News @ M-Media

Author: Ko Lay

  • ဘုရားပွဲဗန်းပြ၍ မွတ်စလင်အိမ်များကို တိုက်ခိုက်မီးရှို့မှု အိန္ဒိယနေရာအနှံတွင် ဖြစ်ပွား

    ဘုရားပွဲဗန်းပြ၍ မွတ်စလင်အိမ်များကို တိုက်ခိုက်မီးရှို့မှု အိန္ဒိယနေရာအနှံတွင် ဖြစ်ပွား

    ဧပြီ ၃၊ ၂၀၂၃

    M-Media 


    -အိန္ဒိယနိုင်ငံတစ်၀ှမ်း ဘုရားပွဲ စီတန်းလှည့်လည်မှုအတွင်း ဟိန္ဒူလူအုပ်ဟာ မွတ်စလင်ရပ်ကွက်တွေထဲ ၀င်ရောက်တိုက်ခိုက် မီးရှို့တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ 

    ဘီဟာရ်ပြည်နယ် နာလန်ဒါဒေသမှာ ကြာသာပတေးနေ့က စတင်ကာ တိုက်ခိုက်မှု ဆိုးဆိုးရွားရွား ဖြစ်ပွားခဲ့ပြီး ကလေးငယ်တစ်ဦးအပါအ၀င် အနည်းဆုံး မွတ်စလင် ၂ ဦး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပါတယ်။ 

    ဘီဟာရ် ရှရစ်ဖ်မြို့က နာမည်ကြီး အစ္စလာမ်ဘာသာရေးစာသင်ကျောင်းတစ်ခုလည်း မီးရှို့ဖျက်ဆီးခံလိုက်ရပါတယ်။ 

    Ram Navami လို့ခေါ်တဲ့ ဘုရားပွဲလှည့်လည်မှုအတွင်း ဟိန္ဒူလူအုပ်ဟာ ဓားတွေ၊ တုတ်တွေ၊ သေနတ်တွေပါ ကိုင်ဆောင်လေ့ရှိပါတယ်။ 

    ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အဲဒီပွဲတော် လှည့်လည်မှုမှာ မွတ်စလင်ရပ်ကွက်တွေထဲ ၀င်ရောက်ရန်စတာတွေ တစ်ဖြည်းဖြည်း ပြုလုပ်လာပြီး အခုနှစ်မှာတော့ တိုက်ခိုက်မှုတွေပါ ဖြစ်လာတာပါ။ 

    နာလန်ဒါရဲတပ်ဖွဲ့က တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး လူ ၁၀၀ နီးပါးလောက်ကို ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ပါတယ်။ 

    ဘီဟာရ်ပြည်နယ်က အခြားမြို့နှစ်ခုမှာလည်း ဒီလိုက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး အခြေအနေကို ထိန်းသိမ်းဖို့အတွက် ပြည်နယ်အစိုးရက မိုဘိုင်းအင်တာနက်တွေပိတ်တာ၊ လူစုလူ၀ေးမလုပ်ဖို့ တားမြစ်တာတွေ လုပ်ဆောင်ထားပါတယ်။ 

    အူတာပရာဒက်ရှ်၊ မဒ်ယာ ပရာဒက်ရှ်၊ ကာရ်နာတာကာနဲ့ အနောက်ဘန်ဂေါ အပါအ၀င် ပြည်နယ် ၇ ခုက အနည်းဆုံး မြို့ ၁၃ မြို့မှာလည်း Ram Navami ဘုရားပွဲနောက်ဆက်တွဲ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

    Ref: Reuters

  • ကျောင်းတက်မည့်ကလေးများ မရှိတော့၍ ဂျပန်တွင် စာသင်ကျောင်းများ ပိတ်ပစ်နေရ

    ကျောင်းတက်မည့်ကလေးများ မရှိတော့၍ ဂျပန်တွင် စာသင်ကျောင်းများ ပိတ်ပစ်နေရ

    မတ် ၃၊ ၂၀၂၃

    M-Media 


    -ဂျပန်နိုင်ငံမှာ ကျောင်းတက်မယ့်အရွယ် ကလေးငယ်တွေ နည်းလာပြီး စာသင်ကျောင်းတွေ ပိတ်ပစ်ရမှု အရေအတွက် မြင့်တက်လာပါတယ်။ 

    အာရှတိုက်မှာ ကလေးမွေးဖွားမှုနှုန်း လျော့ကျကာ သက်ကြီးရွယ်အိုများပြားတဲ့ ပြဿနာကို ရင်ဆိုင်နေကြရပြီး ဂျပန်နိုင်ငံက အဆိုးဆုံး ဖြစ်ပါတယ်။ 

    ဂျပန်နိုင်ငံမြောက်ပိုင်း ဖူကူရှီးမားပြည်နယ်က တောင်ပေါ်မြို့ဖြစ်တဲ့ Ten-ei မှာ အထက်တန်းကျောင်းတစ်ခု ပြီးခဲ့တဲ့ သောကြာနေ့က ပိတ်ပစ်လိုက်ရပါတယ်။ 

    ၇၆ နှစ် သက်တမ်းရှိပြီဖြစ်တဲ့ အဲဒီကျောင်းမှာ ပြီးခဲ့တဲ့စာသင်နှစ်က အသက် ၁၅ နှစ်အရွယ် အထက်တန်းကျောင်းသားနှစ်ဦးသာ ရှိတော့ပြီး သူတို့နှစ်ယောက် အထက်တန်းပြီးဆုံးမှုနဲ့အတူ ကျောင်းပါ တစ်ခါတည်း ပိတ်လိုက်ရတာ ဖြစ်ပါတယ်။ 

