News @ M-Media

Author: Ko Lay

  • အစ္စလာမ်ကို တစ်လွဲဖွင့်ဆိုကျင့်သုံးသူများအား တိုက်ဖျက်မည်ဟု ဆော်ဒီအိမ်ရှေ့မင်းသား ကတိပြု

    အစ္စလာမ်ကို တစ်လွဲဖွင့်ဆိုကျင့်သုံးသူများအား တိုက်ဖျက်မည်ဟု ဆော်ဒီအိမ်ရှေ့မင်းသား ကတိပြု

    အောက်တိုဘာ ၂၅၊ ၂၀၁၇
    M-Media

    ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် (၀ဲဖက်မှ ဒုတိယမြောက်)

    – အစ္စလာမ်သာသနာအား အစွန်းရောက်စွာ တစ်လွဲဖွင့်ဆို ကျင့်သုံးနေသူများကို တိုက်ဖျက်သွားမည်ဖြစ်ပြီး ဘာသာတရာအားလုံးနှင့် သဟဇာတဖြစ်သည့် အလယ်အလတ်အစ္စလာမ်သာသနာဆီ ပြန်သွားမည်ဟု ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ဆော်ဒီအာရေဗျနိုင်ငံ မြို့တော်ရီယာ့ဒ်တွင် ပြုလုပ်ခဲ့သည့် Future Investment Initiative (FII) အခမ်းအနား၌ မင်းသားက ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး မိမိတို့တိုင်းပြည်ရှိ အစ္စလာမ်သာသနာမှာ ယခင်က ယခုကဲ့သို့ မဟုတ်ဟုလည်း ဆိုသည်။

    “ဘာသာတရားအားလုံး၊ ကမ္ဘာကြီးနဲ့ သဟဇတဖြစ်တဲ့ အလယ်အလယ်အစ္စလာမ်သာသနာကျင့်သုံးတဲ့ တိုင်းပြည်တစ်ခုဆိုတဲ့ ယခင်က အနေအထားကို ကျွန်တော်တို့ ပြန်သွားတော့မှာပါ” ဟု အသက် ၂၃ နှစ်အရွယ် မင်းသားက ဆိုသည်။

    FII အခမ်းအနားမှာ ဆော်ဒီက နိုင်ငံအတွင်း ကမ္ဘာတစ်ဝှမ်းမှ ရင်းနှီးမြှုပ်နှံမှုများ ရရှိရန်အတွက် ဆောင်ရွက်သော ပွဲတစ်ခုဖြစ်သည်။

    မင်းသား မိုဟာမက် ဘင် ဆလ်မန်က မိမိအနေဖြင့် လူငယ်မျိုးဆက်သစ်များမှာ ရေနံအလွန် ကမ္ဘာကြီးနှင့် နေသားတကျဖြစ်အောင် စွမ်းဆောင်နိုင်မည့် စွမ်းရည်မျိုး ရှိနေကြောင်း မိမိအနေဖြင့် ယုံကြည်သည်ဟု ဆိုပြီး နေစွမ်းအင်၏ အကျိုးကျေးဇူးများကိုလည်း ထည့်သွင်းပြောဆိုခဲ့သည်။

    ၂၀၁၈ ခုနှစ် ဇွန်လမှစ၍ အမျိုးသမီးများအား ကားမောင်းခွင့်ပြုသည့် သမိုင်းဝင် ဆုံးဖြတ်ချက်တစ်ခုကို ဆော်ဒီက ချမှတ်ပြီး တစ်လအကြာတွင် မိုဟာမက် ဘင် ဆလ်မန်၏ ယခုမှတ်ချက်များ ပေါ်ထွက်လာခြင်းဖြစ်သည်။

