News @ M-Media

Author: M-Media

  • မန္တလေးပဋိပက္ခကို နောက်ကွယ်က ကြိုးကိုင်သူများက မီးထိုးပေးခဲ့ဟုဆို

    မန္တလေးပဋိပက္ခကို နောက်ကွယ်က ကြိုးကိုင်သူများက မီးထိုးပေးခဲ့ဟုဆို

    မတ် ၂၃ ၊ ၂၀၁၅
    မဇ္ဈိမမှ ကူးယူဖော်ပြသည်။
    Violence-in-Mandalay
    “မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် အကြမ်းဖက်မှုများနောက်ကွယ်က ကြိုးကိုင်လက်များ၊ မန္တလေးအဓိကရုဏ်း” အစီရင်ခံစာကို Justice Trust ဆိုသည့် အင်န်ဂျီအိုအဖွဲ့က ထုတ်ပြန်သည်။ မွတ်စလင်ဆန့်ကျင်သည့် အဓိကရုဏ်းကို အယောင်ဆောင်လူအုပ်စု အကြမ်းဖက်မှုအောက်တွင် လက်နက်များဖြင့် လူများက ကျုးလွနခဲ့ကြသည်။

    အဆိုပါ အင်န်ဂျီအိုက မတ် ၂၃ရက်တွင် ဘန်ကောက်မြို့၌ အစီရင်ခံစာထုတ်ပြန်မှုကို သတင်းစာရှင်းလင်းခဲ့သည်။

    “အစီရင်ခံစာမှာ မြန်မာနိုင်ငံက လူတွေက ကြာရှည်မြင့်သိကြတယ်။ အာဏာလက်ဆုပ်ကိုင်နိုင်ရန် ဗုဒ္ဓဘာသာနဲ့ မွတ်စလင်တွေကြားက ဘာသာရေးအမုန်းတရားကို နောက်ကွယ်က ကြိုးကိုင်ခြယ်လှယ်ခဲ့ကြတာပဲ။”ဟု အင်န်ဂျီအိုအဖွဲ့တွင်ပါဝင်သည့် မန္တလေးမှ ရှေ့နေ တစ်ဦးဖြစ်သူ ဦးသိန်းသန်းဦးက ပြောသည်။ “ကျွန်တော်တို့တွေ ဒီလိုလုပ်ရပ်မျိုးတွေကို အရင်က ကြုံခဲ့ဖူးတာပဲ။ အရပ်ဝတ်စွမ်းအားရှင်ခေါ်တဲ့အဖွဲ့တွေက နိုင်ငံရေးအကြမ်းဖက်မှုတွေမှာ ယူနီဖောင်းဝတ်စစ်သားတွေထက်ပိုပြီး သုံးနေကြတယ်။ တိုင်းပြည်မှာ အမှန်လိုအပ်နေတဲ့ အရှိတရားတွေကို ပြည်သူတွေအာရုံလွဲနေစေဖို့အတွက် ဓားစာခံလူနည်းစုတွေကို စတေးနေတာပဲ ဖြစ်တယ်။”ဟု ၎င်းကပြောသည်။

    ဒေသတွင်းနှင့် နိုင်ငံတကာမှ ရှေ့နေရှေ့ရပ်များဖြင့် ခြောက်လအချိန်ယူကာ သုတေသနလုပ်ခဲ့သည့် ယင်းအစီရင်ခံစာတွင် နိုင်ငံအတွင်းနောက်ဆုံးဖြစ်ပွားခဲ့သည့် လူမျိုးရေးတိုက်ခိုက်မှုဖြစ်သည့် ၂၀၁၄ခုနှစ် ဇူလိုင်လက မန္တလေးကို ခြောက်ခြားသွားစေသည့် အဓိကရုဏ်းများကို အကဲဖြတ်ဆန်းစစ်ထားသည်။ အဆိုပါအဖြစ်အပျက်သည် ယခင်စစ်အစိုးရလက်အောက် လုပ်ဆောင်ခဲ့သည့် လူမှုရေးပဋိပက္ခနှင့် အလားသဏ္ဍန်တူသောနောက်ဆက်တွဲဖြစ်စဉ်လည်းဖြစ်သည်။

    မန္တလေးအဓိကရုဏ်းသည်လည်း ယခင်ဖြစ်စဉ်များနှင့် မနီးယိုးစွပ်တူညီသည်။ ဖေ့ဘုတ်ပေါ်ကတစ်ဆင့် လိမ်လည်တိုင်ကြားသည့် မုဒိမ်းမှုဖြစ်စဉ်ကစတင်ကာ မီးစပွားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ယခင်အဓိကရုဏ်များနှင့် ခြားနားသွားခဲ့သည်က ဒေါသထွက်နေသည့်လူအုပ်ကြီးက ထိန်းမနိုင်သိမ်းမရအောင် ဆူပူနေသော်လည်း မန္တလေးမြို့ခံပြည်သူများက ပါဝင်ခြင်းမရှိဘဲ အကောင်းဆုံးတုံ့ပြန်လိုက်နိုင်ခြင်းဖြစ်သည်။ အမှန်အားဖြင့် ဒေသခံဘုန်ကြီးများ၊ တက်ကြွလှုပ်ရှားသူများနှင့် ဂျာနယ်လစ်များ ရောက်ရှိလာပြီး အခြေအနေကို ထိန်းသိမ်းနိုင်ရန် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ ပြင်ပမှ သွေးထိုးလှုံ့ဆော်သူများ၏ လုပ်ရပ်ကို ပြည်သူတို့က သိရှိပြီး အပျက်အစီးနည်းခဲ့ခြင်းဖြစ်သည်။

    “မန္တလေးဖြစ်စဉ်ကနေ မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေဟာ နိုင်ငံရေးဗျူဟာကစားပြီး ဖန်တီးခံရတယ်ဆိုတာ သေချာရှင်းလင်းသွားစေတယ်။ ဒေသခံတွေရဲ့ နိုင်ငံရေးအရသွေးထိုးမှုကို အကောင်းဆုံး တုံ့ပြန်ပြလိုက်တာပဲဖြစ်တယ်။”ဟု အစီရင်ခံစာတွင်ဖော်ပြသည်။

    မန္တလေးအကြမ်းဖက်မှုကို ဆိုင်ကယ်စီးလူတစ်စုက မွတ်စလင်အိမ်နီးချင်းများကို ဒေါသဆွပေး၍ နှစ်ညတိုင်တိုင် သွေးထိုးလှုံ့ဆော်ခဲ့ကြောင်း မျက်မြင်များက ပြောသည်။ ထို့ပြင်မန္တလေးပဋိပက္ခတွင် အကြမ်းဖက်နှိမ်နင်းရေး ရဲတပ်ဖွဲ့ကလည်း ဒေါသထွက်နေသည့် လူအုပ်ကြီးနောက်တွင်ပင် ရှိနေကာ ဆူပူအကြမ်းဖက်မှုများအတွက် အရေးယူသည့် လုပ်ဆောင်မှုကို ပြုလုပ်ခြင်းမရှိကြောင်းလည်း တွေ့ရသည်ဟု အစီရင်ခံစာက ဆိုသည်။

    http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/41830-2015-03-23-14-05-48

  • မန္တလေး ပဋိပက္ခနှင့် ရလဒ် သုည၊ အနာဂတ် သုည

    မန္တလေး ပဋိပက္ခနှင့် ရလဒ် သုည၊ အနာဂတ် သုည

    Two-Motorcycle
    မန္တလေး ပဋိပက္ခကာလအတွင်းက တုတ်၊ ဓားများ ကိုင်ဆောင်ထားသူ ၂ ဦး (ဓာတ်ပုံ – ဧရာဝတီ)

