News @ M-Media

Author: M-Media

  • သြစတေးလျတွင် မွတ်စလင် ဒီဇိုင်နာများ၏ ဖက်ရှင်ပြပွဲတစ်ခု ပြုလုပ်

    သြစတေးလျတွင် မွတ်စလင် ဒီဇိုင်နာများ၏ ဖက်ရှင်ပြပွဲတစ်ခု ပြုလုပ်

    မတ် ၁၉၊ ၂၀၁၅
    M-Medias
    18-3-15_West-Australia-Hosts-Muslim-Fashion-Exhibition
    – သြစတေးလျ မွတ်စလင်လူ့အဖွဲ့အစည်းအတွင်း မတူကွဲပြားစွာ ညီညွတ်မှုကို ထင်ဟပ်စေလျက် အစ္စလာမ်နှင့် ပတ်သက်၍ အထင်အမြင်လွဲမှားမှုများကို ဖယ်ရှားရန်အတွက် မွတ်စလင် ဖက်ရှင်ပြပွဲသစ်တစ်ခုကို နိုင်ငံအနောက်ပိုင်း ကန်တန်နင်း မြို့တွင် ကျင်းပပြုလုပ်နေသည်ဟု သိရသည်။

    ကန်တန်နင်း ပြည်သူစာကြည့်တိုက်တွင် ပြုလုပ်ခဲ့သည့် အဆိုပါဖက်ရှင်ပြပွဲကို “ယုံကြည်မှု၊ ဖက်ရှင်နှင့် ပေါင်းစပ်မှု” ဟု အမည်ပေးထားပြီး မျိုးဆက်သစ်ဒီဇိုင်နာများက ဟိရသြတပ္ပတရား ပေါင်းစပ်ဖန်တီးထားသော ခေတ်ပြိုင် ဖက်ရှင်များကို ပြသခဲ့ကြသည်။

    “မွတ်စလင်အမျိုးသမီးတစ်ယောက်အတွက် အိနြေ္ဒသိက္ခာရှိနဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို လုံခြုံစွာ ၀တ်ဆင်ဖို့ မျှော်လင့်မှာပါပဲ။ ကျွန်မတို့ ဒီမှာ ပြသနေတာကလည်း ဟီရိသြတ္တပတရားရှိရှိနဲ့ တစ်ချိန်တည်းမှာ ဖက်ရှင်ကျကျ ၀တ်ဆင်တတ်ဖို့ ဖြစ်ပါတယ်” ဟု ကန်တန်နင်း ပြည်သူ့စာကြည့်တိုက်အရာရှိ အိုင်နက်တူလ် အေဆိုနန်က ပြောကြားခဲ့သည်။

    အဆိုပါပြပွဲတွင် ဖက်ရှင်ဓာတ်ပုံများ၊ အဖိုးတန်ပစ္စည်းများချယ်သထားသော ဖက်ရှင်ဒီဇိုင်များကို ခင်ကျင်းပြသထားပြီး ဆစ်ဒနီမြို့တွင် ထင်ရှားသည့် မွတ်စလင်အမျိုးသမီး အာရ်ဝါ အလ်-မက်စရီအပါအ၀င် သြစတေးလျ တစ်ဝှမ်းရှိ ထင်ရှားသော မွတ်စလင်အမျိုးသမီးများ၏ ဖက်ရှင်နှင့်ပတ်သက်သည့် အင်တာဗျူးများကိုလည်း ပြသခဲ့သည်။ အဆိုပါ ဖက်ရှင်ပြပွဲမှာ မွတ်စလင်လူ့အဖွဲ့အစည်းအတွက် ၎င်းတို့၏ အတွေ့အကြုံများနှင့် အယူဝါဒအကြောင်း ပြောပြရန် နေရာတစ်ခုဖန်တီးရန် ရည်ရွယ်၍ ပြသခဲ့ခြင်းဖြစ်သည်။

    “ဘယ်အရာကမှ ကန့်သန့်ချုပ်ချယ်ခွင့်မပေးဘဲ ရည်ရွယ်ချက်ပန်းတိုင်တွေအတွက် သူတို့တွေ ကြိုးစားဆောင်ရွက်တာကို တွေ့ရတာ သိပ်ကောင်းပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ မွတ်စလင်မဟုတ်တဲ့ အမျိုးသမီးတွေ လုပ်နိုင်တဲ့ (ကောင်းမွန်တဲ့) အရာတွေကို မွတ်စလင်အမျိုးသမီးတွေ မလုပ်နိုင်တာ မရှိလို့ပါဘဲ” ဟု အေဆိုနန်က ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် သူမအတွက် အစ္စလာမ်၏ သွန်သင်ချက်များနှင့် ယခုပြသသော ခေတ်ပြိုင်ဖက်ရှင်များမှာ လုံးဝ လိုက်ဖက်မှုရှိသည်ဟုဆိုပြီး ထိုသတင်းစကားကိုလည်း ပြန့်နှံ့နိုင်မည်ဟု မျှော်လင့်နေသည်။ ထိုမျှမက သြစတေးလျ မွတ်စလင်လူ့အဖွဲ့အစည်း၏ မတူကွဲပြားမှုအကြား သဟဇာတဖြစ်စွာ နေထိုင်နိုင်မှုကို မီးမောင်းထိုးပြရန် ရည်ရွယ်သည်ဟုလည်း ဆိုသည်။

    “(လူ့အဖွဲ့အစည်းမှာ) မတူညီတဲ့ ဥပဒေတွေ၊ မျှော်လင့်ချက်တွေ ရှိနေပါတယ်။ ထိန်းထိန်းသိမ်းသိမ်းရှိတဲ့ မိသားစုမှာ ကျွန်မ ကြီးပြင်းလာတာကြောင့် ကျွန်မ မိသားစုက ကျွန်မကို ဟီဂျဘ်ဝတ်စေတယ်။ ကျွန်မရဲ့ ခြေ၊ လက်၊ ခန္ဓာတို့ကို ဖုံးအုပ်ဖို့ အားပေးခဲ့တယ်။ ဒါဟာ သိက္ခာရှိတာကို ပြသတာပါပဲ။ နောက်ရှုထောင့်တစ်ခုအရ ဆိုရရင် သိပ်ပြီး ထိန်းထိန်းသိမ်းသိမ်းမရှိတဲ့ မိသားစုမှာ ကြီးပြင်းလာပြီး ဟီဂျဘ်မ၀တ်ဆင်ကြတဲ့ မိန်းကလေးတွေဟာဆိုရင် သူတို့ရဲ့ ကိုပိုင်ရွေးချယ်မှုတွေကို လုပ်ကြတယ်။ အချို့က အိနြေ္ဒသိက္ခာက္ခာရှိရှိ ၀တ်ဖို့ စိတ်တိမ်းညွှတ်ကြတယ်။ ပြီးတော့ သူတို့တတ်နိုင်သလောက် အကောင်းဆုံး နည်းလမ်းနဲ့ ၀တ်ဆင်ကြပါတယ်”

    အစ္စလာမ်သာသနာမှာ အမျိုးသမီးများအနေဖြင့် လျှပ်ပေါ်လော်လီခြင်းမရှိဘဲ အိနြေ္ဒသိက္ခာရှိစွာ ၀တ်ဆင်နေထိုင်ရန် သွန်သင်ထားပြီး ဟီဂျဘ်ကိုလည်း အမျိုးသမီးတိုင်း ၀တ်ဆင်ရမည့် အဆင်တန်ဆာ တစ်ခုအဖြစ် သတ်မှတ်ထားသည်။ သို့သော် တစ်ဦးတစ်ယောက်၏ ကိုးကွယ်ယုံကြည်မှုကို ဖော်ပြသော ပုံစံမျိုး မဟုတ်ချေ။

    လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀ ခန့်ပင် သြစတေးလျတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူများ နေထိုင်လာခဲ့ကြပြီး လက်ရှိအချိန်တွင် နိုင်ငံလူဦးရေ၏ သန်း ၂၀ တွင် ၁.၇ ရာခိုင်နှုန်းမှာ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်သူများ ဖြစ်ကြသည်။

    Ref: Onislam

  • မိတ္ထီလာ အကြမ်းဖက်မှုတွင် ဖျက်ဆီးမှုမှ လွတ်ကင်းခဲ့သည့် သာယာကုန်း ဗလီ ဝတ်ပြုမှု ပိတ်ပင်ခံရ

    မိတ္ထီလာ အကြမ်းဖက်မှုတွင် ဖျက်ဆီးမှုမှ လွတ်ကင်းခဲ့သည့် သာယာကုန်း ဗလီ ဝတ်ပြုမှု ပိတ်ပင်ခံရ

    မတ် ၂၁၊ ၂၀၁၅
    M-Media
    မိုးစက်

    မိတ္ထီလာမြို့တွင် အကြမ်းဖက်မှုများဖြစ်ပွားစဉ်က ထိခိုက်မှုမရှိခဲ့သော ဗလီ (ဝတ်ကျောင်းတော်) တစ်ခုဖြစ်သော သာယာကုန်းရပ်ရှိ သာယာကုန်းဗလီကို သက်ဆိုင်ရာ အာဏာပိုင်များမှ ယင်းဗလီအား ယနေ့ မတ်လ ၂၀ ရက်နေ့တွင် ပိတ်သိမ်းရန် ပြောဆိုခဲ့ကြောင်း သိရပါတယ်။

    ယင်းဗလီမှာ မိတ္ထီလာအကြမ်းဖက်မှုများ ဖြစ်ပွားစဉ်က မည်သည့်ပြသာနာတစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ အစ္စလာမ်ဘာသာဝင်များမှာ တစ်နေ့ငါးကြိမ် ဝတ်ပြုနေလျှက်ရှိရာ မိတ္ထီလာ မယက မှ ယင်းဗလီရှေ့ဆောင်ဆရာနှင့် ဂေါပကအဖွဲ့ဝင်များကို ခေါ်ဆိုပြီး မတ်လ ၂၀ ရက်နေ့မှ စတင်ကာ သာယာကုန်းဗလီတွင် ဝတ်ပြုခွင့်မပေးတော့ကြောင်း ပြောဆိုခဲ့ကြောင်းသိရပါတယ်။

    “မိတ္ထီလာက ဗလီတွေအကုန်လုံးကို ပိတ်တုန်းကလဲ စာနဲ့ပေနဲ့ မဟုတ်ဘူး။ ဒီသာယာကုန်းဗလီကလည်း အရေးအခင်းဖြစ်တဲ့ထဲမှာ မပါဘူး။ အရေးအခင်းကာလပြီးတော့ ဒီဗလီကို ဆက်လက်ဝတ်ပြုနေကြတယ်။ အခုလာပြီးတော့ ဒီဗလီက ဖွင့်ခွင့်ပေးမထားဘူး။ တရားဝင် စာတင်ဆိုပြီးပြောတယ်။ ဗလီကိုတော့ ဒီနေ့ လုံးဝပိတ်ရမယ်ပြောတယ်။ ဒီနေ့ ဗလီထဲကို ဝင်လာတဲ့လူတွေကိုတော့ တရားဥပေဒအရ အရေးယူမယ်လို့ပြောတယ်။ ဗလီပိတ်ဖို့ကိုလည်း စာနဲ့လာတာမဟုတ်ဘူး။ နှုတ်နဲ့ပဲလာပြောတာပါ” ဟု သာယာကုန်းရပ်ကွက်ရှိ အစ္စလာမ် ဘာသဝင်တစ်ဦးက ဖြစ်စဉ်ကို ရှင်းလင်းပြောဆိုခဲ့သည်။

    မိတ္ထီလာမြို့တွင် ဗလီဝတ်ကျောင်းတော် (၁၂) လုံးတည်ရှိပြီး အကြမ်းဖက်ကာလများပြီးသည့်နောက်ပိုင်းတွင် ဗလီဝတ်ကျောင်းတော် (၅) လုံးကိုသာ တရားဝင် ဝတ်ပြုခွင့်ပေးထားကြောင်း သိရသည်။

    သာယာကုန်း ဗလီကို ဝတ်ပြုမှု ပိတ်ပင်တဲ့ မတ်လ ၂၀ ရက်နေ့ဟာ မိတ္ထီလာအကြမ်းဖက်မှု ၂ နှစ်မြောက် နေ့လဲဖြစ်ပါတယ်။

    မိတ္ထီလာမြို့ အကြမ်းဖက်ခံရမှုတွင် သာယာကုန်းဗလီမှာ ဖျက်ဆီးခြင်းမခံရပဲ၊ ပြည်သာယာဗလီမှာ လုံးဝ ပုံကျသွားသည်အထိ ဖျက်ဆီးခံလိုက်ရပြီး ကျန်သည့် ပြည်သာယာမြောက်ဗလီ၊ သီရိမင်္ဂလာဗလီ၊ ပါကစ္စတန်အရှေ့ဗလီ၊ ဈေးဗလီ၊ မြို့မဗလီ၊ ဘင်္ဂါလီဗလီ၊ မြို့ဦးဗလီ၊ တူရကီဗလီ၊ နန်းတော်ကုန်းဗလီ၊ ချမ်းအေးဗလီ တို့မှာ မီးရှို့ခြင်း၊ ဖျက်ဆီးခြင်းများ ခံခဲ့ရပါတယ်။

  • ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ဖြစ်လာရင် ဘယ်သူ့ကိုမဲပေးမလဲ ?

    ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ဖြစ်လာရင် ဘယ်သူ့ကိုမဲပေးမလဲ ?

