News @ M-Media

Author: M-Media

  • တွံ့တေးတွင် အစ္စလာမ်ဘာသာဝင် အယောင်ဆောင်ပြီး ဘာသာရေး လှုံဆော်ရန်စမှု ဖြစ်ပွား

    တွံ့တေးတွင် အစ္စလာမ်ဘာသာဝင် အယောင်ဆောင်ပြီး ဘာသာရေး လှုံဆော်ရန်စမှု ဖြစ်ပွား

    ဇွန်လ ၆၊ ၂၀၁၃
    M-Media
    ဆုံမှတ်

    ရန်ကုန် ။ ။ ရန်ကုန်တိုင်း၊ တွံ့တေးမြို့နယ်တွင် ဘာသာတစ်ခုနှင့်တစ်ခုအကြား အထင်အမြင်လွဲမှားပြီး အကြမ်းဖက်မှုဖြစ်ပေါ်လာစေရန် လှုံ့ဆော် ရန်စပြီး မိမိကိုယ်ကို အစ္စလာမ်ဘာသာဝင် တစ်ယောက်ပါဟု လိမ်ညာပြောဆိုခဲ့မှုတစ်ခု ဇွန်လ(၄)ရက်ညက ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

    ဖြစ်ပွားပုံမှာ ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ အိုးဘို အရှေ့ရပ်ကွက်၊ သာဓု(၁)လမ်းတွင် ဟိန္ဒူဗုဒ္ဓဘာသာဝင် အမျိုးသားတစ်ဦး ဖြစ်သော အသက် (၃၀)ကျော်အရွယ်ရှိ ဦးလှဝင်း(ခ)ရာန်ဆာမိ မှ ဇွန်လ ၄-ရက်နေ့ ည(၁၀)နာရီ ၀န်းကျင်ခန့်တွင် တစ်ဘာသာနှင့် တစ်ဘာသာ ချစ်ခင်လေးစားမူကို ပျက်ပြားစေကာ အထင်မြင်လွဲမှားပြီး အကြမ်းဖက်မှု ဖြစ်ပေါ်လာအောင် လှုံဆော် ရန်စသော အပြောအဆို အသုံးအနှုန်းသုံးကာ ပြဿနာရှာခဲ့ပြီး ရဲစခန်း၌ မိမိကိုယ်မိမိ အစ္စလာမ်ဘာသာဝင်တစ်ယောက်ပါဟု လိမ်ညာထွက်ဆိုခဲ့ကြောင်း သိရသည်။

    အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသခံတစ်ဦးအား ဆက်သွယ်မေးမြန်းရာ ” အိုးဘို သာဓု (၁)လမ်းမှာ ဘယ်ကနေပြောင်းလာတဲ့ သူတွေတော့ မသိဘူး၊ သေချာတာကတော့ ကျွန်တော်တို့ မြို့က မဟုတ်ဘူး၊ ကျွန်တော်တို့ မြို့က ကျဉ်းတော့ တစ်ယောက်နဲ့ တစ်ယောက် ဘယ်သူဘယ်ဝါရဲ့ သားသမီးဆိုပြီး အကုန်လုံး သိကြတယ်၊ ၁၀-ရက်နေ့ညက ကိုလှဝင်းက သူ့မိန်းမနဲ့ သူတို့လင်မယားချင်း စကားများ ရန်ဖြစ်ကြတယ်။ ရန်ဖြစ်ပြီးတော့ သူက လမ်းအပြင်ဘက် ထွက်လာပြီး ၉၆၉ ခွေးတွေ၊ ဘာညာ ဆိုပြီး ညစ်ညစ်ငြမ်းငြမ်း ဆဲတယ်လို့ သိရတယ်၊ အဲဒီမှာ သူ့ကို လူအယောက် တစ်ရာလောက် ၀ိုင်းလာပြီး ရိုက်မယ်၊ ထုမယ်၊ လုပ်တဲ့အချိန်မှာပဲ ရပ်ကွက် အုပ်ချုပ်ရေးမှူးရောက်လာပြီး နောက်ဆုတ်ပေးပါလို့ လူအုပ်ကြီးကို တားတယ်။ ပြီးတော့ ရဲစခန်းကို ခေါ်သွားတယ်။

    တွံ့တေးမြို့နယ် ရဲစခန်းရောက်တော့ အဲဒီ့ ဦးလှဝင်းဆိုတဲ့ လူက သူကိုယ်သူ အစ္စလာမ်ဘာသာဝင် တစ်ယောက်ပါလို့ ပြောတယ်။ အဲဒါကို ကြားတော့ မြို့က အစ္စလာမ်ဘာသာဝင် တစ်ယောက်၊ နှစ်ယောက်က ရဲစခန်းကို သွားရောက်ပြီး အဲဒီ့လူကို တွေ့ခွင့်ပေးပါလို့ ခွင့်တောင်းပြီး ဖြေရှင်းပေးဖို့ သွားတယ်။ အဲဒီ့ မြို့က အစ္စလာမ် ဘာသာဝင်က ဘာလို့ အဲလိုလုပ်ရတာလည်းလို့ ဆဲဆိုရန်စသူကို မေးကြည့်မယ်ဆိုပြီး သွားတာလို့ သိရပါတယ်၊ သူပြောရင် သူ့အပြစ်လုပ်ရင် ကိုယ်ဘာသာခံရမယ်ပေါ့၊ အဲဒီလူကို သွားရောက်မေးမြန်းတဲ့ သူက ‘မင်းဘာလို့ အဲလိုလုပ်တာလဲ၊ မင်းနဲ့ ဘယ်လို ပတ်သက်လို့လဲ၊ ရန်စရှိလို့လားလို့ မေးတယ်၊ အဲဒီလူက ကျွန်တော်နဲ့ ဘာမှ မပတ်သက်ပါဘူးတဲ့၊ ဒါဆို ဘာလို့ ၉၆၉ ဆိုတာကို ကိုင်ပြီး ဆဲရတာလဲ၊ ကိုယ့်မိန်းမနဲ့ကိုယ်ရန်ဖြစ်တာ အိမ်မှာ မိန်းမကို ဆဲချင်ဆဲပေါ့၊ ဘာလို့ အပြင်က မဆိုင်တဲ့ သူများတွေကို ဆဲရတာလဲ လို့ပြောတယ်။ အဲဒီလူက ကျွန်တော်လည်း ဘာဖြစ်သွားမှန်းမသိဘူး၊ ဘယ်လိုပြောရမှန်း မသိတော့ပါဘူး လို့ပြန်ပြောတယ် လို့အပြန်အလှန်စကားပြောကြတယ်။

    အဲဒီမှာ သွားတွေ့တဲ့ ပုဂ္ဂိုလ်က မသင်္ကာဖြစ်လာတယ်။ သူ့မှာလည်း ဘာသာပေါင်းစုံက မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းစုံတယ်။ အဲဒီလူရဲ့ လေသံတွေကလည်း မွတ်စလင်မ် တစ်ယောက်ရဲ့ ပြောဆိုနေကြ အသံမဟုတ်ဘူး။ အဲဒီမှာ မင်း အာအုဒုလိလ္လာ ဗစ္စမိလ္လာဟ် ဖတ် ဆိုတော့ သူက ‘ အန် ‘တဲ့၊ ဖတ်ခိုင်းတော့ မဖတ်တတ် ဖြစ်နေတယ်၊ အဲဒါနဲ့ ကျွန်တော်က ကလီမာ(အစ္စလာမ်ဘာသာဖြစ်ရန် သက်သေယုံကြည့်ချက်) ထပ်ဖတ်ခိုင်းတယ်၊ မဖတ်နိုင်ဘူး ဖြစ်နေတယ်၊ သူရဲ့ အာရဗီ နာမည် ကဘာလဲ ဆိုတော့ ရာန်ဆာမိ လို့ ပြန်ဖြေတယ်လို့ သိရတယ်။ ဒါနဲ့ သွားတွေ့တဲ့ ပုဂ္ဂိုလ်က ဒီနာမည်က အာရဗီနာမည်မှ မဟုတ်တာ၊ ဟိန္ဒူ နာမည်ကြီးပဲလို့ ပြန်ပြောတယ်လို့ သိရတယ်၊ အဲဒါနဲ့ အဲဒီလူက မင်းကွာ ဘာလို့ တဖက်သားကို ဘာလို့ အဲလိုလုပ်တာလည်း။ မင်းကြောင့် အပြစ်မရှိတဲ့ သူတွေအားလုံး ဒုက္ခရောက်သွားနိုင်တယ်။ အမှန်အတိုင်းပြောပါကွာ လိမ်လည်တာ မကောင်းပါဘူး။ အမှုလည်း ပိုကြီးသွားလိမ့်မယ်လို့ပြောတယ်။ အဲဒီတော့မှ ဦးလှဝင်းဆိုသူက ဟုတ်ပါတယ်ခင်ဗျား၊ ကျွန်တော့်ကို ခွင့်လွှတ်ပါ၊ ကျွန်တော်က ဟိန္ဒူ ဗုဒ္ဓဘာသာပါလို့ ပြန်ပြောတယ်လို့ သိရပါတယ်၊ သူ့ကို အရင်က ဘယ်မှာနေတာလဲဆိုပြီးမေးတော့ ကျွန်တော် အရင်က လှိုင်သာယာမှာနေတာပါ၊ ဒီကို ဘာလာလုပ်တာလည်းဆိုတော့ အဲဒီလူက သူဒီမှာ ပေ-၄၀ ပေ-၆၀ မြေကွက် ၀ယ်ထားတယ်။ အဲဒါနဲ့ လာနေတာတဲ့။ သူ့ကို မနက်က ထမင်းလာပို့တဲ့သူတွေကတော့ ဒီမြို့က မျက်နှာသိတွေပဲလို့ ပြောတယ်။

    ထူးထူးခြားခြားအနေနဲ့ ကျွန်တော်တို့ မြို့မှာ ဒီနေ့ မနက်က မြို့က မဟုတ်တဲ့ တစိမ်း ဟိန္ဒူ ဗုဒ္ဓဘာသာတစ်ယောက် ထပ်ရောက်နေတာကို ကျွန်တော်ကိုယ်တိုင် သတိထားပြီး တွေ့မြင်ရပါတယ်၊ ဒါနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့က စစ်တပ်ကိုလည်း သတင်းပို့ထားတယ်၊ ရဲစခန်းကိုရော၊ မယက ကိုရော ကျွန်တော်တို့ အကြောင်းကြားထားပါတယ်”ဟု ပြောပြလာပါတယ်။

    ယခုတလော မြန်မာနိုင်ငံရဲ့ မြို့တော်တော်များများမှာ မိမိဒေသခံမဟုတ်ပဲ အခြားဒေသမှရောက်ရှိလာသူနေများအနေနှင့် မြို့ရွာအတွင်း ပြဿနာများဖြစ်ပွားအောင် လှုံ့ဆော်ဖန်တီးနေမှုများ များစွာကြားသိတွေ့ရှိနေရပါတယ်။ ဒါကြောင့် မိမိရပ်ရွာ ဒေသအတွင်း အကြမ်းဖက်ရန် လှုံ့ဆော်မှုများ မဖြစ်ပေါ်လာစေရေးအတွက် ၀ိုင်းဝန်း ကြိုးပမ်းသင့်ကြောင်း သုံးသပ်လိုက်ရပါတယ်။

