News @ M-Media
Author: M-Media
  • “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး” ခေါင်းစဉ် ဖြင့် ဆောင်းပါးပြိုင်ပွဲ ကျင်းပမည်။
    “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး” ခေါင်းစဉ် ဖြင့် ဆောင်းပါးပြိုင်ပွဲ ကျင်းပမည်။
    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၅
    M-Media
    သီဟ
    UMS Network-Myanmar
    UMS Network-Myanmar စာပေနှင့်သုတေသနကော်မတီမှ  ကြီးမှူး၍ ဆောင်းပါးပြိုင်ပွဲ တရပ် ကျင်းပမည့်ဖြစ်ကြောင်း သိရပါတယ်။
    ပါဝင်ယှဉ်ပြိုင်ရမယ့် ခေါင်းစဉ်ကတော့ “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး” လို့သတ်မှတ်ထားကြောင်းသိရပါတယ်။
    ပြိုင်ပွဲဝင် ဝင်လိုသူတွေ အနေနဲ့ ပြိုင်ပွဲ ဝင်ခွင့် ပုံစံများ ကို ၂၀၁၅ ခုနှစ်မတ်လ ၁ ရက်နေ့ နောက်ဆုံးထား၍ [email protected] သို့ ဖြစ်စေ တာဝန်ခံ ဖုန်းနံပါတ်-၀၉၄၂၁၁၄၇၆၉၁ , ၀၉၉၇၅၃၂၇၇၃၅ ဖြစ်စေ ဆက်သွယ် ထုတ်ယူနိုင်ကြောင်းသိရှိရပါတယ်။
    ပြိုင်ပွဲ ဝင်ဆောင်းပါးများ ပြန်လည်ပေးပို့ရမည့် နောက်ဆုံး ရက်မှာ ၂၀၁၅ မေလ ၃ ရက်နေ့ နောက်ဆုံးဖြစ်ပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုများကို ထိုက်ထိုက်တန်တန် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။
    ဝင်ခွင့်ဖောင် ရယူရန်
    Click Here
    MS Word ဖြင့် ယူရန်  form
  • သာယာမည့် ကမ္ဘာနှင့် ဖြူစင်သည့်လူသား
    သာယာမည့် ကမ္ဘာနှင့် ဖြူစင်သည့်လူသား
    ဖေဖော်ဝါရီ ၁၁ ၊ ၂၀၁၅
    M-Media
    သက်ဝေနှင်း ရေးသည်။
    standout
    လူတိုင်း လူတိုင်းလိုလိုပင် တစ်ခါတစ်ရံ (သို့မဟုတ်) အမြဲလိုလို ဖြစ်တတ်လေ့ရှိသည်။ မိမိစိတ်ကို မိမိနားမလည်နိုင်ခြင်းပင်တည်း။ သို့ဆိုလျှင် လူသည် မိမိစိတ်ကိုပင် မိမိနားမလည်နိုင်လျှင် တပါးအခြားသောသူ၏စိတ်ကို နားလည်နိုင်ဖို့ဆိုသည်မှာ ပိုမို၍ပင် ခက်ခဲနိုင်သည် မဟုတ်လား။
    လူတိုင်းလူတိုင်းတွင် အပေါ်ယံစိတ်နှင့် အတွင်းဘက်ကျကျစိတ် ဟူ၍ရှိ၏။ (သိစိတ်နှင့် မသိစိတ်ကို ဆိုလိုခြင်းမဟုတ်) သာမန်စိတ် တစ်ခုကိုပင် ရည်ညွှန်းခြင်းသာ ဖြစ်ပေသည်။ လူသည်အချိန်တိုင်းလိုလို အပေါ်ယံကိုသာ မြင်နိုင်သည်မဟုတ်ပါလား။ အပေါ်ယံ အမြင်ဖြင့်ကြည့်၍ ဆုံးဖြတ်မည်ဆိုလျှင် လူတစ်ယောက်၏ ကောင်းခြင်းဆိုးခြင်းကို အပေါ်ယံသာလျှင် သိနိုင်ပေလိမ့်မည်။ “အကြောင်းသိချင်လျှင် ပေါင်းကြည့်” ရမည်ဆိုသည့်စကားသည် လူနှင့်လူပေါင်းခြင်းကို ဆိုလိုခြင်းမဟုတ်ပေ။ံတစ်ယောက်၏စိတ်ကို တစ်ယောက်သိမြင်လာနိုင်စေရန် အချိန်ကြာကြာ လေ့လာကြည့်ရန် ဆိုလိုခြင်းဖြစ်သည်။
    မျက်လုံးသည် စိတ်၏ပြူတင်းပေါက်ဟု ဆိုကြသည်။ ဤသည်လည်း မှန်ပါသည်။ စိတ်မတည်ငြိမ်ခြင်း၊ စိတ်မလုံခြုံခြင်းများ တို့ကြောင့် မျက်လုံးသည် ဂဏာမငြိမ်ဖြစ်လာတတ်သည်။ ပျော်ရွှင်ခြင်း၊ ပီတိဖြစ်ခြင်းများကြောင့် မျက်လုံးတို့သည် အရောင်လက်လာမည်။ ဝမ်းနည်းခြင်း၊ စိတ်မကောင်းခြင်းတို့ကြောင့် မျက်လုံးသည် ညှို့မှိုင်းလာမည်။ မျက်ရည်တို့ရစ်ဝဲလာမည်။ မျက်လုံးအပြင် တစ်ခြားသော လူ၏ခန္ဓာကိုယ်ရှိ အစိတ်အပိုင်း များစွာသည်လည်း စိတ်ပေါ်တွင် မူတည်ပြီး ပြောင်းလဲတတ်ပေ၏။ အဓိကကျသည်မှာ မိမိသည်တစ်ဖက်သားအား ကြည့်တတ်မြင်တတ်ဖို့သာလျှင် အရေးကြီးပေ၏။
    လူတို့နေထိုင်ရာ ဤသတ္တလောကကြီးထဲတွင် လူနှင့်လူတို့သည် အမြဲလိုလိုပင် ပတ်သက်ဆက်နွယ်မှုများ ရှိကြသည်။ လူလူခြင်း ပတ်သက် ဆက်နွယ်မှု၊ စီးပွားရေးအရ ပတ်သက်ဆက်နွယ်မှု၊ လူမျိုးရေး ဘာသာရေးအစရှိသည်ဖြင့် ပတ်သက် ဆက်နွယ်မှု ဂေဟစနစ်များသည် ယခင်ကလည်းရှိ၏၊ ယခုလည်းရှိ၏။ နောင်တွင်လည်း ရှိနေဦးမည်သာတည်း။
    ဤသို့ ပတ်သက်ဆက်နွယ်မှုများ ရှိနေခြင်းကြောင့်သာပင် လူသားမျိုးနွယ်ဆက်တို့ အဓွန့်ရှည် တည်တံ့နေခြင်းပင် ဖြစ်၏။ ထို့ကြောင့်ပင် လူတစ်ဦးနှင့်တစ်ဦး လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ ဘာသာတရား တစ်ခုနှင့်တစ်ခု ကောင်းမွန်သောဂေဟစနစ်ဖြင့် ပတ်သက် ဆက်နွယ်မှု ရှိမည်ဆိုလျှင် လူသား မျိုးနွယ်ဆက်ကို ငြိမ်းချမ်းစွာဖြင့် အဓွန့်ရှည် တည်ဆောက်နိုင်ကြပေလိမ့်မည်။
    လူတို့၏အတွင်းပိုင်း စိတ်သဘောများသည် မမြင်နိုင်သည့်ကြိုးများနှင့် အလားသဏ္ဍန်တူပေသည်။ လူတစ်ဦး အပေါ်တစ်ဦး ကောင်းသောစိတ်၊ ကောင်းသောသဘောထား၊ ကောင်းသောပေးဆပ်မှု၊ ကောင်းသောအမြင်များ ထားရှိကြမည်ဆိုလျှင် တစ်ဖက်မှ အလိုအလျောက်ပင် ကောင်းသောအသိတို့ သိရှိခံစားမှုရရှိနိုင်ပေသည်။ မကောင်းသောစိတ်၊ မကောင်းသော သဘောထား၊ မကောင်းသောအမမြင်များ ထားရှိကြမည်ဆိုလျှင် တစ်ဖက်မှ မကောင်းသောအသိတို့ကို အလိုအလျောက်ပင် သိရှိခံစားမှု ရရှိနိုင်ပေသည်။ ထို့အတွက်ကြောင့်ပင် လူတိုင်းလူတိုင်းသည် စိတ်၊ စိတ်ခြင်းချည်သောကြိုးများ ဖြူစင်သန့ှ်ရှင်းကြဖို့ လိုအပ်ပေသည်။
    ကန်ရေပြင် ကြည်လင်နေလျှင် အောက်ကြမ်းပြင်ထိ ထိုးဖောက်၍ မြင်နိုင်သကဲ့သို့ သင်တို့၏စိတ်များကို သန့်ရှင်းကြည်လင်နေရန် အစဉ်သဖြင့် ဂရုတစိုက်နေထိုင်မည်ဆိုပါက တစ်ဦးနှင့်တစ်ဦး မြင်တွေ့ခိုက်တစ်ခဏ အချိန်ကာလအတွင်း တစ်ယောက်စိတ်ကို တစ်ယောက်မှ အလွယ်တကူပင် နက်ရိုင်းစွာသိမြင် နားလည်သွားနိုင်မည် ဖြစ်ပေသည်။
    ထို့အတွက်ကြောင့် လူတိုင်းလူတိုင်းသည် အတ္တအမှောင်တို့၏ စိတ်များအား သန့်ရှင်းစွာထားပါ။ အတ္တအမှောင်တို့ဖြင့် မိမိ၏စိတ်အား ပိတ်ဖုံးမထားပါနှင့်။ စိတ်၏ သန့်ရှင်းကြည်လင်မှုသည် အမြင်မှား၊ အထင်မှားခြင်း၊ အမုန်းထားခြင်း၊ အငြိုးထားခြင်းတို့အား ပတ်သတ်၏။ ဤသို့အမုန်းများ ကင်းဝေးမည့် လူတို့ကမ္ဘာကြီးသည် ပျော်ရွှင်ဖွယ်၊ စိတ်ချမ်းမြေ့ဖွယ်များဖြင့် သာယာလှပနေပေလိမ့်မည်မှာ မလွဲဧကန်ပင်တည်း။
