News @ M-Media
Author: Ko Lay
  • နိုင်ငံတကာ ကျောင်းသားလူငယ် ပြိုင်ကားပြိုင်ပွဲတွင် ပါကစ္စတန် ကျောင်းသူအဖွဲ့ ၀င်ပြိုင်မည်
    နိုင်ငံတကာ ကျောင်းသားလူငယ် ပြိုင်ကားပြိုင်ပွဲတွင် ပါကစ္စတန် ကျောင်းသူအဖွဲ့ ၀င်ပြိုင်မည်
    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၈
    M-Media
    – ကျောင်းသားအဆင့် နိုင်ငံတကာ ပြိုင်ကား တီထွင်မောင်းနှင်မှုပြိုင်ပွဲ International Formula Student မှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် ပါကစ္စတန်ကျောင်းသူအဖွဲ့တစ်ခုဟာ ပြိုင်ကားတစ်စီးကို တီထွင်ထုတ်လုပ်နေပါတယ်။
    အဖွဲ့ဝင် ၁၅ ဦးပါဝင်တဲ့ သူတို့အဖွဲ့ဟာ ပါကစ္စတန် အမျိုးသား သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်ကဖြစ်ပြီး စီးပွားရေးကနေ လျှပ်စစ်အင်ဂျင်နီယာအထိ မေဂျာအစုံ ပါဝင်ပါတယ်။
    International Formula Student ကားပြိုင်ပွဲကို အခုနှစ် ဇူလိုင်လ ယူကေက Silverstone ရဲ့ ကားပြိုင်ကွင်းမှာ ကျင်းပမှာပါ။
    ကျောင်းသူလေးတွေဟာ သူတို့ရဲ့ အဖွဲ့အမည်ကို Team Auj လို့ အမည်ပေးထားပြီး ‘တက်နိုင်ဖျားရောက်’ လို့ အဓိပ္ပါယ်ရပါတယ်။
    ပြိုင်ပွဲအတွက် စာရင်းပေးခဲ့ပြီးတဲ့နောက် ပြိုင်ပွဲမှာ အနိုင်ရအောင် အစွမ်းကုန်ကြိုးစားနေပြီး ပါကစ္စတန်အမျိုးသမီးတွေရဲ့ လုပ်နိုင်စွမ်းကို ကမ္ဘာသိအောင် ချပြချင်တယ်လို့လည်း သူတို့က ပြောပါတယ်။
    အဖွဲ့ရဲ့ ဈေးကွက်ရှာဖွေရေးမန်နေဂျာ ၀ါရ်ဒါ ဂျမားလ်က သူတို့အဖွဲ့ဟာ ဒီပြိုင်ပွဲမှာ ပါကစ္စတန်နိုင်ငံကို ကိုယ်စားပြုယှဉ်ပြိုင်မယ့် ပထမဆုံး အမျိုးသမီးအဖွဲ့ဖြစ်ကြောင်း၊ သူတို့အဖွဲ့ ထုတ်လုပ်ထားတဲ့ ကားကို မောင်းနှင်မယ့် သူကလည်း အဖွဲ့ဝင်အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
    အမျိုးသားတွေသာလွှမ်းမိုးတဲ့ ပြိုင်ကားနယ်ပယ်မှာ ပါကစ္စတန် အမျိုးသမီးတွေ ပိုမိုပါဝင်လာရေး သူတို့အဖွဲ့က တွန်းအားပေးနိုင်မယ်လို့ မျှော်လင့်မှုတွေလည်း ရှိနေပါတယ်။
    Ref: Alarabiya, The Express Tribune
  • အမျိုးသမီးများ စီးပွားရေးလုပ်ရန် အိမ်ထောင်ဦးစီး၏ ခွင့်ပြုချက်ယူရသည့်စနစ်ကို ဆော်ဒီပယ်ဖျက်
    အမျိုးသမီးများ စီးပွားရေးလုပ်ရန် အိမ်ထောင်ဦးစီး၏ ခွင့်ပြုချက်ယူရသည့်စနစ်ကို ဆော်ဒီပယ်ဖျက်
    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၈
