News @ M-Media

Author: Ko Lay

  • အမေရိကန်၏ ဂျေရုစလင်ရပ်တည်ချက်ကို ပါလက်စတိုင်း ခရစ်ယာန်ခေါင်းဆောင်ပိုင်း ရှုတ်ချ

    အမေရိကန်၏ ဂျေရုစလင်ရပ်တည်ချက်ကို ပါလက်စတိုင်း ခရစ်ယာန်ခေါင်းဆောင်ပိုင်း ရှုတ်ချ

    ဒီဇင်ဘာ ၂၄၊ ၂၀၁၇
    M-Media

    – ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန်က အသိအမှတ်ပြုမှုကို ပါလက်စတိုင်း ခရစ်ယာန်ခေါင်းဆောင်တွေက ပယ်ချလိုက်ပြီး ‘အန္တရာယ်ရှိတဲ့’ ‘စော်ကားတဲ့’ လုပ်ရပ်ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

    “အမေရိကန်ရဲ့ ဒီလုပ်ရပ်ဟာ ဂျေရုစလင်ကို သူတို့ရဲ့ အမြင့်မြတ်ဆုံးနဲ့ နာမ်ပိုင်းဆိုင်ရာနဲ့ အမျိုးသားအမွေအနှစ် သန္ဓေတည်ရာလို့ မှတ်ယူထားကြတဲ့ ကမ္ဘာတစ်ဝှမ်းက ခရစ်ယာန်နဲ့ မွတ်စလင်တွေကို စော်ကားလိုက်တာ ဖြစ်ပါတယ်။ ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန်က အသိအမှတ်ပြုတာကို ကျွန်တော်တို့ ပါလက်စတိုင်းသား ခရစ်ယာန်၊ မွတ်စလင်အားလုံး လက်မခံပါဘူး။ ကျူးကျော်သူတွေနဲ့ မထိုက်တန်တာကို အမေရိကန်က ပေးလိုက်တာပါ” လို့ ဂျေရုစလင်က ဂရိအော်သိုဒေါ့စ်အသင်းတော်ရဲ့ ဂိုဏ်းအုပ်ဘုန်းတော်ကြီး အာတာလာ ဟန်နာက ပြောကြားခဲ့ပါတယ်။

    ဒီကနေ့မှာ ပြုလုပ်တဲ့ ပါလက်စတိုင်း ခရစ်ယာန်တွေရဲ့ ခရစ္စမတ်အကြိုပွဲတော်ကို မွတ်စလင်တွေကလည်း ပါဝင်ဆင်နွှဲခဲ့ကြပြီး ပါလက်စတိုင်းပြည်သူတွေရဲ့ ညီညွတ်မှု၊ စည်းလုံးမှုတွေကို ပြသခဲ့ကြပါတယ်။

    ဘက်သလီဟမ် ဒေသကောင်စီက အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မဟာရ် ကာနာဗာတီက ဒီလို မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေ စုပေါင်းပြီး ခရစ္စမတ်ပွဲတော် ဆင်နွှဲတာဟာ ‘ငြိမ်းချမ်ရေး၊ မေတ္တာနဲ့ နားလည်မှု’ တွေကို ဖော်ပြတာဖြစ်တယ်လို့ ဆိုပါတယ်။

    “ကျွန်တော်တို့ဟာ အိမ်နီးချင်းတွေနဲ့ ငြိမ်းချမ်းစွာ နေထိုင်ချင်ပြီး၊ ဂျေရုစလင်ကို မျှဝေအသုံးပြုတာ၊ ပါလက်စတိုင်းသားအဖြစ် လွယ်လွယ်ကူကူ ၀င်လိုရတာမျိုးတွေ ဖြစ်ချင်ပါတယ်” လို့ အစ္စရေးက ပါလက်စတိုင်းတွေကို ဂျေရုစလင်ဝင်ရောက်ခွင့် ကန့်သတ်ထားတာကို ရည်ညွှန်းကာ ကာနာဗာတီက ပြောကြားခဲ့ပါတယ်။

    ဒီဇင်ဘာ ၆ ရက်နေ့မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် ကြေငြာပြီးတဲ့နောက် အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင်နက်တွေမှာ ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်ပွားနေပါတယ်။

