News @ M-Media

Author: Ko Lay

  • သက်ကြားအိုများအား အယုံသွင်း၍ ငွေကြေးယူပြီး သတ်ဖြတ်သူ အမျိုးသမီးကို ဂျပန်က သေဒဏ်ချမှတ်

    သက်ကြားအိုများအား အယုံသွင်း၍ ငွေကြေးယူပြီး သတ်ဖြတ်သူ အမျိုးသမီးကို ဂျပန်က သေဒဏ်ချမှတ်

    နိုဝင်ဘာ ၈၊ ၂၀၁၇
    M-Media

    – သက်ကြားအို ရည်စားများကို ဆိုင်ယာနိုက်အဆိပ်ခတ်၍ အသက်သေအောင်ပြုလုပ်ပြီး အမွေနှင့် အာမခံများထုတ်၍ ငွေသန်းပေါင်းများစွာရယူခဲ့သူ အမျိုးသမီးကို ဂျပန်က ယမန်နေ့တွင် သေဒဏ်ချမှတ်လိုက်သည်ဟု သိရသည်။

    အသက် ၇၀ အရွယ် ချီဆာကို ကာကီဟီဖြစ်ပြီး ‘ဒုစရိုက်မုဆိုးမ’ ဟု နာမည်ကျော်သည့်သူမကို ခင်ပွန်းသည်အပါအ၀င် အမျိုးသား ၃ ဦးကို သတ်ဖြတ်မှု၊ အခြားသူများကို သတ်ဖြတ်ရန် ကြိုးစားမှုတို့ဖြင့် တိုကျို ခရိုင်တရားရုံးက ကြိုးပေးသတ်ရန် အမိန့်ချခဲ့တာ တိုင်းပြည်ကို တုန်လှုပ်စေခဲ့သည့် အမှုကြီးတစ်ခု အဆုံးသတ်သွားပြီဖြစ်သည်။

    ကာကီဟီမှာ အသက်ကြီးကြီး အမျိုးသားများနှင့် ချစ်ရည်လူးပြီးနောက် အဆိပ်ခတ်သတ်မှုဖြင့် တိုင်းပြည်တွင် နာမည်ဆိုးဖြင့် ကျော်ကြားပြီး သံဝါသပြုပြီး ကိုယ့်အဖော်ကို ပြန်သတ်သော ပင့်ကူနှင့် နှိုင်းယှဉ်ခြင်း ခံခဲ့ရသည်။

    သူမ၏အမှုမှာ ၁၃၅ ရက် ကြာမြင့်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ဂျပန်က ခုံသမာဓိအဖွဲ့နှင့် စစ်ဆေးသည့် စနစ်ကို စတင်ခဲ့ပြီးနာက်ပိုင်း ဒုတိမြောက် ရက်အကြာဆုံး စစ်ဆေးရသည့် အမှုဖြစ်သည်။

    တရားရုံးက ကာကီဟီမှာ ဒေါ်လာသန်းချီသည့် အသက်အာမခံကြေးကို သူမအမည်နှင့် ရရှိပြီးနောက်တွင် အဖော်အမျိုးသားများအား အဆိပ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

    သူမမှာ ပြီးခဲ့သည့် ၁၀ နှစ်အတွင်း ထိုနည်းလမ်းဖြင့် ယန်း ၁ ဘီလီယံ (ကန်ဒေါ်လာ ၈.၈ သန်း) ရရှိခဲ့ပြီး နောက်ပိုင်းတွင် စတော့ရှယ်ယာဈေးကွက်၌ အများအပြား ဆုံးရှုံးသွားခဲ့သည်။

    စုံတွဲများကို ချိန်းပေးသည့် ၀ဘ်ဆိုက်များမှတစ်ဆင့် ကြွယ်ဝပြီး ကလေးမရှိသော သက်ကြားအိုအမျိုးသားများ၊ နေမကောင်းသည့် အမျိုးသားများနှင့် ကာကီဟီက ဆက်သွယ်ကာ အယုံသွင်း သတ်ဖြတ်ခြင်းဖြစ်သည်။