    မတ် ၂၁ ၊ ၂၀၁၅

    ဂျူလိုင်ရဲရင့် ရေးသည်။

    people-power
    (မြန်မာနိုင်ငံသားမုစ်လင်မ်များကိုသာ ဦးတည်ရေးသားပါသည်)
    .
    ဒါက ကျနော့် တစ်ဦးတည်းရဲ့အမြင်လို့ စကားဦးသန်းပါရစေ။ သုံးနှစ်ကျော် မျက်ခြေမပြတ်လေ့လာချက်များအရ ဒီနှစ်ရွေးကောက်ပွဲဖြစ်လာခဲ့ရင် (ဘာအနှောင်အဖွဲ့မှ မရှိဘူးဆိုရင်) မြန်မာနိုင်ငံသားမုစ်လင်မ်များအဖို့ ဘယ်နိုင်ငံရေးပါတီကိုမှ မဲမပေးတာ အကောင်းဆုံးပါပဲ။ မသွားဘူး – မထည့်ဘူးဆိုရင် မလေးစားရာ ရောက်တဲ့အပြင် အပြစ်ရှာမယ်ဆိုရင်ရှာနိုင်တဲ့ရာခိုင်နှုန်း များပါတယ်။ မဲသွားမထည့်နဲ့လို့ တားမြစ်တာ မဟုတ်ပါဘူး။ သွားပါ၊ ထည့်ပါ၊ ဘာကိုမှ မရွေးချယ်ဘဲ “ဗလာမဲ” ထည့်တာကို ဆိုလိုတာပါ။ နိုင်ငံသားတစ်ဦးအနေနဲ့ မိမိနှစ်သက်ရာ ပါတီကို ရွေးချယ်ရေးသွင်းခွင့် ရှိသလို ဘယ်ပါတီကိုမှ မနှစ်သက်ရင်လည်း ဘာမှ မရေးသွင်းဘဲ မဲထည့်ခဲ့လို့ ရပါတယ်။ ဥပဒေဘောင်အတွင်းက လုပ်နိုင်တဲ့အခွင့်အရေးပါ။ ဘယ်အကြောင်းနဲ့မှလည်း အရေးယူလို့မရပါဘူး။ မုစ်လင်မ်ရယ်မှမဟုတ်၊ မည်သူမဆို လိပ်ပြာသန့်သန့်နဲ့ ပြုလုပ်နိုင်ပါတယ်။ ဒီအကြောင်းကိုတင်ပြလို့ ဒေါင်းအကထဲမျောပါနေသူတွေ – ခြသေ့င်္အမြီးနဲ့ညှိနေသူတွေ မနှစ်မြို့မှာ အမှန်ပါပဲ။ ဒါပေမယ့် အများအတွက် ခြုံငုံရေးသားခြင်းဖြစ်ကြောင်း တချို့သူတွေကို နားလည်စေချင်ပါတယ်။
    .
    မစ္စတာဂျဂရာများကတော့ ပြောပါလိမ့်မယ်။ ဘာမှမရေးသွင်းဘဲ မဲစာရွက်ကို ဒီအတိုင်းပေးရင် လိမ်ချင်သူတွေက သူတို့ကြိုက်ရာရေးထည့်လိုက်မှာပေါ့လို့။ ကောင်းလေပြီ။ ကိုယ်တိုင်ရေးထည့်ပေမယ့်လည်း နည်းတစ်မျိုးမျိုးသုံးပြီး မိမိမျက်ကွယ်မှာ လိမ်လည်ပြင်ဆင်ရေးသွင်းလိုက်ရင် ခင်ဗျားတို့ရော ဘာတတ်နိုင်မှာလဲ။ အဓိကကတော့ ကိုယ့်လိပ်ပြာကိုယ်လုံဖို့ပါပဲ။ ရေးဖြည့်ရမယ့်အကွက်တွေထဲ သို့မဟုတ် ပါတီတံဆိပ်တွေအပေါ် မဲမထည့်ကြောင်း အမှတ်အသားပြုပေးလိုက်ရင် လုံလောက်ပါပြီ။ မိမိရဲ့မဲတစ်စောင်ကြောင့် ပါတီတစ်ခုခုက အာဏာရပြီး အများလူထုအပေါ် မတရားမှုဖုံးလွှမ်းစေမယ်ဆိုရင် မိမိရဲ့အားပေးထောက်ခံမှုသည်လည်း တာဝန်မကင်းရာ ရောက်ပါတယ်။ လောကီမှာ လျှာအရိုးမရှိတိုင်း လွတ်ကင်းအောင် လှည့်ပတ်ရှောင်နိုင်သော်လည်း နောင်တမလွန်မှာ ပြေးလွတ်မယ်မထင်ပါ။ ဒါက ဘာသာရေးရှုထောင့်ကနေ တစွန်းတစ လှစ်ဟပြခြင်းရယ်ပါ။
    .
    ဒေါင်း၊ ခြသေ့င်္နဲ့ သက်ဆိုင်ရာဒေသန္တရပါတီ – ဒီသုံးမျိုး အဓိကအားပြိုင်ပါလိမ့်မယ်။ ယေဘူယျအားဖြင့် (အားလုံးကိုမဆိုလို) ဒီသုံးမျိုးစလုံးက မြန်မာနိုင်ငံသား မုစ်လင်မ်များရေရှည်အကျိုးအပေါ် လျစ်လျူရှုထားပါတယ်။ မတရားမှုတွေနဲ့ပတ်သက်ပြီး အသံထုတ်ရပ်တည်မှုမျိုး (အများစုမှာ) အလျဉ်းမရှိပါဘူး။ ဒါ့အပြင် မုစ်လင်မ်တွေဖက်က မခံချင်စိတ်နဲ့အမှန်တရားတွေကို တင်ပြနေကြသည့်တိုင် မြန်မာ့သမိုင်းကြောင်းထဲ မုစ်လင်မ်တို့ရဲ့ စွန့်လွှတ်အနစ်နာခံမှု၊ ကျားကန်အားဖြည့်မှုများအပေါ် ဘယ်အစုအဖွဲ့မှ လိုလိုလားလား အသိအမှတ်မပြုတာကို တွေ့နေရဆဲပါ။ မဲဆွယ်မယ့်အချိန်ကျမှ တက်သုတ်ရိုက်ပေးမယ့်ကတိ မှန်သမျှ အမှန်အကန်ဖြည့်ဆည်းပေးမယ့်အချက်တွေလို့ ယုံစားခြင်းဟာ အသိဥာဏ်ကင်းမဲ့ခြင်းပါ။ သဘောထားအမှန်ကို ရေရှည်ရပ်တည်ချက်နဲ့သာ အကဲဖြတ်ရမှာ ဖြစ်ပါတယ်။ ကနဦးပိုင်းအလိမ်ခံရခြင်းက အလိမ်ခံရသူရဲ့ ရိုးသားမှု၊ ယုံကြည်မှုတွေကို အလွဲသုံးစားလုပ်တာပါ၊ တုံးလို့ အလို့ မဟုတ်ပါဘူး။ သို့သော် အကြိမ်ကြိမ်အလိမ်ခံရခြင်းက အလိမ်ခံနေသူရဲ့အပြစ်သာဖြစ်ပါတယ်။
    .
    ၁။ ပြည်လုံးကျွတ်သန်းခေါင်စာရင်း
    ၂။ နိုင်ငံအ၀ှမ်း အစ္စလာမ်သာသနာဝင်များအပေါ် အကြောင်းအမျိုးမျိုးနဲ့ ပြဿနာရှာ အကြမ်းဖက်မှုဖြစ်စဉ်များ
    ၃။ မကြာသေးမီက ကျောင်းသားသပိတ်

