News @ M-Media
Author: Ko Lay
  • ၂၀၁၆ ရွေးကောက်ပွဲတွင် ရုရှား၏ ခြေရှုပ်မှုနှင့်ပတ်သက်၍ ထရမ့်အကြံပေးဟောင်းများ တရားစွဲခံရ
    ၂၀၁၆ ရွေးကောက်ပွဲတွင် ရုရှား၏ ခြေရှုပ်မှုနှင့်ပတ်သက်၍ ထရမ့်အကြံပေးဟောင်းများ တရားစွဲခံရ
    အောက်တိုဘာ ၃၁၊ ၂၀၁၇
    M-Media
    ပေါလ် မာနာဖို့တ် (၀ဲ) နှင့် ရစ်ဂိတ် (ယာ)
    – ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲ၌ ရုရှား၏ ၀င်ရောက်စွက်ဖက်မှုတွင် ပူးပေါင်းပါဝင်မှု၊ ငွေကြေးခ၀ါချမှုများဖြင့် FBI က သမ္မတထရမ့်၏ အကြံပေးဟောင်း ၂ ဦးကို တရားစွဲဆိုခဲ့သည်ဟု သိရသည်။
    ထရမ့်၏ မဲဆွယ်ရေးအကြီးအကဲဟောင်း ပေါလ် မာနာဖို့တ်နှင့် ၎င်း၏ စီးပွားရေးမိတ်ဖက်ဟောင်း ရစ်ဂိတ်တို့ ဖြစ်ကြပြီး ယမန်နေ့တွင် FBI သို့ လာရောက်အဖမ်းခံခဲ့သည်။
    အမေရိကန်တရားရေးဌာနက ၎င်းတို့နှစ်ဦးကို အမေရိကန်နိုင်ငံအပေါ် ပူးပေါင်းကြံစည်မှု၊ ငွေကြေးခ၀ါချမှုနှင့် အခြားသော ဘဏ္ဍာရေးစွဲချက်များအပါအ၀င် စုစုပေါင်း စွဲချက် ၂၁ ခုဖြင့် တရားစွဲဆိုထားသည်ဟု ပြောကြားခဲ့သည်။
    ယခုစွဲချက်မှာ ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ထရမ့်၏ မဲဆွယ်ရေးအဖွဲ့နှင့် ပူးပေါင်းကာ ရုရှားက ၀င်ရောက်ချယ်လှယ်ခဲ့သည်ဆိုသည့် သတင်းများအတွက် အထူးစုံစမ်းစစ်ဆေးရေးမှူး ရောဘတ်မူလာ ဦးဆောင်သည့် စုံစမ်းစစ်ဆေးမှု၏ ပထမဆုံး တရားစွဲဆိုမှုလည်းဖြစ်သည်။
    မာနာဖို့တ်နှင့် ဂိတ်တို့ နှစ်ဦးစလုံးမှာ စွဲချက်များအတွက် အပြစ်မရှိဟု ပြောကြားခဲ့သည်။
    မာနာဖို့တ်ကို အာမခံ ကန်ဒေါ်လာ ၁၀ သန်းဖြင့်လည်းကောင်း၊ ဂိတ်ကို ၅ သန်ဖြင့်လည်းကောင်း ပြန်လွှတ်ပေးခဲ့ပြီး နေအိမ်ကျယ်ချုပ် ချထားသည်။ သို့သော်လည်း ထရမ့်၏ မဲဆွယ်ရေးအဖွဲ့နှင့် ဆက်စပ်သည့် စွဲချက်များကို မတွေ့ရသေးပေ။
    Ref: Ajazeera
  • ကာတာလိုနီယာ ခွဲထွက်ရေးကြိုးပမ်းသူများကို စပိန်တရားစွဲမည်
    ကာတာလိုနီယာ ခွဲထွက်ရေးကြိုးပမ်းသူများကို စပိန်တရားစွဲမည်
    အောက်တိုဘာ ၃၁၊ ၂၀၁၇
    M-Media
    – ထုတ်ပယ်ခံလိုက်ရသည့် ကာတာလိုနီယာအစိုးရ တစ်ဖွဲ့လုံးအား ရာဇ၀တ်မှုများဖြင့် တရားစွဲဆိုသွားမည်ဟု စပိန်ရှေ့နေချုပ် ဂျိုဆေး မန်နျူယဲလ် မာဇာက ယမန်နေ့တွင် အတည်ပြု ပြောကြားလိုက်သည်။