  • စည်သူအောင်မြင့် : ဝန်ကြီး ဦးခင်ရီ လိမ်ညာသူလား
    စည်သူအောင်မြင့် : ဝန်ကြီး ဦးခင်ရီ လိမ်ညာသူလား
    ဖေဖော်ဝါရီ ၁၀ ၊ ၂၀၁၅
    စည်သူအောင်မြင့် ရေးသည်။
    Khin Yee
    အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ကျောင်းသားတွေရဲ့ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ပေးဖို့ ဆန္ဒပြပွဲ မပြီးဆုံးသေးခင် နောက်ထပ်ဆန္ဒပြမယ့်သူတွေက တန်းစီနေပါပြီ။ အဲဒါကတော့ ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေး ကာလအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ ယာယီ သက်သေခံလက်မှတ်လို့ခေါ်တဲ့ White Card ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့်ပြုလိုက်တာကို မကျေ နပ်တဲ့သူတွေက ဆန္ဒပြကြမှာပါ။ ရခိုင်မှာလည်း အခုလို ဆန္ဒပြပွဲတွေ လုပ်မယ်ဆိုပြီး ပြောဆိုနေကြတာ လည်း ကြားကြရပါတယ်။ ဒီကြားထဲ ထူးခြားတာ တစ်ခုက သည်ဗွိုက်စ် ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆရာ မောင်ကိုနီရဲ့ ‘ဝှိုက်ကတ် သို့မဟုတ် ယာယီသက်သေခံ လက်မှတ်ဆိုတာဘာလဲ’ ဆိုတဲ့ ဆောင်းပါးပါ။ အဲဒီဆောင်းပါးမှာတော့ ဆရာက White Card အကြောင်း ရှင်းပြပြီး အဲဒီ ကတ်ကိုင်ထားသူတွေကို မဲပေး ခွင့်ပြုလိုက်တာဟာ ဥပဒေကြောင်းအရ မှန်ကန်တယ်ဆိုပြီး အချက်အလက်တွေနဲ့ တကွ ဖော်ထုတ်ထားပါ တယ်။ ဆရာမောင်ကိုနီ ဘယ်လိုရှင်းပြထားသလဲ၊ လဝကဝန်ကြီး ဦးခင်ရီကရော အဲဒီ White Card ကိစ္စ ဘာတွေပြောဆိုထားသလဲ၊ White Card ပြဿနာမှာ အရင်စစ်အာဏာရှင်တွေနဲ့ လက်ရှိ အစိုးရဘာတွေ လျှို့ဝှက်ထားသေးသလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။
    ဆရာမောင်ကိုနီက White Card ဒါမှမဟုတ် ယာယီသက်သေခံလက်မှတ်နဲ့ ပတ်သက်ပြီး ဥပဒေ အကိုးအကားနဲ့ ခုလိုရှင်းထားပါတယ်။ ၁၉၅၁ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်း ဥပဒေ ပုဒ်မ – ၂(င)တွင် – ‘ယာယီသက်သေခံလက်မှတ်ဆိုသည်မှာ သက်သေခံကတ်ပြား အစား ထုတ်ပေး၍ သတ်မှတ်ထားသည့် ကာလအပိုင်းအခြားအတွက်သာလျှင် အတည်ဖြစ်သော မည်သူဖြစ်ကြောင်း သက်သေခံလက်မှတ်ကို ဆိုလိုသည်’ ဟု တိကျရှင်းလင်းစွာ ပြဋ္ဌာန်းထားပါသည်လို့ ဖော်ပြ ထားပါတယ်။
    ဆက်ပြီး ဆောင်းပါးမှာ ဆရာဖော်ပြတာက ‘ယာယီသက်သေခံလက်မှတ်ကို နိုင်ငံခြားသားအား ထုတ်ပေးရန် ပြဋ္ဌာန်းထားသည့် ဥပဒေမျိုး လုံးဝမရှိပါ။ မြန်မာနိုင်ငံအတွင်းနေထိုင်သူ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် သို့မဟုတ် နိုင်ငံသားကတ်ပြားတစ်မျိုးမျိုး ရခွင့်ရှိသူအား ထိုကတ်ပြား ထုတ်ပေးနိုင် ခြင်းမရှိသေးသည့် အခြေအနေမျိုးတွင် ယာယီသဘောထုတ်ပေးသည့် ကတ်ပြားတစ်မျိုး ဖြစ်ပါသည်’ လို့ ရေးသားထားပါတယ်။
    ဆရာဦးကိုနီ ဆောင်းပါးကို ရှင်းရှင်းလင်းလင်းပြောရရင် အစိုးရအနေနဲ့ ဘယ်နိုင်ငံခြားသားကိုမှ White Card ထုတ်ပေးလို့ မရဘူး ဆိုတာပါပဲ။ မြန်မာနိုင်ငံသား ဖြစ်ရမယ်၊ ဒါပေမယ့် နိုင်ငံသားလား၊ ဧည့်နိုင်ငံ သားလား၊ နိုင်ငံသားပြုခွင့်ရသူလား စတဲ့ အဆင့်အတန်း မစိစစ်ရသေးတဲ့သူ တစ်ယောက်ယောက်ကို ယာယီသဘော ထုတ်ပေးရတာမျိုးလို့ ဆိုပါတယ်။ ဒါကြောင့် White Card ကိုင်ထားသူ အားလုံးဟာ နိုင်ငံသားဖြစ်တယ်၊ ဒါပေမယ့် နိုင်ငံသားအဆင့်အတန်းတော့ မစိစစ်ရသေးဘူးဆိုတဲ့ သဘောလည်းဖြစ်ပါတယ်။ ဥပဒေပါ ပြဋ္ဌာန်းချက်ကို ကိုးကားပြီး ဆရာဦးကိုနီ ရှင်းပြလိုက်တာဟာ လွှတ်တော်တွင်း လွှတ်တော်မှာ လဝကဝန်ကြီး ဦးခင်ရီ ရှင်းပြတာတွေနဲ့တော့ လုံးဝကြီးဆန့်ကျင် ကွဲလွဲနေပါတယ်။
    ဝန်ကြီးဦးခင်ရီကတော့ နိုင်ငံခြားသားလား၊ နိုင်ငံသားလား မစိစစ်ရသေးသူတွေကို White Card ထုတ် ပေးထားတာ ဖြစ်တယ်ဆိုပြီး ပြောဆိုပါတယ်။ အလားတူ အစိုးရ တာဝန်ရှိသူ အားလုံးလိုလိုလောက်က လည်း အဲဒီအတိုင်း ပြောဆိုထားတာ တွေ့ရပါတယ်။ ဦးခင်ရီ ပြောတာသာ မှန်ခဲ့မယ်ဆိုရင်White Card ကိုင်ထားသူတွေကို နိုင်ငံအတွက် တကယ့် အသက်တမျှအရေးကြီးတဲ့ ဖွဲ့စည်းပုံပြင်ရေးလို ကိစ္စမျိုးမှာ မဲ ပေးခွင့်ပြုလိုက်တာဟာ သမ္မတရော လွှတ်တော်ထဲက ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်သား အမတ်တွေပါ လုံးဝမှားယွင်းပြီး ဥပဒေ ချိုးဖောက်ခဲ့တဲ့ သဘော သက်ရောက်သွား စေပါတယ်။
    ဒါမှမဟုတ် White Card ရဲ့ သဘောသဘာဝဟာ ဆရာဦးကိုနီ တင်ပြသလိုရော မဖြစ်နိုင်ဘူးလား စဉ်းစားစရာ ရှိပါတယ်။ အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ဖွဲ့စည်းပုံ ၂ဝဝ၈ အတည်ပြုခဲ့တဲ့ အချိန်၊ ၂ဝ၁ဝ ရွေး ကောက်ပွဲနဲ့ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ အားလုံးမှာ ဥပဒေအရ အဲဒီWhite Card ကိုင်ဆောင်သူတွေ မဲပေးခွင့်ရခဲ့ကြပါတယ်။ ပြောချင်တာ အရင်စစ်အာဏာရှင်ခေတ်ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ ရွေးကောက်ပွဲ ဥပဒေ နည်းဥပဒေတွေနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ အားလုံးမှာ White Card ကိုင်ဆောင်သူတွေကို နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ ပါတီဝင်ဖြစ်ခွင့်နဲ့ မဲပေးခွင့် ခွင့်ပြုထားခဲ့တာ ဖြစ်ပါတယ်။