    အကဲဆတ်လှတဲ့ ဘာသာရေး၊ လူမျိုးရေးကိစ္စတွေမှာ စဉ်ဆက်တောက်လျှောက် မီးမွှေးမပြီး သွေးထိုးမဆုံး ဖြစ်နေတာ သိပါလျက် အထက်က ဥပမာပေးတဲ့ ဖြစ်စဉ်သုံးရပ်စလုံးမှာ မုစ်လင်မ်တွေကို ဘယ်လိုသဘောထားခဲ့ကြပါသလဲ။ နိုင်ငံသားဆိုတဲ့အသိစိတ်ဓာတ်နဲ့ တက်တက်ကြွကြွ ပါဝင်ကြသော်လည်း အကောင်းပြောသံတစ်ခွန်း ကြားဖူးထားပါသလား။ ပွင့်လင်းရှင်းပြတ်တဲ့ သဘောထားအမှန်ထုတ်ဖော်ချက်တွေ၊ အသိအမှတ်ပြုမှုတွေကို မတွေ့ရသလောက်ဆိုတာ မြင်သာပါလိမ့်မယ်။ သုံးသပ်ရယင် နိုင်ငံရေးအကြပ်အတည်းဖြစ်လာတိုင်း မုစ်လင်မ်လူ့အဖွဲ့အစည်းကို ဓားစာခံအဖြစ် ဆက်လက် အသုံးချဦးမယ့် နိမိတ်လက္ခဏာဖြစ်ပါတယ်။ “နိုင်ငံရေးလမ်းစဉ်မှန်သမျှမှာ ဓားစာခံအုပ်စုတစ်စု အနည်းဆုံး လျာထားရတယ်ဆိုတဲ့ လျှို့ဝှက်ချက်ရှိကြောင်း” နားလည်ထားဖို့ အချိန်တန်နေပါပြီ။ ဓားစာခံအမှတ်စဉ် ၁ နေရာမှာ ကျနော်တို့ ဘာကြောင့် အမြဲတစေ ရောက်နေရပါသလဲ။ ကျနော်တို့လူ့အဖွဲ့အစည်းက ကျန်တာတွေနဲ့စာရင် (လူဦးရေနည်းခြင်းများခြင်းနဲ့မဆိုင်) လူမှုဘ၀ရေးရာတိုင်းမှာ အားနည်းပျော့ညံ့နေလို့ ဖြစ်တယ်။ ရှိသင့်ရှိအပ်သော Infrastructure ခိုင်ခိုင်မာမာ မရှိနေလို့ဖြစ်တယ်။ မရှိနိုင်အောင် – ဖန်တီးလို့မရနိုင်အောင် ပုံသွင်းခံထားရလို့ဖြစ်တယ်။ အနာဂတ်ရည်မှန်းချက်တွေ မထားရှိကြလို့ဖြစ်တယ်။ ဒီလိုလူ့အဖွဲ့အစည်းမျိုးထက် လွယ်လွယ်ကူကူ အရံသင့်ဓားစာခံအဖြစ် လျှပ်တစ်ပြက် အသုံးချလို့ကောင်းတာ ရှိသေးသလား ? ထားပါ – ဒီအချက်က သီးသန့်ကဏ္ဍတစ်ရပ်အနေနဲ့ လက်တွေ့ကျကျ ဆွေးနွေးပြုပြင်သွားရမယ့်အရေးအရာ ဖြစ်ပါတယ်။
    .
    ရခိုင်အရေးအခင်းမဖြစ်ခင် ၂ နှစ်အလိုလောက်ကတည်းက (အထူးသဖြင့် အွန်လိုင်းဆိုဒ်တွေမှာ) ဘာသာရေး၊ လူမျိုးရေး အမုန်းတရားတွေ လမ်းခင်းနေပြီးဖြစ်တယ်။ ပြင်ပလောကမှာလည်း တဖြည်းဖြည်း တင်းမာလာတာ တွေ့ရတယ်။ လူ့အဖွဲ့အစည်းထဲ နီးစပ်ရာကို လက်တို့သတိပေးတဲ့တိုင်အောင် အကဲပိုတယ်၊ ပုံကြီးချဲ့တယ်၊ ဘယ်တော့မှမဖြစ်နိုင်တာတွေ စသဖြင့် ဝေဖန်ပုတ်ထုတ်ခံရသူများအနက် ကျနော်လည်း ထိပ်ဆုံးက ပါဝင်ခဲ့တယ်။ အဲ့ဒီတုန်းက facebook လည်း ခေတ်မစားသေးတော့ ဆွေးနွေးတင်ပြလို့ရတဲ့နေရာဆိုတာ မရှိသလောက် ဖြစ်ခဲ့ပါတယ်။ အဲ့ဒီကာလတုန်းက ကျနော့်ကို မိတ်ဆွေတစ်ဦး မေးဖူးပါတယ်။ “ကျနော်တို့ လူ့အဖွဲ့အစည်းထဲ ကြုံတွေ့စပြုနေတဲ့ အကျဉ်းအကြပ်အတွက် အခရာအကျဆုံးက ဘာလဲ၊ ဘယ်အရေးကို အဓိကထား လုပ်သင့်တယ်ထင်သလဲ၊ ဘယ်လို idea ရှိပါသလဲ” ဆိုပြီးတော့ ……။ ကျနော် လိုတိုရှင်းတစ်ခွန်းတည်း အဖြေပေးခဲ့ဖူးပါတယ်။ “The Right of Citizenship”။
    .
    ကမ္ဘာ့ဘယ်နေရာမှာမဆို နိုင်ငံသားဖြစ်သူ သို့မဟုတ် နိုင်ငံသားဖြစ်ရန်သေချာသူမှသာ မဲပေးခွင့်ရှိပါတယ်။ ထို့နည်းတူ မဲပေးခွင့် ရှိခြင်းဟာ နိုင်ငံသားဖြစ်ခြင်းလို့ အဓိပ္ပာယ်ထွက်နေပါတယ်။ ဒါကြောင့် ဒီနှစ်မှာ မဲပေးခွင့် ရှိတာနဲ့ ဒီနှစ်ကစလို့ အလိုအလျောက် ရာသက်ပန် နိုင်ငံသားဖြစ်သွားခြင်းပါပဲ။ (အခြားနိုင်ငံသားခံယူတာ၊ နိုင်ငံသားဖြစ်ခြင်း ငြင်းပယ်ခံရစေတဲ့ ပြစ်မှုဒုစရိုက်မျိုး ကျူးလွန်တာကတော့ သီးခြားကိစ္စဖြစ်ပါတယ်)။ ယခင် နိုင်ငံသား၊ ယခု နိုင်ငံမဲ့၊ နောင်တစ်ချိန် နိုင်ငံခြားသားဆိုပြီး ပါးစပ်ထဲတွေ့ရာ ပေါက်ကရသတ်မှတ်လို့ မရပါဘူး။
    .
    နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေထဲ တိတိကျကျ ရေးသွင်းပြဋ္ဌာန်း ကျင့်သုံးရပါတယ်။ ပြဋ္ဌာန်းပြီးမကျင့်သုံးရင် အဲ့ဒီဥပဒေစည်းမျဉ်းက အသက်မ၀င်ပါဘူး။ နိုင်ငံသားဖြစ်ခွင့်ပေးမယ် သို့မဟုတ် နိုင်ကဒ် ရအောင် လုပ်ပေးမယ် ဆိုတဲ့ မဲဆွယ်ချက်မက်လုံးတွေ ထွက်လာရင် အထူးသတိထားရပါလိမ့်မယ်။ မလှိမ့်တပတ်လုပ်မယ့်အခွင့်အရေး ထပ်မံ မပေးအပ်သင့်ပါဘူး။ ဝေါဟာရလှည့်ဖြားမှုတွေကိုလည်း သတိချပ်ဖို့လိုအပ်ပါတယ်။ ဥပမာ – လက်ရှိဖွဲ့ခြေဥထဲ “နှစ်သက်ရာဘာသာတရားကို လွတ်လပ်စွာ ရွေးချယ်ယုံကြည်ကိုးကွယ်ခွင့်ရှိတယ်”လို့ ရေးထားပေမယ့် “လွတ်လပ်စွာ ကျင့်သုံးခွင့်ရှိတယ်”လို့ မဖော်ပြထားဘူး။
    .
    ဒါကြောင့်မို့ ကျင့်သုံးမှုတွေအပေါ် ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ အကြောင်းရှာ ကန့်သတ်/ပိတ်ပင်/နှောင့်ယှက်/ဖျက်ဆီးလို့ရနေခြင်းဖြစ်ပါတယ်။ ဒီလိုအချက်မျိုး အချိန်တိုတိုအတွင်း မှန်မှန်ကန်ကန် အကောင်အထည်ဖော်မယ့် – အာမခံချက်ပေးနိုင်တဲ့ ဘယ်အဖွဲ့တစ်ဖွဲ့ရှိပါသလဲ။ ပြည်လုံးကျွတ် သန်းခေါင်စာရင်းထဲက လူမျိုး၊ ဘာသာဝင်ဆိုင်ရာ ပမာဏကိုပင်လျှင် ပွင့်လင်းမြင်သာစွာ ထွက်မလာနိုင်သေးဘဲနဲ့ – မဲပေးခွင့်ရှိတဲ့နိုင်ငံသားဦးရေ မဖော်ပြနိုင်သေးဘဲနဲ့ ရွေးကောက်ပွဲအတွက် မဲအတိအကျ ဘယ်လိုရေတွက်လို့ရပါမလဲ။ အကယ်၍များ မိမိသည် မဲပေးခွင့်ရှိသူစာရင်းထဲ ပါဝင်ပြီဆိုရင် နိုင်ကဒ်ကလည်း လက်ဝယ်ရှိပြီးသားဖြစ်နေမှသာ သဘာဝ ကျပါလိမ့်မယ်။
    .
    အဓိကအကျဆုံးအချက်တစ်ချို့ကို ကျနော်တို့ မကြာခဏ ကျော်လွှားမိတတ်ကြတယ်။ အတ္တစွဲကိုရှေ့တန်းတင်ပြီး အငြင်းအခုံတွေမှာ အားသန်နေတာကြောင့်ဖြစ်ပါတယ်။ ကျနော့်အနေနဲ့ လူတတ်ကြီးလုပ်ပြီး တင်ပြရေးသားခြင်း မဟုတ်ပါဘူး။ လှုပ်နိုးခြင်းရယ်ပါ။ ဒီစာထဲမှာ မပြည့်စုံမှုတွေ အများကြီးပါဝင်ပါဦးမယ်။ သို့သော် ထိုက်သင့်တဲ့ message တွေ ပေးလိုက်နိုင်ရင် ကျေနပ်ပါပြီ်။ ကျနော်၊ ကျနော့်မိသားစု၊ ကျနော့်မျိုးဆက်အတွက် နိုင်ကဒ်ပြဿနာ မရှိတာကြောင့် ဒီစာကို ကိုယ်ရေးကိုယ်တာ မပါဝင်ဘဲ အစွဲကင်းကင်း လိပ်ပြာသန့်သန့် ရေးထုတ်တာလို့ အတိအလင်း ဆိုချင်ပါတယ်။ ဆက်လက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ကြိုတင်ဆွေးနွေးပြင်ဆင်နိုင်ကြစေဖို့ ရည်ရွယ်ခြင်းသာ ဖြစ်ပါတယ်။ မျက်တောင်တဆုံးထက် မျက်စေ့တဆုံး ကြည့်မြင်နိုင်ကြပါစေ။