    M-Media
    – ခင်ပွန်း ဒါမှမဟုတ် ဆွေမျိုးသားချင်းတွေထဲက အမျိုးသား တစ်ဦးဦးရဲ့ ခွင့်ပြုချက်ရမှ အမျိုးသမီးတွေ စီးပွားရေးလုပ်ရတဲ့ ကန့်သတ်ကို ပယ်ဖျက်ကြောင်း ဆော်ဒီအစိုးရက ကြာသာပတေးနေ့မှာ ကြေငြာလိုက်ပါတယ်။
    “အမျိုးသမီးတွေအနေနဲ့ အခုအချိန်ကစလို့ အိမ်ထောင်ဦးစီးရဲ့ ခွင့်ပြုချက် တင်ပြစရာမလိုဘဲ စီးပွားရေးကို ကိုယ်တိုင်လုပ်ခွင့်၊ စီးပွားရေးအတွက် အစိုးရဆီက အကူအညီရယူခွင့်တွေ ရရှိမှာ ဖြစ်ပါတယ်” လို့ ဆော်ဒီ စီးပွားကူးသန်းနှင့် ရင်းနှီးမြှုပ်နှံမှု ၀န်ကြီးဌာနက ၀ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
    အရင်က ဆော်ဒီ အမျိုးသမီးတွေဟာ အစိုးရနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေ၊ ခရီးသွားလာမှု၊ ကျောင်းတက်မှု၊ စီးပွားရေးလုပ်ငန်းတွေမှာ ခင်ပွန်း၊ ဒါမှမဟုတ် ဖခင်၊ အစ်ကို၊ မောင် စတဲ့ အိမ်ထောင်ဦးစီးရဲ့ခွင့်ပြုချက်ကို အစိုးရထံ တင်ပြရတာ ဖြစ်ပါတယ်။
    ရေနံအပေါ် အလွန်အမင်း မှီခိုနေရမှုကို လျှော့ချဖို့အတွက် ဆော်ဒီဟာ ပြုပြင်ပြောင်းလဲရေး စီမံကိန်းတစ်ခုကို ချမှတ်ထားပြီး အခုနောက်ပိုင်းမှာ တိုင်းပြည်ရဲ့ ပုဂ္ဂလိကကဏ္ဍကို ဖွံ့ဖြိုးအောင် ဆောင်ရွက်လာပါတယ်။
    ပြုပြင်ပြောင်းလဲမှုတွေထဲမှာ အမျိုးသမီးတွေကို စွမ်းအားမြှင့်တင်ပေးရေး လုပ်ငန်းစဉ်တွေလည်း ပါဝင်ပြီး ပြီးခဲ့တဲ့ လအနည်းငယ်စလို့ တစ်စ၊ တစ အကောင်အထည် ဖော်လာခဲ့ပါတယ်။
    ပြီးခဲ့တဲ့နှစ် စက်တင်ဘာမှာ ဆော်ဒီဘုရင် ဆလ်မန်ဟာ အမျိုးသမီးတွေ ကားမမောင်းရဆိုတဲ့ ဆယ်စုနှစ်ချီ ကြာမြင့်ခဲ့တဲ့ ကန့်သတ်ချက်ကို ပယ်ဖျက်ပေးလိုက်ပြီး၊ အစိုးရလုပ်ငန်းတွေမှာ အမျိုးသမီးဝန်ထမ်းတွေ ပါဝင်ဆောင်ရွက်ဖို့လည်း လမ်းဖွင့်ပေးခဲ့ပါတယ်။
    အသက် ၃၂ နှစ်အရွယ်ရှိပြီး သြဇာကြီးတဲ့ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ဆော်ဒီကို အလယ်အလယ်ကျပြီး၊ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းတစ်ခုအဖြစ် ဆောင်ရွက်သွားမယ်လို့ အောက်တိုဘာလမှာ ပြောကြားခဲ့ပါတယ်။
    Ref: Alarabiya
  • နေတန်ယာဟုနှင့် ပတ်သက်နေသည့် စီးပွားရေးသမားများကို ခြစားမှုဖြင့် အစ္စရေး ဖမ်းဆီး
    နေတန်ယာဟုနှင့် ပတ်သက်နေသည့် စီးပွားရေးသမားများကို ခြစားမှုဖြင့် အစ္စရေး ဖမ်းဆီး
    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၈
