News @ M-Media

Author: M-Media

  • ဒုက္ခသည်စခန်းရှိ ရမ်းဗြဲမှ မွတ်စလင်များ မူလ နေအိမ်များပြန်မပေးဘဲ  သုသာန်နေရာတွင် နေရာချပေးမည်ဟုဆို

    ဒုက္ခသည်စခန်းရှိ ရမ်းဗြဲမှ မွတ်စလင်များ မူလ နေအိမ်များပြန်မပေးဘဲ သုသာန်နေရာတွင် နေရာချပေးမည်ဟုဆို

    ဖေဖော်ဝါရီ ၇၊ ၂၀၁၄
    M-Media
    သတင်း – ထွန်းတောက်
    Yanbye_
    ရမ်းဗြဲ ။    ။ ၂၀၁၂ ခုနှစ် အတွင်း ရခိုင်ပြည်နယ် တဝှမ်းဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်များအတွင်း ရမ်းဗြဲမြို့တွင် ရခိုင်လူမျိုး များနှင့် ပြသနာဖြစ်ပွားစဉ် ရမ်းဗြဲမြို့ပေါ်ရှိ မွတ်စလင် မိသားစုဝင် ၁၂၀၀-ကျော်တို့မှ တစ်ခဏ ရှောင်နေရန် အတွက် အာဏာပိုင် တချို့က မြို့ပြင်သို့ ပို့ဆောင်ပေးထားသည်မှာ ၂-နှစ်ကျော် ရှိပြီဖြစ်သော်လည်း မိမိနေရပ်နေရာသို့ ယနေ့တိုင် ပြန်လည် သွားရောက်နေထိုင်နိုင်ခွင့် မပေးသေးကြောင်း သိရပါတယ်။

    အဆိုပါ အချိန်ကာလက ယင်း မွတ်စလင်မ် ၁၂၀၀-ကျော်အား ရမ်းဗြဲမြို့နှင့် ၉-မိုင်ကျော်ဝေးကွာသည့် ဆားကွင်းကြီးသို့ ၇-ရက်(တစ်ပတ်)ခန့် သွားရောက် တိမ်းရှောင်နေရန် အာဏာပိုင် အချို့နှင့် ရပ်မိရပ်ဖ အချို့တို့မှ ပြောဆိုကာ ပို့ဆောင်ခဲ့ကြောင်း ရမ်းဗြဲ ဒေသခံများပြောဆိုချက်အရ သိရပါတယ်။

    “ကျွန်တော်တို့ကို လူသူကင်းဝေးတဲ့ နေရာမှာ လာထားထားတယ်။ ယနေ့တိုင်အိမ်ကိုပြန်လို့ မရသေးဘူး။ ဒီမှာ ဘာမှ စားစရာမရှိဘူး။ သူတို့က ဆားနဲ့ ဆီပဲပေးတယ်။ ကျန်တာတွေက ရွာနီးနားကလူတွေ လာရောင်းတာပဲစားရတာ။ တချို့တွေဆိုရင် အာဟာရတောင် ပြတ်လပ်နေကြတယ်” ဟု ယခုလက်ရှိ ဆားတွင်းတွင် နေထိုင်နေသူတစ်ဦးက ပြောပါတယ်။

    ဒုက္ခသည် စခန်းများအတွင်း ကလေးများ၏ ပညာရေးကို ပညာတတ် ၁၉-ဦးမှ ဦးစီးကာ ပညာသင်ကြားပေးနေကြောင်း နှင့်  ကျန်းမာရေး အတွက် ဆေးဝါးများမှာလည်း အလုံအလောက် မရှိ၍ တစ်ခါတစ်ရံ လာလှူမှသာ ဆေးဝါးများကို သုံးစွဲရကြောင်း သိရှိရပါတယ်။

    “ကျွန်တော်တို့က တိုင်းရင်းသားတွေပါ။ ကျွန်တော်တို့မှာရှိတဲ့ အခွင့်အရေးတွေကို ကျွန်တော်တို့လိုချင်ပါတယ်။ ပိုလည်းမတောင်းပါဘူး။ ကျွန်တော်တို့ကို ကျွန်တော်တို့ အိမ်လေးတွေ ပြန်ပေးဖို့ပဲ တောင်းဆိုချင်တာပါ။ ကျွန်တော်တို့ရဲ့ အိမ်လေးတွေကို အမြန်ဆုံးပြန်ပေးပါလို့ပဲ တောင်းဆိုချင်ပါတယ်” ဟု ယင်းနေရာတွင် နေထိုင်သူတစ်ဦးက ပြောဆိုခဲ့သည်။

    တိမ်းရှောင်ခဲ့ရသည့် မွတ်စလင်များ ယခင်က နေထိုင်ခဲ့သော ရမ်းဗြဲမြို့ပေါ်ရှိ အိမ်များအား ရမ်းဗြဲမြို့ပေါ်ရှိ ဗုဒ္ဓဘာသာဝင်များမှ ယခုလက်ရှိတွင် တက်ရောက်နေထိုင်နေကြောင်းလည်း ကိုလည်း ၄င်းတို့၏ ပြောကြားချက်အရသိရှိရပါတယ်။

    နောက်ဆက်တွဲ စုံစမ်းသိရှိရသည့် သတင်းများ အရ ခေတ္တဟု ပြောဆိုပြိး ရှောင်တိမ်းခိုင်းခဲ့သည့် မွတ်စလင်များအား ၄င်းတို့ မူလနေအိမ်များ ပြန်မပေးဘဲ သုသာန်မြေနေရာတွင် နေရာ ချထားပေးကြောင်း၊ ၄င်း သုသာန်နေရာမှာ လုပ်ကိုင်စားသောက်ရန် ဘယ်လိုမှ အဆင်မပြေ၍ ရမ်းဗြဲမှာ မွတ်စလင်မ်များမှာ လက်ခံခြင်းမရှိကြောင်း သတင်းရရှိပါတယ်။

  • နိုင်ငံတကာ သတင်းတို  (ဖေဖော်ဝါရီ ၆၊ ၂၀၁၅)

    နိုင်ငံတကာ သတင်းတို (ဖေဖော်ဝါရီ ၆၊ ၂၀၁၅)

    ဖေဖော်ဝါရီ ၆၊ ၂၀၁၅
    M-Media

    ၁။ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ကိုလံဘီယာမြို့ရှိ ကယ်လီဖိုးနီးယား တောင်ပိုင်း တက္ကသိုလ် ပရဝုဏ်အတွင်း ယမန်နေ့က သေနတ်ပစ်ခတ်မှုနှစ်ခု သီးခြားစီဖြစ်ပွားခဲ့ပြီး လူ ၂ ဦးသေဆုံးခဲ့သည်။

    ၂။ ၂၀၁၁ မတ်လအတွင်းက ဖူကူရှီမားဒါအီချီ နျူကလီးယားဓာတ်ပေါင်းဖို ဓာတ်ရောင်ခြည် ယိုစိမ့်မှု ဖြစ်ပွားပြီးနောက် နိုင်ငံ အတွင်းရှိ ဓာတ်ပေါင်းဖို ၄၈ ခုစလုံးကို ပိတ်ထားသော ဂျပန်နိုင်ငံတွင် လာမည့်ဇွန်လမှစ၍ ဓာတ်ပေါင်းဖိုများကို ပြန်လည်ဖွင့်လှစ်ရန် အစိုးရက စီစဉ်နေသည်။ ဂျပန်နိုင်ငံမှာ ကမ္ဘာပေါ်တွင် နျူကလီးယား ဓာတ်ပေါင်းဖို တတိယမြောက် အများဆုံး အသုံးပြုသည့် နိုင်ငံလည်းဖြစ်သည်။

    ၃။ ယခင်က ဆီးရီးယားရှိ IS အဖွဲ့များကိုသာ တိုက်ခိုက်ခဲ့သော ဂျော်ဒန်လေတပ်မှာ ယမန်နေ့မှစ၍ တိုက်လေယာဉ် ဒါဇင်ပေါင်း များစွာဖြင့် အီရတ်နိုင်ငံရှိ IS ၏ ပစ်မှတ်များကို ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဆိုပါ အကြမ်းဖက်အဖွဲ့ ရှုံးနိမ့်သွားသည် အထိ ဆက်လက် တိုက်ခိုက်သွားမည်ဟု ဂျော်ဒန် အစိုးရက ကတိပြုပြောဆိုခဲ့သည်။

    ၄။ နှစ်နိုင်ငံဆက်ဆံရေးကို ခလုတ်ကန်သင်းဖြစ်စေသည့် ဘိုနီယိုကျွန်း အရှေ့ဘက် ကမ်းရိုးတန်းရှိ ရေပိုင်နက် အငြင်းပွားမှုအတွက် အဖြေတစ်ခုရရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု မလေးရှား ၀န်ကြီးချုပ် နာဂျစ် ရာဇတ်နှင့် အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုတို့က ကွာလာလမ်ပူမြို့တွင် ယနေ့ပြုလုပ်သော တွေ့ဆုံမှုတွင် ကတိပြုပြောကြားလိုက်သည်။

    ၅။ ယခုတစ်ပတ်တွင် ကျရောက်သည့် “ကမ္ဘာ့ဘာသာပေါင်းစုံ ညီညွတ်ရေး သီတင်းပတ်” ကို ဂုဏ်ပြုသောအားဖြင့် ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင် ဘာသာပေါင်းစုံ ဟောပြောပွဲ အခမ်းအနားတစ်ခုကို ယမန်နေ့တွင် ပြုလုပ်ခဲ့ပြီး ဂျူး၊ ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာတို့မှ ဘုန်းတော်ကြီးများ တက်ရောက်ကာ တရားဒေသနာတော်များကို ဟောကြားခဲ့ကြသည်။

    ၆ ယမန်နေ့က အီကွေတိုရီယဲလ် ဂီနီနိုင်ငံတွင် ကစားခဲ့သည့် အာဖရိကဖလား ဆီးမီးဖိုင်နယ်ပွဲစဉ်တွင် ပွဲပြီးကာနီးတွင် အိမ်ရှင်ပရိတ်သတ်များမှ ရုန်းရင်း ဆန်ခတ်မှုများ ပြုလုပ်ခဲ့သောကြောင့် ရဲတပ်ဖွဲ့က ဂါနာ ပရိတ်သတ်နှင့် ဂါနာ ကစားသမားများအား ကာကွယ်ပေး ခဲ့ရကာ မျက်ရည်ယိုဗုံးများ၊ ရဟတ်ယာဉ်များကို အသုံးပြု၍ လူစုခွဲခဲ့ရသည်။ ထို့ကြင် အချိန်ပြည့်ရန် အနည်းငယ် လိုသေးသော်လည်း ဒိုင်လူကြီးက ပွဲအား ရပ်နားခဲ့ပြီး ထိုအချိန်တွင် ဂါနာမှာ ၃ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။