  • ဇွန် ၆-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    ဇွန် ၆-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    ဇွန် ၆၊ ၂၀၁၃
    M-Media

    အီရန်နိုင်ငံသူ သိပ္ပံပညာရှင် တစ်ဦး UNESCO လူငယ် သိပ္ပံပညာရှင်ဆုကို ဆွတ်ခူးရရှိ

    သက်ရှိများမျိုးမတုံးစေရန် ကာကွယ်စောင့်ရှောက်သည့် ဇီ၀၀န်းကျင်ရေရှည် ထိန်းသိမ်းရေး စီမံခန့်ခွဲမှု (Management of Biosphere Reserve) ၌   ထူးချွန်စွာစွမ်းဆောင်ပေးဆပ်နိုင်မှုများကြောင့် အီရန်နိုင်ငံသူ သိပ္ပံပညာရှင်တစ်ဦးအား ၂၀၁၃ UNESCO လူငယ်သိပ္ပံပညာရှင်ဆုအားပေးအပ်ခဲ့သည်။

    Read More

    ———————

    ကိုရီးယား နှစ်နိုင်ငံ ပြန်လည် ဆွေးနွေးမည် SEOUL, South Korea (AP)

    တောင် နှင့် မြောက် ကိုရီးယား နှစ်နိုင်ငံသည် အကျိုးတူ ပူးတွဲ လုပ်ဆောင်သည့် စက်ရုံများ ပြန်လည် ဖွင့်လှစ်ရန် နှင့် အခြားကိစ္စများကို ဆွေးနွေးရန် အင်္ဂါနေ့က သဘောတူခဲ့သည်။
    Read More
    ——————————-
    အမေရိကန်နိုင်ငံ၊၊ ဖီလားဒဲလ်ဖီးယားမြို့ တွင် အဆောက်အဦးပြိုကျ

    အမေရိကန်နိုင်ငံ၊ ဖီလာဒဲလ်ဖီးယားမြို့ တွင် ၄ ထပ် အဆောက်အအုံ တခုပြိုကျခဲ့ရာ  အနည်းဆုံး လူ ခြောက်ဦးသေဆုံး၍ ၁၄ဦးဒါဏ်ရာရရှိခဲ့သည်။

    Read More
    ——————————-
    အာဖဂန်အရပ်သား ၁၆ဦးကို သတ်ခဲ့သော အမေရိကန် စစ်သား သေဒဏ်မှ လွတ်မြောက်

    ၂၀၁၁ ခုနှစ် မတ်လ က အာဖဂန်မှ အရပ်သား ၁၆ ဦးကို ပစ်သတ်ခဲ့သည့် အမှုအတွက် သေဒဏ် ချမှတ်ခံထားရသော အသက် ၃၉ နှစ် အရွယ်ရှိ အမေရိကန် စစ်သား Robert Bales ကို တရားရုံးမှ ၎င်း၏ အယူခံကို လက်ခံ၍ ပြစ်ဒါဏ်ကို လျှော့ပေါ့ပေးလိုက်ကြောင်းသိရသည်။

    Read More
    ——————————-
    ဂါနာနိုင်ငံတွင် တရားမဝင် ရွှေတူးသူ တရုတ်လူမျိုးများကို ဖမ်းဆီး

    ဂါနာနိုင်ငံတွင်  တရားမဝင် ရွှေတူးသူ များကို ဖမ်းဆီးရာတွင် တရုတ်လူမျိုး ၁၂၄ ပါဝင်သည်ဟုဆိုသည်။
    Read More
    ——————————-
    ဂျပန် နျူကလီးယားဓါတ်ပေါင်းဖို ယိုစိမ့်မှုဖြစ်

    ၂၀၁၁ မတ်လက ဆူနာမိရေလှိုင်းဒါဏ်ကြောင့်ပျက်စီးခဲ့ရသော ဖူကူရှီးမား နျူကလီးယားဓါတ်ပေါင်းဖို တွင် ယခင်လက တပ်ဆင်ခဲ့သော ရေဒီယို ဓါတ်ကြွ ရေလှောင်ကန်မှ ယိုစိမ့်နေသဖြင့် ချွတ်ယွင်းမှုကို အမြန်ဆုံး အဖြေရှာလျက်ရှိသည်။
    Read More

  • ဘယ်ရွေးကောက်ပွဲ ပုံစံကို ရွေးကြမလဲ

    ဇွန် ၅ ၊ ၂၀၁၃
    ဆောင်းပါးရှင်-အောင်တင်

    vote
    PR (Proportional Representation) ရွေးကောက်ပွဲစနစ်ဆိုတာ တစ်နိုင်ငံလုံးက မဲပေးပွဲတွေ အကုန်ပြီးလို့ ပါတီအလိုက်ရတဲ့ မဲတွေစုစုပေါင်းကို မဲဆန္ဒနယ်မြေတွေ အားလုံးပေါင်းစည်း တွက်ချက်ပြီးမှ ပါတီတစ်ခုချင်းက ရထားတဲ့ စုစုပေါင်း မဲအချိုးအလိုက် အမတ်ခွဲတမ်း ချပေးတဲ့စနစ်ဖြစ်တယ်။ ပါတီတွေက မိမိရတဲ့ အမတ်ဦးရေအလိုက် မိမိပါတီသဘောကျ အမတ်အမည်စာရင်းကို အပြီးသတ် ရွေးချယ်တဲ့စနစ်ရှိသလို၊ မိမိပါတီတွင်းက လူထုထောက်ခံမဲ ပိုရသူတွေကိုသာ သက်ဆိုင်ရာ ပါတီရဲ့ ခွဲတမ်းဘောင်အတွင်းက ပေးအပ်တာမျိုးလည်း ရှိပါတယ်။ စနစ်ဟောင်းလို မဲပေးပြီးတာနဲ့ အနိုင်ရသူ ဦးဖြူ ဦးနီဆိုပြီး ချက်ချင်းမသိနိုင်လို့ အားရစရာ မကောင်းဘူးလို့ ဆိုနိုင်ပါတယ်။

    PR စနစ်သစ်ကို မြန်မာပြည်သူတွေ အတွေ့အကြုံ မရှိသေးတဲ့အတွက် ရှုပ်ထွေးတယ်လို့ ပြောကြပေမဲ့ တစ်ကယ်တော့ မဲပေးရတဲ့ ပြည်သူတွေအဖို့က မဲပေးတဲ့အခါမှာ ရှုပ်ထွေးစရာ အကြောင်းမရှိပါဘူး။ စနစ်ဟောင်းအတိုင်းဘဲ ကိုယ်ကြိုက်တဲ့ ပါတီ (သို့မဟုတ်) ကိုယ်ကြိုက်တဲ့လူ (ပါတီအမည်နဲ့ တွဲထားပေးတယ်)ကိုဘဲ မဲခြစ်လိုက်ရတာပါဘဲ။ ထူးခြားတာက စနစ်ဟောင်းလို ဒီမဲရုံမှာ မဲနိုင်တိုင်း အမတ်တန်းမဖြစ်တာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးက မဲတွေပေါင်းပြီးမှ မဲရတဲ့ရာခိုင်နှုံးအရ အမတ်ခွဲတန်းရတာမို့ မဲဆန္ဒနယ်မြေတစ်ခုမှာ နိုင်လိုက်တိုင်း အမတ် ချက်ချင်းမဖြစ်ပါဘူး။ PR စနစ်ကို တိုင်းပြည်တွေရဲ့ အခြေအနေအလိုက် အနည်းငယ်ခြားနားပြီး ကျင့်သုံးတာမျိုးလည်း ရှိပေမဲ့ အခြေခံသဘောက အတူတူဖြစ်ပါတယ်။

    လက်ရှိကျင့်သုံးနေတဲ့ BV (Bloc Voting or Winner Takes All) ရွေးကောက်ပွဲစနစ်က မဲဆန္ဒနယ်မြေမှာ တစ်မဲအသာနဲ့ဘဲ နိုင်နိုင် နိုင်တဲ့လူကို ချက်ချင်းရွေးချယ်လိုက်တဲ့ ရွေးကောက်ပွဲစနစ် ဖြစ်ပါတယ်။ မြန်မာပြည်သူတွေ ကျင့်သားရတဲ့ စနစ်ဖြစ်ပါတယ်။ နိုင် ပြုံး၊ ရှုံး မှိုင်၊ ရော့ ပတ္တမြား၊ ရော့ နဂါးစနစ်ဖြစ်တယ်။

    ဘယ်စနစ်မဆို အားသာချက် အားနဲချက်ရှိတတ်တာမို့ အသစ်ပုံစံဖြစ်တဲ့ PR စနစ်သစ်ကို သုံးသုံး၊ လက်ရှိကျင့်သုံးနေတဲ့ BV စနစ်ဟောင်းကို သုံးသုံး အကျိုး အပြစ်၊ အားသာချက်၊ အားနဲချက်က နှစ်မျိုးလုံးမှာ ရှိပါတယ်။ အကျိုးချည်းဘဲ ရှိတဲ့စနစ်၊ အပြစ်ချည်းဘဲ ရှိတဲ့စနစ်ဆိုတာ လောကမှာ မရှိစကောင်းပါဘူး။ ရောဂါပျောက်အောင် သောက်တဲ့ဆေးမှာတောင် ဘေးထွက် ဆိုးကျိုးဆိုတာ ရှိနေတတ်ပါတယ်။

    သို့သော် ဘယ်စနစ်ကို ကြိုက်သလဲဆိုတာက ဘယ်စနစ်ကို သုံးရင် ကိုယ့်ပါတီက ပိုအကျိုးရှိမလဲဆိုတဲ့ ပေတံနဲ့ တိုင်းပြီး နိုင်ငံရေးပါတီတွေက ကြိုက်တယ်၊ မကြိုက်ဘူးပြောကြတာကိုး။ ဒါကြောင့် ပါတီအသီးသီးက မိမိအကျိုးစီးပွါးအလိုက် ကြိုက်သူရှိသလို မကြိုက်သူရှိကြမှာပါ။ တစ်ကယ်တော့ နိုင်ငံရေး ပြသနာဆိုတာ အရင်းစစ်ရင် အကျိုးစီးပွါး ပြသနာကို လူကြားကောင်းအောင် နိုင်ငံရေးဆိုတဲ့ နာမည်လှလှလေး ပေးထားတာဘဲ မဟုတ်ပါလား။ လူထုအကျိုးစီးပွါး ကြည့်တဲ့ပါတီရဲ့ မြင်ပုံနဲ့ လူတစ်စုအကျိုးစီးပွါး ကြည့်တဲ့ပါတီရဲ့ မြင်ပုံ တူနိုင်ပါ့မလား။

