News @ M-Media

Author: Ko Lay

  • အီရန်ပိုက်နက်အတွင်း ကန်ရေငုပ်သင်္ဘော၀င်လာသည့် နောက်ဆက်တွဲ ဘာတွေဖြစ်မလဲ

    အီရန်ပိုက်နက်အတွင်း ကန်ရေငုပ်သင်္ဘော၀င်လာသည့် နောက်ဆက်တွဲ ဘာတွေဖြစ်မလဲ

    ဧပြီ ၂၃၊ ၂၀၂၃

    M-Media


    -အီရန်ရေပိုင်နက်ထဲ၀င်လာတဲ့  အမေရိကန်ရေငုပ်သင်္ဘောကို အီရန်ရေတပ်က သတိပေး ပြန်လှည့်ခိုင်းခဲ့တဲ့ အဖြစ်အပျက်တစ်ခု ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ဖြစ်ပွားခဲ့ပါတယ်။ 

    ဒီကိစ္စကို အီရန်ရေတပ်က ထုတ်ပြန်တာပါ။ ဟော်မုဇ်ရေလက်ကြားကို ဖြတ်ကာ ပိုင်နက်ချိုးဖောက်၀င်ရောက်လာတာလို့ အီရန်ရေတပ် တပ်မှူး ရှာဟ်ရမ် အီရာနီက ရုပ်သံကနေတစ်ဆင့် ပြောကြားခဲ့ပါတယ်။ 

    တိတ်တဆိတ်ဖြတ်ကျော်နိုင်ဖို့ အမေရိကန်ရေငုပ်သင်္ဘောက အစွမ်းကုန်ကြိုးစားခဲ့ပြီး အီရန်ရဲ့ Fateh ရေငုပ်သင်္ဘောက အချိန်မီသိရှိခဲ့တယ်လို့ ဆိုပါတယ်။ 

    အီရန်ဟာ အမေရိကန် ရေငုပ်သင်္ဘောကို ရေပါ်တက်ခိုင်းခဲ့ပြီး လမ်းကြောင်းပြောင်းစေခဲ့ပါတယ်။ ပိုင်နက်ချိုးဖောက်တဲ့ ဒီအဖြစ်အပျက်ကို နိုင်ငံတကာအဖွဲ့အစည်းတွေထံ တင်ပြသွားမယ်လို့လည်း တပ်မှူး အီရာနီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    ဘာရိန်းအခြေစိုက် အမှတ် ၅ ရေတပ်ကို အားဖြည့်ပေးဖို့အတွက် Florida ရေငုပ်သင်္ဘောကို အရှေ့အလယ်ပိုင်းမှာ ချထားတယ်လို့ အမေရိကန်က အခုလအစောပိုင်းမှာ ထုတ်ပြန်ခဲ့ပြီး အီရန်က ဖမ်းမိတဲ့ ရေငုပ်သင်္ဘောဟာ ဒီသင်္ဘောလားဆိုတာ တိတိကျကျ မသိရပါဘူး။ 

    Florida ဟာ နျူစွမ်းအင်သုံးဖြစ်ပြီး ပဲ့ထိန်းဒုံးကျည်တွေ တပ်ဆင်ထားပါတယ်။ 

    ဧပြီလအတွင်းကလည်း ပင်လယ်ကွေ့ အပြင်ဘက်မှာ အမေရိကန် ထောက်လှမ်းရေး လေယာဥ်တစ်စင်းကို အီရန်က ထောက်လှမ်း တွေ့ရှိခဲ့ပါတယ်။ 

    Ref: Aljazeera 

  • ကမ္ဘာ့အပြင်ဘက်မှ အီးဒ် နှုတ်ခွန်းဆက်စကား

    ကမ္ဘာ့အပြင်ဘက်မှ အီးဒ် နှုတ်ခွန်းဆက်စကား

    အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှ ငြိမ်းချမ်းသာယာမှု အဖြာဖြာ ကျရောက်ပါစေ။ ပျော်ရွှင်စရာ အီးဒ်နေ့ အခါသမယမှာ ကောင်းချီးမင်္ဂလာအဖြာဖြာ ကျရောက်ပါစေကြောင်း ကျွန်တော် ဆူလ်တန် အလ်-နီယာဒီက နိုင်ငံတကာ အာကာသစခန်းကနေ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

    ဆူလ်တန် အလ်-နီယာဒီ (ယူအေအီး အာကာသယာဥ်မှူး)

    နီယာဒီဟာ အာကာသထဲမှာ အချိန်အကြာဆုံးနေထိုင်တဲ့ ပထမဆုံး အာရပ်လူမျိုး၊ အာကာသလမ်းလျှောက်မှု အကြာဆုံး လုပ်တဲ့ ပထမဆုံး အာရပ်လူမျိုးအဖြစ် မှတ်တမ်း၀င်သူ ဖြစ်ပါတယ်။ 

