News @ M-Media
Author: Ko Lay
  • ၀န်ကြီးချုပ်၏ ခြစားမှုကို ဖော်ထုတ်သည့် မောလ်တာဂျာနယ်လစ် ဗုံးခွဲသတ်ဖြတ်ခံရ
    အောက်တိုဘာ ၂၂၊ ၂၀၁၇
    M-Media
    ဗုံးခွဲသတ်ဖြတ်ခံရသည့် ဂျာနယ်လစ် ကာရူအာအာ ဂါလီဇီယာ
    – ဥရောပနိုင်ငံငယ်လေးဖြစ်သော မောလ်တာနိုင်ငံရေးအသိုင်းအ၀ိုင်း၏ အရှုပ်အထွေးများကို ဖော်ပြခဲ့သည့် ဂျာနယ်လစ်တစ်ဦး လုပ်ကြံခံရမှုနှင့်ပတ်သက်၍ သတင်းအချက်အလက်ပေးနိုင်သူကို ယူရို ၁ သန်း (ကန်ဒေါ်လာ ၁.၂ သန်း) ဆုချမည်ဟု မောလ်တာအစိုးရက ကြေငြာလိုက်သည်။
    ဂျာနယ်လစ်အမျိုးသမီး ကာရူအာအာ ဂါလီဇီယာဖြစ်ပြီး သူမမှာ ခြစားမှုတိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူလည်းဖြစ်သည်။ ကိုယ်ပိုင်ဘလော့တွင် မောလ်တာနိုင်ငံရေးအသိုက်အ၀န်းမှ အရှုပ်အထွေးများ၊ ကောက်ကျစ်မှုများကို ဖော်ထုတ်ပြီးနောက် ဂါလီဇီယာမှာ ပြီးခဲ့သည့် တနင်္လာနေ့က ကားဗုံးခွဲ သတ်ဖြတ်ခံခဲ့ရသည်။
    ယမန်နေ့တွင် အစိုးရက ထုတ်ပြန်သော ကြေငြာချက်တွင် ‘ဂါလီဇီယာ သတ်ဖြတ်ခံရမှုအား ဖြေရှင်းရန်နှင့် ကျူးလွန်သူကို တရားဥပဒေရှေ့မှောက် ခေါ်ဆောင်လာရန် အပြည့်အ၀ အာရုံစိုက်ထားသည်’ ဟု ဖော်ပြခဲ့သည်။
    “ဒီကိစ္စဟာ တော်တော်လေးကို အရေးကြီးတဲ့ ကိစ္စဖြစ်ပြီး ပုံမှန်နဲ့မတူတဲ့ ဆောင်ရွက်မှုတွေကို လုပ်ဖို့လည်း လိုပါတယ်။ ဘယ်လောက်ပဲ ရင်းရပါစေ တရားမျှတအောင် လုပ်ရမှာ ဖြစ်ပါတယ်” ဟု ကြေငြာချက်က ဆိုသည်။
    သို့သော်လည်း ဂါလီဇီယာ၏ သားများက မိခင်ဖြစ်သူ ကားဗုံးခွဲခံရမှုအတွက် အစိုးရကို ဒေါသတကြီး တုန့်ပြန်ခဲ့ပြီး ၀န်ကြီးချုပ်၏သဘောထားကို လက်ခံရန် ဖိအားပေးမှုကို ကြံ့ကြံ့ခံသွားမည်ဟု ပြောကြားခဲ့သည်။
    မောလ်တာ ရဲတပ်ဖွဲ့က မိမိတို့အနေဖြင့် သဲလွန်စများ ရရှိရန် ဆက်လက်အောင်ရွက်နေသည်ဟု Times of Malta သို့ ပြောကြားခဲ့သည်။
    စုံစမ်းစစ်ဆေးမှုတွင် အမေရိကန် FBI၊ နယ်သာလန်မှ ကျွမ်းကျင်သူများ ပါဝင်ဆောင်ရွက်လျက် ရှိနေသည်။
    Ref: Alarabiya
  • အစွန်းရောက်စကားများ ဖယ်ရှားရေး ပိုမိုလုပ်ဆောင်ရန် နည်းပညာကုမ္ပဏီကြီးများ သဘောတူ
    အစွန်းရောက်စကားများ ဖယ်ရှားရေး ပိုမိုလုပ်ဆောင်ရန် နည်းပညာကုမ္ပဏီကြီးများ သဘောတူ
    အောက်တိုဘာ ၂၂၊ ၂၀၁၇