    Ref: news agencies

  • ဘာသာတရားက စစ်ပွဲတွေကို တကယ်ပဲ ဖြစ်စေတာလား။

    ဘာသာတရားက စစ်ပွဲတွေကို တကယ်ပဲ ဖြစ်စေတာလား။

    ဖေဖော်ဝါရီ ၆ ၊ ၂၀၁၅
    M-Media

    does-religion-cause-war-1-728

    – ဘာသာတရားက စစ်ပွဲများ၏ အဓိက အကြောင်းအရင်းဖြစ်သည်ဟူသော စကားမှာ ဘာသာအယူဝါဒကို ယုံကြည် ကိုးကွယ်သော သူများအား ဘာသာမဲ့များက စောဒက အတက်ဆုံး စကားဖြစ်သည်။ ဘာသာတရား မရှိပါက ၉/၁၁ တိုက်ခိုက်မှု ဖြစ်လိမ့်မည် မဟုတ်၊ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခလည်း မရှိ၊ အိုင်ယာလန် မြောက်ပိုင်းတွင်လည်း ပြဿနာဖြစ်ကြမည် မဟုတ်၊ ကျမ်းစာအုပ်များတွင် ပါဝင်သော စကားလုံးများ အတွက် အငြင်းပွားမှုများ ရှိမည် မဟုတ် – ထိုအရာများထက် အစ္စလာမ့်မစ်နိုင်ငံတော် IS ဆိုသည်မှာလည်း ပေါ်လာမည် မဟုတ်ဟု အများစုက ပြောကြ၏။

    ဗြိတိန်ရှိ လူသိ အများဆုံး ဘာသာမဲ့ ရစ်ချက် ဒေါ်ကင်ကမူ ဘာသာတရားမှာ အကြမ်းဖက်မှုနှင့် သမိုင်း တစ်လျှောက်ဖြစ်ပွားခဲ့သော စစ်ပွဲများ၏ အဓိက အကြောင်းအရင်း ဖြစ်သည်ဟု ပြစ်တင်ပြောဆိုခဲ့သည်။ ၂၀၁၃ ခုနှစ်က ထုတ်ဝေခဲ့သော သူ၏ ကိုယ်တိုင်ရေး အထုပ္ပတ္တိတွင် `ဘာသာတရားက အဓိကအမှတ်တံဆိပ်၊ အန္တရာယ် အကြီးဆုံး အရာတစ်ခု၊ ထိုအရာက `ငါတို့´နှင့် ဆန့်ကျင်သော`သူတို့´ ဆိုသည်ကို ဖော်ထုတ် သတ်မှတ်နိုင်သည့် အရာဟု ရေးသားဖော်ပြထား၏။

    အကယ်၍ ဘာသာတရားအား တစ်နည်းနည်းဖြင့် အဆုံးသတ်ခဲ့လျှင် စစ်ပွဲများ နောက်ထပ် မပေါ်ပေါက်ရန် အခွင့်အလမ်း ပိုမိုများပြားသွားပြီဟု ဒေါ်ကင်က ဆိုပြန်သည်။

    ထို့ပြင် အမုန်းတရားများ နည်းသွားမည်။ ဒေါ်ကင်၏ အဆိုရ ကမ္ဘာပေါ်ရှိ အမုန်းတရား များစွာမှာ ဂိုဏ်းဂဏဆိုင်ရာ အမုန်းတရားများ ဖြစ်သည်ဟူ၏။

    `ဥပမာပြောရရင် မြောက်အိုင်ယာလန်၊ အိန္ဒိယနဲ့ ပါကစ္စတန်တို့ပေါ့ဗျာ´ ဟု belief.net ၀ဘ်ဆိုက်သို့ ၎င်းက ပြောကြားခဲ့လေသည်။

    သို့သော်လည်း သဘောတရားရေးရာ လေ့လာမှုများရ ဘာသာတရားနှင့် စစ်ပွဲအကြား ချိတ်ဆက်မှုအတွက် စိန်ခေါ်မှုများ ရှိနေသည်။ နယူးယောက်နှင့် ဆစ်ဒနီ အခြေစိုက် စီးပွားရေးနှင့် ငြိမ်းချမ်းရေးအသင်းမှ ပြီးခဲ့သည့် အောက်တိုဘာလတွင် ပြုလုပ်ခဲ့သော သုတေသနတွင် ၂၀၁၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော စစ်ပွဲများအား ဆန်းစစ်လေ့လာခဲ့ပြီး ဘာသာတရားနှင့် ပဋိပက္ခများအကြား `ကျိုးကြောင်းဆက်စပ်နေသော အခြေခံ ဆက်နွယ်မှု´ မရှိဟု တွေ့ရှိခဲ့သည်။

    အတိအကျဆိုရလျှင် သုတေသနပြုခဲ့သည့် လက်နက်ကိုင် ပဋိပက္ခ ၃၅ ခု၏ ၄၀ ရာခိုင်နှုန်း ဖြစ်သော ၁၄ ခုတွင် ဘာသာတရားဆိုင်ရာ အကြောင်းအရာများက လုံးဝပတ်သက်မှုမရှိ။ ၁၄ ရာခိုင်နှုန်းဖြစ်သော ပဋိပက္ခ ၅ ခုသာလျှင် ဘာသာရေးက အဓိက အကြောင်း အရင်း ဖြစ်နေသည် ဟု သုတေသနတွေ့ရှိချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။ စစ်ပွဲများအားလုံးတွင် အကြောင်းအရင်း များစွာရှိပြီး ထိုအထဲမှအများစုမှာ အစိုးရအား ဆန့်ကျင်ခြင်း၊ သို့မဟုတ် စီးပွားရေး၊ အယူအဆဆိုင်ရာ၊ နိုင်ငံရေးနှင့် နိုင်ငံ၏ လူမှု စနစ်တို့ကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး လေ့လာခဲ့သည့် စစ်ပွဲများမှ ၃ ပုံ ၂ ပုံ၏ အဓိက အကြောင်းအရာများလည်း ဖြစ်နေသည်။

    Religion-wars-false

    စစ်ပွဲနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်လေ့လာပြီး ၂၀၀၈ ခုနှစ်က ထုတ်ဝေခဲ့သည် The Encyclopedia of Wars (စစ်ပွဲစွယ်စုံကျမ်း)တွင် လူ့သမိုင်း တစ်လျှောက် ဖြစ်ပွားခဲ့သော စစ်ပွဲ ၁၇၆၃ ခုကို မှတ်တမ်းတင်ထားပြီး ထိုအထဲမှ ၇ ရာခိုင်နှုန်းအောက် ၁၂၃ ခုသာလျှင် `ဘာသာရေး ပရောဂါ´ ပါသည်ဟု ဖော်ပြထားသည်။

    ဘာသာအယူဝါဒကို လိုက်နာကျင့်ကြံမှုနှုန်း အနည်းဆုံးရှိသည့် မြောက်ကိုရီးယားနိုင်ငံမှာ ပြီးခဲ့သည့်နှစ် ကမ္ဘာပေါ်တွင် `ငြိမ်းချမ်းမှုအနည်းဆုံး´ ၁၀ နိုင်ငံတွင် ပါဝင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်

    စီးပွားရေးနှင့် ငြိမ်းချမ်းရေးအသင်းမှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဘာသာအယူဝါဒ နည်းသော နိုင်ငံများ၌လည်း ပိုမိုငြိမ်းချမ်းခြင်း မရှိဟု ဖော်ပြထားသည်။ နိုင်ငံတစ်နိုင်ငံရှိ ဘာသာမဲ့အချိုးက ငြိမ်းချမ်းရေး အဆင့်အတန်းနှင့်ပတ်သက်၍ လွှမ်းမိုး မရှိဟုလည်း ဆိုထားသည်။

    ဘာသာမဲ့ဝါဒီ အများဆုံးရှိသည့် နိုင်ငံများ- အဓိကအားဖြင့် ရုရှားနှင့် ချက်ပြည်သူ့သမ္မတ နိုင်ငံတို့ကဲ့သို့ ကွန်မြူနစ် သို့မဟုတ် ကွန်မြူနစ်နိုင်ငံဟောင်းများမှာလည်း အငြိမ်းချမ်းဆုံးနိုင်ငံများ မဖြစ် ခဲ့သည်မှာ သေချာသည်။ ဘာသာအယူဝါဒကို လိုက်နာကျင့်ကြံမှုနှုန်း အနည်းဆုံးရှိသည့် မြောက်ကိုရီးယားနိုင်ငံမှာ ပြီးခဲ့သည့်နှစ် ကမ္ဘာပေါ်တွင် `ငြိမ်းချမ်းမှုအနည်းဆုံး´ ၁၀ နိုင်ငံတွင် ပါဝင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်ဟု အဆိုပါအစီရင်ခံစာက ဆိုလေသည်။

    ဤသို့ဆိုလျှင် ပဋိပက္ခများ၌ ဘာသာတရားများက အဘယ့်ကြောင့် မျက်နှာစာကို ရောက်နေသနည်း?