  • ဘင်္ဂလားဒေ့ရှ်အလုပ်သမားဗီဇာကိစ္စ မသမာမှုများကို မလေးရှား စတင်ဖော်ထုတ်

    ဘင်္ဂလားဒေ့ရှ်အလုပ်သမားဗီဇာကိစ္စ မသမာမှုများကို မလေးရှား စတင်ဖော်ထုတ်

    မတ် ၂၁၊ ၂၀၂၃

    M-Media 


    -ဘင်္ဂလားဒေ့ရှ်က အလုပ်သမားတွေ၊ အလည်လာသူတွေကို ဗီဇာထုတ်ပေးရာမှာ ခြစားမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ လူ ၂ ဦးကို မလေးရှားအစိုးရက ဖမ်းဆီးလိုက်ပါတယ်။ 

    ဒါကာမြို့ မလေးရှားသံရုံးက အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး တစ်ဦးတို့ ဖြစ်ပါတယ်။ မလေးရှား ခြစားမှုတိုက်ဖျက်ရေးအဖွဲ့ MACC ဟာ လက်ရှိမှာ နိုင်ငံခြားအလုပ်သမား ဗီဇာထုတ်ပေးမှုကိစ္စကို အသေးစိတ် စုံစမ်းစစ်ဆေးနေတာပါ။ 

    ဖမ်းဆီးထားသူ ၂ ဦးရဲ့ ဘဏ်ငွေစာရင်း အ၀င်၊ အထွက်မှာ သံသယဖြစ်ဖွယ်တွေ့ရှိရာကနေ စုစုပေါင်း မလေးရှားရင်းဂစ် ၃.၁ သန်း ပမာဏရှိမယ့် ဘဏ်အကောင့်ပေါင်း ၂၀ ကျော်ကို MACC က ပိတ်ခိုင်းခဲ့ပါတယ်။ 

    MACC အကြီးအကဲ အဇမ် ဘာကီက ဒီအမှုနဲ့ဆက်စပ်ပြီး နောက်ထပ် ဖမ်းဆီးတာတွေ ရှိလာနိုင်တယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ 

    လက်ရှိမှာ စီတီ လီယာနာ ဆာကီဂျန်ဆိုတဲ့ အမျိုးသမီးတစ်ဦးကို အမှုအတွက် အလိုရှိကြောင်း MACC က ထုတ်ပြန်ထားပါတယ်။ 

    နိုင်ငံခြားအလုပ်သမား ခေါ်ယူခန့်ထားရေးကိစ္စအတွက် MACC က စုံစမ်းစစ်ဆေးရာမှာ လူ့စွမ်းအား အရင်းအမြစ်၀န်ကြီး၊ သူ့လက်အောက်က အရာရှိတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးတို့ကို MACC က ပြီးခဲ့တဲ့တစ်ပတ်မှာ ခေါ်ယူမေးမြန်းခဲ့ပါတယ်။ 

    Ref: Free Malaysia Today 

  • ဂူဂျာရတ်အကြမ်းဖက်မှုမှ စွပ်စွဲခံရသူများကို အိန္ဒိယတရားရုံးက တရားသေလွှတ်

    ဂူဂျာရတ်အကြမ်းဖက်မှုမှ စွပ်စွဲခံရသူများကို အိန္ဒိယတရားရုံးက တရားသေလွှတ်

    ဧပြီ ၂၁၊ ၂၀၂၃

    M-Media


    -၂၀၀၂ ခုနှစ် ဂူဂျာရတ်ပြည်နယ်က အကြမ်းဖက်တိုက်ခိုက်မှုမှာ မွတ်စလင် ၁၁ ဦးကို သတ်ဖြတ်မှုနဲ့ စွပ်စွဲခံရသူ ၆၉ ဦးကို အိန္ဒိယ တရားရုံးက ကြာသာပတေးနေ့မှာ တရားသေ လွှတ်ပေးလိုက်ပါတယ်။ 

    အဟ်မဒ်ဒါဘတ်မြို့မှာ ၂၀၀၂ ခုနှစ် ဖေဖော်၀ါရီ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ သတ်ဖြတ်မှုဖြစ်ပါတယ်။ ဒီကိစ္စအတွက် ၈၆ ဦး တရားစွဲဆိုခံခဲ့ရပြီး ၁၇ ဦးက အမှုရင်ဆိုင်နေစဥ်အတွင်းမှာ သေဆုံးခဲ့ပါတယ်။ 

    “တရားမျှတမှုဟာ နစ်နာသူတွေကို ထပ်ပြီး ကျောခိုင်းသွားပါပြီ။ ဒီလူတွေကို ဘယ်အချက်နဲ့ တရားသေ လွှတ်ပေးလိုက်လဲဆိုတာ ကျွန်တော်တို့ လေ့လာသွားမှာပါ” လို့ တရားလိုရှေ့နေ ရှမ်ရှဒ် ပထန်က ပြောပါတယ်။ 

