပညာ ကဏ္ဍ၌ အပိုင်းနှစ်ပိုင်းက ပါဝင် ပတ်သက်နေသည်။
    01
    (၁)လူအင်အား
    ကမ္ဘာပေါ်တွင် အာရဗ်တို့၏ အုပ်ချူပ်မှုအောက်(သို့) အာရဗ်တို့နှင့် ထိတွေ့မှုနောက်ကျခဲ့သော ဆေးရုံ များစွာရှိသည်။ ဥပမာ ဆီးရီးယားနိုင်ငံ၌ ဆေးပညာသည် လူနေမှုစနစ် ထွန်းကားချိန်၌ ၄င်းတို့၏ သြဇာ အာဏာသက်ရောက် မှုနှင့် အတူ များစွာ တိုးတက် ထွန်းကားလာခဲ့သည်။ ၄င်းတို့သည် စီးပွားရေးနှင့် အုပ်ချူပ်ရေးကိုပါ လွှမ်းမိုးနိုင်ခဲ့သည်။ ၅ ရာစုမှစ၍ ဂရိသည် ဆီးရီးယားနိုင်ငံ၌ သင်ကြားသည့် ဘာသာစကား တစ်ခုဖြစ်လာသည်။ ဂရိ ယဉ်ကျေးမှု ထွန်းကားသော ကာလရှိ အာရဗ်များသည် ဂရိဘာသာမှ အရဗီ ဘာသာသို့ ပြန်ဆိုပေးသော ဆီးရီးယားရှိ ပညာရှင်များထံမှ တစ်ဆင့် အသိပညာဗဟုသုတများ ရရှိခဲ့သည်သာဖြစ်သည်။
    အီဂျစ်၌ အလက်ဇန္ဒားသည် ယဉ်ကျေးမှုများ ရှိရာ နေရာ တစ်ခုဖြစ်သည်။ အာရဗ် များသည် ရှေးဦးအီဂျစ်နှင့် ဂရိတို့၏ ယဉ်ကျေးမှုတိုးတက် ထွန်းကားမှုများကို အီဂျစ် ပညာရှင်တို့ထံမှ သင်ယူရရှိခဲ့သည်။ ပါရှန်းတွင်လည်း ဂျွန်ဒီရှပါရ် ခေါ်ဆေး တက္ကသိုလ်တစ်ခုရှိရာ ဆေးပညာ များထွန်းကားခဲ့လေသည်။ ၈ရာစု အဘာဆီကလစ်ပ် က ပါရှန်းရှိ သမားတော်များအား အရဗီဘာသာသို့ ဆေးပညာ ဗဟုသုတများ ဘာသာပြန်ရန် တွန်းအားပေးခဲ့သည်။ ထိုမှတစ်ဆင့် ပါရှန်း အင်ပါယာ၏ မြို့တော်ဖြစ်သော ဘဂ္ဂဒက်မြို့၌ ဆေးရုံများ တည်ဆောက်ပြီး ဆေးကုသမှု လုပ်ငန်းများ လုပ်ကိုင်စေခဲ့သည်။ ထိုမှတဆင့် ကမ္ဘာ့ အရှေ့ပိုင်းသို့ ပြန့်နှံ့ပြီး အာရဗ်များသည် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ ဆေးပညာဆိုင်ရာ အတွေး အခေါ်များ၊ လုပ်ထုံး လုပ်နည်းများကို ရခဲ့သည်သာမက သင်္ချာပညာ၊ ဓာတုဗေဒ၊ အတွေး အခေါ်ပညာစသည့် ပညာရပ်တို့ကိုပါ ရခဲ့လေသည်။
    (၂)ဆေးရုံများ
    ဆေးရုံများသည် ယခုခေတ်အနေအထားကဲ့သို့ မဟုတ်သေးပေ။ နာမကျန်းသူများ အတွက် နေထိုင်ရာနေရာ ဖြစ်သည် မှန်သော်လည်း ဆေးရုံဆိုရာ၌ ခရစ်ယာန် ဘုန်းတော်ကြီးများ အလုပ်လုပ်ရာ ဘုရားကျောင်း(သို့) ဘုရားကျောင်း၏ အဖီများသာဖြစ်သည်။ ရောဂါကို ပျောက်ကင်းအောင် ကုသပေးနိုင်သည်မှာလည်း နတ်ဘုရားများသာဖြစ်သည်။ ဥပမာအားဖြင့် အီဂျစ်ရုပ်ထု နတ်ဘုရား တိုရာရစ် သည် ကိုယ်ဝန်ဆောင်ခြင်း၊ မီးဖွားခြင်းနှင့် ကိုယ်ဝန်ဆောင်အား ကာကွယ်ပေးသည့် နတ်ဘုရားအဖြစ် သတ်မှတ်ထားကြသည်။ ၄င်း၏ ပုံပန်းသဏ္ဍာန်မှာ ကိုယ်ဝန် ဆောင်ရေမြင်းသည် မတ်တပ်ရပ်၍ ရှေးခေတ်အီဂျစ် လျို့ဝှက်စာလွှာကို