    လက်တွေ့အခြေအနေက ပိုမိုရှုပ်ထွေးနေသည့်အခါ လိုရင်းတိုရှင်း ဖော်ပြရန် စစ်ပွဲနှင့် ပတ်သက်သည့် ဘာသာရေးဆိုင်ရာ လက္ခဏာများကို မကြာခဏ အသုံးပြုကြသည်ဟု The Open တက္ကသိုလ်မှ ပရော်ဖက်ဆာ ဂျွန်ဝိုလ်ဖီက ဆိုသည်။

    `၁၆ ရာစုနဲ့ ၁၇ ရာစုက (အနောက်ကမ္ဘာနှင့် ဥရောပ မြောက်ပိုင်း နိုင်ငံများတွင် ပရိုတက်စတင့် ပြုပြင်ပြောင်းလဲရေးပြီးနောက် ဖြစ် ပွားသော) `ဘာသာရေးစစ်ပွဲ´ လို့ ခေါ်တာမျိုးတွေကို ပြန်ကြည့်မယ်ဆိုရင် ဘာသာတရားဟာ အဓိကအကြောင်း အရင်းဖြစ်တယ်လို့ တွေ့ရမှာပါ။ ဒါပေမယ့် အတွင်းပိုင်းကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာတဲ့အခါကြတော့ မင်းစိုးရာဇာတွေရဲ့ သြဇာလွှမ်းမိုးမှု၊ အာဏာနဲ့ စီးပွားရေးလို ကိစ္စရပ်တွေက စစ်ပွဲဖြစ်ပွားရတဲ့ အကြောင်းအရာတွေပါပဲ။ အဆိုးရွားဆုံး စစ်ပွဲတွေမှာ ဘာသာတရားဟာ ပါဝင်ပတ်သက်နေတယ်ဆိုတာကို ကျွန်တော် သဘောတူကောင်း တူမှာပါ။ ဒါပေမယ့် ဘာသာတရားက တာဝန်ရှိတယ်လို့ ပြောတာကတော့ လိုရာဆွဲပြောတာပါပဲ´ ဟု ဂျွန်ဝိုလ်ဖီက ပြောကြားခဲ့သည်။

    သြစတေးလျရှိ မွတ်စလင် စာရေးဆရာမ တစ်ဦးဖြစ်သူ ရေချဲလ် ၀ုဒ်ကော့ကလည်း မကြာသေးမီက ဖြစ်ပွားခဲ့သော စစ်ပွဲများအတွင်း ဘာသာရေးဆိုင်ရာ ကွဲပြားခြင်းက ပိုမိုကျယ်လောင်လာသည်ဟု ပြောခဲ့သည်။

    `ယနေ့ခေတ်မှာ ဘာသာတရားဟာ ပိုမိုထင်ပေါ်လာပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဂလိုဘယ်လိုက်ဇေးရှင်းက စိန်ခေါ်နေပြီး အားလုံးကို ပြောင်းလဲနေလို့ပါပဲ။ ဘာသာရေး သတ်မှတ်ချက်ဟာ ရှင်သန်နေတာသာမက အမျိုးသားရေးနဲ့ နိုင်ငံရေးမဟာမိတ်တွေ ခွာပြဲကြတဲ့အခါမှာလည်း ထင်ထင်ရှားရှားကို ပေါ်ထွက်လာပါတယ်။ ၁၉၉၀ ပြည့်နှစ်တွေက ယူဂိုစလားဗီးယားမှာ ဆာ့ဘ်တွေ၊ ခရိုအက်တွေနဲ့ ဘော့စနီးယားတွေ အော်သိုဒေါ့စ်၊ ကက်သလစ်နဲ့ မွတ်စလင်ဆိုပြီး ကွဲပြဲသလိုပါပဲ´ ဟု သူမ၏ For God’s Sense စာအုပ်ထဲတွင် ရေးသားခဲ့သည်။

    ထို့ပြင် ရုပ်သံများ၌ အလ္လာဟ်အရှင်မြတ်အား ခ၀ပ်ကိုးကွယ်နေပုံကိုပြ၍ တစ်ဖက်တွင် ကာဒ့်လူမျိုးများအား ဓာတ်ငွေ့လွှတ်၊ ဗုံးကြဲ သတ်ဖြတ်ခဲ့သည့် အီရတ်မှ အာဏာရှင် ဆက်ဒမ်ဟူစိန်ကိုလည်း ၀ုဒ်ကော့က ထောက်ပြခဲ့သည်။

    `ကံမကောင်းစွာနဲ့ပဲ ဘာသာတရားဆိုတာ အကာကွယ် ပုံစံမျိုးဖြစ်နေပြီး အသုံးလည်းဝင်ပါတယ်။ ပြီးတော့ ဆိုးရွားတဲ့ နှလုံးသားအတွက် လှုံ့ဆော်မှု ကောင်းကောင်းကိုလည်း ပေးပါတယ်။ အဲဒီ ဘာသာတရားဟာ အာဏာကို ဆာလောင်နေတဲ့ သူတွေရဲ့ လက်ထဲမှာ သဒ္ဓါတရား၊ သီလ၊ သမာဓိနဲ့ ဆန့်ကျင်ပြီး သိသိသာသာကို ကွဲပြားခြားနားပါတယ်။ ပြောရရင်တော့ ဒါတွေက ဘာသာတရားဆိုတာထက် လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာပါပဲ။ ဒါ့ကြောင့် လူသားတွေရဲ့ ပဋိပက္ခတွေထဲမှာ ဘာသာတရားတွေဟာ ကံမကောင်းစွာနဲ့ ပါဝင်နေရတာပါ´ ဟု လူသာများက ဘာသာတရားအား အသုံးချပုံကို သူမက ထည့်သွင်းရေးသားခဲ့သည်။

    Troubles (မြောင်အိုင်ယာလန်၌ ကက်သလစ်နှင့် ပရိုတက်စတင့်တို့ဖြစ်ပွားသော) ပဋိပက္ခတွင် ဘာသာရေး ဆိုင်ရာ ဟောပြောချက်များကို နှစ်ဖက် စလုံးက မှီငြမ်းကြပြီး အထူးသဖြင့် ဒီမိုကရက်တစ်ပေါင်းစည်းရေး ပါတီမှ ခေါင်းဆောင်ဟောင်း အီယန် ပိုင်စလေဖြစ်သည်။ ၎င်းအား (ခရစ်တော်ဆန့်ကျင်ရေး) ပုပ်ရဟန်းမင်းကြီး ဟု ကျယ်ကျယ်ပြန့်ပြန့် သမုတ်ကြသည်။

    သို့သော်လည်း The Open တက္ကသိုလ်မှ ၀ိုလ်ဖီကတော့ မြောက်အိုင်ယာလန် ပဋိပက္ခတွင် ဘာသာရေး အကြောင်းတရားများမှာ လိုအပ်သည်ထက် ပိုနေသည်ဟု ဆိုသည်။

    `လူကြိုက်များတဲ့ ခေါင်းစဉ်ကတော့ အမျိုသားရေး ဒါမှမဟုတ် ပေါင်းစည်းရေးဆိုတာထက် ပရိုတက်စတင့်နဲ့ ကက်သလစ်တွေပါပဲ။ ဒါတွေက ပြဿနာကို ပိုမိုရှုပ်ထွေးစေပါတယ်။ ပြန်လည်ရင်ကြားစေ့ရေး စတာတွေနဲ့ပတ်သက်ပြီး ကန့်လန်ကာနောက်ကွယ်က ဖြစ်နေတဲ့ ကိစ္စတွေကတော့ သတင်းခေါင်းကြီုးပိုင်း သိပ်မရောက်ပါဘူး။ ပိုင်စလေဟာ ပရိုတက်စတင့်ဘက်မှာ သြဇာကြီးမားပြီး ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ။ ဒါပေမယ့် ကျယ့်ပြန်လာတဲ့ စီမံကိန်းထဲမှာတော့ သူဟာ ကိုယ်စားပြုသူ တစ်ယောက် မဟုတ်တော့ပါဘူး´
    ဟု ရေးသားခဲ့သည်။

    အရှေ့ဘက်တွင် ဖြစ်ပွားသော စစ်ပွဲများကို ယဉ်ကျေးမှုကွဲပြားခြင်းကြောင့် ဘာသာရေးစစ်ဟု အနောက်နိုင်ငံများက အပြစ်တင်ကောင်း တင်နိုင်သည်။ ပညာရှင်အများပြားကတော့ `အယူဝါဒ´ ဆိုသောအရာ၏ အဓိပ္ပါယ်မှာ အရှေ့နှင့် အနောက်နှိုင်းယှဉ်လျှင် လုံးဝခြားနားသည်ဟု ဆိုသည်။

    မကြာသေးမီက ထုတ်ဝေခဲ့သော Fields of Blood စာအုပ်တွင် ယခင် ကက်သလစ် သီလရှင်ဟောင်း ကာရန် အမ်းစထရောင်းက အနောက်တိုင်းမှသုံးသော `ဘာသာတရား´ ဟူသည့် စကားလုံးမှာ အနောက်တိုင်းနှင့် မတူသော ယဉ်ကျေးမှုများတွင် တိတိကျကျ ဘာသာပြန်၍ မရဟု ရေးသားခဲ့သည်။ အနောက်တိုင်းက အယူဝါဒဆိုသည်ကို တစ်ကိုယ်ရေ ကိစ္စဟု ရှုမြင်သော်လည်း အရှေ့တိုင်းတွင်တော့ လူသားသမိုင်း ကာလအများစုတွင် နိုင်ငံရေးနှင့် ခွဲခြားမရခဲ့။

    လန်ဒန်အရှေ့ပိုင်းတက္ကသိုလ်မှ ပါမောက္ခ ပီတာ မိုရေးက ယခုကဲ့သို့ ရှင်းပြသည်။

    `ဘာသာတရားကို ကမ္ဘာကြီးရဲ့ အခြားအစိတ်အပိုင်းတွေက ဘ၀တည်ဆောက်မှုလမ်းစဉ်လို့ ရှုမြင်ကြတယ်။ လောကီဝါဒီ အနောက်တိုင်းကတော့ ဘာသာတရားကို လူ့အဖွဲ့အစည်းကနေ ဘေးထုတ်ထားကြတယ်။ ကမ္ဘာ့ရဲ့ အခြားအစိတ်အပိုင်းက ပဋိပက္ခတွေကို ကြည့်မယ်ဆိုရင် ဘာသာတရားဟာ စစ်ပွဲနောက်က ပေါက်ကွဲအားလို့ ကျွန်တော်တို့ထင်မှာပါ။ တကယ်တော့ ဘာသာရေးနဲ့ဆိုင်တဲ့ အစိတ်အပိုင်းကို ခွဲထုတ်ဖို့လည်း မလွယ်ပါဘူး´

    အမည်နာမတွင်ပင် `အစ္စလာမ်မစ်´ ဟု ပါဝင်ပြီး နောက်လိုက်များအား ဂျီဟတ်ဆင်နွှဲရန် လှုံ့ဆော်စည်းရုံးသည့် IS အဖွဲ့ပေါ် ထွက်လာပြီးနောက် ယခုနှစ်အတွင်း ဖြစ်ပွားသည့် ထင်ရှား စက်ဆုပ်ဖွယ်ကောင်းသည် ပဋိပက္ခ၌ ဘာသာတရား၏ လွှမ်းမိုးမှုကို တွက်ချက်ရန် ခက်ခဲနေသည်။

    သို့သော်လည်း မိုရေးကမူ ထိုပြဿနာတွင်ပင် တကယ့်လက်တွေ့၌ ထင်သလိုမဟုတ်ဟု ရှင်းပြခဲ့သည်။

