News @ M-Media

Author: Ko Lay

  • ရခိုင်အရေး ယုံကြည်ရသည့် စုံစမ်းစစ်ဆေးမှုလုပ်ရန် ကန်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

    ရခိုင်အရေး ယုံကြည်ရသည့် စုံစမ်းစစ်ဆေးမှုလုပ်ရန် ကန်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

    နိုဝင်ဘာ ၁၅၊ ၂၀၁၇
    M-Media

    – ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လုံခြုံရေးတပ်ဖွဲတွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေအတွက် ယုံကြည်ရလောက်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ခု ဆောင်ရွက်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ် တီလာဆန်က ဆော်သြလိုက်ပါတယ်။

    ဒီကနေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ တီလာဆန်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် ဒီလိုပြောကြားလိုက်တာဖြစ်ပါတယ်။

    “လတ်တလော ရခိုင်ပြည်နယ်က အကြမ်းဖက်မှုမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေနဲ့ တားမယ့်ဆီးမယ့်သူမရှိတဲ့ အရပ်သားလက်နက်ကိုင်တွေဟာ ရက်စက်ကြမ်းကြုတ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတယ်ဆိုတဲ့ ခိုင်လုံတဲ့သတင်းတွေအတွက် ကျွန်တော်တို့ တော်တော်လေးကို စိုးရိမ်သောက ဖြစ်မိပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ တီလာဆန်က ပြောပါတယ်။

    ယုံကြည်စိတ်ချရပြီး ဘက်လိုက်မှုမရှိတဲ့ စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်ဖို့နဲ့ ကျူးလွန်သူတွေကို အရေးယူဖို့အတွက်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။

    “ရခိုင်ပြည်နယ်မှာ ကျူးလွန်မှုတွေရှိတယ်ဆိုတဲ့ လတ်တလော ဆိုးဆိုးဝါးဝါး စွပ်စွဲချက်တွေက ယုံကြည်စိတ်ချရပြီး ဘက်လိုက်မှုကင်းတဲ့ စုံစမ်းစစ်ဆေးမှုတစ်ခုလုပ်ဖို့၊ လူ့အခွင့်အရေး ချိုးဖောက်သူတွေ၊ ကျူးလွန်သူတွေကို အရေးယူဖို့ တောင်းဆိုနေပါတယ်။ ကျွန်တော့်ရဲ့ တွေ့ဆုံမှုတွေမှာ ထိရောက်ပြီး လွတ်လပ်တဲ့၊ အားလုံးကို ခြုံငုံမိတဲ့ စုံစမ်းစစ်ဆေးမှုတစ်ခုကို မြန်မာအရပ်သားအစိုးရက ဦးဆောင်ပြီး၊ စစ်တပ်က အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်”

    ရခိုင်ပြည်နယ်က လူ့အဖွဲ့အစည်းအားလုံးကို အန္တရာယ်ကင်းပြီး လုံခြုံနေဖို့အတွက် အရပ်သားအစိုးရကို ကူညီဖို့ဟာ စစ်တပ်ရဲ့တာဝန် ဖြစ်တယ်လို့လည်း တီလာဆန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ကာကွယ်ရေးဦးစီးချုပ်ရဲ့ Facebook စာမျက်နှာမှာ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ရက်စ်တီလာဆန်ကို မွတ်စလင်တွေ ဘာ့ကြောင့်ထွက်ပြေးသလဲဆိုတဲ့ကိစ္စ၊ အကူအညီပေးရေးမှာ စစ်တပ်က အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ဘင်္ဂလားဒေ့ရှ်နဲ့ သဘောတူထားတဲ့ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် တိုးတက်မှုအခြေအနေ စသဖြင့် ‘ရခိုင်ပြည်နယ်ရဲ့ အခြေအနေအမှန်’ ကို ရှင်းပြခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    နောက်ဆက်တွဲအခြေအနေများ

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ ရခိုင်ပြည်နယ်အတွင်း စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပေမယ့် ဒါကို တုန့်ပြန်ရာမှာ ‘အပြစ်မဲ့အရပ်သားတွေကို ထိခိုက်နိုင်တဲ့ အင်အားအလွန်အကျွံသုံးတာ’ ကို ရှောင်ရှားဖို့ လိုအပ်တယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    လတ်တလောရခိုင်အရေးအတွက် စစ်တပ်ကပြုလုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုအစီရင်ခံစာဟာ အခုတစ်ပတ်အစောပိုင်းမှာ ထွက်ပေါ်လာခဲ့ပြီး လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒီအစီရင်ခံစာဟာ ‘ဖုံးကွယ်ဖို့ကြိုးစားမှု’ ဖြစ်တယ်လို့ သမုတ်ထားကြပါတယ်။