    M-Media
    – နိုင်ငံ၏ အကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ Bezeq မှ ၀န်ကြီးချုပ် နေတန်ယာဟုနှင့် ဆက်နွယ်နေသည့် အကြီးတန်း အမှုဆောင် တာဝန်ရှိသူ အများအပြားကို အစ္စရေးရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး ကုမ္ပဏီနှင့် နေတန်ယာဟုတို့အကြား လာဘ်ပေးလာဘ်ယူမှုကိစ္စအတွက် စုံစမ်းစစ်ဆေးမှု၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။
    အစ္စရေးလုံခြုံရေးအာဏာပိုင်အဖွဲ့ ISA က ထုတ်ပြန်ခဲ့သည့် သီတင်းအချက်အလက်အသစ်အရ ထိုကဲ့သို့ ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး နေတန်ယာဟုနှင့် နီးကပ်သော ဆက်ဆံရေးရှိသူ ၂ ဦးလည်း ပါဝင်ခဲ့သည်။ သို့သော်လည်း ဖမ်းဆီးမှုနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခြင်း မပြုသေးပေ။
    Bezeq မှာ ၀န်ကြီးချုပ် နေတန်ယာဟုအကြောင်း အကောင်းသာ ဖော်ပြမှုကြောင့် အစိုးရထံမှ အကျိုးအမြတ်များ ရရှိခဲ့သည်ဟူသော သတင်းများအတွက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေခြင်းဖြစ်သည်။
    အစ္စရေး ဆက်သွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဖြစ်ပြီး နေတန်ယာဟုနှင့် နီးကပ်သော ဆက်ဆံရေးရှိသူ ရှလိုမို ဖီလ်ဘာက Bezeq အပေါ် မျက်နှာပေး ဆက်ဆံခဲ့ကြောင်း၊ အစိုးရ၏ ထိပ်တန်းလျှို့ဝှက် စာရွက်စာတမ်းများကို ပေးခဲ့ကြောင်း စွပ်စွဲမှုများလည်း ရှိနေသည်။
    Bezeq ကုမ္ပဏီကိစ္စမှာ နေတန်ယာဟု ပါဝင်ပတ်သက်သည်ဟု သတင်းထွက်နေသည့် ခြစားမှုကိစ္စများထဲတွင် ၄ ခုမြောက်ဖြစ်သည်။
    Ref: Aljazeera
  • အီရန်ခရီးသည်တင်လေယာဉ် ပျက်ကျပြီး လိုက်ပါသူအားလုံး သေဆုံး
    အီရန်ခရီးသည်တင်လေယာဉ် ပျက်ကျပြီး လိုက်ပါသူအားလုံး သေဆုံး
    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၈
    M-Media
    – အီရန်လေကြောင်းလိုင်းတစ်ခုမှ ခရီးသည်တင် လေယာဉ်တစ်စင်းမှာ ယနေ့မနက်ပိုင်းတွင် ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် ခရီးသည် ၆၆ ဦးစလုံး သေဆုံးခဲ့သည်ဟု သိရသည်။
    Iran Aseman လေကြောင်းလိုင်းမှ လေယာဉ်ဖြစ်ပြီး မြို့တော်တီဟီရန်မှ ယာဆူဂ်ျမြို့သို့အသွား တောင်များထူထပ်သည့် ဒေသတွင်း ပျက်ခဲ့ခြင်းဖြစ်သည်ဟု ISNA သတင်းဌာနက ဖော်ပြခဲ့သည်။ အီရန် လခြမ်းနီအဖွဲ့က လေယာဉ်ပျက်ကျသည့်အချိန်တွင် မြူများဆိုင်းနေသည်ဟု ပြောကြားခဲ့သည်။