    ဆောင်းပါးရှင် – ငြိမ်းချမ်းအေး

    ၂၀၁၄ ခုနှစ် ဇွန်လ မန္တလေး ဘာသာရေးပဋိပက္ခ နောက်ဆက်တွဲ အရေးယူမှုအဖြစ် သားမယားပြုကျင့်မှု လီဆယ်တိုင်တန်းသူ အပါအဝင် လှုံ့ဆော်သူ စွပ်စွဲခံ ၅ ဦးကို ထောင်ဒဏ်နှစ်ရှည်ချမှတ်ခဲ့ပါတယ်။  ဒါပေမယ့် တိုင်းပြည်ရဲ့ အနာဂတ် သုခချမ်းသာရာအတွက် ဝေဖန်ပိုင်းခြား အဖြေရှာရမယ့် မေးခွန်းတွေက တပုံကြီး ကျန်နေသေးပါတယ်။  လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ အတွက် ရင်းမြစ်တရားခံတွေ၊ နောက်ကွယ်က ကြိုးကိုင် မြှောက်ပင့်ပေးသူတွေ၊ မီးလောင်ရာ လေပင့်စေသူတွေ၊ ဘာသာရေး အဓိကရုဏ်းအတွင်း သေဆုံးခဲ့သူရဲ့ အလောင်းကို မြို့ပတ်စေပြီး သွေးထိုးခဲ့သူတွေ စတဲ့ တခြား သွေးစွန်းတဲ့ လက်တွေအားလုံး စုံလင်ထိုက်သင့်တဲ့ အရေးယူမှုတွေ ပြုလုပ်နိုင်ခဲ့ပါပြီလား။  နောင် ဒါမျိုး အဖြစ်ဆိုးတွေ မဖြစ်ပေါ်နိုင်အောင်ကော ကြိုတင်ကာကွယ် စီစဉ်မှုတွေ အခြေခံကျကျ ပြင်ဆင် ပြုပြင်နိုင်ခဲ့ပါပြီလား။

    ၂၀၁၃ ခုနှစ် မတ်လ မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်၊ မီးရှို့၊ သတ်ဖြတ်ခဲ့မှု ဆိုရင် ၂ နှစ် ရှိခဲ့ပါပြီ။ တရားမျှတမှုတွေ အပြည့်အဝ အလုံးစုံ ဖော်ဆောင်ပြီးပါပြီလား။

    လူ့အဖွဲ့အစည်းမှာကော အမုန်းတရားတွေ လျော့ပါးသွားပါပြီလား။  နိုင်ငံရေးပယောဂ၊ အာရုံလွှဲမှုဆိုတဲ့ လက်ငင်း အကြောင်းကိုပဲ ဇောင်းပေး အကြောင်းပြ ဓာတ်ပြားဟောင်းဖွင့် ဆိုချင်နေကြတုန်းပဲလား။  တခါလာလည်း အစိုးရနဲ့လူထု နိုင်ငံရေးပါတီတွေ၊ လူမှုရေးအဖွဲ့တွေ အပြန်အလှန် နောက်ကွယ်က လက်မည်းကြီး မှန်းဆ စွပ်စွဲ သုံးသပ်ကြတဲ့ ခေတ်ကုန်ပါပြီလား။  အကောင်အထည် တကယ် လက်မည်းကြီး ရှိရင်လည်း နောင် ဝင်မစွက်၊ ကြိုးမဆွဲနိုင်အောင် လက်ထိပ်ခတ်နိုင်ခဲ့ပါပြီလား။  တခုခုဖြစ်လိုက်ရင် ဘာအလုပ်မှ မဖြစ်တဲ့ စုံစမ်းရေး ကော်မရှင်တွေ ဖွဲ့လိုက်၊ စိုးရိမ်ကြောင်း ဟန်ပြစကားတွေ ထုတ်ဆိုလိုက် အခြေအနေကရော ပြောင်းလဲပြီလား။

    ဒီ ရန်ပွဲ၊ ပဋိပက္ခ၊ အငြိုး၊ အမုန်းတွေရဲ့ ဆန့်ကျင်ဘက်အဖြစ် တဖက်မှာ ပြည်ထောင်စုအတွင်းက နိုင်ငံသား လူမျိုး၊ ဘာသာစုံ ဥမကွဲ သိုက်မပျက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ဖို့ သမမျှတတဲ့ ရာသီဥတု အာမခံရာ စနစ်အဖွဲ့အစည်း၊ အစီအမံ၊ အခြေခံ ဥပဒေတွေ၊ လူ့အခွင့်အရေး ပညာပေး လှုပ်ရှားမှုတွေ ဖော်ဆောင်ဖို့ရာရော ဘယ်အခြေအနေများ ရောက်နေ၊ ဘယ်လောက်တောင် တိုးတက်နေပါပြီလဲ။  အမုန်းတရားတွေကို တန်ပြန်ဖို့ရာ ချစ်ကြည်ရေးတရား ပြန့်ပွားမှုတွေ ဘယ်လောက် ထိရောက် လုပ်ဆောင်နိုင်ခဲ့ပါပြီလဲ။

    လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေးအဖွဲ့အသီးသီးက ဘာသာပေါင်းစုံ ချစ်ကြည်၊ ငြိမ်းချမ်းရေး ဖော်ဆောင်နေသူတွေ ကြယ်ငါးပွင့်ဟိုတယ်တွေက ဆွေးနွေးပွဲတွေမှာ သတင်းဖြစ် ပွဲတက်ခံ၊ ဓာတ်ပုံတွဲရိုက်ခံ၊ ခေါင်းဆောင်တွေချည်း  ကြည်စေ၊ အေးစေ၊ ငြိမ်းစေ လုပ်နေကြတဲ့ အဆင့်ကရော တက်ခဲ့ပြီလား။  ဘယ်လောက်အထိ တိုးတက်အောင်မြင် လူအများကြားကို ငြိမ်းချမ်းရေးတရားတွေ ပြန့်နှံ့ စိမ့်ဝင်သက်ရောက်နိုင်ပြီလဲ။ လူမျိုးမတူ၊ ဘာသာကွဲရုံနဲ့ လူသားအချင်းချင်း အမြင်မကြည်လင်မှု၊ သံသယထားမှုတွေ အခု လျော့ပါးခဲ့ပြီလား။ အမုန်းပင်စည် အမြစ်တွယ်မှုတွေကို ဘယ်လောက် လှန်ထုတ် သင်းကွပ် နိုင်ပါပြီလဲ။

    ရုပ်ရှင်၊ သဘင်၊ ဂီတ၊ စာပေ၊ ကာတွန်း၊ ပညာရေးစနစ် စတဲ့ လူထုကြားခံတွေက လူမျိုးမတူချင်း၊ ဘာသာမတူချင်း အမြင်မကြည်လင် မနှစ်မြို့ အယ်လာဂျစ်ဖြစ်တတ်တဲ့၊ တဖက်သတ် ကောက်ချက်ဆွဲတတ်တဲ့၊ ပုံသေကားချပ်ချ ပုံဖော်တတ်တဲ့ အမုန်းပွားရေး ‘ကြောင်ချေး’ တွေရော အခု ကုန်စင် ရှင်းလင်းပြီးပါပြီလား။

    လိုရာဆွဲတွေး ပုံဖော် လူမျိုးရေး၊ ဘာသာရေး သွေးထိုးတတ်တဲ့ အကျင့်တွေ ဖျောက်နိုင်ခဲ့ကြပြီလား။ အသံဝဲဝဲနဲ့ မြန်မာစကားသံကို နားထောင်၊ အသားအရောင်ကို ကြည့် နိုင်ငံသား သတ်မှတ်လိုတဲ့ သဘောထား အမြင်တွေ ရေပန်းမစား ခေတ်ကုန်သွားခဲ့ပါပြီလား။