    ထရမ့်ရဲ့ ဒီလုပ်ရပ်ကို ကမ္ဘာ့ခေါင်းဆောင်တွေကလည်း ရှုတ်ချခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာ အမေရိကန်ရဲ့ ဂျေရုစလင်ရပ်တည်ချက် ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ကုလက ထောက်ခံမဲအများစုနဲ့ အတည်ပြုခဲ့ပါတယ်။

    Ref: Aljazeera

  • ဖိလစ်ပိုင်မုန်တိုင်း သေဆုံးသူ ၁၀၀ ကျော်ရှိလာ

    ဖိလစ်ပိုင်မုန်တိုင်း သေဆုံးသူ ၁၀၀ ကျော်ရှိလာ

    ဒီဇင်ဘာ ၂၃၊ ၂၀၁၇
    M-Media

    – ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် တိုက်ခတ်ခဲ့သည့် တမ်ဘင်အပူပိုင်းမုန်တိုင်းကြောင့် သေဆုံးသူမှာ ၁၀၀ ကျော် ရှိလာပြီး ဒါဇင်နှင့်ချီ၍ ပျောက်ဆုံးနေသည်ဟု သိရသည်။

    အဆိုပါမုန်တိုင်းမှာ သောကြာနေ့က မင်ဒါနာအို ကုန်းတွင်းပိုင်းကို ၀င်ရောက်ခဲ့ပြီး မုန်တိုင်းကြောင့် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများ ဖြစ်ပွားခဲ့သည်။ ဘူဘော့ဒ်နှင့် ပီယာဂါပိုမြို့တို့မှာ ဆိုးဆိုးဝါးဝါး ခံစားခဲ့ရကာ နေအိမ်အများစုမှာ ရွှံညွန်များအောက်တွင် နစ်မြုပ်ခဲ့သည်။

    ဖိလစ်ပိုင်တွင် နှစ်စဉ် အပူပိုင်းမုန်တိုင်းများ ၀င်ရောက်လေ့ရှိသော်လည်း မင်ဒါနာအိုကျွန်းမှာ မုန်တိုင်းဒဏ်ကို တစ်ခါတစ်ရံမှသာ ခံစားရလေ့ရှိသည်။

    လက်ရှိတွင် အစိုးရနှင့် အရပ်ဖက်အဖွဲ့များမှာ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေပြီး ဒေသအချို့တွင်ရေကြီးရေလျှံမှုများ ဖြစ်ပွားနေဆဲဖြစ်သည်။ ပျောက်ဆုံးနေသူများ ရှိသောကြောင့် သေဆုံးသူ အရေအတွက်မှာလည်း မြင့်တက်လာဖွယ်ရှိနေသည်။

    ပြီးခဲ့သည့်တစ်ပတ်က ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းတွင် ကိုင်တက် တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ဒါဇင်နှင့်ချီ၍ သေဆုံးခဲ့သည်။

    ဖိလစ်ပိုင်မှာ ၂၀၁၃ ခုနှစ်က တိုင်ဖုန်း ဟိုင်ယန်ဒဏ်ကို ခံစားခဲ့ရပြီး လူပေါင်း ၅၀၀၀ ကျော် သေဆုံးခဲ့သည်။

    Ref: BBC

  • ‘ဘာသာမပြောင်းရ’ ဥပဒေ ရှိနေပေမယ့် နီပေါမှာ ဆက်လက်ထွန်းကားနေဆဲ ခရစ်ယာန်သာသာနာ

    ‘ဘာသာမပြောင်းရ’ ဥပဒေ ရှိနေပေမယ့် နီပေါမှာ ဆက်လက်ထွန်းကားနေဆဲ ခရစ်ယာန်သာသာနာ

    ဒီဇင်ဘာ ၂၃၊ ၂၀၁၇
    M-Media

    – ငလျင်ကြောင့် နီပေါက ရီချက်ရွာလေး ပြားသွားတာ ၂ နှစ်ကျော်ရှိသွားခဲ့ပြီး ဒေသခံအများစုဟာ ဖြစ်သလိုတည်ဆောက်ထားတဲ့ အဆောက်အဦးတွေမှာ နေထိုင်နေရဆဲပါ။ ခရစ်ယာန်သာသနာပြုအဖွဲ့တွေရဲ့ ဘဏ္ဍာရေးထောက်ပံ့မှုနဲ့ ခရစ်ယာန်ဘုရားကျောင်းသာ ပြန်လည်တည်ဆောက်နိုင်ခဲ့ပြီး သာသနာပြုအဖွဲ့တွေရဲ့ သြဇာကလည်း ဟိန္ဒူအများစုရှိတဲ့ နီပေါလ်မှာ ကြီးထွားလာခဲ့ပါတယ်။