    အမိန့်ချမှတ်သည့်အချိန်တွင် ကာကီဟီမှာ မည်သည့် တုန့်လှုပ်မှုမှ ပြသခဲ့ခြင်း မရှိပေ။

    Ref : CNA

  • လေထုညစ်ညမ်းမှုကြောင့် အိန္ဒိယမြို့တော်တွင် ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေငြာ

    လေထုညစ်ညမ်းမှုကြောင့် အိန္ဒိယမြို့တော်တွင် ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေငြာ

    နိုဝင်ဘာ ၈၊ ၂၀၁၇
    M-Media

    – အိန္ဒိယနိုင်ငံ ဒေလီမြို့မှာ လေထုညစ်ညမ်းမှုဟာ အန္တရာယ်ရှိတဲ့အဆင့်ကို ရောက်လာတဲ့အတွက် အိန္ဒိယ ဆေးဘက်ဆိုင်ရာအသင်း (IMA) က ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေငြာလိုက်ပြီး၊ စာသင်ကျောင်းတွေ ပိတ်ပစ်ဖို့လည်း အကြံပြုခဲ့ပါတယ်။

    “ဒါဟာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေပါ။ ဒါ့ကြောင့် လူတိုင်းဟာ အိမ်ထဲမှာ နေသင့်ပြီး အပြင်ထွက် လမ်းလျှောက်တာ၊ ပြေးတာမျိုးတွေ မလုပ်ရပါဘူး” လို့ IMA ရဲ့ အကြီးအကဲ ဒေါက်တာ ခရစ်ရှန် ကူမားရ် အဂ္ဂါဝါလ်က ပြောကြားခဲ့ပါတယ်။

    အင်္ဂါနေ့မနက်ပိုင်းမှာ အမေရိကန်သံရုံးရဲ့ လေထုညစ်ညမ်းမှု တိုင်းတာရေးစက်အရ အဆုတ်နဲ့ သွေးပတ်လမ်းကြောင်းမှာ ၀င်ရောက်နည်ထိုင်နိုင်တဲ့ အမှုန် PM 2.5 ရဲ့ အဆင့်ဟာ ဒေလီလေထုအတွင်း ၇၀၃ အထိ ရှိနေပြီး ဒါဟာ အန္တရာယ်ရှိတယ်လို့ အိန္ဒိယအာဏာပိုင်တွေ့ရဲ့ သတ်မှတ်မှု ၃၀၀ ထက် ၂ ဆလောက် မြင့်တက်နေတာ ဖြစ်ပါတယ်။

    နေ့လည်ပိုင်းမှာ ၇၂၈ အထိရောက်ခဲ့ပြီး ကျန်းမာရေး ဒေါင်ဒေါင်မြည်နေတဲ့ လူတစ်ယောက်တောင်မှ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဆိုးဆိုးဝါးဝါး အန္တရာယ်ရှိနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။

    ဒေလီဝန်ကြီးချုပ်က မြို့တော်ဟာ ဓတ်ငွေ့ခန်းဖြစ်လာနေပြီလို့ သတိပေးခဲ့ပြီး ပတ်ဝန်းကျင်ပြည်နယ်တွေမှာ စိုက်ခင်းမီးရှို့တာတွေနဲ့ ပတ်သက်လို့ အဖြေတစ်ခု ရှာရတော့မယ်လို့ ပြောကြားခဲ့ပါတယ်။

    IMA က ဒီလို လေထုညစ်ညမ်းမှုကြောင့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် ပိုမိုအန္တရာယ်ရှိတယ်လို့လည်း သတိပေးခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် ဆေးပညာဂျာနယ် Lancet က PM2.5 ကြောင့် တစ်နှစ်ကို အိန္ဒိယပြည်သူ သန်းဝက်လောက်ဟာ အချိန်မတိုင်ခင် သေဆုံးနေကြတယ်လို့ ဖော်ပြခဲ့ပါတယ်။

    Ref: Aljazeera

  • စစ်တပ်က တိုင်းရင်းသားများအပေါ်ဆက်လက်ကျူးလွန်နေမှုကို အမေရိကန်ရောက် ကရင်လူမျိုးများ ဆန့်ကျင်ဆန္ဒပြ