    ဘာသာ၊ လူမျိုးစုံ မှီတင်းနေထိုင်နေတဲ့ တိုင်းပြည်မှာ လူမျိုစုစုံ ချစ်ကြည်ရေး တိုးပွားစေတဲ့ သင်ရိုးညွန်းတမ်းတွေ ပညာရေးစနစ်မှာ ထည့်သွင်း ပြဌာန်းနိုင်ပြီလား။ မြန်မာပြည်မှာ တလူမျိုး၊ တဘာသာ ဗဟိုပြု “Ethnocentric” ပြုကာ မျိုးမြင့်စိတ်နေ ထောင်လွှား  ပုံဖော်တဲ့ ပညာရေးစနစ်၊ အနုသုခုမ ပုံစံတွေ အခု လျှော့ချပစ်နိုင်ခဲ့ပြီလား။  ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ ပြည်ထောင်စုစစ်စစ် တည်ဆောက်ဖို့ လမ်းစမှန်ပေါ် ရောက်နေပြီလား။

    အထက်မှာ ဆိုခဲ့သမျှ မေးခွန်းများ အားလုံးအတွက် အဖြေက ‘သုည’ ပါ။  ပင်မရေသောက်မြစ် နိုင်ငံရေး သဘောထား စနစ် မပြောင်းလဲမှုနဲ့အတူ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာ ကဏ္ဍစုံ ဒုံရင်းထက် ပိုဆိုးနေကာ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား ပြဿနာစုံ တိုးပွားနေသလို လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေလည်း တိုးပွားမြဲ တိုးပွားနေခြင်းကြောင့် အဖြေက ဘဲဥမကွဲရတာပါ။  ဒါကြောင့်လည်း လက်ရှိအစိုးရရဲ့ နောက်ဆုံးနှစ် ၂၀၁၅ အရောက်မှာ တိုင်းပြည်ရဲ့ အထွေထွေ ပြုပြင်ပြောင်းလဲမှုနဲ့ ဒီမိုကရေစီတည်ဆောင်မှုက ရပ်တန့်ရုံမက၊ နောက်ပြန် ကျဆုံးနေတယ်လို့ နိုင်ငံတကာက သုံးသပ်နေကြတာပါ။

    အကျိုးစီးပွား၊ အာဏာ၊ လုပ်ပိုင်ခွင့် ရေရှည်တည်တံ့ရေး မျှော်ကိုး နိုင်ငံရေးစနစ်ကို ဟန်ပြ ပြောင်းပြနေခြင်းကြောင့် လူဆိုး၊ မူဆိုးတွေ ရှင်သန် အမြစ်တွယ်မှုက မပျက်ပါ။  လူမျိုး၊ ဘာသာ ဆက်စပ် ပြဿနာ အတွက်လည်း အခြေခံ ပြောင်းလဲ တိုးတက်မှု လုံးဝ မဖော်ဆောင်နိုင်သေးပါ။  ပြည်တွင်းစစ်အတွက် ဟန်ပြ ငြိမ်းချမ်းရေး အလုပ်တွေသာ ပေါများနေသလို လူမျိုးရေး၊ ဘာသာရေး အမုန်းတွေ အတွက်လည်း ရင်းမြစ် ပြဿနာကို ဖြေရှင်းစေတဲ့ မူဝါဒ၊ အလုပ် ပြောင်းလဲ ဖော်ဆောင်မှုတွေ မလုပ်ချင်ကြသေးပါ။  စစ်အာဏာရှင်စနစ်က ရာစုဝက်ကျော်ကြာ မှိုင်းတိုက်ခဲ့တဲ့ အစွန်းရောက် အမျိုးသားရေး စိတ်အခံဟာ လူအများကြားမှာ အတိုင်းအတာတခုအထိ သက်ရောက်နေကြောင်း မျက်မှောက် ဖြစ်စဉ်တွေက အထင်အရှား ပြသလို့နေပါတယ်။

    ဒါထက် ပိုဆိုးတာက အမုန်းတရား ပွားများလိုသူတွေရဲ့ နောက်ကွယ်က ကြံစည်ချက်စနက်မှာ အမျိုးသားရေး သကြားချိုချို အုပ်ထားတဲ့၊ ရဟန်း သံဃာတွေပါ ဝင်ရောက် အသုံးတော်ခံ ပါဝင်ရတဲ့ မျိုးစောင့် ဥပဒေများဟာလည်း မျက်မှောက်မှာ လုံးလုံး အသက်ဝင်လို့ သွားခဲ့ပါပြီ။ လူ့အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး နိုင်ငံတကာအဆင့် စံချိန်မီတဲ့၊ ကမ္ဘာ့ အနောက် ဒီမိုကရေစီ နိုင်ငံကြီးများထက်တောင် ရိုးရာဓလေ့မှာ အမြင်ကျယ်တဲ့ လူမှုထုံးတမ်းတွေဟာလည်း လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး အရောင်ဆိုးထားတဲ့ ဥပဒေတွေအောက်မှာ ကျဆင်း အားနည်းခဲ့ရပါပြီ။  မျိုးစောင့်ဥပဒေလို ကိစ္စတွေ အခုတရားဝင် နိုင်ငံရဲ့ တရားစီရင်ရေးစနစ်မှာ အကျုံးဝင် ရပ်တည်လာခဲ့ပြီမို့ လူမျိုးရေ၊ ဘာသာရေး ခွဲခြားမှုကိစ္စက ပိုတောင် ယိုယွင်း ဆုတ်ယုတ်လာတယ် ဆိုရမှာပါ။

    ဒါ့အပြင် ဒီမိုကရေစီ ရှေ့ဆောင် နိုင်ငံရေး ပါတီကြီးလိုမျိုးက အစလည်း အစိုးရနဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တင်းကျပ်မှု၊ ပြဿနာ အရှာခံရမှု လွတ်အောင်၊ အမျိုးသားရေးသမားများလည်း ကြည်ဖြူအောင်၊ လူအများလည်း ထောက်ခံအောင် ဘာသာရေး လူမျိုးရေး ကိစ္စတွေများ ပေယျာလကန် ပြုခဲ့တာတွေလည်း တွေ့ခဲ့ရပါပြီ။

    လူ့အဖွဲ့အစည်းမှာ သြဇာကြီးတဲ့ ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီးများ ပါဝင်တဲ့ သံဃာအဖွဲ့အစည်းတွေရဲ့ အမြင်ကလည်း ဝေဝါးနေပါတယ်။  ကျောင်းသားတွေနဲ့ ပညာရှင်တွေ တောင်းဆိုတဲ့ ဒီမိုကရေစီပညာရေး ပြုပြင်ပြောင်းလဲမှု ဥပဒေကြမ်းတွေကို သံဃာအဖွဲ့စုံ ဝေဖန်ထောက်ပြ အသံတွေ ညံခဲ့တဲ့ ပြီးခဲ့တဲ့ ဖြစ်စဉ်က သက်သေပါပဲ။  ဒီကိစ္စမှာ ကျောင်းသားလှုပ်ရှားမှုကို အားပျော့စေလိုတဲ့ နိုင်ငံရေးပယောဂ၊ အုပ်စိုးသူ အာဏာရှိသူတွေရဲ့ ဖိအားကြောင့် ပါတယ်ဆိုတာ မှန်ပေမယ့် မီးမရှိဘဲ မီးခိုးမထွက်ပါဘူး။

