News @ M-Media

Author: Ko Lay

  • ၁၉၈၇ ခုနှစ်က အိန္ဒိယမှာ အစုလိုက်အပြုံလိုက် အသတ်ခံရတဲ့ မွတ်စလင်တွေ တရားမျှတမှု ရရဲ့လား

    ၁၉၈၇ ခုနှစ်က အိန္ဒိယမှာ အစုလိုက်အပြုံလိုက် အသတ်ခံရတဲ့ မွတ်စလင်တွေ တရားမျှတမှု ရရဲ့လား

    ဧပြီ ၅၊ ၂၀၂၃

    M-Media 


    မိုဟာမက် အစ္စမာအီလ်၏ မိဘနှစ်ပါးနှင့် ညီမငယ်

    -အိန္ဒိယနိုင်ငံမှာ နှစ်ပေါင်း ၃၆ နှစ်အရင်က ဖြစ်ပွားခဲ့တဲ့ မွတ်စလင် ၇၂ ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဥ်နဲ့ပတ်သက်လို့ ဖမ်းဆီးထားတဲ့ ဟိန္ဒူအမျိုးသား ၄၁ ဦးကို မကြာသေးခင်က လွှတ်ပေးလိုက်ပါတယ်။ 

    အိန္ဒိယနိုင်ငံမြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ် မီရွတ်မြို့က မာလ်ယာနာရွာမှာ ၁၉၈၇ ခုနှစ် မေလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မွတ်စလင်ဆန့်ကျင်ရေး တိုက်ခိုက်မှုနဲ့ သတ်ဖြတ်မှုဟာ အိန္ဒိယ ဒီမိုကရေစီရဲ့ အစွန်းအထင်းတစ်ခုလို့ နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ 

    နှစ်ပေါင်း ၃၀ ကျော် ကြာသွားခဲ့ပေမယ့် ကျူးလွန်သူတွေကို ထိထိရောက်ရောက် အပြစ်ပေးနိုင်ခြင်းမရှိဘဲ ပြီးခဲ့တဲ့တစ်ပတ် သောကြာနေ့မှာ အူတာပရာဒက်ရှ်တရားရုံးချုပ်က သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးထားသူတွေကို လွှတ်ပေးခဲ့ပါတယ်။ 

    “ကျူးလွန်ခံရသူတွေကို ရဲတပ်ဖွဲ့၊ နိုင်ငံရေးခေါင်းဆောင်ပိုင်း၊ မီဒီယာသမားတွေတင်မကဘဲ အခု တရားရေးဌာနကပါ လစ်လျူရှုလိုက်တာကို စိတ်မကောင်းဖွယ် တွေ့ရပါတယ်” လို့ အူတာပရာဒက်ရှ် ရဲချုပ်ဟောင်း ဗစ်ဘ်ဟူတီ နာရိန်ရိုင်က ပြောပါတယ်။

    အစကတည်းက မှားခဲ့

    မိုဟာမက် အစ္စမာအီလ်၏ အသက် ၈၅ နှစ်အရွယ် အဖိုးနှင့် မြေး

    တရားစွဲမှုတွေ၊ ဖမ်းဆီးမှုတွေက အစကတည်းက မှားခဲ့တာပါ။

    မာလ်ယာနာက မွတ်စလင်တွေအပေါ် တိုက်ခိုက်သတ်ဖြတ်မှုကို အဲဒီတုန်းက ပြည်နယ် ရဲတပ်ဖွဲ့နဲ့ အဓိကရုဏ်းနှိမ်နှင်းရေးတပ်ဖွဲ့ PAC က ဦးဆောင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ 

    ဒီကိစ္စကို ရဲတပ်ဖွဲ့က အမှုဖွင့်ရာမှာ ကျူးလွန်သူ ၉၃ ဦးရဲ့စာရင်း တင်ပြထားပြီး အဲဒီအထဲက ၃၁ ယောက်ကို ရှာဖွေဖော်ထုတ်လို့ မရခဲ့ပါဘူး။ ၂၃ ယောက်ကလည်း တရားရင်ဆိုင်နေစဥ်အတွင်းမှာ သေဆုံးခဲ့ပါတယ်။ 

