News @ M-Media
Author: M-Media
  • အမေရိကန် အစိုးရဲ့ လျို့ဝှက်သတင်းများကို ကမ္ဘာပြည်သူများကို ဖွင့်ပြလိုက်ကြသူ အချို့အကြောင်း
    ၂၃- ဇွန် ၂၀၁၃
    M-Media
    Edward Snowden
    Edward Snowden
    Snowden သည် အမေရိကန်နိုင်ငံ CIA(Central Intelligence Agency) နှင့် NSA(National Security Agency) တို့၏ နည်းပညာပိုင်းဆိုင်ရာ လက်ထောက် ဖြစ်ပါသည်။
    Snowden သည် NSA ၏ မိုဘိုင်းဖုန်းများ၊  အီးမေးလ်များ နှင့် google , facebook , Apple နှင့် အခြားသော အင်တာနက် company များအား စောင့်ကြည့်လေ့လာမှု များကို ပေါက်ကြားစေလိုက်သူဖြစ်ပါသည်။
    “ကျွန်တော်ကတော့ ကျွန်တော်ချစ်တဲ့ကမ္ဘာကို ဒီလို မျိုး လျှို့ဝှက်စွာ ကြံစည်မှုတွေ၊ မမျှတတဲ့ ပိုင်းခြားမှုတွေ နဲ့ လက်ဝါးကြီးအုပ်ချင်လွန်းနေတဲ့ အကြောင်းတွေကို ခဏဖြစ်ဖြစ်ဖော် ထုတ်လိုက်တာနဲ့တင် ကျေနပ်ပါတယ်”  ဟု Snowden က ပြောခဲ့ပါသည်။
    Bradley Manning
    Bradley Manning
    Bradley Manning သည် အီရတ်စစ်အခြေစိုက်စခန်း၏ အမေရိကန် စစ်ထောက် လှမ်းရေး တစ်ဦးဖြစ်သည်။
    Manning သည် လျှို့ဝှက် စာတမ်း ခုနှစ်သိန်းနှစ်သောင်းကို WikiLeaks ဆီ ဖွင့်ချလိုက်ပါသည်။ ယခုကဲ့သို့ပေါက်ကြားစေရာတွင် အမေရိကန် စစ်အာဏာပိုင်တို့၏ ရေးသား ထားသော ထိပ်တန်း data တွေပါရှိပါသည်။ သူသည် ယခုလို ပေါက်ကြားစေမှုဖြင့် အမှုများရင်ဆိုင်နေရပြီး အကယ်၍ ထောင် ကျမည်ဆိုပါက (၁၅၄) နှစ် ကျနိုင်ဖွယ်ရာရှိပါသည်။
    “ဒီမကောင်းတဲ့ Server တွေ၊ logging တွေ ၊ မကောင်းဆိုးဝါး physical security တွေ၊ ဒီလို စည်းကမ်းမရှိလေ့လာစောင့်ကြည့်တာတွေ ၊ ဒါတွေအားလုံးအတွက် ကျွန်တော့်လုပ်ရပ်ကတော့ ပြင်းထန် တဲ့ မုန်တိုင်းတစ်ခုလိုပါပဲ ” ဟု Manning က ဆိုပါသည်။
    Joe Darby
    Joe Darbyတပ်ကြပ် Joe Darby သည် အမေရိကန် လက်နက်ကိုင်စစ်သားတစ်ဦးဖြစ်သည်။
    Darby သည် အီရတ်နိုင်ငံ ဘဂ္ဂဒါတ်မြို့ အနီး Abu Ghraib အကျဉ်းထောင် အတွင်း အမေရိကန်စစ်သားများက အီရတ်အကျဉ်းသားများအား လူသားချင်းမစာနာ မတရား ညှင်းပန်းနှိပ်စက်နေသော ဓါတ်ပုံများကို ဖော်ထုတ် ပြသလိုက်သူဖြစ်သည်။
    ” ကျွန်တော်သိပါတယ် ကျွန်တော့်လုပ်ရပ်အတွက်လူအချို့ သဘောကျမှာမဟုတ်ဘူး၊ တချို့ကလည်း ကျွန်တော်မှားလား မှန်လားဆိုတာ ခွဲနိုင်မှာမဘူး ၊ သူတို့ကတော့ အမေရိကန်စစ်သားတွေနဲ့ အီရတ်အကျဉ်းသားတွေကိုသာ နေရာချင်းလဲကြည့်ရင်ကောဆိုပြီး တစ်မျိုးတွေးကြဦးမှာပါ။”  ဟု Darby ကပြောပါသည်။
    Jeffrey Wigand
    Jeffrey WigandJeffrey Wigand သည် Brown and Williamson စီးကရက် company ၏ သုတေသန ဖွံ့ဖြိုးရေး ဌာ န ဒုတိယ ဥက္ကဌ ဖြစ်ပြီး ဆရာလည်း ဖြစ်သည်။
    (၁၉၉၆) ခုနှစ်တွင် ဆေးရွက်ကြီး company များကို သွားရောက်လေ့လာရာမှ စီးကရက်သည် စွဲလမ်းစေသောအရာဖြစ်ပြီး အဆုတ်ကင်ဆာကို ဖြစ်စေနိုင်ကြောင်း သိသော်လည်း အစိုးရအနေဖြင့် လူထု အတွင်းဖော်ပြရာတွင် မှားယွင်းစွာဖော်ပြခဲ့သည်။ သူသည် ၄င်းအဖြစ်အပျက်များကို The Insider ဆိုသော ရုပ်ရှင်ရိုက်ကူးကာ ထိုရုပ်ရှင်သည် အော်စကာဆန်ကာတင်စာရင်းဝင်ခဲ့သည်။
    “ကျွန်တော့်ကို သူရဲကောင်းဆိုပြီး လူတွေက ချီးကျူးကြမှာပါ၊ ဒါပေမယ့် သူဒီလိုလုပ်လို့ ဒီလိုပြန်ခံရတယ်လို့ ဆိုတာကိုတော့ လက်မခံပါဘူး၊ ကျွန်တော် က မှန်တာ ကို လုပ်ခဲ့တာပါ၊ ဒါ့အတွက်နောင်တမရပါဘူး၊ မှန်တာကိုပဲ ကျွန်တော် ဆက်လုပ်သွားမှာပါ” ဟု Wigand က ဆိုပါသည်။
    W.Mark Felt
    MarkFeltW.Mark Felt သည် FBI (Federal Bureau of Investigation) ၏ တွဲဖက် ဒါရိုက်တာတစ်ဦးဖြစ်ပါသည်။
     သူသည် သတင်း Bob Woodward နှင့် Carl Bernstein တို့အား ကူညီ၍  သမ္မတ Richard Nion ၏ Watergate တွင်ကျင်းပသော လွှတ်တော် အစည်းအဝေး ၌ တရားမ၀င် ဖုန်းခိုးနားထောင်သော အဖြစ်အပျက်များကို ပေါက်ကြားစေခဲ့သူဖြစ်သည်။
    “ကျွန်တော် ကို သူတို့က တော့ သတင်းပေါက်ကြားအောင် လုပ်တဲ့  ယောက်ကျားမဆန်တဲ့လူလို့ ခေါ်ကြမှာပါ” ဟု Felt က ဆိုပါသည်။
    Daniel Ellsberg
    Daniel EllsbergDaniel Ellsberg သည် RAND ကော်ပိုရေးရှင်းအတွက် အမေရိကန်စစ်ထောက် လှမ်းရေးအရာရှိတစ်ဦးဖြစ်သည်။
    (၁၉၆၄) ခုနှစ်တွင် “ကျွန်ုပ်တို့သည် စစ်ပွဲအလိုမရှိ” ကြေညာသော်ငြားလည်း  (၁၉၇၁) ခုနှစ် သမ္မတ Lyndon Johnson က ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကို ဗုံးကျဲရန် Pentagon စစ်ဌာ နချုပ်၏  အစီအစဉ်များကို ပေါက်ကြားစေခဲ့သူဖြစ်သည်။
    အမေရိကန် တရားရုံးချုပ်ကမူ ယခုလို လျှို့ဝှက် စာရွက်စာတမ်းများကို  ထိန်းသိမ်းထား ခဲ့သည်။
    “ကျွန်တော် အမေရိကန် နိုင်ငံသားတစ်ယောက်ဖြစ်တယ်၊ တာဝန်သိတဲ့ ပြည်သူတစ်ယောက်အနေနဲ့ အခြားပြည်သူတွေဆီကို ဒီသတင်းတွေပေးဖို့ ဘာမှ ဖုံးကွယ် စရာမလိုပါဘူး” ဟု၎င်းက ဆိုပါသည်။        ။
    Ref: gulfnews
  • ဟလာလ်အစားအစာများအပေါ် ဂျပန်များ ဦးတည်လာ
    ဇွန်- ၂၃၊ ၂၀၁၃
    M-Media
    ကိုင်ရို။         ။ ဒေသခံမွတ်စ်လင်များ နှင့် ကမ္ဘာလှည့်ခရီးသည်များ၏ လိုအပ်ချက်အရ ဂျပန်နိုင်ငံမြို့တော် တိုကျိုရှိ စားသောက်ဆိုင်တို့သည် ဟလာလ်အစားအစားများ တိုးချဲ့ရောင်းချနိုင်ရန် ဦးတည်လျက်ရှိသည်။
