News @ M-Media
Author: Ko Lay
  • မွတ်စလင်များအား အကြမ်းဖက်တိုက်ခိုက်သူကို ဗြိတိန်က ထောင်တစ်သက်ချ
    မွတ်စလင်များအား အကြမ်းဖက်တိုက်ခိုက်သူကို ဗြိတိန်က ထောင်တစ်သက်ချ
    ဖေဖော်ဝါရီ ၃၊ ၂၀၁၈
    M-Media
    – ပြီးခဲ့တဲ့နှစ် ဇွန်လက လန်ဒန်မြို့ ဗလီဝတ်ကျောင်းတော်တစ်လုံးရဲ့ရှေ့မှာ မွတ်စလင်တွေကို အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ ဒါရန် အော့စ်ဘုန်းကို ဗြိတိန်က ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ပါတယ်။
    မနေ့မှာတော့ ဒီစွဲချက်တွေအတွက် ထောင်ဒဏ်တစ်သက်ကျခံဖို့ အမိန့်ချခဲ့ပါတယ်။
    “ဒါဟာ အကြမ်းဖက်တိုက်ခိုက်မှုပါ။ ခင်ဗျားဟာ လူသတ်မှုကို ရည်ရွယ်ကျူးလွန်ခဲ့တာဖြစ်ပါတယ်” လို့ တရားသူကြီး Cheem-Grubb က အမိန့်မချခင်မှာ ပြောကြားခဲ့ပါတယ်။
    Ref: The Guardian
  • မြန်မာနိုင်ငံတွင် ခရစ်ယာန်များ ဖိနှိပ်ခံရမှုအကြောင်း ကာဒီနယ် ချားလ်စ်မောင်ဘိုက အိန္ဒိယတွင် ထုတ်ပြော
    မြန်မာနိုင်ငံတွင် ခရစ်ယာန်များ ဖိနှိပ်ခံရမှုအကြောင်း ကာဒီနယ် ချားလ်စ်မောင်ဘိုက အိန္ဒိယတွင် ထုတ်ပြော
    ဖေဖော်ဝါရီ ၃၊ ၂၀၁၈
    M-Media
    အိန္ဒိယ ကက်သလစ်ဘုန်တော်ကြီးများညီလာခံတွင် ဆရာတော်ဘို မိန့်ခွန်းပြောနေစဉ်
    – မြန်မာနိုင်ငံမှာ ကက်သလစ် ခရစ်ယာန်တွေဟာ ဖိနှိပ်မှုခံရပေမယ့် ကျရှုံးမသွားတဲ့အပြင် ပိုတောင်အားကောင်းလာတယ်လို့ ကာဒီနယ် ဆရာတော် ချားလ်စ်မောင်ဘိုက ပြောကြားလိုက်ပါတယ်။
    အိန္ဒိယနိုင်ငံမှာ ၂ နှစ်တစ်ကြိမ် ကျင်းပလေ့ရှိတဲ့ ကက်သလစ်ဘုန်းတော်ကြီးများညီလာခံမှာ ဆရာတော်ချားလ်စ်က ဒီလိုပြောကြားလိုက်တာဖြစ်ပြီး စစ်အာဏာရှင် လက်ချက်ကြောင့် အသင်းတော် ချွတ်ခြုံ ကျသွားမှုကိုလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    “သိပ်မကြာခင်ကာလအထိ မြန်မာကက်သလစ်အသင်းတော်ဟာ ဖိနှိပ်ခံအသင်းတော်တစ်ခု ဖြစ်ခဲ့တာပါ။ ၁၉၆၅ ခုနှစ် ဧပြီ ၁ ရက်နေ့မှာ ကျွန်ုပ်တို့ရဲ့ စာသင်ကျောင်းတွေအားလုံး ပြည်သူပိုင်အသိမ်းခံလိုက်ရပါတယ်။ ပိုင်ဆိုင်မှုတွေ လုယက်ခံရပြီး သာသနာပြုအဖွဲ့တွေလည်း မောင်းထုတ်ခံခဲ့ရပါတယ်။ တစ်ရက်အတွင်းမှာပဲ အသင်းတော်ဟာ လက်ရှိကနေ လက်မဲ့ဖြစ်သွားပါတယ်။ ကျွန်ုပ်တို့ ရှင်သန်နိုင်တော့မှာမဟုတ်ဘူးလို့ မကာင်းဆိုးဝါးတွေက ထင်ခဲ့ကြတာပါ”
