News @ M-Media

Author: Ko Lay

  • နိုင်ငံကာကွယ်ရေးအတွက် ဒုံးကျည်ဆက်ထုတ်မည်ဟု အီရန်သမ္မတ ပြော

    နိုင်ငံကာကွယ်ရေးအတွက် ဒုံးကျည်ဆက်ထုတ်မည်ဟု အီရန်သမ္မတ ပြော

    အောက်တိုဘာ ၃၁၊ ၂၀၁၇
    M-Media

    – မိမိတို့အနေဖြင့် ကာကွယ်ရေးရည်ရွယ်ချက်အတွက် ဒုံးကျည်များ ဆက်လက်ထုတ်လုပ်သွားမည်ဖြစ်ပြီး အီရန်၏ ဒုံးကျည်စီမံကိန်းမှာ နိုင်ငံတကာ သဘောတူညီချက်ကို ချိုးဖောက်သည်ဟု မယုံကြည်ကြောင်း အီရန်သမ္မတ ဟာဆန် ရူဟာနီက ပြောကြားလိုက်သည်။

    တနင်္ဂနွေနေ့က လွှတ်တော်မိန့်ခွန်းတွင် ထိုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်ပြီး ဒုံးကျည်ကိစ္စအတွက် အမေရိကန်နှင့် ညှိနှိုင်းဆွေးနွေးရန် တိုက်တွန်းမှုမှာ ရူးနှမ်းခြင်းသာဖြစ်သည်ဟု သမ္မတက ဆိုသည်။

    “ကျွန်တော်တို့ အရင်ကလည်း ဒုံးကျည်တွေထုတ်ခဲ့တယ်၊ အခုလည်း လုပ်တုန်းပဲ၊ ဆက်လုပ်ဖို့လည်း ရှိနေပါတယ်။ ဒါဟာ ကုလရဲ့ ဆုံးဖြတ်ချက် ၂၂၃၁ နဲ့ မဆန့်ကျင်ပါဘူး” ဟု ရူဟာနီ၏ ပြောကြားမှုကို ကိုးကား၍ အစိုးရ ရုပ်မြင်သံကြားမှ ထုတ်လွှင့်ခဲ့သည်။

    အိုဘားမားအစိုးရလက်ထက်တွင် ရရှိခဲ့သည့် အီရန်၏ ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ကို ဒေါ်နယ်ထရမ့်က ထပ်တလဲလဲ ဝေဖန်ခဲ့ပြီး အီရန်မှာ ထိုစာချုပ်ကို လိုက်နာခြင်းမရှိဟု ယခုလအစောပိုင်းတွင် ပြောကြားခဲ့သည်။

    စာချုပ်အရ တီဟီရန်သည် ၎င်း၏နျူကလီးယားအစီအစဉ်ကို အကန့်အသတ်အနေဖြင့် ထားရှိရမည် ဖြစ်ပြီး အပြန်အလှန်အားဖြင့် စီးပွားရေးပိတ်ဆို့မှုများကို အနောက်နိုင်ငံများက ဖယ်ရှားပေးရမည်ဖြစ်သည်။

    သဘောတူညီချက်တွင် ဒုံးကျည်ကိစ္စ မပါဝင်သော်လည်း အမေရိကန်က အီရန်၏ ဒုံးကျည်ထုတ်လုပ်မှုမှာ ကုလ၏ ဆုံးဖြတ်ချက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့သည်။ အီရန်ကမူ ထိုစွပ်စွဲချက်ကို ငြင်းဆိုထားပြီး မိမိတို့၏ ဒုံးကျည်များမှာ နျူထိပ်ဖူး တပ်ဆင်ရန်မဟုတ်ဟု ပြောကြားထားသည်။

    Ref : Aljazeera

     

  • ကမ္ဘာ့ ပထမဆုံး သံလမ်းမဲ့ စမတ်ရထား တရုတ်တွင် စတင်စမ်းသပ်

    ကမ္ဘာ့ ပထမဆုံး သံလမ်းမဲ့ စမတ်ရထား တရုတ်တွင် စတင်စမ်းသပ်

    အောက်တိုဘာ ၃၀၊ ၂၀၁၇
    M-Media

    – တရုတ်နိုင်ငံရဲ့ ပထမဆုံး သံလမ်းမဲ့ရထားကို ဟူနန်ပြည်နယ် ကျူးကျိုးမြို့မှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း စမ်းသပ်ခဲ့တယ်လို့ သိရပါတယ်။