    ယနေ့ပြောနေကြတဲ့ ရွေးကောက်ပွဲ စနစ်သစ်PR အကြောင်းကို နားလည်လွယ်အောင် ဥပမာပေးကြည့်ချင်ပါတယ်။ တစ်ကယ်လို့ PR စနစ်သစ်ကိုသာ ၁၉၉၀ရွေးကောက်ပွဲမှာ ကျင့်သုံးခဲ့မယ်ဆိုရင် အင်အယ်လ်ဒီက အမတ်နေရာ ၈၂%ကို ရခဲ့မှာ မဟုတ်ဘူး။ သူ့နောက်က လူထုထောက်ခံမဲ အရေအတွက် ကပ်လိုက်နေတဲ့ တစညကလည်း လူထုထောက်ခံမဲ ရသလောက် အမတ်နေရာ ခွဲတမ်းရမှာမို့ အင်အယ်လ်ဒီက အမတ် ၄၅%သာ ရပြီး (၈၂% မရတော့ဘူး။) ရွေးကောက်ပွဲ စနစ်ဟောင်းအရ မဲအပြတ်ရှုံးနေတဲ့ တစညက ရွေးကောက်ပွဲ စနစ်သစ်မှာ အမတ် ၃၅% ရသွားနိုင်တဲ့အတွက် အပြတ်ရှုံးမဲ့အစား အင်အယ်လ်ဒီကို ပုခုန်းချင်း ယှဉ်နိုင်မယ်လို့ အကြမ်းဖျဉ်းပြောနိုင်ပါတယ်။ စနစ်ဟောင်းအရ အမတ်အင်အားချိနဲ့သွားခဲ့တဲ့ တစညဟာ စနစ်သစ်အရ သူ့ကိုထောက်ခံခဲ့တဲ့ ပြည်သူတွေရဲ့ ဆန္ဒကို လွှတ်တော်မှာ အင်နဲ့အားနဲ့ ဆက်လက်ကိုယ်စားပြု ထမ်းဆောင်ခွင့် ရသွားမှာဖြစ်တယ်။

    တစ်ဖန် ၁၉၉၀ရွေးကောက်ပွဲကို စနစ်သစ်အရ ကျင်းပခဲ့ပြီး အင်အယ်လ်ဒီက အမတ်များဆဲမို့ အစိုးရသာဖွဲ့ခွင့် ရခဲ့မယ်ဆိုရင်လည်း အမတ် ၄၅%သာရတော့တဲ့ အင်အယ်လ်ဒီက သူ့တစ်ပါတီတည်း အစိုးရမဖွဲ့နိုင်တဲ့အတွက် အစိုးရဖွဲ့ဖို့ ပါတီငယ်တွေရဲ့ ထောက်ခံမှုကို ယူရမယ်။ ဒါကြောင့် ပါတီငယ်တွေရဲ့ ဆန္ဒသဘောထားကို အစိုးရဖွဲ့မဲ့ ပါတီကြီးက မလဲမသွေ ထဲ့စဉ်းစားပေးရမှာမို့ PR စနစ်ကို အားကောင်းတဲ့ ပါတီကြီးတွေက ကြိုက်တတ်တဲ့ သဘောမရှိဘူးလို့ ပြောနိုင်တယ်။ ဒီအတိုင်းဘဲ အားနည်းတဲ့ ပါတီငယ်တွေက မိမိရဲ့ လူထုထောက်ခံမှု တစ်မဲကိုတောင် အလဟသမဖြစ်စေတဲ့ စနစ်သစ်ကို ပိုကြိုက်တတ်တဲ့ သဘောရှိတယ်လို့ ပြောနိုင်ပါတယ်။

    နောက်ဥပမာတစ်ခု ထပ်ပေးပါမယ်။ တစ်ချို့ပါတီတွေဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အင်အားကြီးပါတီ မဟုတ်သော်လည်း သူတို့ကို ထောက်ခံတဲ့ပြည်သူတွေက နိုင်ငံအနှံ့ မဲဆန္ဒနယ်မြေ အများအပြားမှာ အထိုက်အလျောက် ရှိနေတယ်ဆိုပါစို့။ အဲဒီလို ပါတီမျိုးတွေဟာ စနစ်ဟောင်းအတိုင်းသွားရင် လာမဲ့ရွေးကောက်ပွဲမှာ သူတို့တွေဟာ သူတို့ယှဉ်ပြိုင်မဲ့ မဲဆန္ဒနယ်မြေတွေမှာ မဲ ၁၀%၊ ၂၀%၊ ၃၀%ကနေ ၄၉%လောက်ဘဲရနေရင် လူထုထောက်ခံမှု တစ်စုံတစ်ရာ ရှိပင်ရှိနေငြားသော်လည်း တစ်ကယ်တန်းကျတော့ အမတ်တစ်ယောက်မှ မရဘဲ မျိုးပြုတ်သွားမဲ့ အန္တရာယ်ရှိနေပါတယ်။ PR ရွေးကောက်ပွဲ စနစ်သစ်အရဆိုရင် သူတို့ရခဲ့သမျှမဲ ၂၀%ဖြစ်ဖြစ်၊ ၅%ဖြစ်ဖြစ်၊ ၁%ဘဲဖြစ်ဖြစ် ရသလောက်မဲတွေကို နောက်ဆုံးမှာ စုပေါင်းလိုက်ပြီး ရတဲ့အချိုးအတိုင်း အမတ်ခွဲတမ်းရမှာဆိုတော့ မျိုးမပြုတ်တော့ဘဲ အမတ်အနဲဆုံး တစ်ယောက်ဖြစ်ဖြစ် ရနိုင်တဲ့ အခွင့်အလန်းရှိနေနိုင်တယ်။

    တစ်ကယ်လို့ ဦးခင်မောင်ဆွေ၊ ဦးသုဝေ၊ ဦးသိန်းညွန့်တို့လို ပါတီတွေက သူတို့ရဲ့အနေအထားက အဲဒီလို အခြေအနေမျိုးမှာ ရှိနေတယ်လို့ ယုံကြည်ကြရင် အနယ်နယ် အရပ်ရပ်သော မဲဆန္ဒနယ်မြေတွေက လူထုထောက်ခံမှုမဲ စုစုပေါင်းအပေါ်မှာ မူတည်ပြီး အမတ်ခွဲတမ်းချပေးတဲ့ စနစ်သစ်ကို သဘာဝကျစွာဘဲ ထောက်ခံကြမှာ ဖြစ်ပါတယ်။ ဒါမှလဲ စနစ်ဟောင်းအတိုင်းသွားရင် အမတ်တစ်ယောက်မှ မရတဲ့အနေအထားကနေ စနစ်သစ်အရ အမတ်အချို့ကို ရလာနိုင်ကြမယ်။ ဒါမှလဲ သူတို့ပါတီရဲ့ မူဝါဒကို ထောက်ခံတဲ့ ပြည်သူတွေရဲ့ အကျိုးကို လွှတ်တော်မှာ ကိုယ်စားပြု ပြောဆိုနိုင်ခွင့် ရလာမှာဖြစ်ပါတယ်။

    တစ်ချို့ပါတီတွေက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဖြစ်ဖြစ်၊ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အတိုင်းအတာနဲ့ဖြစ်ဖြစ် မဲဆန္ဒနယ်မြေတွေမှာ ဖျမ်းမျှခြင်းအားဖြင့် မဲပေးသူ အများစု (သို့မဟုတ်) တစ်ဝက်ကျော်က သူတို့ကို ထောက်ခံနေကြတယ်လို့ ယုံကြည်ကြရင် တစ်မဲပိုရတာနဲ့ အမတ်ဖြစ်သွားတဲ့ လက်ရှိစနစ်ကို ပိုကြိုက်ကြမှာဖြစ်တယ်။ ဒါမှလည်း သူတို့ပါတီက အခြားပါတီငယ်တွေကို မဲရတဲ့အရေအတွက် အချိုးအရ အမတ်ခွဲတန်း ခွဲဝေပေးစရာမလိုဘဲ အမတ်အင်အားများများ သပိတ်ဝင် အိတ်ဝင် ချက်ချင်းရလာကြမှာဖြစ်ပါတယ်။ ဒါကြောင့် တစ်နိုင်ငံလုံးမှာ အင်အားကောင်းနေတဲ့ အင်အယ်လ်ဒီ အပါအဝင် ဒေသဆိုင်ရာမှာ လူထုထောက်ခံမှု အားကောင်းတဲ့ ရှမ်း၊ ရခိုင်၊ ချင်း၊ မွန်စတဲ့ ပါတီတွေက လက်ရှိမဲပေးပုံစနစ်ကိုဘဲ ကြိုက်ကြမယ်ဆိုရင် သဘာဝ ကျပါတယ်။ တစ်နိုင်ငံလုံးမှာ ပြုပြင်ပြောင်းလဲမှုတွေကို အင်အားကောင်းကောင်း အရှိန်အဟုန်နဲ့ လုပ်နေချင်တဲ့ အင်အယ်လ်ဒီအတွက်ကတော့ စနစ်ဟောင်းက သူ့အတွက် ပိုလက်တွေ့ကျနေပါတယ်။ ဒါကြောင့်လဲ တနေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း မယ်ဒလင်းအောဘရိုက်နဲ့ တွေ့ဆုံပွဲမှာ ရွေးကောက်ပွဲစနစ်သစ်PRကို လက်မခံနိုင်ကြောင်း၊ စနစ်ဟောင်းကိုဘဲ ကြိုက်ကြောင်း အင်အယ်လ်ဒီအမတ် ဦးဝင်းထိန် ပြောခဲ့ပါတယ်။

    ဆိုတော့ လာမဲ့ရွေးကောက်ပွဲက စနစ်ဟောင်းအတိုင်း သွားမလား။ စနစ်သစ်ကို ရွေးမလားဆိုတာ တွက်ချက်ကြည့်ရအောင်။

    ဒီအခါမှာ ရွေးကောက်ပွဲစနစ်ကို ဘယ်သူက ဆုံးဖြတ်ရွေးချယ်နိုင်ခွင့် ရှိသလဲဆိုတဲ့ မေးခွန်းကို အရင်ဆန်းစစ်ဖို့ လိုလာပါပြီ။

    တိုတိုပြောရရင် လက်ရှိ အနေအထားအရ ကြံ့ဖွံ့က တရားဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ အာဏာသုံးရပ်စလုံးကို ချုပ်ကိုင်ထားတာဖြစ်လေတော့ ဘယ်စနစ်ကို ရွေးမလဲဆိုတာ ကြံ့ဖွံ့ပေါ်မှာဘဲ လုံးလုံးလျားလျားတည်နေတယ်ဆိုတာ ဗေဒင်မေးစရာ မလိုပါဘူး။ ဒါကြောင့် ကြံ့ဖွံ့က သူ့အတွက် ဘယ်စနစ်ကအကျိုးရှိမလဲ၊ အကျိုးဆုတ်မလဲ ဆိုတာပေါ်မှာ မူတည်ပြီး မဲပေးပုံစနစ်ကို လာမဲ့ရွေးကောက်ပွဲမှာ ရွေးချယ်ကျင့်သုံးမှာက သေချာနေပါတယ်။