    Halal Food Booms in Japan“ ဟလာလ်အစားအစာများကို တိုကျိုရဲ့ ၂၃ ရပ်ကွက်မှာပဲ ရရှိနိုင်သေးတယ်။ ဒါပေမယ့် ကျွန်တော်တို့ အခြားနေရာတွေမှာ တိုးချဲ့သွားမှာဖြစ်ပါတယ် ။ အယင်က တစ်လကို ကြိုတင်မှာကြားမှု အကြိမ် ၂၀၀ လို့ ခန်းမှန်းထားပေမယ့် အခုကျတော့ တစ်လကို ၅၀၀ အထိ လက်ခံရရှိနေပါတယ်။ အခြားမြို့တွေမှာလည်း တိုးချဲ့ဖွင့်လှစ်ဖို့ စီစဉ်နေပါတယ် ” ဟု Halal Deli အမည်ရှိ စားသောက်ဆိုင်ဝန်ထမ်းတစ်ဦးမှ The Japan Times သို့ ဇွန်လ ၂၁၊ သောကြာနေ့တွင် ပြောကြားခဲ့သည်။
    ဟလာလ်စားသောက်ဆိုင်များတွင် မလေး၊ အင်ဒို နှင့် တူရကီအစားအစာများကို ရနိုင်သည်။
    ယင်းစားသောက်ဆိုင်များ၏ပုံမှန်ဖောက်သည်များသည် ကုမ္ပဏီဝန်ထမ်းမွတ်စ်လင်မ်များ၊ အလည်ရောက်လာသူများ နှင့် ကမ္ဘာလှည့်ခရီးသည်များ ဖြစ်ကြသည်။
    ဂျပန်အစိုးရသည် မကြာသေးမီက အရှေ့တောင်အာရှဒေသအား ဦးစားပေး၍ သွားရောက်လည်ပတ်ခဲ့သည်။ ယခုအခါ ဒေသတွင်းရှိလူများကိုဆွဲဆောင်ရေးအတွက် ပြည်ဝင်ခွင့်ဗီဇာတင်းကြပ်ထားမှုကို လျှော့ချပေးရန် ပြင်ဆင်လျက်ရှိသည်။
    ဟလာလ်အစားအသောက်များ မကျယ်ပြန့်လာမီက လူ ၃၀ ဦးပါ ပညာရေးဝန်ထမ်းအုပ်စုဖြင့် ဂျပန်ကျောင်းများသို့ လှည့်လည်ရောက်ရှိလာသော အင်ဒိုနီးရှားမွတ်စ်လင်မ် Fauziah Fauzan (၄၂ နှစ်) သည် စားသောက်ဆိုင်ရှိအစားအစာများမှာ ဟလာလ်နည်းလမ်းနှင့်မညီမည်ကို စိုးသဖြင့် စိတ်ချရစေရန် ငါး နှင့် ဟင်းသီးဟင်းရွက်များဖြင့်သာ တင်းတိမ်ခဲ့ရကြောင်း၊ အခြားဒေသများ၌ ဟလာလ်အစားအစာများ ရလာခဲ့လျှင် ၀မ်းမြောက်ဖွယ်ရာဖြစ်ကြောင်း ပြောပြခဲ့သည်။
    မွတ်စ်လင်မ်ကမ္ဘာလှည့်ခရီးသည်ဦးရေတိုးပွားလာသည်နှင့်အမျှ ဂျပန်အစိုးရသည် ဟလာလ်အစားအစာများ လွယ်လင့်တကူရရှိရေးအတွက် တိုက်တွန်းအားပေးလျက်ရှိသည်။
    “ ဂျပန်ကို အလည်လာလိုတဲ့ မွတ်စ်လင်မ်တွေ အမြောက်အများ ရှိနေကြတယ်။ ဒါပေမယ့် ဟလာလ်အစားအစာ မရမှာကို စိုးရိမ်တတ်ကြပါတယ်။ တကယ်လို့ ဟလာလ် အတွက် လွယ်ကူမယ်ဆိုယင် ဂျပန်ကိုလာမယ့် မွတ်စ်လင်မ် ဦးရေ တိုးတက်များပြားလာမယ်လို့ ကျွန်တော် ထင်တယ် ” ဟု နာဂိုယာတက္ကသိုလ်မှ ကျောင်းပညာရေး နှင့် လူ့စွမ်းအားဖွံ့ဖြိုးမှုဌာန တွဲဖက်ဌာနမှူး ပရော်ဖက်ဆာ မီနာ ဟာတိုရီ က ပြောကြားလိုက်သည်။
    ရုရှတော်လှန်ရေးပြီးနောက် ရာဂဏန်းရှိ ရုရှမှ တူရကီအနွယ်ဝင်မွတ်စ်လင်မ်တို့ ပြောင်းရွှေ့အခြေချလာသော ၁၉၂၀ ခုနှစ်မှစ၍ ဂျပန်တွင် အစ္စလာမ် ကျယ်ပြန့်လာခဲ့သည်။ ၁၉၃၀ ခုနှစ်၌ ဒေသအသီးသီးရှိ မွတ်စ်လင်မ်တို့ဦးရေသည် တစ်ထောင်ခန့်ရောက်ရှိခဲ့သည်။ ၁၉၈၀ ခုနှစ်များအတွင်း အီရန်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်မှ ထပ်မံရောက်ရှိလာသည့် ပြောင်းရွှေ့ လုပ်သားများကြောင့် အခြေချ မွတ်စ်လင်မ်ဦးရေ တရှိန်ထိုးမြင့်တက်သွားသည်။ ကမ္ဘာ့ဒဿမမြောက် လူကြိုက် အများဆုံးနိုင်ငံဖြစ်သော ဂျပန်တွင် ယခုအခါ လူဦးရေ ၁၂၇ သန်းဝန်းကျင်ရှိ၍ ၄င်းတို့အနက် ဒေသတွင်း မွတ်စ်လင်မ်ဦးရေမှာ တစ်သိန်းနှစ်သောင်းခန့်အထိ တိုးပွားလာခဲ့ပြီဖြစ်သည်။
    Ref: Onislam
  • ဗုဒ္ဓမြန်မာတို့အတွင်းမှ အစွန်းရောက် လှိုင်းတံပိုး (ဘာသာပြန်)
    ဇွန်-၂၀၊၂၀၁၃
    The New York Time
    မူရင်း ဆောင်းပါးရှင်-
    ဘာသာပြန်ဆိုသူ- သာကီထက်ကောင်း
    Bisku Wirathu - Time
    မြန်မာနိုင်ငံတွင် ရော့ခ်စတား တစ်ဦးလို နောက်လိုက်များစွာရှိသော ဗုဒ္ဓဘာသာဘုန်းတော်ကြီး အရှင်ဝီရသူသည် အစဉ်အလာ အတိုင်း ဘုရားရှိခိုးခြင်း အမှုကို ဆောင်ရွက်ပြီးစီးလေသော အခါ ထောင်ချီပရိတ်သတ်ရှေ့၌ မိန့်မိန့်ကြီး ထိုင်ချလိုက်ပါ၏။ ၄င်းနောက် သူကိုယ်တိုင်“ရန်သူ” ဟု သမုတ်ထားသည့် နိုင်ငံတွင်းရှိ မွတ်စ်လင်မ်လူနည်းစုအပေါ်  အမူအယာကဲကဲ ဟန်ပါပါဖြင့် အမုန်းတရား စတင်ဟောပြောပါတော့သည်။
    “ ဒကာ ဒကာမတို့အနေနဲ့ မေတ္တာတရား စာနာမှုတရား အပြည့်အ၀ ရှိနိုင်ပါတယ်။ ဒါပေမယ့် ခွေးရူးတစ်ကောင်ရဲ့ နံဘေးမှာ ကောင်းကောင်းအိပ်စက်နိုင်မှာ မဟုတ်ဘူး ” ဟု မွတ်စ်လင်မ်တို့ကို ရည်ညွှန်းပြောဆိုခဲ့သည်။
    နှစ်နာရီအကြာ ဟောပြောပွဲပြီးသည့်နောက် “ သူတို့ဟာ ပြဿနာကောင်တွေဖြစ်နေလို့ ဦးဇင်းက သူတို့ကို ပြဿနာကောင်တွေလို့ ခေါ်ဆိုတာ။ ဦးဇင်းကို အစွန်းရောက်ဗုဒ္ဓဘာသာဝင်တစ်ဦးအဖြစ် သတ်မှတ်ခေါ်ဝေါ်တာကို ဦးဇင်း ဂုဏ်ယူတယ် ” ဟု အရှင်ဝီရသူမှ သတင်းထောက်တစ်ဦးအား ပြောကြားလိုက်သည်။
    ဒလိုင်းလားမား၏ အတ္တပယ်ရေးစကားရပ်များကြောင့်လည်းကောင်း၊ ဗုဒ္ဓနည်းကျဘာဝနာစီးဖြန်းမှု လူကြိုက်များလာခြင်း ကြောင့် လည်းကောင်း၊ အရှေ့တောင်အာရှရှိ ပို့စ်ကဒ်ဓာတ်ပုံ လှလှပပများ ဖြစ်လာစေမည့် တင့်တယ်သည့်ရှုခင်းများကြောင့် လည်းကောင်း၊ ရောင်နီတက်ချိန် ဖိနပ်မပါခြေဗလာဖြင့် နီညိုရောင်သင်္ကန်းရုံ သံဃာများအား ရွာသားတို့မှ ဆွမ်းလောင်းလှူပုံမြင် ကွင်း တို့ကြောင့် လည်းကောင်း  ဗုဒ္ဓဘာသာအား အလွန်နှူးညံ့သိမ်မွေ့သည့်ပုံရိပ်အဖြစ် ကမ္ဘာက ရှုမြင်ထားကြသည်။