    `IS ရဲ့ အလိုရမ္မက်ကြီးက ဘာသာတရားလောက်ကို ရှိတဲ့ နိုင်ငံရေး အဆောက်အအုံ အင်ပါယာ ခလီဖာစနစ် ပြန်လည် ထူထောင်ဖို့ပါ။ သူရဲ့ အမည်မှာ `အစ္စလာမ့်မစ်´ လို့ သုံးတာက စိတ်ကို ဆွပေးတဲ့ အသုံးအနှုန်းဖြစ်ပြီး ကမ္ဘာ့အာဏာကို မွတ်စလင်တွေ ချုပ်ကိုင်ထားစဉ်က အချိန်တွေကို ပြန်လည် အမှတ်ရစေအောင်လို့ပါ။ ဒါပေမယ့် ခလီဖာပုံစံမျိုး အုပ်စိုးခဲ့တဲ့အော်တိုမန်တို့လို မင်းဆက်တွေဟာ နိုင်ငံရေးနဲ့ တစ်ခါတစ်ရံ အမျိုးသားရေးနွယ်တဲ့ အထင်ရှားဆုံး အုပ်ချုပ်မှုစနစ်တွေ ဖြစ်ပါတယ်´ ဟု မိုရေးက ဆိုသည်။

    ရည်မှန်းချက်ပန်းတိုင်များ အကောင်အထည်ဖော်ရာတွင် အထောက်အပံ့ဖြစ်စေရန် ဘာသာစကားဖြင့် ဆော်သြစည်းရုံးခြင်းနှင့် ဘာသာရေး တံဆိပ်ကပ်ခြင်းတို့က IS အတွက် အကျိုးရှိသော နည်းလမ်းဖြစ်သည်ဟု ၎င်းက ထောက်ပြခဲ့သည်။

    `အထူးသဖြင့် ၉/၁၁ ပြီးတဲ့နောက်ပိုင်းမှာ အနောက်နိုင်ငံတွေက တစ်ပုံစံတည်းဖြစ်နေတဲ့ မွတ်စလင်တွေနဲ့ မတူတဲ့ လောကီ ၀ါဒီတွေ၊ ခေတ်မီ သူတွေဆိုပြီး သူတို့ကိုယ်သူတို့ သတ်မှတ်ကြပါတယ်။ IS ကလည်း ယဉ်ကျေးမှု ပွတ်တိုက်မိခြင်းလို့ပြောတဲ့ သူတို့ဇာတ်လမ်းကို အထောက်အပံ့ဖြစ်စေဖို့ အဲဒီပုံစံအတိုင်း လိုက်ပြီးလုပ်ပါတယ်´

    ဒါဆို အကြမ်းဖက်မှုကို ဘာသာတရားက မီးထိုးပေးနိုင်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ဘာရှိလဲ?

    အခြားအယူအဆများနှင့် နှိုင်းယှဉ်ကြည့်သည့်အခါ သဘောထားကွဲစေသည်ဟု Warwick တက္ကသိုလ်မှ ပါမောက္ခ တွမ်ဆိုရီလ်က ပြောကြားခဲ့သည်။

    `ဘာသာတရားနဲ့အတူ ရှေးရိုးစွဲဝါဒက ဘာလဲဆိုတဲ့ အယူအဆတစ်ခုဟာ အမြဲတမ်းရှိရပါတယ်။ တစ်ချို့ကိစ္စတွေ ရှေးရိုးစွဲဝါဒကို ချိုးဖောက်တဲ့အခါ လူတွေက အရမ်းဒေါသထွက်ကြပါတယ်။ ရှေးရိုးစွဲဝါဒ ပြင်းထန်လေ လူတွေကို သွေးခွဲရတာ ပိုလွယ်လေပါပဲ။ ဥပမာအားဖြင့် အင်္ဂလန်အသင်းတော်နဲ့ ဆက်နွယ်တဲ့ ပဋိပက္ခအနည်းငယ်ရှိခဲ့တယ်။ ဘာ့ကြောင့်လည်းဆိုတော့ သိပ်မကြာခင် ကဖြစ်လာပြီး မရေရာတဲ့ ရှေးရိုးစွဲဝါဒ အမြင် ပိုရှိတာကြောင့်ပါပဲ´ ဟု ၎င်းက ရှင်းပြသည်။

    ထို့ပြင် အခြေခံဝါဒီများ၏ အမြင်များမှာ လူများက သေဆုံးရန်အတွက် ပြင်ဆင်ကြသည်ဟူသော အချက်ဖြစ်သည့် အတွက် ရှေးရိုးစွဲသဘော တရားများကို လိုက်နာရန် ဆော်သြသည့် အခြေခံဝါဒက အကြမ်းဖက်မှုဆီသို့ လွယ်ကူစွာပင် ဦးတည်သွားစေနိုင်သည်ဟု ၎င်းက ဆိုလေသည်။

    သို့ရာတွင် ငြိမ်းချမ်းရေးအား ထိန်းသိမ်းခြင်း၌ ဘာသာတရား၏ အပြုဆောင်သည့် အခန်းကဏ္ဍမှာ မီဒီယာများတွင် ပါဝင်သည်များကို လစ်လျူရှုခြင်းဖြစ်သည်ဟု စီးပွားရေးနှင့် ငြိမ်းချမ်းရေးအသင်းက ဆိုသည်။ ဘာသာရေးအဖွဲ့ သို့မဟုတ် အားကစားအဖွဲ့ကဲ့သို့ လူမှုအဖွဲ့အစည်းတစ်ခုတွင် ပါဝင်ခြင်းက နိုင်ငံတစ်ခုအတွင်းရှိ နိုင်ငံသားများအကြား ဆက်နွယ်မှုနှင့် အနည်းငယ်မြင့်မားသော ငြိမ်းချမ်းရေးအဆင့်နှင့်အတူ ဆက်ဆံရေးကိုလည်း ခိုင်မာစေသည်ဟု တွေ့ရှိခဲ့သည်။ အမှန်တကယ်တော့ ငြိမ်းချမ်းရေးအတွက် ထင်ရှားသည့် အသိပညာပေးသူအချို့မှာ မာတင်လူသာကင်း ဂျေအာရ်၊ မဟတ္တမဂန္ဒီ၊ ဘုန်းတော်ကြီး ဒက်စမွန်တူးတူးတို့ကဲ့သို့ ဘာသာရေးကို နက်ရှိုင်းစွာ ယုံကြည်ကြသူများ ဖြစ်ကြသည်။

    `ဘာသာရေး ပုဂ္ဂိုလ်တွေက ငြိမ်းချမ်ရေး တည်ဆောက်မှုနဲ့ပတ်သက်ပြီး ကြိုးစားဆောင်ရွက်နေတဲ့ ဥပမာတွေကို ကြည့်ဖို့လိုပါတယ်။ ဒင်္ဂါပြားတစ်ခုရဲ့ အခြားတစ်ဖက်က ဒါမျိုးအကြောင်းအရာတွေကို ရံဖန်ရံခါမှသာ ဖော်ပြကြတယ်လို့ ကျွန်တော်ထင်ပါတယ်´ ဟု Open တက္ကသိုလ်မှ ပါမောက္ခ ဂျွန် ၀ိုလ်ဖီက ဖွင့်ဟခဲ့သည်။

    ပြီးခဲ့သည့် နှစ် ၁၀၀ အတွင်း ဖြစ်ပွားခဲ့သည့် အကြီးမားဆုံး ပဋိပက္ခများ၊ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်၊ စစ်အေးတိုက်ပွဲ၊ ဗီယက်နမ်စစ်ပွဲများကိုကြည့်ပါက ဘာသာတရား မဟုတ်သည့် လှုံ့ဆော်မှုများမှာ ဘာသာတရားများ နည်းတူ ထိခိုက် ပျက်ဆီးစေသည် ကို မြင်ရသည်။ ထို့ပြင် ဘာသာမဲ့ စစ်သွေးကြွများမှာ ဘာသာတရားကဲ့သို့ အဖြေများပေးရမည်လား ဟူသော မေးခွန်းများ လည်း ပေါ်ထွက်လာခဲ့လေသည်။

    ရေချယ်ဝုဒ်ကော့က သူမ၏ စာအုပ်တွင် ယခုကဲ့သို့ ထောက်ပြခဲ့သည်။

    `ဘာသာရေးအယူအဆကသာ ပြဿနာတွေကို ဖြစ်စေတာ မဟုတ်ပါဘူး။ အစိုးရက အားပေးတဲ့ ဘုရားမဲ့ဝါဒဟာ စတာလင်၊ တီးတိုး၊ မော်စီတုံးနဲ့ ပိုပေါ့တို့လို ရက်စက်ကြမ်းကြုတ်တဲ့ ၂၀ ရာစု အာဏာရှင်တွေကို ပုံဖော်ပေးခဲ့ပြီး ရလဒ် အနေနဲ့ကတော့ လူသန်းပေါင်း များစွာ ထိခိုက်ခံစား အသတ်ခံခဲ့ရတာပါပဲ။ ဘာသာတရားကို ရှင်းလင်းဖို့ ရည်ရွယ်တဲ့ ဆိုဗီယက်ပြည်ထောင်စုက ဘုရားမဲ့ဝါဒီတွေရဲ့ သုတ်သင်ခြင်းကို ရုရှားက ခရစ်ယာန်ထောင်ပေါင်းများစွာက ခံခဲ့ရပါတယ်´

    ကွန်မြူနစ်ဝါဒမှာ ဘုးရားမဲ့ဝါဒီ အဖြစ် ဖော်ညွှန်းသကဲ့သို့ နာဇီ ၀ါဒကိုလည်း အများစုက ထိုကဲ့သို့ပင် ရှုမြင်ကြလေသည်။ သို့သော်လည်း သြစတေးလျမှ လူမှုရေးရာ ဟောပြောတင်ပြသူ ဂျိမ်းကာရိုကမူ ဘုရားမဲ့ ၀ါဒတစ်ခုတည်းက လူများသတ်ရန် လှုံ့ဆော်ပေးသည့် လုံလောက်သော အကြောင်းအရင်းမဟုတ်ဟု ဆိုသည်။