    ဒီစာရင်းထဲမှာ ရဲတပ်ဖွဲ့၀င်နဲ့ PAC အဖွဲ့၀င် တစ်ဦးမှ ပါ၀င်ခြင်း မရှိပါဘူး။ သတ်ဖြတ်မှုမဖြစ်ခင် ၇ နှစ်၊ ၈ နှစ် အရင်က သေဆုံးခဲ့သူ ၄ ဦး၊ အခင်းဖြစ်စဥ်က ဆေးရုံတက်ဆေးကုနေရသူ တစ်ဦးလည်း ရဲတပ်ဖွဲ့ရဲ့ တရားခံစာရင်းထဲမှာ ပါ၀င်နေပါတယ်။ 

    “သတ်ဖြတ်မှုတွေကို ရဲတပ်ဖွဲ့နဲ့ PAC က လုပ်ဆောင်တာလို့ တရားလိုဘက်ကရော တရားပြိုင်ဖက်ကပါ အကြိမ်ကြိမ် ပြောထားပါတယ်။ ဒါပေမယ့် သူတို့ရဲ့နာမည်တွေ ပါမလာပါဘူး” လို့ တရားပြိုင်ရှေ့နေ ချိုတေး လာလ် ဘန်ဆာလ်က ပြောပါတယ်။ 

    သောကြာနေ့က စီရင်ချက်ဟာ ၂၆ မျက်နှာ ရှည်လျားပါတယ်။ သားဖြစ်သူက လည်ပင်းကို သေနတ်နဲ့ တည့်ပစ်ခံရပြီး အဖေက ဓားရှည်နဲ့ နုတ်နုတ်စင်းခံရတာ၊ အသက် ၅ နှစ်အရွယ် ကလေးငယ် မီးလောင်ပုံထဲ ပစ်ထည့်သတ်ဖြတ်ခံရတာ စတဲ့ ကြောက်မက်ဖွယ် အဖြစ်အပျက်တွေကို စီရင်ချက်မှာ အသေးစိတ် ဖော်ပြထားပါတယ်။ 

    စိတ်ပျက်

    အသက်ရှင်လွတ်မြောက်လာသူတွေနဲ့ ကျန်ရစ်သူမိသားစုတွေက ဒီစီရင်ချက်ကို စိတ်ပျက်မိတယ်လို့ ပြောပါတယ်။ 

    “သတ်တဲ့လူတွေ၊ အသတ်ခံရတဲ့လူတွေအားလုံးကို ကျွန်တော်သိတယ်” လို့ အသက်ရှင်လွတ်မြောက်လာသူ ဗာကီလ် အဟ်မဒ် ဆစ်ဒစ်က ပြောပါတယ်။ 

    တိုက်ခိုက်မှုကြောင့် ရခဲ့တဲ့ သေနတ်ဒဏ်ရာအမာရွတ်တွေ အခုအချိန်အထိ ဆစ်ဒစ်မှာ ရှိနေတုန်းပါ။ 

    တိုက်ခိုက်မှု မဖြစ်ခင် အရင်ကတည်းက မီရွတ်မြို့မှာ မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပေါ်ပေါက်ခဲ့တာလို့ ဆစ်ဒစ်က ပြောပါတယ်။ 

    “မီရွတ်မှာ နှစ်ပေါင်းများစွာ ဒီလိုလှုံ့ဆော်မှုတွေရှိခဲ့ပြီး တိုက်ခိုက်မှုတစ်ချို့လည်း ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ရွာမှာ ဒီလိုဖြစ်လာမယ်လို့ မထင်ခဲ့ဘူး။ ဒါပေမယ့် အဲဒီနေ့မှာ PAC တပ်ဖွဲ့၀င်တွေ ကား ၃ စီးနဲ့ ရွာကိုရောက်လာပြီး မွတ်စလင်တွေနေတဲ့ဖက်ကို ၀ိုင်းလိုက်တယ်။ အ၀င်အထွက်လမ်းကြောင်းတွေကိုလည်း ပိတ်လိုက်ပါတယ်”