    ရိုဟင်ဂျာတွေရဲ့ ဒုက္ခသုက္ခနဲ့ပတ်သက်ပြီး အမေရိကန်လွှတ်တော်အမတ်တွေဟာ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့ စီစဉ်နေပြီး တီလာဆန်က မြန်မာနိုင်ငံအပေါ် ကျယ်ပြန့်တဲ့ ပိတ်ဆို့အရေးယူမှုမျိုး လုပ်မှာမဟုတ်ဘဲ စစ်ခေါင်းဆောင် တစ်ဦးချင်းစီကိုပဲ ပစ်မှတ်ထားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်နေတဲ့သူတွေအတွက် ကန်ဒေါ်လာ ၄၇ သန်း ထပ်မံအကူအညီပေးသွားမယ်လို့လည်း တီလာဆန်က ကတိပြုခဲ့ပါတယ်။ ဒါ့ကြောင့် ရခိုင်ကိစ္စအတွက် အမေရိကန်ရဲ့ ထောက်ပံ့ငွေဟာ ၈၇ သန်း ရှိလာမှာ ဖြစ်ပါတယ်။

    ဘင်္ဂလာဒေ့ရှ်ဖက်ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ရဲ့ သဘောတူညီချက်အတွက် အားတက်ရတယ်လို့လည်း ကန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • လေးဘက်နာရှိသူများ ဗိုက်တာမင် D ချို့တဲ့လျှင် ကျောက်ကပ်ပျက်ဆီးနိုင်

    လေးဘက်နာရှိသူများ ဗိုက်တာမင် D ချို့တဲ့လျှင် ကျောက်ကပ်ပျက်ဆီးနိုင်

    နိုဝင်ဘာ ၁၅၊ ၂၀၁၇
    M-Media

    – ခန္ဓာကိုယ်တွင်းမှာ ဗိုက်တာမင် D ဓာတ် ချို့တဲ့တာဟာ ကျောက်ကပ်အလုပ်မလုပ်မှု အန္တရာယ်ကို မြင့်တက်စေနိုင်တယ်လို့ အမေရိကန်ပြည်ထောင်စု Johns Hopkins တက္ကသိုလ်မှာ ပြုလုပ်တဲ့ လေ့လာမှုအသစ်တစ်ခုမှာ တွေ့ခဲ့ရပါတယ်။

    အထူးသဖြင့် အရေပြားလေးဘက်နာ (SLE) ရောဂါ ခံစားနေရတဲ့ လူနာတွေမှာ ဗိုက်တာမင် D ဓာတ် ချို့တဲ့ပြီဆိုရင် ခန္ဓာကိုယ်အတွင်းပိုင်းက ကလီဇာတွေ ပျက်ဆီးတာ၊ ကျောက်ကပ်ပျက်ဆီးတာ စတဲ့ ရောဂါတွေ ဖြစ်ပွားနိုင်တဲ့အန္တရာယ် ပိုမိုမြင့်တက်လာနိုင်တာပါ။

    SLE ရောဂါဖြစ်ရင် နောက်ဆက်တွဲအဖြစ် နှလုံးသွေးကြောရောဂါ၊ ခုခံအားဆိုင်ရာ ပြဿနာ၊ အဆုတ်နဲ့ ကျောက်ကပ်တွေလို ခန္ဓာကိုယ်မှာ အရေးပါတဲ့ အစိတ်အပိုင်းတွေကို ထိခိုက်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

    လေးဘက်နာရောဂါသည်တွေမှာ ဗိုက်တာမင် D ဓာတ် ချို့တဲ့လေ့ရှိပြီး တက္ကသိုလ်က ဒေါက်တာ ပီထရီနဲ့ အဖွဲ့ဟာ အရေပြားလေးဘက်နာ ရောဂါသည်တွေမှာ ဗိုက်တာမင် D ရဲ့ အရေးပါမှုကို ဆန်းစစ်ခဲ့ကြပါတယ်။

    အမျိုးသမီး ၉၂ ရာခိုင်နှုန်းပါဝင်တဲ့ လေးဘက်နာ လူနာဟောင်း ၁၃၉၂ ဦးရဲ့ ဆေးမှတ်တမ်းကို လေ့လာခဲ့တာဖြစ်ပြီး ပထမဆုံး ဆရာဝန်ကို လာပြစဉ်မှာ ခန္ဓာကိုယ်တွင်း အင်္ဂါတွေရဲ့ အခြေအနေနဲ့ နောက်ပိုင်း ရောဂါဆိုးဝါးလာတဲ့အချိန် အခြေအနေတွေကို နှိုင်းယှဉ်ခဲ့ကြတာပါ။ ဒီအထဲမှာ အသက်အရွယ်၊ လိင်နဲ့ မျိုးရိုးနောက်ခံ အကြောင်းအရာတွေကိုလည်း ထည့်တွက်ခဲ့ကြပါတယ်။