    အရင် စစ်အစိုးရဟာ White Card ကိုင်သူတွေကို မဲပေးခွင့်ပြုထားတာဟာ ဥပဒေအရ နိုင်ငံသားတွေ ဖြစ်နေတာမို့ အသေအချာ မဲပေးခွင့်ပြုခဲ့တယ်လို့လည်း မှတ်ယူနိုင်ပါတယ်။ နောက်တစ်ချက် စိတ်ဝင်စားဖို့ ကောင်းတာက အစိုးရဟာ ဒီ White Card ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာ မိသားစုကို ဘယ်လို ရှင်းပြထားသလဲ ဆိုတာပါ။ အခု ဖြစ်စဉ်တွေကိုကြည့်ရင် အစိုးရဟာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ မိသားစုကို ဘင်္ဂါလီ အရေးနဲ့ ပတ်သက်ပြီး သူတို့တွေကို White Card တွေ ထုတ်ပေးထားတယ်။ ဒါပေ မယ့် ဘယ်လို နိုင်ငံသား အဆင့်အတန်းလဲဆိုတာ မစိစစ်ရသေးဘူးလို့ ပြောထားပုံရပါတယ်။ ဒါကြောင့် ကုလသမဂ္ဂဟာ ရခိုင်ပြည်နယ်က ဘင်္ဂါလီတွေကို နိုင်ငံသားအဆင့်အတန်း သတ်မှတ်ပေးဖို့ တောင်းဆိုတာ ဖြစ်နိုင်ပါတယ်။ ဒါကို အစိုးရတာဝန်ရှိသူတွေက ဘင်္ဂါလီတွေကို တိုင်းရင်းသားအဖြစ် အသိအမှတ် မပြုနိုင် ဘူး၊ မြန်မာနိုင်ငံ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ရိုဟင်ဂျာဆိုတာ မရှိဘူးဆိုပြီး တလွဲတွေ ဖြေပြပါ တယ်။ ဟိုကပြောတာ နိုင်ငံသားကိစ္စ၊ ပြန်ဖြေတာက တိုင်းရင်းသားကိစ္စ ပြည်သူတွေကို လှည့်ဖျားနေတဲ့သဘော သက်ရောက်ပါတယ်။
    ခုဆိုရင် White Card ကိစ္စ ဖွဲ့စည်းပုံ ခုံရုံးကပါ ဖြေရှင်းပေးရမယ့် သဘောသက်ရောက်နေပါပြီ။ တကယ်လို့ White Card ကို နိုင်ငံသားတွေကိုပဲ ထုတ်ပေးထားတယ်၊White Card ကိုင်သူတွေဟာ နိုင်ငံသား အဆင့်အတန်း တစ်ခုခုဖြစ်တယ်ဆိုရင် သမ္မတနဲ့ လွှတ်တော် ဆုံးဖြတ်ချက် မှန်ပါတယ်။ ဦးခင်ရီနဲ့ အစိုးရ တစ်ဖွဲ့လုံး ပြည်သူတွေကို လိမ်လည်လှည့်ဖျားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဘယ်နိုင်ငံသားမှန်း မစိစစ်ရ သေးသူတွေကို ဘာကြောင့် နိုင်ငံသားတွေကိုမှ ပေးကိုင်ရမယ့် White Card တွေ ထုတ်ပေးထားခဲ့သလဲ ရှင်းရှင်းလင်းလင်း အဖြေပေးဖို့လိုနေပြီ ဖြစ်ပါတယ်။ ဒီအခါ သမ္မတနဲ့ လွှတ်တော်ဟာ ဥပဒေချိုးဖောက်ပြီး White Card ကိုင်သူတွေကို မဲပေးခွင့် ပြုလိုက်သလား၊ ဒါမှမဟုတ် ဦးခင်ရီနဲ့ အစိုးရအဖွဲ့ဟာ လိမ်ညာနေ သူတွေလားဆိုတာ ကွဲကွဲပြားပြား မြင်တွေ့ရတော့မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
    မဇ္ဈိမ မှ ကူးယူဖော်ပြသည်။
    http://www.mizzimaburmese.com/2013-10-20-17-18-22/2013-10-20-16-34-57/item/38727-2015-02-10-05-18-20
    ဓါတ်ပုံ – အင်တာနက်
    ဆက်စပ် ဆောင်းပါး ဖတ်ရန်
    ———————————
    http://www.m-mediagroup.com/news/37508
  • ဆန့်ကျင်ဘက်တို့၏လားရာ
    ဆန့်ကျင်ဘက်တို့၏လားရာ
    ဖေဖော်ဝါရီ ၁၀ ၊ ၂၀၁၅
    M-Media
    Z.Y ရေးသည်။
    positive and negative
    လက်ဘက်ရည်ဆိုင်တစ်ခုတွင်ဖြစ်သည်။ အနက်ရောင်တီရှပ်နှင့် ဂျင်းဘောင်းဘီ အကျပ်ကိုဝတ်ကာ ခေတ်ဆန်သောပုံနှင့် လူငယ်တစ်ဦးဝိုင်း တစ်ဝိုင်းမှာ ထိုင်နေသည်။ သူတစ်ယောက်တည်းတော့ မဟုတ်။ သူ၏မျက်နှာချင်းဆိုင်တွင် သူနှင့်အသက်အရွယ်မတိမ်းမယိမ်းပင်ရှိမည့် လူတစ်ဦးလည်း အတူတူ ထိုင်လျှက်ရှိသည်။
    သို့သော်လူငယ်၏ ဝတ်ပုံစားပုံကတော့ လည်ကတုံးရှပ် အဖြူလက်ရှည်နှင့် ယောပုဆိုးကို ဝတ်ဆင်ကာ ဆံပင်အရှည်ကို ယောင်ထုံးပုံသဏ္ဍန် ထုံးထားသည်။ သူတို့နှစ်ယောက်၏ အသွင်အပြင် ဝတ်စားဆင်ယင်ပုံကပင် ဆန့်ကျင်ဘက်ဖြစ်သည် မဟုတ် သူတို့နှစ်ဦး၏ စိတ်ဓါတ်နှင့် ခံယူချက်တွေလည်း ဆန့်ကျင်ဘက်ပင်ဖြစ်၏။ တစ်ဦးက အရာရာကိုအဆိုးမြင်တတ်သူ၊ အစိုးရိမ်ကြီးလွန်းသူသာဖြစ်ပြီး တစ်ဦးကဖြစ်သမျှ အကြောင်း အကောင်းသဘောထားသည့် အကောင်းမြင်ဝါဒီတစ်ဦးဖြစ်လေ၏။ ဒါပေမယ့် သူတို့နှစ်ယောက်က အကြောင်းအရာ တစ်ခုကို သူတို့မြင်သောအမြင်နှင့် ဆွေးနွေးနေကြခြင်းဖြစ်ရာ တစ်ခြားဝိုင်းများကပင် သူတို့၏စကားများကို နားစွင့်လျှက်ရှိကြ၏။
    အဆိုးမြင်သမား။    ။ MPT ရဲ့ ဆော်သဟာ (ဆွေသဟာ) အစီအစဉ်က ငါတို့ပိုက်ဆံတွေကို ညာယူနေတာပဲ။
    အကောင်းမမြင်သမား။        ။ MPT ကထင်သလောက်တော့ မဆိုးပါဘူး။ အင်တာနက်ဈေးသာတခြား အော်ပရေတာတွေထက်များတာ။  ဖုန်းပြောခကျ MEC ထက် ၁၅ ကျပ်တောင်လျှော့ယူတာပဲ။
    အဆိုးမြင်သမား။    ။ အကယ်ဒမီပေးပွဲကလည်း လုပ်ပွဲကြီးနဲ့တူပါတယ်။ ဆုတွေကျန်သေးရဲ့သားနဲ့ မပေးဘူးဆိုတာ ဘာသဘောလဲ။
    အကောင်းမြင်သမား။         ။ အင်း.. အကယ်ဒမီဆုတွေ အကုန်မပေးဘဲ လျှော့ပေးလိုက်တယ်ဆိုတာ နောက်နှစ်ပေးဖို့အတွက် အရုပ်တွေထပ် မလုပ်ရအောင် ချန်ထားတာနေမှာပေါ့။
    အဆိုးမြင်သမားက ဘုကလန့်ပြောသလောက် အကောင်းမြင်သမားက ကြံဖန်၍ကောင်းကွက်ရှာပြီး ပြောနေလေရာ ဘေးဝိုင်းတွေမှ ကြားရသူများအဖို့ ပြုံးချင်စရာဖြစ်နေလေသည်။ ခဏငြိမ်သက်သွားသော စကားဝိုင်းကို အဆိုးမြင်သမားကပင် ပြန်လည်စကားစရင်း လှုပ်နှိုးလိုက်သည်။
    အဆိုးမြင်သမား။    ။ တစ်နေ့တစ်နေ့ကားလမ်းတွေကလည်း ကျပ်သထက် ပိုကျပ်လာတယ်ကွာ။ ကားစီးနေရင်းနဲ့ပဲ အချိန်ကုန်ရုံတင်မက အသက်ပါတိုသွားနိုင်တယ်။
    အကောင်းမြင်သမား။        ။ ကားလမ်းတွေကျပ်တော့ အိမ်ကစောထွက်ရတာတော့ ဟုတ်ပါတယ်။ ကားပေါ်မှာ တစ်ခါပြန်အိပ်သွားလို့ရတော့ အိပ်ရေးဝတာပေါ့ ဟုတ်ဘူးလား။
    အဆိုးမြင်သမား။    ။ လျှပ်စစ်မီးကလည်း ၂၄ နာရီပေးတယ်လို့သာ အမည်ခံထားတာ တစ်ခါတစ်လေကျ တစ်ရက်ခြား တစ်ခါလောက် လစ်ရင်လစ်သလို ပျက်ချင်သေးတယ်နော်။
    အကောင်းမြင်သမား။         ။ ဒါကဒီလိုရှိတယ်ကွ။ ၂၄ နာရီလုံးမီးလာနေတော့ မီးချောင်ချုပ်ကပူပြီးလျှော့ (Shock) ဖြစ်တာတို့ဘာတို့နဲ့ မီးလောင်မှုတွေဖြစ်တယ်မလား။ အဲဒီလိုမျိုးတွေကနေ ကာကွယ်ပြီးသားဖြစ်အောင် ရံဖန်ရံခါ ဖြတ်တာနေမှာပါကွ။
    သူဘာပြောပြော နေရာတကာအကောင်းမြင်လွန်းနေသော သူ၏သူငယ်ချင်းကိုကြည့်ကာ အဆိုးမြင်သမား တော်တော်စိတ်ပျက်လာပုံဖြင့် သူ၏မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေလေတော့သည်။ သူဘာပြောရင် သူနှင့်အမြင်တူနိုင်မလဲ စဉ်းစားနေရာမှ ရုတ်တရက်ပြောစရာအကြောင်းအရာကို သတိရသွားသဖြင့်….