ကိုင်ဆောင် ထားသည်။ ဆိုလိုသည်မှာ ၄င်း၏ ခြေဖဝါးတစ်ဖက်သည် ကိုယ်ဝန်ဆောင်အား ကာကွယ်ပေးပြီး၊ အခြားတစ်ဖက်သည် အသက်ရှင်သန်ခြင်း အထိမ်းအမှတ်ဖြစ်သည်။  တိုရာရစ်နတ်ဘုရား၏ ပုံတူ ပုံစံငယ်ကို အဆောင်လက်ဖွဲ့အဖြစ် ထားရှိခြင်းမှာလည်း ရေပန်းစားခဲ့သည်။ ထိုခေတ်ကာလက သာသနာပိုင်မြေများ၊ ဘုရားရှိခိုးဝတ်ပြုမှုများ၊ ဂါထာရွတ်ဖတ် မန်းမှုတ်ခြင်းများနှင့် အိပ်ငွေ့ချခြင်းတို့သည် ဆေးကုသမှု၏ အစိတ်အပိုင်းများအဖြစ် ပါဝင်နေခဲ့သည်။ ဆေးရုံဆောက်ရန် နေရာ ရှာဖွေပုံမှာလည်း စိတ်ဝင်စား စရာပင်ဖြစ်သည်။ အသားစိမ်းကို နေရာမြောက်များစွာတွင် တပြိုင်နက် ချိတ်ဆွဲ ထားပြီး အနှေးဆုံးပုပ်သည့် အသားဆွဲထားရာ နေရာကို ဆေးရုံဆောက်ရန် ရွေးချယ်ကြသည်။
    အစ္စလာမစ် ဆေးရုံများ၏ ဝိသေသလက္ခဏာများ
    အစ္စလာမ့်ယဉ်ကျေးမှု တိုးတက်ထွန်းကားလာချိန်တွင် ဆေးရုံများသည် အလွန်တိုးတက်လာပြီး ထူးခြားသော ဝိသေသ လက္ခဏာများလည်း ရှိလာခဲ့သည်။
    လောကီတာဝန်များ
    ဆေးရုံများသည် လူမျိုးအသား အရောင် မခွဲခြား၊ ဆွေမျိုး မိတ်ဆွေ အင်အားကြီးသည်၊ ငယ်သည် မခွဲခြားဘဲ ဝန်ဆောင်မှုပေးခဲ့သည်။ ထိုဆေးရုံများကို ခရစ်ယာန် ဘုရားကျောင်းများ၏ လက်အောက်တွင် မထားရှိဘဲ အစိုးရကသာ အုပ်ချူပ်လုပ်ကိုင်သည်။ ထို့ပြင် ဆေးရုံ၌ အုပ်ချူပ်ညွှန်ကြားသူများမှာလည်း လူမျိုးဘာသာ မခွဲခြားတတ်သော သမားတော်ကြီးများဖြစ်ကြသည်။ ထိုဆေးရုံများတွင် ယုံကြည်ကိုးကွယ်ရာ ဘာသာပေါင်းစုံမှ သမားတော်ကြီးများသည် လူနာများ၏ ကျန်းမာရေးကိုသာ ရှေးရှုပြီးအတူ လက်တွဲကာ အလုပ် လုပ်ကိုင်ကြသည်။
    အဆောင်များ သီးသန့်ထားရှိခြင်း
    ဆေးရုံများတွင် လူနာများကို ကျား၊မ ခွဲခြားကာ သီးသန့်အဆောင်များ ထားရှိသည်။ ထို့ပြင် ရောဂါအလိုက် အထူးသဖြင့် ကူးစက်ရောဂါသည်များ ကိုလည်း သီးသန့်ထားရှိသည်။ သီးသန့်သူနာပြုများထားရှိခြင်း။ အမျိုးသမီး လူနာများအတွက် အမျိုးသမီး သူနာပြု၊ အမျိုးသားလူနာများ အတွက် အမျိုးသားသူနာပြုများကို သီးသန့်ခွဲထားသည်။
    ရေချိုးခန်းများနှင့် ရေပေးဝေမှု
    တစ်နေ့လျှင် ငါးကြိမ်ဝတ်ပြုရမည်မှာ အစ္စလာမ်၏ အရေးကြီးသော မဏ္ဍိုင်တစ်ခုဖြစ်သည်။ ကျန်းမာသူများသာမက မကျန်းမာသူများ အတွက်လည်း အစ္စလာမ်၏ မလုပ်မနေရ တာဝန်ဖြစ်သည်။ သို့သော် မကျန်းမာသူများအတွက် ဝတ်ပြုရာတွင် ပြုလုပ်ရမည့် ခန္ဓာကိုယ်လှုပ်ရှားမှုများက ၄င်း၏ ကျန်းမာရေး အခြေ အနေပေါ်မူတည်သည်။ သို့ဖြစ်ရာ မကျန်းမာသူတစ်ဦးသည် အိပ်ယာပေါ် လဲလျောင်းလျက်ပင် နမာဇ် ဝတ်ပြုနိုင်ပါက ဝတ်ပြုရမည်ဖြစ်သည်။ ထိုသို့ ဝတ်ပြု ရာ၌ မျက်နှာခေါင်းခြေလက်တို့အား တတ်နိုင်လျှင် ရေဖြင့် ဆေးကြောရမည် ဖြစ်သည်။ (တစ်နည်း- ဝုဇူပြုရမည်။) အချို့သော အခြေအနေ၌ ရေချိုးရမည် ဖြစ်သည်။ ထို့ကြောင့် ထိုဆေးရုံများတွင် ရေပေါ များစွာရရှိရန်နှင့် ရေချိုးရန်လိုအပ် သော ပစ္စည်းအစုံအလင်ကိုလည်း ထားရှိပေးသည်။သမားတော်များ တာဝန် ထမ်းဆောင်ခြင်း အရည်အချင်းပြည့်မှီသော သမားတော်များကိုသာ ဆေးကုသရန် ဥပဒေ ထုတ်ပြန်ထားသည်။ အေဒီ ၉၃၁တွင် အဘ္ဘဆီယာမင်းဆက်မှ ခလီဖာကြီး အလ်မုခ်သဒီရ်က သမားတော်ချုပ်ဖြစ်သော ဆီနန်ဘင်(န်)သာဘိဒ်အား ဘဂ္ဂဒက်ရှိ သမားတော်ချုပ်ဖြစ်သော ဆီနန်ဘင်(န်)သာဘိဒ်အား ဘဂ္ဂဒက်ရှိ သမားတော်ချုပ် ၈၆ဝဦးအား သေချာစွာ စိစစ်စေပြီး အရည်အချင်းပြည့်မှီသော သမားတော်များကို သာဆေးကုသခွင့် လိုင်စင်ထုတ်ပေးရန် လမ်းညွှန်ခဲ့သည်။ အိဗ်နေ့သာဘိဒ်ကဲ့သို့ပင် ထိုကိစ္စကို ဒမတ်စကတ်၊ မက္ကာနှင့် မဒီနာတို့တွင် ပြုလုပ်ရန် အဘူအွတ်စမာန်စအိဒ် ဘင်(န်)ယာကူဘ်အား တာဝန်ပေးအပ်ခဲ့သည်။ မက္ကာနှင့် မဒီနာတွင် ဤသို့ပြုလုပ် ရခြင်းမှာ ထောင်ပေါင်းများစွာသော ဟာဂျီများက ထိုဒေသများသို့ နှစ်စဉ်လာ ရောက်ကြရာ ထိုဟာဂျီများ ကျန်းမာရေးလုပ်ငန်းများတွင် ဝင်ရောက်အခွင့်အရေး မယူရန်နှင့် ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးကာကွယ်ရန်ဖြစ်သည်။
    ဆေးတက္ကသိုလ်များ
    ဆေးရုံများသည် ဆေးကုသရာဌာနဖြစ်သည်သာမက ဆေးကျောင်းသားများကို ပညာသင်ကြားရာ၊ ဆေးပညာ ဗဟုသုတများ ဖလှယ်ရာ၊ ဆေးပညာအဆင့် အတန်းမြှင့်တင်ရာ နေရာဌာနလည်းဖြစ်သည်။ ဆေးရုံများနှင့် တွဲဖက်၍ နောက်ဆုံး ပေါ်ဆေးကျမ်းများ ရှိသော တန်ဖိုးကြီး စာကြည့်တိုက်များ၊ အစည်းအဝေး ကျင်းပရန်နှင့် စာသင်ကြားရန် ခန်းမဆောင်များ၊ ဆေးကျောင်းသားများနှင့် အလုပ်သင် ဆရာဝန် များအတွက် အဆောင်များကိုလည်း ထားရှိသည်။
    လူနာများ၏ ဆေးမှတ်တမ်းများ စနစ်တကျထားရှိခြင်း
    သမိုင်းတွင် ပထမဦးဆုံးအဖြစ် ထိုဆေးရုံများတွင် လူနာများ၏ ဆေးမှတ်တမ်းများနှင့် ကုသမှုဆိုင်ရာများကို စနစ်တကျ မှတ်တမ်း တင်ထားခဲ့သည်။
    ဆေးဝါးဌာန