    ဂျူလိုင်ရဲရင့်
    ၂၀.၃.၂၀၁၅

    မှတ်ချက်
    ရခိုင်ပြည်နယ်မှမုစ်လင်မ်များအဖို့ သီးခြားအခြေအနေ ဖြစ်နိုင်ပါပါသည်။

    စာရေးသူ၏ FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

  • မြန်မာနိုင်ငံတွင် အမျိုးသားရေးဝါဒီများ အမုန်းတရား မီးထိုးပေးနေ

    မတ်လ ၂၁ ၊ ၂၀၁၅
    M-Meida

    DSC00666a
    ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၅ရက်နေ့ တွင် ပြုလုပ်ခဲ့သည့် OIC ဆန္ဒပြပွဲတွင် အစ္စလာမ်ဘာသာကို စော်ကားသည့် အသုံးအနှုန်းများ အသုံးပြုခဲ့ပုံ

    – စာရေးဆရာတစ်ယောက်ဖြစ်ပြီး အဓိက အတိုက်အခံပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြန်ကြားရေး တာဝန်ရှိသူ ဦးထင်လင်းဦးမှာ  ပြီးခဲ့သည့်နှစ် အောက်တိုဘာလက နိုင်ငံအတွင်း ဘာသာရေးအစွန်းရောက်မှုကို ရှုတ်သော ဟောပြောမှုတစ်ခု ပြုလုပ်ခဲ့သည်။ လူပေါင်း ၅၀၀ ၀န်းကျင်ခန့် တက်ရောက်ခဲ့ကြသည့် ထိုဟောပြောပွဲတွင် ပြောကြားခဲ့သည်များက သဘောရိုးဖြင့်ပြီး အချို့သောအုပ်စုများက လူမျိုးရေးခွဲခြားမှုအား မီးထိုးပေးရန် ဘာသာတရားကို မည်သို့အသုံးချနေသည်ကိုလည်း ဦးထင်လင်းဦးက ဝေဖန်ခဲ့သည်။

    သို့သော်လည်း နောက်ပိုင်းတွင် ဦးထင်လင်ဦး ပြောကြားခဲ့မှုများမှ ကောက်နှုတ်ချက်အတိုတစ်ခုမှာ မြန်မာဗုဒ္ဓဘာသာ အမျိုးသားရေးအဖွဲ့များ ထုနှင့်ထည်နှင့် ရှိနေသည့် ဆိုရှယ်မီဒီယာများတွင် ပြန့်နှံ့သွားလေသည်။ ထိုပြောကြားမှုများက ဒေါသူပုန်ထစေ ခဲ့ပြီး သိပ်မကြာခင်မှာပင် ဦးထင်လင်ဦးအား ဖမ်းဆီးမှုဆီသို့ ဦးတည်ခဲ့လေတော့သည်။ ယနေ့တွင်တော့ ၎င်းမှာ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းမြို့ရှိ အကျဉ်းထောင်ထဲတွင် ဆင်းရဲဒုက္ခ ခံနေရပြီး ဘာသာရေးခံစားချက်များကို ထိခိုက်နစ်နာစေမှုဖြင့် တရားရင်ဆိုင်နေ ရလေသည်။

    ဦးထင်လင်းဦး၏ မှတ်ချက်များအတွက် အုတ်အော်သောင်းနင်းဖြစ်ခြင်းမှာ အံ့အားသင့်စရာမဟုတ်။ ပြီးခဲ့သည့်နှစ်များတွင် မြန်မာနိုင်ငံ အတွင်း ဘာသာရေးသည်းမခံနိုင်မှုများ စိုးရိမ်ဖွယ်ရာ မြင့်တက်လာမှုကို မြင်တွေ့ခဲ့ကြရသည်။ အဆိုပါ သည်းမခံနိုင်မှုများကို သဘောထားတင်းမာသည့် ဗုဒ္ဓဘာသာ အမျိုးသားရေးအဖွဲ့များက မကြာခဏ မီးထိုးပေးပြီး အထူးသဖြင့် မွတ်စလင်များသို့ တိုက်ရိုက်ရည်ညွှန်းကြလေသည်။

    မီးလောင်ရာလေပင့်
    ———————–
    ထိုပြဿနာများကို ထိပ်တိုက်ရင်ဆိုင်၍ တင်းမာမှုများကို ဖြေလျော့အောင် ဆောင်ရွက်ရမည့်အစား မြန်မာအာဏာပိုင်များက အဆိုပါသည်းမခံနိုင်မှု မီးတောက်ကို ပိုမိုတောက်လောက်စေမည့် ခြေလှမ်းများကို ဆက်၍ လှမ်းခဲ့သည်။