    အဆိုးမြင်သမား။    ။ လက်ပံတောင်းတောင်အတွက် ငါတို့သွေးချင်း ညီအကိုမောင်နှမတွေ အသက်စတေးနေရတာ ဒီဝီသမလောဘသားတွေကို အသက်မကျေဘူး။
    အကောင်းမြင်သမား။         ။ အင်း… သူတို့ဆိုးတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် သူတို့လုပ်တဲ့ပေါက်စီတို့ မန်ထို တို့ကျစားလို့ကောင်းသားဟ။
    အကောင်းမြင်သမား၏ စကားအဆုံးမျာ တစ်ဆိုင်လုံးပြုံးစိစိဖြစ်သွားကြသလို အဆိုးမြင်သမားလည်း လက်မြှောက်ကာ လက်ဖက်ရည်ဖိုးရှင်းပြီး ထထွက်သွားလေတော့သည်။
    Z.Y
  • လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀ မှ ဆေးသိပ္ပံဆိုင်ရာ အစ္စလာမ့် စာမျက်နှာ (နိဂုံးပိုင်း)
    လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀ မှ ဆေးသိပ္ပံဆိုင်ရာ အစ္စလာမ့် စာမျက်နှာ (နိဂုံးပိုင်း)
    1545933_783250998431780_730152860016912970_n
    (၂) ဆေးပညာအား လက်တွေ့ လေ့လာခြင်း နှင့် မှတ်တမ်းများ
    လူနာများအား ပြုစုကုသရာ၌ ကုထုံးများ ၊ တွေ့ရှိမှုများနှင့် ပတ်သက်၍ ကျိုးကြောင်းဆီလျော်သော လုပ်နည်းလုပ်ဟန်များသည် ၉ ရာစုနှစ်၏ ဆေးပညာရှင် အလ်ရာဇီ က စတင်ခဲ့ခြင်းပင် ဖြစ်သည်။ တွေ့ရှိမှုများအား မှတ်တမ်းတင်ခြင်း ၊ အဓိပ္ပါယ် ဖော်ဆောင်ခြင်း ၊ အမျိုးအစားခွဲခြင်း စသည့် အချက်များအပေါ်၌ အခြေခံထားသော လုပ်နည်းလုပ်ဟန် ဖြစ်သည်။ ဆေးပညာ လေ့လာရန်အတွက် အကောင်းဆုံးသော နည်းလမ်းများနှင့် ကွဲပြားခြားနားသော ရောဂါအမျိုးအစားများအား မှတ်တမ်းတင်ခြင်း စသည်တို့သည် ဆေးပညာ ဖွံ့ဖြိုးတိုးတက်လာစေရာ၌ အရေးကြီးသော အခြေခံအုတ်မြစ်များပင် ဖြစ်သည်။ ၁၀ ရာစုနှစ်၏ မှတ်တမ်းမရှိသော လက်တင် ရိုးရာကုထုံးများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် အလ်ရာဇီ၏ ရာပေါင်းများစွာသော ဆေးပညာဆိုင်ရာ မှတ်တမ်းများသည် သမားတော်ကြီးတစ်ပါး ကဲ့သို့ ခိုင်မာသော အထောက်အထား ပေးနိုင်ပါသည်။
    အလ်ရာဇီ ၏ နောက်ပိုင်း ဆေးပညာရှင်များ ဖြစ်ကြသော အိဗ်နို့စီနာ (Ibn Sina/ Avicenna) ၊ အလ်ဇဟ်ရာဝီ (Al-Zahrawi / Albucasis) (၉၃၆ – ၁၀၁၃) ၊ အိဗ်နို့ဇိုဟ်ရ် (Ibn Zuhr / Avenzoar) (၁၀၉၁ – ၁၁၆၂) ၊ မို့ဟ်ဇဗ် အလ်ဒီးန် အလ်ဘဂ်ဒါဒီ (Muhadhdhab Al-Deen Al-Baghdadi) (၁၁၁၇- ၁၂၁၃) ၊ နှင့် အိဗ်နို့အလ်နဖီးဆ် (Ibn Al-Nafis) စသော ဆေးပညာရှင်ကြီးများ အားလုံးတို့သည် ဆက်လက်လုပ်ဆောင်ခဲ့ကြရုံမက ပိုမို တီထွင်ဆန်းသစ်မှု များကိုလည်း ပြုလုပ်ခဲ့ကြပါသည်။ ၄င်းတို့ အားလုံးတို့သည် ၄င်းတို့၏ အတွေ့အကြုံများနှင့် ရောဂါရာဇဝင်များအား မှတ်တမ်းတင်ခြင်း ၊ အမျိုးအစားခွဲခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြပါသည်။ ဤသို့ဖြင့် အစ္စလာမ့် သမားတော်ကြီးများသည် ရောဂါများနှင့် ၄င်းတို့၏ရေရှည်အကျိုးသက်ရောက်မှု စသည့်အချက်များကို တိုက်ရိုက်လေ့လာခဲ့ကြသော စူးရှထက်မြက်သည့် ရှာဖွေတွေ့ရှိသူများ ဖြစ်သည်ဟု မှတ်တမ်းတင်ခြင်း ခံခဲ့ရပါသည်။
    (၃) ရောဂါကုထုံးများနှင့် ပတ်သက်၍ တိုက်ဆိုင်စစ်ဆေးခြင်းများ
    ဆေးပညာဖွံ့ဖြိုးတိုးတက်လာရန်အတွက် စမ်းသပ်သော နည်းလမ်းပေါင်းများစွာထဲမှ အရေးကြီးသည့် အချက်တစ်ခုမှာ ဤသို့ဖြစ်သည်။ လူနာများအား အုပ်စု ၂ စုခွဲကာ သီးခြားစီ စမ်းသပ်မှုများပြုလုပ်ပြီး ရလဒ်များကို တိုက်ဆိုင်စစ်ဆေးသည့် နည်းလမ်းဖြစ်သည်။ ဤကဲ့သို့ အမျှော်အမြင်နှင့် ပြည့်စုံလှသည့် စိတ်ဝင်စားဖွယ် စမ်းသပ်ခြင်းနည်းလမ်းကို လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော်က အလ်ရာဇီက စတင်ခဲ့ခြင်းပင်ဖြစ်သည်။ အလ်ရာဇီ ၏ “အလ်ဟာဝီ” ဆေးကျမ်းတွင် ဦးနှောက်အမြှေးပါးယောင်သည့် ရောဂါနှင့် ပတ်သက်၍ ဤသို့ဖော်ပြထားပါသည်။
    “. . . ဦးနှောက်အမြှေးပါးယောင်သည့် ရောဂါ၏ ရှေ့ပြေးလက္ခဏာငယ်များ ပေါ်ပေါက်လာသောအခါ ကျွန်ုပ်သည် ထိုလူနာများကို အုပ်စု ၂ စု ခွဲလိုက်ပါသည်။ ပထမအုပ်စုကို ရောဂါသက်သာစေသည့် နည်းလမ်းတစ်ခုဖြစ်သည့် သွေးပြန်ကြောမှသွေးထုတ်ခြင်းကို ပြုလုပ်ခဲ့ပြီး ရလဒ်ကို စောင့်ကြည့်ခဲ့ပါသည်။ ဒုတိယအုပ်စုကို ရည်ရွယ်ချက်ရှိရှိ မည်သည့်ကုသနည်းမှ မပေးဘဲ စောင့်ကြည့်ခဲ့ပါသည်။ ကျွန်ုပ်၏ ထင်မြင်ယူဆချက်များကို သက်သေပြနိုင်ရန် ဖြစ်သည်။ အမှန်တကယ်ပင် ဒုတိယအုပ်စုတွင် ဦးနှောက်အမြှေးပါးယောင်ယမ်းသည့် အဓိက ရောဂါလက္ခဏာကြီးများ ပေါ်ပေါက်လာပါတော့သည်။ ”
    ၁၈ ရာစု၏ နောက်ပိုင်း နှစ်များတွင် သွေးပြန်ကြောမှသွေးထုတ်ကာ ကုသသည့် ကုထုံးကို အသုံးပြုမှု နည်းပါးခဲ့ပါသည်။