    အစ္စလာမ့်ခေတ်အခါ၌ ဆေးသိပံ္ပနှင့် ဆေးဝါးလုပ်ငန်းများ များစွာ ထွန်းကားခဲ့သည်။ အာရပ်တို့၏ ဆေးဝါးကုန်ကြမ်း များလည်းပေါကြွယ်ဝလှသည်။ ကမ္ဘာတစ်ဝှမ်းရှိ အာရပ် လက်အောက်ခံ နိုင်ငံများနှင့်လည်းကောင်း အဆက်အသွယ်ရှိ သောကြောင့် ဆေးဝါး အသစ်များနှင့် ဆေးအုပ်စု အသစ်များလည်းရရှိခဲ့သည်။ အာရပ်သင်္ဘောများသည် တရုတ်နှင့်ဖိလစ်ပိုင်နိုင်ငံများသို့ ရွက်လွှင့်ခဲ့ပြီး သင်္ဘောရှိ အစောင့်တပ်သားတို့ကလည်း အာဖရိက၊ ဥရောပနှင့် အာရှတစ်ခွင်သို့ ကူးသန်း ရောင်းဝယ်ခဲ့ကြသည်။ ဓာတုဗေဒသည် တိုးတက်သော သိပံ္ပပညာရပ် တစ်ရပ် ဖြစ် လာသည့်အတွက် ဆေးဝါးဖော်စပ်သည့် အတတ်ပညာအတွက် နည်းလမ်းများနှင့် လိုအပ်မှုများကိုလည်း ရရှိလာခဲ့သည်။
    သို့ဖြစ်ရာ အာရပ်တိုင်းပြည်များ၏ အဓိကကျသောဆေးရုံများသည် နောင်အခါဥရောပအလယ်ပိုင်းတွင် တည်ဆောက်လာသောဆေးရုံများ အတွက် စံနမူနာများဖြစ်ခဲ့သည်။ ကမ္ဘာ အရှေ့အနောက်မှ အဆင့်မြင့်ဆေးပညာ သင်ကြား ရှာဖွေကြသော ကျောင်းသားများ ပညာ သင်ကြားရာ ဆေးတက္ကသိုလ်များအသွင် အဖြစ်လည်း ရပ်တည်ခဲ့သည်။
    အစ္စလာမ်မစ်ဆေးရုံများ၏အဆင့်အတန်း
    အစ္စလာမ့်အင်ပါယာလက်အောက်တွင် ဆေးရုံများ၏ အဆင့်အတန်းသည် ရှေးယခင်က ထက်သာလွန်ပြီး ရွှေရောင်လွှမ်းခဲ့ လေသည်။ ထိုအဆင့်အတန်းမျိုးရရှိ  ခဲ့ခြင်း၏အဓိက အကြောင်းအရင်းများမှာ-
    လူနေမှုစနစ်ထွန်းကားလာခြင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ခြင်း
    ထိုခေတ်က လူတို့သည်ကြီးပွားအောင်မြင်ကြသဖြင့် သူတို့၏ကျန်းမာရေးကို ဂရုစိုက်လာနိုင်ကြပြီး အကောင်းဆုံးသောဆေး ကုသမှုကိုလည်း ခံယူလာနိုင်ကြ သည်။ အစ္စလာမ် သာသနာကလည်း ရောဂါတိုင်းအတွက် ကုသနည်းတစ်ခုစီလိုအပ် သည်ကို အောက်ပါ ဟဒီးဆ်တော်ဖြင့် မီးမောင်းထိုးပြထားသည်။
    ‘အလ္လာဟ်အရှင်မြတ်သည် ရောဂါတစ်ခုစီအတွက် ပျောက်ကင်းစေမည့် နည်းလမ်း တစ်ခုစီကိုပေးထားသည်။’ ထိုမျှမကသေး ကောင်းမွန်သောဆေးကုသမှု ပေးနိုင်ရန် လိုအပ်သော သိပ္ပံပညာရပ်တို့၏ အဆင့်အတန်းကလည်း အထွတ်အထိပ် ထိရောက်ခဲ့သည်။ ဥပမာအာရဗ်တို့သည် ဓာတုဗေဒ၊ သင်္ချာပညာ၊ အုပ်ချူပ်မှု ပညာ၊ ဆေးဝါးပညာနှင့် ဆေးပညာတို့၌ တိုးတတ်ခဲ့သည်။ ပြည့်စုံမှု မရှိသော ရောမ ကိန်းဂဏာန်းများနေရာတွင် ကိန်းဂဏာန်း စနစ်သစ်တစ်ခုကို ကမ္ဘာပေါ်တွင် တီထွင် ဖန်တီးပေးခဲ့သူမှာလည်း အာရဗ်များပင်ဖြစ်သည်။
    ထို့ပြင်ဓာတု ဓာတ်ပြုခြင်းများ ဖြစ်သော အခဲမှ အရည်-အရည်မှအခဲသို့ ကူးပြောင်း သန့်စင်ခြင်း၊ အနည်ကျခြင်း၊ အရည်စစ်ခြင်းနှင့် ပေါင်းခံခြင်းစသည့် နည်းပညာများကိုလည်း အာရဗ်များက စတင် ခဲ့သည်။