    အဆိုပါလေယာဉ်တွင် ခရီးသည် ၆၀ နှင့် လေယာဉ်အမှုထမ်း ၆ ဦး လိုက်ပါသွားသည်။
    စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် လေယာဉ်ပျက်ကျနိုင်ချေကို လေကြောင်းလိုင်းက ပယ်ချခဲ့ပြီး ဆိုးရွားသော ရာသီဥတုကြောင့် ပျက်ကျခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    သို့သော်လည်း အဆိုပါလေယာဉ်မှာ ပြီးခဲ့သည့် သီတင်းပတ်များတွင် စက်ပိုင်းဆိုင်ရာ ပြဿနာများကို ကြုံတွေ့ခဲ့ရသည်ဟု ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။
    Ref: Aljazeera
  • ၀ီဂါမွတ်စလင်တွေအပြီး ဟွေမွတ်စလင်တွေဖက်လှည့်လာတဲ့ တရုတ်ရဲ့ ဘာသာရေးဖိနှိပ်မှု
    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၈
    M-Media
    လင်ရှာမြို့ မြင်ကွင်းတစ်ခု
    – ဗလီဝတ်ကျောင်းတော်တွေက ဘာသာရေးသင်ကြားမှုတွေမှာ လူငယ်တွေ ပါဝင်လို့မရဘူးလို့ တရုတ်အာဏာပိုင်တွေရဲ့ မကြာသေးခင်က တားမြစ်မှုဟာ တရုတ်နိုင်ငံက လူနည်းစု ဟွေမွတ်စလင်တွေအတွက် လက်မခံနိုင်စရာဖြစ်ပြီး သူတို့ရဲ့ဘ၀ ရှင်သန်ရပ်တည်မှုအပေါ် ၀င်ရောက်စွက်ဖက် ဟန့်တားမှုပဲလို့ ရှုမြင်နေကြပါတယ်။
    သူတို့ရဲ့ ကြောက်ရွံ့မှုကြီးတစ်ခုက တရုတ်အစိုးရဟာ နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်က ၀ီဂါမွတ်စလင်တွေအပေါ် ဖိနှိပ်ရာမှာ အသုံးပြုတဲ့ နည်လမ်းတွေထဲက တစ်ချို့ကို နိုင်ငံအနောက်မြောက်ပိုင်း ဂန်းဆူပြည်နယ်မှာ လုပ်ဆောင်လာမလားဆိုတာပဲ ဖြစ်ပါတယ်။
    လူ့အဖွဲ့အစည်းနဲ့ တစ်သားတည်းဖြစ်နေပြီး ဆယ်စုနှစ်များစွာ အစိုးရနဲ့ ချောမွေ့တဲ့ ဆက်ဆံရေးရှိခဲ့တဲ့ ဟွေလူမျိုးတွေဟာ ရှင်ကျန်းပြည်နယ်မှာ လက်နက်ကိုင် ရဲတွေနဲ့ စစ်ဆေးရေးဂိတ်တွေ၊ ဦးနှောက်ကျင်းစင်တာတွေ၊ လူထုရဲ့ DNA စုဆောင်းမှုတွေနဲ့ မာရှယ်လောနီးပါး လုပ်ထားတဲ့အခြေအနေကို ကောင်းကောင်း မြင်တွေ့ခဲ့ရသူတွေပါ။
    ဒါပေမယ့် ဇန်န၀ါရီလက ဟွေမွတ်စလင်အများစုတည်ရှိရာ ဂွမ်ဟီ ခရိုင်မှာ တရုတ်နှစ်ကူးအတွင်း ကလေးငယ်တွေ ဓမ္မသင်တန်း တက်ရောက်မှုကို ဒေသတွင်း အာဏာပိုင်တွေက ပိတ်ပင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ် ကြာသာပတေးနေ့က စတင်ခဲ့တဲ့ ဒီ နှစ်သစ်ကူးကာလဟာ သီတင်းပတ်ချီ ကြာမြင့်မှာဖြစ်ပြီး အစိုးရကလည်း တစ်ပတ်တာ ပိတ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။