    ဘာသာကူးပြောင်းမှုကို တင်းတင်းကြပ်ကြပ်တားမြစ်ထားပေမယ့် ခရစ်ယာန်သာသနာဟာ နီပေါလ်မှာ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း အလျင်အမြန် ပြန့်ပွားခဲ့ပြီး အမြစ်တွယ်နေတဲ့ ဇာတ်ခွဲခြားမှုစနစ်ကနေ လွတ်မြောက်ရာဟာ ခရစ်ယာန်သာသနာသာဖြစ်တယ်လို့ အများစုက ရှုမြင်နေကြပါတယ်။

    ဟိမ၀န္တာတောင်ပေါ်တိုင်းပြည်တစ်ခုဖြစ်တဲ့ နီပေါလ်ကို ဟိန္ဒူဘုရင်တွေက ရာစုနှစ် ၂ စုကျော်လောက် အုပ်စိုးခဲ့ပြီး ၂၀၀၈ ခုနှစ်ရောက်မှ ဘုရင်စနစ် ချုပ်ငြိမ်းသွားတာဖြစ်ပါတယ်။ နိုင်ငံရဲ့မြောက်ပိုင်း တောင်းတန်းဒေသတွေမှာတော့ ဗုဒ္ဓဘာသာ အားကောင်းပါတယ်။

    ဒါပေမယ့် ရီချက်ရွာတည်ရှိတဲ့ လာပါချိုင့်ဝှမ်းဒေသဟာ အခုအချိန်မှာ ခရစ်ယာအများစုရှိတဲ့နေရာ ဖြစ်နေပါပြီ။

    ဒေသခံတော်တော်များများဟာ မကြာသေးမီကမှ ခရစ်ယာန်သာသနာကို ကူးပြောင်းခဲ့တာဖြစ်ပါတယ်။ အဲဒီအထဲကတစ်ယောက်က ရီကာ တာမန်ဆိုသူဖြစ်ပြီး နေမကောင်းဖြစ်နေတဲ့မိခင် သက်သာလာအောင် နတ်ဘုရားကို တိရစ္ဆာန်နဲ့ပူဇော်ဖို့ ဘုန်းကြီးကို ယတြာဖိုး မပေးနိုင်တဲ့အဆုံး ခရစ်ယာန်ဘာသာဝင်တစ်ယောက် ဖြစ်လာတာ ဖြစ်ပါတယ်။

    “ကျွန်တော် ရှာသမျှ ဘုရားရှင်ကို ပူဇော်ရတာနဲ့ ကုန်တာပဲ။ ခရစ်ယာန်ကိုပြောင်းလိုက်တော့ ကျွန်တော် ပူဇော်ပသနေစရာ မလိုတော့ဘူး။ ၀န်ထုပ်ဝန်ပိုးတစ်ခု လျော့သွားတာပေါ့ဗျာ” လို့ လက်ရှိ လာပါချိုင့်ဝှမ်းက ရွာတစ်ရွာမှာ သင်းအုပ်ဆရာဖြစ်နေတဲ့ တာမန်က ပြောကြားခဲ့ပါတယ်။

    ၂၀၁၁ ခုနှစ် အစိုးရရဲ့ သန်းခေါင်စာရင်းကောက်ယူမှုအရ နီပေါလ်နိုင်ငံရဲ့ လူဦးရေ ၂၉ သန်းမှာ ခရစ်ယာန်ဘာသာကိုးကွယ်သူက ၁.၅ ရာခိုင်နှုန်းသာ ရှိပါတယ်။