    မည်သို့ပင်ဖြစ်စေကာမူ ထိုကဲ့သို့ အလ်ရာဇီ ၏ ရဲဝံ့ပြတ်သားသည့် စမ်းသပ်ခြင်းသည် ယနေ့ခေတ်၏ ဆေးပညာနယ်ပယ်၌ case-control trial ဟူသော လူနာများအား အုပ်စု ၂ စုခွဲကာ သီးခြားစီ စမ်းသပ်ကုသပြီး ရလဒ်များအား စောင့်ကြည့်သည့် သိပ္ပံနည်းကျ စမ်းသပ်နည်းတစ်ခုကို မြေစမ်းခရမ်းပျိုးခဲ့ခြင်းပင် ဖြစ်သည်။
    အလ်ရာဇီ ၏ နောက်ပိုင်းခေတ်များမှ အစ္စလာမ့် ဆေးပညာရှင်ကြီးများ အားလုံးတို့သည်လည်း ဤကဲ့သို့ သိပ္ပံနည်းကျ နည်းလမ်းများကို လိုက်နာကာ ပြုလုပ်ခဲ့ကြပါသည်။
    အိဗ်နို့ဇိုဟ်ရ် ၏ ဆေးကျမ်း “အသ်သိုင်စီးရ်” (Al-Taisir) တွင် case-control trial အား အသုံးပြုထားခြင်းကို ရှင်းလင်းပြတ်သားစွာ ဥပမာပေးထားပါသည်။
    ” ကျွန်ုပ်၏ အယူအဆ မှန်သည်/ မှားသည်မှာ ကျွန်ုပ်အတွက် သေချာလှပါသည်။ သို့သော် ‘ဝမ်းနှုတ်ဆေးနှင့် သူ၏ ဘေးထွက်ဆိုးကျိုး အာနိသင်ကို မည်သို့တိုက်ဖျက်ရမည်ဟူသော ကျွန်ုပ်၏ ထင်မြင်ယူဆချက်သည်’ မှားယွင်းစွာဖော်ပြခြင်း ဖြစ်နေလိမ့်မည်ဟု စာဖတ်သူ ဆေးပညာရှင်အချို့က မျှော်လင့်နေကြပါသည်။ ထို့ကြောင့် ၄င်းတို့သည် ကျွန်ုပ်အယူအဆကို ပြန်လည်ချေပကာ တင်ပြလာနိုင်ပါသည်။ ထို့အတွက်ကြောင့် ကျွန်ုပ်သည် စိန်ခေါ်မှုတစ်ခုကို ပြုလုပ်ခဲ့ပါသည်။ သူတို့လူစုကို အုပ်စု ၂ စု ခွဲစေပါသည်။ ပထမအုပ်စုကို ကျွန်ုပ်ညွှန်ကြားထားသည့် ဆေးညွှန်းအတိုင်း သောက်သုံးစေပြီး ဒုတိယအုပ်စုကို မတူညီသော ဆေးညွှန်းနှင့် သောက်သုံးစေပါသည်။ ထို့နောက် နည်းလမ်း ၂ ခု၏ ကောင်းကျိုးနှင့် ဆိုးကျိုးများကို မှတ်တမ်းတင်စေခဲ့ပါသည်။ မုချဧကန် ဤကဲ့သို့ နှိုင်းယှဉ်စမ်းသပ်ခြင်း သည်သာလျှင် ကျွန်ုပ်၏ ထင်မြင်ယူဆချက်သည် မှန်ကန်ကြောင်း အထောက်အထားပြနိုင်လေသည်။ ”
    (၄) ဆေးအာနိသင် စမ်းသပ်ခြင်းများ
    ——————————————-
    အိဗ်နို့စီနာ ၏ ဒုတိယဆေးကျမ်းဖြစ်သော “ကိသားဗ်” (Kitab) တွင် ဆေးအာနိသင် စမ်းသပ်ခြင်းနှင့် ပတ်သက်၍ ဤသို့ဖော်ပြထားပါသည်။
    ” ဆေးများ၏ သဘောသဘာဝ ၊ အာနိသင်ကို ရှာဖွေဖော်ထုတ်ရန်အတွက် နည်းလမ်းနှစ်သွယ်ရှိပါသည်။ ပထမနည်းလမ်းမှာ ယခင် ရှိပြီးသားဆေးများနှင့် အာနိသင် တိုက်ဆိုင်ကြည့်ခြင်း ဖြစ်ပြီး ဒုတိယတစ်နည်းမှာ ဓါတ်ခွဲစမ်းသပ်ခြင်းပင် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဓါတ်ခွဲစမ်းသပ် လေ့လာခြင်း နည်းလမ်းဖြင့် အစပြုခဲ့ပါသည်။ ဆေးအာနိသင်များ စမ်းသပ်လေ့လာရာတွင် သေချာစွာ ဆင်ခြင်သုံးသပ်ခြင်း ၊ ဆွေးနွေးတိုင်ပင်ခြင်း စသည့် အဆင့်များကို ဖြတ်ကျော်ပြီးနောက် ဆေးအာနိသင်များနှင့် ပတ်သက်၍ ယုံကြည်စိတ်ချရသော ဗဟုသုတများကို ရရှိစေပါသည်။ ”
    အိဗ်နို့စီနာသည် ဆေးအာနိသင် စမ်းသပ်ခြင်းနှင့် ပတ်သက်၍ ဥပဒေသ (၇) ချက်ကို သတ်မှတ်ပေးခဲ့ပါသည်။ ၄င်းက ဆေးများအားလုံးတို့၏ သဘောသဘာဝနှင့် အရေးကြီးပုံတို့ကို သေချာစွာသိရှိရန် လိုအပ်ကြောင်း ၊ အထူးအလေးထားကာ လေ့လာရမည် ဖြစ်ကြောင်း အသေးစိတ် ဆွေးနွေးပေးခဲ့ပါသည်။ ဤအချက်များသည် အလွန်အရေးကြီးသော လမ်းညွှန်မြေပုံတစ်ခုကဲ့သို့ဖြစ်သည်ဟု အခြားသော ဆေးပညာရှင်များကလည်း သဘောတူညီခဲ့ကြပါသည်။
    (၅) တိရိစ္ဆာန်များကိုအသုံးပြု၍ စမ်းသပ်ခြင်း
    —————————————————-
    (က) ဆေးဝါးအတွက် စမ်းသပ်ခြင်း
    —————————————–
    ကမ္ဘာ့သမိုင်းတစ်လျှောက်တွင် ဆေးပညာ နယ်ပယ်၌ ပထမဦးဆုံး မှတ်တမ်းရှိခဲ့သော တိရိစ္ဆာန်များနှင့် စမ်းသပ်ခြင်းသည် ဆေးဝါးများအတွက် စမ်းသပ်ခြင်းဖြစ်သည်။ ဆေးဝါးများ၏ အဆိပ်သင့်စေသော ပမာဏနှင့် ပတ်သက်၍ စမ်းသပ်ခြင်းဖြစ်သည်။ ထိုစမ်းသပ်ချက်ကို ၉ ရာစု နှစ်တွင် ဆေးပညာရှင်ကြီး အလ်ရာဇီ က ပြုလုပ်ခဲ့ပါသည်။ လူသားများအတွက် အန္တရာယ်ဖြစ်နိုင်သော ဆေးပမာဏကို တိရိစ္ဆာန်များနှင့် စမ်းသပ်ရာ၌ ပြဒါးပမာဏကို မျောက်များ၌ စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။ ထိုအကြောင်းကို ၁၃ ရာစု၌ အိဗ်နို့အလ်ဗိုင်သွားရ် (Ibn Al-Baytar) က သူ၏ကျမ်း “အလ်ဂျမိဒ်လိ မုဖ်ရဒါးသ် အလ်အဒ်ဝီယဟ် ဝလ်အဇ်ဇိယဟ်” (Al-Jamie Limufradat Al-Aswiya Wal-Aghdiya) တွင် ဖော်ပြခဲ့ပါသည်။
    (ခ) ခွဲစိတ်ကုသရန်နည်းလမ်းများအတွက် စမ်းသပ်ခြင်း
    ——————————————————–
    အသက်ရှူလမ်းကြောင်းပိတ်သည့် အရေးပေါ်လူနာများအား အသက်ကယ်နိုင်ရန် လေပြွန်ကိုဖောက်၍ ကုသခြင်းသည် ယနေ့ခေတ်၌ အလွန်အသုံးဝင်သော ကုသနည်းတစ်ခုပင် ဖြစ်ပါသည်။ သို့သော် ရှေးရာစုနှစ်ပေါင်းများစွာတုန်းက အငြင်းပွားဖွယ်ကိစ္စတစ်ခုမျှသာ ဖြစ်သည်။ ရှေးအကျဆုံးအနေနှင့် ၉ ရာစုနှစ်မှ ဆေးပညာရှင် အလ်ရာဇီ နှင့် ၁၀ ရာစုနှစ်မှ ဆေးပညာရှင် အိဗ်နို့စီနာတို့သည် ထိုခွဲစိတ်ကုသခြင်းကို သဘောတူ ထောက်ခံကာ ပြန်လည်စမ်းသပ် တည်ထွင်ခဲ့ကြပါသည်။