    ဒါတွေအပြင် စစ်အစိုးရအဆက်ဆက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်တိုင်းနဲ့ အဆင်မပြေ၊ သူတို့ပြောသမျှ လက်မခံ၊ ဘူးခံငြင်းတဲ့ အနေအထားကလည်း အခု ပြောင်းမသွားတဲ့အပြင် ပိုတောင်ဆိုးလာပါတယ်။  အရင်က အစိုးရ တခုတည်းက ကုလသမဂ္ဂကို ပြန်လည် အပြစ်တင်ခဲ့ရာက အခုဆိုရင် လူမျိုးရေး၊ ဘာသာရေး အခြေခံ  ပြင်းထန်မှုကြောင့် နိုင်ငံရေးပါတီများနဲ့ လူမှုအဖွဲ့တချို့ကပါ ကုလကိုယ်စားလှယ်ကို ကန့်ကွက်တာ၊ ဆန္ဒပြတာတွေလည်း လုပ်ပြခဲ့ကြပါပြီ။  ကုလသံကိုယ်စားလှယ်ကို ကမ္ဘာကျော် စော်ကားပြောဆို တိုင်းထွာမှုကိုလည်း ခပ်တည်တည်ပဲ အသာ နှာစေး ပြဝံ့ခဲ့ကြပါပြီ။

    တကယ်တော့ အားမနာ မညှာစတမ်း သုံးသပ်ရရင် မျက်မှောက် ဒီမိုကရေစီစနစ် အမည်ခံထားတဲ့ တိုင်းပြည်က လက်ရှိ လူ့အခွင့်အရေး၊ ဘာသာရေး လွတ်လပ်ခွင့်၊ အမျိုးသမီး အခွင့်အရေးတွေဟာ စစ်အစိုးရခေတ်အတိုင်း မပြောင်းလဲ သေးတဲ့အပြင် တချို့ကဏ္ဍတွေမှာ ပိုလို့တောင် နိမ့်ကျလာတယ် ဆိုရပါမယ်။ လူထုရဲ့ သဘော စိတ်ဓာတ်ဟာလည်း ငြိမ်းချမ်းရေး၊ လူမျိုး၊ ဘာသာ မခွဲ သွေးစည်းချစ်ကြည်ရေးကို အခြေခံကျကျ နှစ်နှစ်ကာကာ အစွဲကင်းကင်း လုပ်လိုစိတ်၊ မြင်လိုစိတ်၊ ကျင့်ကြံလိုစိတ် မရှိဘူးလို့လည်း ဆိုနိုင်ပါတယ်။ ဘာသာ၊ လူမျိုး မခွဲဖို့ အကြောင်းတွေ ရေးရင်၊ ပြောရင် ရေးသူ ပြောသူနဲ့ စာနယ်ဇင်းကို ခေါင်းစဉ်တပ် တံဆိပ်ခတ် အမြဲ စွပ်စွဲချင်ကြတာလည်း သတိထားမိတယ်။

    သူလိုကိုယ်လို လူသာမန်မှာတောင်မှ လူမျိုး၊ ဘာသာ ဆိုတဲ့ လူမှုအသိုင်းအဝန်းက ကန့်သတ်လိုက်တဲ့ သညာတွေ၊ ပညတ်ချက်တွေ ပါလာတာနဲ့ အစွဲမကင်းတဲ့ သဘောထားတွေ၊ တဖက်သတ် ကြိုတင် ကောက်ချက်ချလိုမှုတွေ၊ တိမ်သလ္လာဖုံးနေတဲ့ အမြင်တွေ၊ မကြီးမကျယ်နိုင်တဲ့ ဦးနှောက်၊ ရင်ဘတ်နှလုံးသားတွေ အကြောင်းတွေက နေ့စဉ် လူမှုလောကမှာ၊ သတင်းဖြစ်ရပ်တွေမှာ အသစ် အသစ် အမြဲ ထင်ရှား ဖြစ်ပေါ်နေပါတယ်။  အမုန်းပွားဖို့ ပိုလွယ်တဲ့၊ ထိရောက်မှု ကျယ်ပြန့် မြန်ဆန်တဲ့ အင်တာနက် လူမှုကွန်ရက်များမှာဆို ပိုတောင်ဆိုးပါသေးတယ်။

    ဒါတောင် အစိုးရက လူသုံးများတဲ့ လူမှုကွန်ရက် ဝန်ဆောင်မှုတခုဖြစ်တဲ့ Facebook က တာဝန်ရှိသူတွေနဲ့ တရားဝင် ပူးပေါင်းပြီး အပုန်းအလျှိုး နာမည်ဝှက်တွေနဲ့ အွန်လိုင်း အမုန်းပွားနေသူတွေကို နှိမ်နှင်းနေတယ်လို့ ဆိုပါတယ်။  လက်တွေ့မှာတော့ အွန်လိုင်းမှာ အမုန်းစကားတွေက လျော့မသွားပါ။  နိုင်ငံရေးအရ အစိုးရကို ဝေဖန် အတိုက်ခံတဲ့ လူတွေရဲ့ စာမျက်နှာတွေသာ ပိုမို ကန့်သတ်ခံလာရတာပဲ အဖတ်တင်ပါတယ်။ အမုန်းပွားရေး စာမျက်နှာတွေကတော့ ရှိမြဲ ရှိနေလျက်၊ လူမျိုး၊ ဘာသာ ဆက်စပ် အမှန်တဝက်၊ အမှားတဝက် ပုံဖျက် အချက်အလက်တွေ၊ အမုန်းစကားတွေ၊ ဓာတ်ပုံတွေ ဖြန့်ဝေလျက်ပါပဲ။

    ခြုံပြောရရင် လူမျိုး၊ ဘာသာ အကဲဆတ်မှု လျော့ပါးရေးမှာ အခြေခံကျကျ ခံယူချက်၊ အတွေးအခေါ် ပြောင်းလဲလိုမှုက တဦးချင်းသဘောမှာကို အင်မတန် အားနည်းလှပါသေးတယ်။  ဒါကြောင့်ကို နေ့စဉ် အွန်လိုင်းမှာ အမုန်းပွားလိုသူတွေရဲ့ အလုပ်တွေ တွင်ကျယ်နေတာပါ။  လူတဦးချင်း အသိစိတ်နဲ့ တကိုယ်ရေ ပြောင်းလဲချင်စိတ်မရှိရင် မငြိမ်းချမ်းတဲ့ အနိဋ္ဌာရုံ ဖြစ်ရပ်တွေကို အလိုတူအလိုပါ ဝင်ရောက် ဖန်တီးနေသလို ဖြစ်နေဦးမှာပါပဲ။

    ဒီလိုအနေအထားနဲ့ တိုင်းပြည် အနာဂတ်ဟာလည်း အတိတ်နဲ့ ပစ္စုပ္ပန်လိုပဲ တိုင်းရင်းသား လူမျိုးစု စစ်ပွဲတွေ၊ လူမျိုး၊ ဘာသာ ပဋိပက္ခတွေ တင်းကျမ်းနဲ့ ငြိမ်းချမ်းရေး ပင်စည် မရှင်သန်၊ ဖွံဖြိုးတိုးတက် ချမ်းသာမှု အကိုင်းအခက် မကြီးထွားနိုင်၊ တရားမျှတမှု အသီးအပွင့် မစားသုံးနိုင်၊ လွတ်လပ်အေးချမ်းခြင်း အရိပ်အာဝါသအောက် မခိုလှုံနိုင် ဖြစ်နေဦးမှာပါပဲ။  ဒါကြောင့် ညီညွတ်မျှတ လောကပါလ တရားဓမ္မ ထွန်းကား လွှမ်းမိုး စောင့်ရှောက်တဲ့ သုခချမ်းသာ စံစားရာ ဒီမိုကရေစီ လောကနိဗ္ဗာန် မျက်မှောက်ပြုဖို့ရာလည်း အလှမ်းဝေးနေဦးမယ့် သဘောကို အားလုံး ဆင်ခြင် မြော်ချင့်စေချင်ပါတယ်။  တိုင်းပြည် အနာဂတ် ငြိမ်းချမ်းဖွံ့ဖြိုး ချမ်းသာရာရဖို့ လူတဦးချင်း အသိစိတ်ဓာတ်ရှိရှိနဲ့ ဘာသာစွဲ၊ လူမျိုးစွဲကြီးမှုတွေ လျှော့ချ၊ ပြုပြင်သင့်တာတွေ ပြုပြင်၊ ပြောင်းလဲသင့်တာတွေ ပြောင်းလဲ၊ အလုပ်ကောင်းတွေ၊ ခံယူချက်ကောင်းတွေ စံပြတနိုင် ထားနိုင်ကြစေကြောင်း တိုက်တွန်းချင်ပါတယ်။