    သို့ငြားလည်း လွန်ခဲ့သည့်တစ်နှစ်ကျော်မှစ၍ ဗုဒ္ဓဘာသာဝင်မြန်မာများ၏ ဓားတရမ်းရမ်း သောင်းကျန်းဖျက်ဆီးမှု ပုံရိပ်များ၊ အရှင်ဝီရသူကဲ့သို့ဘုန်းတော်ကြီးများ၏ အမုန်းပွားအမျက်သို ဟောပြောချက်များက မြန်မာနိုင်ငံတွင် အစွန်းရောက်ဗုဒ္ဓ၀ါဒ အရှိန်မြင့်တက်လာကြောင်း မီးမောင်းထိုးပြသလျက်ရှိပေသည်။ ထို့အပြင် ဆယ်စုနှစ်များစွာစစ်အုပ်ချုပ်ရေးပြီးနောက် ရရှိလာသည့် လွတ်လပ်မှုမှာ ပို၍ ပရမ်းပတာဖြစ် အကျည်းတန်လာကြောင်းလည်း လှစ်ဟပြသနေပေသည်။ တယူသန် ဗုဒ္ဓဘာသာဝင်လူအုပ်များမှ မွတ်စ်လင်မ်ဦးရေ ၂၀၀ ထက်မနည်းကို သတ်ဖြတ်လိုက်ကြပြီ၊ မွတ်စ်လင်မ်အများစုပါဝင်သော လူပေါင်း တစ်သိန်းခွဲကျော်ကို အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့ပြီ။
    ဖျက်ဆီးသောင်းကျန်းမှု၏ မည်သည့်ကဏ္ဍမှာမှ မိမိ မပါဝင်ကြောင်း အရှင်ဝီရသူက ငြင်းဆိုလျက်ရှိသည်။ သို့သော် သူ၏ မွတ်စ်လင်  ဆန့်ကျင်ရေးဟောပြောမှုများက အကြမ်းဖက်မှုကိုပေါက်ဖွားလာစေကြောင်း သူ၏ဝေဖန်အပုပ်ချမှုများ၌ ပေါ်လွင်နေပေသည်။
    မွတ်စ်လင်မ်တို့၏ရောင်းကုန်များကို သပိတ်မှောက်ခြင်းအပါအ၀င် လွန်ခဲ့သောနှစ်က စတင်ခဲ့သည့် ၀ါဒဖြန့်မှု မှာ မြန်မာလူ့အဖွဲ့အ စည်း၏အောက်ခြေအဆင့်တိုင် နိုင်ငံနှင့်အ၀ှန်း ကျယ်ပြန့်ကြီးထွားလာသည်။ ယင်းဝါဒဖြန့်ချက်သည်  တိုင်းပြည်အနှံ့ မပြတ် တမ်း ဟောပြောခြင်းအားဖြင့် ပျံ့နှံ့လွှမ်းမိုးလျက်ရှိသည်။ ထိုသို့လွှမ်းမိုးစေဖို့  ဒီဗီဒီအခွေများဖြင့် မုန်းတီးရေးတရားများကို အလှမ်းကျယ်စွာဖြန့်ချိသည်။ ဤလှုပ်ရှားမှုနှင့်ဆက်နွှယ်ပတ်သက်နေသော ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများ လည်း နိုင်ငံတစ် ၀ှမ်းရှိ ဗုဒ္ဓဘာသာဝင်ကလေးငယ် ၆ သောင်းအတွက် တနင်္ဂနွေဘာသာရေးသင်တန်း ဖွင့်လှစ်နေကြ၏။
    အမုန်းတရားဖြင့်ပြည့်နှက်နေသည့် အပြောအဟောများမှာ မြန်မာနိုင်ငံ၏ဒီမိုကရေစီလမ်းကြောင်းအား ခြိမ်းခြောက်လျက် ရှိသည်။ တိုင်းပြည်မြို့ရွာများ၏လုံခြုံဘေးကင်းရေးအပေါ်  အစိုးရ၏စွမ်းဆောင်မှုနှင့်ပတ်သက်၍မူ အဓိကမေးခွန်းမှာ ဗုဒ္ဓဘာသာဝင်အများစုရှိသည့်တိုင်းပြည်တွင် ဗုဒ္ဓဘာသာဝင်များအား ထိန်းသိမ်းလိုခြင်းဆန္ဒရှိမရှိဆိုသည်ပင်။
    သတ်ဖြတ်ခြင်းများမှာ ဒေသတွင်းမှကျော်လွန်လျက် မွတ်စ်လင်မ်နိုင်ငံများတွင် ဂယက်ရိုက်နေပြီ ဖြစ်၏။ စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီ သို့ ငြိမ်းချမ်းစွာအသွင်ကူးပြောင်းလိမ့်မည်၊ သမိုင်းတွင်လိမ့်မည် ဟူသော နိုင်ငံတကာ၏ မျှော်လင့်ချက် အမြင် မှာေ၀၀ါးမှေးမှိန် ခဲ့လေပြီ။ မွတ်စ်လင်မ်တို့အား စော်ကားနှိပ်စက်မှုကို လက်စားချေသောအားဖြင့် ပြီးခဲ့သည့် မေလက ဂျကာတာရှိမြန်မာသံရုံးကို ဗုံးခွဲ ရန်ကြံစည်ခဲ့ရာ မိမိတို့မှ ကာကွယ်တားဆီးနိုင်ခဲ့သည် ဟု အင်ဒိုနီးရှားအာဏာပိုင်များက ပြောကြားခဲ့ကြသည်။
    ထိလွယ်ရှလွယ်လှသော အကူးအပြောင်းကာလအတွင်း လူထုထုတ်ဖော်မှုများ၌ ကန့်သတ်မှုလျှော့ပေးထားခြင်းကို အမြတ်ထုတ် လျက်၊ အစွန်းရောက်လှုပ်ရှားမှု၏ နောက်ကွယ်ခေါင်းဆောင်ဖြစ်သူ အရှင်ဝီရသူသည် လွတ်လပ်စွာပြောဆိုခွင့် နှင့် ထိပါးစော် ကားပြောဆိုမှုအကြားမှ လမ်းကြောင်းတစ်ခုကို အသုံးချနေခြင်းဖြစ်သည်။ လက်ရှိ စစ်တပ်တစ်ပိုင်းအရပ်သားတစ်ပိုင်းအစိုးရမှ သူ့အား အာဃာတမီးမွှေးမှုကြောင့် ထောင်ဒဏ် ၈ နှစ်ချမှတ်ခဲ့ဖူးသည်။ ယမန်နှစ်က ရာဂဏန်းရှိနိုင်ငံရေးအကျဉ်းသားများ ကို လွတ်ငြိမ်းခွင့်ပေးရာတွင် သူလည်း ညှပ်ပါလွတ်မြောက်လာခဲ့၏။
    လူ့အခွင့်အရေးအဖွဲ့တစ်ခု၏မှတ်တမ်းများအရ သူ၏လတ်တလောဟောပြောမှုများတွင်လည်း မတ်လ၊ မိတ္ထီလာမြို့မှ ကျောင်းနေ ကလေးငယ်များနှင့်အခြားမြို့ခံမွတ်စ်လင်မ်တို့၏ ဖြစ်ရပ်ဆိုးကြီးကို (၉၆၉) ခွန်အားထုတ်ဖော်မှုဟု မှတ်တမ်းတင်ခဲ့သည်။ သူက “ တ ကယ်လို့ ဦးဇင်းတို့ ပျော့ညံ့နေရင် ဒီတိုင်းပြည်က မွတ်စ်လင်မ်တိုင်းပြည် ဖြစ်သွားမယ် ” ဟု ပြောခဲ့သည်။
    ဗုဒ္ဓဘာသာဝင်တို့သည် မြန်မာနိုင်ငံ၌ ဘေးမသီရန်မခ ရှိနေကြ၏။ လူဆယ်ဦးတွင် ကိုးဦးမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ စီး ပွားရေးလောက၏ထိပ်တန်းနေရာများ၊ အုပ်ချုပ်ရေး၊ စစ်တပ် နှင့် ရဲဌာနများ၌ရှိသူ အားလုံးနီးပါးမှာ ဗုဒ္ဓဘာသာဝင်များသာဖြစ်ကြ၏။ လူဦးရေ ၅၅ သန်းရှိမြန်မာနိုင်ငံတွင် မွတ်စ်လင်မ်လူနည်းစုမှာ ၄ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းအထိသာ ရှိပြီး၊ ကျန်လူနည်းစုဝင်များမှာ အများအားဖြင့် ခရစ်ယာန်နှင့်ဟိန္ဒူဘာသာဝင်များ ဖြစ်ကြောင်း ခန့်မှန်းထားကြ၏။
    အလွန်နည်းပါးသည့်လူဦးရေပမာဏဖြစ်သော်ငြား မိမိဖာသာ အမျိုးသားသူရဲကောင်းဟု အမည်ပေးထားသော အရှင်ဝီရသူက မွတ်စ်လင်မ်တို့သည် ဗုဒ္ဓဘာသာဝင်များထက် ကလေးများစွာ ပိုယူ၍ ဗုဒ္ဓဘာသာပိုင်မြေများကို ၀ယ်ယူခြင်းဖြင့် ဗုဒ္ဓဘာသာအား ခြိမ်းခြောက်နေသည်ဟု ဆိုလျက်ရှိသည်။ ဗြိတိသျှကိုလိုနီခေတ်က မွတ်စ်လင်မ်အများစု ပါဝင်သည့် အိန္ဒိယသားများကို အရာရှိများ၊ စစ်သည်များအဖြစ် ခေါ်သွင်းလာခြင်း ဟူသော တစ်ဖက်စောင်းနင်း သမိုင်းအပိုင်းအစများအား အခါအားလျော်စွာ ဆွဲယူအ သုံးပြုနေလေသည်။ သူဖြန့်ချိနေသည့် ပြင်းထန်သော အမျိုးသားရေးအကြောင်းတရားများမှာ အခြားတိုင်းနိုင်ငံများရှိ ဗုဒ္ဓဘာသာဝင်တို့ကို အလန့်တကြား ဖြစ်သွားစေသည်။
    မတ်လအကြမ်းဖက်မှုများနောက်တွင် ဒလိုင်းလားမား က ဘာသာရေးအမည်ကိုသုံး၍ သတ်ဖြတ်ခြင်းမှာ မကြံစည်ကောင်းသည့် အမှုဖြစ်ကြောင်းပြောကြားခဲ့ပြီး၊ တရားတော်အတွက် ဗုဒ္ဓမြတ်စွာမျက်နှာတော်ကို ထောက်၍ ဗုဒ္ဓဘာသာဝင်မြန်မာများအနေနှင့် ဆင်ခြင်တုံတရားထား ရှိကြရန် တိုက်တွန်းခဲ့သည်။