    ကြံ့ဖွံ့ ဘယ်လိုတွက်မလဲဆိုတာကို ဆက်စဉ်းစားကြရအောင်။

    (၁) တစ်ကယ်လို့ လာမဲ့၂၀၁၅ရွေးကောက်ပွဲမှာ အင်အယ်လ်ဒီက ၁၉၉၀ရွေးကောက်ပွဲတုန်းကလို၊ ၂၀၁၁ ကြားဖြတ်ရွေးကောက်ပွဲတုန်းကလို တစ်မဲအသာနဲ့ဖြစ်ဖြစ်၊ မဲအပြတ်နဲ့ဘဲဖြစ်ဖြစ် မဲဆန္ဒနယ်တွေမှာ သိမ်းကြုံးအနိုင်ယူနိုင်တဲ့ အနေအထားရှိနေတယ်လို့ ကြံ့ဖွံ့က ယုံကြည်ရင် ဘယ်နိုင်ငံရေးပါတီက ကိုယ့်သေလမ်းကိုယ်ရွေးပြီး ကိုယ့်အမတ်တွေ မျိုးပြုတ်ကုန်မဲ့ စနစ်ဟောင်းကို ဆက်လက်ဖက်တွယ်နေမှာလဲ။ Do or Die ဖြစ်ပါတယ်။ ဒီအန္တရာယ်ကို ဟန့်တားကာကွယ်ဖို့က တစ်နိုင်ငံလုံးမှာ လူထုထောက်ခံမှု အင်အားအတော်အသင့်ရှိနေတဲ့ ကြံ့ဖွံ့အတွက် ရွေးကောက်ပုံစနစ်သစ် (PR) ကို မလွဲမသွေ ရွေးချယ် ဆုံးဖြတ်ရမှာဘဲ။

    (၂) အကယ်၍ ကြံ့ဖွံ့က အင်အယ်လ်ဒီကို တရားတဲ့နည်းအရဖြစ်စေ၊ မတရားလုပ်လို့ဖြစ်စေ မဲဆန္ဒနယ်မြေတွေမှာ ယှဉ်ပြိုင် အနိုင်ကြဲနိုင်တယ်လို့ ယူဆနေသေးရင်တော့ လက်ရှိမဲပေးပုံစနစ်ဟောင်း(BV)ကိုဘဲ သူဆက်ရွေးမှာပါ။

    စာဖတ်သူ မိတ်ဆွေက ဘယ်လိုထင်ပါသလဲ။

    ကျနော့အမြင်မှာ အင်အယ်လ်ဒီဟာ ၁၉၉၀က ပုံစံမျိုးလို အပြတ်အသတ် အနိုင်ရမှုမျိုးကို စိတ်ကူးမယဉ်နိုင်သော်လည်း လက်ရှိမဲပေးပုံ စနစ်ဟောင်းအတိုင်းဆိုရင် ပြည်မမဲဆန္ဒနယ်မြေတွေမှာ ကြံ့ဖွံ့ကို အလဲထိုးနိုင်တယ်လို့ ယုံကြည်တာမို့ ကြံ့ဖွံအတွက်က စနစ်သစ်ဖြစ်တဲ့ PR ကို မလွဲမသွေ ရွေးချယ်မယ်လို့ ယူဆမိပါတယ်။

    အောင်တင်
    ဇွန်လ ၅၊ ၂၀၁၃

    ** ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။

  • ရခိုင်ပြည်နယ်က မွတ်စလင်တွေ ကလေး ၂ယောက်သာ ယူရန် ဥပဒေကိစ္စ ဒေါ်အောင်ဆန်းစုကြည်နှင့် RFA မေးမြန်းခန်း

    ဇွန်လ-၆၊၂၀၁၃
    Source: RFA

    ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေအရ အားလုံး တန်းတူဖြစ်ရမယ်လို့ ပြောကြား

    DASSK

    ရခိုင်ပြည်နယ်အစိုးရက မြို့နယ် ၂ ခုမှာရှိတဲ့ မွှတ်စလင်တွေကို မိသားစုတစ်ခုမှာ သားသမီး ၂ ဦးပဲ မွေးဖွားရမယ်လို့ အမိန့်ထုတ်ပြန်ခဲ့တာဟာ ခွဲခြားမှုတစ်ခုဖြစ်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တဲ့အတွက် မကျေနပ်ကြောင်း ပြောဆိုသံတွေ ပေါ်ထွက်နေတာနဲ့ ပတ်သက်ပြီး RFA က မေးမြန်းခဲ့ရာမှာ အခုလို မကျေနပ်မှုတွေပေါ်ပေါက်မှာကို ကြိုတင် တွက်ဆပြီး ဖြစ်ပါတယ်။

    ဒါပေမယ့် တရားဥပဒေအောက်မှာ နိုင်ငံသားအားလုံး တန်းတူရည်တူ အခွင့်အရေးရှိရမှာ ဖြစ်တဲ့အတွက် မိမိအနေနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ပြောစရာရှိတာကို အမှန်အတိုင်း ပြောရမှာပါပဲလို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

    “ဥပဒေတစ်ခုအောက်မှာ အားလုံးကတန်းတူရည်တူဖြစ်ရမယ်၊ အဖွဲ့အစည်းတစ်ခုပဲဖြစ်ဖြစ်၊ အသိုင်းအဝိုင်းတစ်ခုပဲဖြစ်ဖြစ် သက်သက်ဥပဒေတစ်ခုနဲ့ လုပ်တယ်ဆိုတာဟာ ဒါဟာ သာမာန် လူ့အခွင့်အရေးရှုထောင့်ကကြည့်လို့ရှိရင် မကိုက်ညီဘူး၊ တရားဥပဒေစိုးမိုးရေးနဲ့လည်း မကိုက်ညီဘူး”

    RFA က ပုံမှန်ထုတ်လွှင့်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်း စုကြည် အစီအစဉ်အတွက် ဗုဒ္ဓဟူးနေ့က ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

    တဆက်တည်းမှာပဲ အမျိုးသမီးများ သားဆက်ခြားမှုအပေါ် သဘောထားကို မေးမြန်းရာမှာတော့ ဒါဟာအမိန့်တစ်ခုအဖြစ် ထုတ်ပြန်ပြဌာန်းရမယ့် ကိစ္စမဟုတ်ပဲ မိမိတို့အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

    “ဒီဟာက ရွေးချယ်မှုတစ်ခုဖြစ်ရမယ်၊ အစိုးရအနေနဲ့ ပညာပေးရမယ်၊ ဘယ်လိုလုပ်ရမယ်၊ ဘယ်လိုလုပ်သင့်တယ်၊ ဘယ်လိုဖြစ်လို့ ဒီလိုလုပ်သင့်တယ်၊ ဘယ်လိုပုံစံနဲ့ ကိုယ်လုပ်ချင်ရင် လုပ်နိုင်တယ်ဆိုတာ၊ အဲ့လိုပုံစံနဲ့ ပညာပေးသွားပြီးတော့ မိသားစုမှာ သားသမီးဘယ်လောက်ရှိဖို့ ဆုံးဖြတ်တာက နောက်ဆုံးတော့ မိဘတွေရဲ့ဆုံးဖြတ်မှု ဖြစ်ရမှာပေါ့”

  • ဆရာဝန်တို့ လိုက်နာအပ်သည့် သမားကျင့်ဝတ် (Medical Ethics)

    ဇွန် ၆၊ ၂၀၁၃
    ရေးသူ – မောင်သမာဓိ

    medical-lawမေးခွန်းထုတ်စရာ RFA မှထုတ်လွင့်သော အစီအစဉ် တစ်ခု။

    မီဒီယာကျင့်ဝတ် မသိသော RFA အသံလွှင့်ဌာနမှ အစီအစဉ်တင်ဆက်သူ၊ နိုင်ငံရေး၊ အမျိုးသားရေးနှင့် ကျန်မာရေး ပြဿနာ များကို ရောထွေး စဉ်းစားသော မြန်မာ့အရေးလေ့လာသူ ဦးအောင်မိုးဝင်းနှင့် သမားကျင့်ဝတ် (Medical Ethics) ကို ဂဃနဏ မသိသော ဒေါက်တာ ဒေါ်ခင်စောဝင်းတို့ ၃ ဦးပေါင်းကာ သောတရှင်ပြည်သူ အပေါင်းကို လမ်းမှားသို့ရောက်အောင် ၂၀၁၃ခုနှစ် ဇွန်လ၂ ရက်နေ့ ည၇:၀၀အချိန်တနင်္ဂနွေ စကားဝိုင်း၌ RFA မှ တလွဲပညာပေးမှု များထုတ်လွင့်သွားသည်ကို ဝမ်းနည်းဖွယ် ကြားနေရချိန်တွင် မြန်မာနိုင်ငံဆေးလောကမှ ဆရာဝန် သစ်လွင်လေးများအတွက် စိတ်ပူနေမိပါတော့သည်။

    လူနာထံမှာ Informed Consent မယူဘဲရိုဟင်ဂျာများကို သန္ဓေ တားရန် အတင်းအကြပ် ပြုမူနေမှု သည် နာဇီဟစ်တလာ လက်ထက်က ဂျာမန်မဟုတ်သည့် လူသားများနှင့် ပြုလုပ်ခဲ့သောရက်စက်သည့် ဆေးဝါး စမ်းသပ်မှုများတွင် ပါဝင်ကျူးလွန်ခဲ့သူ နာဇီဆရာဝန်တို့၏ ကျင့်ဝတ်မဲ့ စိတ်ဓါတ်နှင့် ခံယူချက်မျိုးကို နောင်မျိုးဆက် ဆရာဝန်တို့အား ရိုက်သွင်းပေးနေလေရော့ သလားဟု စေ့ငုနေမိပါသည်။

    သားဆက်ခြားခြင်းကို မလိုက်နာသည့် ရိုဟင်ဂျာများကို အရေးယူ အပြစ်ပေးရန် အထိ ဒေါက်တာ ဒေါ်ခင်စောဝင်းက ရက်ရက်စက်စက် တောင်းဆိုခဲ့ပါသည်။ ဘာသာရေးကို အခြေပြုပြီး မွေးဖွားနှုန်းကန့်သတ်သည့် ဥပဒေမျိုးသည် ကမ္ဘာပေါ်၌ မည်သည့် တိုင်းနိုင်ငံမှာမှ မရှိပါ။ တရုတ်ပြည်၏ “ကလေး တစ်ဦးတည်းသာယူရမည်” ဆိုသည့် တင်းကြပ်သော မူဝါဒသည်ပင်လျှင် လူနည်းစုများ အတွက် ခြွင်းချက်ပေး ထားခဲ့သည်။

    RFA ဦးခင်မောင်ညိမ်း ဦးဆောင်ထုတ်လွှင့်သော ထိုအသံလွှင့်ချက်ကို အင်တာနက်မှတဆင့် တိုက်ရိုက် နားဆင်ရင်း ယ္ခုဆောင်းပါးကို ဆက်လက်ဖတ်ရှု နိုင်ပါသည်။

    ခြေပခွင့်ရရန်နှင့် Counter Balance ဖြစ်စေရန် အလွှာအသီးသီးမှ လူမျိုးစုံပါဝင်သောစကားဝိုင်းမျိုးဖြစ်သင့်

