News @ M-Media

Author: Ko Lay

  • အမေရိကန်၏ ဂျေရုစလင် ရပ်တည်ချက်အတွက် ဟားမက်စ်ခေါင်းဆောင် သတိပေး

    အမေရိကန်၏ ဂျေရုစလင် ရပ်တည်ချက်အတွက် ဟားမက်စ်ခေါင်းဆောင် သတိပေး

    ဒီဇင်ဘာ ၂၇၊ ၂၀၁၇
    M-Media

    ဟားမက်စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယာ

    – အရှေ့ဂျေရုစလင်အစား ဆင်ခြေဖုံးရှိ အဘူဒစ်မြို့အား ပါလက်စတိုင်းမြို့တော်အဖြစ် သတ်မှတ်ရန် အမေရိကန်က ကမ်းလှမ်းခဲ့ဖူးပြီး ၎င်းတို့ရပ်တည်ချက်အား သတိထားရန် ဟားမက်စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယာက ပြောကြားလိုက်သည်။

    ယမန်နေ့က ဂါဇာတွင် ပါလက်စတိုင်း မျိုးနွယ်စုခေါင်းဆောင်များ တွေ့ဆုံပွဲ၌ ဟာနီယာက ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် ကြေငြာမှုမှာ ပါလက်စတိုင်းတို့၏ ရည်မှန်းချက်ကို ဖျက်ဆီးပစ်ရန် ပရိယာယ်ဆင်ခြင်းဖြစ်သည်ဟု ဆိုသည်။

    “ဂျေရုစလင်ကိုစွန့်ခိုင်းပြီး အဘူဒစ်ဒေသမှာ မြို့တော် ဒါမှမဟုတ် နေရာတစ်ခုပေး – အလ်-အက်ဆာဗလီမှာ လွတ်လပ်စွာ ၀တ်ပြုခွင့်ပေးမယ်ဆိုတဲ့ အချက်နဲ့ အယောင်ပြကာ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကို တစ်နည်းမဟုတ်၊ တစ်နည်းနဲ့ ကမ်းလှမ်းမှုတွေ လုပ်ခဲ့တယ်။ ဆက်လည်း လုပ်နေမှာပါ”

    လက်ရှိတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သားမက်နှင့် အိမ်ဖြူတော်အကြံပေးဖြစ်သူ ဂျရတ် ကက်ရှ်နာက ဦးဆောင်ကာ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ရေးအတွက် ဖြစ်နိုင်ချေများကို ရှာဖွေနေသည်။

    ဟာနီယာက ဒေသတွင်းအဖွဲ့များမှာ အနောက်ဖက်ကမ်းကို ၃ ပိုင်းခွဲရန်နှင့် ဂါဇာကမ်းမြှောင်တွင် ကိုယ်တိုယ် ကိုင်တွယ်ထိန်းချုပ်နိုင်မည့် နိုင်ငံရေးအသိုင်းအ၀ိုင်းတစ်ခု ဖန်တီးရန် ဆောင်ရွက်နေကြောင်း၊ ဂျေရုစလင်ကိစ္စ အမေရိကန်၏ ရပ်တည်ချက်ကြောင့် ပါလက်စတိုင်းနှင့် ဂျော်ဒန်တို့အကြား ဆက်ဆံရေးကို အန္တရာယ် ရှိလာစေနိုင်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    ထို့ပြင် ‘ယခုရာစု၏ ဆုံးဖြတ်ချက်’ ဟု အမေရိကန်က ကြေငြာထားသည့် ဂျေရုစလင်ဆုံးဖြတ်ချက်တွင် ပါဝင်သူများကိုလည်း ၎င်းက သတိပေးခဲ့သည်။

    သမ္မတအဘတ်စ်၏ ဖာတာအဖွဲ့နှင့် ဟားမက်စ်တို့အကြား သဘောထားကွဲလွဲမှုနှင့် စပ်လျဉ်း၍ ဟာနီယာက တစ်မျိုးသားလုံးကိစ္စကို နှစ်မြှုပ်ဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်း နိုင်ငံရေးကိစ္စများကို အလျင်အမြန် ဖြေရှင်းရန် လိုအပ်သည်ဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: Aljazeera