    လွတ်လပ်ရေးအပြီး တက်လာတဲ့ ရွေးကောက်ခံအစိုးရရော အဲဒီနောက်ပိုင်း စစ်အာဏာရှင်တွေပါ ‘လူမျိုးတစ်မျိုး၊ ဘာသာတစ်ခု၊ ဘာသာစကားတစ်ခု’ ပေါ်လစီကို အားပေးအားမြှောက်ပြုခဲ့တယ်လို့ ကာဒီနယ်က ဆိုပါတယ်။
    “ကျွန်ုပ်တို့တိုင်းပြည်နယ်မှာ လူများစုကိုးကွယ်တဲ့ ဘာသာတရားကသာ အစိုးရရဲ့ ကာကွယ်မှုရပြီး လူနည်းစုတွေကတော့ ပညာရေး၊ အစိုးရအလုပ်အကိုင်တွေမှာ ခွဲခြားဆက်ဆံခံရပါတယ်။ ခရစ်ယာန်တွေဟာသူတို့မြေမှာ သူတို့နေပြီး ဒုတိယတန်းစားနိုင်ငံသားဘ၀ ရောက်နေတယ်လို့ ခံစားနေရပါတယ်”
    ဒါပေမယ့် ကက်သလစ်ခရစ်ယာန်တွေဟာ ဒီအခြေအနေကို ခုခံတွန်းလှန်ကာ ရှင်သန်အောင် ကြိုးစားခဲ့ပြီး လက်ရှိမှာတော့ ပိုလို့တောင် ‘ထွန်းကားတိုးတက်လာကြောင်း’၊ ဒီလို ရှင်သန်လာမှုမှာ နိုင်ငံတကာက ကက်သလစ်အသင်းတော်တွေရဲ့ အဆက်အသွယ်တွေ၊ စွမ်းဆောင်ရည်မြှင့်တင်ပေးမှုတွေက အရေးပါေ
    ကြာင်း ဆရာတော်ဘိုက ပြောပါတယ်။
    မြန်မာနိုင်ငံအတွင်းက ကက်သလစ်အသင်းတော် အဖွဲ့ခွဲတွေကြား ညီညွတ်အောင်၊ ပြဿနာတွေကို စုပေါင်းပြီး အဖြေရှာနိုင်အောင် ကြိုးစားဆောင်ရွက်နေပြီး လက်ရှိမှာ ခရစ်ယာန်အသင်းတော်တွေဟာ အစွန်းရောက်အုပ်စုတွေအပါအ၀င် ပြဿနာအများအပြားကို ရင်ဆိုင်နေရတယ်လို့လည်း ထည့်သွင်းပြော
    ကြားခဲ့ပါတယ်။
    “ဘုန်းကြီးတွေကိုယ်တိုင် အမုန်းစကားပြောတာတွေ၊ အကြမ်းဖက်မှုမှာ ပါဝင်တာတွေ ရှိပါတယ်။ ရိုဟင်ဂျာပြဿနာအကြောင်းကို ခင်ဗျားတို့ ကြားရမယ်။ အစွန်းရောက်အုပ်စုတွေဟာ လူ့အဖွဲ့အစည်တွေကြားမှာ သပ်လျှိုနေပြီး လူနည်းစုတွေအပေါ် မတော်မတရား ဥပဒေတွေ ပြဌာန်းလာအောင် အစိုးရကို တွန်းအားပေးနေပါတယ်”
    ဒါပေမယ့် ဗုဒ္ဓဘာသာဘုန်းကြီးတွေထဲမှာ အစွန်းရောက်တဲ့ဘုန်းကြီးတွေက လူနည်းစုပဲလို့လည်း ဆရာတော် ချားလ်စ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    မြန်မာနိုင်ငံက ကက်သလစ်အသင်းတော်ဟာ အလယ်အလတ်ကျတဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ သံတမန်တွေ၊ နိုင်ငံတကာအသိုင်းအ၀ိုင်းတွေနဲ့ ဆက်ဆံရေးကောင်းတစ်ခုကို ဖော်ဆောင်ကာ ဒီကိစ္စတွေကို တုန့်ပြန်နေကြောင်း၊ ဒေသတွင်း အကြီးမားဆုံး ‘အကြမ်းဖက်ဝါဒ’ ဟာ ဆင်းရဲမွဲနေမှုဖြစ်ပြီး မိမိတို့အသင်းတော်က တိုက်ဖျက်ဖို့ လိုအပ်တဲ့အရာဖြစ်ကြောင်း၊ နှစ်ပေါင်း ၃၀ ကြာမြင့်ခဲ့တဲ့ ခရိုနီစီးပွားရေးဟာ မြန်မာနိုင်ငံက သယံဇာတတွေကို လုယူ သိမ်းပိုက်သွားတာကြောင့် ပြည်သူတွေဟာ ဆင်းရဲတွင်းကနေ ရုန်းမထွက်နိုင် ဖြစ်နေကြောင်း ကာဒီနယ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