    စစ်တပ်က တိုင်းရင်းသားများအပေါ်ဆက်လက်ကျူးလွန်နေမှုကို အမေရိကန်ရောက် ကရင်လူမျိုးများ ဆန့်ကျင်ဆန္ဒပြ

    နိုဝင်ဘာ ၈၊ ၂၀၁၇
    M-Media

    ၂၀၁၅ နောက်ပိုင်း တိုက်ခိုက်မှုများကြောင့် ထွက်ပြေးရသည့် ကရင်တိုင်းရင်းသားမိသားစုတစ်ခု

     

    – တိုင်းရင်းသားလူနည်းစုတွေကို ဆက်လက်ဖိနှိပ်နေဆဲဖြစ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေ မြန်မြန်ဆန်ဆန်ဆောင်ရွက်ရေး ထရမ့်အစိုးရကို တောင်းဆိုတဲ့အနေနဲ့ အမေရိကန်ရောက် ကရင်တိုင်းရင်းသားတွေဟာ တနင်္လာနေ့က အမေရိကန်လွှတ်တော်အရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

    စစ်အာဏာရှင်အုပ်စိုးမှုတစ်လျှောက် အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ပြုလုပ်ခဲ့တဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အာဏာရပြီးနောက်ပိုင်း အိုဘားမားအစိုးရက အားလုံး ဖယ်ရှားပေးခဲ့တာပါ။

    ကရင်တိုင်းရင်းသားတွေကတော့ တိုင်းရင်းသားဒေသတွေမှာ စစ်တပ်က စနစ်တကျ တိုက်ခိုက်တာ၊ ရွာတွေကို မီးရှို့တာတွေ ဆက်လုပ်နေတဲ့အတွက် ပိတ်ဆို့မှုတွေ ပြန်လုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။

    “တရားလက်လွတ်သတ်ဖြတ်မှု၊ နှိပ်စက်မှု၊ လိင်အကြမ်းဖက်မှု၊ နေအိမ်တွေဖျက်ဆီးမှု အပါအ၀င် မြန်မာစစ်တပ်ဟာ ဆိုးဆိုးရွားရွား ကျူးလွန်မှုတွေအတွက် တာဝန်ရှိပါတယ်။ တိုင်းရင်းသားဒေသတွေမှာ ဗုံးကြဲနေတာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တာတွေကလည်း စစ်ပွဲ စည်းမျဉ်းစည်းကမ်းတွေကို ဆန့်ကျင်ပြီး လုပ်ဆောင်
    နေတာ ဖြစ်ပါတယ်” လို့ အမေရိကန်ရောက် ကရင်လူမျိုးများအသင်း (KOUSA) ရဲ့ ဥက္ကဌ Mu Kpaw က ပြောကြားခဲ့ပါတယ်။

    ၁၉၉၀ ပြည့်နှစ်အလယ်ပိုင်းမှာ မြန်မာနိုင်ငံကနေ ထွက်ပြေးလာရတဲ့ Mu Kpaw က ပြီးခဲ့တဲ့နှစ် အိုဘားမားအစိုးရရဲ့ ပိတ်ဆို့မှုတွေအားလုံး ဖယ်ရှားပေးခဲ့တဲ့အချိန်ကစလို့ မြန်မာစစ်တပ်ဟာ အတင့်ရဲလာတယ်လို့ ပြောကြားခဲ့ပါတယ်။

    ကရင်တိုင်းရင်းသားဝတ်စုံဝတ်ထားတဲ့ ဆန္ဒပြသူတွေဟာ လွှတ်တော်အရှေ့မှာ ကရင်အလံတွေကိုလည်း ဝှေ့ယမ်းခဲ့ကြပါတယ်။ လွှတ်တော်ရဲတပ်ဖွဲ့ကတော့ ဆန္ဒပြသူတွေဟာ ၅၀၀၀ ၀န်းကျင်လောက်ရှိပြီး မြန်မာစစ်တပ်ရဲ့ ‘လူမျိုးစိုလိုက်သုတ်သင်မှု’ ‘ဘာသာရေးဖိနှိပ်မှု’ ကို ရှုတ်ချတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ခဲ့ကြ
    တယ်လို့လည်း ဆိုပါတယ်။