    အိမ်နီးချင်း ထိုင်းနိုင်ငံမှ ဗုဒ္ဓဓမ္မပညာရှင်တစ်ဖြစ်လဲ ထင်ရှားသောဘုန်းတော်ကြီးဖြစ်သူ ဖရာ့ ပိုင်ဆာ့လ် ဗီဆာလို (Phra Paisal Visalo) က မြန်မာ အစွန်းရောက်ဘုန်းကြီးများမှ ထုတ်ဖော်ချပြနေသော “ ငါတို့ နှင့် သူတို့ ” အယူအဆမှာ ဗုဒ္ဓ၀ါဒနှင့် သဟဇာတမဖြစ်ကြောင်း မှတ်ချက်ပြု ခဲ့သည်။ သို့သော် သူအပါအ၀င် မြန်မာပြည်ပြင်ပမှ ဗုဒ္ဓဘာသာဝင်ခေါင်းဆောင်တို့၏ ဝေဖန်တိုက်တွန်းချက်များသည် ဟုတ်တိပတ်တိ အရာမရောက်ခဲ့ကြောင်း ၀မ်းနည်းစကားဆိုခဲ့သည်။ သူက ဆက်လက်၍ “ မြန်မာဘုန်းတော်ကြီးများဟာ တော်တော့်ကို သီးခြားဆန်လာတယ်။ ကမ္ဘာတစ်ဝှန်းမှာရှိနေကြတဲ့ ဗုဒ္ဓဘာသာဝင်များနဲ့လည်း ပတ်သက်ဆက်နွှယ်မှု မရှိသလောက် ဖြစ်နေတယ် ” ဟု ပြောခဲ့သည်။
    မြန်မာဘုန်းတော်ကြီးများသည် သီရိလင်္ကာနိုင်ငံနှင့်သာ ပတ်သက်မှုများပြားနေသည်။ ထိုနိုင်ငံသည် သမိုင်းကြောင်းအရ လူမျိုးရေးပြဿနာများဖြင့် အလွန်အကျည်းတန်ခဲ့သည်။ မြန်မာဘုန်းတော်ကြီးနှင့်ရဟန်းသံဃာတို့သည် သီရိလင်္ကာရှိ လူများစုဆင်ဟာလီအတွင်းမှ ဗုဒ္ဓဘာသာဘုန်းတော်ကြီး များ၏ တစ်ယူသန်နိုင်ငံရေးမှိုင်းမိလျက်ရှိနေသည်။
    မြန်မာနိုင်ငံတွင်တော့ သွေးခွဲမှုပိုမိုကြီးထွားလာပြီး မွတ်စ်လင်မ်ဆန့်ကျင်ရေးဟောပြောမှုနှင့်လှုပ်ရှားမှု၌ ဆရာထက် တပည့်က လက်စောင်းပိုထက် လာတော့သည်။
    အကြမ်းဖက်မှုပွင့်ထွက်လာခြင်း ၊ သြဇာညောင်းနေသည့်အမုန်းတရားဝါဒဖြန့်ခြင်းတို့နှင့်အတူ စိတ်ပျက်ဖွယ်အကောင်းဆုံးအချက် မှာ ရွှေ ၀ါရောင်တော်လှန်ရေးဆရာတော်အချို့မှ ထိုသည်တို့တွင်ပါဝင်ခေါင်းဆောင်နေခြင်းဖြစ်သည်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကို စစ်အုပ် ချုပ်ရေးကိုဆန့်ကျင်ရန် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများမှ ငြိမ်းချမ်းစွာ ဦးဆောင်ဆင်နွှဲခဲ့ကြ၏။
    ယခုလအစောပိုင်းတွင် ဤအရေးနှင့်စပ်လျဉ်း၍ မွတ်စ်လင်မ်အုပ်စုများမှစီစဉ်သော တွေ့ဆုံမှုတစ်ခု၌ ကျောင်းထိုင်ဆရာတော်တစ်ဦးဖြစ်သူ အရှင်ဥာဏနိက (၅၅ နှစ်)မှ “ ဒီအကြမ်းဖက်မှုမျိုးဖြစ်လာဖို့ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ဘူး။ ၂၀၀၇ ခုနှစ်တုန်းက တို့တစ်တွေဟာ ငြိမ်းချမ်းရေး နှင့် ရင်ကြားစေ့သင့်မြတ်ရေးအတွက်သာ ကြွေးကြော်ခဲ့ကြတာပါ ” ဟု ပြောကြားခဲ့သည်။ (အရှင် ဟူသည် မြန်မာ ဘုန်းတော်ကြီးများ၏ အမည်ရှေ့တွင် လေးစားသမှုဖြင့် တပ်ခေါ်သည့်အသုံးအနှုန်းဖြစ်သည်)။ ရန်ကုန်မြို့၊ ဘုန်းတော်ကြီးစာသင်ကျောင်းဆ ရာတော်တစ်ဦး ဖြစ်သော အရှင်ဆန္ဒ၀ရ ကလည်း နိုင်ငံတွင်းရှိသံဃာများတွင် အစွန်းရောက်သူ နှင့် မျှတသူ ဟူ၍ နှစ်ခြမ်းကွဲနေသည်မှာ အင်အားထက်ဝက်စီခန့်ရှိသည်ဟု သုံးသပ်သွားခဲ့သည်။ သူက မိမိသည် အလယ်အလတ်လမ်းစဉ်သမားဟု သတ်မှတ် ထား၏။ သို့သော်လည်း လူအဖွဲ့အစည်းအတွင်း၌ မွတ်စ်လင်မ်များ အပေါ်ရှိသည့်သံသယများ နက်ရှိုင်းနေသဖြင့် “မွတ်စ်လင်မ်တို့၏လူဦးရေသည် အလွန်လျင်မြန်စွာ တိုးပွားနေသဖြင့် မိမိသည် မွတ်စ်လင်မ် တို့ကို ကြောက်ရွံကြောင်း” ဟု ပြောဆိုခဲ့သည်။
    အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတဆင့် လူဦးရေပေါက်ကွဲလာသည်ဟူသော လူအချို့၏ဖော်ပြချက်ကို မှီပြီး အရှင်ဝီရသူကလည်း ယင်းစိုးရိမ်စိတ်ကို ပုံကြီးချဲ့လျက်ရှိသည်။ လူဦးရေ တစ်သန်းခန့်ရှိပြီး ဌာနီမဲ့ရိုဟင်ဂျာမွတ်စ်လင်မ် လူမျိုးစုအနက်အချို့သည် ဘင်္ဂလားဒေ့ရှ်ဖက် မှပြောင်းရွှေ့အခြေချ လာသည်ဟုဆိုကာ မြန်မာနိုင်ငံတွင် မုန်းတီးချိုးနှိမ်လိုမှု ကြီးမားကျယ်ပြန့်နေသည်။ ယမန်နှစ်က မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာဝင်နှင့်ရိုဟင်ဂျာတို့အကြား ဖြစ်ပွားခဲ့သောပြဿနာသည် မြန်မာ့လူ့အဖွဲ့အစည်းအတွင်းသို့ စိမ့်ဝင်လာခဲ့ပြီးနောက်ဝယ် နိုင်ငံတစ်ခွင် အကြမ်းဖက်မှုများ ပွင့်အံလာခဲ့သည်။ ၄င်းတို့သည် မိမိ၏အတွေးအမြင် မှန်ကန်ကြောင်း ထောက်ပြနေသကဲ့သို့ဖြစ်သည်ဟု အရှင်ဝီရသူမှ ပြောသည်။ လူတို့ကိုပြောကြားလေ့ရှိသည့် သူ၏ လက်စွဲစကားမှာ “ ငါတို့မြေမှာနေ၊ ငါတို့ရေကိုသောက်၊ ငါတို့ကိုကျေးဇူးကန်းသူများ ” ဟူ၍ ဖြစ်သည်။
    “ လိုအပ်ပါလျှင် ငါတို့အရိုးစည်းရိုးထိုး၍ ကာကွယ်သင့်ကကာကွယ်ရမည် ” ဟူသောဆောင်ပုဒ်ကိုထုတ်သော်လည်း ၄င်း၌ မွတ်စ်လင်မ်များ ဟု ပြောင်ပြောင်တင်းတင်း ဖော်ပြခြင်း မရှိချေ။ သို့သော် မွတ်စလင်မ်တို့ကိုပင် ရည်ညွှန်းသည်ဟု အရှင်ဝီရသူက ဆိုသည်။ သူ့ဟောပြောချက် လက်ကမ်း စာစောင်၌ “ မြန်မာတို့သည် ယဉ်ကျေးမှုအားလုံးကို အမြစ်လှန်မည့် အန္တရာယ်အကြီးဆုံး နှင့် ကြောက်စရာအကောင်းဆုံး အဆိပ်နှင့် ကြုံတွေ့နေရသည် ” ဟူ၍ မွတ်စ်လင်မ်တို့အား ပုံဖော်ထား၏။
    မြန်မာနိုင်ငံမှလူအများစုသည် ခိုင်လုံသောသက်သေသာဓက မရှိသော်လည်း ထင်မြင်ယုံကြည်နေကြသည်မှာ –  ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင် မှုကို မျှော်မှန်းထားသော နိုင်ငံတွင်းရှိ အမာခံဗုဒ္ဓဘာသာအုပ်စုများက အရှင်ဝီရသူ၏ အမျိုးသားရေးလှုပ်ရှားမှုအား ကကြိုးတန်ဆာအဖြစ်အသုံးချလို၍ သူနှင့် မဟာမိတ်ဖွဲ့ထားခြင်းဖြစ်သည် ဟူ၏။ ယင်းသို့ ချိတ်ဆက်မှုမျိုး အလျဉ်းမရှိကြောင်း အရှင်ဝီရသူက ငြင်းဆိုထားသည်။