    “ဟိန္ဒူတွေရဲ့အိမ်တွေ၊ အိမ်ခေါင်မိုးတွေပေါ်မှာ နေရာယူပြီး သေနတ်နဲ့ပစ်တာဟာ ကျည်ဆံမိုးရွာနေသလိုပဲ” လို့ ၁၉၈၇ ခုနှစ် မေလ ၂၃ ရက်နေ့က အဖြစ်အပျက်ကို ဆစ်ဒစ်က ပြန်ပြောင်း ပြောပြပါတယ်။ 

    ဆစ်ဒစ်အပါအ၀င် မျက်မြင်သက်သေတစ်ချို့ကို တရားရုံးက ခေါ်ယူစစ်ဆေးခဲ့ပြီး PAC တပ်ဖွဲ့၀င်တွေရဲ့ ပါ၀င်ပတ်သက်မှုတွေကို သူတို့က ထွက်ဆိုခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။ 

    “တစ်နှစ်ကျော်လောက် တရားရုံးမှာ ကျွန်တော် သွားပြီး ထွက်ဆိုပေးခဲ့တယ်။ PAC က လူတွေ၊ သူတို့သုံးတဲ့ လက်နက်တွေကိုပါ ပြောပြခဲ့ပါတယ်” လို့ ဆစ်ဒစ်က ဆိုပါတယ်။ 

    ဟာရှင်ပူရာ သတ်ဖြတ်မှု

    ဟာရှင်ပူရာမှမြင်ကွင်းကို ဓာတ်ပုံစရာ ပရာဗင် ဂျိန်းက မှတ်တမ်းတင်ထားမှု

    မာလ်ယာနာမှာ သတ်ဖြတ်မှုမဖြစ်ခင် တစ်ရက်အရင် မေလ ၂၂ ရက်နေ့မှာ PAC တပ်ဖွဲ့၀င်တွေဟာ ရွာနဲ့ ၆ ကီလိုမီတာ၀ေးတဲ့ ဟာရှင်ပူရာရပ်ကွက်ကို ၀င်ရောက်စီးနင်းခဲ့ပါတယ်။

    အဲဒီမှာ မွတ်စလင်အမျိုးသား ၄၈ ဦးကို ဖမ်းဆီးပြီး၊ ၄၂ ဦးကို သတ်ဖြတ်ကာ အလောင်းတွေကို အနီးက မြစ်ချောင်းတွေထဲ စွန့်ပစ်ခဲ့ပါတယ်။ 

    ဟာရှင်ပူရာမှာ PAC တပ်ဖွဲ့၀င်တွေ ဖမ်းဆီးမှုကို ဓာတ်ပုံဂျာနယ်လစ် ပရာဗင်းဂျိန်းက ဓာတ်ပုံရိုက်ယူနိုင်ခဲ့ပါတယ်။ 

    ဒီအဖြစ်အပျက်အတွက် ၂၀၁၈ ခုနှစ်မှာ ဒေလီဟိုက်ကုတ် တရားရုံးက PAC တပ်ဖွဲ့၀င် ၂၆ ဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပါတယ်။ 

    သတ်ဖြတ်ခံရသူတွေရဲ့အလောင်း သွားပေါ်တဲ့ ဂါဇီယာဘတ်မြို့က ရဲချုပ် ဗစ်ဘ်ဟူတီ နာရိန်ရိုင်ရဲ့ စုံစမ်းဖော်ထုတ်မှုကြောင့် ဟာရှင်ပူရာ သတ်ဖြတ်မှုမှာ ကျူးလွန်သူတွေကို အရေးယူ အပြစ်ပေးနိုင်ခဲ့ပါတယ်။ 

    မာလ်ယာနာ သတ်ဖြတ်မှုမှာ အသက် ၈၅ နှစ်အရွယ်အဖိုး၊ ၇ နှစ်အရွယ် ၀မ်းကွဲညီ၊ လေးဘက်သွားအရွယ် ညီမငယ်အပါအ၀င် မိသားစု၀င် ၁၁ ယောက် ဆုံးရှုံးခဲ့ရတဲ့ မိုဟာမက် အစ္စမာအီလ်က သူတို့ခံစားခဲ့ရတာတွေအတွက် တစ်နေ့နေ့မှာ တရားမျှတမှုရဖို့ မျှော်လင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