    ရခိုင်ပြည်နယ် မောင်းတောခရိုင်နေ ရိုဟင်ဂျာတို့အပေါ် ရခိုင်ပြည်နယ်အစိုးရမှ တစ်အိမ်ထောင် ကလေး နှစ်ယောက်သာယူရန် ခွဲခြားဆက်ဆံသည့် ဥပဒေ (Two Child Policy) ကို ပြဌာန်းခဲ့သည်နှင့် ပတ်သက် ၍ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူသိရှင်ကြားကမ္ဘာသိ ကန့်ကွက်ခဲ့ပါသည်။

    ထိုကိစ္စနှင့် ပတ်သက်၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကုလသမဂ္ဂ ကလေးငယ်များ အခွင့် အရေး ကော်မတီ၊ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့် အရေးအထူးကိုယ်စားလှယ် မစ္စတာသောမတ် ကင်တားနားနှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေမှူး ဘန်ကီမွန် တို့မှလည်း အလားတူကန့်ကွက်ခဲ့ပါသည်။

    RFA မှ ဦးခင်မောင်ညိမ်း  ဦးဆောင်သော စကားဝိုင်းသည် ဒေါ်အောင်ဆန်း စုကြည်ဦးဆောင်သော NLD ပါတီ၏ သဘောထားကိုဆန့်ကျင်သော စကားဝိုင်းဖြစ်သောကြောင့်၎င်း၊ ဆေးပညာကျင့်ဝတ်များနှင့် ပတ်သက် နေသောကြောင့်၎င်း၊ ရိုဟင်ဂျာတို့ကို ခွဲခြားဆက်ဆံသော ဥပဒေအကြောင်းအရာကို ဆွေးနွေးသည့် အတွက်၎င်း၊ ထိုစကားဝိုင်းတွင် NLD နှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးစီ၊ မြန်မာနိုင်ငံမှ သမားကျင့်ဝတ် ကျွမ်းကျင်သူ Medical Ethics Adjunct Professor Dr. မြင့်ဦး (GP, ကလောင်အမည် ဒေါက်တာစေတနာ)၊ ဥပဒေ ကျွမ်းကျင်သူ ရှေ့နေဦးအောင်ထူးနှင့် ရိုဟင်ဂျာခေါင်းဆောင် လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင် စသည်ဂုဏ်သရေရှိ လူကြီးလူကောင်းများ ပါဝင်သင့်သည့် အပြင် ထိုကဲ့သို့သော စကားဝိုင်းအစီအစဉ် အသစ်တစ်ခုကို RFA မှ အမြန်ဆုံး စီစဉ်ထုတ်လွှင့် သင့်ပါသည်။

    မဆိုင်သည့်အပေါက် ဂလိုင်နှင့် ခေါက်သည့် ဦးအောင်မိုးဝင်း။

    ဆိုဗီယက်ပြည်ထောင်စုကြီး ဂေါ်ဘာချော့လက်ထက် ပြိုကွဲရသည့် အကြောင်းရင်းမှာ ပြည်ထောင်စု အတွင်းရှိ မွတ်ဆလင်ပြည်နယ် အသီးသီးတွင် ရုရှ အစိုးရအဆက်ဆက် ဂရုမပြုမိသော မွတ်ဆလင်လူဦးရေ ပေါက်ကွဲမှုကြောင့်ဟု ဦးအောင်မိုးဝင်းက အတိအလင်းဆို၏။

    ထို့ကြောင့် ရိုဟင်ဂျာတို့အပေါ် တစ်အိမ်ထောင် ကလေးနှစ်ယောက်သာ ယူရန် ပြဌာန်းထားသော ဥပဒေသည် အမျိုးသားရေး၊ လုံခြုံရေးအရ မှန်ကန်သည်ဟု ဆို၏၊

    ဒေါ်အောင် ဆန်းစုကြည်သည် နိုင်ငံရေး သမား၊ နိုင်ငံရေးအမြင်ဖြင့် မသုံးသပ်ဘဲ၊ လူ့အခွင့်အရေးသမား၊ လူ့အခွင့် အရေးအမြင် ဖြင့် ကြည့်သော ကြောင့်သာ ဤဥပဒေကိုကန့်ကွက်ခြင်း ဖြစ်မည်ဟု ဦးအောင်မိုးဝင်းက ဆို၏။ အမျိုးသားရေးအတွက်ဆိုလျှင် လူ့အခွင့် အရေးကို ယှဉ်တွဲ မစဉ်းစားသင့်သည့်သဘော ပြောသည်ဟု နားလည်လိုက်ပါသည်။

    အမျိုးသားရေး၊ လုံခြုံရေးနှင့် ဆိုင်လျှင် လူ့အခွင့်အရေးကို ဘေးဖယ်စဉ်းစားသော ဦးအောင်မိုးဝင်း သည် လူသားတို့၏ ကျန်းမာရေးနှင့် ပတ်သက်လျှင် သမားကျင့်ဝတ်နှင့် Patient Right တို့ကို လိုက်နာဖို့ ယောင်လို့တောင် အိမ်မက်မည် မဟုတ်ပါ။

            တနည်းအားဖြင့် မျက်ကန်းမျိုးချစ် အမျိုးသားရေး လှုပ်ရှားမှုများနှင့် ဘာသာရေးအစွန်းရောက် လှုပ်ရှားမှုတို့ကို ဥပဒေအားလုံး၏ အထက်တွင် ရှိနေစေချင်သည့် နိုင်ငံအတွက် အလွန် အန္တရာယ်ကြီးသော ဦးအောင်မိုးဝင်း၏ အတွေးအခေါ် အယူအဆဖြစ်သည်။

    နာဇီတို့သည် ဂျူးလူမျိုးများအပေါ် လူမျိုးတုံးသတ်ဖြတ်သကဲ့သို့ ဆိုဗီယက်ရုရှားတို့သည်လည်း ၎င်းတို့ သိမ်းပိုက် ခဲ့သောနယ်မြေများတွင် မူလကတည်းက နေထိုင်ခဲ့ကြသည့် အစ္စလာမ်ဘာသာဝင်တို့ကို လူဦးရေ လျှော့နည်းအောင် ခွဲခြားဆက်ဆံ နှိပ်ကွပ်ခဲ့လျှင် ဆိုဗီယက်ပြည်ထောင်စုကြီး မပြိုကွဲနိုင်ဟု လူသားမျိုးနွယ်တို့ အပေါ် အလွန် အန္တရာယ်ကြီးသော မှတ်ချက်ကို ဦးအောင်မိုးဝင်း သွယ်ဝိုက်ကာ ပြောခဲ့လေပြီ။ မြန်မာ နိုင်ငံတော်သီချင်းနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည့် မဖြူစင်သော၊ အလွန်မဲညစ်သည့်ဝါဒ ဖြစ်သည်။ ယဉ်ကျေး သောလူ့ဘောင်ကို ပျက်စီးစေမည့် Genocide ကို သိသိသာသာကြီး အားပေးနေသူအဖြစ် ပေါ်လွင် နေပါသည်။

    တကယ်တော့ အဇာဘိုင်ဂျန်၊ တာဂျီကစ္စတန်၊ ချက်ချင်းညှာစသည့်ဒေသတို့မှ ဒေသခံတို့မှာ ဒုတိယကမ္ဘာစစ် မဖြစ်မီကပင် အစ္စလာမ် ဘာသာဝင်များ ဖြစ်နေကြပြီး ဆိုဗီယက်ကသိမ်းပိုက် အုပ်ချုပ်ခဲ့ ခြင်းသာဖြစ် သည်ဟု ကျွန်ုပ် မှတ်သားဘူးပါသည်။

    ဒီနေရာမှာ RFA သတင်းဌာနမှ ဦးခင်မောင်ညိမ်း ၊ ဦးအောင်မိုးဝင်းနှင့် ဒေါက်တာခင်စောဝင်း တို့ကို ပြောချင်သည်မှာ အကယ်၍သာ ရိုဟင်ဂျာတို့သည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားများဖြစ်ကြောင်း လက်ရှိ ခိုင်လုံသောသက်သေ ပြချက်များ ကို မြန်မာနိုင်ငံ၏ အစိုးရ တရပ်ရပ် သို့မဟုတ် လွှတ်တော်တရပ်ရပ်က လက်ခံ လိုက်ချိန်တွင် အမျိုးသားရေး၊ လုံခြုံရေးအကြောင်းပြချက်တွေနဲ့ ရိုဟင်ဂျာတွေကို ခွဲခြားဆက်ဆံသူတွေဟာ သမိုင်းတရားခံများ ဖြစ်သွားပါလိမ့်မည်။

    မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဗိသုကာဗိုလ်ချုပ်အောင်ဆန်း၊ ပါကစ္စတန် ခေါင်းဆောင် အလီဂျင်းနား၊  မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာနိုင်ငံအဖြစ် ကြေငြာသူဦးနု၊ ပထမဆုံးသမ္မတစဝ်ရွှေသိုက်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဦးဗဆွေနှင့် မေယုခရိုင်ကို အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်အောင်ကြီးတို့က တိုင်းရင်းသားအဖြစ် လက်ခံသော သမိုင်းဝင် ရိုဟင်ဂျာလူမျိုးတို့ကို ဗိုလ်ချုပ်နေဝင်းနှင့် လက်ရှိ ဦးသိန်းစိန် အစိုးရကမျက်စေ့စုံမှိတ် ငြင်းနေခြင်းသာ ဖြစ်သည်။ သို့သော် ပြည်နယ်တိုင်းဒေသကြီး လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော် အသီးသီးတွင် ရိုဟင်ဂျာ တိုင်းရင်းသား များသည် လွှတ်တော်ကိုယ်စားလှယ် အဖြစ် တက်ရောက် နေကြပါသည်။

    ဦးအောင်မိုးဝင်း၏ ပြောစကားများကိုနားထောင်ပြီးနောက် ဦးအောင်မိုးဝင်းကို လူ့အခွင့်အရေးမသိ၊ ဥပဒေ မသိရုံမက ဆေးပညာ ကျင့်ဝတ်ကို လစ်လျှူရှုသော ဥပဒေအထက်တွင် နေချင်သည့် အမျိုးသားရေးဝါဒီ၊ မျက်ကန်းမျိုးချစ် ဘာသာရေးအစွန်းရောက် ဝါဒီအဖြစ် ကျွန်ုပ်ကသတ်မှတ်မည်ဆိုလျှင် သင့်တော်၏၊ မတော်၏ စာရှုသူကိုယ်တိုင် RFA ၏ထုတ်လွှင့်ချက်ကို အင်တာနက်မှတဆင့် တိုက်ရိုက် နားထောင်ပြီး ဆုံးဖြတ် ကြည့်စေ ချင်ပါသည်။

    ဥပဒေမစိုးမိုးခြင်းနှင့် ဝါဒမဖြူစင်ခြင်းသည်သာတိုင်းပြည်များကို ပြိုကွဲစေသောတရားခံအစစ်ဖြစ်သည်။