    အလ်ဇဟ်ရာဝီ (Al-Zahrawi) သည် သူ၏စာအုပ် “အသ်သဆ်ွရီးဖ် လိမန် အဂျဇနင်သ် သအ်လီးဖ်” (Al-Tasrif Liman Ajaz Aan Al-Taalif) တွင် ဖော်ပြခဲ့သည်မှာ လေပြွန်ကို ဓါးဖြင့်လှီးဖြတ်ခြင်းသည် အန္တရာယ်မများသော ခွဲစိတ်မှုဖြစ်ကြောင်းကို သူ၏ ကိုယ်ပိုင်စမ်းသပ်ချက်များကို အခြေခံပြီး ကောက်ချက်ချကာ ထောက်ခံခဲ့ပါသည်။ သို့သော်လည်း အငြင်းပွါးမှုများသည် အိဗ်နို့ဇိုဟ်ရ် (Ibn Zurh) ၏ ခေတ်အထိ ရှိနေဆဲဖြစ်သည်။ အိဗ်နို့ဇိုဟ်ရ် သည် သူ၏စာအုပ် “အသ်သိုင်စီးရ်” တွင် ဤခွဲစိတ်မှုကို သူယခင်က မမြင်ခဲ့ဖူးကြောင်း ၊ ထို့ကြောင့် ထိုခွဲစိတ်မှု၏ အန္တရာယ်ကင်းရှင်းမှုကို သိရှိနိုင်ရန် သူကိုယ်တိုင် လက်တွေ့စမ်းသပ်ခဲ့ကြောင်း ဤသို့ဖော်ပြထားသည်။
    ” ဤအငြင်းပွားမှုတွေကို သက်သေပြနိုင်ရန် ကျွန်ုပ်သည် ဆိတ်တစ်ကောင်၏ လေပြွန်ဖြင့် စမ်းသပ်ခဲ့ပါသည်။ ဦးစွာ ဆိတ်၏အရေပြားကို လှီးဖြတ်ခဲ့ပါသည်။ ပြီးနောက် လေပြွန်၏အပေါ်ယံလွှာကို လှီးဖြတ်ပြီးသည်နှင့် လေပြွန်ပေါ်လာသည်။ ကျွန်ုပ်သည် လေပြွန်ပေါ်၌ လူပင်စေ့ ထက်သေးသော အရွယ်ခန့် လှီးဖြတ်လိုက်ပါသည်။ ပြီးနောက် ရေနှင့် သေချာဆေးကာ ပျားရေ သုတ်လိမ်းပေးထားပါသည်။ ထိုဆိတ်၏ လေပြွန်ပြတ်ရှဒဏ်ရာသည် အကောင်းပကတိအတိုင်း ပြန်လည် ကောင်းမွန်သွားကာ သက်တမ်းစေ့ နေနိုင်ပါသည်။ ”
    ထိုအံ့မခန်း စမ်းသပ်တွေ့ရှိမှုသည် အလ်ရာဇီ မှအစပြုခဲ့သော လေပြွန်ဖောက်၍ အရေးပေါ် အသက်ကယ်သည့် tracheostomy ၏ လှေကားထစ်ပင် ဖြစ်သည်။ ဤသို့ အိဗ်နို့ဇိုဟ်ရ် ၏ ဖော်ပြချက်သည် ခွဲစိတ်ကုသခြင်းနှင့် ပတ်သက်၍ ပထမဦးဆုံး မှတ်တမ်းတင်ထားသော တွေ့ရှိချက်ပင်ဖြစ်သည်။ ယနေ့ခေတ် တိုးတက်နေသော ခွဲစိတ်ကုသခြင်းများ၏ အခြေခံရာအုတ်မြစ်ပင် ဖြစ်သည်။
    အလ်ဇဟ်ရာဝီ နှင့် အိဗ်နို့ဇိုဟ်ရ်တို့၏ ခေတ်များနောက်တွင် ဆေးပညာရှင် နှစ်ဦးကလည်း ထိုကုသခြင်းကို ထောက်ခံခဲ့သည်။ ထိုသူတို့မှာ မုဝဖ်ဖကွတ်ဒီးန် အဗ်ဒွလ်လသွီးဖ် အလ်ဘဂ်ဒါဒီ (Muwaffaq Al-Deen Abdel-Latif Al-Bagdady) နှင့် အိဗ်နို့အလ်ကဖ် (Ibn Al-Quff) (၁၂၃၂-၁၂၈၆) တို့ပင် ဖြစ်သည်။ ထိုဆေးပညာရှင်ကြီး နှစ်ပါးတို့ကလည်း အသက်ရှူလမ်းကြောင်း ပိတ်ဆို့၍ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင် အခြားကုသနည်းများနှင့် မသက်သာနိုင်ကြောင်း ၊ လေပြွန်ကိုဖောက်၍ အသက်ကယ်ခြင်းသည်သာ ရွေးချယ်စရာ ဖြစ်ကြောင်း ပြည့်ပြည့်ဝဝ အကြံပြုထောက်ခံခဲ့ပါသည်။
    ထိုမျှသာမက ထိုခွဲစိတ်ကုသခြင်းကို အသေးစိတ်ဖော်ပြကာ ပိုမိုကောင်းမွန်စေရန် ကြိုးစားခဲ့ကြပါသည်။ ၁၅ ရာစုနှစ်၏ ဆေးပညာရှင် ဆာယီလီ (Sayili) ကလည်း ဤကဲ့သို့ပင် ထောက်ခံအကြံပြုခဲ့ပါသည်။
    (၆) ခွဲစိတ်စစ်ဆေးခြင်းနှင့် လက်တွေ့ စမ်းသပ်ခြင်းများ
    ——————————————————–
    အထက် ဖော်ပြချက်များအရ အလ်ရာဇီ၊ အိဗ်နို့စီနာ၊ မို့ဟ်ဇမ် အလ်ဒီးန် အလ်ဘဂ်ဒါဒီ၊ အိဗ်နို့ဇိုဟ်ရ် ၊ အိဗ်နို့ရိုရှ်ဒ် (Ibn Rushd / Averroes) စသော ပညာရှင်ကြီးများသည် ရာစုနှစ်အဆက်ဆက်၌ ဆေးပညာ လက်တွေ့လေ့လာရာ၌ ခန္ဓာဗေဒနှင့် ပတ်သက်၍ ခွဲစိတ်စစ်ဆေးခြင်း လက်တွေ့စမ်းသပ်ခြင်းများကို အလေးထား ဆောင်ရွက်ခဲ့ကြပါသည်။ ၁၃ ရာစုတွင် အစ္စလာမ့် သမားတော်ကြီး တစ်ဦးဖြစ်သော အိဗ်နို့အလ်နဖီးဆ် သည် ခွဲစိတ်စစ်ဆေးစမ်းသပ်ခြင်း အယူအဆကို ဆုတ်ကိုင်ကာ ဆက်လက် လုပ်ဆောင်ခဲ့ပါသည်။ အိဗ်နို့အလ်နဖီးဆ် သည် နှလုံးအားထောက်ပံ့သော သွေးကြောအဖွဲ့ (coronary circulation) နှင့် အဆုတ်အတွင်းရှိ သွေးကြောအဖွဲ့ (pulmonary circulation) တို့ကို ရှာဖွေတွေ့ရှိခဲ့သူ ဖြစ်ပါသည်။ ထို အကြောင်းအရာများကို “ရှရ်ဟို့သရှ်ရီးဟ်အလ်ကာနူးန်” (Sharh Tashrih Al-Qanun) တွင် ဖော်ပြထားပါသည်။
    ထိုအပြင် ထိုခေတ်က ခန္ဒာဗေဒပြဋ္ဌာန်းစာအုပ်များတွင် ရုပ်ပုံများ ထည့်သွင်းရေးဆွဲခဲ့ခြင်းများကို ထိုခေတ်က အစ္စလာမ့် ပညာရှင်ကြီးများက စတင်ခဲ့သည်။ ဤသည် ခွဲစိတ်ပညာ တိုးတက်လာခြင်းကို အဓိက ဦးတည် ပေးခဲ့လေသည်။
    ဂဲလ်လန် (Galen) သည် ကိုယ်တိုင် ခွဲစိတ်မှုပေါင်းများစွာကို ပြုလုပ်ခဲ့ပြီး တွေ့ရှိမှုများစွာကို မှတ်တမ်းတင်ခဲ့သူ ဖြစ်သည်။ သို့သော် သူ၏တွေ့ရှိချက်များထဲမှ အချို့သည် မှန်ကန်မှုမရှိပါ။ အလယ်ခေတ်၏ အစ္စလာမ့်ပညာရှင်များသည် ဂဲလ်လန်၏ မှားယွင်းသော ခန္ဒာဗေဒ၏ အယူအဆများကို ပြုပြင်ခြင်းအားဖြင့် ဆေးသိပ္ပံပညာ တိုးတက်လာမှု၌ အဓိက ဦးဆောင်လမ်းပြ ထောက်ပံ့ပေးခဲ့ပါသည်။ အိဗ်နို့အလ်နဖီးဆ်၏ “ရှရ်ဟို့သရှ်ရီးဟ် အလ်ကာနူးန်” ၌ ဖော်ပြထားသော အောက်ပါကိုးကားချက်များသည် သူ၏ ကိုယ်ပိုင် စမ်းသပ်တွေ့ရှိမှုများပင်ဖြစ်သည်။ ရာစုနှစ်ပေါင်းများစွာက လက်ခံခဲ့သော ဂဲလ်လန်၏ အယူဝါဒကို မမှန်ကန်ကြောင်း ထင်ရှားစေပါသည်။