    “စီရင်ချက်အတွက် ဟိုက်ကုတ်တရားရုံးမှာ ကျွန်တော်တို့ အယူခံ၀င်သွားပါမယ်။ အရှုံးမပေးပါဘူး။ ဒီအဖြစ်အပျက်မှာ တရားဥပဒေက နှောင့်နှေးတာမဟုတ်ဘူး။ ကျောခိုင်းသွားတာပါ” 

    ၁၉၈၇ ခုနှစ် ဧပြီလနဲ့ မေလအတွင်း အူတာပရာဒက်ရှ်ပြည်နယ်က မီရွတ်မြို့မှာ မွတ်စလင်ဆန့်ကျင်ရေး တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၃၅၀ ကျော် သေဆုံးခဲ့ပြီး၊ နေအိမ်အဆောက်အဦးများစွာ ဖျက်ဆီးခံခဲ့ရပါတယ်။ 

    Ref: BBC

  • ဆော်ဒီတွင် မောင်းသူမဲ့ကားများကို မြင်ရတော့မည်

    ဧပြီ ၅၊ ၂၀၂၃

    M-Media 


    -မောင်းသူမဲ့ကားတွေကို စတင်စမ်းသပ်နေပြီး မကြာခင် နိုင်ငံတစ်၀ှမ်းက လမ်းတွေမှာ မြင်တွေ့ရတော့မယ်လို့ ဆော်ဒီ ပို့ဆောင်ရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။

    နိုင်ငံအတွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင့်မြင်စေဖို့၊ ယာဥ်တိုက်မှုတွေကို လျှော့ချဖို့၊ သဘာ၀ပတ်၀န်းကျင်ကို ထိန်းသိမ်းဖို့ ရည်ရွယ်ကာ မောင်းသူမဲ့ကားအသုံးပြုမှု ထွန်းကားလာအောင် ဆော်ဒီက ဆောင်ရွက်နေတာပါ။ 

    အသစ်ဆောက်နေတဲ့ အနာဂတ်မြို့ NEOM မှာ မောင်းသူမဲ့ကား၊ ပို့ဆောင်ရေးစနစ်တွေကို အဓိက သုံးစွဲမှာဖြစ်ပြီး၊ ကာဘွန်ထုတ်လွှတ်မှု လုံး၀မရှိစေဖို့အတွက် ပြည့်ဖြိုးမြဲစွမ်းအင်ကို ရာနှုန်းပြည့် အသုံးပြုမှာလည်း ဖြစ်ပါတယ်။ 

    Ref: Arab News 

  • နှစ်သန်း ၇၀ က ရေချိုလိပ် ရုပ်ကြွင်းတစ်ခု အီဂျစ်တွင် တွေ့ရှိ

    နှစ်သန်း ၇၀ က ရေချိုလိပ် ရုပ်ကြွင်းတစ်ခု အီဂျစ်တွင် တွေ့ရှိ

    ဧပြီ ၃၊ ၂၀၂၃

    M-Media 


    -လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၇၀ လောက်က ရှင်သန်ခဲ့တဲ့ ရေချိုလိပ် ရုပ်ကြွင်းတစ်ခုကို အီဂျစ်မှာ တူးဖော်တွေ့ရှိခဲ့ပါတယ်။ 

    ဒီလိပ်ကြီးတွေဟာ ဒိုင်နိုဆောတွေလက်ထက်က ရှင်သန်ခဲ့တာ ဖြစ်ပါတယ်။ 

    နိုင်ငံအနောက်ပိုင်း ခါရ်ဂါဒေသက သဲကန္တာရမှာ ရှေးဟောင်းသုတေသနအဖွဲ့နှစ်ခုရဲ့ ပူးပေါင်းတူးဖော်မှုအတွင်း ပေါ်လာတာဖြစ်ပြီး အီဂျစ်နဲ့ မြောက်အာဖရိကမှာ ဒီလိုသတ္တ၀ါရုပ်ကြွင်းမျိုး ပထမဆုံး တွေ့ရှိရတာပါ။  