  • တူရကီက ကာတာရှိ အခြေစိုက်စခန်းသို့ တပ်ဖွဲ့ဝင် ဒုတိယအသုတ် ထပ်လွှတ်

    တူရကီက ကာတာရှိ အခြေစိုက်စခန်းသို့ တပ်ဖွဲ့ဝင် ဒုတိယအသုတ် ထပ်လွှတ်

    ဒီဇင်ဘာ ၂၇၊ ၂၀၁၇
    M-Media

    – တူရကီမှာ ကာတာရှိ ၎င်းတို့၏ စစ်အခြေစိုက်စခန်းသို့ တပ်ဖွဲ့ဝင်တစ်သုတ်ကို ထပ်မံစေလွှတ်လိုက်ပြီး နှစ်နိုင်ငံအကြား သဘောတူထားသည့် ကာကွယ်ရေးစာချုပ်၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။

    တူရကီတပ်ပေါင်းစုစစ်ဌာနချုပ်မှ စစ်သားများအပါအ၀င် အဆိုပါအဖွဲ့မှာ ယမန်နေ့က မြို့တော်ဒိုဟာရှိ အလ် အူဘိုက် လေတပ်စခန်းသို့ ရောက်ရှိခဲ့ပြီး မြို့တောင်ပိုင်းရှိ တာရစ် ဘင် ဇီယဒ် အခြေစိုက်စခန်းမှ ရှိပြီးသား တပ်ဖွဲ့များနှင့် ပူးပေါင်းမည်ဖြစ်သည်။

    ၂၀၁၅ ခုနှစ်တွင် တူရကီစစ်တပ်က ကာတာသို့ ပထမဆုံးအသုတ်ကို စေလွှတ်ခဲ့သည်။ ယခုရောက်ရှိလာသည့် အဖွဲ့မှာ ကာတာစစ်တပ်နှင့် ပူးပေါင်း၍ ကာကွယ်ရေးစွမ်းရည် တိုးတက်ရန် လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။

    ကာတာရှိ အခြေစိုက်စခန်းမှာ အရှေ့အလယ်ပိုင်းတွင် တူရကီ၏ ပထမဆုံး စခန်းဖြစ်ပြီး ၂၀၁၄ ခုနှစ်က နှစ်နိုင်ငံလက်မှတ်ရေးထိုးပြီးနောက်ပိုင်း ပေါ်ပေါက်လာခြင်းဖြစ်သည်။

    တာရစ် ဘင် ဇီယဒ် အခြေစိုက်စခန်းတွင် စစ်သား ၅၀၀၀ အထိ တပ်စွဲထားနိုင်သည်။

    နှစ်ဖက် သဘောတူညီချက်အရ တူရကီမှာ ကာတာတွင် ၎င်းတို့၏ တပ်ဖွဲ့ဝင် ၃၀၀၀ အထိ တစ်ဖြည်းဖြည်း တိုးချဲ့သွားရန် စီစဉ်ထားသည်။

    Ref: Aljazeera

  • ကိုရီးယားကျွန်းဆွယ် စစ်ဖြစ်လျှင် အမေရိကန် ၂ သိန်းကျော် သေဆုံးမည်ဟု ရုရှားသတိပေး

    ကိုရီးယားကျွန်းဆွယ် စစ်ဖြစ်လျှင် အမေရိကန် ၂ သိန်းကျော် သေဆုံးမည်ဟု ရုရှားသတိပေး

    ဒီဇင်ဘာ ၂၆၊ ၂၀၁၇
    M-Media

    – ကိုရီးယားကျွန်းဆွယ်မှာ အင်အားအပြည့်နဲ့ စစ်ပွဲဖြစ်ရင် တောင်ကိုရီးယားနိုင်ငံမှာ နေထိုင်နေတဲ့ အမေရိကန်နိုင်ငံသား သိန်းချီ သေဆုံးနိုင်တယ်လို့ ရုရှား လုံခြုံရေးကောင်စီ အကြီးအကဲ နီကိုလိုင်း ပက်ထရူရှက်ဗ်က သတိပေးလိုက်ပါတယ်။

    မြောက်ကိုရီးယားက တိုက်လာရင် သူ့နိုင်ငံသား ၂၅၀၀၀၀ လောက် သေမယ်ဆိုတာ အမေရိကန်ကလည်း သိရှိထားပြီး ဒီအရေအတွက်ဟာ စစ်ရေးဗျူဟာအရ လက်မခံနိုင်လောက်တဲ့ သေဆုံးမှုမျိုးဖြစ်တယ်လို့ ပက်ထရူရှက်ဗ်က ပြောပါတယ်။

    မြောက်ကိုရီးယားရဲ့ အမြောက်တွေ၊ ဒုံးကျည်ပစ်စင်တွေကို တောင်ကိုရီးယားက လူ ၁၀ သန်းလောက်နေထိုင်တဲ့ မြို့တော်ဆိုးလ်နဲ့ ကီလိုမီတာ ၅၀ အကွာလောက်မှာ ထားရှိတာဖြစ်တယ်လို့ သူက ထောက်ပြခဲ့ပြီး ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်တက်လာရာမှာ အမေရိကန်ရဲ့ မဆင်ခြင်မှုကြောင့်လည်း ပါတယ်လို့ ဆိုပါတယ်။