    ဥပဒေမစိုးမိုးလျှင်၊ သို့မဟုတ် ဥပဒေအထက်တွင် လူတန်းစားတရပ်ရှိနေမည်ဆိုလျှင် ပြည်သူ ပြည် သားတို့၏ အခွင့်ရေးသည် တူညီစရာအကြောင်းမရှိ၍ ထိုတိုင်းပြည်၏ ဝါဒသည် ဖြူစင်စရာ အကြောင်း မရှိသောကြောင့် တိုင်းရင်းသားများအကြား ရင်ကြားစေ့ရန်လည်း မဖြစ်နိုင်ပါသဖြင့် တိုင်းပြည်ပြိုကွဲရန် လမ်းစဖြစ်သော ပြည်တွင်းစစ်ကို ဖိတ်ခေါ်နေပါလိမ့်မည်။ ပြည်တွင်းစစ်ဖြစ် လျှင်လည်းထိုနိုင်ငံမျိုးများတွင် ငြိမ်းသတ် ရန်မလွယ်ပါ။ မကြမီက ပြည်တွင်းစစ်ကြောင့် ပြိုကွဲသွားသော ဆူဒန်နိုင်ငံကို နမူနာ ယူသင့်ပါသည်။

    ဂျာမဏီပြိုကွဲခြင်းသည် လူမျိုးကြီးဝါဒ၊ နာဇီဝါဒကြောင့်သာ ဖြစ်၏၊ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲခြင်းသည် တစ်ပါတီ အာဏာရှင် ဗဟိုဦးစီးစနစ်ကြောင့်သာ ဖြစ်၏။ ရခိုင်လူမျိုးကြီးဝါဒကြောင့် ရိုဟင်ဂျာနှင့် ပဋ္ဋိပက္ခဖြစ်၏။ မြန်မာလူမျိုးကြီး ဝါဒကြောင့် ရှိသမျှ ကျန်တိုင်းရင်းသား အားလုံးနှင့် မတည့်၍ အနှစ် ၆၀ ကြာ ပြည်တွင်းစစ် ဖြစ်နေသည့်အပြင် ဘာသာရေးအထိကရုံးများလည်း မကြာခဏ ဖြစ်ပေါ် နေရုံမက လူမျိုးတုံး သတ်ဖြတ်မှုများ (Genocide & Ethnic Cleansing) အထိ  ဖြစ်ပေါ်နေလေသည်။

    ဥပဒေစိုးမိုးမှု (Rule of Law) မရှိသော၊ လူမျိုးကြီးဝါဒထွန်းကားသော၊ နှစ်ပေါင်း ၆၀ ကြာ ပြည်တွင်းစစ်ဖြစ်နေသော၊ ကြံ့ခိုင်ရေးတစ်ပါတီအာဏာရှင်စနစ် ကြီးစိုးသော၊ လူမျိုးရေးဘာသာရေး အထိကရုံး များ တစ်မြို့ပြီးတစ်မြို့ပြောင်းဖြစ်နေသော၊ စသည့် အကြောင်းများကြောင့် များမကြာမီ ပြိုကွဲရန် အလားအလာ ရှိနေသော မြန်မာနိုင်ငံတော်ကြီး မပြိုကွဲရန်အတွက်ဟု အကြောင်းပြ၍ ရိုဟင်ဂျာ အိမ်ထောင်သည် အမျိုးသမီး မှန်သမျှ မဖြစ်မနေ သားဆက်ခြားရန် ဥပဒေ ပြဌာန်းခြင်းသည် အလွန်ညံ့ဖျင်းသည့် အတွေးအခေါ်ဖြစ်ကြောင်း ဦးအောင်မိုးဝင်းကို သိစေအပ်ပါသည်။

    ထိုဒေသဆိုင်ရာ ခွဲခြားဆက်ဆံသည့် ဥပဒေကို ပြဌာန်းလိုက်ခြင်းသည် Genocide အသွင်ကို ပိုမိုပေါ်လွင်စေသောကြောင့် နိုင်ငံတကာ ငြိမ်းချမ်းရေးတပ်များ ကုလသမဂ္ဂမှ မလွှတ်၊ လွှတ်အောင် ဖိတ်ခေါ်လိုက်သည်နှင့် တူနေပါသည်။

    မွတ်ဆလင်များကို မုန်းချင်မုန်းပါ၊ သမားကျင့်ဝတ်၊ ဆေးလောကနှင့် သမားစိတ်ဓါတ်တို့ကို မဖျက်ဆီးသင့်ပါ။

    ရောဂါ အသည်းအသန် ခံစားနေရသူ လူနာက ၎င်းအား သေဆေး ပေးရန် တောင်းဆိုမှုကို ဆရာဝန် တစ်ဦးသည် လူနာကောင်းကျိုးအတွက် သမားကျင့်ဝတ်အရ လိုက်လျှောမှု မပြုရပါဟု ဒေါက်တာ ဒေါ်ခင်စောဝင်းက ပြောပါသည်။ Ethics က Don’t harm the patient. ဟုဆိုသောကြောင့် မှန်ပါသည်။ လူနာအား သေစေသော ဆေးဝါးကို မပေးရန် ဆရာဝန်တိုင်း ကျမ်းကြိမ် ကတိပြုထားရပါသည်။ ထို့ကြောင့် လူနာကို ညှင်သာစွာ သေအောင် (Euthanasia) လုပ်ပေးခွင့် မရှိပါ။

             (က) Consent ။              ။ ရိုဟင်ဂျာ အမျိုးသမီးများအတွက် ခွဲခြားပြဌာန်းသော Two Child Policy သည် မိခင်ရော ကလေး အတွက်ပါ ကျန်းမာရေး၊ လူမှုရေးနှင့် ပညာရေးအတွက် ကောင်းကျိုး ရစေသည်သာ ဖြစ်၍ တရားမျှတ သောကြောင့် မဖြစ်မနေလိုက်နာရမည်ဟု ဒေါက်တာ ဒေါ်ခင်စောဝင်းက ဆိုလိုက်ခြင်းသည် Ethics နှင့် လုံးဝ လွဲသွား ပါတော့ သည်။

    မည်သို့သော ဆေးကုသမှုကို မဆို လူနာ၏ သဘောတူညီမှု (Consent) ရှိမှ ပေးခွင့်ရှိသည်ကို ကထိက ဒေါ်ခင်စောဝင်း လက်ခံမည်ဟု ယုံကြည်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ ဆရာဝန်အသင်း မျိုးဆက်ပွား ကျန်းမာရေး (RH, reproductive health) စီမံချက်၊ IUD Project နှင့် PSI တို့မှ လုပ်ဆောင်လျှက်ရှိသော သားဆက်ခြား (Contraception) ပေးခြင်းလုပ်ငန်း အားလုံး မလုပ်ဆောင်မီအရင် (Informed Consent) ယူပြီး နည်းလမ်း အမျိုးမျိုးရှိသည့်အနက် Client အကြိုက်ကိုသာ ရွေးချယ်စေရ ပါသည်။

    လက်ရှိမြန်မာနိုင်ငံတွင် အနာကြီးရောဂါရှိသူများနှင့် HIV/AIDS ရှိသူ အိမ်ထောင်သည်များကိုပင် ၎င်းတို့နှင့် အများ အကျိုးအတွက်ဟု ဆိုကာ အတင်းအဓမ္မ သားဆက်ခြားခွင့်၊ သားကြောဖြတ်ခွင့်မရှိပါ။ ဒေါက်တာဒေါ်ခင်စောဝင်းက အများပြည်သူ စုဝေးရာတွင် ဆေးလိပ် မသောက်ရ အမိန့်နှင့် ရိုဟင်ဂျာ အမျိုးသမီး တစ်ဦးသည် ခလေးနှစ်ယောက်ထက် ပိုမမွေးရ ဥပဒေသည် အများ ကောင်းစားရေးဖြစ် သောကြောင့် လူ့အခွင့်အရေး ချိုးဖေါက်ခြင်းမဟုတ်ဟု အခြေခံချင်း လုံးဝမတူညီသည့် ကိစ္စရပ်နှစ်ခုကို နှိုင်းယှဉ်ပြ သွားပါသည်။ ဆေးလိပ်သောက်ခြင်းသည် မကောင်းသော အမူအကျင့် (Behavior) သာဖြစ်ပြီး၊ ကိုယ်ဝန် ဆောင်ခြင်းသည် မလွဲရှောင်နိုင်သော လူ့သဘာဝ (Nature) ဖြစ်၏။

    Patient has the right to refuse the treatment. ဟု Ethics ကဆို၏။ ဥပမာ လူနာက သူ၏ နှလုံးခုံခြင်း ရပ်သွားလျှင် နှလုံးကို စက်ဖြင့်နှိုးခြင်း (CPR) မပြုလုပ်ရန် ကြိုတင်ပြောထားလျှင် မည်သို့ပင် ကောင်းကျိုးကို ဆောင်စေကာမူ CPR လုပ်ပေးခွင့်မရှိပါ။

    တဖန် ထောင်တွင်း ယုံကြည်ချက်ကြောင့် အစာငတ်ခံ ဆန္ဒပြ၍ အားနည်း သွေးပေါင်ကျ နေသူ အကျဉ်းသား တစ်ဦးကို အကြောတွင်း ဆေးရည်သွင်းကုသရန် သို့မဟုတ် နှာခေါင်းပိုက်သွင်း၍ အစာထည့်ရန် ထောင်ပိုင်ကြီးက ခိုင်းစေသော်လည်း လူနာက လက်မခံလျှင် ဆရာဝန် တစ်ဦးသည် လူနာကောင်းကျိုးကို အကြောင်းပြ၍ အတင်းအကြပ် သွင်းခွင့် မရှိပါဟု Ethic Lecture တစ်ခုတွင် ဒေါက်တာမြင့်ဦး (GP) ပြောဘူးပါသည်။

    ထို့အတူ ဆရာဝန်တစ်ဦးသည် လူနာ၏ အတွင်းရေးကို လူနာ၏သဘောတူညီချက် (Consent) မရှိဘဲ ထုတ်ဖေါ် ခွင့်မရှိပါ။ တရာရုံးတွင် တရားသူကြီး၏ ခွင့်ပြုချက်ဖြင့်၎င်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရဲစခန်းနှင့် ထောက်လှမ်းရေးမှ အလွတ်သဘော မဟုတ်ဘဲ တရားဝင် ရုံးစာထုတ် မေးမြန်းမှသာ လူနာ၏ အတွင်းရေးကို ထုထ်ဖေါ်ခွင့် ရှိသည့်အတွက် ဆရာဝန် တစ်ဦးအဖို့ Ethics သည် ဥပဒေ အထက်တွင် ရှိသယောင် ထင်ရသည်ဟု ဒေါက်တာမြင့်ဦး (ဂျီပီ) က Lecture ပို့ချရာ တက်ရောက်နားထောင်သူများ အမှတ်မမှားစေရန် အတွက် ဒေါက်တာ ဒေးဗစ်ကျော်မှ Ethics အထက်တွင် ဥပဒေ အမြဲရှိကြောင်း ထောက်ပြပါသည်။ Ethics အကြောင်းပြောဆိုလျှင် ထိုကဲ့သို့ Check & Balance ရှိသင့်ပါသည်ဟု RFA ဦးခင်မောင်ညိမ်းကို ပြောချင်ပါသည်။