    ဒါပေမယ့် ခရစ်ယာန်အဖွဲ့တွေက အရေအတွက်ဟာ ၃ သန်းကျော်လောက် ရှိမယ်လို့ ခန့်မှန်းပါတယ်။ သန်းခေါင်စာရင်းကောက်တဲ့အချိန်မှာ မျိုးနွယ်နာမည်ကိုလိုက်ပြီး ဘာသာတရားကို ဖြည့်သွင်းတာကြောင့် ဘာသာပြောင်းထားသူတော်တော်များများ စာရင်းမပါဘူးလို့ ဒေသခံတွေက ပြောပါတယ်။

    ရီချက်ရွာဟာ နိုင်ငံမြောက်ပိုင်း ဒါဒင်းခရိုင်မှာရှိနေပြီး ဒီခရိုင်ဟာ နီပေါလ်မှာ ခရစ်ယာသာသနာ ပထမဆုံးအခြေတည်တဲ့ ဒေသတွေထဲက တစ်ခုဖြစ်ပါတယ်။ အဲဒီဒေသတွေကနေတစ်ဆင့် အားကောင်းတဲ့ ဧ၀ံဂေလိ ဘုရားကျောင်းတွေ ကွန်ယက်ကြောင့် နိုင်ငံတစ်ဝှမ်းကို ပြန့်နှံ့သွားခဲ့ပါတယ်။

    ဒါပေမယ့် တစ်ချို့တွေကတော့ ငွေတောင့်တဲ့ နိုင်ငံရပ်ခြား သာသနာပြုအဖွဲ့တွေဟာ ဆင်းရဲတဲ့ နီပေါလ်နိုင်ငံကလူတွေကို အကူအညီတွေပေးပြီး ဘာသာပြောင်းစေတယ်လို့ ပြောကြပါတယ်။

    ဘာသာရေးတင်းမာမှု 

    ၂၀၁၅ ခုနှစ် ဧပြီလက အင်အားပြင်းတဲ့ငလျင်ကြောင့် တောင်ကိုရီးယားနဲ့ စင်ကာပူက သာသနာပြုအဖွဲ့တွေ ရောက်တဲ့အချိန်မှာ ရီချက်ရွာလေးဟာ ကွင်းပြင်လုံးလုံး ဖြစ်နေပါပြီ။

    သာသနာပြုအဖွဲ့တွေဟာ ပျက်ဆီးဆုံးရှုံးမှုတွေကို စာရင်းကောက်ခဲ့ပြီး လအနည်းငယ်ကြာတဲ့အခါမှာတော့ ရွာက ဘုရားကျောင်းဆောက်ဖို့အတွက် ဘိလပ်မြေအိတ်တွေ ရောက်ရှိလာခဲ့ပါတယ်။

    အနီးအနားက ကာချက်ရွာမှာလည်း ဒီလိုပဲဖြစ်ပြီး အဲဒီက ဘုရားကျောင်းအသစ်အတွက် တောင်ကိုရီးယား သာသနာပြုအဖွဲ့တွေက ငွေကြေးထောက်ပံ့ပေးကာ မကြာသေးခင်ကမှ တည်ဆောက်ပြီးစီးသွားခဲ့တာပါ။

    “ဘုရားကျောင်းသွားပြီး လဟာပြင်မှာ ၀တ်ပြုဆုတောင်းရတဲ့ဘ၀ကနေ လွတ်သွားတာကြောင့် ကျွန်တော်တို့ အရမ်း ပီတိဖြစ်ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အိမ်တွေ ဆောက်ဖို့အတွက် ထောက်ပံ့မှုရရင်တော့ ဒီထက်ပိုပျော်မှာပါ” လို့ ရီချက်မှာနေထိုင်တဲ့ အေမန် တာမန်က ပြောကြားခဲ့ပါတယ်။

    အဲဒီနားက ဘိုရန်ဆိုတဲ့ရွာကာ ဗုဒ္ဓဘာသာအများစု ရှိတဲ့ရွာဖြစ်ပြီး အကူအညီအတွေကို ကွက်ပြီးပေးတာက ဘာသာမတူ လူ့အဖွဲ့အစည်းတွေအတွင်းမှာ တင်းမာမှုဖြစ်စေတယ်လို့ ရွာသူကြီး ပရာရှန့် တာမန်က ဆိုပါတယ်။