    ဂွမ်ဟီဒေသအနောက်ဖက် ကီလိုမီတာ ၅၀ အကွာမှာ တည်ရှိပြီး ဟွေလူမျိုးတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဖြစ် သတ်မှတ်ပေးထားတဲ့ ဂန်းဆူပြည်နယ်ရဲ့ မြို့တော် လင်ရှာမှာလည်း ဒီလို ကန့်သတ်မှုတွေကို လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။
    “အဓိပ္ပါယ်မရှိတာတွေ၊ အံ့အားသင့်စရာတွေလို့ ကျွန်တော်တို့ ခံစားရပါတယ်” လို့ အရှေ့ပိုင်း ဟီနန်ပြည်နယ်က ဟွေလူမျိုး ရှေ့ဆောင်အီမာမ် လီဟိုင်ယန်က ပြောကြားခဲ့ပါတယ်။ ဒီလို အမိန့်ထုတ်မှုဟာ တရုတ်နိုင်ငံရဲ့ အခြေခံဥပဒေကို ဆန့်ကျင်တာဖြစ်တယ်ဆိုပြီး ဝေဖန်ရှုတ်ချတဲ့ ဆောင်းပါးတစ်ပုဒ်ကို လီက ရေးသားခဲ့ပြီး အွန်လိုင်းစာမျက်နှာတွေမှာ တော်တော်လေး ပြန့်နှံ့နေပါတယ်။
    ဒီလို ပိတ်ပင်တားဆီးမှုမျိုးတွေကို ပြီးခဲ့တဲ့နှစ်တွေမှာ နှုတ်မိန့်နဲ့ ပြုလုပ်ခဲ့ပြီး လက်တွေ့ အကောင်အထည်ဖော်တာမျိုးတော့ သိပ်မရှိပါဘူး။ ဒါပေမယ့် ဒီနှစ်မှာ ပိုမိုတင်းကြပ်တဲ့ ပုံစံမျိုးနဲ့ လုပ်လာတာက အာဏာပိုင်တွေဟာဒီကိစ္စကို အမှန်တကယ် အကောင်အထည်ဖော်လာတော့မယ်ဆိုတာကို ပြသနေတာဖြစ်တယ်လို့ လီက ပြောပါတယ်။
    လင်ရှာမြို့နဲ့ ဂွမ်ဟီခရိုင်တို့ကို ကြီးကြပ်နေတဲ့ ဒေသခံအစိုးက ပေါ်လစီ အသေးစိတ်ကို ပြောကြားခဲ့ခြင်း မရှိပါဘူး။ ဒါပမယ့် တရုတ်နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံရေးနဲ့ ဘာသာရေးကို ခွဲခြားထားဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
    “ဘာသာတရားတွေ တရုတ်စစ်စစ်ဖြစ်ရေး လမ်းညွှန်ချက်တွေကို ဘာသာရေးဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့က လိုက်နာဆောင်ရွက်တာ၊ အစွန်းရောက် ဘာသာရေးအယူအဆ ၀င်ရောက်ပြန့်နှံ့မှုကို ခိုင်ခိုင်မာမာ တားဆီးကာကွယ်တာမျိုးကို လုပ်ဆောင်တာပါ။ ဥပဒေအရ စီမံခန့်ခွဲမှုဟာ ဘာသာတရားကို ကာကွယ်ရာမှာ အရေးပါဆုံး
    ဆောင်ရွက်ချက်ပါပဲ” လို့ လင်ရှာအစိုးရရဲ့ ပြန်ကြားရေးဌာနက ရိုက်တာသတင်းဌာနကို ပေးပို့တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ သူတို့အနေနဲ့ တည်ငြိမ်အေးချမ်းရေးကို အလေးထားတယ်လို့လည်း ဆိုပါတယ်။
    ဂွမ်ဟီ ပညာရေးဗျူရိုရဲ့ ၀ါဒဖြန့်ချီရေးဌာနကို ရိုက်တာက အကြိမ်ကြိမ် ဖုန်းခေါ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။