    ကမ္ဘာ့ပထမဆုံး စမတ်ရထားလို့ အမည်ပေးထားတဲ့ Autonomous Rail Rapid Transit (ART) စနစ်မှာ ရထားတစ်စီးဟာ တစ်နာရီကို ကီလိုမီတာ ၇၀ မောင်းနှင်းနိုင်မှာဖြစ်ပြီး ရထားတွဲ ၃ ခုမှာ လူ ၃၀၀ အထိ တင်ဆောင်နိုင်မှာပါ။

    ကမ္ဘာ့အကြီးဆုံး ရထားထုတ်လုပ်တဲ့ ကုမ္ပဏီတွေထဲကတစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ CRRC ကုမ္ပဏီက ဖန်တီးတဲ့ အဲဒီ သံလမ်းမဲ့ရထားကို ဇွန်လမှာ ပြသခဲ့ပြီး ကျူးကျိုးပြည်နယ်မှာ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် ပိုကောင်းလာစေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အဓိကမြို့ကြီးတွေမှာ အသုံးပြုသွားဖို့ ရှိနေပါတယ်။

    ရထားဟာ ကားလမ်းပေါ်မှာ ရေးဆွဲထားတဲ့ ၃.၇၅ မီတာအကျယ် အဖြူရောင်မျဉ်းပြတ်အတိုင်း ပြေးဆွဲမှာဖြစ်ပြီး ၁၀ မိနစ်အားသွင်းရုံနဲ့ ၂၅ ကီလိုမီတာ မောင်းနှင်နိုင်ပါတယ်။ သံဘီးတွေအစား ရာဘာဘီးတွေကို အသုံးပြုတဲ့ အဲဒီရထားဟာ ၂၅ နှစ်လောက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

    သတင်းအချက်အလက်ရယူဖို့၊ ကားလမ်းပေါ်က အဖြူရောင်လိုင်းတွေကို သိရှိနိုင်ဖို့အတွက် အဆင့်မြင့်နည်းပညာကို အသုံးပြုထားပါတယ်။

    ဒီ ART စနစ်ဟာ တည်ဆောက်မှုဟာ သာမန် ရထားလိုင်းတွေထက် တော်တော်လေးဈေးသက်သာပြီး တစ်ကီလိုမီတာအတွက် ယွမ် သန်း ၄၀၀ ကနေ ယွမ် သန်း ၇၀၀ လောက်သာ ကုန်ကျတယ်လို့ ဆိုပါတယ်။

    လက်ရှိ ကျူးကျိုးမြို့မှာ စမ်းသပ်ခဲ့ပြီးတဲ့နောက် လာမယ့်နှစ်မှာ အများပြည်သူအတွက် ပြေးဆွဲဖို့ စီစဉ်ထားပါတယ်။

    Ref: CNA

  • ရခိုင်အစွန်းရောက်များကို ကူညီမှုနှင့် အဖမ်းခံထားရသည့် ဦးဦးချစ်မောင်ထံမှ အရေးပါသည့်သတင်းများ ရရှိဟု ဘင်္ဂလားဒေ့ရှ်ပြော

    ရခိုင်အစွန်းရောက်များကို ကူညီမှုနှင့် အဖမ်းခံထားရသည့် ဦးဦးချစ်မောင်ထံမှ အရေးပါသည့်သတင်းများ ရရှိဟု ဘင်္ဂလားဒေ့ရှ်ပြော

    အောက်တိုဘာ ၃၀၊ ၂၀၁၇
    M-Media

    ဓာတ်ပုံ – BBC

    – ရခိုင်ပြည်နယ်မှာ အကြမ်းဖက်ဝါဒကို ကူညီမှုနဲ့ အဖမ်းခံထားရတဲ့ ရခိုင်လူမျိုး ဦးဦးချစ်မောင်ကို ရမန် ၃ ရက်ယူပြီးတဲ့နောက် ထောင်ကို ပို့လိုက်ပြီး၊ စစ်ကြောမှုအတွင်းမှာ အရေးပါတဲ့ သတင်းအချက်အလက်တွေ ရခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းတွေက ဖော်ပြပါတယ်။