    `ဘုရားမဲ့ဝါဒီတွေဟာ အခြားသူတွေထက် ပိုပြီးဆိုးဝါးနိုင်တာမျိုး ဒါမှမဟုတ် လျော့ပြီး ဆိုးဝါးနိုင်တာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် လူသတ်မှု၊ အထူးသဖြင့် အစုလိုက် အပြုံလိုက် သတ်မှုနဲ့ စစ်ပွဲတွေဟာ သူတို့အဖွဲ့ရဲ့ အပြစ်တစ်ခုဖြစ်တယ်လို့ ထင်ပုံရပါတယ်။ အခြား တစ်ဖက်က ပြောရရင် လူတွေဟာ ယေဘုယျအားဖြင့်တော့ အမည်တစ်ခုခုနဲ့ တိုက်ခိုက်ဖို့၊ သတ်ဖြတ်ဖို့ ပြင်ဆ ဆင်ကြပါတယ်။ ဘုရားရဲ့အမည်နဲ့ဖြစ်နိုင်တယ်။ နာဇီဝါဒလိုမျိုး ဒါမှမဟုတ် ကွန်မြူနစ်ဝါဒလိုမျိုး နိုင်ငံရေး ဒဿနကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တိုက်ခိုက်မှုအများစုဟာ မျိုးချစ်ဝါဒ၊ နိုင်ငံအတွက်၊ လူမျိုးစု ဒါမှမဟုတ် မျိုးနွယ် အတွက်ကြောင့် ဖြစ်ပါတယ်။ အချို့ စိတ်ပိုင်းဆိုင်ရာ ရောဂါကြောင့် သတ်ဖြတ်ကြတယ်။ ဒါပေမယ့် အခုအချိန်အထိတော့ ဘုရားမဲ့ဝါဒ အတွက်ဆိုတဲ့ ခေါင်းစဉ်နဲ့ သတ်ကြဖြတ်ကြတာမျိုး မရှိပါဘူး´

    `ဒါ့ကြောင့် ဘာသာတရား တစ်ခုတည်းက ပဋိပက္ခတွေဖြစ်စေတယ်ဆိုတာ သဘော မတူဘူးလို့ပြောရင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ စစ်ပွဲဟာ တစ်ကိုယ်ရေ ဒဿန၊  အယူအဆထက်ပိုတဲ့ နာမည်တွေ အတွက်ကြောင့် ဖြစ်နေရတယ်လို့ ကျွန်တော် စောဒက တက်ရပါလိမ့်မယ်။ ဘုရားသခင်ပေါ်မှာ ယုံကြည်မှု မရှိဘူးဆိုတဲ့ ဘုရားမဲ့ဝါဒဟာ လူသတ်မှုကို ဖြစ်စေဖို့ လုံလောက်တဲ့ လှုံ့ဆော်မှုမျိုး ရှိတယ်ဆိုတာ သက်သေမပြနိုင်သေးပါဘူး။ အခုအချိန်အထိ ဘယ်သူမှ လူများတဲ့နေရာသွား၊ `ဘယ်ဘုရားမှ မမြင့်မြတ်ဘူးဟေ့´ လို့အော်ပြီး ဖောက်ခွဲတာ မရှိသေးပါဘူး´ ဟု ကာရိုးက ၎င်း၏အမြင်ကို ပြောကြားခဲ့လေသည်။

    နောက်ကွယ်တွင် ဘာသာတရားမရှိသည့် လှုပ်ရှားမှုများက ဘာသာရေးစစ်ပွဲကဲ့သို့ ရှုပ်ထွေးသော ကိစ္စအတော်များများကို လျော့ကျစေ၏။ လန်ဒန်အရှေ့ပိုင်း တက္ကသိုလ်မှ မိုရေးက

    `သူတို့ကိုယ်သူတို့ ဘုရားမဲ့ဝါဒီတွေလို့ခေါ်တဲ့ လှုပ်ရှားမှုနဲ့အတူ လွှမ်းမိုး ချယ်လှယ်သူက ဘယ်နေရာမှာပဲ အဲဒီလှုပ်ရှားမှုကိုလုပ်လုပ် များသောအားဖြင့် စီးပွားရေးပြဿနာ   မညီမျှမှုတွေနဲ့ ပတ်သက်တဲ့ မေးစရာတွေ ပါဝင်တဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းကြတာမျိုးသာဖြစ်ပါတယ်´ ဟု ပြောခဲ့သည်။

    ဘုရားမဲ့ဝါဒီနိုင်ငံ အဖြစ် ခေါ်ဆိုတာမျိုးအထိ ဘုရားမဲ့ဝါဒက တစ်နေ့နေ့မှာ စစ်တပ်ကို လှုံ့ဆော်ပေးနိုင်သလား?

    Warwick တက္ကသိုလ်က ဆိုရီးလ်ကတော့ ထိုကဲ့သို့ဖြစ်ပွားရန် အလားအလာမရှိဟုဆိုသည်။

    `ဘုရားမဲ့ဝါဒဟာ ဘုရားတရားကို ဆန့်ကျင်တာကလွဲလို့ အယူဝါဒတစ်ခုလို စုစုစည်စည်းမရှိပါဘူး။ ဘာသာရေး ယုံကြည်မှုကို နှိုင်းယှဉ်နိုင် တဲ့ ကွဲပြားတဲ့ ယုံကြည်ချက်တွေဆိုတာထက် ဆင်ခြင်တုံတရားရဲ့ အချို့သော ဥပဒေသကို အခိုင်အမာ တင်ပြ ပြောဆိုတာလောက်ပဲ ရှိပါတယ်။ သူတို့ ဘယ်လို စုစည်းနိုင်လဲဆိုတာနဲ့ ပတ်သက်ပြီး သဘောမတူကြတဲ့ ဘုရားမဲ့ဝါဒီတွေ အများကြီးရှိပါတယ်။ စိတ်ကူးယဉ်ဆန်ဆန် ပြောရမယ်ဆိုရင်တော့ ဘာသာရေးကိုနွယ်တဲ့ အာဏာရှင်တွေ အာဏာရလာမယ် ဆိုရင်တော့ ဘုရားမဲ့ဝါဒကို ရှေ့တန်းတင်တဲ့ စစ်တပ်တစ်ခု အကောင်အထည်ပေါ်လာနိုင်ပါတယ်။ ဒါပေမယ့် စဉ်စားလို့ရတဲ့ ယူကေရဲ့ အနာဂတ်တစ်လျှောက်မှာတော့ ဒါမျိုးဖြစ်မှာ မဟုတ်ပါဘူး´ ဟု ၎င်းက မှတ်ချက်ပေးခဲ့သည်။

    အဆုံးသတ်ရလျှင် စစ်ပွဲများမှာ လူသားများကဲ့သို့ပင် ရှုပ်ထွေးနက်နဲ၏။ ဘာသာရေး၊ နိုင်ငံရေးနှင့် စီးပွားရေး အကြောင်းတရား များမှာ ရောယှက်၍နေပြီး ၎င်းတို့ အခြေ တည်ထားသော ရှုပ်ထွေးမှုတွင် မူတည်နေသည်။ ဘာသာတရားက စစ်ပွဲ အနည်းငယ်ကို ဖြစ်စေသည်မှာတော့ သေချာ၏။ သို့တရာတွင် ၀ုဒ်ကော့က ဤသို့ဆိုသည်။

    `လူသားတွေက စိန်ပွင့်တွေအတွက်၊ မြေယာအတွက်၊ မူးယစ်ဆေးအတွက်၊ ဘောလုံးပွဲအတွက် စတာတွေနဲ့ပတ်သက်ပြီးတော့လည်း တိုက်ခိုက်နေကြတာပါပဲ´

    The Huffington Post ပိုစ်တွေ ဖော်ပြခဲ့သည့်  ဆောင်းပါးရှင်  Louise Ridley ၏  “Does Religion Really Cause War – And Do Atheists Have Something To Answer For?” ဆောင်းပါးကို  မိုးဝေ(M-Media) မှ ဆီလျော်အောင် ပြန်ဆိုသည်။

  • ဆော်ဒီ ဘုရင် အဗ္ဗဒူလာ၏ ပညာရေးအမွေ (သို့) ပညာတော်သင်ဆု အစီအစဉ်

    ဆော်ဒီ ဘုရင် အဗ္ဗဒူလာ၏ ပညာရေးအမွေ (သို့) ပညာတော်သင်ဆု အစီအစဉ်

    ဖေဖော်ဝါရီ ၆ ၊ ၂၀၁၅
    M-Media
    ဘာသာပြန်- လေးမောင်
    gg
    – ဗာဂျီးနီးယား ဆင်ခြေဖုံးရှိ ကြေးနီရောင်အုတ်ခဲများနှင့် မှန်တံခါးများ တစ်ဝက်ဖွင့်ထားသော အဆောက်အဦးကြီးက အပြင်ပန်းကြည့်လျှင် ထူးခြားပုံမရဘဲ သာမန်မြင်နေရသည့် အဆောက်အဦးတစ်ခု၏ ပုံစံသာဖြစ်သည်။ ထို့ပြင် နည်းပညာကုမ္ပဏီ တစ်ခု၏ ရုံးချုပ်တစ်ခုနှင့် လည်း ဆင်တူနေသည်။ ထိုအဆောက်အဦး အတွင်းတွင်တော့ ဆော်ဒီတော်လှန်ရေး တစ်ခု ဖြစ်ပွားနေပြီး ဘုရင့်နိုင်ငံ၏ အနာဂတ်ကို ထင်ထင်ရှားရှား အကျိုးသက်ရောက်မှုရှိမည့် တော်လှန်ရေးမျိုး ဖြစ်လေသည်။

    ထိုအဆောက်အဦးက အမေရိကန်ဆိုင်ရာ ဆော်ဒီအာရေဗျ ယဉ်ကျေးမှုအဖွဲ့၏ ရုံးဖြစ်သည်။ ထိုယဉ်ကျေးမှုအဖွဲ့မှာ အမေရိကန်နိုင်ငံ အတွင်း `ဘုရင် အဗ္ဗဒူလာ ပညာတော်သင် အစီအစဉ်´ (KASP) ကို စီမံခန့်ခွဲရသည့် ရုံးဖြစ်သည်။ KASP မှာ အရှေ့အလယ်ပိုင်းသမိုင်းနှင့် ကမ္ဘာ့သမိုင်း လူမှုရေးနှင့် ပညာရေးနယ်ပယ်အတွင်း ရည်မှန်းချက် အကြီးမားဆုံး စွမ်းဆောင်မှုများထဲမှ တစ်ခုလည်းဖြစ်သည်။