    “ဒီကနေ့ အမေရိကန်ဟာ မြောက်ကိုရီးယားခေါင်းဆောင်ပိုင်းနဲ့ ပြည်သူတစ်ရပ်လုံးအပေါ် ရန်လိုတဲ့စကားတွေ ပြောနေပြီး၊၊ တောင်ကိုရီးယားနဲ့အတူ ကြီးမားတဲ့ လေကြောင်း၊ ရေကြောင်း လေ့ကျင်မှုတွလည်း လုပ်နေပါတယ်”

    ပြီးခဲ့တစ်ပတ်မှာ ကုလဟာ မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုအသစ် ထပ်မံပြုလုပ်ခဲ့ပြီး ကင်ဂျုံအန်ကတော့ ဒါဟာ သူ့နိုင်ငံအပေါ်မှာ စစ်ကြေငြာတာပဲလို့ ပြောကြားခဲ့ပါတယ်။

    ပက်ထရူရှက်က ဒီလိုတင်းမာမှုတွေ ပျောက်ဖို့ဆိုရင် နိုင်ငံရေး၊ သံတမန်ရေးအရသာ ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ရုရှားနဲ့ တရုတ်တို့ဟာ မြောက်ကိုရီးယား ဒုံးကျည်နဲ့ နျူကလီးယား စမ်းသပ်မှုတွေ ရပ်တန့်ရေး၊ အမေရိကန်က စစ်ရေးလေ့ကျင့်မှုတွေ မလုပ်ရေးတွေ ပါဝင်တဲ့ လမ်းပြမြေပုံတစ်ခုကို ဖော်ဆောင်ဖို့ ကြိုးစားနေကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    Ref: RT

  • အိန္ဒိယ၏ ပစ်ခတ်မှုကြောင့် စစ်သား ၃ ဦး သေဆုံးဟု ပါကစ္စတန်ပြော

    အိန္ဒိယ၏ ပစ်ခတ်မှုကြောင့် စစ်သား ၃ ဦး သေဆုံးဟု ပါကစ္စတန်ပြော

    ဒီဇင်ဘာ ၂၆၊ ၂၀၁၇
    M-Media

    – ကက်ရှ်မီးယားဒေသတွင် အိန္ဒိယစစ်တပ်က နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုကြောင့် မိမိတို့စစ်သား ၃ ဦး သေဆုံးခဲ့သည်ဟု ပါကစ္စတန်စစ်တပ်က ပြောကြားလိုက်သည်။

    ပါကစ္စတန်က ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားရှိ ရက်ခ်ချီကရီဒေသတွင် ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခြားစစ်သားတစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

    မိမိတို့ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသ၏ ရာဂျူရီဒေသတွင် ပါကစ္စတန်က ပစ်ခတ်မှုကြောင့် စစ်သား ၄ ဦး စနေနေ့က သေဆုံးခဲ့သည်ဟု အိန္ဒိယက ပြောကြားခဲ့ပြီးနောက် ယခုအဖြစ်အပျက် ပေါ်ထွက်လာခြင်းဖြစ်သည်။

    ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကက်ရှ်မီးယားဒေသကြောင့် ပါကစ္စတန်နှင့် အိန္ဒိယတို့မှာ စစ်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ဖူးပြီး ၂၀၀၃ ခုနှစ်က အပစ်ရပ်ရေးစာချုပ် ချုပ်ဆိုထားသော်လည်း ထိန်းချုပ်နယ်မြေ ဟိုဘက်ဒီဘက်ကို ကျော်၍ ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

    ၂၀၁၇ ခုနှစ်အတွင်း အိန္ဒိယက မိမိတို့ထိန်းချုပ်နယ်မြေကိုကျော်ကာ အကြိမ်ပေါင်း ၁၃၀၀ ကျော် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး အနည်းဆုံး အရပ်သား ၅၄ ဦး သေဆုံးခဲ့သည်ဟု ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

    အိန္ဒိယကလည်း ယခုနှစ်အတွင်း ပါကစ္စတန်မှာ အပစ်ရပ်ရေးကို ၇၂၄ ကြိမ် ချိုးဖောက်ခဲ့ပြီး အရပ်သား ၁၂ ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၇ ဦး သေဆုံးခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

    ၎င်းတို့နှစ်နိုင်ငံမှာ ယခင်ကလည်း ထိုကဲ့သို့ အပြန်အလှန် စွပ်စွဲမှုများ ရှိခဲ့သည်။

    Ref: Aljazeera

     