    M-Media
    – ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီများဖြစ်သည့် Microsoft၊ Facebook၊ Twitter နှင့် Google တို့က အစွန်းရောက်စာသားများပါဝင်သည့် ပို့စ်များကို နာရီပိုင်းအတွင်း ဖယ်ရှားနိုင်ရေး ပိုမိုဆောင်ရွက်သွားမည်ဟု သဘောတူခဲ့ကြသည်။
    ယင်းသဘောတူညီချက်ကို အီတလီကျွန်း Ischia ၌ ကျင်းပသည့် G7 နိုင်ငံများနှင့် နည်းပညာကုမ္ပဏီကြီးများ၏ နှစ်ရက်တာ တွေ့ဆုံမှုတွင် ရရှိခဲ့ခြင်းဖြစ်သည်။
    တာဝန်ရှိသူများက ဤသို့ပြုလုပ်ရခြင်းမှာ အင်တာနက်ပေါ်မှ ဂျီဟတ်နှင့်ဆိုင်သည့် စာသားများကို ဖယ်ရှားရန် ဖြစ်သည်ဟု ဆိုသည်။ Twitter က ယင်းဆွေးနွေးမှုမှုများမှာ အလွန်အရေးကြီးပြီး အကျိုးရှိသည်ဟု ၎င်းတို့၏ စာမျက်နှာတွင် ရေးသားခဲ့သည်။
    သဘောတူညီချက် အသေးစိတ်နှင့် ပတ်သက်၍ မှတ်ချက်ပေးရန် Twitter နှင့် Google နှစ်ခုစလုံးက ငြင်းဆိုခဲ့သည်။ အီတလီပြည်ထဲရေးဝန်ကြီး မာကိုမင်နီတီက ထိုသဘောတူညီချက်မှာ အရေးကြီးသော ကနဦး ဆောင်ရွက်ချက်များ ဖြစ်သည်ဟု ပြောကြားခဲ့သည်။
    တွေ့ဆုံမှုအပြီး ထုတ်ပြန်သော စာတစ်စောင်၌ G7 နိုင်ငံများက ဆိုရှယ်မီဒီယာလောကတွင် ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို အဓိကထား ဖော်ပြခဲ့ပြီး ၎င်းတို့အနေဖြင့် အစွန်းရောက်အယူအဆများပါဝင်သည့် စာသားများအား နာရီပိုင်းအတွင်း ဖယ်ရှားရန်အတွက် နည်းပညာပိုင်းဆိုင်ရာ ဆောင်ရွက်နိုင်မည့် အဖြေများကို ရှာဖွေရန်လည်း တိုက်တွန်းခဲ့သည်။
    ထို့ပြင် ဖယ်ရှားသည့်ပို့စ်များအားလုံးကို အာဏာပိုင်များအား သတင်းပို့ရန်နှင့် ပိုမိုသိရှိနိုင်မည့် နည်းလမ်းများ ဖော်ထုတ်ရန်လည်း ဆော်သြခဲ့သည်။
    Ref : BBC
  • နိုင်ငံ၏ကာကွယ်ရေးအစီအမံကို မည်သည့်နိုင်ငံကမှ ကန့်သတ်ခွင့်မရှိဟု အီရန်ပြော
    နိုင်ငံ၏ကာကွယ်ရေးအစီအမံကို မည်သည့်နိုင်ငံကမှ ကန့်သတ်ခွင့်မရှိဟု အီရန်ပြော
    အောက်တိုဘာ ၂၂၊ ၂၀၁၇
    M-Media
    အီရန်၏ ဒုံးကျည်စမ်းသပ်မှုတစ်ခု
    – ကမ္ဘာ့နိုင်ငံများ၏ ဒုံးကျည်စွမ်းအားကို ကန့်သတ်ထားသည့် မည်သည့် နိုင်ငံတကာ သဘောတူညီချက်မျှ မရှိဘဲ ဤသို့ကန့်သတ်ချက်မျိုးကိုလည်း အီရန်က လက်ခံမည်မဟုတ်ဟု အီရန် စစ်ဘက်ဆိုင်ရာ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားလိုက်သည်။