    ယခုအချိန်တွင် အမျိုး၊ ဘာသာ၊ သာသာနာကို ကာကွယ်ရန် ရည်ရွယ်သည်ဟူသော အကြောင်းပြချက်ဖြင့် ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေမူကြမ်းများကို လွှတ်တော်၌ တင်သွင်းဆွေးနွေးနေကြသည်။ ထိုမူကြမ်းများ ဥပဒေဖြစ်လာပါက ဘာသာရေးလူနည်းစုများကို ထပ်မံခွဲခြားဆက်ဆံရန် အာဏာပိုင်များအား ဇက်ကြိုးဖြည်ပေးလိုက်သည်သာမက လူမျိုးရေးအကြမ်းဖက်မှု ထပ်မံဖြစ်ပွားရန်အတွက်လည်း မီးပွားတစ်ခု ဖန်တီးပေးလိုက်ခြင်း ဖြစ်ပေလိမ့်မည်။

    ထိုဥပဒေများမှာ မည်သည့်အတွက်ကြောင့် ပြဿနာဖြစ်စေနိုင်သည်ကို နားလည်ရန် မြန်မာနိုင်ငံအတွင်းမှ အခြေအနေကို စဉ်းစားဖို့လိုသည်။ မြန်မာနိုင်ငံတွင် သဘောထားတင်းမာသည့် ဗုဒ္ဓဘာသာ အမျိုးသားရေးအဖွဲ့က ထောက်ခံမှုရနေပြီး ၎င်းတို့၏ သြဇာမှာလည်း မြင့်တက်လာသကဲ့သို့ အမုန်းတရားများပြည့်နေသည့် သွေးထိုးမှုများလည်း တိုးလာခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီး လီက ယခုနှစ် ဇန်န၀ါရီလအတွင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စဉ်က အဆိုပါအကြောင်းတရားများကို ထိတွေ့ခံစားခဲ့ရပြီး အမျိုးသားရေးဝါဒီ ခေါင်းဆောင် ဆရာတော်ကြီးက “ဖာသည်မ” ဟု သမုတ်သည်ကိုပင် ခံခဲ့ရသည်။ ယန်ဟီးလီက မွတ်စလင်လူနည်းစုများ၏ လူ့အခွင့်အရေး အခြေအနေကို ရဲ့ရဲ့ဝံ့ဝံ့ ဖော်ပြခဲ့ခြင်းကြောင့် ဖြစ်သည်။

    အမုန်းတရားများပြည့်နေသည့် သွေးထိုးစကားများက မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်မဟုတ်သည့် လူအုပ်စုများကို ရည်ရွယ်ပြီး အထူးသဖြင့် လူနည်းစု ရိုဟင်ဂျာမွတ်စလင်များကို ဖြစ်သည်။ ရိုဟင်ဂျာများမှာ သီးသန့်ခွဲခြားဆက်ဆံမှုကို ဆယ်စုနှစ်နှင့်ချီ၍ ခံစားခဲ့ရသည်။ နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံရပြီး အခြေခံရပိုင်ခွင့်များကိုလည်း ငြင်းပယ်ခံထားရသည်။ (ရခိုင်ပြည်နယ်တွင်) ၂၀၁၂ ခုနှစ်က စခဲ့သည် အကြမ်းဖက်မှု လှိုင်းလုံးများက လူအများအပြားကို သေဆုံးစေခဲ့ပြီး ထောင်သောင်းချီသော ပြည်သူများမှာလည်း ဆိုးရွားသည့် အခြေအနေမျိုး ဖြစ်နေသည့် ဒုက္ခသည်စခန်းများတွင် နေထိုင်နေရကာ ယနေ့အချိန်အထိ ဆင်းရဲဒုက္ခများကို ခံစားနေရဆဲဖြစ်သည်။ ၎င်းတို့ထဲတွင် အဓိကခံစားနေရသူများမှာ ရိုဟင်ဂျာများဖြစ်သည်။

    အဆိုးရွားဆုံး စွပ်စွဲချက်များ
    ———————————-
    အမျိုးသားရေးအဖွဲ့များ၏ သွေးထိုးစကားများတွင် စိုးရိမ်စရာကောင်းသည့် လိင်ပိုင်းဆိုင်ရာ ကိစ္စများလည်း ပါဝင်သည်။ မွတ်စလင်ဆန့်ကျင်ရေး သဘောထားနှင့် တိုက်ခိုက်မှုများမှာ မွတ်စလင်အမျိုးသားက ဗုဒ္ဓဘာသာဝင်အမျိုးသမီးကို ကျူးလွန်သော မုဒိမ်းမှုအပါအ၀င် အခြေအမြစ်မရှိသော စွပ်စွဲချက်များကြောင့် ဖြစ်လာရသည်။ အခြားသော ဘာသာရေးလူအုပ်စုများ၏ လက်မှ ခိုကိုးရာမဲ့ ဗုဒ္ဓဘာသာအမျိုးသမီးများကို ကာကွယ်ရန် လိုအပ်နေသည်ဟူသော သဘောထားများကိုလည်း မကြာမကြာ ၀ါဒဖြန့်ကြသည်။

    လွှတ်တော်တွင် လက်ရှိဆွေးနွေးနေကြသည့် ဥပဒေမူကြမ်းများမှာ အဆိုးဝါးဆုံး စွပ်စွဲချက်များမှ အချို့ကြောင့်ဖြစ်ပြီး မွတ်စလင်များ၊ အထူးသဖြင့် အမျိုးသမီးများနှင့် ပတ်သက်၍ ပြောပြောနေသည့် စွပ်စွဲချက်များမှာ သိသိသာသာပင် မှားယွင်းနေသည်။

    အကယ်၍ ထိုဥပဒေမူကြမ်းများကို ပြဌာန်းလိုက်လျှင် လူတစ်ဦး၏ ယုံကြည်ကိုးကွယ်မှု ရွေးချယ်ခွင့်ကို နိုင်ငံတကာဥပဒေတွင် အာမခံပေးထားသော်လည်း အဆိုပါ ဥပဒေထဲမှတစ်ခုတွင် တစ်ဦးတစ်ယောက်အနေဖြင့် ဘာသာပြောင်းလိုပါက အစိုးရအဖွဲ့သို့ လျှောက်ထားရန် လိုအပ်မည်ဖြစ်သည်။

    ဘာသာပြောင်းလျှောက်ထားမှုကို အစိုးရတာဝန်ရှိသူများနှင့် လူ့အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များပါဝင်သော “မှတ်ပုံတင်ရေး ဘုတ်အဖွဲ့များ” က အသိအမှတ်ပြုရမည်ဖြစ်ပြီး အခြေခံအားဖြင့် လူနည်းစုများအား နောက်ထပ် ခွဲခြားဆက်ဆံမှု ပြုလုပ်ရန် တံခါးဖွင့်ပေးလိုက်ခြင်းပင် ဖြစ်သည်။

    အခြားမူကြမ်းတစ်ခုဖြစ်သော ဗုဒ္ဓဘာသာအမျိုးသမီးများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေတွင်လည်း ဗုဒ္ဓဘာသာဝင် အမျိုးသမီးကို လက်ထပ်သည့် ဗုဒ္ဓဘာသာဝင်မဟုတ်သော အမျိုးသားများအပေါ် ကန့်သတ်ချက် အမြောက်အများကို သတ်မှတ်ထားသည်။ ထိုကဲ့သို့သော ကန့်သတ်ချက်များကို အမျိုးသမီးများအပေါ်တွင် သတ်မှတ်ထားခြင်း မရှိသောကြောင့် အဆိုပါ ဥပဒေမှာ ပင်ကိုယ်အားဖြင့် လိင်အခြေခံ ခွဲခြားခြင်းသာဖြစ်သည်။ ထိုဥပဒေမှာ ဗုဒ္ဓဘာသာဝင်မဟုတ်သော ခင်ပွန်းအနေဖြင့် ၎င်း၏ ဗုဒ္ဓဘာသာဝင် ဇနီးသည်များကို မတင်းအဓမ္မဘာသာပြောင်းခိုင်းသည်ဟူသည့် တစ်ဖက်သက်စွပ်စွဲချက်များမှ ဖြစ်ပေါ်လာခြင်းလည်းဖြစ်သည်။