    တနင်္ဂနွေနေ့မှာ လေဆိပ်ရဲစခန်းက လက်ထောက် စစ်ဆေးရေးမျူး ဖာရ်ဟဂ်ျ ဟိုစိန်က ဦးဦးချစ်မောင်ကို တရားရုံးခေါ်ဆောင်လာခဲ့ပြီး သူဟာ အရေးပါတဲ့ အချက်အလက်တွေကို ရမန်ရက်အတွင်းမှာ ပြောကြားခဲ့ကြောင်း၊ စစ်ကြောရေး သေသေချာချာလုပ်နိုင်ဖို့အတွက် ထောင်ကိုပို့ဖို့ လိုအပ်ကြောင်း လျှေက်ထားခဲ့ပါတယ်။

    ဦးဦးချစ်မောင် ဦးဆောင်နေတဲ့ ရခိုင်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (RDF) ဟာ မြန်မာနိုင်ငံ ရခိုင်လူ့အဖွဲ့အစည်းက အစွန်းရောက်တွေကို ကူညီနေတယ်လို့ ရဲတပ်ဖွဲ့ရင်းမြစ်တွေက ဆိုပါတယ်။ သူ့ရဲ့ဇနီး ဒေါ်စောမြရာဇာလင်းဟာ ရခိုင်လွတ်မြောက်ရေးပါတီ ALP မှာ ပါဝင်နေသူဖြစ်ပါတယ်။

    ALP ဟာ လက်ရှိဖြစ်ပွားနေတဲ့ ရခိုင်ပြဿနာမှာ ရိုဟင်ဂျာဆန့်ကျင်ရေးသဘောထားရှိတဲ့အဖွဲ့ ဖြစ်ပြီး RDF ဟာ ALP ပါတီကို ရန်ပုံငွေထောက်ပံ့နေတယ်လို့ ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ရကြောင်း အဲဒီ သတင်းရင်းမြစ်က ဆိုပါတယ်။

    အောက်တိုဘာ ၁၈ ရက်နေ့က Hazrat Shahjalal အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မြန်မာနိုင်ငံကိုသွားမယ့် အသက် ၆၇ နှစ်အရွယ် ဦးဦးချစ်မောင်ကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ရဲ့ Rapid Action Battalion (RAB) ဌာနက ဖမ်းဆီးခဲ့တာဖြစ်ပြီး အကြမ်းဖက်မှုနဲ့ တရားစွဲဆိုထားပါတယ်။

    လေဆိပ်ရဲတပ်ဖွဲ့တာဝန်ခံ နူအက်ဇ်မန်က သံယဖြစ်ဖွယ် ဓာတ်ပုံတွေနဲ့ စာရွက်စာတမ်းတွေကို ဦးဦးချစ်မောင်ရဲ့ လက်ပ်တော့မှာ တွေ့ခဲ့ရပြီးတဲ့နောက် ဖမ်းဆီးခဲ့တာဖြစ်ပြီး အဲဒီဓာတ်ပုံတွေထဲမှာ ဒေါ်စောမြရာဇာလင်း လက်နက်တွေ ကိုင်ထားတဲ့ပုံလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

    “ဦးဦးချစ်မောင်နဲ့ ဒေါ်စောမြရာဇာတို့ဟာ ထောက်လှမ်းရေးသတင်းအချက်အလက်တွေစုစည်းပြီး အိမ်နီးချင်းနိုင်ငံက သက်ဆိုင်ရာအာဏာပိုင်တွေကို ပို့ဆောင်လေ့ရှိပါတယ်။ သူတို့ဟာ ALP ကိုလည်း ငွေကြေးထောက်ပံ့မှုတွေလုပ်ပါတယ်။ ကျွန်တော်တို့ဟာ သူ့ထံက အရေးပါတဲ့သတင်းအချို့ ရခဲ့ပြီး အဲဒါကို စီစစ်နေပါတယ်။ စုံစမ်းစစ်ဆေးနေတဲ့အတွက် ဒီသတင်းအချက်အလက်တွေကို ထုတ်ပြန်လို့ မရသေးပါဘူး”