    Ref: Aljazeera

  • ပါကစ္စတန်ရှိ ဖိုင်ဆယ်ဗလီတွင် ကင်ဆာအသိပညာပေးလှုပ်ရှားမှုတစ်ခု ပြုလုပ်

    ပါကစ္စတန်ရှိ ဖိုင်ဆယ်ဗလီတွင် ကင်ဆာအသိပညာပေးလှုပ်ရှားမှုတစ်ခု ပြုလုပ်

    အောက်တိုဘာ ၂၄၊ ၂၀၁၇
    M-Media

    အစ္စလာမ်မာဘတ်ရှိ ဖိုင်ဆယ်ဗလီတွင် ပန်းရောင်မီးထွန်းထားစဉ်

    – ရင်သားကင်ဆာခံစားနေရတဲ့ လူနာတွေကို အားပေးပြီး၊ ပြည်သူလူထုအကြားမှာ ဒီရောဂါအကြောင်း အသိပညာပေးဖို့ ရည်ရွယ်တဲ့အနေနဲ့ ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့က ‘ဖိုင်ဆယ် ဗလီဝတ်ကျောင်းတော်’ ဟာ ပန်းရောင်းမီထွန်းကာ ရင်သားကင်ဆာ အသိပညာပေးလကို ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။

    နှစ်စဉ် အောက်တိုဘာ ၁ ရက်နေ့က ၃၁ ရက်နေ့အထိ သတ်မှတ်ထားတဲ့ ရင်သားကင်ဆာ အသိပညာပေးလမှာ ကမ္ဘာတစ်ဝှမ်း ရင်သားကင်ဆာနဲ့ပတ်သက်ပြီး ဟောပြောပွဲတွေ၊ လှုပ်ရှားမှုတွေ၊ အခမဲ့စမ်းသပ်ပေးမှုတွေ၊ အထိမ်းအမှတ်အဆောက်အဦးတွေမှာ ပန်းရောင်မီးထွန်းမှုတွေ လုပ်လေ့ရှိပါတယ်။

    ပါကစ္စတန်နိုင်ငံမှာတော့ ဒီအသိပညာပေးလအတွင်း Pink Ribbon နဲ့ CDA အဖွဲ့တို့ ပူးပေါင်းကာ လှုပ်ရှားမှုတော်တော်များများကို ပြုလုပ်ခဲ့ကြပြီး မနေ့မှာ ဖိုင်ဆယ်ဗလီကို ပန်းရောင်မီးထွန်းညှိကာ ဗလီပရ၀ုဏ်က မြက်ခင်းပြင်မှာ အခမ်းအနားတစ်ခု ပြုလုပ်ခဲ့ပါတယ်။

    အခမ်းအနားကို စီစဉ်တဲ့ အိုမာရ် အက်ဖ်တဘ်က ကင်ဆာအသိပညာပေးအခမ်းအနားကို ဗလီဝတ်ကျောင်းတော်မှာ ပြုလုပ်ရခြင်းဟာ အစ္စလာမ်က အမျိုးသမီးတွေအပေါ် ကာကွယ်ဖို့ သွန်သင်မှု၊ ကျန်းမာရေးကို အလေးထားမှု စတဲ့ သတင်းစကားကို ကမ္ဘာက သိစေချင်တဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကင်ဆာရောဂါဟာ စောစောသိမယ်ဆိုရင် ကုသလို့ ပျောက်ကင်းနိုင်တဲ့ ရောဂါမျိုးဖြစ်ပြီး ပါကစ္စတန်လူ့အဖွဲ့အစည်းမှာ ဒီရောဂါနဲ့ပတ်သက်ပြီး အစွဲအလမ်းကြီးလွန်းကြောင်း၊ ဗလီဝတ်ကျောင်းတော်မှာ ဒီလို ကင်ဆာပညာပေး အခမ်းအနား ကျင်းပခြင်းအားဖြင့် ဒီအစွဲအလမ်းတွေကို ပျောက်စေဖို့ ရည်ရွယ်ကြောင်း၊ အမျိုးသ
    မီးတွေအနေနဲ့ သူတို့ရဲ့ ကျန်းမာရေးကို ဂရုစိုက်သင့်ပြီး အမျိုးသားတွေကလည်း ပူးပေါင်းပါဝင်ဖို့ လိုကြောင်း အိုမာရ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ရင်သားကင်ဆာရောဂါဟာ စောစောသိမယ်ဆိုရင် ပျောက်ကင်းတဲ့အထိ ကုသနိုင်ပေမယ့် ကျန်းမာရေးစစ်ဆေးမှု ပုံမှန်မလုပ်ရင်တော့ ရောဂါရင့်မှ သိရှိလေ့ရှိပြီး အသက်ဆုံးရှုံးရလေ့ရှိပါတယ်။