    (ငြိမ်းချမ်းအေးသည် အွန်လိုင်းနှင့် ပုံနှိပ် စာနယ်ဇင်းများတွင် မျက်မှောက် ရေးရာနှင့် အထွေအထွေ အာဘော် ဆောင်းပါးများ ရေးသားနေသူ တယောက် ဖြစ်သည်။ [email protected] သို့ ဆက်သွယ်နိုင်သည်။)

    ဧရာဝတီမှ ကူးယူဖော်ပြသည်။
    http://burma.irrawaddy.org/opinion/viewpoint/2015/03/23/72978.html

  • ဖမ်းဆီးခံကျောင်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုတစ်ခု မွတ်စလင်လူငယ် ကွန်ယက်မှပြုလုပ်

    ဖမ်းဆီးခံကျောင်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုတစ်ခု မွတ်စလင်လူငယ် ကွန်ယက်မှပြုလုပ်

    မတ် ၂၃၊ ၂၀၁၄
    M-Media
    မိုးစက်
    DSC00096
    ရန်ကုန်။    ။ ရန်ကုန်မြို့ရှိ မွတ်စလင်လူငယ် ကွန်ယက်မှ ဒီမိုကရေစီပညာရေးလှုပ်ရှားမှုတွင် ပါဝင်သူများအား အစိုးရမှ အကြမ်းဖက်ဖြိုခွင်းရာတွင် ဖမ်းဆီးခံခဲ့ရသော ကျောင်းသားများ လွတ်မြောက်ရေး အတွက် လှုပ်ရှားမှု တရပ်ကို ယနေ့ နံနက်တွင် ကန်တော်ကြီးဥယျာဉ်တွင် ကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

    “ကျောင်းသားတွေက ကိုယ်ကျိုးအတွက် မဟုတ်ဘဲ နောင်လာမယ့် ညီငယ် ညီမငယ်တွေအတွက် ကိုယ်ကျိုးစွန့်ပြီး တောင်းဆိုပေးတဲ့အတွက် ဂုဏ်ယူမိပါတယ်။ အစိုးရကအကြမ်းဖက်ပြီး ကျောင်းသားတွေ ဝန်းရံပြည်သူတွေကို ဖမ်ဆီးတာခဲ့တဲ့အတွက် လုံးဝရှုံ့တ်ချပါတယ်။ ကျောင်းသားတွေ အမြန်ဆုံး လွတ်မြောက်ဖို့လည်း ဆန္ဒပြုပါတယ်။” ဟု မွတ်စလင်လူငယ်ကွန်ယက်မှ လူငယ်တစ်ဦးမှ ပြောပါတယ်။

    DSC00087
    အဆိုပါ ဆုတောင်းပွဲတွင် ဖမ်းဆီးခံကျောင်းသား ပြည်သူများ အမြန်ဆုံးလွတ်မြောက်နိုင်ရေး အတွက် အစ္စလာမ်ဘာသာဝင်များ၏ ဓလေ့ထုံးတမ်းများနှင့် အညီ ဆုမွန်ဒိုအာ တောင်းခြင်း ကိုပြုလုပ်ခဲ့ကြပါတယ်။  ထို့အပြင် ကျောင်းသားများအား ဂုဏ်ပြုသည့် ကဗျာများကိုလည်း ရွတ်ဆိုခဲ့ကြပြီး ဖမ်းဆီးခံကျောင်းသားများနှင့် ဝန်းရံပြည်သူများ လွတ်မြောက်ရေးအတွက် ငှက်လွှတ်ခြင်း တို့ကိုပြုလုပ်ခဲ့ကြပါတယ်။

    ” ကျောင်းသားတွေ တောင်းဆိုတဲ့ ၁၁ ချက်ကိုသာ လက်ခံလိုက်ရင်တော့ ပညာရေးစနစ်က အရမ်းကို ကောင်းမွန်လာမှာပါ။ ကိုယ်သင်တဲ့တုန်းကလည်း ဒါတွေ။ တချို့ပညာရပ်တွေက အချိန်နဲ့ တစ်ပြေးညီပြောင်းလဲလို့ရတဲ့ သင်ခန်းစာတွေကို ပြောင်းလဲသင့်ပါတယ်။ ဒါမှ ကျောင်းသားတွေအတွက် ပညာရေးစနစ်တွေ မြင့်မားလာမယ်လို့ ထင်ပါတယ်” ဟု  မွတ်စလင်လူငယ်ကွန်ယက်မှ အထက်တန်းပြဆရာမ တစ်ဦးက ဆိုပါတယ်။

    ထို့ပြင် မွတ်စလင်လူငယ်ကွန်ယက်မှ ဒီမိုကရေစီပညာရေးလှုပ်ရှားမှုတွင် ပါဝင်သူများအား အစိုးရမှ အကြမ်းဖက်မှုအပေါ် သဘောထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားပါတယ်။ ထိုထုတ်ပြန်ချက်၌ မတ်လ (၅) ရက်နေ့ ဆူးလေတွင် ငြိမ်းချမ်းစွာဆန္ဒပြနေကြသော ကျောင်းသားများအား စွမ်းအားရှင်များမှ အကြမ်းဖက်ဖြိုခွင်းခဲ့မှုအပေါ်နှင့် မတ်လ (၁၀) ရက်နေ့တွင် လက်ပံတန်းမြို့၌ ပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသားများအား အကြမ်းဖက်ဖြိုခွင်းမှုအပေါ်ကို မွတ်စလင်လူငယ်ကွန်ယက်အနေနှင့် ပြင်းထန်စွာ ရှုံ့ချပြီး ဖမ်းဆီးခံကျောင်းသားများနှင့် ဝန်းရံပြည်သူများအား အမြန်ဆုံးလွှတ်ပေးရန်နှင့် ၎င်းတို့နှင့်ပတ်သက်သည့် ကိစ္စရပ်များကို ပွင့်လင်းမြင်သာမှုရှိစေရန် ဆောင်ရွက်ရန် အလေးအနက်တောင်းဆိုကြောင်း တို့ပါဝင်ပါတယ်။

    DSC00084

  • လူငယ်ထုအတွင်း မိမိကိုယ်ကို ယုံကြည်မှု တည်ဆောက်ခြင်း

    လူငယ်ထုအတွင်း မိမိကိုယ်ကို ယုံကြည်မှု တည်ဆောက်ခြင်း

    မတ်လ ၂၃ ၊ ၂၀၁၅
    M-Media
    ဆောင်းပါးရှင်- K (ရန်ကုန်တက္ကသိုလ်)
    Self- discovery
    လူငယ်ဘဝသည် မိမိကိုယ်ကိုရှာဖွေတွေ့ရှိမှု (Self- discovery) ၏အစဖြစ်သည်။ သုတေသီ ဗက်ဆလိုး၏ ဝါအစဉ်လိုက်လိုအင်များအရ အကြီးကဲဆုံးသောလိုအင်မှာ မိမိကိုယ်ကို အဖြစ်မှန်တိုင်း သိရှိသူဖြစ်သည်။