    Ref: Dhaka Tribune

  • အီရန်မှာ နျူသဘောတူညီချက်ကို လိုက်နာနေသည်ဟု IAEA အကြီးအကဲ ထပ်ပြော

    အီရန်မှာ နျူသဘောတူညီချက်ကို လိုက်နာနေသည်ဟု IAEA အကြီးအကဲ ထပ်ပြော

    အောက်တိုဘာ ၃၀၊ ၂၀၁၇
    M-Media

    အီရန်သမ္မတ ရူဟာနီနှင့် တွေ့ဆုံခဲ့သည် အေမာနို

    – ၂၀၁၅ ခုနှစ်က အင်အားကြီး ၆ နိုင်ငံနှင့် သဘောတူညီချက် ရရှိခဲ့သည့် နျူသဘောတူညီချက်ကို အီရန်က လိုက်နာလျက်ရှိသည်ဟု နိုင်ငံတကာအနုမြူအေဂျင်ဆီ (IAEA) အကြီးအကဲ ယူကီယာ အေမာနိုက ယမန်နေ့တွင် ထပ်မံပြောကြားလိုက်သည်။

    တီဟီရန်သို့ရောက်ရှိကာ စစ်ဆေးပြီးနောက် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်မှာ JCPOA သဘောတူညီချက်ကို လိုက်နာမှုမရှိဟု ပြောကြားခဲ့ပြီးနောက် ပထမဆုံးအကြိမ် အေမာနိုက အီရန်သို့ ရောက်လာခြင်းဖြစ်သည်။

    “၂၀၁၆ ခုနှစ် ဇန်န၀ါရီလကတည်းက JCPOA သဘောတူညီချက်ရဲ့ နျူကလီးယား ကတိက၀တ်တွေကို အီရန်ရဲ့ လိုက်နာမှုနဲ့ပတ်သက်ပြီး IAEA ဟာ စောင့်ကြည့်အတည်ပြုနေပါတယ်။ JCPOA ဟာ အသိအမှတ်ပြုဖို့အတွက် အရေးပါတဲ့ အောင်မြင်မှုတစ်ခုပဲလို့ IAEA က ယုံကြည်ပါတယ်။ JCPOA အရ ကတိပြုထားတဲ့ နျူကတိက၀တ်တွေကို အီရန်က အကောင်အထည်ဖော်နေတယ်လို့ IAEA က ပြောလိုပါတယ်” ဟု အေမာနိုက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    အီရန်မှာ အဆိုပါသဘောတူညီချက်ကို ချိုးဖောက်ခြင်းမရှိဟု ယခင်ကလည်း IAEA က ပြောကြားခဲ့သည်။

    ထရမ့်မှာ မဲဆွယ်ပွဲကတည်းက အီရန်နှင့် နျူသဘောတူညီချက်ကို ဝေဖန်ခဲ့ပြီး ယခုလအစောပိုင်းက အီရန်မှာ သဘောတူညီချက်၏ သဘောတရားကို လိုက်နာခြင်းမရှိဟု ပြောကြားခဲ့သည်။ ထို့ကြောင့် အမေရိကန်လွှတ်တော်တွင် ထိုကိစ္စကို ဆွေးနွေးကာ အီရန်အပေါ် ပိတ်ဆို့မှုများ ပြန်လည်ဆောင်ရွက်လာဖွယ် ရှိနေသည်။

    ထရမ့်၏ ထိုပြောကြားချက်အား သဘောတူညီချက်တွင် ပါဝင်လက်မှတ်ရေးထိုးထားသည့် အီးယူအပါအ၀င် အခြားနိုင်ငံများက ကန့်ကွက်ကာ ၎င်းတို့အနေဖြင့် ကတိက၀တ်အတိုင်း ဆက်လက်တည်ရှိသွားမည်ဟု ပြောကြားခဲ့သည်။

    အေမာနိုကလည်း စည်းမျဉ်းများကို လိုက်နာရန်မှာ အရေးကြီးပြီး မိမိအနေဖြင့် ထိုသဘောတူညီချက်အတိုင်း လိုက်နာသွားမည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: Aljazeera