    Ref: The Nation

  • ရိုဟင်ဂျာဒုက္ခသည်အရေး ဆွေးနွေးရန် ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်အဖွဲ့ မြန်မာသို့ ရောက်ရှိ

    ရိုဟင်ဂျာဒုက္ခသည်အရေး ဆွေးနွေးရန် ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်အဖွဲ့ မြန်မာသို့ ရောက်ရှိ

    အောက်တိုဘာ ၂၄၊ ၂၀၁၇
    M-Media

    အောက်တိုဘာ ၂ ရက်နေ့က မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံစဉ်

    – ဘင်္ဂလားဒေ့ရှ်ဖက်ကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအရေး ဆွေးနွေးဖို့အတွက် ဘင်္ဂလားဒေ့ရှ်က အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ခုဟာ မနေ့က မြန်မာနိုင်ငံကို ရောက်ရှိလာတယ်လို့ သိရပါတယ်။

    ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့၊ ကမ်းခြေစောင့်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့အကြီးအကဲတွေ၊ အခြား အကြီးတန်းတာဝန်ရှိသူတွေနဲ့ အဖွဲ့ဝင် ၁၂ ဦးပါဝင်တဲ့ ဒီအဖွဲ့ကို ပြည်ထဲရေးဝန်ကြီး အဆာဒူဇာမန်ခန်းက ဦးဆောင်တာဖြစ်ပါတယ်။

    အခုလာရောက်မှုမှာ ‘အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေကို အလျင်အမြန် နေရပ်ပြန်ပို့နိုင်ရေးဟာ အဓိက ကိစ္စဖြစ်တယ်’ လို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက စောစောပိုင်းမှာ ပြောကြားထားပါတယ်။

    သြဂုတ်လနှောင်းပိုင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ မတည်မငြိမ်မှုတွေကြောင့် ရိုဟင်ဂျာ ၆ သိန်းနီးပါးလောက် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးရတယ်လို့ ကုလက ထုတ်ပြန်ထားပြီး ဘင်္ဂလားဒေ့ရှ်က ဒီဒုက္ခသည်တွေကို အမြန်ဆုံး ပြန်ပို့ချင်နေတာပါ။

    ရိုဟင်ဂျာတွေကို အကြမ်းဖက်တံဆိပ်ကပ်ပြီး မောင်းထုပ်တဲ့ အစီအစဉ်တစ်ခုကို မြန်မာနိုင်ငံက လုပ်ဆောင်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်ဖက်က စွပ်စွဲထားပါတယ်။

    ပြီးခဲ့တဲ့လ မြန်မာနိုင်ငံက အကြီးတန်းကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်ကို သွားရောက်ဆွေးနွေးစဉ်မှာ မြန်မာနိုင်ငံကို ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်အဖွဲ့ လာရောက်ဖို့ သဘောတူခဲ့ပြီးတဲ့နောက် ပြည်ထဲရေးဝန်ကြီး အဆာဒူဇာမန်ခန်းဦးဆောင်တဲ့ အခု ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိလာတာ ဖြစ်ပါတယ်။

    Ref: News Indian express

  • ရိုဟင်ဂျာများအပေါ် ဖိနှိပ်မှုအတွက် မြန်မာကိုအရေးယူရန် ကန်စဉ်းစားနေ

    ရိုဟင်ဂျာများအပေါ် ဖိနှိပ်မှုအတွက် မြန်မာကိုအရေးယူရန် ကန်စဉ်းစားနေ

    အောက်တိုဘာ ၂၄၊ ၂၀၁၇
    M-Media

    ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတွင် ကျမ်းစာသင်ယူနေသည့် ရိုဟင်ဂျာကလေးများ

    – ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်လင်တွေအပေါ် ညှင်းပမ်းနှိပ်စက်မှုအတွက် Global Magnitsky ဥပဒေအရ ပြုလုပ်တဲ့ အရေးယူမှုအပါအ၀င် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေလုပ်ဖို့ စဉ်းစားနေတယ်လို့ အမေရိကန်အစိုးရက မနေ့မှာ ပြောကြားလိုက်ပါတယ်။