    စွဲချက်များတွင် ဆူပူရန်လှုံ့ဆော်ခြင်း၊ သူပုန်ထခြင်း၊ ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားလုပ်ခြင်း စသည်တို့ ပါဝင်မည်ဖြစ်ပြီး ပထမနှစ်ခုမှာ ထောင်ဒဏ် ၁ နှစ်မှ နှစ် ၃၀ အထိ ချမှတ်နိုင်မည့် ပြစ်မှုကြီးများဖြစ်သည်။
    ထုတ်ပယ်ခံလိုက်ရသည့် ကာ့တ်လန်ဒေသ သမ္မတ ကာလက်စ် ပစ်ဂ်ျဒီမောင့်၊ ဒုတိယသမ္မတ အိုရီလို ဂျွန်ကွာရက်စ်နှင့် စပိန်မှခွဲထွက်ကြောင်း ကြေငြာကာ ဖွဲ့စည်းပုံအခြေခံဥပဒေပြဿနာကို ဖြစ်ပေါ်စေခဲ့သူများအားလုံး တရားစွဲဆိုခံရမည်ဟုလည်း ရှေ့နေချုပ်မာဇာက ပြောကြားခဲ့သည်။
    သောကြာနေ့က ကာတာလိုနီယာဒေသ လွှတ်တော်မှာ စပိန်နိုင်ငံမှ ခွဲထွက်ကြောင်း ကြေငြာခဲ့ပြီးနောက် စပိန်အစိုးရမှာ ဒေသအား ဗဟိုအစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ထားရှိရေး ဆောင်ရွက်ခဲ့ပြီး ကာ့တ်လန်အစိုးရအဖွဲ့အား ထုတ်ပယ်ခဲ့သည်။
    လက်ရှိတွင် ကာ့တ်လန်ခေါင်းဆောင် ကာလက်စ် ပစ်ဂ်ျဒီမောင့်မှာ ဘလ်ဂျီယံသို့ ရောက်ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေပြီး ဘလ်ဂျီယံ လူဝန်မှုကြီးကြပ်ရေးဝန်ကြီးက နိုင်ငံရေးခိုလှုံခွင့် ပေးမည်မဟုတ်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။
    Ref: Aljazeera
  • မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်သစ်အဖြစ် နော်ဝေနိုင်ငံသားကို ကုလခန့်အပ်
    မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်သစ်အဖြစ် နော်ဝေနိုင်ငံသားကို ကုလခန့်အပ်
    အောက်တိုဘာ ၃၁၊ ၂၀၁၇
    M-Media
    – မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီ ဌာနေကိုယ်စားလှယ်အဖြစ် နော်ဝေနိုင်ငံသား အတွေ့အကြုံရင့်ကျက်သူ နုအော့စ်ဘီကို ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။
    အော့စ်ဘီဟာ ကုလဌာနေကိုယ်စားလှယ်အဖြစ် အာဖဂန်နစ္စတန်၊ အရှေ့တီမောတို့အပါအ၀င် နိုင်ငံတော်တော်တော်များများမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ကုလမှာ လုပ်သက် ၁၁ နှစ်ကျော်ရှိသူ ဖြစ်ပါတယ်။ သက်တမ်းပြည့်သွားတဲ့ ဌာနေကိုယ်စားလှယ်ဟောင်း ရီနာတာ လော့ဂ်-ဒက်ဆဲလီယန်ရဲ့ နေရာကို အော့စ်ဘီက အစားဝင်မှာ ဖြစ်ပါတယ်။
    ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ မြန်မာအစိုးရအကြားမှာ ပြီးခဲ့တဲ့လတွေအတွင်း တင်းမာမှုတွေ မြင့်တက်လာခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ အထူးသဖြင့် လူ့အခွင့်အရေးကောင်စီအပေါ် စိတ်ပျက်မိတယ်လို့ သံတမန်တွေနဲ့ နှစ်ကိုယ်ကြားတွေ့ဆုံမှုမှာ ပြောကြားခဲ့တာတွေလည်း ရှိပါတယ်။