    လူတစ်ဦးချင်းစီ၏ဘဝတွင် နောက်ဆုံးပြောင်းလဲတိုးတက်မှုအဆင့်ဟု ဆိုပါသည်။ ဤသည် လူတစ်ဦးအနေနှင့် ဤစကြာဝဋ္ဌာကြီးတွင် မိမိနေရာက ဘာဆိုသည်ကို စတင်မေးခွန်းထုတ်မိချိန်ပဲဖြစ်သည်။

    လူငယ်ဘဝတွင် “ငါဘယ်သူလဲ”၊ “ဘယ်သူ့လိုမျိုးဖြစ်ချင်တာလဲ” ဟူသော မေးခွန်းတို့ကို စတင်မေးမိတတ်သည်။ မေးခွန်းများနှင့် မိမိကိုယ်မိမိ အတည်ပြုနိုင်မှုကိုလိုက်ပြီး လူငယ်သည် မိမိ၏မိသားစု၊ မိမိ၏ မိတ်ဆွေသူငယ်ချင်းများနှင့် သူဖြစ်စေလိုသောကမ္ဘာ စသည့် အမျိုးမျိုးအထွေထွေသော အရင်းခံများဘက်သို့ သူ့ကိုဦးဆောင်သွားရအောင် တူရူပြုမိချေတော့သည်။ ဤသြဇာအာဏာ သက်ရောက်မှုများက သူနေထိုင်ရှင်သန်နေရာ ကမ္ဘာ၏အမြင် စတင်ပြောင်းလဲ ပုံသွင်းပေးတော့သည်။ ပိုပြီးအရေးကြီးသည်ကတော့ သူ့အနေနှင့် သူ့ကိုယ်သူ အသိအမြင်တို့ကိုပါ စတင်ပုံသွင်းမိတော့မှာဖြစ်သည်။

    ဤသည်ပင်လူငယ်ထုတွင် မိမိကိုယ်မိမိ ယုံကြည်မှု တည်ဆောက်ခြင်းသည် ဘာကြောင့်အရေးပါသည်ဆိုခြင်း၏ အခြေခံအကြောင်းတရား ဖြစ်သည်။ လူငယ်မှန်သရွေ့ လောကကို စိတ်ကူးယဉ်ဆန်သော အလင်းဖြင့် ပုံသွင်းကြည့်တတ်ကြသည်။ မဂ္ဂဇင်းတွေမှာ၊ ရုပ်သံအစီအစဉ်တွေမှာနှင့် ရုပ်ရှင်တွေမှာ စင်တင်ခံနေရာရ အောင်မြင်နေသူတို့ကို အားကျခုံမင်ပြီး ဒါကိုပဲပျော်ရွှင်စရာနှင့် အောင်မြင်နေရာအဖြစ် မြင်မိတွေးမိတတ်ကြသည်။ သူတို့လို ဖြစ်လေမှဟု နှလုံးကြိုက်မိသွားတော့သည်။

    ဘဝအတွေ့အကြုံသည် လူကြီးရင့်ကျက်မှုအချို့တွင်ပင် စိတ်ကျဝေဒနာ စွဲကပ်သေးပေရာ နုနယ်ပျိုမြစ်သည့် လူငယ်တို့ သတိပြုမိကောင်းမှ ပြုမိပေမည်။ လူဟူသည် ဤကမ္ဘာမြေ၏ ကိုယ်စားလှယ်တော် Vicegerant on Earth ဖြစ်သည်ဟုဆိုသော အချက်ကို အများသတိမထားမိကြချေ။ ဤဂုဏ်နှင့်ယှဉ်တွဲပြီး အရေးကြီးလှသည့် တာဝန်ကြီးသုံးရပ် ယှဉ်တွဲရှိနေပေသည်။ ယင်းတို့မှာ ဤသို့တည်း။
    ၁။ မိမိတို့ကိုယ်မိမိတို့ တိုးတက်ကောင်းမွန်အောင် လုပ်ရမည့်တာဝန်။
    ၂။ လူ့အဖွဲ့အစည်းများကို တိုးတက်ကောင်းမွန်အောင် လုပ်ရမည့်တာဝန် နှင့်
    ၃။ လောကကြီးကို တိုးတက်ကောင်းမွန်အောင် လုပ်ရမည့်တာဝန် တို့ဖြစ်သည်။

    တာဝန် ၂ နှင့် ၃ တို့ကို မထမ်းဆောင်နိုင်ခဲ့လျှင်တော့ အမှတ် ၁ တာဝန်မှာ အဓိပ္ပါယ်မရှိတော့ချေ။ တာဝန်အမှတ် ၁ ကို မထမ်းဆောင်နိုင်သေးသရွေ့ တာဝန် အမှတ် ၂ နှင့် ၃ တို့ကိုလည်း ထမ်းဆောင်နိုင်စရာအကြောင်းမရှိချေ။ ဤတာဝန်သုံးရပ်ကို ပျက်ကွက်ခဲ့လေက ဒုံရင်းအခြေအနေသို့ ပြန်လည်ရောက်ဖွယ်ရာသာရှိသည်။

    လူငယ်ထုအနေနှင့် မည်သည့်နယ်ပယ်မှာ သို့မဟုတ် မည်သည့်အခွင့်အလမ်းမှာ အကျိုးဆောင်သည်ကို သိထားဖို့တော့လိုသည်။ လူတိုင်းပင် အရာရာတိုင်းမှာ စွမ်းနိုင်ရာမရှိချေ။ မိမိသည် ဘယ်နေရာမျိုးမှာ တော်သည်တတ်သည်ကို သိထားပါက ဤနယ်ပယ်ကသာ မိမိနှင့် အလိုက်ဖက်ဆုံး အသင့်တော်ဆုံး အကောင်းဆုံးနယ်ပယ် ဖြစ်ပေသည်။

    ရောဂါမျိုးစုံကို ကုစားနိုင်ဖို့ရာ ဆေးဘက်ဆိုင်ရာ သုတေသနလုပ်ရသည့် ပမာ ဗိသုကာအနေနှင့် အံ့မခန်းစရာ အဆောက်အအုံကြီးကို တည်ဆောက်နိုင်ရန် ဒီဇိုင်းပုံစံကိုထုတ်ရသည့် မဂ္ဂဇင်း၊ အခွင့်အလမ်းကောင်း၊ နေရာကောင်းကို အထူးပြု ရွေးချယ်တတ်ရပါမည်။ မိန်းကလေးများ ပြည့်တန်ဆာသို့ မသက်ဆင်းရအောင် ဆင်းရဲသော မိသားစုများထဲမှ မိန်းမသားတို့ကို အိနြေ္ဒသိက္ခာရှိသော အလုပ်အကိုင်ရရှိရေးအတွက် စာမတတ်မှု ပပျောက်ရေးကို ဆောင်ရွက်မည့် ကျောင်းဆရာပုံနှယ် ဖြစ်ပါသည်။ စနစ်ဇယားတွေ့ရှိပါမည်။

    လူငယ်ထု၏ အတွေးအမြင်နှင့် ပါရမီတို့ ဖွင့်လှစ်ပေးမည့် ကောင်းမွန်ပြီး အကျိုးဖြစ်ထွန်းပေမည့်အရာအများအပြားထဲမှ တစ်ခုခုကို ဖွေရှာယူရပါမည်။

    အရေးထား စဉ်းစားတွေးခေါ်နိုင်ရန်အတွက် တစ်နာရီနဲ့ အချိန်ယူစဉ်းစားပြီး ဖြေဆိုကြည့်ရမည့် မေးခွန်း အချို့ကို အောက်တွင်ပေး ထားပါသည်။ အသင့်ရရှိသောအဖြေတို့ကို ချရေးကြည့်ပါပေ။