    ” အိဗ်နို့စီနာ က မှန်ကန်သည်ဟု လက်ခံထားသော ဂဲလ်လန်၏ ဖော်ပြချက်တစ်ခုမှာ နှလုံးတွင် သွေးလွှတ်ခန်း ၃ ခန်း ရှိသည်ဟူ၍ ဖြစ်သည်။ ဤသည် မည်သို့မှ မမှန်ကန်နိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် နှလုံးတွင် သွေးလွှတ်ခန်း ၂ ခန်း သာ ရှိသောကြောင့်ဖြစ်သည်။ အမှန်တစ်ကယ်တော့ ကိုယ်တိုင် ခွဲစိတ်စစ်ဆေးခြင်းအားဖြင့် သူတို့၏ ဖော်ပြချက်များ မမှန်ကန်ကြောင်းကို ထင်ရှားစေခြင်းပင် ဖြစ်သည်။ ထို့အပြင် ဂဲလ်လန်၏ အယူအဆတစ်ခုဖြစ်သော နှလုံးဆီသို့ သွေးနှင့်အာဟာရ ထောက်ပံ့ပေးခြင်းသည် ညာဘက် သွေးလွှတ်ခန်းထဲမှ သွေးများနှင့် သက်ဆိုင်သည်ဟူသော ယူဆချက်သည် လက်ခံနိုင်စရာမရှိပေ။ အဘယ့်ကြောင့်ဆိုသော် နှလုံးဆီသို့ သွေး နှင့် အာဟာရ ထောက်ပံ့ခြင်းသည် နှလုံးအတွင်း၌ရှိသော သီးခြား သွေးကြောအဖွဲ့တစ်ခုနှင့်သာ သက်ဆိုင်သောကြောင့် ဖြစ်သည်။”
    မုဝဖ်ဖကွတ်ဒီးန် အဗ်ဒွလ်လသွီးဖ် အလ်ဘဂ်ဒါဒီ (၁၁၆၂ – ၁၂၃၁) ရေးသားခဲ့သော “ကိသားဗ် အလ်အိဖာဒဟ် ဝလ်အိအ်သိဗားရ်” (Kitab Al-Ifadah Wa Al-Itibar) တွင် ပါဝင်သော အောက်ဖော်ပြပါ အလယ်ခေတ် အေဒီ ၁၁၀၀-၁၄၀၀ အတွင်းရှိ အစ္စလာမ့် ပညာရှင်ကြီးများ၏ ကိုယ်တိုင် လက်တွေ့ခွဲစိတ်ခြင်းများအပေါ် ယုံကြည်အားထားခြင်းသည် မှန်ကန်ကြောင်းထင်ရှားစေခဲ့သည်။
    “. . . လူသား၏ ကိုယ်ခန္ဓာအား ခွဲစိတ်ကာ အရိုးနှင့်အဆစ်တို့၏ ပုံသဏ္ဍာန် အချိုးအစားများကို လေ့လာခြင်းအားဖြင့် ကျွန်ုပ်တို့များစွာ သိရှိခဲ့ရသည်။ ကိုယ်တိုင်ခွဲစိတ်လေ့လာခြင်းက ရှေးယခင်ပညာရှင်ကြီးများ ရေးသားပြုစုခဲ့သော စာတမ်းများကို လေ့လာခြင်းထက် ပို၍သိရှိရသည်။ လူတစ်ဦးနှင့်တစ်ဦး အမြင်မတူသည့်အတွက် ကိုယ်တိုင် ခွဲစိတ်လေ့လာခြင်းသည် ပို၍ကောင်းသည်။ အမှန်တကယ်တော့ ဆေးပညာရှင်တစ်ဦး ရေးသားထားသည်ကို ဖတ်ခြင်းထက် ကိုယ်တိုင် မျက်စိနှင့်လေ့လာခြင်းက ပို၍ ခိုင်မာစွာ သက်သေခံနိုင်ပါသည်။ ဂဲလ်လန်သည် ဆေးပညာနှင့် ပတ်သက်၍ ခွဲစိတ်လေ့လာရာ၌ အမြင့်ဆုံး အရည်အချင်းရှိသည် မှန်သော်လည်း ကျွန်ုပ်တို့ ကိုယ်တိုင် တိုက်ရိုက် ခွဲစိတ်လေ့လာခြင်းသည်သာ ကျွန်ုပ်တို့အတွက် ပို၍တိကျသော အဖြေကို ရရှိပါသည်။ ပြီးနောက် ဂဲလ်လန်၏ ရှင်းလင်းချက်များနှင့် ဖော်ပြချက်များအပေါ်၌ ဝေဖန်သုံးသပ်နိုင်ခဲ့ပါသည်။ ကွဲပြားခြားနားချက်များကိုလည်း ဆွေးနွေးနိုင်ပါသည်။
    ထိုထဲမှ ဥပမာတစ်ခုမှာ အောက်မေးရိုးပင်ဖြစ်သည်။ အားလုံးက လက်ခံထားသော အယူအဆတစ်ခုမှာ အောက်မေးရိုးသည် သပ်သပ်စီဖြစ်သော အရိုး ၂ ခုကို မေးရိုးနေရာ၌ သန်မာသော အဆစ်တစ်ခုဖြင့် ဆက်ထားသည်ဟူ၍ ဖြစ်သည်။ ဤအချက်ကို ကျွန်ုပ်တို့ ယခင်က လက်ခံခဲ့ကြသည်။ လက်ခံသည်ဆိုသည်မှာ ဂဲလ်လန် တစ်ဦးတည်းကိုသာ လက်ခံခြင်းဖြစ်သည်။ သူသည်သာလျှင် ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ခွဲစိတ်ခြင်းများကို သစ္စာရှိစွာ ပြုလုပ်ခဲ့ပြီး စာအုပ်စာပေများစွာကို ပြုစုခဲ့သူဖြစ်သည်။ ထိုစာအုပ်စာပေများစွာကို အာရဗီဘာသာဖြင့် ရရှိနိုင်ပြီး အချို့ကို မရရှိနိုင်ပေ။
    သို့သော်လည်း ကျွန်ုပ်တို့၏ ကိုယ်ပိုင်တွေ့ရှိချက်များကို အခြေခံပြီး ပြောရမည်ဆိုလျှင် အောက်မေးရိုးသည် ပထမဆုံးသော အဆစ်မရှိသော အရိုးတစ်ခုပင်ဖြစ်သည်။ နည်းလမ်းပေါင်းများစွာကို စမ်းသပ်အသုံးပြုခဲ့ပြီး ကြိမ်ဖန်များစွာ ခွဲစိတ်လေ့လာခဲ့ကြသည်။ ဦးခေါင်းခွံရိုးပေါင်း ၂၀၀၀ ကျော်ကို ရှုထောင့်မျိုးစုံမှ ခွဲစိတ်စမ်းသပ် လေ့လာခဲ့ကြသော်လည်း အလ္လာဟ် အရှင်မြတ်၏ ကျေးဇူးတော်နှင့် အောက်မေးရိုးသည် သီးခြားဖြစ်သော အရိုးတစ်ခုဖြစ်ကြောင်းကို ကျွန်ုပ်တို့ တွေ့ရှိရသည်။ ကျွန်ုပ်တို့သည် သီးခြားအုပ်စုများဖွဲ့၍ လေ့လာခဲ့ကြသည်။ ကျွန်ုပ်ကိုယ်တိုင် ထိုအုပ်စုများတွင် ပါဝင်၍လည်းကောင်း ၊ ကျွန်ုပ်မပါဘဲ သီးခြားအဖွဲ့များ ဖွဲ့စည်း၍လည်းကောင်း ပုံစံမျိုးစုံဖြင့် လေ့လာခဲ့ကြပါသည်။ သို့သော် မည်သူတစ်ဦးတစ်ယောက်ကမှ ကျွန်ုပ်တို့၏ တွေ့ရှိချက်ဖြစ်သော အောက်မေးရိုးသည် သီးခြားအရိုးတစ်ခုဖြစ်သည်ဟူသော အချက်ကို ထပ်မံဖြည့်စွက်နိုင်ခြင်း မရှိကြချေ။ ကျွန်ုပ်တို့ တွေ့ရှိချက်သည်သာ အခိုင်မာဆုံးဖြစ်သည်။”
    ဤပြိုင်ဘက်ကင်းသော အံ့မခန်းတွေ့ရှိမှုသည် အစ္စလာမ့်ခေတ်က ပညာရှင်ကြီးများ၏ သိပ္ပံရှုထောင့်မှ တောက်ပသော သက်သေခံခြင်းများပင် ဖြစ်သည်။ ထိုကဲ့သို့ နမူနာပေါင်းများစွာကို စမ်းသပ်လေ့လာခြင်းဖြင့် စာရင်းဇယားများကိုလည်း နားလည်သဘောပေါက်လာပါသည်။ ထိုပြင် သံသယနှင့် ဇဝေဇဝါဖြစ်ခြင်း ဘက်လိုက်ခြင်းများကို ရှောင်ကြဉ်နိုင်ပါသည်။ မို့ဟ်ဇဗ် အလ်ဒီးန် အလ်ဘဂ်ဒါဒီ သည် သူ၏စမ်းသပ်ချက်ကို သုံးကြိမ်တိုင်တိုင် ထပ်ခါထပ်ခါ ပြုလုပ်၍ သက်သေပြခဲ့ပါသည်။ ပထမဆုံးအနေနှင့် ကိုယ်တိုင်စမ်းသပ်ခြင်း ၊ ဒုတိယအနေနှင့် ပညာရှင်တစ်စုတို့နှင့် ပူးပေါင်း၍ စမ်းသပ်ခြင်း ၊ တတိယအနေဖြင့် အခြားပညာရှင်တစ်စုတို့ သီးခြားစမ်းသပ်ခြင်း စသည်ဖြင့် ပြုလုပ်ခဲ့ပါသည်။ တိကျမှန်ကန်သော ရလဒ်များကို ရယူနိုင်ရန်အတွက် ဤကဲ့သို့ တစ်နည်းထက်ပိုသော စမ်းသပ်ချက်များကို ပြုလုပ်ခဲ့ပါသည်။