    သို့သော် အစိုးရပိုင်းက သူ့အား စိုးစဉ်းမျှပင် မထိန်းကွပ်ဘဲ ဇက်လွှတ်ပေးထားလေသည်။ အရှင်ဝီရသူ တောင်ကြီးသို့ ရောက်စဉ်က ယာဉ်ထိန်းရဲများ သည် သူ၏ယာဉ်တန်းအတွက် လမ်းရှင်းပေးရသည်အထိ ပြုလုပ်ပေးခဲ့ကြသည်။
    စည်းရုံးရေးခရီးစဉ်တစ်ခုအနေနှင့် ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ရောက်လာရာတွင် သူသွားရာလမ်းတလျှောက် သူ့အားဦးချသူလူအုပ်များ အကြားမှ သူ့နောက်လိုက်များသည် တန်းစီဖြတ်သန်းသွားခဲ့ကြသည်။
    အရှင်ဝီရသူ၏လှုပ်ရှားမှုကို ၉၆၉ ဟုအမည်ပေးထားပြီး ၄င်းမှာ ဗုဒ္ဓ၊ ဓမ္မ၊ သံဃ၏ဂုဏ်တော်များကို ဂဏန်းသင်္ကေတဖြင့် ကိုယ်စားပြုထားသည်ဟု သံဃာများက ဆိုကြသည်။
    ၉၆၉ နံပါတ်ဖြင့်ပုံဖော်ထားသည့်အမှတ်တံဆိပ် စတစ်ကာများမှာ နိုင်ငံတစ်ဝှန်း နေရာအနှံ့ရှိ ကား၊ ဆိုင်ကယ် နှင့် ဆိုင်များတွင် မမြင်ချင်မှ အဆုံး ဖြစ်နေသည်။ တဖန် ထပ်တိုးလှုပ်ရှားမှုအဖြစ် ဘာသာခြားတို့နှင့်လက်ထပ်ခြင်းကို ပိတ်ပင်ရေးအတွက် လူထု၏ထောက်ခံ လက်မှတ်ကောက်ယူမှု ပြုလုပ်နေသည့်အပြင်၊ ရှောင်ကြဉ်ရမည့် မွတ်စ်လင်မ်တံဆိပ်နှင့်ဆိုင်များစာရင်းပါ လက်ကမ်းစာစောင်များကိုလည်း တရားပွဲတွင် ဖြန့်ဝေလျက်ရှိသည်။
    ရန်ကုန်မြို့၏အရှေ့တောင်ဖက်တွင်တည်ရှိပြီး လူမျိုးဘာသာယဉ်ကျေးမှုစုံရှိသည့် မော်လမြိုင်မြို့တွင် ၉၆၉ လှုပ်ရှားမှု နှင့် ချိတ်ဆက်ထားသော ဘုန်းတော်ကြီးကျောင်းတစ်ခုသည် ကလေးငယ်များအတွက် ဗုဒ္ဓဘာသာသင်ရိုးတစ်ခုကို ပြဋ္ဌာန်းလိုက်သည်။ ယင်းသင်တန်းကို တနင်္ဂနွေ ဓမ္မသင်တန်းဟု ခေါ်ကြသည်။ ၄င်းဒေသရှိကျောင်းထိုင်ဘုန်းကြီးများက  ၄င်းတို့၏လှုပ်ရှားမှုကို ဗုဒ္ဓဘာသာပြန်လည်ရှင်သန်ရေး ဟုဆိုကာ ရုပ်လုံးဖော်ရန်ကြိုးစားနေကြသည်။
    “ အမျိုးဘာသာသာသနာ မကွယ်ပျောက်ဖို့က အရေးကြီးဆုံးအချက်ဖြစ်တယ် ” ဟု မြို့ပြင်ရှိ မြစေတီနန်းဦးကျောင်းတိုက်မှဆရာတော် အရှင်ဇာသိလက ပြောဆိုခဲ့သည်။
    ယင်းလှုပ်ရှားဆောင်ရွက်မှုမှာ မည်သည့်အန္တရာယ်အငွေ့အသက် မပါဝင်ဟု ဆိုသော်လည်း မွတ်စ်လင်မ်အများအပြားကမူ စိုးရိမ်မကင်း ဖြစ်လျက်ရှိ သည်။
    အရှင်ဝီရသူမှ တောင်ကြီးမြို့တွင်း ဟွန်းသံတညံညံဆိုင်ကယ်အစီး ၆၀ ပါဝင်သည့် ယာဉ်တန်းကြီးဖြင့် မလှည့်လည်မီ နှစ်နာရီအလိုတွင် မြို့မဈေးကြီးရှိမွတ်စ်လင်မ်ဆိုင်ရှင်တစ်ဦးဖြစ်သူ ထွန်းထွန်းနိုင်သည် အရောင်းအ၀ယ် ခေတ္တရပ်ဆိုင်ပြီးဖြစ်ကြောင်း ပြောဆိုခဲ့ပေသည်။
    “ ကျွန်တော် တော်တော့်ကို ထိတ်လန့်နေပါပြီ။ မလိုအပ်ဘဲ အပြင်ကိုလုံးဝမထွက်ဖို့ ကလေးတွေကို ကျွန်တော်တို့ မှာကြားပြောဆိုနေရပါတယ် ”။
    ( သာကီထက်ကောင်း )
    The New York Time တွင် ဖော်ပြခဲ့သည့် ၏  Extremism Rises Among Myanmar Buddhists ဆောင်းပါးကို သာကီထက်ကောင်း ဆီလျော်အောင် ဘသာပြန်ဆိုပါသည်။
  • မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေ (စာရေးဆရာ ဦးကျော်ဝင်း သုံးသပ်ချက်)
    U Kyaw win၀င်းဖေမောင် ။ ။ ဆရာ မြန်မာ နိုင်ငံရဲ့ ပကတိအခြေအနေ သုံးသပ်ပေးပါခင်ဗျာ။
    ကျော်ဝင်း ။ ။ Reform က ပြောမယ်ဆိုရင် မြန်တယ်ပေါ့ဗျာ။ မြန်တာက ကောင်းတော့ ကောင်းတယ်ပေါ့။ ဒါပေမယ့် သူနဲ့တွဲပြီးတော့ Institutionalization က လိုက်နိုင်ရင်တော့ ကောင်းတာပေါ့။ အခုဟာ Institutionalization က မလိုက်နိုင်ဘူး။ ဒါကလည်း အပြစ်တင်လို့တော့ မရဘူးပေါ့ဗျာ။ အကြောင်းကြောင်းကြောင့် ခက်တာဗျ။ တဖက်က အထိန်းအကွပ် မရှိဘူးပေါ့ဗျာ။ Institution က အားမရှိဘူးပေါ့ဗျာ။ Liberalization ကလည်း သိပ်ပြီးတော့ သွက်နေတယ်။ Economic Reform က ပွင့်ပွင့်လင်းလင်းပြောရရင် လုပ်တော့ လုပ်နေတာပဲ။ ဒါပေမယ့် သာမန်လူထုအတွက် concert အခုထက်ထိ မထွက် ရသေးဘူး။ လူတွေက အရင်အတိုင်းပဲ။ ဒါပေမယ့် ပြောရေးဆိုခွင့်က များလာတာ။ အဲဒီနှစ်ခုက သိပ်အဟပ်မညီတော့ အချိန်မရွေး ဘရိတ်ပေါက် နိုင်တာပေါ့။ အခုလည်း ခဏခဏ ဖြစ်နေတာ။ အဲလို ပြဿနာတွေ ဖြစ်လာရင်လည်း Institution က အဆင်သင့်ရှိရင် ထိန်းလို့ရတယ်။ အခုမရတော့ လူနဲ့ပဲ ထိန်းနေရတာ။ လူဆိုတာကလည်း ခက်တာက အားလုံးက capacity က သိပ်ပြီးရှိကြတာ မဟုတ်ဘူး။ အကျင့်တွေက အရင်းအတိုင်းဘဲ။ ကြောက်စရာကြီးဗျ။ အချိန်မရွေး ဒါကြီးက ဘရိတ်ပေါက်ပြီးတော့ နောက်ပြန် သွားနိုင်တယ်။ ကျွန်တော်တို့က အဲဒါ စိုးရိမ်တာဘဲ။ ဒီအပြောင်းအလဲလေးကလည်း ကျွန်တော်တို့ တစ်သက်မကြုံဖူးဘူး။ အေးအေးညောင်းညောင်း ရှေ့ဆက်ကျရင် ကောင်းတာပေါ့။ ဒါပေမယ့် အနေအထားက ပြောလို့မရဘူး။
    ကျော်ဝင်း ။ ။ Capacity နိမ့်တယ်လို့ ပြောကြတယ်ပေါ့။ ကျွန်တော်ကတော့ အပြစ်မတင် ပါဘူး။ ကျွန်တော်တို့ဆီမှာ လွှတ်တော်မရှိတာ နှစ်ပေါင်း ၅၀ ကျော်ပြီ။ ကျွန်တော့်အသက်ပဲ ၆၁ ဗျာ။ တော်လှန်ရေးကောင်စီ တက်တုန်းက ကျွန်တော် ဆယ်နှစ်ပဲ ရှိသေးတယ်။ အဓိပ္ပါယ်က ဒီမိုကရေစီ ၁၀ နှစ်သားအရွယ်မီတယ် လို့တောင် ပြောလို့ရတယ်။ ဒီအတွေ့အကြုံတွေ မရှိကြဘူး။ တဖက်က ပညာရေးကလည်း မပြည့်စုံဘူး။ မဆလခေတ်ထဲက သင်ရတဲ့ Political Science က ပညာမှ မဟုတ်တာ။ ၀ါဒဖြန့်ချီရေးပဲ။ ဒီအားနည်းချက်တွေရှိတာ နိမ့်မှာပဲ။ ကျွန်တော်ကတော့ အပြစ်မတင်ပါဘူး။ ပြဿနာတော့ နည်းနည်း ရှိတယ်ပေါ့။ ဆိုးတာက လွှတ်တော်နဲ့ သမ္မတဖြစ်နေတာ။ ဒါကတော့ personal clash ပဲ။