    လူဦးရေ ထိန်းချုပ်မှုဥပဒေ
    ——————————–
    လွတ်တော်တွင် တင်ထားသည့် မူကြမ်းများမှ တစ်ခုဖြစ်ပြီး အဆိုပါ ဥပဒေမှာ အပြင်ပန်းအားဖြင့် ဆင်းရဲမွဲတေသော ဒေသများ၌ နေထိုင်ကြသည့် လူ့အဖွဲ့အစည်း အတွက် မိသားစုစီမံကိန်းကို ဖော်ဆောင်ရန် ရည်ရွယ်သည်ဟု ဆိုသည်။ သို့သော်လည်း နိုင်ငံလူဦးရေထိန်းချုပ်ရေး အတွက် အဆိုးဝါးဆုံး အစီအစဉ်ဖြစ်လာနိုင်သည်။ နိုင်ငံအတွင်းရှိ လူနည်းစုများက ဗုဒ္ဓဘာသာဝင် လူများစုထက် ကလေးများပိုမွေးသည်ဆိုသော စိုးရိမ်ကြောက်ရွံ့မှုမှ ဖြစ်ပေါ်လာသည့် အဆိုပါမူကြမ်းတွင် အမျိုးသမီးများအတွက် ကလေးတစ်ဦးနှင့် တစ်ဦးကြား သားဆက်ခြားကာလကို ၃၆ လ (၃ နှစ်) သတ်မှတ်ထားသည်။ သို့သော်လည်း ထိုဥပဒေအား ချိုးဖောက်သည့် အမျိုးသမီးများကို မည်သို့မည်ပုံ အရေးယူအပြစ်ပေးမည်ဆိုသည်ကို ဖော်ပြထားခြင်းမရှိ။

    နိုင်ငံတစ်နိုင်ငံတွင် မိသားစုစီမံကိန်းကို အားပေးရမည်ဖြစ်သော်လည်း နိုင်ငံတော်အစိုးရက ပြန်ဌာန်းခြင်း မပြုသင့်။ လူ့အခွင့်အရေး ကာကွယ်မှု လုံးဝနီးပါး ရှိမနေခြင်းက နိုင်ငံတော်မှ ဥပဒေဖြင့် သန္ဓေတားဆေးများကျွေးခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်း သို့မဟုတ် သားကြောဖြတ်ခြင်းတို့ ဖြစ်ပေါ်လာစေရန် အဆိုပါ ဥပဒေက လမ်းခင်းပေးသလို ဖြစ်စေနိုင်သည်။

    နိုဝင်ဘာလတွင်ပြုလုပ်မည့် ရွေးကောက်ပွဲများနှင့် အတူ မြန်မာနိုင်ငံမှာ အရေးကြီးသည့် နှစ်တစ်နှစ်ထဲသို့ ၀င်ရောက်နေသည်။ နိုင်ငံအနေဖြင့် ပြင်းထန်သော နိုင်ငံရေးနှင့် စီးပွားရေးပြဿနာ  တစ်သီတစ်တန်းကြီးကိုလည်း ရင်ဆိုင်နေရသည်။ ဆင်းရဲမွဲတေမှု ကြီးမားခြင်းမှသည် ၂၀၁၁ ခုနှစ်က စတင်ခဲ့သည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၏ တိုးတက်မှုနှင့် ပတ်သက်၍ မေးခွန်းများ အထိ ဖြစ်သည်။ လွှတ်တော်တွင် တင်သွင်းထားသည့် အမျိုးစောင့်ဥပဒေမှာ ဆိုးရွားသော ပြဿနာများမှာ အာရုံပြောင်းခြင်းသာဖြစ်ပြီး အဓိကထားဆွေးနွေးမှု မပြုလုပ်သင့်သည့်၊ ပစ်ပယ်ပစ်ရမည့် ဥဒေမျိုးသာ ဖြစ်လေသည်။

    မြန်မာအာဏာပိုင်များကလည်း အမုန်းတရားနှင့် ကြောက်ရွံ့မှုတို့ကို နှပ်ကြောင်းပေးခြင်း၊ ကျယ်ကျယ်ပြန့်ပြန့်ရှိပြီးသားဖြစ်နေသည့် ခွဲခြားဆက်ဆံမှုများကို ခိုင်မာလာအောင် လုပ်ခြင်းတို့ကို မပြုလုပ်ဘဲ ဘာသာရေးနှင့် တိုင်းရင်းသားအုပ်စုများ အကြား ပြန်လည်ရင်ကြားစေ့ရေးကို ဆောင်ရွက်သင့်ပြီး တိုင်းပြည်က ရင်ဆိုင်နေရသည့် ပြဿနာ တစ်ပုံတစ်ပင်ကို ဖြေရှင်းသင့်ပေသည်။

    Aljazeera တွင် Richard Bennett ရေးသားသည့် “Buddhist nationalists stoke hatred in Myanmar” ဆောင်းပါးကို မိုးဝေ ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

    http://www.aljazeera.com/indepth/opinion/2015/03/buddhist-nationalists-stoke-hatred-myanmar-150317083018615.html

  • အမုန်းတရားနဲ့ အကြမ်းဖက် လှုံ့ဆော်မှု အရေးယူဖို့ ကုလ တိုက်တွန်း

    အမုန်းတရားနဲ့ အကြမ်းဖက် လှုံ့ဆော်မှု အရေးယူဖို့ ကုလ တိုက်တွန်း

    E54AD109-A9EF-4D5C-A9BE-5DDE3C2EACB8_w640_r1_cx0_cy6_cw0_s
    မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Yanghee Lee ရန်ကုန်ကို ဆိုက်ရောက်စဉ်။ (ဇန် ၆၊ ၂၀၁၅)

    ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ကို မြန်မာနိုင်ငံမှာ လူသိရှင်ကြား စော်ကားမော်ကား ပြောဆိုတာတွေ၊ အမုန်းပွားအောင် လှုံ့ဆော်ဟောပြောတာတွေ ကို နိုင်ငံတကာဥပဒေနဲ့အညီ အရေးယူပေးဖို့ မြန်မာအစိုးရကို ကုလသမဂ္ဂက သောကြာနေ့က တိုက်တွန်းလိုက်ပါတယ်။ အမုန်းတရားနဲ့ Ms. Lee ကို ထပ်ခါတလဲလဲ တိုက်ခိုက် ပြုမူပြောဆိုနေတာတွေကိုလည်း ကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖွဲ့က ကန့်ကွက်ရှုတ်ချလိုက်တာပါ။ မအင်ကြင်းနိုင်က အကြောင်းစုံကိုပြောပြမှာပါ။

    မတ်လ (၂၀)ရက်နေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်များ အဖွဲ့ရဲ့ ကြေညာချက်မှာ မကြာသေးခင် သီတင်းပတ်တွေတုန်းကလည်း Ms. Yanghee Lee ကို ပုဂ္ဂိုလ်ရေးအရစော်ကားတိုက်ခိုက်ပြောဆိုပြီး လူသိရှင်ကြား ခြိမ်းခြောက်တဲ့ဟောပြောပွဲတွေ မြန်မာနိုင်ငံမှာ အနည်းဆုံးနှစ်ကြိမ်လောက်ပြုလုပ်ခဲ့ တယ်လို့ ဖေါ်ပြထားတာပါ။