    “လိုအပ်နေတဲ့အချိန်မှာ ချို့တဲ့သူတွေကို ခရစ်ယာန်တွေက အကူအညီပေးပြီး သူတို့ဘာသာကိုပြောင်းဖို့ ဖိအားပေးတဲ့အခါ တစ်ခါတစ်ရံမှာ တင်းမာမှုတွေ မြင့်တက်လာပါတယ်”

    ဆွယ်တရားအတွက် ထောင်ဒဏ်

    ဘာသာရေး ဆွယ်တရားဟောတာဟာ နီပေါမှာ တရားမ၀င်ပါဘူး။

    ဒါပေမယ့် ၂၀၁၈ ခုနှစ် သြဂုတ်လမှာ စတင်အသက်ဝင်ဖွယ်ရှိနေတဲ့ ရာဇ၀တ်ပုဒ်မအသစ်အရ ဆွယ်တရားဟောသူတွေဟာ ထောင်ဒဏ် ၃ နှစ်ကနေ ၅ နှစ်အထိ ကျခံရနိုင်ပြီး နိုင်ငံခြားသားဆိုရင်တော့ ထောင်ကလွတ်တာနဲ့ ပြည်နှင်ဒဏ်ပေးခံရမှာ ဖြစ်ပါတယ်။

    တက်ကြွလှုပ်ရှားသူတွေက ဒါဟာ အလျင်အမြန်တိုးပွားလာတဲ့ ခရစ်ယာန်သာသနာကို တားဆီးဖို့ ရည်ရွယ်ပြီး ပါကစ္စတန်က သာသနာညှိုးနွမ်းစေတဲ့ ဥပဒေနဲ့ အတူတူပဲလို့ ထောက်ပြကြပါတယ်။ ပါကစ္စတန်မှာ ဒီဥပဒေကြောင့် လူနည်းစုတွေဟာ လူအုပ်ကြီးရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို မကြာခဏ ခံရလေ့ရှိပါတယ်။

    “ပါကစ္စတန်မှာ ဘယ်လိုတွေဖြစ်လဲဆိုတာ ကျွန်တော်တို့ တွေ့တာပဲ။ လုံလောက်တဲ့ကာကွယ်မှု မရှိဘူးဆိုရင် နီပေါလ်က ဥပဒေတွေကိုလည်း လိုသလိုသုံးကြပါလိမ့်မယ်” လို့ ယူကေအခြေစိုက် Christian Solidarity Worldwide အဖွဲ့က တောင်အာရှဆိုင်ရာကျွမ်းကျင်သူ စတီဗင် ဆဲလ်ဗာရာ့ဂ်ျက ပြောကြားခဲ့ပါတယ်။

    နီပေါက ကြီးထွားလာတဲ့ ဧ၀ံဂေလိအသင်းတော်ကွန်ယက်ကြောင့် လူတွေဟာ ခရစ်ယာန်သာသနာကို စိတ်ဝင်စားလာကြပြီး တော်တော်များများက ဒီဥပဒေသစ်နဲ့ သူတို့ကို ပစ်မှတ်ထားမလားဆိုပြီး စိုးရိမ်နေကြပါတယ်။

    “နီပေါက ခရစ်ယာန်ဘုရားကျောင်းတွေက ယုံကြည်သူတွေအနေနဲ့ အခြားသူတွေကို ခရစ်တော်ရဲ့ ပညတ်တော်တွေကို ဟောကြားဖို့၊ ခရစ်တော်အကြောင်း ပြောပြကြဖို့ သွန်သင်ပါတယ်။ ဒါ့ကြောင့် အဲဒီသူတွေ ဖမ်းဆီးခံရပြီး၊ ဒုက္ခရောက်မယ့်၊ ထောင်ကျမယ့်၊ ဒဏ်ငွေဆောင်ရမယ့် အန္တရာယ်ကလည်း မြင့်တက်လာပါတယ်” လို့ ခတ္တာမန်ဒူက သင်းအုပ်ဆရာဖြစ်တဲ့ တန်ကာ ဆူဘီဒီက ပြောကြားခဲ့ပါတယ်။