    ထိုအစီစဉ်အောက်တွင် ဆော်ဒီနိုင်ငံသား ၂ သိန်းခန့်မှာ ကောလိပ်ကျောင်းသား ဘ၀မှ ပါရဂူဘွဲ့ရသည့်အဆင့် အထိတိုင်အောင် ပညာသင်ထောက်ပံ့ကြေး အပြည့်အ၀ဖြင့် ပညာသင်ကြားခွင့်ရနေသည်။ ကျောင်းသားများမှာ တောင်အာဖရိကမှ တောင်ကိုရီးယား၊ အိုင်ယာလန်မှ အီတလီ၊ ယူကေမှ အမေရိကန်စသဖြင့် နိုင်ငံပေါင်း ၂၃ နိုင်ငံတွင် ပညာသင်ယူနေကြခြင်းဖြစ်ပြီး KASP က ကျန်းမာရေးစောင့်ရှောက်မှု ကိုလည်း ပေးအပ်ထားသည်။ ထိုကျောင်းသားများထဲတွင် ၂၅ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ပြီး ဘွဲ့ရအဆင့်တွင် အရေအတွက်က ပိုမိုမြင့်တက်လာသည်။ ပညာရေး စူးစမ်းလေ့လာသူများကတော့ `ဘုရင် အဗ္ဗဒူလာ ပညာတော်သင် အစီအစဉ်´ မှာ အဆင့်မြင့်ပညာရေးအတွက် ကမ္ဘာ့တစ်ဝှမ်း နိုင်ငံတော်မှထောက်ပံ့သည့် အစီအစဉ်များထဲတွင် အကြီးမားဆုံး အစီအစဉ်ဖြစ်သည်ဟု မှတ်ချက်ပြုခဲ့ကြသည်။

    မိမိ၏လုပ်ပိုင်ခွင့်နှင့် ရေနံမှရရှိသော စည်းစိမ်တို့ကိုပေါင်းစပ်၍ ဘုရင် အဗ္ဗဒူလာ တစ်ယောက် ဆော်ဒီရှိ လူငယ်များအတွက် ပညာရေးပြုပြင်ပြောင်းလဲမှုကို ၂၀၀၅ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့သည်။ အဆိုပါလူငယ်များတွင် အများစုက အမေရိကန်ပြည်ထောင်စုတွင် ပညာသင်ယူနေသူများ ဖြစ်သည်။ ထို့ကြောင့် ဆော်ဒီအာရေဗျ ယဉ်ကျေးမှုရုံးချုပ်ကို ဗာဂျီးနီးယား ဆင်ခြေဖုံးဒေသတွင် ဖွင့်လှစ်ခဲ့ပြီး၊ ပညာရေး ပြုပြင်ပြောင်းလဲမှု လုပ်ကိုင်နေသော ဌာန၊ အမေရိကန်တွင် ကျောင်းတက်နေသော ဆော်ဒီ လူငယ် ၁ သိန်း၏ ပညာရေးကို စီမံခန့်ခွဲသည့် ဌာနအဖြစ် ရှုမြင်ကြသည်။

    ပညာရှင်များဖြင့်စုစည်းထားသည့် အမေရိကန် ပညာတော်သင်အဖွဲ့ Woodrow Wilson International Center မှ အကြီးတန်း ပညာရှင်နှင့် ၀ါရှန်တန်ပို့စ်၏ ဂျာနယ်လစ်ဟောင်း တစ်ဦးဖြစ်သူ ဒေးဗစ် အော့တိုဝေးက အဆိုပါ ပညာတော်သင်အစီအစဉ်ကို `၁၉၅၃ ဘုရင်ကြီး အဗ္ဗဒူလ် အဇစ် ကွယ်လွန်ပြီးကတည်းက ဘုရင့်နိုင်ငံကို အုပ်ချုပ်လာခဲ့သည့် ၎င်း၏ သားတော် ၅ ပါးအနက် ဘုရင် အဗ္ဗဒူလာ မှာ လူကြိုက်အများဆုံးနှင့် ပါးနပ်မှုအရှိဆုံးဟု သမိုင်းတွင်သည့် ဘုရင်ဖြစ်လာစေသော အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    `ဆော်ဒီ အမျိုးသမီးတွေကို နိုင်ငံရေးမှာ ပါဝင်ခွင့်ရအောင် ဆောင်ရွက်ပေးတာ၊ စိန်ခေါ်မှုတွေရှိတဲ့ သူ့ရဲ့နိုင်ငံကို ခေတ်မီ တိုးတက်အောင်လုပ်ဖို့ ဆော်ဒီကျောင်းသား ထောင်ပေါင်းများစွာကို အမေရိကန်နဲ့ ဥရောပလွှတ်ပြီး ပညာသင်စေတာတွေ အတွက် သူ(ဘုရင် အဗ္ဗဒူလာ) ကို ဆော်ဒီသမိုင်းမှာ အမှတ်တရ ရှိနေမှာပါ´

    King Abdullah Scholarship Program

    အမေရိကန်တစ်ဝှမ်း
    ———————-
    သိပ္ပံဆိုင်ရာ ဂျာနယ်တစ်ခုဖြစ်သည့် Scientific Research Journal တွင် ချားလ်စ်တေလာနှင့် ၀က်စ်မီယာ အလ်-ဘက်စ်ရီတို့ ရေးသား ခဲ့သော ဆောင်းပါးတစ်ခုတွင် အမေရိကန်၌ လာရောက်ပညာ သင်ကြားသည့် ကျောင်းသား အရေအတွက်တွင် ဆော်ဒီအာရေဗျမှာ တရုတ်၊ အိန္ဒိယနှင့် တောင်ကိုရီးယားတို့နောက် စတုတ္ထအများဆုံးဖြစ်သည်ဟု ဖော်ပြထားသည်။ ဆော်ဒီကျောင်းသားများမှာ အမေရိကန်နိုင်ငံတစ်ဝှမ်း ပြန့်နှံ့နေပြီး ဆင်ခြေဖုံးဒေသရှိ ကျောင်းများတွင်သာမက အမေရိကန်၏ အဓိက တက္ကသိုလ်ကြီးများတွင် ပညာသင်ယူလျက် ရှိနေသည်။ အိုဟိုင်းယိုး၊ အီလီနွိုက်စ်၊ တက္ကဆက်၊ အော်ရီဂွန်၊ ကယ်လီဖိုးနီးယား၊ ကန်တာကီ စသည့်ပြည်နယ်များ က ဆော်ဒီကျောင်းသားများ အဓိကစုဝေးရာ နေရာများဖြစ်သည်ဟု တေလာနှင့် ဘက်စ်ရီတို့က ဖော်ပြခဲ့သည်။

    အဆိုပါ ပညာတော်သင်အစီအစဉ်တွင် ဘုရင့်နိုင်ငံက နှစ်စဉ် ကန်ဒေါ်လာ ၂.၄ ဘီလီယံနီးပါး ရင်းနှီးမြှုပ်နှံထားသည်။ ထိုအစီအစဉ်မစတင်ခင်က အမေရိကန်တွင် ပညာသင်ယူနေသော ဆော်ဒီကျောင်းသားဦးရေမှာ ၅၀၀၀ အောက်သာရှိပြီ ယခုအချိန်တွင်တော့ တစ်သိန်းနီးပါး ရှိနေပြီဖြစ်သည်။ အမေရိကန်၏ ပညာရေးသမိုင်းတွင် ကာလအနည်းငယ်အတွင်း မယုံနိုင်ဖွယ် မြင့်တက်မှုလည်းဖြစ်ခဲ့သည်။

    ဘုရင်ကြီး အဗ္ဗဒူလာ ထားခဲ့သည့် အမွေများ၌ အဆိုပါ ပညာတော်သင်အစီအစဉ်က ၎င်း၏ ပြုပြင်ပြောင်းမှုများမှ ရရှိခဲ့သည့် အအောင်မြင်ဆုံး ကိစ္စရပ်များတွင် တစ်ခုအပါအ၀င် ဖြစ်သည်။ ပညာရေးအဆင့်အတန်းမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ထုတ်ကုန် စွမ်းအား မြှင့်တင်နိုင်မှု၊ တီထွင်ဖန်တီးနိုင်စွမ်းရှိမှုတို့နှင့် ဆက်နွယ်မှုမှာ ငြင်းစရာမရှိ။ KASP အစီအစဉ်မှ ထွက်ပေါ်လာသော ပညာရေးမျိုးဆက်က ဘုရင့်နိုင်ငံသို့ အမြင်ကျယ်ကျယ်၊ ကျွမ်းကျင်မှုကောင်းကောင်းဖြင့် ပြန်သွားမည်ဖြစ်ပြီး နိုင်ငံ၏ တိုးတက်မှုနောက် တစ်ဆင့် အတွက် လိုအပ်နေသော ပုဂ္ဂလိကဆိုင်ရာဖွံဖြိုး တိုးတက်မှုကို ကူညီထောက်ပံ့နိုင်မည် ဖြစ်လေသည်။ အဆိုပါ အစီအစဉ်မှာ ငွေကြေး ကုန်ကျသည်နှင့်အမျှ နိုင်ငံ၏ ရေရှည် စီးပွားရေးအတွက်လည်း အဓိပ္ပါယ် ရှိမည်ဖြစ်သည်။
    King-abdullah's-scholarship-students-during-the-graduation-ceremony-in-Canada
    မှီခိုအားထားရမှုများခြင်း
    ————————-
    လူမှုသိပ္ပံဆိုင်ရာ ဂျာနယ်တစ်ခုဖြစ်သော Journal of Humanities and Social Science မှပညာရေးနှင့်ပတ်သက်သည့် ကျွမ်းကျင် ပညာရှင် အဗ္ဗဒူလ် ရဟ်မာန် အမ် အဘူအမ်မိုဟ်၊ လယ်ရီ အာရ် စမစ်နှင့် အဗ္ဗဒူလ် အဇစ် အမ် ဒူဝေ့စ်တို့မှ ပူးပေါင်းရေးသား ထားသည့် ဆောင်းပါးတစ်ခုတွင် ဆော်ဒီ အာရေဗျအနေဖြင့် လက်ရှိအချိန်၌ နိုင်ငံခြား ကျွမ်းကျင်သူများကို လွန်စွာမှီခိုနေရပြီး စက်ရုံအလုပ်ရုံ ကဏ္ဍ သုသေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း အတွက်လည်း နိုင်ငံခြားမှ သုတေသနပြုမှုများကို အားထားနေရသည်ဟု မှန်ကန်စွာ သုံးသပ်ဖော်ပြခဲ့သည်။

    KASP အစီအစဉ်မှ ကျောင်းသားများမှာ အိမ်ပြန်နေကြပြီဖြစ်သောကြောင့် ထိုလစ်ဟာမှုကို ကူညီဖြည့်ဆည်းပေးမည် ဖြစ်သည်။ အဆိုပါ ပညာတော်သင် အစီအစဉ် စတင်ပြီးကတည်းက နိုင်ငံရပ်ခြားတွင် ပညာသင်ယူနေသော ဆော်ဒီကျောင်းသား အရေအတွက်မှာ ၉၀၀ ရာခိုင်နှုန်း တိုးလာခဲ့သည်ဟု ထိုပညာရှင်များက ထောက်ပြခဲ့သည်။

