News @ M-Media
Author: Ko Lay
  • UNRWA ဖျက်သိမ်းရန် အစ္စရေးဝန်ကြီးချုပ်၏ ပြောကြားမှုကို ကုလ ရှုတ်ချ
    UNRWA ဖျက်သိမ်းရန် အစ္စရေးဝန်ကြီးချုပ်၏ ပြောကြားမှုကို ကုလ ရှုတ်ချ
    ဇန်န၀ါရီ ၈၊ ၂၀၁၇
    M-Media
    – ပါလက်စတိုင်းပြည်သူများအတွက် အကူအညီပေးရေး လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ကုလအေဂျင်စီတစ်ခုဖြစ်သော UNRWA က ကတိပြု ပြောကြားလိုက်ပြီး အစ္စရေးဝန်ကြီးချုပ်၏ ဖျက်သိမ်းရန်ဆော်သြမှုကို တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။
    “ပါလက်စတိုင်းဒုက္ခသည်တွေအတွက် မျှတတဲ့ အဖြေတစ်ခု ပေါ်ထွက်လာတဲ့အချိန်အထိ အကူအညီတွေ ဆက်ပေးသွားဖို့ UNRWA ကို ကုလ အထွေထွေညီလာခံက တာဝန်ပေးထားတာ ဖြစ်ပါတယ်” ဟု UNRWA မှ တာဝန်ရှိသူ ဆာမီ မူရှာရှာက ယမန်နေ့တွင် ပြောကြားခဲ့သည်။
    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက UNRWA မှာ ဒုက္ခသည်ဟန်ဆောင်ထားသူများကို ကူညီနေသည်ဟု ယမန်နေ့တွင် စွပ်စွဲကာ ထိုအဖွဲ့ကို ဖျက်သိမ်းရန် ပြောကြားခဲ့သည်။
    ပါလက်စတိုင်းပိုင်နက်များကို အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုကြောင့် ဇာတိကို စွန့်ခွာထွက်ပြေးခဲ့ရသည့် ပါလက်စတိုင်း ဒုက္ခသည်များ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုရေးဝန်ဆောင်မှုများ၊ အလုပ်အကိုင်များ ရရှိရေးအတွက် UNRWA က အဓိက ကူညီပေးနေသည်။
    သမိုင်းဝင် ပါလက်စတိုင်းဒေသမှ သိန်းနှင့်ချီသော ပါလက်စတိုင်း ပြည်သူများမှာ ၁၉၄၈ ခုနှစ် အာရပ်-အစ္စရေး စစ်ပွဲတွင် ဇိုင်ယွန်ပြည်သူ့စစ်များ၊ ၁၉၆၇ ခုနှစ်စစ်ပွဲတွင် အစ္စရေးစစ်တပ်တို့၏ မောင်းထုတ်မှုကြောင့် ဇာတိမြေကို စွန့်ခွာထွက်ပြေးခဲ့ရသည်။
    အဆိုပါ ဒုက္ခသည်များနှင့် ၎င်းတို့မှ ဆင်းသက်သူများ၏ စုစုပေါင်းအရေအတွက်မှာ လက်ရှိတွင် ၅ သန်းကျော် ရှိနေသည်။
    Ref: Aljazeera
  • ဘတ္ထရီသက်တမ်းပိုခံစေမည့် နည်းလမ်းကို စင်ကာပူတက္ကသိုလ်မှ သိပ္ပံပညာရှင် ဖော်ထုတ်
    ဘတ္ထရီသက်တမ်းပိုခံစေမည့် နည်းလမ်းကို စင်ကာပူတက္ကသိုလ်မှ သိပ္ပံပညာရှင် ဖော်ထုတ်
    ဇန်န၀ါရီ ၈၊ ၂၀၁၈
    M-Media
    ပရော်ဖက်ဆာ ရာချစ် ယာဇာမီ
    – အီလက်ထရောနစ် ပစ္စည်းတွေမှာ အသုံးပြုနေတဲ့ ဘတ္ထရီအဟောင်းတွေကို အားပိုခံစေမယ့် နည်းပညာတစ်ခုကို စင်ကာပူ Nanyang Technological University (NTU) တက္ကသိုလ်က သုတေသနပညာရှင်တစ်ယောက်က ရှာဖွေဖော်ထုတ်လိုက်ပါတယ်။
    ပရော်ဖက်ဆာ ရာချစ် ယာဇာမီဆိုသူဖြစ်ပြီး သူ့ရဲ့ နည်းလမ်းသစ်ဟာ စမတ်ဖုန်းတွေကနေ လက်ပ်တော့တွေအထိ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေတဲ့ လစ်သီယံဘတ္ထရီတွေအတွက် တော်လှန်မှုတစ်ခုဖြစ်မယ်လို့ ဆိုပါတယ်။