    ဒက်ဆဲလီယန်ဟာ ၂၀၁၄ ခုနှစ်ကစပြီး မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးကုလရဲ့ လုပ်ငန်းတာဝန်တွေကို ဂရုမစိုက်ဘဲ မြန်မာအစိုးရနဲ့ နီးကပ်တဲ့ဆက်ဆံရေးရရှိဖို့သာ အလေးထားတယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။
    သူမကို ကုလရုံးချုပ်မှာ တာဝန်ပေးသွားမယ်လို့ ဆိုပါတယ်။
    Ref: Reuters
  • ပါလက်စတိုင်းရောက် ဗြိတိန်တက်ကြွလှုပ်ရှားသူများကို အစ္စရေးလူအုပ်က တိုက်ခိုက်
    ပါလက်စတိုင်းရောက် ဗြိတိန်တက်ကြွလှုပ်ရှားသူများကို အစ္စရေးလူအုပ်က တိုက်ခိုက်
    အောက်တိုဘာ ၃၁၊ ၂၀၁၇
    M-Media
    – ပါလက်စတိုင်းများ ပိုင်နက်ဆုံးရှုံးမှု စတင်ခဲ့သည့် ဘဲလ်ဖိုးကြေငြာချက်အတွက် တောင်းပန်သည့်အနေဖြင့် လန်ဒန်မှ ပါလက်စတိုင်းကို လမ်းလျှောက်ခဲ့သည့် ဗြိတိန်တက်ကြွလှုပ်ရှားသူများကို အစ္စရေး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပါလက်စတိုင်းပိုင်နက်တွင် နေထိုင်သည့် အစ္စရေးများက ၀ိုင်းဝန်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု သိ
    ရသည်။
    ဗြိတိန်မှ တက်ကြွလှုပ်ရှားသူ ၆၀ မှာ ၁၃၅ ရက်ကြာ လမ်းလျှောက်ခဲ့ပြီးနောက် ပါလက်စတိုင်းသို့ တနင်္ဂနွေနေ့တွင်ရောက်ရှိခဲ့ပြီး ပါလက်စတိုင်း အာဏာပိုင်များနှင့် တက်ကြွလှုပ်ရှားသူများက ကြိုဆိုခဲ့သည်။
    သို့သော်လည်း အလ်-ခါလီမြို့ အရောက်တွင် အစ္စရေးတပ်ဖွဲ့ဝင်များနှင့် ပါလက်စတိုင်းပိုင်နက်များရှိ အစ္စရေး၏ တရားမ၀င်အိမ်ယာများတွင် နေထိုင်သူများက ဗြိတိန်တက်ကြွလှုပ်ရှားများကို တိုက်ခိုက်ခဲ့ပြီး ခရီးမဆက်ရန် ပိတ်ပင်ခဲ့သည်။
    အလ်-ခါလီအုပ်ချုပ်ရေးမှူး နီဒဲလ် အလ်-ဂျာဘာရီလည်း လူအုပ်၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး၊ အစ္စရေးလူအုပ်၏ တောင်းဆိုမှုကြောင့် အလ်-ဂျာဘာရီ၏ အကြံပေးကို အစ္စရေးတပ်ဖွဲ့က နာရီအတော်ကြာ ထိန်းသိမ်းခဲ့သည်။
    ဥရောပမှဂျူးများအား ပါလက်စတိုင်းပိုင်နက်ကို ခွဲပေးမည်ဟု ၁၉၁၇ ခုနှစ်တွင် ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး ဘဲလ်ဖိုးက ဥရောပ ဂျူးအဖွဲ့အစည်းကို ကတိပြုခဲ့သည့် ဘဲလ်ဖိုးကြေငြာချက်အတွက် တောင်းပန်ရန် ဗြိတိန်အစိုးရက ငြင်းဆိုခဲ့ပြီးနောက် ဗြိတိန်တက်ကြွလှုပ်ရှားသူများက ထိုကြေငြာချက်ကို ဆန့်ကျင်သည့် လှုပ်ရှား