    အာရဗ်လူမျိုး ဓာတုဗေဒ အကျော်အမော်ဖြစ်သော ဂျဗားရ်အိဗ်နေ့ ဟရန်က  ဆာလဖြူရစ်အက်ဆစ်နှင့် နိုက်ထရစ် အက်ဆစ်တို့ကို ရှာဖွေတွေ့ရှိခဲ့သူဖြစ်သည်။  ဝက်ဘ်စတား အဘိဓာန် အရ သကြား (Sugar) ၊အရက် (Alcohol)၊အယ်ကာလီ (Alkali) အချိုရည်(syrup)၊ကော်ဖီ(coffee)၊ ဝါဂွမ်း(cotton) စသည်တို့သည် အရဗီ စကားလုံးများဖြစ်ကြသည်။ ကျော်ကြားသော စာအုပ် တစ်အုပ် ဖြစ်သည့် ‘ဆေးပညာသမိုင်း’ စာအုပ်ကိုရေးသားခဲ့သူ အိခ်ျဂရိစွန် က ‘မွတ်စလင်များသည် အက္ခရာသင်္ချာ၊ ဓာတုဗေဒပညာနှင့် ပထဝီပညာတို့ကိုစတင် ဖော်ထုတ်ခဲ့သူများသာမက လူနေမှုစနစ်ထွန်းကားလာခြင်း ကို ထပ်မံတိုးတက်အောင် (သို့) အမှားကင်းစင်အောင် ပြုလုပ်သည့် အရာများ ဖြစ်သော လမ်းမီးများ၊ ပြတင်းပေါက်မှန်များ၊ အချက်ပြမီးများ၊ ကြိုးတပ် တူရိယာများ၊ စိုက်ပျိုးသီးနှံများ၊ ရေမွှေး အမျိုးမျိုး၊ ဟင်းခတ် အမွှေးအကြိုင် အမျိုးမျိုးတို့ကို လည်း တီထွင်နိုင်ခဲ့သည်။
    Dr.သန့်ဇင်ထွန်း
    ===================
    Muslims' contributions to the sciences and art
    အထက်တွင်ဖော်ပြထားသော ဆောင်းပါးပါ အချက်အလက်များမှာ “သိပ္ပံ-ဝိဇ္ဖာနယ်ပယ်တွင် မွတ်စလင်(မ်) တို့၏ကြိုးပမ်းဆောင်ရွက်များ” စာအုပ်မှဖြစ်ပါသည်။
    အဆိုပါ စာအုပ်တွင် သမိုင်းတစ်လျှောက် မွတ်စလင်(မ်)တို့၏ ကြိုးပမ်း ဆောင်ရွက်ချက်များကို ဘာသာရပ်အလိုက်တင်ပြပေးထားသည်။ ဘာသာရပ်အလိုက်စွမ်းစွမ်း တမံ ဆောင်ရွက်ခဲ့သော ပညာရှင်များကိုလည်း တစ်ဦးချင်းအလိုက် တင်ပြပေးထားသည်။
    အစ္စလာမ်နှင့် Civilization၊ သိပ္ပံပညာရပ်များကို ကျမ်းမြတ်ကုရ်အာန်က တင်ပြထားပုံ၊ အစ္စလာမ်တွင်ပညာ၏ အရေးပါမှု၊ ဘာသာရေးပညာနှင့် ခေတ်ပညာ Golden Age နှင့် Dark Age ကျမ်းမြတ်ကုရ်အာန် အပေါ်ခေတ်သစ်သိပ္ပံ ပညာရှင်များ၏ မှတ်ချက်များ စသည့်အကြောင်းအရာများကို ကာလာဓာတ်ပုံများဖြင့် တင်ပြထားပါသည်။
    စာအုပ်ရေးသားပြုစုသူမှာ ဒေါက်တာသန့်ဇင်ထွန်းဖြစ်ပြီး ပင်ရင်း သန့်ဇင်ထွန်း ပုံနှိပ်တိုက်/ရွက်စုံစာပေ (၁၈၅၊၃၈လမ်း) နှင့် အမြို့မြို့အနယ်နယ်ရှိ စာပေတိုက်များတွင် ၀ယ်ယူရရှိနိုင်ပါသည်။
  • Sagaing:ထန်းကုန်း မှ အဓမ္မပြုကျင့်ရန် ကြံစည်ဟု စွပ်စွဲခံရသူကို ထောင် ၇ ခုနှစ်ချခံရ တရားမျှတမှုအတွက် မေးခွန်းထုတ်စရာဖြစ်နေ
    စက်တင်ဘာ ၆၊ ၂၀၁၃
    M-Media
    ထွန်းတောက်
    1239478_10152727562997588_1641565395_n
    မီးလောင်ပြင်မှ မွတ်စလင်မ် သားအမိ ၂ ယောက် Photo-AP