    အသက် ၆၄ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ယာဇာမီက ဒီနည်းလမ်းသစ်ကို လျှပ်စစ်ကားတွေမှာ အသုံးပြုချင်နေတာပါ။
    “စမတ်ဖုန်းတွေလို လူတွေက ကားတွေကို ခဏခဏ လဲမစီးပါဘူး။ ဖုန်းတစ်လုံးကို ၂ နှစ်လောက်နေရင် လဲကြပေမယ့် ကားကိုတော့ ၁၀ နှစ်ကျော်လောက်အထိ စီးကြပါတယ်” လို့ The Straits Times သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
    ကမ္ဘာကျော် အီလက်ထရောနစ်ကုမ္ပဏီတွေဖြစ်တဲ့ Apple၊ Panasonic၊ Samsung စတာတွေဟာ ဘတ္ထရီသက်တမ်း ကြာရှည်ခံစေမယ့် နည်းလမ်းတွေကို ရှာဖွေနေကြတာပါ။
    ယာဇာမီကတော့ သူ့ရဲ့ တီထွင်ဆန်းသစ်မှုကို ပြီးခဲ့တဲ့မတ်လ အမေရိကန်မှာ ပြုလုပ်ခဲ့တဲ့ ‘ဘတ္ထရီဆိုင်ရာနိုင်ငံတကာ နှီးနှောဖလှယ်ပွဲ’ မှာ မိတ်ဆက်ခဲ့ပါတယ်။ သူ့ရဲ့ နည်းလမ်းဟာ သဘာဝပတ်ဝန်းကျင်နဲ့ သင့်လျော်ပြီး ဘတ္ထရီ ထုတ်လုပ်တာတွေ၊ စွန့်ပစ်တာတွေ လျော့ကျသွားမယ်လို့ ဆိုပါတယ်။
    ယာဇာမီဟာ ဘတ္ထရီမှာ တတိယမြောက် electrode တစ်ခု ထည့်သွင်းကာ ဒီ electrode က ဘတ္ထရီအားကျဆင်းစေတဲ့ လစ်သီယံအိုင်းယွန်း အကြွင်းအကျန်ကို စစ်ချပေးတာ ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ဘတ္ထရီရဲ့ မူလသက်တမ်းကို ၉၅ ရာခိုင်နှုန်းအထိ ပြန်လည်ရရှိစေပါတယ်။
    ခြေထောက် ၃ ချောင်းနဲ့ ကြက်လိုမျိုး ဖြစ်နေတဲ့အတွက် ဒီနည်းလမ်းကို ဘယ်သူမှ မစဉ်းစားမိခဲ့ကြောင်း သူက ဖွင့်ဟခဲ့ပါတယ်။
    ဒီလို electrode ၃ ခု ပါဝင်တဲ့ ဖုန်းဘတ္ထရီ နမူနာကို ဇွန်လက ထုတ်လုပ်ခဲ့ပြီး ယာဇာမီကတော့ သူ့ရဲ့ ဒီနည်းလမ်းဟာ iPhone အသုံးပြုသူတွေရဲ့ ဘတ္ထရီပြဿနာအတွက် အဖြေဖြစ်မယ်လို့ ယုံကြည်နေပါတယ်။
    Ref: Strates Times
  • တိုင်းပြည်မှပျောက်သွားသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း၏ ဓာတ်ပုံ ထွက်ပေါ်လာ
    တိုင်းပြည်မှပျောက်သွားသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း၏ ဓာတ်ပုံ ထွက်ပေါ်လာ
    ဇန်န၀ါရီ ၇၊ ၂၀၁၇
    M-Media
    – သြဂုတ်လနှောင်းပိုင်းကတည်းက ထိုင်းနိုင်ငံကနေ ပျောက်သွားခဲ့တဲ့ ၀န်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝပ်ထရာ လန်ဒန်မှာ ရိုက်ထားတဲ့ ဓာတ်ပုံတစ်ခု ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပေါ်ထွက်လာခဲ့ပါတယ်။
    အမျိုးသမီးတစ်ယောက်နဲ့ တွဲရိုက်ထားတာဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ ထိုင်းအာဏာပိုင်တွေက ဗြိတိန်အစိုးရနဲ့ ဆက်သွယ်ဆောင်ရွက်နေပါတယ်။