    တရုတ် သာသနာရေးဆိုင်ရာ စီမံခန့်ခွဲမှုဌာနက မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို ပြန်လည် တုန့်ပြန်ခြင်းမရှိပေမယ့် နိုင်ငံတော်ကောင်စီရဲ့ သတင်းအချက်အလက်ရုံးက တရုတ်နိုင်ငံဟာ ကလေးငယ်တွေအပါအ၀င် နိုင်ငံသားတွေရဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို ဥပဒေအောက်မှာ အပြည့်အ၀ အာမခံပေးထားတယ်လို့ ပြောကြားခဲ့ပါတယ်။
    “တိုင်းရင်းသားလူမျိုးတွေရဲ့ ဘာသာရေး လွတ်လပ်ခွင့်သာမက ဥပဒေအောက်မှာ ဥပဒေနဲ့ညီတဲ့ အခြားသော အခွင့်အရေးတွေကိုလည်း ကာကွယ်ပေးထားပါတယ်။ တရားမ၀င်လုပ်ရပ်တွေလုပ်ဖို့ ဘာသာရေးကို အသုံးချမှုနဲ့ပတ်သက်လို့ တရုတ်နိုင်ငံဟာ တိတိကျကျ တားဆီးကာ ပြင်းပြင်းထန်ထန် နှိမ်နှင်းသွားမှာ ဖြစ်ပါတယ်” လို့ သတင်းအချက်အလက်ရုံးရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
    ငါတို့ အစွန်းရောက်များမဟုတ်
    တရုတ်အာဏာပိုင်တွေက ဟွေမွတ်စလင်တွေအပေါ် ဖိအားပေးလာမှုဟာ ရှင်ကျန်းပြည်နယ်က ၀ီဂါမွတ်လင်တွေ ခံစားနေရတာလောက် မဆိုးပါဘူး။ ရှင်ကျန်းမှာ တင်းကြပ်တဲ့ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်မှုတွေကြောင့် လူမျိုးရေးတိုက်ခိုက်မှုတွေအထိ ဖြစ်လာပြီး တရုတ်အစိုးရက အစွန်းရောက်တွေကို ပြစ်တင်ပြောဆိုခဲ့ပါတယ်။
    ဒါပေမယ့် ဟွေလူမျိုးတွေ နေထိုင်ရာဒေသက ဗလီဝတ်ကျောင်းတော်တွေမှာ နိဗ္ဗာန်ဆော်ရာမှာ အသုံးပြုတဲ့လော်စပီကာတွေကို ဆူညံမှုတားဆီးရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဖယ်ရှားတဲ့သတင်းကို နိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
    ဧပြီလမှာ အစိုးလက်အောက်ခံ တရုတ်အစ္စလာမ်အသင်းက ဗလီဝတ်ကျောင်းတော် အသစ်တွေမှာ အာရပ်အငွေ့အသက်ပါတဲ့ ဗိသုကာလက်ရာတွေကို မသုံးစွဲဖို့၊ အလွန်အမင်းကြီးကျယ်ခမ်းနားတဲ့ ပုံစံတွေ မဆောက်လုပ်ဖို့၊ တရုတ်ရိုးရာဒီဇိုင်းတွေကိုသာ အသုံးပြုဖို့ ပြောကြားခဲ့ပါတယ်။
    ဂွမ်ဟီနဲ့ လင်ရှာမြို့တွေမှာ ပညာရေးဆိုင်ရာ တင်းကြပ်မှုတွေနဲ့ပတ်သက်ပြီး ဒေသခံတွေက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုတွေ ရှိနေပါတယ်။
    “ဆန့်ကျင်လို့မရဘူးဗျ။ လိုက်နာရတာမျိုး” လို့ အသက် ၄၆ နှစ်အရွယ် မာရှာကျင်းက ပြောကြားခဲ့ပါတယ်။ ဂွမ်ဟီမြို့က Halal China ဗလီဝတ်ကျောင်းတော်အနီးမှာ ရှေးဟောင်းပစ္စည်းဆိုင်ဖွင့်ထားတဲ့ မာက သူဟာ တိုင်းချစ်ပြည်ချစ် မွတ်စလင်တစ်ယောက်ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