    မြန်မာနိုင်ငံကို ကက်သလစ်ခရစ်ယာန်ဘာသာ ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ အိန္ဒိယက ကက်သလစ်အသင်းတော်တွေကို ကျေးဇူးတင်တယ်လို့လည်း ဆရာတော်ဘိုက ထည့်သွင်းပြောကြားခဲ့ပါတယ်။
    Ref: Cruxnow
  • ကမ္ဘာ့အမြန်ဆုံး အရေးပေါ်ဆိုင်ကယ်ကို ဒူဘိုင်းထုတ်ပြ
    ကမ္ဘာ့အမြန်ဆုံး အရေးပေါ်ဆိုင်ကယ်ကို ဒူဘိုင်းထုတ်ပြ
    ဖေဖော်ဝါရီ ၂၊ ၂၀၁၈
    M-Media
    – ပြိုင်ကားတစ်စီးလောက်အရှိန်နဲ့ မောင်းနိုင်တဲ့ ဆိုင်ကယ်လူနာတင်ယာဉ်တစ်စီးကို ဒူဘိုင်း အရေးပေါ်ဌာန DCAS က ထုတ်ပြန်လိုက်ပါတယ်။
    မနေ့ကပြီးဆုံးခဲ့တဲ့ အာရပ်ဒေသ ကျန်းမာရေးဆိုင်ရာပြပွဲမှာ ထုတ်ပြလိုက်တာဖြစ်ပြီး ဒီ Polaris ဆိုင်ကယ်ဟာ အမြင့်ဆုံး တစ်နာရီကို ကီလိုမီတာ ၂၀၀ ကျော်လောက် မောင်းနိုင်မှာဖြစ်ပါတယ်။
    ဒီဆိုင်ကယ်အပါအ၀င် ဒူဘိုင်း အရေးပေါ်ဌာနမှာ တန်ဖိုးကြီး မြန်နှုန်းဖြင့် လူနာတင်ယာဉ်ဟာ ၁၀ စီးအထိ ရှိလာပြီး ကား ၆ စီးနဲ့ ဆိုင်ကယ် ၄ စီး ဖြစ်ပါတယ်။
    DCAS ရဲ့ အမှုဆောင်ဒါရိုက်တာ ခါလီဖာ ဘင် ဒရေးက အရေးပေါ်လူနာတွေဆီကို အလျင်အမြန်ရောက်နိုင်ဖို့အတွက် ဒီလို မြန်နှုန်းမြင့် အားကစားဆိုင်ကယ်တွေကို ပြင်ဆင်ပြီး လူနာတင်ယာဉ်အဖြစ် အသုံးပြုတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    ပြပွဲမှာ ပြသခဲ့တဲ့ ဒီဆိုင်ကယ်ဟာ နောက်ဆုံးပေါ်ကိရိယာတွေ၊ ဉာဏ်ရည်တုစနစ်တွေလည်း ပါဝင်တယ်လို့လည်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    ဆိုင်ကယ်မှာ အရေးပေါ်လူနာတွေအတွက် သက်ကယ်ပစ္စည်း အပြည့်အစုံပါဝင်ပြီး ဒူဘိုင်းရဲ့ အထင်ကရနေရာတွေမှာ ဒီဆိုင်ကယ်တွေကို ထားရှိသွားမှာဖြစ်ပါတယ်။
    ဘင် ဒရေးကတော့ ဆိုင်ကယ်ဟာ လူနာတွေဆီကို ၄ မိနစ်ကနေ ၈ မိနစ်အတွင်း ရောက်ရှိမှာဖြစ်ပြီး ကမ္ဘာ့ လူနာတင်ယာဉ် အမြန်ဆုံးမြို့တွေကို ကျော်ဖြတ်သွားမှားဖြစ်တယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။
    Ref : Alarabiya
  • လန်ဒန်ဗလီအား တိုက်ခိုက်ခဲ့သူကို လူသတ်မှုဖြင့် အပြစ်ရှိကြောင်း ဗြိတိန်တရားရုံး ဆုံးဖြတ်
    လန်ဒန်ဗလီအား တိုက်ခိုက်ခဲ့သူကို လူသတ်မှုဖြင့် အပြစ်ရှိကြောင်း ဗြိတိန်တရားရုံး ဆုံးဖြတ်
    ဖေဖော်ဝါရီ ၂၊ ၂၀၁၈
    M-Media
    – လန်ဒန်က ဗလီဝတ်ကျောင်းတော်တစ်လုံးရဲ့ရှေ့မှာ မွတ်စလင်တွေကို ကားနဲ့ဝင်တိုက်ခဲ့သူကို ဗြိတိန်တရားရုံးက ယမန်နေ့မှာ လူသတ်မှုအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး ဒီကနေ့မှာ အမိန့်ချမယ်လို့ သိရပါတယ်။