    ထိုင်းရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ ဗိုလ်ချုပ် Srivara Rangsibrahmanakul က ယင်လပ်အနေနဲ့ လန်ဒန်မှာ ရှိနေလားဆိုတာကို အတည်ပြုနိုင်ရေး အင်တာပိုလ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အချက်အလက်တွေ စုဆောင်းနေတယ်လို့ ပြောကြားခဲ့ပါတယ်။
    “နောက်ဆုံးပေါ်ထွက်လာတဲ့ ဓာတ်ပုံမှာ ယင်လပ်နဲ့ တွဲရိုက်ထားတဲ့ အမျိုးသမီးကို ရဲတပ်ဖွဲ့က ဆက်သွယ်သွားမှာပါ” လို့က သူက ဆိုပါတယ်။
    အမည်မသိ အမျိုးသမီးတစ်ဦးဟာ ယင်လပ်နဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံကို သူ့ရဲ့ Facebook နဲ့ Twitter အကောင့်တွေမှာ တင်ခဲ့ပြီး လန်ဒန်က Harrods ဈေးဝယ်စင်တာရှေ့မှာ ရိုက်ထားတာဖြစ်တယ်လို့လည်း ရေးသားခဲ့ပါတယ်။
    ထိုင်း တရားရုံးချုပ်က စင်တက်ဘာလမှာ ယင်းလပ်ကို ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပါတယ်။
    ယင်လပ်ပျောက်ဆုံးသွားကတည်းက သူ ဘယ်မှာရှိနေလဲဆိုတာကို အတိတကျ မသိရှိရသေးဘဲ သူ့ရဲ့ အစ်ကိုဖြစ်တဲ့ သက်ဆင် ရှင်နာဝပ်ထရာ အိမ်တွေပိုင်ဆိုင်ထားတဲ့ ဒူဘိုင်းနဲ့ လန်ဒန်တို့မှာ ရှိနေပြီး နိုင်ငံရေးခိုလှုံခွင့်တောင်းဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။
    ယင်လပ်ရဲ့ ဖြူထိုင်းပါတီကလည်း သူတို့ရဲ့ခေါင်းဆောင် တိုင်းပြည်နေ ပျောက်သွားတာနဲ့ ပတ်သက်ပြီး တရားဝင် ကြေငြာချက် မထုတ်သေးပါဘူး။
    Ref: The Star
  • မလေးရှားရွးကောက်ပွဲအတွက် အတိုက်အခံဘက်မှ ၀န်ကြီးချုပ်လောင်းအဖြစ် မဟာသီ သတ်မှတ်ခံရ
    မလေးရှားရွးကောက်ပွဲအတွက် အတိုက်အခံဘက်မှ ၀န်ကြီးချုပ်လောင်းအဖြစ် မဟာသီ သတ်မှတ်ခံရ
    ဇန်န၀ါရီ ၇၊ ၂၀၁၈
    M-Media
    – မလေးရှားရှိ အတိုက်အခံ နိုင်ငံရေးအင်အားစု မဟာမိတ်အဖွဲ့က ၀န်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ကို လာမည့်ရွေးကောက်ပွဲအတွက် ၎င်းတို့၏ ယာယီ ၀န်ကြီးချုပ်လောင်းအဖြစ် ကြေငြာလိုက်သည်။
    ယနေ့တွင် ကျင်းပခဲ့သည့် မဟာမိတ်အဖွဲ့၏ ညီလာခံတွင် ထိုကဲ့သို့ ကြေငြာလိုက်ခြင်းဖြစ်ပြီး ဒုတိယ၀န်ကြီးချုပ်လောင်းအဖြစ် အတိုက်အခံခေါင်းဆောင် အန်ဝါရ် အီဗရာဟင်၏ ဇနီးဖြစ်သူ ၀မ် အဇီဇာဟ် ၀မ် အစ္စမာအီလ်ကို လျာထားခဲ့သည်။
    အတိုက်အခံအဖွဲ့က ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပါက အသက် ၉၂ နှစ်အရွယ် မဟာသီမှာ အတိုက်အခံခေါင်းဆောင် အန်ဝါရ်အီဗရာဟင် ထောင်ဒဏ်မှ လွတ်မြောက်လာသည်အထိ ၀န်ကြီးချုပ်အဖြစ် ဆောင်ရွက်ရမည်ဖြစ်သည်။
    အီဗရာဟင်မှာ ဇွန်လတွင် ထောင်မှလွတ်လာမည်ဖြစ်သော်လည်း ၅ နှစ် နိုင်ငံရေးမလုပ်ရဆိုသည့် တားမြစ်ချက် ရှိနေသည်။ အတိုက်အခံများက ၎င်းတို့ အာဏာရလျှင် ဘုရင်ကြီး၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အဆိုပါ တားမြစ်ချက်ကို ဖျက်သိမ်းရန် မျှော်လင့်ထားသည်။