    အဲဒီလေ့လာမှုအရ ဗိုက်တာမင် D တော်တော်လေးနည်းတဲ့ လေးဘက်နာလူနာတွေမှာ ကျောက်ကပ်ပျက်ဆီးမှုအန္တရာယ် မြင့်မားတာကို တွေ့ရပြီ၊ အဲဒီလူနာတွေဟာ အသားအရေပျက်ဆီးမှု၊ ခန္ဓာကိုယ်အတွင်း အခြားသော အင်္ဂါတွေပျက်ဆီးမှု အန္တရာယ်လည်း မြင့်မားပါတယ်။

    ဒါကြောင့် လေးဘက်နာသမားတွေမှာ ကျောက်ကပ်ပြဿနာကို တားဆီးဖို့အတွက် ဗိုက်တာမင် D ဖြည့်စွက်မှုကို ပြုလုပ်ရမှာဖြစ်ပြီး ဒါဟာ သွေးခဲပိတ်တာ၊ နှလုံးသွေးကြောရောဂါတွေ သက်သာစေဖို့ အထောက်အကူဖြစ်စေတယ်လို့ အဖွဲ့ခေါင်းဆောင် ဒေါက်တာ ပီထရီက ပြောကြားခဲ့ပါတယ်။

    လက်ရှိမှာ သူတို့ရဲ့ တွေ့ရှိချက်တွေကို ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယေဂိုမှာ ကျင်းပပြုလုပ်တဲ့ American College of Rheumatology/Association of Rheumatology Health Professionals (ACR/ARHP) အဖွဲ့ ညီလာခံမှာ ဒေါက်တာပီထရီက တင်သွင်းခဲ့ပါတယ်။

    Ref: Medical News Today

  • ဇင်ဘာဘွေအာဏာရှင် မူဂါဘီကို စစ်တပ်က ထိန်းသိမ်း

    ဇင်ဘာဘွေအာဏာရှင် မူဂါဘီကို စစ်တပ်က ထိန်းသိမ်း

    နိုဝင်ဘာ ၁၅၊ ၂၀၁၇
    M-Media

    – အာဖရိကတိုက်ရှိ ဇင်ဘာဘွေနိုင်ငံမှ အာဏာရှင် ရောဘတ်မူဂါဘီကို စစ်တပ်က ထိန်းသိမ်းလိုက်သည်ဟု သိရသည်။

    ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့မနက်ပိုင်းက စစ်တပ်မှာ မြို့တော်ဟာရာရီရှိ နိုင်ငံပိုင်ရုပ်သံဌာန၊ အစိုးရအဆောက်အဦးများကို သိမ်းယူလိုက်ခြင်းဖြစ်ပြီး နိုင်ငံအတွင်း ယိုယွင်းလာသော လူမှုရေး၊ စီးပွားရေး အခြေအနေကို ထိန်းသိမ်းရန်အတွက်ဖြစ်သည်ဟု စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် အက်စ်ဘီ မိုယိုက ပြောကြား
    ခဲ့သည်။

    သို့သော်လည်း မိမိတို့မှာ အာဏာသိမ်းခြင်းမဟုတ်ဘဲ သမ္မတ ရောဘတ်မူဂါဘီနှင့် ၎င်း၏မိသားစုမှာ လုံခြုံပြီး ကောင်းမွန်စွာရှိနေကြောင်း၊ ၎င်းတို့၏ အန္တရာယ်ကင်းရေးကို အာမခံထားကြောင်း၊ ၎င်းပတ်ဝန်းကျင်ရှိ ရာဇ၀တ်ကောင်းများကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

    အသက် ၉၃ နှစ်အရွယ်ရှိ မူဂါဘီမှာ အာဖရိကတွင် သက်တမ်းအရင့်ဆုံး အာဏာရှင်ဖြစ်ပြီး ၁၉၈၀ ပြည့်နှစ်ကတည်းက နိုင်ငံအား အုပ်စိုးခဲ့ခြင်းဖြစ်သည်။

    မိုယိုက စစ်တပ်၏ ရည်ရွယ်ချက် အောင်မြင်ကာ နိုင်ငံမှာ ပုံမှန်အတိုင်း ပြန်ဖြစ်လာပြီဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် စိုးရိမ်စရာမလိုကြောင်း တိုက်တွန်းခဲ့သည်။

    မြို့တော် ဟာရာရီရှိ အရပ်သားများဒေသတွင် စစ်သားများ ကင်းလှည့်စောင့်ကြည့်နေကြပြီး ပြည်သူများမှာလည်း စိုးရိမ်မှုများ ရှိနေကြသည်။