    “ကျွန်တော်တို့ဟာ ကိုယ့်ပြည်နယ်၊ ကိုယ့်နယ်နမိတ်မှာ ငြိမ်းချမ်းစွာနေထိုင်ဖို့ ထိုက်တန်သူတွေပါ။ ဒါပေမယ့် မြန်မာစစ်တပ်ကလာပြီး ကျွန်တော်တို့မြေတွေကို အင်အားပြသိမ်းပိုက်တယ်။ အသက်ရှင်ဖို့ တောင်းပန်ခယနေရတာကလွဲလို့ ကျွန်တော်တို့မှာ ရွေးချယ်စရာ မရှိပါဘူး” လို့ Mu Kpaw က ဆိုပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အာရှကို ၁၂ ရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့အချိန်မှာ ကရင်တိုင်းရင်းသားတွေရဲ့ ဒီလိုဆန္ဒပြမှု ဖြစ်ပေါ်လာတာပါ။ ထရမ့်ဟာ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဖို့ ရှိနေပါတယ်။

    ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေအတွက် အမေရိကန်အစိုးရဟာ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ပိတ်ဆို့အရေးယူဖို့ ဆောင်ရွက်နေပြီး ပိတ်ဆို့မှုတွေ့ပြုလုပ်ရေး မူကြမ်းတစ်ခုကို ပြီးခဲ့တဲ့တစ်ပတ်မှာ အထက်လွှတ်တော်၊ အောက်လွှတ်တော် နှစ်ခုစလုံးမှာ တင်သွင်းခဲ့ပါတယ်။

    Ref: Freebeacon.com

  • ယခုနှစ်သည် ရာသီဥတုအပူပြင်းဆုံး နှစ်တစ်နှစ်အဖြစ် မှတ်တမ်းဝင်

    ယခုနှစ်သည် ရာသီဥတုအပူပြင်းဆုံး နှစ်တစ်နှစ်အဖြစ် မှတ်တမ်းဝင်

    နိုဝင်ဘာ ၇၊ ၂၀၁၇
    M-Media

    – ဟာရီကိန်းမုန်တိုင်းများ၊ မိုးခေါင်ရေရှားမှုများ၊ ရေကြီးမှုများကဲ့သို့ သာမန်ထက်ပိုမိုးဆိုးရွားလာပြီး လူသားကြောင့်ဖြစ်သော ရာသီဥတုပြောင်းလဲမှု လက္ခဏာတွင် ယခုနှစ်မှာ စံချိန်ပူပြင်းသည့် နှစ် ၃ နှစ်ထဲမှ တစ်နှစ်ဖြစ်သည်ဟု ကုလသမဂ္ဂက ယမန်နေ့တွင် ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြထားသည်။

    အဆိုပါအစီရင်ခံစာမှာ နိုဝင်ဘာ ၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဂျာမနီနိုင်ငံ ဘွန်းမြို့တွင် ကျင်းပမည့် ၂၀၁၅ ခုနှစ် ပဲရစ် ရာသီဥတုဆိုင်ရာ သဘောတူညီချက်ကို အင်တိုက်အားတိုက်ဆောင်ရွက်ရေး နိုင်ငံပေါင်း ၂၀၀ နီးပါး၏ အစည်းအဝေးအတွက် လမ်းညွှန်ချက်ပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။