    ကန့်ဘလူ ။              ။           စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းရွာတွင် သြဂုတ်လအတွင်းကဖြစ်ပွားခဲ့သော အကြမ်းဖက်မှုစတင်ဖြစ်ပေါ်လာစေသည့် အကြောင်းကိစ္စဖြစ်သည့် မိန်းကလေးတစ်ဦးအား အဓမ္မပြုကျင့်သည့် တရားခံအဖြစ် သတ်မှတ်ခံရသူအား ကန့်ဘလူမြို့နယ် တရားရုံးမှ ထောင်ဒဏ် ၇-နှစ်ကျခံစေရန် စက်တင်ဘာ ၄-ရက်နေ့က အမိန့်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
    ဆန်းမင်းဦးအား ကန့်ဘလူမြို့နယ် တရားရုံးမှ ပုဒ်မ ၃၇၆ ဖြင့် ထောင်ဒဏ် ၅-နှစ်နှင့် ပုဒ်မ ၅၁၁ ဖြင့် ထောင်ဒဏ် ၂-နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၇-နှစ်ကို သီးခြား ကျခံစေရန် စက်တင်ဘာ ၄-ရက်နေ့က အမိန့်ချမှတ်ပြီးနောက် မန္တလေးမြို့ အိုးဘို အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်းသိရသည်။
    ဆန်းမင်းဦးသည် အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်သည်ဟု သတင်းများ ထွက်ပေါ်ပြီးနောက် မကျေနပ်သော လူအုပ်ကြီးမှ ထန်းကုန်းမြို့တွင် အကြမ်းဖက်မှုများ စတင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အကြမ်းဖက်ခံရခြင်း၏ တရားခံအဖြစ် သတ်မှတ်ခံရသူ ဆန်းမင်းဦးသည်  အသက် ၁၆-နှစ်သာ ရှိသေးသည်ဟု မွေးစာရင်းအရသိရပြီး ဥာဏ်ရည်မပြည့်ဝသူတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။ ဆန်းမင်းဦးအား ပြစ်ဒဏ်ချမှတ်ပြီးနောက် လူငယ်ပြုပြင်ရေးသင်တန်းကျောင်းသို့ ပို့ဆောင်ရန် စီစဉ်ခဲ့သော်လည်း အသက် ၁၆- နှစ်ကျော်လွန်နေသည်ဟုဆိုကာ အိုးဘို အကျဉ်းထောင်သို့သာ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
    “မိန်းကလေးတစ်ယောက်ကို လက်ဆွဲတယ်ဆိုတာ ကာအိနြေ္ဒပျက်အောင်လုပ်တာ။ ကာအိနြေ္ဒပျက်အောင်လုပ်တဲ့အမှုက အမြင့်ဆုံးအပြစ်ဒဏ်အနေနဲ့ ၂-နှစ်နဲ့ ငွေဒဏ်ချလို့ ရတယ်။ ငွေဒဏ်က အင်္ဂလိပ်ခေတ်က ငွေနဲ့ဆို ၅၀-၁၀၀ သတ်မှတ်လို့ရတယ်။ ပုဒ်မ ၃၇၆ rape  case က အမြင့်ဆုံးပြစ်ဒဏ် ၇-နှစ် ချလို့ရတယ်။ ဒါပေမယ့် ပုံမှန်ချတာက ၅-နှစ်ခွဲ ၆-နှစ် ချတယ်။ ပုဒ်မ ၅၁၁ က rape case ဖြစ်အောင် အားထုတ်တာ။ ဒီပုဒ်မက တကယ် အမှုမြောက်ခဲ့ရင် ပြစ်ဒဏ် ခေါက်ချိုးချတာ။ ခေါက်ချိုး ချတယ်ဆိုတာ ဥပမာ ၇-နှစ် ပြစ်ဒဏ်ချလိုက်တယ်ဆိုရင် ၃-နှစ်ခွဲချတာ။