    Ref: Aljazeera

  • ရခိုင်အရေး စစ်တပ်၏အစီရင်ခံစာ ယုတ္တိမရှိဟု ထိပ်တန်းလူ့အခွင့်အရေးအဖွဲ့ ပြော

    ရခိုင်အရေး စစ်တပ်၏အစီရင်ခံစာ ယုတ္တိမရှိဟု ထိပ်တန်းလူ့အခွင့်အရေးအဖွဲ့ ပြော

    နိုဝင်ဘာ ၁၅၊ ၂၀၁၇
    M-Media

    ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်များ

    – လတ်တလော ရခိုင်အရေးမှာ ရိုဟင်ဂျာအရပ်သားတွေ သတ်ဖြတ်ခံရခြင်း မရှိဘူးဆိုတဲ့ မြန်မာစစ်တပ်ရဲ့ အစီရင်ခံစာဟာ ယုတ္တိယုတ္တာမရှိဘဲ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးအနေနဲ့ ကိုယ်တိုင် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ရလိမ့်မယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ Human Rights Watch က ပြောကြားလိုက်ပါတယ်။

    သြဂုတ်လ ၂၅ ရက်နေ့ ရိုဟင်ဂျာလက်နက်ကိုင်တွေက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း စစ်တပ်ကပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်းမှာ ‘အပြစ်မဲ့အရပ်သားတွေ သေဆုံးမှု မရှိဘူး’ လို့ တနင်္လာနေ့နှောင်းပိုင်းက ထုတ်ပြန်တဲ့ မြန်မာစစ်တပ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    စစ်ဆင်ရေးအတွင်းမှာ ‘အကြမ်းဖက်သမား ၃၇၆’ ဦးကို နှိမ်နှင်းနိုင်တယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

    “အုံနဲ့ကျင်းနဲ့လုပ်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ပလပ်စေဖို့ မြန်မာစစ်တပ်ရဲ့ ယုတ္တိယုတ္တာမဲ့တဲ့ ကြိုးပမ်းမှုဟာ ဒီကိစ္စတွေအတွက် အကြောင်းအချက် ရှာဖွေဖို့နဲ့ တာဝန်ရှိတဲ့သူတွေကို ဖော်ထုတ်ရေး နိုင်ငံတကာရဲ့ စုံစမ်းစစ်ဆေးမှု ဘာ့ကြောင့် လိုအပ်နေလဲဆိုတာကို မီးမောင်းထိုးပြလိုက်တာ ဖြစ်ပါတယ်” လို့ Human Rights Watch အဖွဲ့ရဲ့ မနေ့က ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    မြန်မာအာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးမှုဟာ ယုံကြည်လို့မရဘူး၊ ယုံကြည်လို့ ရနိုင်မှာမဟုတ်ဘူးဆိုတာကို နောက်တစ်ကြိမ် ထပ်ပြလိုက်တာဖြစ်တယ်လို့လည်း Human Rights Watch အဖွဲ့က ပြောကြားခဲ့ပါတယ်။

    သြဂုတ်လနှောင်းပိုင်းက တစ်ကြော့ပြန်ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်က မတည်ငြိမ်မှုကြောင့် ရိုဟင်ဂျာ ၆ သိန်းကျော်လောက် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရတယ်လို့ ကုလက ဆိုပါတယ်။

    အဲဒီဒုက္ခသည်တွေကို ကုလ လက်အောက်ခံအဖွဲ့တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေ တွေ့ဆုံမေးမြန်းရာမှာ စစ်ဆင်ရေးအတွင်း မြန်မာစစ်တပ်ဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ အဓမ္မကျင့်မှုတွေ၊ နေအိမ်မီးရှို့မှုတွေ ရှိတယ်လို့ ပြောကြားခဲ့ကြတာပါ။

    ကုလပြောရေးဆိုခွင့်ရှိသူ ဂျယ်ရီမီလောရင့်က ဘင်္ဂလားဒေ့ရှ်မှာပြုလုပ်တဲ့ သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအတွင်း မြန်မာနိုင်ငံမှာ ရိုဟင်ဂျာအရပ်သားတွေကို သတ်ဖြတ်တဲ့၊ နှိပ်စက်တဲ့ အထောက်အထားတွေ အုံနဲ့ကျင်းနဲ့ တွေ့ခဲ့ရတယ်လို့ မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    Human Rights Watch အဖွဲ့ကတော့ မြန်မာအာဏာပိုင်တွေနဲ့ပတ်သက်ပြီး နိုင်ငံတကာ ရာဇ၀တ်ခုံရုံးက စုံမ်စမ်းစစ်ဆေးရမယ့်အချိန် တန်ပြီလို့ ကြေငြာချက်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    ရခိုင်ပြည်နယ်က ကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်ဟာ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ပိတ်ဆို့အရေးယူမှုတွေပြုလုပ်ဖို့ စီစဉ်နေပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်ဟာ ဒီကနေ့မှာ မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိနေပါတယ်။

    Ref: Aljazeera