  • မိသားစုလက်ဆုံစားမှုက ကလေးငယ်များ၏ လူမှုဆက်ဆံရေးကို အထောက်ကူဖြစ်နိုင်

    မိသားစုလက်ဆုံစားမှုက ကလေးငယ်များ၏ လူမှုဆက်ဆံရေးကို အထောက်ကူဖြစ်နိုင်

    ဒီဇင်ဘာ ၂၆၊ ၂၀၁၇
    M-Media

    – အသက် ၆ နှစ်အရွယ်မှာ မိသားစုဝင်တွေနဲ့ မကြာခဏ လက်ဆုံစားတတ်တဲ့ ကလေးငယ်တွေဟာ ဒီလို အလေ့အကျင့်မရှိတဲ့ ကလေးတွေထက် ပိုပြီး လူမှုဆက်ဆံရေးကောင်းတာ၊ ကြံ့ခိုင်မှုရှိတာ စတဲ့ အကျိုးကျေးဇူးတွေကို ရရှိတယ်လို့ ကနေဒါက လေ့လာမှုတစ်ခုမှာ တွေ့ခဲ့ရပါတယ်။

    Université de Montréal တက္ကသိုလ်က ပညာရှင် လင်ဒါ ပါဂါနီနဲ့ သူတို့အဖွဲ့က လေ့လာမှုရလဒ်ကို Developmental & Behavioral Pediatrics ဂျာနယ်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

    ၁၉၉၇ ခုနှစ်နဲ့ ၁၉၉၈ ခုနှစ်အကြား မွေးဖွားတဲ့ ကလေးငယ်ပေါင်း ၁၄၉၂ ဦးကို သုတေသနမှာ ပါဝင်စေပြီး အသက် ၅ လအရွယ်ကနေ စတင်လေ့လာခဲ့တာဖြစ်ပါတယ်။

    အသက် ၆ နှစ်အရွယ်မှာ မိသားစုအနေနဲ့ သူတို့ရဲ့ လက်ဆုံစားမှု အနေအထားကိုပါ လင်ဒါတို့အဖွဲ့က စောင့်ကြည့်ခဲ့ပြီး ဒီအလေ့အကျင့်က ကလေးငယ်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာအပေါ် ရိုက်ခတ်မှုကို သုံးသပ်ခဲ့ပါတယ်။

    မိသားစုနဲ့ ပုံမှန် လက်ဆုံစားလေ့ရှိတဲ့ ကလေးငယ်တွေဟာ အသက် ၁၀ နှစ်အရွယ်ရောက်တဲ့အခါ ဒီလိုအလေ့ကျင့် မရှိတဲ့သူတွေထက် ပိုပြီး လူပေါင်းဆံ့တာ၊ ကြံ့ခိုင်မှုပိုကောင်းတာ၊ အချိုရည် သောက်သုံးမှု နည်းလာတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

    လင်ဒါက ထမင်းစားပွဲမှာ မိဘတွေနဲ့ အတူတူ စားသုံးတာဟာ ကလေးငယ်တွေအတွက် လူမှုဆက်ဆံရေး အခွင့်အလမ်းကောင်းတစ်ခုကို ရရှိစေပြီး နေ့စဉ်ကိစ္စတွေ၊ ပြဿနာတွေကို အပြန်အလှန် ဆွေးနွေးတိုင်ပင်ခွင့်ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    “အပြုသဘောဆောင်တဲ့ ပြောဆိုဆက်ဆံမှုက မိသားစုပြင်ပမှာ ကလေးငယ်တွေရဲ့ လူမှုဆက်ဆံရေးကို အထောက်အကူဖြစ်စေနိုင်ပါတယ်”

    မိသားစု လက်ဆုံစားမှုနဲ့ပတ်သက်ပြီး ၂၀၁၁ ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုမှာ အဲဒီအလေ့အကျင့်ရှိတဲ့ ကလေးငယ်တွေဟာ အခြား ကလေးတွေထက် အ၀လွန်နှုန်းကျဆင်းတာကို တွေ့ခဲ့ရပါတယ်။

    လင်ဒါကတော့ ယနေ့ခေတ်မှာ မိသားစု လက်ဆုံစားတဲ့ဓလေ့ ပျောက်ဆုံးလာတာကို သတိပေးခဲ့ပြီး သူတို့ရဲ့ လ့လာမှုက ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ရာမှာ အကူအညီဖြစ်စေမယ်လို့ မျှော်လင့်နေပါတယ်။

    Ref: Medical News Today