    အီရန်စစ်တပ်မှ ဗိုလ်မှူးချုပ် Massoud Jazayeri က ယမန်နေ့တွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး အနောက်နိုင်ငံများက ခြိမ်းခြောက်မှုရှိနေသော်လည်း အီရန်၏ ကာကွယ်ရေးစွမ်းအားနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးသွားမည်မဟုတ်ဟု ဆိုသည်။
    ထို့ပြင် မိမိတို့၏ ကာကွယ်ရေးစွမ်းအားကို ထိပါးလာပါက စည်းကျော်ခြင်းသာ ဖြစ်ပြီး၊ အရှေ့အလယ်ပိုင်းတွင် အမေရိကန်စစ်တပ်များ၏ တာဝန်မှာ ၀ါရှင်တန်က ဆောင်ရွက်နေသည့် တစ်ဆင့်ခံ ရန်တိုက်ပေးမှုအတွက်သာ ဖြစ်သည်ဟု ထည့်သွင်း ပြောဆိုခဲ့သည်။
    အီရန်က ၎င်း၏ စစ်အင်အားမှာ ကာကွယ်ရေးအတွက်သာဖြစ်ပြီး မည်သည့်နိုင်ငံကိုမှ ခြိမ်းခြောက်လိုခြင်း မရှိကြောင်း ထပ်ခါတလဲလဲ ပြောဆိုထားသည်။ သို့သော်လည်း တစ်ဖက်က ကျူးကျော်တိုက်ခိုက်လာလျှင် တန်ပြန်တိုက်ခိုက်သွားမည်ဟုလည်း သတိပေးထားသည်။
    အီရန်၏ ဒုံးကျည်များ ထုတ်လုပ်နေမှုအပေါ် ပိတ်ဆို့မှုပြုလုပ်ရန်အတွက် အမေရိကန်မှာ အကြိမ်ကြိမ် ပြောကြားထားမှုများ ရှိနေပြီး၊ ဒုံးကျည်များ စမ်းသပ်မှုမှာ ကုလဆုံးဖြတ်ချက် ၂၂၃၁ (၂၀၁၅) ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့သည်။
    အဆိုပါ ဆုံးဖြတ်ချက်မှာ အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့၏ နျူသဘောတူညီချက်ကို ထောက်ခံမှုဖြစ်ပြီး အီရန်၏ ဒုံးကျည်အစီအစဉ်အား တားမြစ်မှု မပါဝင်ပေ။ ထို့ကြောင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်များ ပါဝင်သည့် ပိတ်ဆို့မှုများကို အမေရိကန်က မပြုလုပ်နိုင်ဘဲ ၎င်းတစ်ဦးတည်း ပိတ်ဆို့မှုများသာ ပြုလုပ်ထားသည်။
    Ref : Presstv
  • ဒလိုင်းလားမားနှင့်တွေ့သည့် ပြည်ပခေါင်းဆောင်များကို တရုတ်သတိပေး
    ဒလိုင်းလားမားနှင့်တွေ့သည့် ပြည်ပခေါင်းဆောင်များကို တရုတ်သတိပေး
    အောက်တိုဘာ ၂၂၊ ၂၀၁၇
    M-Media
    – တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားဖြင့် တွေ့ဆုံခြင်းကြောင့် တရုတ်အနေဖြင့် မည်သို့မှမဖြစ်ဆိုသည့် အတွေးမျိုး မ၀င်သင့်ဟု တရုတ်ကွန်မြူနစ်ပါတီ၏ အကြီးတန်း တာဝန်ရှိသူတစ်ဦးက နိုင်ငံတကာခေါင်းဆောင်များကို ယမန်နေ့တွင် သတိပေးလိုက်သည်။