    Ref: CNA

    (CNA သတင်းဌာနတွင် ဖော်ပြထားသည့် Despite conversion ban, Christianity spreads in Nepal ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • ကာဘွန်ထုတ်လွှတ်မှုမရှိတဲ့ ဟိုက်ဒရိုဂျင်ကားကို ဒူဘိုင်းတွင် ပထမဆုံး စမ်းသပ်မောင်းနှင်

    ကာဘွန်ထုတ်လွှတ်မှုမရှိတဲ့ ဟိုက်ဒရိုဂျင်ကားကို ဒူဘိုင်းတွင် ပထမဆုံး စမ်းသပ်မောင်းနှင်

    ဒီဇင်ဘာ ၂၃၊ ၂၀၁၇
    M-Media

    – ကာဘွန်ထုတ်လွှတ်မှု လုံးဝမရှိတဲ့ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ကားကို အာရပ် စော်ဘွားများပြည်ထောင်စု ဒူဘိုင်းမှာ မနေ့က ပထမဆုံး စမ်းသပ်မောင်းနှင်ခဲ့တယ်လို့ သိရပါတယ်။

    ဒါဟာ ဒူဘိုင်း ပို့ဆောင်ရေးဌာန (RTA) က Al Futtaim Motors နဲ့ ပူးပေါင်းကာ နိုင်ငံရဲ့ အငှားယာဉ်လုပ်ငန်းမှာ ဒီကားတွေကို အစားထိုးဖို့ ရည်ရွယ်တဲ့ စီမံကိန်းတစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

    ဟိုက်ဒရိုဂျင်ဓာတ်ငွေ့သုံး အဲဒီ Toyota Mirai ကားဟာ ကာဘွန်ထုတ်လုပ်မှု လုံးဝမရှိဘဲ၊ စွန့်ပစ်ပစ္စည်းအဖြစ် ရေသာထွက်ရှိပါတယ်။ အသံဆူညံမှုလည်းမရှိဘဲ ဟိုက်ဒရိုဂျင်အပြည့်ထည့်ထားရင် ကီလိုမီတာ ၅၀၀ လောက် မောင်းနိုင်ပါတယ်။ ဓာတ်ငွေ့ထည့်တဲ့အချိန်ကလည်း ၅ မိနစ်တောင် မကြာပါဘူး။

    အဲဒီဟိုက်ဒရိုဂျင်ဟာ ကားအရှေ့ပိုင်းက ၀င်ရောက်လာတဲ့ ဓာတ်ငွေ့နဲ့ပေါင်းစပ်ကာ မီးလောင်ကျွမ်းပြီး အင်ဂျင်အတွင်းမှာ လျှပ်စစ်ထုတ်ပေးတာ ဖြစ်ပါတယ်။

    ဒူဘိုင်းဟာ Green Economy for Sustainable Development ဆိုတဲ့ခေါင်းစဉ်နဲ့ ကာဘွန်ထုတ်လွှတ်မှုလျှော့ချရေး၊ သဘာဝတ်ပတ်ဝန်းကျင် ထိန်းသိမ်းရေး စီမံကိန်း ၂၀၁၂ ခုနှစ်မှာ စတင်ခဲ့တာပါ။

    RTA အကြီးအကဲ မတ္တာ အလ် တာယာက မိမိတို့အဖွဲရဲ့ မဟာဗျူဟာရည်မှန်းချက်ဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ စွမ်းအင်သုံးစွဲမှု လျှော့ချရေးဖြစ်ပြီး ဒီစီမံကိန်းက စွမ်းအင်သုံးစွဲမှုလျှော့ချရေး ကဏ္ဍမှာ ဒူဘိုင်းကို အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်လာစေမှာဖြစ်ကြောင်း၊ Dubai Taxi Corporation ဟာ အရှေ့အလယ်ပိုင်းမှာ ပထမဆုံး ဟိုက်ဒရိုဂျင်ကားကို သုံးစွဲနိုင်မယ့်ဌာန ဖြစ်လာမှာဖြစ်တာကြောင့် မိမိတို့အနေနဲ့ ၀မ်းမြောက်မိကြောင်း ပြောကြားခဲ့ပါတယ်။