    (၇) သေဆုံးပြီး ကြွင်းကျန် ရုပ်လောင်းများအား ခွဲစိတ်စစ်ဆေးခြင်း
    (က) တိရိစ္ဆာန်များအား ခွဲစိတ်စစ်ဆေးခြင်း
    —————————————————-
    အောက်တွင်ဖော်ပြထားသော အိဗ်နို့ဇိုဟ်ရ် ၏ “အသ်သိုင်စီးရ်” တွင် သူသည် တိရစ္ဆာန်များကို အသုံးပြုပြီး စမ်းသပ်ချက်တစ်ခု ပြုလုပ်ခဲ့ပါသည်။ အဆုတ်တွင်ဖြစ်တတ်သော အနာကို ကုသနိုင်ရန်အတွက် နည်းလမ်းရှာဖွေရာ၌ တိရိစ္ဆာန်များ၌ လက်တွေ့စမ်းသပ်ခဲ့ကြခြင်း ဖြစ်သည်။
    ” . . . အဆုတ်တွင်ဖြစ်ပေါ်သော အနာအတွက် ကုသရန် ကုထုံးပေါင်းများစွာ ရှိနေသော်လည်း တိကျစွာ မည်သူမှမသိပါ။ ထိုကုထုံးနည်းနှင့် ပတ်သက်၍ ဖော်ပြလိုပါသည်။ သိုးများတွင်ဖြစ်သည်။ အဆုတ်တွင် အနာဖြစ်နေသောသိုးများကို သိုးအုပ်နှင့်မရောစေဘဲ သပ်သပ်ခွဲထားလိုက်သည်။ ၄င်းတို့ကို သီးသန့်သွားလာ ကျက်စားစေသည်။ သိုးများကို ထိန်းသိမ်းသောသူက အပင်တစ်ပင်ကိုကျွေးရန် အကြံပြုသည်။ ထိုအပင်ကိုစားပြီးနောက် ထိုသိုးများ၏ အဆုတ်အနာသည် သက်သာပျောက်ကင်းသွားကာ ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိခဲ့ပါသည်။ ကျွန်ုပ်ကိုယ်တိုင် သိုးများ၏အဆုတ်ကို ခွဲစိတ်စစ်ဆေးခဲ့သည်။ ထင်ရှားသော သက်သေအဖြစ် အဆုတ်တွင် အနာကျက်ခြင်းနှင့် အနာပြန်ဆက်သွားခြင်းကို တွေ့ရပါသည်။ ယခုအချိန်အထိ ကျွန်ုပ်သည် ထိုဆေးပင်ကို မသိခဲ့ပါ။ ကျွန်ုပ်အလျင် မည်သူတစ်ဦးတစ်ယောက်မှလည်း သိခဲ့မည်မဟုတ်ဟု ထင်ပါသည် . . . ”
    (ခ) သေဆုံးပြီးလူသားများအား ခွဲစိတ်စစ်ဆေးခြင်း
    ——————————————————–
    ထို့ပြင် အိဗ်နို့ဇိုဟ်ရ် သည် နှလုံး၏ အပြင်ဆုံးသောအလွှာ (နှလုံးအကာ) ယောင်ယမ်းသည့် ရောဂါ ၌ နှလုံးအကာနံရံအတွင်း ရေစုခြင်းနှင့် ပတ်သက်၍ ဖော်ပြခဲ့ပါသည်။ ထိုအရည်ကို ကြည့်ရသည်မှာ ‘ဆီး’ နှင့် ဆင်တူသော သဏ္ဌာန်ရှိသည်။ အရောင်သည် ပိတ်နေအောင် နောက်ကျိနေသည်လည်းမဟုတ် ၊ ကြည်လင်နေသည်လည်းမဟုတ် ၊ သူတို့နှစ်ခုကြား ခပ်နောက်နောက်အရောင် (straw colour) ဖြစ်နေသည်။ ဤကဲ့သို့ ရှာဖွေတွေ့ရှိခြင်းသည် နှလုံးကို အပ်နှင့်ထိုးစိုက်ကာ အရည်စုပ်ယူခြင်းမှလည်းကောင်း၊ သေဆုံးပြီး သူထံမှလည်းကောင်း ခွဲစိတ်ထုတ်ယူမှသာ ရရှိနိုင်ပေသည်။ ဤသည် ယခင်က မတွေ့ရှိခဲ့ရဖူးသေးသော တွေ့ရှိမှုအသစ်ဖြစ်ပါသည်။တစ်နည်းအားဖြင့် အိဗ်နို့ဇိုဟ်ရ် ၏ ဖော်ပြချက်ဖြစ်သော
    ” နှလုံး၏ အပြင်ဆုံးအလွှာထဲ၌ အစိုင်အခဲများ စုနေသည်နှင့် ဆင်တူသည်” ဟူသော အချက်အလက်များကို သေဆုံးပြီးအလောင်းအား ခွဲစိတ်စစ်ဆေးလေ့လာမှသာလျှင် သိရှိနိုင်ပေသည်။
    ထိုကြောင့် ဆေးပညာ စတင်တိုးတက်လာသည့် အဦးအစတွင် ခန္ဓာဗေဒနှင့် ပတ်သက်သော ဗဟုသုတဖြစ်ဖွယ် အချက်အလက်များသည် အလွန်တရာ အရေးပါလှပါသည်။ ဆေးပညာသမားတော်ကြီးများနှင့် ခွဲစိတ်ကုဆရာဝန်များအတွက် ခန္ဓာဗေဒနှင့် ပတ်သက်သော တွေ့ရှိချက်များကို စတင်လေ့လာရှာဖွေခဲ့သူ အစ္စလာမ့်ခေတ်က ရှေးပညာရှင်ကြီးများ၏ တွေ့ရှိမှုများသည် အံ့မခန်းဖြစ်သည်။
    အနှစ်ချုပ်
    —————
    အထက်တွင်ဖော်ပြခဲ့သော တွေ့ရှိချက်များအရ ဤကဲ့သို့ ကောက်ချက်ချနိုင်ပါသည်။ ယနေ့တိုးတက်နေသော လက်တွေ့ဆေးပညာ၏ ခေတ်မှီသော အယူအဆများ ၊ ဆေးဝါးစမ်းသပ်ချက်များ ၊ လူ၏ ခန္ဓာကိုယ်တည်ဆောက်ပုံ နှင့် လုပ်ဆောင်ပုံတို့၏ ဖော်ပြချက်များ စသည့်အချက်အလက်များ အားလုံးတို့သည် အစ္စလာမ့်တို့ ဘုန်းမီးနေလ တောက်ပနေသော ၉ ရာစုနှစ်မှ အစပြုကာ အလယ်ခေတ် အေဒီ ၁၁၀၀ – ၁၄၀၀ အတောအတွင်းရှိ အစ္စလာမ့် ဆေးသိပ္ပံပညာရှင်ကြီးများ၏ ကြိုးပမ်းမှုများမှသာ အစပြုခဲ့ခြင်း ဖြစ်ပေသည်။
    မူရင်းဆောင်းပါးရှင် – Rabie E.Abdel-Halim
    [Emeritus Professor of Urology
    Professorial Fellow, Foundation of Science, Technology and Civilization (FSTC), Manchester ]
    ဘာသာပြန်ဆိုသူ – နေခြည် (ဆေး -၂)
    အစ္စလာမ်နှင့် ဆေးသိပ္ပံ FB စာမျက်နှာမှဆောင်းပါးကို ဘာသာပြန်ဆိုသူ၏ ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည်။
    အစအဆုံး PDF ဖြင့် ဖတ်လိုလျှင်
    Link-1 =>http://goo.gl/ZNmzXf
    Link-2 =>https://www.dropbox.com/s/mrqu2unwg2d02rr/Experimental%20medicine%201000%20years%20ago%20%28MM%29.pdf?dl=0
    ပထမပိုင်း ဖတ်လိုလျှင် =>http://www.m-mediagroup.com/news/37176