    ဒီဟောပြောပွဲတွေဟာ မြန်မာအစိုးရအနေနဲ့တိုက်ရိုက်မပတ်သက်ဘူးဆိုပေမယ့် ဒီလိုတိုက်ခိုက်ပြောဆိုချက်တွေကို မြန်မာအစိုးရအနေနဲ့ အရေးယူဖြေရှင်းဆောင်ရွက်ဖို့ ၊ Ms. Yanghee Lee ကို အမုန်းတရားနဲ့ အကြမ်းဖက်အောင် လှုံ့ဆော်တာတွေကို နိုင်ငံတကာဥပဒေနဲ့အညီ အရေးယူပေးဖို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်များ အဖွဲ့အနေနဲ့ မြန်မာ အာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။

    ဒါအပြင် ကုလသမဂ္ဂ တာဝန်အပ်နှင်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အနေနဲ့ လာရောက်တဲ့Ms. Lee ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သူရဲ့ လုံခြုံရေးနဲ့ ဂုဏ်သိက္ခာကို မထိခိုက်အောင် မြန်မာအစိုးရ အနေနဲ့ အပြည့်အ၀ တာဝန်ယူဆောင်ရွက်ပေးဖို့လည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေက တိုက်တွန်းထားပါတယ်။

    ဇန်န၀ါရီလက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ရဲ့ ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ် အပြီးမှာလည်း ဦးဝီရသူက စကားလုံး ကြမ်းကြမ်းတမ်းတမ်းသုံးပြီး အများပြည်သူရှေ့ တိုက်ခိုက်ပြောဆိုခဲ့ပါတယ်။

    ဒီလို ဗုဒ္ဓဘာသာဝင် ဘုန်းကြီးတပါး အနေနဲ့ ပြုမူပြောဆိုတယ်ဆိုရင် သာသနာညှိုနွမ်းစေမှု၊ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ပျက်ပြားအောင် လုပ်ဆောင်မှုစတဲ့ ပုဒ်မတွေနဲ့အရေးယူလို့ရတယ်လို့ ဟောင်ကောင် အခြေစိုက် အာရှ လူ့အခွင့်အရေးကော်မရှင် မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ ဦးမင်းလွင်ဦးကပြောပါတယ်။

    ” Ms. Yanghee Lee ရဲ့ အစီရင်ခံစာအပေါ်မှာ မတ်လ ၁၀ရက်နေ့တုန်းက ထုတ်ပြန်တဲ့ အစိုးရရဲ့ တုန့်ပြန်မှုကို ကြည့်ရင် ကျနော်တို့ အဲ့ဒီ့မှာ ရှာပြီးတော့ တွေ့နိုင်တယ်။ အဲ့တော့ အဲ့ဒီ့မှာ လူတဦးချင်းကိုသော်လည်းကောင်း၊ လူမျိုးတမျိုးနဲ့ တမျိုးကိုသော်လည်းကောင်း၊ လူတစုနဲ့ တစုကိုသော်လည်းကောင်း၊ အမုန်းပွားအောင် လှုံ့ဆော်ဖန်တီးတဲ့ စကားတွေကို ပြောဆိုတယ်ဆိုလို့ရှိရင် ထိရောက်စွာ အရေးယူနေပါတယ်ဆိုပြီးတော့မှ မြန်မာအစိုးရကနေပြီးတော့ စာရေးဆရာ ထင်လင်းဦးကို အရေးယူခဲ့တဲ့ဟာကို သာဓက ပြပြီးတော့ အမှုစွဲဆိုထားတာတွေ ရှိပါတယ်။ အဲ့တော့ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် Ms. Yanghee Lee အပေါ်မှာ အခု ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတပါးကနေပြီးတော့ ဒီလိုမျိုး ရဟန်းတော် ကျင့်ဝတ်တွေနဲ့ မညီအောင် ပြောဆိုချက်တွေကို မြန်မာ အစိုးရအနေနဲ့ နောက်ကွယ်ကနေ တမင်ဖန်တီးပြီး လုပ်ဆောင်နေသလား၊ လူတဦးနဲ့တဦး အမုန်းပွားအောင် စီမံဖန်တီးနေသလားဆိုတာတွေကို သံသယကင်းကင်းဖြစ်သွားအောင် လုပ်မယ်ဆိုရင်တော့ မြန်မာပြည်တွင်းမှာ ပြဌာန်း ထားတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေတွေအရ ထိုက်သင့်တဲ့ပုဒ်မတွေနဲ့ အရေးယူဆောင်ရွက်ပေးဖို့ လိုတယ်လို့ပဲ ကျနော်ကတော့ ပြောချင်တယ်။”

    ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေရဲ့ အကဲဖြတ်အစီရင်ခံစာတွေကို ကန့်ကွက်ခွင့်၊ ဝေဖန်ပြောဆိုခွင့်ဆိုတာရှိပေမဲ့ အဖွဲ့ဝင်နိုင်ငံပေါင်း (၄၇)နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက တာဝန်အပြည့် အပ်နှင်းထားတဲ့ အထူး ကိုယ်စားလှယ်တွေကို အကြမ်းဖက်ခြိမ်းခြောက်တာ၊ လူသိရှင်ကြားစော်ကားမော်ကားပြောတာတွေကို ကုလသမဂ္ဂအနေနဲ့ လက်မခံနိုင်ဘူးလို့ သောကြာနေ့က ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

    မြန်မာနိုင်ငံအနေနဲ့လည်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ အဖွဲ့ဝင်ပါ။ ဒါကြောင့် သံတမန်ရေးအရ လာရောက်တဲ့ ကုလသမဂ္ဂကိုယ်စားလှယ်ကို တိုက်ခိုက်ပြောဆိုတာတွေကို မြန်မာအစိုးရအနေနဲ့ အရေးယူဆောင်ရွက် သင့်တယ်လို့ ဦးမင်းလွင်ဦးကပြောပါတယ်။

    ” ကျနော်တို့ မြန်မာနိုင်ငံရဲ့ပုံရိပ်ပေါ့နော်။ ညိုးနွမ်းပျက်စီးစေတဲ့ အတွက် ဒါမျိုးကိုတော့ ထိထိရောက်ရောက် အရေးယူသင့်တယ်လို့ ကျနော်ကတော့ မြင်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ကျနော်တို့ တကမ္ဘာလုံးနဲ့ ဆိုင်တဲ့ လူ့အခွင့်အရေးကောင်စီကလည်း ခန့်အပ်ထားတာဖြစ်တယ်။ အဖွဲ့ဝင်အဖြစ် ကျနော်တို့ မြန်မာနိုင်ငံကလည်း ပါဝင်နေတာဖြစ်တယ်။ အဲ့တော့ ဒီလိုမျိုး သံခင်းတမန်ခင်း လာတဲ့သူကို မခြေမငံ ဆက်ဆံတဲ့ ကိစ္စရပ်မျိုး ကတော့ ထိုက်သင့်တဲ့ အရေးယူမှုမျိုး ဆောင်ရွက်သင့်တယ်လို့ ကျနော်တို့ကတော့ ပြောချင်ပါတယ်။”

    ဇန်န၀ါရီလ (၁၆)ရက်နေ့က Ms. Yanghee Lee ကို ကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ ဦးဝီရသူက တိုက်ခိုက်ပြောဆိုချက်တွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra’ad Al Husseinu ကိုယ်တိုင်လည်း ဇန်န၀ါရီလ (၂၂)ရက်နေ့က ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချထားပါတယ်။

    VOA မြန်မာပိုင်းမှ ကူးယူဖော်ပြပါသည်။
    http://burmese.voanews.com/content/us-urge-myanmar-to-take-action-for-public-abuse/2689376.html