    ဒူဘိုင်းဟာ ၂၀၂၁ ခုနှစ်ရောက်ရင် သူတို့ရဲ့ အငှားယာဉ် ပမာဏ ၅၀ ရာခိုင်နှုန်းကို ဟိုက်ဒရိုဂျင်ကား ပြောင်းလဲနိုင်ရေးရည်မှန်းထားပြီး လက်ရှိမှာ ၂၀ ရာခိုင်နှုန်းအထိ ပြောင်းလဲထားနိုင်ပါတယ်။

    Ref: Khaleej Times

     

  • မြောက်ကိုရီးယားအပေါ် ကုလက ပိတ်ဆို့မှုအသစ် ထပ်လုပ်၊ အမေရိကန်က စစ်တပ်ကို တပ်လှန့်ထား

    မြောက်ကိုရီးယားအပေါ် ကုလက ပိတ်ဆို့မှုအသစ် ထပ်လုပ်၊ အမေရိကန်က စစ်တပ်ကို တပ်လှန့်ထား

    ဒီဇင်ဘာ ၂၃၊ ၂၀၁၇
    M-Media

    – ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေးကိုသာ လိုလားကာ သတ်ဖြတ်မှုကို မလိုလားဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပြီး မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုအသစ် ပြုလုပ်ပြီးနောက် ယခုမှတ်ချက် ပေါ်ထွက်လာခြင်းဖြစ်သည်။

    ပိတ်ဆို့မှုအသစ်တွင် နိုင်ငံခြား၌ အလုပ်လုပ်နေသည့် မြောက်ကိုရီးယားနိုင်ငံသားများအနေဖြင့် ၂ နှစ်အတွင်း ပြည်တော်ပြန်ရန်၊ မြောက်ကိုရီးယားသို့ တင်ပို့သည့် သန့်စင်ပြီး ရေနံထွက်ပစ္စည်း ၉၀ ရာခိုင်နှုန်းကို ပိတ်ပင်ရန်တို့ ပါဝင်သည်။

    အဆိုပါအရေးယူမှုကို ယမန်နေ့တွင် လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံအားလုံးက သဘောတူခဲ့ကြသည်။

    “မြောက်ကိုရီးယားအပေါ် ပိတ်ဆို့အရေးယူမှု ထပ်လုပ်ရေးနဲ့ပတ်သက်ပြီး ကုလ လုံခြုံရေးကောင်စီက ထောက်ခံမဲ ၁၅ မဲ၊ ကန့်ကွက်မဲမရှိဘဲ အခုလေးတင် အတည်ပြုခဲ့ပါတယ်။ ကမ္ဘာကြီးဟာ ငြိမ်းချမ်းရေးကို လိုလားပြီး သတ်ဖြတ်မှုကို မလိုချင်ပါဘူး” ဟု ထရမ့်က မဲခွဲမှုအပြီးတွင် ၎င်း၏ Twitter စာမျက်နှာ၌ ရေးသားခဲ့သည်။

    မြောက်ကိုရီးယား၏ နျူစီမံကိန်း ဆက်လက်လုပ်ဆောင်နေမှုကို တားဆီးရန် ရည်ရွယ်သည့် ယခု ပိတ်ဆို့မှုအသစ်ကို အမေရိကန်က တင်သွင်းခြင်းဖြစ်ပြီး ယခုနှစ်အတွင်း တတိယမြောက် ပိတ်ဆို့မှုလည်း ဖြစ်သည်။

    မြောက်ကိုရီးယားအပေါ် စက်မှုပစ္စည်းများ တင်သွင်းမှု၊ အစားအသောက်များ၊ လယ်ယာထွက်ကုန်ပစ္စည်းများ ၀ယ်ယူမှု စသည်တို့ကို တားမြစ်ရေးလည်း ယခုပိတ်ဆို့မှုတွင် ပါဝင်သည်။

    ထရမ့်က ငြိမ်းချမ်းရေးကို လိုလားသည်ဟု ပြောကြားခဲ့သော်လည်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မာတစ်က ကိုရီးယားကျွန်းဆွယ်တွင် ‘မုန်တိုင်းဖြစ်မည့် တိမ်များ စုစည်းလာနေသည့်’ အတွက် တပ်ဖွဲ့ဝင်များအနေဖြင့် အသင့်အနေအထားရှိကြရန် ယမန်နေ့တွင် သတိပေးခဲ့သည်။

    Ref: Aljazeera