    “မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က လတ်တလောအဖြစ်အပျက်တွေ၊ ရိုဟင်ဂျာတွေနဲ့ အခြားလူ့အဖွဲ့အစည်းတွေ ခံစားနေရတဲ့ အကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအတွက် ကျွန်တော်တို့အနေနဲ့ အလွန်အမင်းစိုးရိမ်မိတယ်” လို့ အမေရိကန်အစိုးရကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အစိုးရမဟုတ်တဲ့လူတွေ၊ လက်နက်ကိုင်ပြီး ရာဇ၀တ်မှုကျူးလွန်တဲ့ အရပ်သားတွေအပါအ၀င် ဒီလို ရက်စက်ကြမ်းကြုမှုတွေကို ပြုလုပ်တဲ့ တစ်ဦးချင်းတစ်ယောက်ချင်း၊ တစ်ဖွဲ့ချင်းစီတိုင်း သူတို့ရဲ့ လုပ်ရပ်အတွက် မလွှဲမသွေ တာဝန်ယူရလိမ့်မယ်လို့ ကြေငြာချက်က ဆိုပါတယ်။

    သြဂုတ်လနှောင်းပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်းတွေကို ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ARSA က စီးနင်းတိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း မြန်မာစစ်တပ်ကပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်းမှာ အပြစ်မဲ့ ရိုဟင်ဂျာအရပ်သားတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ ရွာလုံးကျွတ်မီးရှို့တာ၊ အမျိုးသမီးကို အဓမ္မကျင့်တာတွေရှိတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

    အဲဒီသတင်းတွေအတွက် မြန်မာအစိုးရနဲ့ စစ်တပ်က ငြင်းဆိုထားပါတယ်။ မတည်ငြိမ်မှုတွေကြောင့် ရိုဟင်ဂျာ ၆ သိန်းနီးပါးလောက်ဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပါတယ်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်က ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ဖိနှိပ်မှုအတွက် စစ်ခေါင်းဆောင်တွေမှာ တာဝန်ရှိတယ်လို့ အမေရိကန်ကရှုမြင်ကြောင်း ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

    လာမယ့်လအစောပိုင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ အာရှကိုလာဖို့ရှိတဲ့အချိန် အမေရိကန်အစိုးရရဲ့ အခုကြေငြာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ထရမ့်ဟာ အာဆီယံနိုင်ငံခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးကို တက်ဖို့ ရှိနေပါတယ်။

    ဒီကြေငြာချက်ဟာ ကာလရှည်ဖြစ်နေတဲ့ ရိုဟင်ဂျာပြဿနာအတွက် အမေရိကန်အစိုးရရဲ့ အပြင်းထန်ဆုံး တုန့်ပြန်မှုတစ်ခုဖြစ်ပြီး Global Magnitsky ဥပဒေအပါအ၀င် အမေရိကန်ဥပဒေအရ အရေးယူနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေတယ်လို့လည်း ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    မြန်မာနိုင်ငံအပေါ် အမေရိကန်ကပြုလုပ်ထားတဲ့ ပိတ်ဆို့မှုတွေထဲမှာ လက်ရှိစစ်ခေါင်းဆောင်တွေနဲ့ အရင် စစ်အာဏာရှင်အဖွဲ့ဝင်ဟောင်းတွေကို အမေရိကန်လာခွင့် ရပ်ဆိုင်းထားတာ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းက အစိုးရအဖွဲ့နဲ့ တာဝန်ရှိသူတွေကို အမေရိကန်ရဲ့ အကူအညီ ရယူသုံးစွဲခွင့်မပေးတာတွေ ပါဝင်တယ်လို့ ကြေငြာချက်က ဆိုပါတယ်။

    ရိုဟင်ဂျာတွေအပေါ် ညှင်းပမ်းမှုအတွက် တာဝန်ရှိသူတွေကို အရေးယူနိုင်ရေး အမေရိကန်က မဟာမိတ်တွေ၊ မိတ်ဖက်နိုင်တွေ၊ ကုလ၊ လူ့အခွင့်အရေးကောင်စီ၊ အခြား သင့်လျော်သူတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

    Ref: Reuters