    ကျော်ဝင်း ။ ။ ဦးရွှေမန်းပေါ့ဗျာ။ ဦးခင်အောင်မြင့်တော့ မဟုတ်ပါဘူး။
    ကျော်ဝင်း ။ ။ အမှန်ကတော့ ဖြစ်သင့်တာဗျာ။ သူတို့က တစ်ပါတီထဲကလာတယ်။ တပ်ကနေလည်း လာတယ်။ ဒီလောက်ကြီးတော့ တင်းတင်းမာမာ မရှိသင့်ဘူး ပေါ့ဗျာ။ သဘောထားမှာ တင်းတင်းမာမာ ကွဲစရာအကြောင်းမရှိပါဘူး။ အကြောင်းကြောင်းတွေလဲ ရှိတာပေါ့။ ကျွန်တော်လဲ သေသေချာချာတော့ မသိဘူး။ ဖြစ်နိုင်ချေတွေကတော့ ဦးရွှေမန်းက အထက်ကကိုးဗျ။ အခုတော့ သူ့ဘက်က တစ်မျိုးဖြစ်ချင်ဖြစ်မှာပေါ့။ သူက အောက်ကလည်း ဖြစ်သွားတာ။ အရင် ဦးရွှေမန်းက နံပါတ် ၃ ပဲ။ အဲဒီအောက်မှာ သေသွားတဲ့ ဗိုလ်ချုပ်စိုးဝင်း ရှိသေးတယ်။ ဗိုလ်ချုပ်စိုးဝင်းအောက်မှာ ဦးသိန်းစိန်။ တဆင့်တော့ နိမ့်တယ်။ အပေါ်ရောက်တော့ ဒါကလည်း သူကျေလည်ချင်မှ ကျေလည်မှာပေါ့။ ဒါပဲရှိတယ်။ အဲဒါကြီးကတော့ သိပ်မကောင်းဘူးထင်တယ်။
    ကျော်ဝင်း ။ ။ ဖြစ်နိုင်တာကိုး။ သိပ်ဖြစ်နိုင်တာပေါ့။ အဲဒါ ပြဿနာဗျ။ အခုဟာ ကျွန်တော်တို့က စကတည်းက ၂၀၁၅ အတွက် ပူနေတာ။ ၂၀၁၅ မှာ crisis ဖြစ်နိုင်တယ်။ အခုဟာ ၂၀၁၅ မရောက်ခင်ကို ပူနေရပြီ။ Challenge တွေက များတယ်။ ခုဟာ ပြန်ကြည့်တော့ အပြောင်းအလဲတိုင်း Hard Liner နဲ့ Soft Liner ဆိုပြီးတော့ ရှိတာပေါ့။ သမ္မတက မရှိဘူးပြောတာ။ သူကတော့ ဒီလိုတော့ ပြောရမှာပေါ့။ ဒါပေမယ့် ရှိနိုင်တယ်ဗျ။ တခုတော့ ရှိပါတယ်။ Hard Liner တချို့က အပြောင်းအလဲတစ်ခုလုံးကို စိန်ခေါ်လောက်အောင်ထိတော့ သူတို့အင်အားချင်းက မတူဘူး။ ဘာလို့လဲဆိုတော့ ဒီအပြောင်းအလဲက ဦးသန်းရွှေ စတာ။ ဦးသန်းရွှေ ဆန့်ကျင်လောက်အောင် ဘယ်သူမှ လုပ်ရဲမယ် မထင်ပါဘူး။ အဲဒီတော့ Hard Liner ကလည်း ပြောပလောက်အောင် မရှိဘူး။ ဒါပေမယ့် Conservative တော့ ရှိနိုင်တယ်။ ဘာကွာလည်းဆိုတော့ Hard Liner က အပြောင်းအလဲ တစ်ခုလုံးဆန့်ကျင်တယ်။ Conservative က political reform ပဲ ဆန့်ကျင်တယ်။ ဒါပေမယ့် economic reform ကို ဆန့်ကျင်တဲ့အခါမှာ သူ့ Interest တွေရှိတာကိုး။ အဲဒီလို လူမျိုးတွေ ရှိနိုင်တယ်။ ဒါပေမယ့် သေချာတာက အခုချိန်ထိ Hard Liner ပဲ ပြောပြော Conservative ပဲ ပြောပြော သူတို့က အစိုးရဘက်မှာ အပေါ်စီးရဟန်တော့ မရှိဘူး။ အပေါ်စီးက ဦးသိန်းစိန်ပဲ ရထားတာ။ ဦးသိန်းစိန်ကတော့ ရှားရှားပါးပါး လူကောင်းပေါ့ဗျာ။ ဒါပေမယ့် ဒါကလည်း အပြောင်းအလဲ ဖြစ်သွားနိုင်တယ်။ Challenge တွေ သိပ်များလာရင် ဒီ Hard Liner တွေ အပေါ်စီး ပြန်ရောက်ချင် ရောက်သွားနိုင်တယ်။ မသေချာဘူးပေါ့။ အတိုက်အခံဘက်ကလည်း မထူးဘူး။ Moderate ရှိသလို Militant လည်း ရှိနိုင်တယ်။ ဒါပေမယ့် ခုထိက ကံကောင်းတယ်။ Moderate အုပ်စုက အပေါ်စီးရနေတာ။ သို့သော် မြန်မာပြည်မှာ Militant Trend က ကြီးကြီးမားမားကို ရှိတယ်။ အခြေအနေ မကောင်းလို့ ငုံနေတာ။ သူလည်း အချိန်မရွေး ပြန်လာနိုင်တယ်။ အဲဒီအုပ်စုတွေ အပေါ်စီးရသွားရင် အနာဂတ်က မကောင်းနိုင်ဘူး။ ကျွန်တော်ကတော့ ထင်တယ်။ ဒီနှစ်လည်း ကြုံအုံးမှာဘဲ။ လက်ပံတောင်းလို အလားတူကိစ္စတွေ။ အဲဒါတွေ ဘယ်အချိန် ဘရိတ်ပေါက်မလဲ လန့်နေရတာ။ ထိန်းနိုင်သိမ်းနိုင်ကြရင်တော့ ကောင်းတာပေါ့ဗျာ။ ၂၀၁၅ ကတော့ အဆိုးဆုံးပေါ့ဗျာ။ ၂၀၁၅ မှာ free & fair ဖြစ်မဖြစ် မသေချာဘူးဗျ။
    ကျော်ဝင်း ။ ။ ဘာဖြစ်လို့မသေချာဘူးဆိုတော့ free & fair တကယ်လို့ဖြစ်ခဲ့ရင် NLD Landslide နိုင်မှာပဲ။ ဒါကလည်း By-election အတွေ့အကြုံပဲ။ အဲလို နိုင်သွားရင် အာဏာလွှဲမလွှဲ မသေချာဘူး။ ဘာလို့ မသေချာလည်းဆိုတော့ Constitution ရှိတယ်။ Constitution က ကာလုံပေါ့ဗျာ။ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီပေါ့။ သူက အရေးပေါ် အခြေအနေ ကြေငြာလို့ရတယ်။ ဘာလို့လည်းဆိုတော့ တပ်ကလုပ်ချင် လုပ်လို့ရတယ်။ အဲဒီတော့ နိုင်ပြီးမှ အာဏာမလွှဲရင် သူတို့ နာမည်ပျက်မယ်။ သိက္ခာကျမယ်။ အဲဒါ ညစ်မလား။ ညစ်ရင်လည်း သိက္ခာကျမယ်။ ဒါပေမယ့် ညစ်လိုက်တာက သိက္ခာကျတာ နည်းနည်းတော်အုံးမယ်။ အဲဒီတော့ Larry Diamond တို့က အကြံပေးတာ ရှိတယ်။ Constitution အကုန်လုံး မပြင်နိုင်ရင် အခုလောလောဆယ်မှာ အပေါ်စီးရနေတဲ့ အစိုးရဘက်က ဦးသိန်းစိန်၊ ဒီဘက်က ဒေါ်အောင်ဆန်းစုကြည်တို့ ညှိပါ။ အကုန်းလုံးပြင်ဖို့ မဟုတ်ပါဘူး။ ကာလုံက အရေးပေါ်ကြေငြာလို့ ရတယ်ဆိုတဲ့အချက်ကို ညှိပါ။ ဒါဆို နိုင်ငံရေး crisis ကို ရှောင်နိုင်တယ်ပေါ့။ လက်တွေ့မှာ အဲသလောက် Practical ကျမယ်လို့ မထင်ဘူး။ ဒီအချိန်မှာတော့ ညှိရမယ်မထင်ဘူး။ ဒီအချိန်မှာတော့ Constitution ပြင်ရေးက သိပ်လွယ်မယ်မထင်ဘူး။ အဲဒီတော့ ဒုတိယက အကြံပေးတာ ကတော့ PR လုပ်ပေါ့ဗျာ။ အဲဒါလုပ်ရင် အာဏာသိမ်းနိုင်မယ့် အလားအလာ သိပ်မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက အကုန်လုံးမျှသွားမယ် ဆိုတော့ ဘယ်သူမှလည်း majority နိုင်စရာမရှိတော့ အစိုးရဘက် သိပ်စိုးရိမ်စရာလဲ မရှိဘူး။ အနည်းဆုံး USDP က Strong Opposition အနေနဲ့ ရပ်နိုင်မှာက ကျိန်းသေချင် ကျိန်းသေမှာ။ အခုအနေအထားက free & fair ပေးလိုက်ဆိုရင် Strong Opposition ရချင်မှရမှာ။ NLD ရဲ့ အားက အများကြီးဖြစ်သွား နိုင်တယ်။ ဒီသဘောလေးတွေ ပါကောင်းပါနိုင်တယ်။ အဲဒါဆိုလို့ရှိရင် PR လုပ်တာ အားနည်းချက်က နှစ်ခုရှိတယ်။ တစ်ခုက Extreme အစွန်းရောက် ပါတီမှာလည်း နေရာရသွားနိုင်တယ်။ အထူးသဖြင့် ရခိုင်လို နေရာမျိုးမှာ။ နောက်တစ်ခုက Constitution ပြောင်းရေး။ အခု ပြောင်းရေးမဟုတ်ပါဘူး။ အခွင့်သာရင် ပြောင်းဖို့။ ပြောင်းဖို့မှာ ဘယ်သူမှ Majority မရဘူး။ အဲဒီဟာတွေ တော့ အားနည်းချက်ရှိတယ်။ နောက်ပြီးတော့ NLD လက်ခံနိုင်မှ။ NLD က လက်မခံရင်လည်း ဒေါ်စုကိုယ်တိုင်က Radical ပြန်ရောက်သွားနိုင်တယ်။ NLD က လက်မခံဘူးဆိုတာက သူတို့က သဘောပေါက်တာက Larry Diamond ပြောတာ သူတို့မသိဘူး။ ဦးဝင်းတင်လည်း မသိဘူး။ သူတို့သိတာ ဦးခင်မောင်ဆွေ တင်တာလို့သိတာ။ By-election result ကို မနာလိုမရှုဆိမ့်လို့ ထင်တယ်လို့ ထင်နေတယ်။ ဒီလိုစဉ်းစားရင် သူတို့ တိမ်တယ် (ဒေါ်စုဘေးက လူတွေက) အဲဒီတော့ သူတို့က Object လုပ်ဖို့ရှိတယ်။ အဲဒီ Object ထဲမှာ ဒေါ်စုပါသွားရင် နောက်ထပ် ဒါလည်း crisis တစ်ခုဘဲ။ အဲဒီတော့ ချုပ်လိုက်ရင် PR လုပ်ရင်တော့ အာဏာသိမ်းမယ့် အန္တရာယ်တော့ ကျော်လွှားနိုင်တယ်။ ဒါပေမယ့် ရေရှည်မှာ ခက်သွားမယ်။ ပိုဆိုးတာ NLD လက်မခံလို့ရှိရင် crisis တွေ ဘာတွေပါလာမယ်။ ခက်တာက အခုချိန်ထိ (၂)နှစ်ပဲ ကျန်တော့တယ်။ ဒီ (၂)နှစ်အတွင်းမှာ ဒါကို NLD အပါအ၀င် အတိုက်အခံဘက်က ဘယ်သူမှ တပြေးညီ မရှိကြဘူး။ အစိုးရဘက် ဘယ်လိုတွေ ခြေလှမ်းတွေလည်း ကျွန်တော်တို့ မသိနိုင်ဘူး။ နောက်ထပ် ဖြစ်နိုင်ချေ အလားအလာ တစ်ခုက ဦးရွှေမန်းရဲ့ ခြေလှမ်းတွေ။ သူက ကစားဖို့တော့ ကြိုးစားနေတယ်။ သူကစားဖို့ ကြိုးစားတာက သူက ပထမ နိုင်ဖို့ပေါ့။ မနိုင်ရင် Strong Opposition ဖြစ်ဖို့၊ အဲဒီအတွက်လည်း သူ့ခြေလှမ်းတွေ နည်းနည်းတွက်လို့ရတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ ကိုကိုကြီးကို သိသိသာသာ ပွဲထုတ်တာ တော်တော် ရည်မှန်းချက် ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အပြိုင် figure မွေးတာပေါ့ဗျာ။ အတိုက်အခံ မဲကွဲအောင်လို့ အပြင်ရောက်နေတဲ့ လူ့ဘောင်သစ်ကို တွဲခေါ်သွားတာ။ အဲသလိုမျိုး သူကစားနိုင်လို့ NLD မဲကွဲပြီး Landslide မရဘူး ဆိုရင်တော့် USDP က Strong Opposition ဖြစ်မှာ မဟုတ်ဘူး။ ဒါဆိုလည်း အေးအေးညောင်းညောင်း ပြီးချင်ပြီးသွားမှာ။ အဲဒီတော့ ဘယ်လိုဖြစ်မယ်ဆိုတာ တော့ မသိသေးဘူး။ ကျွန်တော်တို့ ဖြစ်စေချင်တာကတော့ USDP က PR သုံးသုံး မသုံးသုံး ကိုယ့်ဘက်ကတော့ တပ်ပေါင်းစုတော့ လုပ်စေချင်တယ်။ တပ်ပေါင်းစု လုပ်လိုက်ခြင်းအားဖြင့် PR သုံးရင်လည်း တကယ်လို့ ပြင်ဖို့လိုအပ်လို့ ပြင်ခွင့်ရလို့ ပြင်တော့မယ်ဆိုရင် တပ်ပေါင်းစုအနေနဲ့ majority ရနိုင်တယ်။ နောက်အစိုးရပါတီတွေ ၀င်တော့လည်း တပ်ပေါင်းစုနဲ့ ကာရင်တော့ ရနိုင်တယ်။ သို့သော် တပ်ပေါင်းစုလုပ်ဖို့ ဆိုရင်တော့ ဒေါ်စု အပါအ၀င် NLD ပြင်ရလိမ့်မယ်။ By-election တုန်းက ပုံစံလုပ်လို့ မရဘူး။ လူမျိုးစုကိစ္စတွေမှာ ၀င်ပြိုင်တာမှားတယ်။ ကျွန်တော်ကတော့ အဲလိုဘဲမြင်တယ်။ လူမျိုးစုကိစ္စ (၂) နေရာ (၃) နေရာလောက် လွှတ်ပေးလိုက်ပေါ့ဗျာ။ အဲဒီတော့ လူမျိုးစုတွေ သူ့သဘောထား မကောင်းဘူး။ ခုအချိန်မှာ တပ်ပေါင်းစုဖွဲ့ဖို့တောင် နည်းနည်း ခက်နေတာ။ ရနိုင်ပါသေးတယ်။ ဒေါ်စုသာ ဦးဆောင်လို့ရှိရင်။ ဒါပေမယ့် နည်းနည်းတော့ ခက်သွားပြီ။ လူမျိုးစုတွေက သူ့အပေါ် သဘောထား သိပ်မကောင်းချင်ကြဘူး။ သူလည်း မာမာဘဲ ဆိုလို့ရှိရင် အန္တရာယ်ကြီးတယ်။ ဦးခင်မောင်ဆွေတို့ဆို ကိုယ့်လုပ်ဖော်ကိုင်ဖက် တွေပဲဗျာ။ ထောင်ကျဖော် ကျဖက်တွေဘဲ။ ဒီလောက် သဘောထားမတင်းမာသင့်ဘူးလို့ ထင်တယ်။ တစ်ပါတီထဲ မစုနိုင်အောင် တပ်ပေါင်းစုတော့ စုသင့်တယ်။ By-election အတွေ့အကြုံအရဆိုရင် ပါလီမန် အတွေ့အကြုံရှိတာ ကျန်ကောင်းကျန်နိုင်တာ တစ်ယောက်ရှိတာ။ ဦးသုဝေပဲ။ ဒီလိုလူမျိုးကိုတော့ လက်ရှောင်ပေးသင့်တယ်။ အဲသလောက် လောဘကြီးလို့ရှိရင် နိုင်ငံရေးက တပ်ပေါင်းစုနိုင်ငံရေး သွားလို့မရဘူး။ သူ့အဖေ သင်ခန်းစာယူဖို့ ကောင်းတယ်။ သူ့အဖေဆိုရင် ဖဆပလတွေ သွားလို့ရတာပေါ့။ ဒါပေမယ့် ဘေးရောက်နေတဲ့ ဦးဘဖေတို့လို လူမျိုးတောင် ဆွဲခေါ်တာ။ စုနိုင်သမျှ အင်အားစုကို စုစည်းရဖို့ဆိုရင် မမြင်ဘူး။ ဒါမျိုးသိပ်မရှိဘူး။ အဲဒါလည်း ခွကျတယ်။
    ကျော်ဝင်း ။ ။ အဲဒီမှာ ပြဿနာက သူနဲ့ ဦးသိန်းစိန်ရဲ့ ပဋိပက္ခက သူတို့ရပ်တန်းက မရပ်နိုင်ရင် USDP နှစ်ခြမ်းကွဲမှာ။ နှစ်ခြမ်းကွဲရင်တော့ NLD ဘက်က နည်းနည်း ကောင်းသွားမျာ။ ခုအတိုင်းကတော့ သူတို့ ဘရိတ်မအုပ်ကြဘူးဗျ။ USDP နှစ်ခြမ်းကွဲမလား (သို့) ဦးသိန်းစိန် ထွက်မလား။ ဒါလည်း မသေချာဘူး။ တပ်ပေါင်းစုသာ သွားနိုင်မှ ဖြစ်မှာ နို့မဟုတ်လို့ရှိရင် NLD ကို check and Balance လုပ်နိုင်တဲ့သူ မရှိဘူး။ မရှိတော့ သူလည်း မကောင်းဘူး။ ပါတီငယ်လေးတွေကလည်း Marginalize ဖြစ်မယ့် အန္တရာယ်လည်းရှိတယ်။ By-election အတွေ့အကြုံအရ ကျွန်တော်ကတော့ တပ်ပေါင်းစုပဲ သွားစေချင်တယ်။ ပါတီတစ်ခုချင်းတော့ သိပ်မပြောချင်ဘူးဗျ။ NLD ကစပြီး ပါတီတိုင်းမှာ အားနည်းတယ်။ ဒါလည်း သဘာဝကျပါတယ်။ Institution က နိုင်ငံတော်မှာတင် မဟုတ်ဘူး။ ပါတီမှာလည်း လိုတယ်။ ပါတီ Institution ဟိုတုန်းကစကားနဲ့ ပြောမယ်ဆိုရင် လက်ဝဲဘာသာစကားပေါ့ဗျာ။ ပါတီ တည်ဆောက်ရေး ဘယ်ပါတီလုပ်နိုင်လို့တုန်း။ လုပ်ရကောင်းမှန်းကို မသိကြတာ။ ခက်တော့ခက်တယ်ဗျ။