    စီရင်ချက်ကို ပြန်လည်သုံးသပ်ဖို့ အထက်ရုံးကို တင်သွားမယ်လို့လည်း ပထန်က ဆိုပါတယ်။

    လွှတ်ပေးလိုက်သူတွေထဲမှာ ဟိန္ဒူအမျိုးသားရေးပါတီ BJP က ထင်ရှားသူ အမျိုးသမီး မာယာ ကိုဒ်နာနီလည်း ပါ၀င်ပါတယ်။ အခင်းဖြစ်ပွားစဥ်က သူမဟာ လွှတ်တော်အမတ်တစ်ဦးဖြစ်ပြီး နောက်ပိုင်း ၀န်ကြီးချုပ်မိုဒီအစိုးရမှာ ၀န်ကြီးအဖြစ် တာ၀န်ထမ်းဆောင်ဖူးပါတယ်။ 

    သူမဟာ ဂူဂျာရတ်အကြမ်းဖက်မှုက မွတ်စလင် ၉၇ ဦး သတ်ဖြတ်ခံရတဲ့ အခြားအမှုတစ်ခုအတွက် တရားစွဲဆိုခံရကာ အပြစ်ရှိကြောင်း တွေ့ရတဲ့အတွက် ထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ ဒါပေမယ့်နောက်ပိုင်းမှာ BJP သြဇာနဲ့ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

    ဟိန္ဒူအစွန်းရောက်အဖွဲ့တွေဖြစ်တဲ့ Bajrang Dal နဲ့ Vishwa Hindu Parishad ခေါင်းဆောင်တွေဟာ အဟ်မဒ်ဒါဘတ်က သတ်ဖြတ်မှုမှာ တရားစွဲဆိုခံခဲ့ရပေမယ့် မနေ့က တရားသေ လွတ်မြောက်လာခဲ့ပါတယ်။ 

    ဟိန္ဒူဘုရားဖူးတွေ စီးလာတဲ့ရထား မီးလောင်မှုကို မွတ်စလင်တွေက လုပ်တယ်ဆိုတဲ့ ၀ါဒဖြန့်မှုကြောင့် ၂၀၀၂ ခုနှစ်က ဂူဂျာရတ်ပြည်နယ်တစ်၀ှမ်းမှာ မွတ်စလင်တွေ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရပြီး အစိုးရစာရင်းတွေအရ အနည်းဆုံး တစ်ထောင်လောက် သေဆုံးတယ်လို့ ဆိုပါတယ်။ 

    လေ့လာဆန်းစစ်သူတွေက သေဆုံးသူအရေအတွက်ဟာ အခုထက် ပိုမိုများပြားတယ်လို့ ထောက်ပြခဲ့ကြပါတယ်။ 

    လက်ရှိ အိန္ဒိယ၀န်ကြီးချုပ် မိုဒီဟာ တိုက်ခိုက်မှုဖြစ်ပွားစဥ်က ဂူဂျာရတ်ပြည်နယ် အုပ်ချုပ်ရေးမှူးဖြစ်ပြီး၊ ဒီအဖြစ်အပျက်ကို ထိထိရောက်ရောက် ထိန်းသိမ်းခဲ့ခြင်းမရှိဘူးလို့ စွပ်စွဲခံခဲ့ရပါတယ်။ 

    မွတ်စလင်တွေကို တိုက်ခိုက်မှုမှာ ပြည်နယ်ရဲတပ်ဖွဲ့နဲ့ အစိုးရအဖွဲ့က တာ၀န်ရှိသူတွေ ပူးပေါင်းပါ၀င်ခဲ့တဲ့ အထောက်အထားတွေကိုလည်း နောက်ပိုင်းမှာ ကျွမ်းကျင်သူတွေက ဖော်ထုတ်ခဲ့ကြပါတယ်။ 

    Ref: CNN 

  • ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမှာပါ

    ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမှာပါ

    ဧပြီ ၂၁၊ ၂၀၂၃

    M-Media

    ဒီလိုအမှားမျိုးတွေ လုပ်နေမှတော့ ဘယ်လိုလုပ် နိုင်တော့မလဲ။ သိပ်ရှင်းပါတယ်။ ဒီညပွဲအတွက် ကျွန်တော်တို့ အဆင်သင့်မဖြစ်ခဲ့ဘူး။ ဒါဟာ မဖြစ်သင့်တဲ့ကိစ္စပါ။ ဒီပြိုင်ပွဲဟာ တစ်ခုခု ရအောင်ယူရမယ့် ပြိုင်ပွဲကြီးတစ်ခုဖြစ်ပါတယ်။ အခုတော့ ကျွန်တော်တို့ လက်မဲ့ဖြစ်ခဲ့ပြီ။ ကိုယ့်ကိုယ်ကိုကလွဲရင် ဘယ်သူမှ အပြစ်သွားတင်လို့ မရပါဘူး။ 

    အဲရစ် တန်ဟန် – မန်ယူနည်းပြ