    ဆော်ဒီအာရေဗျဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း ဂျိမ်းစမစ်က ဆော်ဒီ-အမေရိကန် ဆက်ဆံရေးနှင့် သတင်း အချက်အလက်အဖွဲ့ SUSRIS နှင့် တွေ့ဆုံရာတွင် KASP အစီအစဉ်၏ လူတော်လူကောင်းမြှောက်စားသည့် သဘာဝကို ဖွင့်ဟခဲ့သည်။

    `ဘုရင် အဗ္ဗဒူလာ ပညာတော်သင်အစီအစဉ်ဟာ ထူးခြားတဲ့ သဘာဝရှိတယ်ဆိုတာကို လူတော်တော်များများက နားမလည်ကြပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဒီအစီအစဉ်ဟာ အရည်အချင်းရှိတဲ့သူတွေ မြှောက်စားမှုကို အခြေခံတာဖြစ်ပြီး ဒီအတိုင်းသွားနေလို့ပါပဲ။ ဒါ့ကြောင့် ဒီအစီအစဉ်မှာ အကောင်ကြီးကြီးတွေရဲ့ သားသမီးတွေနဲ့ ပြည့်မနေဘဲ အရည်အချင်း ရှိတဲ့ ကျောင်းသားတွေ နဲ့သာ ပြည့်နေတာပါ။ ပြီးတော့ ကျွန်တော်တို့ ဗီဇာ ထုတ်ပေးတဲ့အခါမှာလည်း ဒီကျောင်းသားတွေဟာ မြို့ပေါ်က လူ့ဘော်ကျော့တွေသာ မဟုတ်ဘဲ နိုင်ငံတစ်ဝှမ်းလုံးက ဖြစ်နေတယ်ဆိုတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ ဒါပေမယ့် အဲဒီကျောင်းသားတွေက ကျောင်းမှာ ထူးချွန်ကြသူတွေပါ။ ဒါ့ကြောင့် အရည်အချင်းကို အခြေခံတဲ့ KASP အစီစဉ်မှာ သူတို့ဟာ ပညာသင်ဆု ရကြတာပါပဲ´

    စိန်ခေါ်မှုများရှိနေ
    ——————-
    သို့ရာတွင် ဆော်ဒီပြည်တွင်း ပညာရေး စနစ်တွင်တော့ စိန်ခေါ်မှုများရှိနေသည်ကို စမစ်က ၀န်ခံခဲ့ပြီး အလွယ်ကူဆုံး က ကျောင်းများဆောက်ခြင်းဖြစ်သည် ဟု ထောက်ပြခဲ့သည်။ သို့ရာတွင် စိန်ခေါ်မှုက ကျောင်းများတွင် မည်သူရှိမည်နည်း ဆိုသည်ပင်။ ဆော်ဒီပြည်တွင်း ပညာရေးနှင့် ပတ်သက်၍ ချဲ့ထွင်ခြင်းနှင့် နှစ်မြှုပ်ဆောင်ရွက်ခြင်းက အစကနဦးအဆင့်ပင် ရှိနေသးသည်ဟု ပြောစရာရှိသည်။ လိုအပ်သည့် အခြေခံ အဆောက်ဦးများ ဆောက်လုပ်နေချိန်တွင် သင်ရိုးညွှန်းတမ်း အပါအ၀င် ကမ္ဘာ့အဆင့် ပညာရေး အတွက် လိုအပ်သည့် အရာအားလုံးက ဆက်လက်ပေါ်ပေါက်လာမည် ဖြစ်ပေသည်။

    `သတင်းကောင်းတစ်ခုကတော့ အမေရိကန်နဲ့ အခြားနိုင်ငံတွေမှာ ပညာဆည်းပူးနေတဲ့ ဒီကျောင်းသား တော်တော် များများက ဆော်ဒီ တက္ကသိုလ်တွေကို ပါမောက္ခတွေ အဖြစ် ပြန်လည်လာရောက်ဖို့ အစီအစဉ်ရှိကြပါတယ်။ ဒ့ါကြောင့် အလားအလာတွေ ကတော့ အများကြီးပါ။ သူတို့တွေအားလုံး တစ်ဆင့်ပြီးတစ်ဆင့် တက်လာဖို့နဲ့ ကမ္ဘာ့အဆင့် ပညာရေးစနစ်တစ်ခုကို သူတို့ တည်ထောင်ဖို့ဆိုတာ အချိန်နည်းနည်းပဲ ကြာတော့မှာပါ´ ဟု စမစ်က ထည့်သွင်းပြောကြားခဲ့သည်။

    KASP အစီအစဉ်၏ ဆော်ဒီ လူ့အဖွဲ့အစည်းနှင့် စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုများအတွက် အကဲဖြတ်ရန် စောလွန်းနေသည်။ ဆော်ဒီသို့ပြန်လာကြသည့် ပညာတတ် လူငယ်များ ပုဂ္ဂလိကလုပ်ငန်းများတွင် ၀င်ရောက်ဆောင်ရွက်ခြင်း ကလည်း အရေးကြီးနေသည်။ ယခုအချိန်အထိတော့ ဆော်ဒီလူငယ် မျိုးဆက်တစ်ခုလုံး ထူးခြားသည့် ပညာရေး အခွင့်အလမ်းကို ရရှိခဲ့ပြီးဖြစ်၏။ ကျန်ရှိသည့် ကိစ္စများကတော့ ၎င်းတို့အပေါ်တွင်သာ မူတည်နေပေသည်။

    ref:Alarabiya

  • ကမ္ဘာကျော် တင်းနစ်ချန်ပီယံ ရော်ဂျာဖက်ဒယ်ရာနှင့် Telegraph UK  အင်တာဗျူး

    ကမ္ဘာကျော် တင်းနစ်ချန်ပီယံ ရော်ဂျာဖက်ဒယ်ရာနှင့် Telegraph UK အင်တာဗျူး

    ဖေဖော်ဝါရီ ၆ ၊ ၂၀၁၅
    M-Media
    ဘာသာပြန်သူ – နုရည်ထွန်း
    Roger Federer_AFP_0_0
    ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ တင်းနစ်အားကစား စူပါစတား ရော်ဂျာဖက်ဒယ်ရာ (Roger Federer) ရဲ့ အိမ်ကတော့ သူ့ဇာတိမြေဖြစ်တဲ့ ဆွစ်ဇာလန်နိုင်ငံမှာ ဖြစ် ပါတယ်။ ဒါပေမယ့် သူကတော့ ဇနီးသည် မီကာ (Mirka) ရယ်၊ သမီး နှစ်ယောက်နဲ့ရယ် အတူ ခရီးသွားလာနေရင်းနဲ့  အချိန်တွေ ကုန်လွန်နေခဲ့ပါတယ်။ အာဖရိကတိုက်မှာရှိတဲ့ ထောင်ပေါင်းများစွာသော ကလေးငယ်တွေရဲ့ ပညာရေးအတွက် သူ့ရဲ့ ဒါနဖောင်ဒေရှင်းက ကူညီထောက်ပံ့ပေးလျက် ရှိပါတယ်။ သူကတော့ ကမ္ဘာတ၀ှမ်းက တင်းနစ်အားကစားပြိုင်ပွဲတွေမှာ သွားရောက်ယှဉ်ပြိုင်လျက်ရှိပြီး မကြာသေးမီကပဲ လန်ဒန်မြို့က O2 အားကစားရုံကြီးမှာ ATP ဖိုင်နယ်ပွဲစဉ်တွေကို ကစားခဲ့ပြီး Wimbledon ပြိုင်ပွဲအတွက်လည်း ပြင်ဆင်နေပါတယ်။

    မေး။   ။ ခင်ဗျား တစ်နှစ်မှာ အားလပ်ရက်  ဘယ်လောက်ယူသလဲ?

    ဖြေ။   ။ (၂) ကြိမ်၊ ဒါမှမဟုတ် (၃) ကြိမ်။ မဲလ်ဘုန်း၊ ပဲရစ်၊ လန်ဒန်နဲ့ နယူးယောက်တို့မှာ များသောအားဖြင့် ကစားဖြစ်တဲ့ Grand Slam ပွဲစဉ်တွေနဲ့ ချိန်ညှိပြီး အားလပ်ရက် ယူဖြစ်ပါတယ်။

    မေး။   ။ ခင်ဗျား ကစားပွဲတွေ သွားတဲ့ခါ မိသားစုကို ခေါ်သွားသလား?

    ဖြေ။   ။ အခုတော့ ခေါ်သွားဖြစ်ပါတယ်။ ကျနော့်ရဲ့ အမွှာသမီးလေး နှစ်ယောက် ရှာလင်း (Charlene) နဲ့ မိုင်လာ (Myla) က အသက် (၃) နှစ်ပဲ ရှိသေးတယ်လေ။ ဒီတော့ ကျနော်တို့ မိသားစုလိုက် ခရီးသွား ဖြစ်တာပေါ့။ သူတို့တွေ ကျောင်းတက်ရပြီ ဆိုရင်တော့ တစ်မျိုးပြောင်းမှာပေါ့။

    မေး။   ။ ခင်ဗျား အနှစ်သက်ဆုံးက ဘယ်မြို့လဲဗျ?

    ဖြေ။   ။ ရောမ။ ကျနော်က အဲဒီလို ရှေးဟောင်းရိုးရာနေရာတွေကို စွဲလမ်းနှစ်သက်တယ်။ ရောမက ကျနော် မျှော်မှန်းသလောက်ကို ကောင်းတယ်။ အီတလီ အစားအသောက်တွေလည်း ကြိုက်တယ်လေ။ ကျနော် အဲ့ဒီကို နောက်ဆုံးတစ်ခေါက် ရောက်တုန်းက ကျနော့ကလေးတွေနဲ  အမိုးဖွင့် ဘတ်စကားစီးခဲ့တာ အရမ်ကို အံ့မခန်းပါပဲ။ ရှေးဟောင်း အဆောက်အဦး လှလှပပတစ်ခုကို သဘောကျ ငေးမောနေတုန်းမှာပဲ လမ်းရဲ့တစ်ဘက်မှာ နောက်ထပ် ပိုကောင်းပိုလှတာတစ်ခုကို  တွေ့ရပြန်ရော။

    မေး။   ။ ခင်ဗျားအတွက် အကောင်းဆုံး အပန်းဖြေရာနေရာဆိုတာ ဘယ်လို နေရာမျိုးလဲ?