    – ယခုကျွန်ုပ်၏ဘဝမှာ တော်တည့်မှန်ကန်အောင် ဘာတွေကို ကျွန်ုပ်လုပ်ဆောင်သွားမှာလဲ။ ဒါက ကျွန်ုပ်ကို ပျော်ရွှင်စေရာ ဖြစ်စေမှာလား။ ဒါဆို ပြည့်စုံပြီဟု မှတ်ယူရမှာလား။

    – ကျွန်ုပ်အနေနှင့် ရှေ့ဆက်ပြီး ဘာကိုဦးတည်ထားရ မည်နည်း။ ယင်းက လက်ရှိ ကျွန်ုပ်လုပ်ကိုင်နေရာနှင့် ဘာများကွဲပြားနေပါသလဲ။

    – ကလေးဘဝတုန်းက ကျွန်ုပ်ဘာလုပ်ရတာကို နှစ်သက်ခုံမင်သလဲ။ ဒီအရာတွေဟာ အခုထိ ကျွန်ုပ်ကို ပျော်ရွှင်မှုနှင့် ရောင့်ရဲမှု တို့ကို ပေးနေတုန်းပဲလား။ ဒါတွေထဲက တစ်ခုခုကို ကျွန်ုပ်ဆက်လုပ်ရဦးမှာလား။

    – အခုအခါ ကျွန်ုပ်စိတ်အဝင်စားဆုံးက ဘာပါလဲ။

    – ကျွန်ုပ်၏စိတ်ဓာတ်ကို ဘာကဖြည့်ဆည်းပေးမှာလဲ။

    – ကျွန်ုပ်ဘက်က အကောင်းဆုံး ဘာကိုလုပ်ဆောင်နိုင်ပါသလဲ။ ကျွန်ုပ်၏ပြိုင်ဘက်ကင်းသောအားစိုက်မှုနှင့် အင်အားတွေက ဘာတွေပါလဲ။

    – အသင်အားကျမိသူ (သို့မဟုတ်) အသင်၏ဘဝအပေါ်မှာ အကောင်းဘက်က စိုးမိုးသူတစ်ဦးဦးကို အသင်အကြိုက်ဆုံး အားအကျဆုံးသော အရည်အသွေးတွေက ဘာတွေလဲ။ အသင်သဘောအကျဆုံးအရည်အချင်းတွေက ဘာတွေလဲ ဘာကြောင့်လဲ။

    ပို၍မြင့်မားသော အခြေအနေကို အာသာငမ်းငမ်းရှိခြင်းသည်ပင်လျှင် လူငယ်ထု၏ စိတ်အားထက်သန်မှု ဟူ၍ ပညာရေးနှင့် လူမှုရေးပါရဂူ အိဗနေခါလ်ဒူန်းကဆိုသည်။ အသင်တို့တွင် အခွင့်အလမ်းနှင့် အစွမ်းအစ အရည်အသွေးတို့ကို တွေ့ရှိသွားသည်ဆိုပါစို့။ ယင်းမှာ လူငယ်ဘဝ စိတ်အားထက်သန်မှုနှင့် ထိတွေ့သွားသည်တွင် အပြာကျယ်သည့် သမုဒ္ဒရာကြီးကိုလည်း မမှုတော့။ မြင့်စွင့်လွန်းသော တောင်ကြီးကိုလည်း ဂရုမစိုက်တော့။ ကူးရဲကျော်ရဲသွားတော့သည်။ ဤသည် လူငယ်ထုအတွင်း မိမိကိုယ်ကိုမိမိ ယုံကြည်မှု တည်ဆောက်သွားနိုင်အောင် လေ့ကျင့်ပျိုးထောင်ပေးမည့် စခန်းတွေလိုသည့် အစီအစဉ်လိုသည်။ လူငယ်ထုမှာ ဘဝမသေရအောင် တည့်မတ်ပေးရပါမည်။ သူတို့လေးတွေ ရှင်သန်မပျက်ရလေအောင် ဘာတွေလုပ်ပေးကြမှာလဲ။

    မိဘတွေဘက်ကလည်း မိမိတို့၏ ရင်သွေးလေးတွေ မိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်ရေးမှာ ယိုင်နဲ့နေသော လက္ခဏရပ်တို့ကို ရှာဖွေနေကြရမည်။ မိသားစုအိမ်ဂေဟာသည် လူငယ်ထုအတွင်း မိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်ယူနိုင်မည့် ပတ်ဝန်းကျင်ကောင်းဖြစ်ပေါ်နေပါသော် ပိုမိုကောင်းမွန်ရာသည်။

    လူငယ်ထုအပိုင်းမှာလည်း မိမိ၏လောကမှာ အစဉ်တစိုက် သံသယတွေနှင့် စိတ်ပျက်စရာတွေနှင့်သာ ပြည့်နှက်နေပုံကို တွေ့ခဲ့သည်နှင့် မိမိတို့ဘဝကို မိမိတို့ပြန်လည်ဆန်းစစ်ကြည့်ကြရပါမည်။ ဘဝအနေအထား မလှပသည်များကို လှပအောင်ပြုပေးသွားရမည်။ ဘဝအနေအထားမလှပသည်များကို လှပအောင်ပြုပေးသွားရမည်။ အမြဲတမ်းခေါင်းငိုက်စိုက်နေရသူ၊ နှလုံးသားညှိုးငယ်နေရသူ ဖြစ်နေလျှင်တော့ အကူအညီကို ရယူပါတော့။

    မိမိကိုယ်ကို ယုံကြည်မှုအတွက် အစီအစဉ်များတွင် အခြေခံပိုင်းမှာ စိတ်ပညာရှင်တို့နှင့် တိုင်ပင်နှီးနှောမှု ဖြစ်သည်။ အရောအကျဆုံးကတော့ ကိုယ်ကိုယ်တိုင်ပင်ဖြစ်ပါသည်။ ကိုယ့်ဘဝအတွက် ကိုယ်ကပဲစရပါမည်။ အကူအညီယူရပါမည်။

    အပင်တစ်ပင်၏ အမြင်တွေက မခိုင်မြဲခဲ့လျှင် မြေဆီလွှာက ဘယ်လိုပဲ ကောင်းကောင်း၊ ရေဘယ်လိုပဲ လောင်းလောင်း အကြောင်းထူးရာမရှိပြီး အပင်၏တည်ရာ ပတ်ဝန်းကျင် ဘယ်လိုပဲကောင်းကောင်း အရာထင်မှာမဟုတ်။ ဤအပင်မှာ ပြိုလဲကျရမည်သာ။ လူငယ်ထုတွင် မိမိကိုယ်ကို ယုံကြည်မှုလျော့နည်းနေပါလား။ ဤအပင်ကဲ့သို့ပင် ပြိုလဲသွားရမည်သာ။

    မိမိကိုယ်ကိုယုံကြည်မှုသည် အောင်မြင်မှု၏အစဖြစ်ပါသည်။ အသင့်ကိုယ် အသင်ရော၊ အသင့်ပတ်ဝန်းကျင်ကိုပါ ယုံကြည်ခြင်းဖြင့် စတင်ရသည်။

    မိမိကိုယ်မိမိ ပြန်ကြည့်သည့် အစီအစဉ်လမ်းကြောင်းကိုလည်း ပြန်လည်စီစဉ်ပါ။ ဤအခါတွင် အသင့်အနေနှင့် အသင်၏ဘဝ၊ အသင်၏ သူငယ်ချင်းများနှင့် အသင့်မိသားစုတို့ကပါ အသင့်ကိုမတူကွဲပြားသော အမြင်ဖြင့်ကြည့်မြင်လာကြပါလိမ့်မည်။