    New China Mosque ဗလီဝတ်ကျောင်းတော်ကနေ နေ့လည်ခင်း ၀တ်ပြုဆုတောင်းမှုအပြီး ထွက်လာတဲ့ အခြားအမျိုးသားတစ်ဦးက ဒေသတွင်းအာဏာပိုင်တွေဟာ သမ္မတရှီကျင့်ဖျင်ရဲ့ ပေါ်လစီတွေကို မှားယွင်း ကျင့်သုံးနေတယ်လို့ ဆိုပါတယ်။
    “ဘာသာတရားဟာ ပြဿနာတွေ ယူလာလိမ့်မယ်ဆိုတဲ့ ကြောက်ရွံ့မှုကြောင့် မိသားစုတွေဟာ သူတို့ကလေးတွေကို ဘာသာတရားအကြောင်း သင်ပေးဖို့အတွက် ကြောက်ရွံ့လာပါတယ်။ ဒါမျိုးဆိုရင် ရိုးရာယဉ်ကျေးမှုတွေကို ဘယ်လို လက်ဆင့်ကမ်းရတော့မလဲ”
    အာရှ၊ ဥရောပနဲ့ အာဖရိကကို ဆက်သွယ်တဲ့ ဒေါ်လာဘီလီယံချီ အခြေခံအဆောက်ဦးတွေ ရင်းနှီးမြှုပ်နှံမယ့် သမ္မတရှီရဲ့ Belt and Road အစီအစဉ်ကို တရုတ်နိုင်ငံက အင်တိုက်အားတိုက် ဆောင်ရွက်နေတဲ့အချိန် ကမ္ဘာ့တစ်ဝှမ်းမွတ်စလင်လူ့အဖွဲ့အစည်းတွေအကြား တရုတ်နိုင်ငံရဲ့ ပုံရိပ်ဟာ အရေးပါလာပါတယ်။ တရုတ်နိုင်ငံဟာ သူ့နိုင်ငံအတွင်းက သန်း ၂၀ သော် မွတ်စလင်တွေထဲမှာ ပါဝင်တဲ့ ဟွေတွေကို ဘာသာရေးဆန်မှု လျော့ကျဖို့အတွက် ပိုမိုလုပ်ဆောင်လာနေပြီး စက်တင်ဘာလက ဟွေလူမျိုးတွ အများစုနေထိုင်တဲ့ နင်ရှာမှာ တရုတ်-အာရပ် ကုန်စည်ပြပွဲတစ်ခု လုပ်ခဲ့မှုက ဒါကို မီးမောင်းထိုးပြခဲ့ပါတယ်။
    ရှေ့ဆောင်အီမာမ်တစ်ပါးဖြစ်ဖို့အတွက် ၁၀ နှစ်ကျော်ကြာ ပညာသင်ကြားခဲ့ရပြီး မိသားစုနာမည် ဇူလို့ခေါ်တဲ့ အသက် ၃၀ နားနီး အမျိုးသားတစ်ဦက လင်ရှာမြို့မှာ နိုင်ငံရေးအခြေအနေဟာ အလွန်အမင်း တင်းကြပ်ပြီး ရိုက်တာသတင်းဌာနနဲ့ စကားပြောဖို့တောင် ဗလီဝတ်ကျောင်းတော်ရဲ့ ၀င်းတံးခါးပေါက်နဲ့ဝေးတဲ့ နေရာမှာသာ ခွင့်ပြုခဲ့ပါတယ်။
    ဇူက ဟွေလူမျိုးတွေကြားထဲမှာ အကြမ်းဖက်ဝါဒ ပြန့်နှံ့မယ်ဆိုတဲ့ အစိုးရရဲ့ စိုးရိမ်မှုတွေဟာ တစ်လွဲဖြစ်နေတယ်လို့ ဆိုပါတယ်။
    “ဒါမျိုးဖြစ်နိုင်ချေဟာ လုံးဝကို မရှိတာဗျ။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့အားလုံးက ဒီလမ်းစဉ်ကို မယုံကြည်လို့ပါ။ ကျွန်တော်တို့ဟာ အစွန်းရောက်တွေမဟုတ်ပါဘူး”
    (Reuters သတင်းဌာနတွင် ဖော်ပြထားသည့် China’s Hui Muslims fearful Chinese New Year education ban a sign of curbs to come ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)