    မှုကို ပြုလုပ်ခဲ့သည်။
    Ref : Press TV
  • မြောက်ကိုရီးယားမှာ ကမ္ဘာကြီးအတွက် ခြိမ်းခြောက်မှုဟု နေတိုးအဖွဲ့အကြီးအကဲပြော
    မြောက်ကိုရီးယားမှာ ကမ္ဘာကြီးအတွက် ခြိမ်းခြောက်မှုဟု နေတိုးအဖွဲ့အကြီးအကဲပြော
    အောက်တိုဘာ ၃၁၊ ၂၀၁၇
    M-Media
    – မြောက်ကိုရီးယားမှာ ကမ္ဘာကြီးအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်ဟု ဂျပန်သို့ရောက်ရှိနေသည့် နေတိုးအဖွဲ့ အကြီးအကဲ ဂျန် စတိုလ်တန်ဘာ့ဂ်က ပြောကြားလိုက်ပြီး မြောက်ကိုရီးယားအပေါ် ပိုမိုတင်းကြပ်သည့် ပိတ်ဆို့မှုများအား ထောက်ခံသည်ဟု ဆိုသည်။
    တိုကျိုသို့ ယမန်နေ့က ရောက်ရှိလာသည့် စတိုလ်တန်ဘာ့ဂ်မှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ ကာကွယ်ရေးဝန်ကြီးအပါအ၀င် အကြီးတန်းတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။
    “မြောက်ကိုရီးယားရဲ့ ရန်စမှု၊ နမော်နမဲ့ပြုမှုကို ခင်ဗျားတို့စိုးရိမ်သလို ကျွန်တော်တို့လည်း စိုးရိမ်ပါတယ်။ ဒါဟာ တကယ့်ကို အန္တရာယ်ရှိပြီး ဂျပန်အပါအ၀င် ဒေသတွင်း တိုင်းပြည်တွေအတွက် တိုက်ရိုက်ခြိမ်းခြောက်မှုသာမက ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုလည်း ဖြစ်ပါတယ်”
    ပြီးခဲ့တဲ့လအနည်းငယ်အတွင်း မြောက်ကိုရီးယားသည် ခြောက်ကြိမ်မြောက် နျူကလီးယားဒုံကျည်နှင့် အမေရိကန်ပြည်အထိ ရောက်ရှိနိုင်သည့် တာဝေးပစ်ဒုံးကျည်များကို ပစ်ခတ်စမ်းသပ်ခဲ့ပြီးနောက် ကမ္ဘာကြီးက စိုးရိမ်လာခဲ့ပြီး၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ကလည်း စစ်မက်ပြုရေးနှင့် ပုဂ္ဂိုလ်ရေးစော်ကားမှုတို့ကို အပြန်အလှန် ပြုလုပ်ခဲ့သည်။
    ပြီးခဲ့သည့်တစ်လအတွင်း ဂျပန်နိုင်ငံမြောက်ပိုင်းသို့ မြောက်ကိုရီးယားက ဒုံးကျည်နှစ်စင်းပစ်လွှတ်ခဲ့ပြီး ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မြောက်ကိုရီးယားအပေါ် ပိုမိုတင်းကြပ်သည့် အရေးယူမှုပြုလုပ်ရန် ဆော်သြခဲ့သည်။
    ထရမ့်က သံတမန်ရေးကြိုးပမ်းမှုများမှာ မအောင်မြင်ဟု ပြောကြားခဲ့ပြီးနောက် နေတိုးအဖွဲ့ အကြီးအကဲက မြောက်ကိုရီးယားအပေါ် စစ်ရေးဖြင့် အရေးယူလျှင် နောက်ဆက်တွဲဆိုးကျိုးများမည်ဟု သတိပေးခဲ့သည်။
    ”စစ်အင်အားသုံးစရာမလိုပါဘူး။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ငြိမ်းချမ်းတဲ့အဖြေတစ်ခုထွက်ဖို့ ဖြစ်ပါတယ်”
    Ref : CNA