    အခု ပုဒ်မ ၃၇၆ ရယ် ၅၁၁ ရယ်  ပုဒ်မ နှစ်ခုတွဲပြီးချတယ်ဆိုတာ မဟုတ်သေးဘူးဗျ။ တစ်မျိုးဖြစ်နေတယ်။ အဲဒီ ပုဒ်မ နှစ်ခု တွဲထားပြီဆိုရင် အလွန်ဆုံးချလို့ရတာ ၃-နှစ်ခွဲပဲ ချလို့ရမယ်။ ဘာလို့လဲဆိုတော့ ပုဒ်မ ၅၁၁ ပါနေတဲ့အတွက်။ ၅၁၁ က ပြစ်ဒဏ်ရဲ့ ထက်ဝက်ပဲ ချလို့ရတာ။ ၅၁၁ ပါလာရင် သူက ပြစ်မှုတစ်ခုကို ကျူးလွန်ဖို့ အားထုတ်တာ။ ဒါပေမယ့် ပြစ်မှုတော့ မမြောက်ဘူး။ အဲဒါဆိုရင် ၅၁၁ သုံးတယ်။ တကယ်လို့ ကျူးလွန်မှုမြောက် သွားရင် ၃၇၆ သီးသန့် သွားရမယ်။ ဒီတော့ ပုဒ်မ ၃၇၆ နဲ့ ၅၁၁ ကို တွဲပြီး ပြစ်ဒဏ်ချထားတာ  လုံးဝ ပုံစံမကျဘူး။ မှားနေတယ်။ တခါတလေ တရားရုံးက သူတို့လုပ်ချင်တာလုပ်တယ်။ ကိုယ့်ဘက်က တရားမျှတမှုအတွက် ပြန်လိုက်ရမယ်။
    တစ်ခုရှိတာက တစ်ကျွန်းထိုက်တဲ့အမှုဆို ၅၁၁ ကို ချတတ်တယ်။ ဒါပေမယ့် အခု ၃၇၆ နဲ့ ၅၁၁ ကိုတွဲပြီး ၃၇၆ က ၅-နှစ်၊ ၅၁၁ က ၂-နှစ်ဆိုတာ လုံးဝ အဓိပ္ပါယ် မရှိဘူး။ ဒီအမှုကို ရှေ့နေနဲ့ သေချာ လိုက်ဖို့လိုတယ်။”လို့ ရန်ကုန်မြို့ရှိ တရားရုံးရှေ့နေတစ်ဦးမှ M-Media ကို  ပြောပြခဲ့ပါတယ်။
    ထန်းကုန်းမှ အဆိုပါဖြစ်စဉ်ကို ဘီဘီစီရဲ့ သတင်းမှာ ဖော်ပြထားတာက “ဖက်ဖို့ကြိုးစားသည်” ဟု သက်ဆိုင်ရာမြို့နယ် ရဲစခန်းက ဖြေကြားကြောင်းပါရှိသည်။
    ဤဖြစ်စဉ်ကို အကြောင်းပြုပြီး မွတ်စလင် ဆန်ကျင့်ရေး အဓိကရုဏ်း ဖန်တီးသူများ က  ထန်းကုန်းကျေးရွာရှိ မွတ်စလင်မ် နေအိမ်များကို  ဩဂုတ် ၂၄ ရက်က အကြမ်းဖက် မီးရှို့ ဖျက်ဆီးခဲ့ကြသည်။ ဖျက်ဆီးမှုကြောင် ထန်းကုန်ကျေးရွာတွင် နေအိမ် ၅၁ လုံး၊ ဆိုင်ခန်း ၁၃ ခန်း၊ ကြက်ခြံ ၂ ခြံ၊ ဆန်စက် ၁ လုံး၊ အိမ်ထောင်စု ၄၈ စုမှ လူဦးရေ (၂၆၇) ဦး အကြမ်းဖက်ခံ ဘဝသို့ကြရောက်ပြီး အိုးအိမ် စည်းစိမ်များ ပျက်ဆီးဆုံးရှုံးခဲ့ရသည်။
    အဆိုပါဖြစ်စဉ်ကို ရဲတပ်ဖွဲ့ ပြစ်မှုကျူးလွန်သည်ဟု ယူဆရသူ (၁၁) ဦးကို ဖမ်းဆီးထားပြီး အရေးယူ အမိန်ချမှတ်မှုကို တစုံတရာ သတင်းထုတ်ပြန်မှု မရှိသေးပေ။
    ၂၀၁၂-ခုနောက်ပိုင်းဖြစ်ပွားခဲ့သော ဘာသာတစ်ခုမှ အခြားဘာသာတစ်ခုသို့ အကြမ်းဖက်မှုများတွင် စတင်အကြောင်းရင်းခံတစ်ခုအဖြစ် အဓမ္မပြုကျင့်သည်ဟုသည် ဆိုသည်ကို အဓိကပစ်မှတ်ထားလုပ်ဆောင်လာကြပြီး၊ အခြားအကြောင်းပြချက် အကြောင်းရင်းခံများ၏ တရားခံဟု သတ်မှတ်ခံရသူ အများစုမှာ စိတ်မနှံ့သူများ ဖြစ်နေသည်ကို တွေ့ရှိ ရသောကြောင့် အကြမ်းဖက်လိုသူများမှ စိတ်မနှံ့သူများအား သွေးထိုး လှုံ့ဆော်ပေးပြီး လုပ်ဆောင်နေကြသည်လားဟု သံသယဖြစ်ဖွယ် သုံးသပ်တွေ့ရှိလာရပါတယ်။
    Ref: The Voice,BBC
  • ဖုန်း၊အီးမေးလ်၊ဓာတ်ပုံ အသုံးပြုနိုင်တဲ့ စမတ် လက်ပတ်နာရီ တစ်မျိုးကို မိတ်ဆက်လိုက်သည့် ဆမ်ဆောင်း
    စက်တင်ဘာ ၆၊ ၂၀၁၃
    M-Media