    “အီဂျစ်က အနောက်ဖက်သဲကန္တာရရဲ့ အရေးပါမှုကို ဒီတူးဖော်မှုတွေကနေ အများကြီး သိရပါတယ်။ အာဖရိက နိုင်ငံတွေမှာတွေ့ရတဲ့ ကျောရိုးရှိသတ္တ၀ါရုပ်ကြွင်း အများအပြားကို တွေ့ရတဲ့အတွက် ဒီသတ္တ၀ါတွေ ရှင်သန်ဖို့ ဒီဒေသမှာ ရေခံမြေခံ ရှိခဲ့တယ်ဆိုတာကိုလည်း သိလာရပါတယ်” လို့ ကိုင်ရိုတက္ကသိုလ်က သုတေသနပညာရှင် အဟ်မဒ် အဘ်ဒဲလ် ရရှစ်ဖ်က ပြောပါတယ်။ 

    ခါရ်ဂါသဲကန္တာရမှာ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက ရှေးဟောင်း သုတေသနဆိုင်ရာ တူးဖော်မှုတွေ လုပ်ဆောင်ခဲ့ပြီး၊ အခုတွေ့ရှိရတာတွေဟာ ကမ္ဘာ့အခြားနေရာတွေမှာ တွေ့ရှိရတာတွေနဲ့ မတူပါဘူး။ 

    “လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၇၀ လောက်ကတည်းက အာဖရိကတိုက်ကနေ ပျောက်ကွယ်သွားတဲ့ ခေါင်းတစ်စောင်း ရေချိုလိပ်တွေနဲ့ပတ်သက်တဲ့ သမိုင်းဆိုင်ရာ ကွက်လပ်ကြီးတစ်ခုကို အခုတွေ့ရှိမှုက ဖြည့်ပေးလိုက်တာပါ” လို့ ရရှစ်ဖ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    Ref: Arab News 

  • မက်ဆီ ဘာကာကို ပြန်သွားသင့်ပါတယ်

    မက်ဆီ ဘာကာကို ပြန်သွားသင့်ပါတယ်


    ပီအက်စ်ဂျီပရိတ်သတ်တွေက မက်ဆီလိုကစားသမားမျိုးကို ‘၀ူး’ လို့ အော်ဟစ်လှောင်ပြောင်တာ သိပ်ကို ရှက်စရာကောင်းပါတယ်။ အသင်းက ကမ္ဘာ့အကောင်းဆုံးကစားသမားကို ဒီလို မလုပ်ရပါဘူး။ ဒီရာသီမှာ သူဟာ ၁၃ ဂိုးသွင်းပြီး ၁၃ ဂိုး ဖန်တီးပေးထားတယ်။ ကျွန်တော့်သဘောအရဆိုရင်တော့ သူ့ကို ဘာစီလိုနာမှာ ကစားသမားဘ၀ကုန်ဆုံးတာ မြင်ချင်ပါတယ်။ အဲဒီနောက်ပိုင်း သူ့ဟာသူ ဘာလုပ်လုပ်ပေါ့။ ဘာကာအတွက် ပေးဆပ်ခဲ့ပြီး ဒီအတိုင်းထွက်သွားတာမျိုးကို ကျွန်တော် မကြိုက်ဘူး။ ဘောလုံးကို ချစ်တယ်ဆိုရင် ဘာစီလိုနာကို ပြန်သွားသင့်ပါတယ်။ 