    မဟာသီမှာ မလေးရှားဝန်ကြီးချုပ်အဖြစ် ၂၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ပြည်သူလူထု၏ လေးစားချစ်ခင်ခြင်းကို ခံခဲ့ရသည်။
    မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်မှာ ငွေကြေးအရှုပ်အရှင်းကိစ္စများကြောင့် ပြီးခဲ့သည့် နှစ်အနည်းငယ်တွင်း နာမည်ပျက်လာခဲ့ပြီး အတိုက်အခံများက မဟာမိတ်ဖွဲ့ကာ ၎င်းအား ဖြုတ်ချရန် ကြိုးစားလာခဲ့သည်။
    မလေးရှား အထွေထွေရွေးကောက်ပွဲကို ယခုနှစ်အတွင်း ကျင်းပပြုလုပ်ရန် ရှိနေသည်။
    Ref: CNA
  • အိမ်ယာမဲ့များအား အကူအညီပေးရေးအစီအစဉ် ကနေဒါမွတ်စလင်အဖွဲ့ စတင်
    အိမ်ယာမဲ့များအား အကူအညီပေးရေးအစီအစဉ် ကနေဒါမွတ်စလင်အဖွဲ့ စတင်
    ဇန်န၀ါရီ ၇၊ ၂၀၁၈
    M-Media
    အိုတာဝါမြို့မှ ဗလီဝတ်ကျောင်းတော်
    – အေးချမ်းလွန်းတဲ့ ဆောင်းရာသီမှာ နိုင်ငံတစ်ဝှမ်းက အိမ်ယာမဲ့သူတွေကို လိုအပ်တဲ့ အကူအညီပေးရေး အစီအစဉ်တစ်ခုကို ကနေဒါ မွတ်စလင်ပရဟိတအဖွဲ့ Islamic Relief Canada က စတင်လိုက်ပါတယ်။
    ရေခဲအမှတ်အောက်အထိရောင်အောင် အေးခဲလာတဲ့ ရာသီဥတုကြောင့် လမ်းပေါ်နဲ့ အကူအညီပေးရေး စင်တာတွေမှာ နေထိုင်ရသူတွေမှာ အခက်အခဲတွေ ရှိလာခဲ့ပြီး သူတို့အတွက် ဆောင်းရာသီ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့အတွက် မြို့ကြီး ၅ မြို့က ဒေသခံ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
    အကူအညီပေးမယ့် ပစ္စည်းတွေမှာ အအေးဒဏ်ခံနိုင်မယ့် ဂျာကင်တွေ၊ ဖိနပ်တွေ၊ အတွင်းခံအ၀တ်အစားတွေ၊ ခြေအိတ်၊ လက်အိတ်တွေ၊ အမျိုးသမီးသုံးပစ္စည်းတွေ၊ အစားအသောက်တွေလည်း ပါဝင်မှာဖြစ်ပြီး စေတနာ့ဝန်ထမ်းတွေက အိမ်ယာမဲ့တွေကို လိုက်လံဝေငှပေးသွားမှာပါ။
    ဒီအစီအစဉ်မှာ စိတ်ပါဝင်စားသူတွေ လှူဒါန်းဖို့အတွက် Islamic Relief Canada အဖွဲ့ရဲ့ ၀ဘ်ဆိုက်မှာ စီစဉ်ပေးထားပါတယ်။
    “အရိုးကွဲအောင်အေးတဲ့ဒဏ်ကာ လမ်းပေါ်မှာ နေထိုင်သူတွေအတွက် စိုးရိမ်စရာ အနေအထားပါ။ ကျွန်မတို့ လှူဒါန်းမယ့်အရာတွေဟာ သူတို့တွေရဲ့ ခံစားရမှုကို လျှော့ကျစေမှာ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ အိမ်နီးချင်းတွေကို တတ်နိုင်သလောက် ကူညီပေးတာဟာ ကျွန်တော်တို့ရဲ့ တာဝန်ပါပဲ” လို့ အဖွဲ့ရဲ့ ပြည်သူ့ဆက်ဆံရေးအကြီးအကဲ ရိုင်ဟာနာ ပတေးလ်က ပြောကြားခဲ့ပါတယ်။
    Islamic Relief Canada ရဲ့ ဒီအစီအစဉ်အတွက် ကူဘတ်၊ တိုရွန်တို၊ မွန်ထရီယဲလ်တို့အပါအ၀င် နိုင်ငံတစ်ဝှမ်းက ဗလီဝတ်ကျောင်းတော်တွေက ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်။
    Ref: News Wire