    ဖြေ။   ။ မိသားစုနဲ့အတူ သွားလို့ရတဲ့ ဆိတ်ငြိမ်အေးချမ်းပြီး privacy ရှိတဲ့ နေရာမျိုးပေါ့။ နောက်ဆုံးတစ်ခေါက် အားလပ်ရက်မှာ မိသားစုနဲ့အတူ မော်လဒိုက်ကိုသွားခဲ့တယ်။ အဲ့ဒီမှာက စရိတ်စကလည်း အနေတော်ပဲ။ အဲဒါနဲ့ဆို ကျနော် အဲ့ဒီကိုရောက်တာ သုံးကြိမ် ရှိပြီ။ တကယ်လို့ ကျနော်က ကိုယ်လက်လှုပ်ရှားရတာမျိုး မဟုတ်တဲ့ ရုံးထိုင်အလုပ် လုပ်ရသူတစ်ယောက်ဆိုရင် အားလပ်ရက်မှာ စွန့်စွန့်စားစား သွားလာလုပ်ကိုင်ရတာမျိုးကို ပိုကြိုက်ကောင်း ကြိုက်ပါလိမ့်မယ်။ ဒါပေမယ့် အခုတော့ ကျနော်က သက်တောင့်သက်သာ ရှိပြီး ခြေချောင်းတွေကြားမှာ သဲတွေဝင်နေတဲ့ ခံစားမှုမျိုးကို လိုချင်တယ်။

    မေး။   ။ ဒီကြားထဲ ဘယ်နေရာတွေကို လည်ပတ်ခဲ့သေးလဲ?

    ဖြေ။   ။ မော်ရစ်ရှပ်၊ ဆေချီလ်၊ ထိုင်း၊ ကာရစ်ဘီယံ။ အဲဒီနေရာတွေကို ခင်ဗျားကြည့်လိုက်ခြင်းအားဖြင့် ဆိတ်ငြိမ်အေးချမ်းတဲ့ ကမ်းခြေတွေရှိတဲ့ လှလှပပနေရာတွေကို ကျနော် ကြိုက်တယ်ဆိုတာ သိနိုင်ပါတယ်။

    မေး။   ။ ကာရစ်ဘီယံက ဘယ်ကျွန်းလဲ။

    ဖြေ။   ။ ကျနော် မပြောပြချင်ပါဘူး။

    မေး။   ။ ခင်ဗျားအတွက် privacy က အရေးကြီးတယ်ဆိုတဲ့ သဘောပေါ့?

    ဖြေ။   ။ ပရိတ်သတ်တွေ ရင်းရင်းနှီးနှီး၊ လေးလေးစားစားနဲ့ ကျနော့ကို လာနှုတ်ဆက်တာမျိုး ကျနော် လက်ခံပါတယ်။ ထိပ်တန်း တင်းနစ်ကစားသမား တစ်ယောက်အနေနဲ့ ဒီလိုမျိုးဟာ ပျော်ရွှင်ကျေနပ်မှု တစ်မျိုးပေါ့ဗျာ။ ဒါပေမယ့် ကျနော် ခွင့်မပြုဘဲ ဓာတ်ပုံရိုက်မယ်ဆိုရင်၊ အထူးသဖြင့် ကျနော့ သမီးလေးတွေ ရေကူးဝတ်စုံနဲ့ ဆိုရင် ကျနော် မကြိုက်ဘူး။

    မေး။   ။ အာရှမှာ ဘယ်နေရာတွေက ခင်ဗျားကို ဆွဲဆောင်သလဲ?

    ဖြေ။   ။ နေရာတွေ အများကြီးပါ။ အာရှမှာ ကမ္ဘာပေါ်မှာ အလွန်ထူးကဲတဲ့ နေရာဒေသပါ။ တရုတ်ပြည်ကို သွားရတဲ့ ခရီးတွေဆို ကျနော် အမြဲပျော်တယ်ဗျာ။ ပုံမှန်အားဖြင့် ကျနော့ တင်းနစ်ပွဲတွေကလည်း ရှန်ဟိုင်းနဲ့ ဘေကျင်းမှာ ပုံမှန်လို ရှိနေတယ်။ ဒါပေမယ့် တကယ်တမ်းမှာ အဲ့ဒီ မြို့ကြီးတွေက ဘဝရဲ့ အစိတ်အပိုင်း သေးသေးလေးပါဗျာ။ ယူနီဆက်ဖ် အစီအစဉ်နဲ့ ကျနော် အိန္ဒိယကိုလည်း ရောက်ခဲ့တယ်။ တကယ်ကို အံ့မခန်း အတွေ့အကြုံ တစ်ခုပါပဲ။ ကျနော် ဂျပန်ကိုလည်း တအားကြိုက်တယ်။ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားကိုလည်း သွားချင်သေးတယ်။

    မေး။   ။ အာဖရိကရော ဘယ်လိုလဲ။

    ဖြေ။   ။ အဲဗျာ၊ ကျနော့အမေက တောင်အာဖရိကသူ။ ဒါပေမယ့် တခြား အာဖရိက နိုင်ငံတွေ အတော်များများကိုတော့ ကျနော် မသိသေးဘူး။ အမေက ကျနော် ငယ်ငယ်တုန်းက မခေါ်သွားခဲ့ဘူးလေ။ ကျနော့မှာ အချိန်ပိုရှိလာပြီဆိုရင်တော့ အာဖရိကတိုက်ကြီးကို သေသေချာချာ စူးစမ်းလေ့လာဖို့တော့ ရည်ရွယ်ထားတယ်။ ကျနော့ ထိပ်ဆုံးစားရင်းမှာတော့ ဘော့ဆွားနားနိုင်ငံ၊ ဗစ်တိုးရီးယား ရေတံခွန်ကြီးနဲ့ အီဂျစ်နိုင်ငံတို့ ပါတယ်ဗျ။

    မေး။   ။ ခရီးသွားရင်း တခြား အားကစားတွေရော ကြည့်ဖြစ်လား?

    ဖြေ။   ။ ကမ္ဘာ့ ဘယ်နေရာရောက်ရောက် အဲ့ဒီနေရာဒေသက လူတွေ အရူးအမူးကြိုက်တဲ့ အားကစားကို ကျနော် ဂရုတစိုက် ကြည့်တယ်။ သြစတေးလျမှာဆို ခရစ်ကတ် ကြည့်တယ်။ အမေရိကန်မှာဆို ဘတ်စကတ်ဘောနဲ့ NFL ကြည့်တယ်။

    မေး။   ။ ဈေးဝယ်ထွက်တော့ရော?

    ဖြေ။   ။ အ၀တ်အစား ဝယ်ဖို့သွားရင် တခြားယောက်ျားတွေ အတိုင်းပါပဲ၊ လျှောက်ပတ်နေလေ့ သိပ်မရှိဘူး။ လိုချင်တာတွေ့ရင် ဝယ်လိုက်တယ်။ ဥပမာ – ရှပ်အင်္ကျီတစ်ထည်၊ ဂျင်းတစ်စုံနဲ့  အားကစားဝတ်စုံ နည်းနည်းပါးပါး ၀ယ်ပြီးရင် ပြီးပြီပဲ။ ဖက်ရှင်အမြင် ခပ်သွက်သွက် ရှိတယ်လို့ ကိုယ်ဟာကိုယ် ထင်တာပဲ။ ခြေဆုံးခေါင်းဆုံး အဖြူရောင်ဝတ်ခဲ့တဲ့ ခပ်နုံနုံ အချိန်တွေ ကုန်ခဲ့ပါပြီဗျာ။

    မေး။   ။ အကြိုက်ဆုံး ကုန်အမှတ်တံဆိပ် ရှိသလား?

    ဖြေ။   ။ မကြာခင်က ဝယ်ခဲ့တဲ့ Louis Vuitton ရှူးဖိနပ်ကတော့ ကျနော့မှာ ရှိဖူးသမျှထဲ သက်တောင့်သက်သာ အရှိဆုံးပဲ။

    မေး။   ။ ခင်ဗျား ကစားပြိုင်ပွဲတွေ သွားတဲ့အခါ ဘယ်မှာ တည်းလဲ။

    ဖြေ။   ။ Wimbledon ပွဲ ဆိုရင်တော့ Wimbledon Village မှာ အိမ်တစ်လုံး ငှါးလိုက်တယ်။ ဒါမှမဟုတ်ရင် မြို့လည်ခေါင်က ဟိုတယ်တွေမှာ တည်းတယ်။ ဥပမာ နယူးယောက်မှာလုပ်တဲ့ US Open ပွဲမျိုး ဆိုရင်ပေါ့။

    မေး။   ။ Wimbledon နဲ့ ယှဉ်ရင် နယူးယောက်မြို့က ဘယ်လိုရှိလဲ?

    ဖြေ။   ။ ဈေးဝယ်စရာ၊ ပြဇာတ်ရုံတွေ၊ စားသောက်ဆိုင်တွေ၊ အနုပညာ ပြခန်းတွေနဲ့ လုပ်စရာတွေ အများကြီး ရှိပါတယ်။ အဲ့ဒီကိုရောက်ရင် ကျနော် အရမ်း ပျော်တယ်။ ပြန်ရပြီဆိုရင်တော့ မပျော်ဘူးပေါ့ဗျာ။

    မေး။   ။ ပွဲစဉ်ကြီးတစ်ခု ပြီးသွားရင် ခင်ဗျား ဘာလုပ်လဲ?

    ဖြေ။   ။ နိုင်နိုင်ရှုံးရှုံးပေါ့ဗျာ၊ ကျနော့ကို လာရောက်အားပေးကြသူတွေကို ကျေးဇူးတင်ဖို့ အရေးကြီးတယ်လို့ ကျနော် ထင်ပါတယ်။ ကျနော့ အဖွဲ့က ခင်ဗျား ကစားကွင်းထဲမှာ မြင်ရထာတက် ပိုလူများတယ်။ ကျွန်တော့်ရဲ့ အပေါင်းအသင်းတွေက အလွန်များတယ်လေ။ မနှစ်က French Open ပွဲစဉ်မှာဆို အဖွဲ့သား (၇၅) ယောက်ပါတယ်။ ကျနော်တို့ အားလုံးအတူတူ  စားသောက်ဆိုင်ကောင်းကောင်း တစ်ခုကို သွားလေ့ရှိတယ်။ စကားစမြည်တောင် ပြောလို့မရတဲ့ ဆူညံလွန်းတဲ့ နိုက်ကလပ်မျိုးတွေကိုတော့ ကျနော် မုန်းတယ်ဗျ။