    အသက် ၄၈ နှစ်အရွယ် ဒါရင် အော့စ်ဘုန်းဟာ ၂၀၁၇ ခုနှစ် ဇွန်လက ဒီတိုက်ခိုက်မှုကို ပြုလုပ်ခဲ့တာဖြစ်ပြီး လူတစ်ဦးသေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
    အော့စ်ဘုန်းက သူ့အနေနဲ့ ဒီတိုက်ခိုက်မှုအတွက် တာဝန်မရှိဘူးလို့ လျှောက်လဲခဲ့ပေမယ့် အတိုက်အခံလေဘာပါတီခေါင်းဆာင် ဂျယ်ရီမီ ကော်ရ်ဘန်နဲ့ လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်းတို့ကို သတ်ဖြတ်ချင်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။
    ၈ ရက်ကြာ ကြားနာမှုအပြီးမှာ ၀ူးလ်ဝစ်ခ်ျခရောင်းတရားရုံးက အော့စ်ဘုန်းကို လူသတ်မှု၊ လူသတ်ရန်ကြိုးပမ်းမှုတွေနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ အမိန့်ချမှတ်မှုကိုတော့ ဒီကနေ့မှာ ပြုလုပ်မှာပါ။
    သက်သေအထောက်အထားတွေအရ အော့စ်ဘုန်းဟာ အစွန်းရောက်နေခဲ့တယ်ဆိုတာကို ပြသနေတယ်လို့လည်း တရားရုံးက ပြောကြားခဲ့ပါတယ်။
    အော့စ်ဘုန်းဟာ ဗြိတိန်က လက်ယာစွန်းရောက်အဖွဲ့ Britain First ဒုတိယခေါင်းဆောင် ဂျေဒါ ဖရန်ဆန်ရဲ့ တိုက်ရိုက်ညွှန်ကြားချက်တွေ Twitter ကနေတစ်ဆင့် ရရှိခဲ့တယ်လို့လည်း စုံစမ်းစစ်ဆေးမှုတွေမှာ တွေ့ခဲ့ရပါတယ်။
    Ref: NY Times
  • ရခိုင်ပြည်နယ် ဂူဒါပြင်အပြုံလိုက်သတ်ဖြတ်မှု သတင်းအတွက် စောင့်ကြည့်နေသည်ဟု အမေရိကန်ပြော
    ရခိုင်ပြည်နယ် ဂူဒါပြင်အပြုံလိုက်သတ်ဖြတ်မှု သတင်းအတွက် စောင့်ကြည့်နေသည်ဟု အမေရိကန်ပြော
    ဖေဖော်ဝါရီ ၂၊ ၂၀၁၈
    M-Media
    ဂူဒါပြင်ကျေးရွာအား ဂြိုဟ်တုမှ မြင်ရပုံ
    – ရခိုင်ပြည်နယ်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားတဲ့နေရာတွေ ထပ်တွေ့တယ်ဆိုတဲ့ သတင်းတွေကြောင့် မိမိတို့အနေနဲ့ ‘အလွန့်အလွန် စိုးရိမ်ရတယ်’ လို့ အမေရိကန်အစိုးရက ပြောကြားလိုက်ပါတယ်။
    ပြည်နယ်မြောက်ပိုင်း ဂူဒါပြင်ကျေးရွာမှာ အရင်က သတင်းမထွက်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားရာနေရာ အနည်းဆုံး ၅ ခုလောက် တွေ့တယ်လို့ အေပီသတင်းဌာနက အခုတစ်ပတ်မှာ ဖော်ပြခဲ့တာပါ။