    “၂၀၁၇ ခုနှစ်ဟာ အပူပြင်းဆုံးသုံးနှစ်ထဲမှာ ပါပါတယ်” ဟု ကုလသမဂ္ဂ ကမ္ဘာ့ မိုးလေ၀သဆိုင်ရာအဖွဲ့ချုပ် (WMO) က ဆိုပြီး ပျှမ်းမျှမြေမျက်နှာပြင်အပူချိန်မှာ ၂၀၁၆ ခုနှစ်ကထက် အနည်းငယ်ပိုလာပြီး အပူပြင်းဆုံးနှစ်ဖြစ်သည့် ၂၀၁၅ ခုနှစ်နှင့် အကြမ်းဖျင်း သွားတူနေသည်ဟု ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ၂၀၁၇ ခုနှစ်မှာ အလ်နီညိုမရှိဘဲ အပူပြင်းဆုံးနှစ်တစ်နှစ်အဖြစ် မှတ်တမ်းဝင်မည်ဟုလည်း ကုလက ဆိုသည်။ ၂၀၁၅ နှစ် ၂၀၁၆ ခုနှစ်များတွင် အလ်နီညိုကြောင့် ကမ္ဘာကြီးမှာ ပိုမိုပူပြင်းခဲ့သည်။

    ဘွန်းအစည်းအဝေးမှာ ကမ္ဘာ့ စက်မှုအင်အားကြီးနိုင်ငံများက လေနှင့် နေစွမ်းအင်တို့ကို ပိုမိုအသုံးပြု၍ ရုပ်ကြွင်းလောင်စာကို လျှော့ချရန် မူချထားသည့် ပဲရစ်သဘောတူညီချက်အတွက် နည်းဥပဒေထွက်ရေး ကြိုးပမ်းမှုလည်း ဖြစ်သည်။

    Ref: CNA

  • မြောက်ကိုရီးယားကိစ္စ လိုအပ်လျှင် စစ်အင်အားအပြည့်သုံးမည်ဟု ထရမ့် ထပ်ပြော

    မြောက်ကိုရီးယားကိစ္စ လိုအပ်လျှင် စစ်အင်အားအပြည့်သုံးမည်ဟု ထရမ့် ထပ်ပြော

    နိုဝင်ဘာ ၇၊ ၂၀၁၇
    M-Media

    – မိမိကိုယ်ကိုယ်နှင့် မဟာမိတ်များကို ကာကွယ်ရန်အတွက် လိုအပ်လာပါက စစ်အင်အားကို အပြည့်အ၀ အသုံးပြုသွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယနေ့တွင် မြောက်ကိုရီးယားကို သတိပေးလိုက်သည်။

    ဆိုးလ်မြို့သို့ ရောက်ရှိနေသည့် ထရမ့်က တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်နှင့် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး မြောက်ကိုရီးယား အာဏာရှင်က လူ့အသက်များအား ခြိမ်းခြောက်မှုကို တားဆီးရေးအတွက် လိုအပ်သည်များအားလုံးကို လုပ်ဆောင်ရင် ပြင်ဆင်ထားသည်ဟုလည်း ဆိုသည်။

    ထရမ့်က မြောက်ကိုရီးယားနှင့် ညှိနှိုင်းဆွေးနွေးသွားမည်မဟုတ်ဟု ပြောကြားခဲ့ပြီး ပြုံးယမ်အနေဖြင့် မှန်မှန်ကန်ကန်လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။

    “ဘုရားသိကြား မ,လို့ အမေရိကန်ရဲ့ စစ်အင်အားကို အပြည့်အ၀သုံးရတာမျိုး မဖြစ်ပါစေနဲ့” ဟု ထရမ့်က ဆိုသည်။

    ထရမ့်မှာ တောင်ကိုရီးယားရှိ အကြီးဆုံး အမေရိကန်စစ်အခြေစိုက်စခန်းကိုလည်း သွားရောက်ခဲ့သည်။

    တောင်ကိုရီးယားသမ္မတနှင့် ထရမ့်တို့၏ တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံ ကုန်သွယ်ရေးကိစ္စကို ခေတ်စနစ်နှင့်အညီ ပြန်လည်ညှိနှိုင်းရန်လည်း ဆွေးနွေးခဲ့သည်။

    အာရှသို့ ၁၂ ရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိနေသည့် ထရမ့်မှာ ဂျပန်နိုင်ငံသို့ သွားရောက်ပြီးနောက် ယနေ့တွင် တောင်ကိုရီးယားသို့ ရောက်ရှိလာခြင်းဖြစ်သည်။

    Ref: CNA