    zdnet-cnet-samsung-galaxy-gear-smartwatch-2-600x450
    “စိတ်ကူးယဉ်သိပ္ပံမှအလွန်” ဟု ဆောင်ပုဒ်ဖြင့် Galaxy Gear အမည်ရှိ စမတ်နာရီ မိတ်ဆက်ပွဲကို ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ပြုလုပ်ခဲ့သည်။
    အဆိုပါနာရီတွင် စပီကာ၊ မိုက်ကရိုဖုန်းများပါဝင်ပြီး လက်ကိုင်ဖုန်းမလိုပဲ နာရီဖြင့် ဖုန်းအခေါ်ပြောပြု လုပ်နိုင်မည်ဖြစ်သည်။ အမေရိကန် ဆမ်ဆောင်း သုသေသနစင်တာ၏ အကြီးအကဲဖြစ်သူ ပါနေ့ဗ်မစ်ထရီက ဘာလင် အီလက်ထရောနစ် ပြပွဲတွင် အဆိုပါနာရီအား မိတ်ဆက် ပြသခဲ့ခြင်းဖြစ်သည်။
    “ဒါဟာ ဆမ်ဆောင်းက ကျနော်တို့အားလုံးအတွက် စိတ်လှုပ်ရှားစရာ အချိန်တွေပါပဲ။ မယုံကြည်နိုင်လောက်တဲ့ အရာကို ကျနော်တို့ ဖန်တီးခဲ့ပါတယ်။ ခင်ဗျားရဲ့ဖုန်းကို ခင်ဗျားယူသွားစရာ မလိုတော့ပါဘူး။ Galaxy Gear ဟာ ဒစ်ဂျစ်တယ် ကမ္ဘာကို ခင်ဗျားဆီ ယူဆောင်လာပါပြီ။ ဘယ်နေရာကမဆိုခင်ဗျား ကြည့်ရှုခံစားနိုင်ပါပြီ”လို့ သူက ပြောကြားခဲ့သည်။
    ၎င်းအပြင် မစ်ထရီက မျက်နှာပြင်တစ်ခုတည်းရှိ သမရိုးကျ လက်ပတ်နာရီများမှာ စမတ်နာရီထုတ်လုပ်ရန်အတွက် ဆမ်ဆောင်းအား လှုံ့ဆော်ခဲ့သည်ဟု ပြောဆိုခဲ့သည်။
    “အဲဒီနာရီဟာ စတီးနဲ့လုပ်ထားပြီး အလေးချိန်ပေါ့ပါး ပါတယ်။ လက်ပတ်ကြိုးကတော့ နောက်ဆယ်စုနှစ်တစ်ခုမှာ ရှိလာမယ့် နည်းပညာတွေနဲ့ ဖန်တီးထားတာပါ” ဟု သူက ထပ်လောင်း ပြောကြားခဲ့သည်။
    အဆိုပါနာရီအား အရောင်ခြောက်မျိုးဖြင့် ထုတ်လုပ်ထားပြီး တစ်နေကုန် သက်တောင့် သက်သာဖြင့် ၀တ်ဆင်နိုင်သည် ဟုပြောကြားခဲ့သည်။ Touch Screen ဖြစ်ပြီး ဆော့ဖ်ဝဲများ၊ ဆက်သွယ်ရန်လိပ်စာများ၊ ကင်မရာနှင့် အီးမေးလ်များ အသုံးပြုနိုင်မည်ဖြစ်သည်။ ဖုန်းခေါ်ဆိုမှုများ၊ သတိပေးမှုများ၊ အီးမေးလ်များကဲ့သို့ နာရီအတွင်းသို့ ၀င်ရောက်လာသော မက်ဆေ့ခ်ျများကို မျက်နှာပြင်တွင်တွေ့မြင်နိုင်မည်ဖြစ်ကာ လွယ်ကူစွာ စီမံခန့်ခွဲနိုင်မည် ဖြစ်သည်။
    “ခင်ဗျားရဲ့ဖုန်းကိုထုတ်ဖို့၊ ဒါမှမဟုတ် ဘလူးတု နားကြပ် အသုံးပြုပြီး ဖုန်းပြောဖို့မလိုအပ်တော့ပါဘူး” ဟု မစ်ထရီက ပြောကြားခဲ့သည်။
    အဆိုပါ ဆမ်ဆောင်း Galaxy Gear လက်ပတ်နာရီကို ဆမ်ဆောင်း Galaxy Note 3 နှင့်အတူ စက်တင်ဘာ ၂၅ ရက်နေ့တွင်နိုင်ငံပေါင်း ၁၄၀ တွင် စတင်ဖြန့်ချီမည်ဖြစ်သည်။ Galaxy Gear မှာ ဆိုနီမှ ဇွန်လအတွင်းက ထုတ်ဝေခဲ့သည့် Smart Watch 2 ဖြင့်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
    Ref : sky