    “သတ်ဖြတ်မြှုပ်နှံထားတဲ့နေရာတွေ တွေ့တယ်ဆိုတဲ့ သတင်းတွေကြောင့် ကျွန်မတို့အနေနဲ့ အလွန့်အလွန်ကို စိုးရိမ်သောက ဖြစ်ရပါတယ်။ ဒီကိစ္စကို ကျွန်မတို့ အထူးဂရုစိုက် စောင့်ကြည့်နေပါတယ်။ လူ့အခွင့်အရေး ချိုဖောက်မှုတွေ၊ ကျူးလွန်မှုတွေအတွက် တာဝန်ရှိသူတွေကို အရေးယူနိုင်ရေး အာရုံစိုက် ကူညီပေးသွားမှာပါ” လို့ အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဟီသာ နူအာ့တ်က မနေ့က ပုံမှန်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
    ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရက်စက်ကြမ်းကြုတ်မှုတွေ ရှိတယ်ဆိုတဲ့သတင်းနဲ့ ပတ်သက်လို့ လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဆောင်ရေး မြန်မာအာဏာပိုင်တွေက ပူးပေါင်း ဆောင်ရွက်ဖို့လည်း နူအာ့တ်က တိုက်တွန်းခဲ့ပါတယ်။
    ကုလ ပြောရေးဆိုခွင့်ရှိသူ စတီဖိန်း ဒူဂျာရစ်က ဒီသတင်းတွေဟာ ‘အလွန်အမင်း စိုးရိမ်စရာကောင်းတယ်” လို့ ပြောကြားခဲ့ပြီး သတ်ဖြတ်မှုတွေဖြစ်ခဲ့တဲ့ နေရာတွေကို ၀င်ရောက်ခွင့်ပေးဖို့ မြန်မာအစိုရကို တိုက်တွန်းခဲ့ပါတယ်။
    နောက်ပြီး ဒီလို အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားတဲ့နေရာတွေ ရှိတယ်ဆိုတဲ့ သတင်းတွေအတွက် အလွန်အမင်း စိုးရိမ်မိကြောင်း၊ ဒါဟာ ကုလက ရခိုင်ပြည်နယ်ကို ၀င်ရောက်ဖို့ လိုအပ်တယ်ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    ပြီးခဲ့တဲ့နှစ် သြဂုတ်လက ရိုဟင်ဂျာလက်နက်ကိုင်တွေ ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း စစ်တပ်ကပြုလုပ်တဲ့ နယ်မြေရှင်းလင်းရေးလုပ်ငန်းမှာ အပြစ်မဲ့ ရိုဟင်ဂျာတွေ အသတ်ခံရတာ၊ အမျိုးသမီးတွေ အဓမ္မကျင့်ခံရတာတွေ ရှိတယ်လို့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့တာပါ။
    မြန်မာအစိုးရကတော့ ဂူဒါပြင်လို အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားတဲ့နေရာတွေ မရှိဘူးလို့ အရင်က ငြင်းထားပါတယ်။
    ဒါပေမယ့် အင်းဒင်ရွာမှာ ရိုဟင်ဂျာ ၁၀ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားတဲ့ နေရာတစ်ခုတွေ့ရှိကြောင်း သတင်းထွက်ပေါ်ခဲ့ပြီးတဲ့နောက် စစ်တပ်က ဒီသတ်ဖြတ်မှုမှာ စစ်သားတွေ ပါဝင်တယ်လို့ ၀န်ခံခဲ့ပါတယ်။ သေဆုံးသွားသူတွေဟာ အကြမ်းဖက်သမားတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။
    ဂူဒါပြင်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားတဲ့ အနည်းဆုံး နေရာ ၅ ခုမှာ လူ ၄၀၀ လောက်ရှိမယ်လို့ AP သတင်းဌာနက အသက်ရှင်သူတွေရဲ့ ပြောစကားတွေ၊ ဗီဒီယိုမှတ်တမ်းတွေကို ကိုးကားပြီးဖော်ပြခဲ့တာ ဖြစ်ပါတယ်။
    Ref: The Guardian