    သေသူအလောင်းလှစေဖို့ နာရေးကူညီမှုအသင်းတွေ အလျှိုအလျှိုပေါ်ပေါက်လာတာ နေသလောက် ရှင်သန်နေသော လူငယ်တို့ဘဝလှစေမည့် လူမှုဝန်ထမ်းလုပ်ငန်းတွေကတော့ နည်းလွန်းနေသေးသည်တကား။

    K (ရန်ကုန်တက္ကသိုလ်)

  • မျက်စိမမြင်သူများအတွက် လမ်းပြ၀တ်စုံ ဒီဇိုင်းကို ပါလက်စတိုင်း ကျောင်းသားများမှ ပုံစံထုတ်

    မျက်စိမမြင်သူများအတွက် လမ်းပြ၀တ်စုံ ဒီဇိုင်းကို ပါလက်စတိုင်း ကျောင်းသားများမှ ပုံစံထုတ်

    မတ် ၂၂ ၊ ၂၀၁၅
    M-Media
    palestinian_students_design_vest_to_help_the_blind_navigate_GOXV
    ဟီဘရွန်ရှိ နည်းပညာလေ့ကျင့်ရေး တက္ကသိုလ် Polytechnic University မှ ပါလက်စတိုင်းကျောင်းသားတို့သည် မျက်မမြင်လမ်းပြ ၀တ်စုံ တစ်မျိုးကို ပုံစံထုတ်ဖန်တီးလိုက်ပြီဖြစ်သည်။ ၎င်းသည် မျက်မမြင်များ၊ အကူအညီမပါဘဲ လမ်းလျှောက်ရန်မလွယ်သည့် ဆိုးဝါးစွာအမြင်အာရုံချို့တဲ့အားနည်းသူများအား တုန်ခါမှုနှင့် အသံကိုသုံး၍ လမ်းညွှန်ပေးနိုင်မည်ဖြစ်သည်။ သူတို့၏ (SASB) Smart Assist System for Blind People ကို  မျက်မမြင်များအသုံးပြုနေသော တုတ်ကောက်တောင်ဝှေးနေရာတွင် အစားထိုးအသုံးပြုရန် ပုံစံထုတ်ခြင်း ဖြစ်သည်။

    ထိုစနစ်မှာ ရိုးရှင်းပြီး အသုံးပြုရလွယ်ကူသည်ဟု SASB ဒီဇိုင်းထုတ်မှုတွင် ပါဝင်ခဲ့သော ဘွဲ့ကြိုတန်းအင်ဂျင်နီယာကျောင်းသား အဗ်ဒုလ်ရဟ်မာန်း အလ်ဗာရ်မီးလ်မှဆိုသည်။

    “ အရင်ပရောဂျက်များနဲ့မတူညီတဲ့ အဖြေများစွာကို ဒီပရောဂျက်က ထုတ်ပေးခဲ့ပါတယ်။ ဥပမာအားဖြင့် ဒီနယ်ပယ်မှာ ကြမ်းခင်းအာရုံခံ စနစ်က အလွန်ထိရောက်ပြီး ထူးခြားတာကို တွေ့ရတယ်။ အသံပြုခြင်း၊ တုန်ခါမှုပေးခြင်းနဲ့ လူတွေကို လမ်းညွှန်ပေးတဲ့ စနစ်ဖြစ်ပါတယ်”။

    ဘက်ထရီအားမကုန်မှီ စွမ်းအင်ချွေတာရေးခလုတ်ဖွင့်လိုက်ခြင်း၏အလျင် အင်အားကျန်ရှိမှုအခြေအနေကို သိနိုင်စေသည့် အသံအချက်ပြမှုလည်း ထည့်သွင်းထားသည်။

    ဤပရောဂျက်ကို အင်ဂျင်နီယာဌာနဦးစီးနှင့် ပရောဂျက်ကြီးကြပ်သူ ဒေါက်တာ ရမ်ဇီ အလ်က၀ါ့စ်မီ၏ ကြီးကြပ်မှုဖြင့် ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။

    “စက္ခုအာရုံချို့တဲ့လွန်းတဲ့သူတွေဟာ ဒီဝတ်စုံကိုစွပ်ထားခြင်းဖြင့် အနှောင့်အယှက်အတားအဆီးကင်းစွာ လူမှုအသိုင်းအ၀ိုင်းထဲ သွားလာဝင်ဆန့်နိုင်စေဖို့၊ ညွှန်ကြားထိန်းကျောင်းပေးချက်တွေနဲ့ လူတွေကို ဆက်သွယ်သွားနိုင်ဖို့အတွက် ဒီပရောဂျက်ကို အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။ ကျောင်းသားတွေဟာ သူတို့စွမ်းသမျှ ရသမျှအရင်းအမြစ်နဲ့သာ ဒီပရောဂျက်ကို ဒီဇိုင်းထုတ်ခြင်း၊ အကောင်အထည်ဖော်ခြင်းကို ပြုလုပ်ခဲ့ကြတယ်။ ဒါကြောင့် ထပ်မံအဆင့်မြှင့်တင်နိုင်အောင် ငွေအင်အားအရ စိတ်အင်အားအရ ထောက်ကူပေးဖို့ ၊ ပညာရှင်ရပ်ဝန်းနဲ့ လူငယ်စပွန်ဆာတို့ရဲ့ ကြိုဆိုမှုလည်း လိုအပ်နေပါသေးတယ်” ဟု အလ်က၀ါ့စ်မီက စက္ခုအာရုံ ချို့တဲ့သူများ၏ဘ၀မြှင့်တင်ပေးနိုင်ရေး အရေးကြီးကြောင်း၊ နည်းပညာစနစ်ဖြင့် ဆက်သွယ်ထားသည့် နားကြပ်များမှတဆင့် အသံလမ်းညွှန်မှုအတိုင်း ၀တ်စုံဝတ်သူမှ လိုက်နာဆောင်ရွက်နိုင်ကြောင်း ရှင်းပြသည်။

    ၎င်းကို စမ်းသပ်ဝတ်ဆင်ကြည့်ပေးသူ မျက်မမြင် အိုင်ယုဗ် အလ်စာစူးက “တကယ့်ကို ထူးခြားကောင်းမွန်လှတယ်” ဟု ရိုက်တာသတင်းဌာနကင်မရာပေါ်မှ ပြောကြားသွားသည်။

    ထိုဂျက်ကက်အင်္ကျီဒီဇိုင်းထုတ်နိုင်ရေးအတွက် ကျောင်းသားများက  ကျွမ်းကျင်သူတို့ကို ငှားရမ်းနိုင်ရန် လခြမ်းနီအဖွဲ့နှင့်ပေါင်း၍ လုပ်ကိုင်ခဲ့ကြသည်။

    အဆိုပါဝတ်စုံသည် ပထမဆုံးဈေးကွက်ဝင်ပစ္စည်းတော့ မဟုတ်ပါ။ ယမန်နှစ်က Eyeronman အမည်ရှိ ကိရိယာကို ထုတ်နိုင်ခဲ့သည်။ ၎င်းသည် လက်ကိုင်လက်စွဲပြုရန်မလိုဘဲ အာရုံခံကိရိယာများ၊ အတားအဆီး အချက်ပေးကိရိယာများအသုံးပြု ပစ္စည်းတစ်မျိုးဖြစ်သည်။ ၎င်း၌ LiDar လေဆာရောင်ခြည်၊ Ultrasound နှင့် အလင်းပြန်နည်းပညာတို့ကို ထည့်သွင်းအသုံးပြုထားသည်။

    Ref : Reuters