             ဒေါက်တာ ဒေးဗစ်ကျော်နှင့် ဒေါက်တာ မြင့်ဦး (GP) တို့ဆွေးနွေးသည်ကို နားထောင်ပြီးနောက် လူနာနှင့် ပတ်သက်လာ လျှင် နုတ်မိန့် အထက်တွင် (Ethics) ရှိကြောင်း ရှင်းလင်းစွာ သိလိုက်ရပါသည်။

             (ခ) Equity ။         ။ ဆရာဝန် တစ်ဦးသည် အသားအရောင်၊ လူမျိုး၊ ကျားမ လူတန်းစား မခွဲခြား ဘဲ စမ်းသပ်ခကို လူနာတိုင်း အပေါ်တွက် အညီအမျှယူပြီး ကုသမှုကိုလည်း အညီအမျှပေးရန် သမားကျင့်ဝတ်က ပြဌာန်း ထားသောကြောင့် မြန်မာတပြည်လုံးမှာမှ ရခိုင်ပြည်နယ်တစ်ခုတည်း၊ ရခိုင်ပြည်နယ်တွင် ၄ ခရိုင် ရှိသည့်အနက် မောင်တောခရိုင် တစ်ခုတည်း၊ မောင်တော ခရိုင်တွင် မြို၊ ခမွီ၊ ဒိုင်းနက်၊ သက်၊ မရမာကြီး၊ ချင်းနှင့် ရိုဟင်ဂျာ လူမျိုးတို့ ပျံ့နှံ့ နေထိုင်ကြသည့်အနက် ရိုဟင်ဂျာလူမျိုးတစ်စုတည်းသာ Two Child Policy ကို လိုက်နာရန် ပြဌာန်းခြင်းသည် Ethics အရ တရားမျှတမှု ရှိပါသလားဟု ဒေါက်တာဒေါ်ခင်စောဝင်းကို မေးချင်ပါသည်။

            (ဂ) Medical Neutrality ။   ။ ရန်သူ ဃီလာနကိုပင် ဆရာဝန်သည် ဆေးကုသမှုပေးရမည်ဟု ကျမ်းကျိမ်ကြရ ပါသည်။ ရခိုင်ဒုက္ခသည် စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှု ပေးရန် ဆရာဝန် အသင်းမှ အဖွဲ့တစ်ခု သွားရာတွင် ရခိုင်ဒုက္ခသည် စခန်းများမှ ဆေးကုသမှုပေးပြီး ပြန်လာချိန်တွင် ပြုံးရွှင်စွာ ကြိုဆိုခဲ့သော စစ်တွေ ဆေးရုံမှ ဆေးဝန်ထမ်းတို့သည် ရိုဟင်ဂျာ ဒုက္ခသည် စခန်းမှ ဆေးကုသမှုပေးပြီး ပြန်လာချိန်တွင် ဆေးဝန်ထမ်း ကျင့်ဝတ် ကင်းမဲ့စွာ မကြေနပ်သည့် ဟန်အမူအယာများ တွေ့လိုက်ကြရရာ ဆရာဝန်ကလေးများ အံ့သြ ထိတ်လန့် ခဲ့ရသည်ဟုဆို၏။ ထို့ကြောင့် ထိုအစီစဉ်ကို ဆရာဝန်လေးများ လုံခြုံရေးအတွက် ခေတ္တ ရပ်ဆိုင်း လိုက်ရသည်။

    ယ္ခုရက်ပိုင်းအတွင်း အခြေအနေ အတန်ငယ် အေးချမ်းလာသောကြောင့် ဆရာဝန်အသင်းမှ ရခိုင် ဒုက္ခသည် စခန်းများသို့ ဆရာဝန်များစေလွှတ်၍ ဆေးကုသမှု ပေးစေရာတွင်လည်း ရိုဟင်ဂျာ ဒုက္ခသည် စခန်းများသို့ သွားရောက်ကုသမှုပေးသူ ဆရာဝန် တည်းခိုသည့်အိမ်ကို ခဲပေါက်ခံရခြင်းနှင့် ဝိုင်းဝန်း ဆန္ဒပြခြင်းများ  တွေ့ကြုံရ ကြောင်းကြားသိရပါသည်။

    လူမျိုးရေး ပဋိပက္ခ ဖြစ်နေသောနေရာတွင် ဆေးဝန်ထမ်းတို့၏ ပေးသော ကျန်းမာရေး စောင့်ရှောက်မှုသည် နှစ်ဖက်စလုံးတွင် ညီမျှမှု (Medical Neutrality) ရှိရမည် ဆိုသည့်အချက်ကို ဆရာဝန်အသင်းမှ ဆရာဝန်များက လက်တွေ့ကျကျလိုက်နာသည်ကို အဘယ်အ တွက်ကြောင့် ဒေသခံတို့က အပြစ်မြင်နေ ကြသနည်း။

            (ဃ) ဘက်လိုက်ခြင်း(Bias)။ ။စစ်တွေဆေးရုံမှ ဆေးဝန်ထမ်းတို့သည် သမားကျင့်ဝတ်နှင့် ကျမ်းကျိမ်ခဲ့ရသည်တို့ကို မေ့လျှော့ သွားသည် အထိ ရိုဟင်ဂျာတို့အပေါ် အမုန်းပွားကြလေရာ ဒေါက်တာ ဒေါ်ခင်စောဝင်းသည်လည်း ရခိုင်လူမျိုး ဖြစ်လေသောကြောင့် Ethics ကတားမြစ်သော ဘက်လိုက်မှု (Bias) ဖြစ်သွားလေသလားဟု စေ့ငုနေမိပါသည်။

    လက်ရှိ မွတ်ဆလင်ကို အလွန်မုန်းသော အစိုးရပင် ပြန်လည် သုံးသပ်ပါဦးဟုဆိုကာ မဆုံးဖြတ်ရ သေးသော Two Child Policy ပြဿနာကို ဦးခင်မောင်ညိမ်းတို့ တသိုက် ထောက်ခံချက် မြန်လွန်းသည်ဟု ထင်ပါသည်။ အလွန်ရှုပ်ထွေးသော ပြဿနာ (Issue) ကြီးတစ်ခုကို ခပ်လွယ်လွယ် အပေါ်ယံရှပ် ဆွေးနွေးပြီး အဖြေ မထုတ်သင့်ပါ။

           (င) Patient Centered ။   ။ လူနာနှင့် လူနာ၏ ဂုဏ်သိက္ခာ (Dignity)၊ ဘာသာ၊ နိုင်ငံရေး ယုံကြည်ချက်၊ ယဉ်ကျေးမှု ဓလေ့စရိုက် စသည်တို့ကို ဗဟိုပြု စဉ်းစားရန် အရေးကြီးပါသည်။

    ရခိုင်ပြည်မှ ရိုဟင်ဂျာ အမျိုးသမီးများကို ခလေးနှစ်ယောက်မွေးပြီးနောက် သားကြောဖြတ်ခွင့် ပေးခြင်း ကို အထူးအခွင့်ရေးပေးသည် ဟုထင်၍ အခြားပြည်နယ်များမှ အမျိုးသမီးများက သူတို့ကိုလည်း ခလေး နှစ်ယောက် မွေးပြီးနောက် သားကြောဖြတ်ပေးရန် ဆန္ဒပြ တောင်းဆိုလာလျှင် လိုက်လျှောနိုင်ပါမည်လား။

    သန္တေတားရန် အသုံးပြုသည့် မည်သည့် နည်းမဆို ၁၀၀% ကိုယ်ဝန် မရရန် အာမ မခံနိုင်ပါ။ Failure rate ရှိပါသည်။ ပိုမိုသေ ချာအောင် သားကြောဖြတ်လိုက်သည်ထားဦး၊ အမျိုးသမီးများတွင် ဥပြွန်မှားဖြတ်၍ သော်၎င်း၊ ယောကျာင်္ံးများတွင် သုတ်ပြွန်မှားဖြတ် ၍သော်၎င်း၊ သားဆက်ခြားထား သော်လည်း သားသမီး ရနိုင် ပါသေးသည်။ Technical Failure ကြောင့် ထိုသို့ ရရှိလာသော နှစ်ဦး ထက်ပိုလာသည့် ခလေးအတွက် မိဘ များကို ထောင်ချလျှင် တရားပါသလား။ မွေးလာသော ထိုခလေးကို ကျောင်းတက်ခွင့် မပေးလျှင် တရား ပါသလား၊ ထိုကိုယ်ဝန် (Unwanted or Illegal Pregnancy) ကို တရားဝင် ဖျက်ချခွင့် ပေးမှာလား။ ဒါဆိုရင် အခြား ပြည်နယ်များက အမျိုးသမီးများ လွယ်ထားသော Unwanted Pregnancy များကိုရော တရားဝင် ဖျက်ချပေးမှာလား၊ ဒါမှမဟုတ် သေချာသည်ထက် သေချာအောင် Ethics ကခွင့်မပြုသည့် ရိုဟင်ဂျာ ယောကျာင်္းများကို ဝှေးစေ့ဖြတ် သင်းကွပ်ခြင်း (Castration) လုပ်ဖို့ ဒေါက်တာ ဒေါ်ခင်စောဝင်း တိုက်တွန်း အကြံပေး မည်လား။ ထိုမေးခွန်းများကို အရင် စဉ်းစားပြီးမှသာ ဥပဒေတစ်ခု ပြုသင့်ပါသည်။

            မှတ်ချက်။      ။ ၈ လေးလုံး ကျောင်းသားခေါင်ဆောင် ကိုဂျင်မီက မတရားမှုတို့ကို မေးခွန်းများ မေးခြင်းဖြင့် အလွယ်တကူ  ကာကွယ်တားဆီးနိုင်သည် ဆိုသောကြောင့် မေးခွန်းများ တရစပ် မေးနေရခြင်း ဖြစ်ပါသည်။

    (စ) Religion and Culture ။                ။ သမားကျင့်ဝတ်သည် လူနာ၏ ဘာသာရေး၊ နိုင်ငံရေး ယုံကြည်ချက်နှင့် ယဉ်ကျေးမှု အလေ့အထတို့ကို အလေးထားရန် ညွှန်ပြထားပါသည်။

    လူနာကောင်းကျိုးအတွက်ဟုဆိုကာ ဟီဗရူးနှင့် ယေဟောဝါဘာသာဝင်တို့ကို သွေးသွင်း ကုသခြင်း ပြုလုပ်ခွင့်မရှိပါ။ Patient has the right to refuse treatment. ဟုဆို၏။

    ဥပမာပေးသည့်အနေဖြင့် ကျွန်ုပ်၏ အတွေ့အကြုံ တစ်ခုကို ပြောပြချင်ပါသည်။ တနေ့တွင် ကျွန်ုပ်၏ ဆေးခန်းသို့ ကုလားထိုင်ပေါ်မှလိမ့်ကျ၍ ခေါင်းပေါက်သွားသော ၁ နှစ်ခွဲ အရွယ် ဆံပင် ရှည်ရှည် ဟိန္ဒူ ခလေးငယ် တစ်ဦးလာ ပြရာ ကျွန်ုပ်က Dressing လုပ်ရန်အတွက် ဆံပင်ကို ညှပ်ဖို့ပြင်ဆင်နေစဉ် အတူပါသူ ခလေး၏ မိခင်က ဟိန္ဒူဘာသာတွင် အသက် ၂ နှစ်ပြည့်မှ ဆံပင် ရိတ်ရပါသည်ဟု ပြောလာသောကြောင့် ဆံပင်ကို မဖြတ်၊ မရိတ်ဘဲ ဆေးကုသမှု ပေးခဲ့ရပါသည်။