  • နည်းပညာတွင်လွယ်ကူရန် ကာဇက်စတန်နိုင်ငံက ဗျည်းများကို လက်တင်သို့ ပြောင်းမည်

    နည်းပညာတွင်လွယ်ကူရန် ကာဇက်စတန်နိုင်ငံက ဗျည်းများကို လက်တင်သို့ ပြောင်းမည်

    အောက်တိုဘာ ၃၀၊ ၂၀၁၇
    M-Media

    – လက်ရှိသုံးနေသည့် Cyrillic ဗျည်းအက္ခရာမှ လက်တင် ဗျည်းအက္ခရာကို ဖြည်းဖြည်းချင်း ပြောင်းလဲသုံးစွဲသွားမည်ဟု ကာဇက်စတန်နိုင်ငံသမ္မတ နူရ်ဆူလ်တန် နဇာဘာယက်ဗ်က သောကြာနေ့တွင် ကြေငြာလိုက်ပြီး ရုရှား၏ လွှမ်းမိုးမှုကို လျှော့ချရေး ကြိုးပမ်းမှုတစ်ခုလည်း ဖြစ်သည်။

    ကာဇက်စတန်မှာ တူရကီ ဘာသာစကားတစ်ခုဖြစ်သည့် ကာဇက်ဘာသာစကားကို အသုံးပြုနေပြီး အရေးအသားတွင် Cyrillic ဗျည်းများကို ပြင်ဆင်ထားသည့် ဗျည်း ၄၂ လုံးကို အသုံးပြုသည်။

    လက်တင်ဗျဉ်းများတွင်မူ ၃၂ လုံးသာ ပါဝင်မည်ဖြစ်ပြီး တစ်ချို့အသံထွက်များအတွက် ဖိသံ၊ ဖော့သံ သင်္ကေတများကို ထည့်သွင်းအသုံးပြုမည်ဖြစ်သည်။ ဗျည်းအက္ခရာအားလုံးကို ၂၀၂၅ ခုနှစ်အရောက်တွင် လုံးဝ ပြောင်းလဲသွားရန် ရည်မှန်းထားသည်။

    တာဝန်ရှိသူများက ထိုကဲ့သို့ ဗျည်းအက္ခရာများ ပြောင်းလဲအသုံးပြုမှုမှာ ခေတ်နှင့်ကိုက်ညီစေရန်နှင့် နည်းပညာကို အသုံးပြုရာတွင် လွယ်ကူစေရန် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ လက်ရှိ Kazakh Cyrillic ကီးဘုတ်မှာ ဗျည်း ၄၂ လုံး ရိုက်နိုင်ရန်အတွက် နံပါတ်မျာနှင့် အခြားအက္ခရာများအားလုံးကို
    အသုံးပြုနေရသည်။

    နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလတွင် ထုတ်ပြန်သော ကြေငြာချက်၌ ထိုကဲ့သို့ လက်တင်အရေးအသားကို ပြောင်းလဲမှုမှာ ကာဇက်စတန်နိုင်ငံ၏ တိုးတက်မှုအတွက် အကျိုးဖြစ်ထွန်းလိမ့်မည်ဟု ဖော်ပြခဲ့သည်။

    ရေနံကြွယ်ဝသည့် ကာဇက်စတန်နိုင်ငံမှာ ရုရှား၏ အနီးကပ်မဟာမိတ်ဖြစ်ပြီး ရုရှားလူမျိုးများ ထုနှင့်ထည်နှင့်ရှိသော နိုင်ငံလည်းဖြစ်သည်။ ရုရှားဘာသာစကားကို ကာဇက်နှင့်အတူ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ထားသည်။

    ရုရှားက အသုံးပြုနေသည့် Cyrillic ဗျည်းမှ လက်တင်ဗျည်းသို့ ပြောင်းလဲမှုမှာ ရုရှား၏ လွှမ်းမိုးမှုမှ ကင်းလွတ်စေရန် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ရှုမြင်သူများလည်း ရှိနေသည်။

    ၂၀၀၉ ခုနှစ် သန်းခေါင်စာရင်းအရ ကာဇက်စတန်တွင် လူဦးရေ ၆၂ ရာခိုင်နှုန်းမှာ ကာဇက်ဘာသာစကားကို ကျွမ်းကျင်စွာ ရေးနိုင်ပြောနိုင်ကြပြီး ၊ ရုရှားစကားကို ရေးနိုင်ပြောနိုင်သည့် အရေအတွက်မှာ ၈၅ ရာခိုင်နှုန်းအထိ ရှိနေသည်။

    သမ္မတ နဇာဘာယက်ဗ် ကိုယ်တိုင်လည်း မိန့်ခွန်းများကို ရုရှား၊ ကာဇက် ဘာသာစကား ၂ ခုစလုံးဖြင့် ပြောကြားလေ့ရှိသည်။

    Ref: DW