    ကျော်ဝင်း ။ ။ ဟုတ်တာပေါ့။ ကောင်းသွားနိုင်တယ်။ ပြီးတော့မှ USDP နဲ့ အပေးအယူ လုပ်ပေါ့ဗျာ။ USDP နဲ့ deal ကိုတော့ လုပ်ရမှာပဲ။ တဖက်သတ် ကန့်လန့်ချလို့ တော့ မရဘူး။ deal လုပ်ဆိုတာတော့ တပ်ကိစ္စ။ တပ်ကလည်း အဆောတလျင် တပ်သုတ်ရိုက်မလုပ်နဲ့ဗျ။ ပြီးတော့ တပ်ကရှိနေတာ မြန်မာပြည်မှာ ပြည်တွင်းစစ် အခံလဲရှိတယ်။ အဲဒီ ပြည်တွင်းစစ်က တပ်ဖက်ကစဉ်းစားရင် မှန်သလောက်မှန်တယ်။ ဗကပ မရှိတော့တဲ့နောက် လူမျိုးစု လက်နက်ကိုင် အားလုံးပေါင်းရင် တစ်သိန်းကျော်တယ်။ လူဦးရေ အချိုးအစားနဲ့ တွက်လို့ရှိရင် မြန်မာပြည်က သူပုန်အများဆုံး။ ဒီအနေအထားအောက်မှာ စစ်တပ်က လုံခြုံရေးကြီးတော့ မစဉ်းစားနဲ့။ ဒီလိုအခြေအနေမျိုးမှာ တပ်ကို ဘားတိုက်ပြန်တော့ ပြောရင် ဘယ်သူမှလက်ခံနိုင်မှာ မဟုတ်ဘူး။ တကယ့် လက်တွေ့မှာလည်း တပ်ဘားတိုက်ပြန်လို့ရှိရင် မြန်မာပြည်ဟာ အစိပ်စိပ် အမွှာမွှာ ကွဲကုန်နိုင်တယ်။ ဘောလ်ကန်နိုက်ဇေးရှင်း အန္တရာယ် တိုးနိုင်တယ်။ တို့လူမျိုးစုတွေရဲ့ အစွဲအလန်းနဲ့ တင်းမာမှုနဲ့ဆို ပြောလို့မရဘူး။ အဲဒီတော့ ပြည်တွင်းစစ်ရပ်စဲရေး မရသေးခင်တော့ အလားအလာ မရှိသေးခင်တော့ တပ်က လုပ်လု့ရမယ်ထင်တယ်။ မရတဲ့အတူတော့ မလုပ်ဘဲနဲ့ တပ်ကို တတ်နိုင်သလောက် minimize လုပ်ဖို့လိုတယ်။ Demilitarize လုပ်ရမှာဘဲ။ ဒါလည်း ပါးပါးနပ်နပ်မှ။ ဒါပေမယ့် အဲဒီပါးနပ်မှုက ဒေါ်စု ရှိမယ်ထင်တယ်။ ဒေါ်စု လွှတ်တော်ထဲဝင်ပြီး နောက်ပိုင်း အရင်ဒေါ်စုနဲ့ မတူတော့ဘူး။ အများကြီး ပျော့ပျော့ပြောင်းပြောင်း ဖြစ်သွားတယ်။ အများကြီး ပြောင်းသွားတယ်။ ဒါလိုအပ်ပါတယ်။ ဒါကြောင့်လည်း ဒေါ်စုကို ဘာနဲ့မှ အစားထိုးလို့ မရတာ။ ကျွန်တော်တို့ဆီမှာ အစဉ်အလာ ခေါင်းဆောင်အားလုံးက အနည်းနဲ့အများ လက်ဝဲသြဇာကြီးတယ်။ Radical ဘက်ကိုဖြစ်တယ်။ ပြီးတော့ Democratic နဲ့ ways of thinking နဲ့ သိပ်ပြီးတော့မကိုက်ဘူး။ Liberal Minded မရှိဘူး။ ရှားရှားပါးပါး ဒေါ်စုတစ်ယောက်ပဲရှိတာ။ ဒါကလည်း ဒေါ်စု ပညာရေး ကောင်းခဲ့လို့ သူ့နေရာကို ဘယ်သူမှ အစားထိုးလို့မရဘူး။ သူတောင်မှ Radical အငွေ့အသက်တွေက သိပ်ကင်းတာမှ မဟုတ်ပဲ။ အခုနောက်ပိုင်းမှသာ ကျွန်တော်တို့လူထုရဲ့ အခံကလည်း Radical အခံကြီးတယ်။ လက်ဝဲသြဇာ ကလည်း ကြီးတယ်။ လက်ဝဲကို ကွန်မြူနစ်ဆန့်ကျင်ရေးသမားလို့ ကိုယ့်ကိုကိုယ် ထင်တဲ့လူကိုက စဉ်းစားတော့ လက်ဝဲ ways of thinking ထဲက မထွက်ဘူး။ ဒါတွေကလည်း ပြဿနာပဲ။ ဒါကြောင့် အခု ဒေါ်အောင်ဆန်းစုကြည် ကျယ်ကျယ်ပြန့်ပြန့် ခြေခြေမြစ်မြစ်ပြောတော့ သူ့ကို လူအကြိုက် သိပ်မများတော့ဘူး။
    ကျော်ဝင်း ။ ။ အားနည်းချက်ကတော့ သူလည်းပဲ မြင်တာပါပဲ။ ပွင့်ပွင့်လင်းလင်းပြောရင် မဟာဗျူဟာ သိပ်မရှိဘူးလို့ ထင်တယ်ဗျာ။ ဒါပေမယ့် သူ့မျာက Liberal Minded ရှိတာလေးပဲသိတယ်။ နိုင်ငံရေးမှာတော့ မဟာဗျူဟာမြောက် စဉ်းစားတာမျိုးတော့ နည်းတယ်ဗျ။ ဒါလည်း သဘာဝကျတယ်။ သူနိုင်ငံရေးမှ မလုပ်ဖူးတာ။ သူ့အနေနဲ့ အဲဒါတွေ ကွာတာကိုး။
    ကျော်ဝင်း ။ ။ မရဘူးဗျ။ သူလုပ်နေတာ ယေဘုယျအားဖြင့် လမ်းကြောင်းမှန်လို့ ပြောလို့ရတယ်။ ဒါပေမယ့် အားလုံးက capacity နိမ့်နေကြတယ်။ အချိန်ယူရမှာ ပဲ။ Gradual နဲ့ပဲသွားလို့ရမယ်။ မြန်မြန်ဆန်ဆန် လုပ်လို့မရဘူး။ ဦးသိန်းစိန် ကလည်း တပ်ကဆိုတော့ တပ်အစွဲရှိတယ်။ တပ်က တပ်အချင်းချင်းပဲ ယုံတာ။ အပြင်လူကို မယုံဘူး။ အဲဒီတော့ နိုင်ငံရေးအကြံပေးခေါ်လို့ရရှိရင် တပ်ကပဲ ခေါ်တာ။ အပြင်လူမပါဘူး။ စီးပွားရေးအကြံပေးတော့ အပြင်လူပါတယ်။ နောက်ထပ် အရေးကြီးတာတစ်ခုက conservative တွေရှိတာ။ conservative တွေကို တည့်တည့်ပြောရမယ်ဆိုရင် အစိုးရအဖွဲ့နဲ့ လွှတ်တော်ထဲမှာ သိပ်မရှိဘူး။ ပြီးတော့ ဦးရွှေမန်းကိုယ်တိုင်ကိုက သူ့မှာ interests တွေ အများကြီးရှိတယ်။ အဲဒါ စီးပွားရေးပြုပြင် ပြောင်းလဲမှုရဲ့ အကြီးဆုံး အဟန့်အတားဖြစ်နိုင်တယ်။ အဲဒါ သမ္မတအတွက် တကယ့်စိန်ခေါ်မှုပဲ။ နောက်ပြီးတော့ ကာလုံကို ဗိုလ်ချုပ်မှူးကြီးဦးသန်းရွှေ ကိုယ်တိုင်ခန့်ထားတာ။ သူကတော့ အာဏာသိမ်းချင်တောင်မှ သူ့သဘောနဲ့သူ သိမ်းဖို့သိပ်မလွယ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက သိပ်ဝါနုတာကိုး။ ပြီးတော့ သူကသူ့တပ်ကို မကိုင်နိုင်တဲ့ လူတွေရှိတယ်။ လူဝတ်လဲထားတဲ့ လူတွေရှိတယ်။ အဲဒီလူတွေ (Hard Liners) တွေက အများကြီးပဲ။ အဲဒီလူတွေက ဦးရွှေမန်းဘက်ကလူတွေ ဖြစ်နေတာ။ ဒီပြဿနာကတော့ အကြီးကြီးပဲ။ ဒါပေမယ့် မှန်းဆကြည့်တာ သမ္မတနဲ့ ကာလုံနဲ့ကတော့ အသွင်းချင်းကတူတယ်။ အဲဒီ Power struggle ကလည်း ကြောက်ရတယ်။ ဒါပေမယ့် ဦးရွှေမန်းက နိုင်ငံရေး ကစားချင်တဲ့ သဘောရှိတယ်။ ကစားသွားရင် သိပ်မစိုးရိမ်တော့ဘူး။ အာဏာက ဘယ်သူရရ စိတ်မ၀င်စားတော့ဘူး။ ဒါပေမယ့် တိုင်းပြည်နောက်ကြောင်းမပြန်ရင် တော်တာပဲ။ ကစားတာ အောင်မြင်ရင်တော့ သူ့ကို အားပြန်ကိုးရတာပေါ့။ သူ့ကြည့်ရတာတော့ ပြန်အာဏာသိမ်းချင်တဲ့ပုံစံ မတွေ့ရဘူး။ ဒါပေမယ့် သူ့နောက်က လူတွေအားလုံးက လက်ယားနေတာကြာပြီ။ ဒီလူတွေကတော့ ပြောမရဘူး။ စစ်တပ်ဆိုတဲ့သဘာဝက ကိုယ်ကပဲ အနိုင်ယူချင်တာပေါ့။ အခုဟာ သမ္မတကရော ကာကွယ်ရေးဦးစီးချုပ်ကရော မတိုက်နဲ့ဆိုတော့ အကျအဆုံးက တော်တော်များတယ်။ အဲဒါလည်း ဘရိတ်ပေါက် သွားနိုင်တယ်။
    https://www.facebook.com/winpemaung19/posts/10151497980439227 မှာ ကူးယူဖော်ပြပါသည်။