    အမေရိကားရှိ ပဋိသန္တေတားပေးသော မိသားစု စီမံကိန်း ဆေးခန်း (Family Planning Clinic) များကို ရိုမန် ကက်သလစ် ဘာသာဝင်တို့ တိုက်ခိုက်လေ့ရှိသည်ကို ကနေဒါတွင် နေထိုင်သော ဒေါက်တာ ဒေါ်ခင်စောဝင်း သိပါ လိမ့်မည်။ ရခိုင်ပြည်တွင် ရှိသော ကက်သလစ် ဘာသာဝင် အမျိုးသမီး တစ်ဦးကို သားဆက်ခြားရန် အတွက် ဒေါက်တာ ဒေါ်ခင်စောဝင်း ကျန်းမာရေး ပညာပေးလျှင် လက်ခံမည်ဟု ထင်ပါသလား။ ဒါမှမဟုတ် လူနာကောင်းကျိုးအတွက် ထိုကက်သလစ်ဘာသာဝင် အမျိုသမီးကို အတင်းအဓမ္မ ဥပဒေပြု၍ သားဆက် ခြားပေးမည်လား၊ သားကြောဖြတ်မည်လား။ ကက်သလစ်ဘာသာဝင် အတွက် Ethics ရှိပြီး ရိုဟင်ဂျာ အမျိုးသမီးများအတွက် Ethics မရှိဟု ဆိုလျှင် ဒေါက်တာ ဒေါ်ခင်စောဝင်း တယောက် နာဇီလက်သစ် ဖြစ်သွားပါလိမ့်မည်။

    ဒေါက်တာဒေါ်ခင်စောဝင်းအနေဖြင့် မွတ်ဆလင်များကို မုန်းချင်လျှင် မုန်းနိုင်ပါသည်။ သို့သော် ဆေး လောကကြီး ဂုဏ်သရေ တင့်စေရန် သမားကျင့်ဝတ်တို့ကိုတော့ ခါးဝတ်ပုဆိုးကဲ့သို့  မြဲစေချင်ပါသည်။

             ဘက်လိုက်ပြီး တစ်ဖက်စောင်းနင်း ရေးတတ်သော ဥပဒေနှင့် လူကိုလူလိုရှု့မြင်သော ဆေးပညာ ကျင့်ဝတ် တို့သည်  တခါတရံ ထိပ်တိုက်ရင်ဆိုင် ဆန့်ကျင်ဖက် ဖြစ်နေလေ့ရှိပါသည်။ နိုင်ငံတကာတွင် လုပ်ရန် လွယ်ကူ သော Therapeutic Abortion ကို မြန်မာနိုင်ငံတွင် လုပ်ပေးရန် အလွန်ခဲယဉ်း လက်ဝင် သည်ကို ဒေါက်တာ ဒေါ်ခင်စောဝင်း သိပါသည်။ သမားကျင့်ဝတ် အထက်တွင် ဥပဒေရှိသည်ဟု ဆိုသည့် စကားရပ် အတွက် အကောင်းဆုံး ဥပမာ ဖြစ်ပါသည်။

    အော်ကြီးဟစ်ကျယ် ပြန်လည်တောင်းပန်သင့်သည်။

    ၈ လေးလုံး ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက မတရားမှုများကို မေးခွန်းမေးခြင်းဖြင့် ဆန့်ကျင်နိုင် သည်ဟု ဟောပြောပါသည်။

    အကယ်၍သာဒေါ်အောင်ဆန်းစုကြည်ကလက်ခံမည်ဆိုလျှင် ဤကိစ္စနှင့်ပတ်သက် ဦးခင်မောင်ငြိမ်း၊ ဦးအောင်မိုးဝင်း နှင့် ဒေါက်တာ ခင်စောဝင်းတို့ ၃ ဦးသည် ဒေါ်စုနှင့် မျက်နှာချင်းဆိုင် အကြေအလည်ပြောဝန့် (Debate လုပ်ဝန့်) ပါသလားဟု မေးလိုက်ချင်ပါသည်။

    မည်သူ့တွင် တာဝန်ရှိသည်ဖြစ်စေ ဤကိစ္စနှင့် ပတ်သက်၍ သမိုင်းတွင် နာဇီအဖြစ် သတ်မှတ်မှု မခံရစေရန် RFA သတင်း ဌာန၊ ဒေါက်တာ ခင်စောဝင်းနှင့် ဦးအောင်မိုးဝင်းတို့ အလျှင်အမြန်နှင့် ကျယ်ကျယ် လောင်လောင် ၃ ရက်ခန့် ဆက်တိုက် တောင်း ပန်သင့်ပါသည်။

    အကြံပေးရင်းတောင်းဆိုချင်ပါသည်။

    (၁) မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်းတွင် နိုင်ငံရေးအကျဉ်းသမား မရှိပါဟု ဇွတ်ငြင်းခဲ့သော သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ယ္ခင်ခေတ် အဆက်ဆက်က (၎င်းကိုယ်တိုင်ပါသောခေတ်က) နိုင်ငံရေးနှင့် ရာဇတ်မှုတို့ကို ရောထွေးကာ တရားစီရင်ခဲ့မှုများကြောင့် ထောင်ကျခံနေရသော နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပါတော့မည်ဟု ဇွန်လ ၄ရက်နေ့ ညနေပိုင်းတွင် ကြေငြာခဲ့ပါသည်။

    မြန်မာနိုင်ငံတွင်ရိုဟင်ဂျာ လူမျိုးမရှိပါဟု တစ်ချိန်လုံးငြင်းဆိုနေရာမှ ထိုင်းနိုင်ငံတွင် လုပ်သော ဖိုရမ် တစ်ခုတွင် ရခိုင် လူမျိုးသမိုင်း ဆရာ ဒေါက်တာ အေးချမ်းက သမိုင်းဝင် ရှေးဟောင်း ရိုဟင်ဂျာလူမျိုးဆိုသည်မှာ ရခိုင် ဗုဒ္ဓဘာသာဝင်များကို ခေါ်ဆိုခြင်းဖြစ်ကြောင်း ဇွတ်ရော အဓမ္မပါ ကြေငြာပါတော့သည်။

    အထက်ပါ ဦးသိန်းစိန်နှင့် ဒေါက်တာအေးချမ်းတို့၏ လုပ်ရပ်များကို အခြေခံစဉ်းစားသော် မူလဒေသခံ ရိုဟင်ဂျာနှင့် ခိုးဝင်လာသူ ဘင်္ဂလာလီများကို ရောထွေးပြဿနာ ရှာနေမှုများကို ရပ်တန့်ပြီး သမိုင်းဝင် ဒေသခံ ရိုဟင်ဂျာတို့ကို မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုပါတော့မည်ဟု တနေ့နေ့တွင် ကြေငြာရန် အလားအလာ ရှိပါသည်ဟု ဒဿနိကဗေဒ (Logic) နည်းဖြင့်တွက်ကြည့်လျှင် မမှားနိုင်ကြောင်း သမိုင်းကို နှံ့စပ်သူတိုင်း သိပါလိမ့်မည်။ ထိုအချိန်တွင် ရိုဟင်ဂျာများအတွက် Two Child Policy ပြဌာန်း သူနှင့် ထောက်ခံသူတို့ ဒုက္ခတွေ့မည်ကို မြင်ယောင်နေမိပါသည်။

    (၂) ယနေ့ခေတ်သည် နာဇီဟစ်တလာခေတ် မဟုတ်သောကြောင့် လူသားတို့ အတွက်သာမက တိရိစ္ဆာန်တို့ အတွက် ကုသရေးနှင့် ဆေးသုတေသနဆိုင်ရာ ဥပဒေများကို ပြဌာန်းသည့်အခါ ဥပဒေ ပညာရှင် တို့သည် သမားကျင့်ဝတ် (ဆေးပညာကျင့်ဝတ်) ပညာရှင်များနှင့် ညှိနှိုင်းရေးဆွဲ ပြဌာန်းကြရပါသည်။

    (၃) M.B.,B.Sအောင်ရုံ၊ MRCP ရရုံမျှနှင့် သမားကျင့်ဝတ်များတတ်သိနားလည်ပြီဟု မမှတ်ယူသင့်ပါ။ ဆေးသုတေသနနှင့် ကုသရေး အပိုင်းတွင်သာမက ကိုယ်ခန္တာ အစိတ်အပိုင်းများ အစားထိုး ကုသခြင်းဆိုင်ရာ ကျယ်ဝန်းသည့် ဆေးပညာကျင့်ဝတ် (Medical Ethics) များကိုသီးသန့် အထူးပြုလေ့လာထားမှသာကျင့်ဝတ် ချိုးဖေါက်မှုများကို ချက် (ဂျက်) ကျကျ ထောက်ပြနိုင်ပါမည်။

    ထို့ကြောင့် ဆရာဝန်တိုင်း သိသင့်သည့် Medical Governance and Humanity workshop ကို ဇွန် ၁၇၊ ၁၈၊ ၁၉ သုံးရက်တိတိ မြန်မာနိုင်ငံဆရာဝန် အသင်းတိုက်တွင် အထွေထွေရောဂါကု အသင်း ဆေးပညာ ကျင့်ဝတ် ကော်မတီမှ ဦးစီးကျင်းပရန် ရှိပါသဖြင့် ဒေါက်တာဒေါ်ခင်စောဝင်း တက်လိုပါက [email protected] ကိုဆက်သွယ်ကာ စာရင်းပေးသွင်းနိုင်သည့်အကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

    (၄) RFA မှ ဦးခင်မောင်ငြိမ်းကို အကြံပေးချင်ပါသည်။ ဆေးပညာရှင် သမားကျင့်ဝတ်များနှင့် ပတ်သက် လျှင် Ethics ပညာရှင်များဖြစ်သော မာမီကြီးဒေါက်တာဒေါ်မြင့်မြင့်ခင်၊ ဒေါက်တာဦးရဲသွေး၊ မှုခင်းဆရာဝန်ကြီး ဒေါက်တာ ဦးသိန်းဇော်၊ ဒေါက်တာဒေးဗစ်ကျော်နှင့် လူငယ်လက်တက် ဒေါက်တာ မြင့်ဦး (ဂျီပီ) စသည်တို့နှင့် ဒုတိယ ဆွေးနွေးခြင်း (Second Consultation) မလုပ်ဘဲ မထုတ်လွှင့်သင့်ကြောင်း RFA အသံလွှင့်ဌာနကို အကြံ ကောင်းတစ်ခု ပေးချင်ပါသည် ခင်ဗျား။

    ** M-Media သို့ အီးမေးလ်မှ တဆင့်ပေးပို့လာသော ဆောင်းပါးဖြစ်ပါသည်။

    ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။