    -အွန်နရီ

  • ဂျူးအစွန်းရောက်ခေါင်းဆောင် ကိုယ်ပိုင်လက်နက်ကိုင်တပ် ထောင်မည်

    ဂျူးအစွန်းရောက်ခေါင်းဆောင် ကိုယ်ပိုင်လက်နက်ကိုင်တပ် ထောင်မည်

    ဧပြီ ၃၊ ၂၀၂၃

    M-Media 


    -ပြည်ထဲရေး၀န်ကြီး အီတာမာရ် ဘန်ဂါဗီရ်ရဲ့ လက်အောက်မှာ ‘အမျိုးသားအစောင့်တပ်’ ဆိုတဲ့ နာမည်နဲ့ လက်နက်ကိုင်အဖွဲ့တစ်ခု တည်ထောင်ဖို့ အစ္စရေးအစိုးရက တနင်္ဂနွေနေ့မှာ ခွင့်ပြုလိုက်ပါတယ်။ 

    ဘန်ဂါဗီရ်ဟာ ဂျူးလက်ယာစွန်းရောက်တစ်ဦးဖြစ်ပြီး လက်ယာပါတီ Jewish Power ရဲ့ ခေါင်းဆောင်လည်းဖြစ်ပါတယ်။ ပါလက်စတိုင်းကို အပြီးရှင်းလင်းဖို့ ထုတ်ပြောထားသူပါ။  

    ပါလက်စတိုင်းနိုင်ငံ အနောက်ဖက်ကမ်းက တရား၀မင် ဂျူးအခြေချအိမ်ယာတွေမှာ ကြီးပြင်းလာတဲ့သူဟာ အရင်က ဂျူးအကြမ်းဖက်၀ါဒကို တောက်ခံအားပေးမှု၊ ပါလက်စတိုင်းတွေကို သတ်ဖြတ်ဖို့ လှုံ့ဆော်မှုနဲ့ တရားစွဲထောင်ချခံထားရသူလည်း ဖြစ်ပါတယ်။ 

    ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ၀န်ကြီးချုပ် နေတန်ယာဟုပါတီနဲ့ မဟာမိတ်ဖွဲ့ပြီးတဲ့နောက် ပြည်ထဲရေး၀န်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

    တပ်ဖွဲ့၀င် ၂၀၀၀ ပါ၀င်မယ့် အမျိုးသားအစောင့်တပ် သူ့လက်အောက်မှာ ဖွဲ့စည်းထားရှိဖို့ တောင်းဆိုခဲ့ပြီး၊ နေတန်ယာဟုအစိုးရက ခွင့်ပြုခဲ့တာပါ။

    ဒီအဖွဲ့ကို ရဲတပ်ဖွဲ့လက်အောက်မှာ ထားမှာလား၊ ဘန် ဂါဗီရ်ရဲ့ လက်အောက်မှာ ထားမှာလားဆိုတာ အစိုးရ၊ ရဲတပ်ဖွဲ့နဲ့ စစ်တပ် အကြီးအကဲတွေ ပါ၀င်တဲ့ ကော်မတီက ရက်ပေါင်း ၉၀ အတွင်း ဆုံးဖြတ်သွားမယ်လို့ နေတန်ယာဟုရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ 

    အစ္စရေးမှာ စစ်တပ်၊ ရဲတပ်ဖွဲ့၊ စစ်ထောက်လှမ်းရေး၊ ရှင်းဘတ် ထောက်လှမ်းရေးအဖွဲ့၊ မိုဆာ့ဒ် ထောက်လှမ်းရေးအဖွဲ့၊ အမျိုးသားလုံခြုံရေးကောင်စီ၊ အကျဥ်းဦးစီးဌာန၊ အဓိကရုဏ်းနှိမ်နှင်းရေးတပ်ဖွဲ့၊ SWEAT အဖွဲ့ စတဲ့ လက်နက်ကိုင်အဖွဲ့ အမြောက်အများ ရှိနေတာဖြစ်ပါတယ်။ 

    ဘန်ဂါဗီရ်က အမျိုးသားအစောင့်တပ်ဖွဲ့ဟာ စစ်တပ်၊ ရဲတပ်ဖွဲ့တို့နဲ့ အလုပ်တွဲလုပ်သွားမှာဖြစ်ပြီး ပါလက်စတိုင်းတွေရဲ့ လွတ်မြောက်ရေးလှုပ်ရှားမှုကို အဓိကထားနှိမ်နှင်းမယ်လို့ ထုတ်ပြောထားပါတယ်။ 

    Ref: Aljazeera