    တရုတ်အစိုးရကို ဆန့်ကျင်ဆန္ဒပြမှု မအောင်မမြင်ဖြစ်ပြီးနောက် ၁၉၅၉ ခုနှစ်တွင် အိန္ဒိယသို့ ထွက်သွားခဲ့ရသည့် ဒလိုင်းလားမားကို တရုတ်အစိုးရက အန္တရာယ်ရှိသော ခွဲထွက်ရေးသမားအဖြစ် သတ်မှတ်ထားသည်။
    နိုဘယ်ဆုရှင် ဘုန်းတော်ကြီးက ဟိမ၀န္တာရှိ ၎င်း၏ အမိမြေအတွက် စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရန်သာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
    ဒလိုင်းလားမား အခြားတိုင်းပြည်များသို့ သွားရောက်ခြင်းက တရုတ်ကို ဒေါသထွက်စေခဲ့ပြီး တရုတ်အစိုးရ၏ အမျက်သင့်မှုကို ကြောက်ရသောကြောင့် ၎င်းနှင့်တွေ့ဆုံလိုသည့် နိုင်ငံ့ခေါင်းဆောင်များ မရှိသလောက်နည်းပါးခဲ့သည်။
    သို့သော်လည်း အချို့က ၎င်းနှင့် တွေ့ဆုံခြင်းမှာ တရားဝင်မဟုတ်ဘဲ ကိုယ်ရေးကိုယ်တာကိစ္စကြောင့်သာ ဖြစ်ကြောင်းပြော၍ ဘေကျင်းအစိုးရကို ချွေးသိပ်ခဲ့ကြသည်။
    တိဘက်ရှိ ကွန်မြူနစ်ပါတီ အလုပ်အဖွဲ့ကို ဦးဆောင်နေသည့် ကျန်းဂျီယုံက နိုင်ငံခြားခေါင်းဆောင်များအနေဖြင့် ဒလိုင်းလားမာနှင့် တွေ့ဆုံမှုအတွက် တရုတ်နိုင်ငံက မည်သည့်ဆင်ခြေကိုမှ လက်မခံဘဲ ကိုယ်ရေးကိုယ်တာဖြင့် တွေ့သည်ဆိုသော်လည်း ရာထူးက နိုင်ငံတစ်ခုလုံးအား ကိုယ်စားပြုနေသည်ကို သတိထားရန်လိုကြောင်း ယမန်နေ့ ပါတီကွန်ဂရက်အပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
    ၁၉၅၀ ခုနှစ်တွင် တရုတ်က တိဘက်ဒေသကို ထိန်းချုပ်ခဲ့ပြီး ငြိမ်းချမ်းသောလွတ်မြောက်ခြင်းဟု သတ်မှတ်ခဲ့သည်။ ထို့ပြင် ဒလိုင်းလာမားကို လက်ခံနေထိုင်ခွင့်ပြုသည့် နိုင်ငံခြားတိုင်းပြည်များကို တရုတ်က ဖိအားများ ပေးခဲ့သည်။
    တိဘက်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိသည်ဆိုသည့် သတင်းများကို တရုတ်က အပြင်းအထန် ငြင်းဆိုခဲ့ကာ ဝေးလံခေါင်ဖျားပြီး၊ နောက်ကျကျန်နေသည့် အဆိုပါဒေသမှာ မိမိတို့အုပ်ချုပ်မှုကြောင့် သာယာဝပြောလာကြောင်း၊ တိဘက်ပြည်သူများ၏ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများကိုလည်း အပြည်
့အ၀ လေးစားကြောင်း ပြောကြားထားသည်။
    Ref : CNA