    ဂျပန်နိုင်ငံက ကျေးလက်ဒေသတွေမှာ ကျောင်းတက်မယ့်သူ မရှိတဲ့အတွက် ပိတ်ပစ်ရတဲ့ စာသင်ကျောင်း အရေအတွက်ကလည်း တစ်ဖြည်းဖြည်းနဲ့ များပြားလာပါတယ်။ 

    ဂျပန်၀န်ကြီးချုပ် ဖူမီယို ကီရှီဒါက ကလေးသူငယ်စောင့်ရှောက်ရေးနဲ့ ပတ်သက်တဲ့ ဘက်ဂျက်ကို ၂ ဆတိုးမှာ အပါအ၀င် ကလေးမွေးဖွားမှုနှုန်း သိိသိသာသာ မြင့်တက်လာစေမယ့် အစီအမံတွေ လုပ်ဆောင်သွားမယ်လို့  ပြောကြားခဲ့ပါတယ်။ 

    ၂၀၂၂ ခုနှစ် ဂျပန်နိုင်ငံရဲ့ ကလေးမွေးဖွားမှုနှုန်းဟာ ၈ သိန်းအောက်သာ ရှိခဲ့ပြီး စံချိန်တင်ကျဆင်းမှု ဖြစ်ပါတယ်။ တစ်နှစ်ကို နိုင်ငံတစ်၀ှမ်း ပျမ်းမျှ စာသင်ကျောင်းပေါင်း ၄၅၀ လောက် ပိတ်ပစ်နေရပြီး ၂၀၀၂ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အတွင်း ကျောင်းပေါင်း ၉၀၀၀ နီးပါး ပိတ်ခဲ့ရပါတယ်။ 

    Ref: Reuters 

  • အာဏာရှင်အဖိုး၏ လုပ်ရပ်များအတွက် မြေးဖြစ်သူက ပြန်တောင်းပန်

    အာဏာရှင်အဖိုး၏ လုပ်ရပ်များအတွက် မြေးဖြစ်သူက ပြန်တောင်းပန်

    ဧပြီ ၁၊ ၂၀၂၃

    M-Media 


    -အဖိုးစစ်အာဏာရှင်က ပြည်သူလူထုအပေါ် နှိပ်စက်ညှင်းပမ်းခဲ့တာတွေနဲ့ပတ်သက်ပြီး မြေးဖြစ်သူက ပြန်လည်တောင်းပန်မှုတစ်ခု ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖြစ်ပွားခဲ့ပါတယ်။ 

    တောင်ကိုရီးယားနိုင်ငံမှာ ဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ချန်၀ူး၀ွန်က သူ့အဖိုး ချန်ဒူး၀မ်ဟာ အပြစ်ရှိသူ၊ လူသတ်သမားဖြစ်တယ်ဆိုတာ မနေ့က ဂွမ်ဂျူးမြို့ အမျိုးသားသုသာန်မှာ ပြုလုပ်တဲ့ အခမ်းအနားမှာ ၀န်ခံခဲ့ပါတယ်။ 

    ၁၉၈၀ ပြည့်နှစ် အာဏာသိမ်းပြီး သိပ်မကြာခင်မှာ ချန်ဒူး၀မ်ဟာ ဂွမ်ဂျူးမြို့က ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်ဖြိုခွဲခဲ့ပြီး သေဆုံးသူနဲ့ ပျောက်ဆုံးသူ စုစုပေါင်း ၂၀၀ ကျော် ရှိခဲ့ပါတယ်။ 

    စစ်သားတွေဟာ ဆန္ဒပြသူတွေကို နှိပ်စက်သတ်ဖြတ်တာ၊ အမျိုးသမီးတွေကို အဓမ္မကျင့်တာတွေ ကျူးလွန်ခဲ့ပြီး လူအုပ်ထဲကို ရဟတ်ယာဥ်နဲ့ ပစ်ခတ်တာတွေပါ လုပ်ဆောင်ခဲ့ပါတယ်။ 

    ဒီအဖြစ်အပျက်အတွင်း ချန်ဒူး၀မ်ဟာ တိုက်လေယာဥ်တွေမှာ ဗုံးတွေတပ်ပြီး အဆင်သင့်ပြင်ထားဖို့ အမိန့်ပေးခဲ့ပါတယ်။ မျက်မြင်သက်သေတွေက သေဆုံးသူအရေအတွက်ဟာ တရား၀င် ထုတ်ပြန်တာထက် ပိုမိုများပြားတယ်လို့ ဆိုပါတယ်။ 

    အသက်ရှင်ကျန်ရစ်သူတွေ၊ သေဆုံးသွားသူရဲ့ မိသားစု၀င်တွေကို ကန့်တော့ခဲ့တဲ့ ချန်၀ူး၀ွန်က သူ့အဖိုးရဲ့ စစ်အာဏာရှင်စနစ်အပေါ် ဆန့်ကျင်ခဲ့သူတွေရဲ့ သတ္တိကို ချီးကျူးတယ်လို့ မနေ့ကအခမ်းအနားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ 

    သူ့အဖိုးဟာ ကြီးမားတဲ့ ရာဇ၀တ်မှုကို ကျူးလွန်ခဲ့ကြောင်း၊ မိမိအနေနဲ့ အရင်ကတည်းက မတောင်းပန်ခဲ့မိတဲ့အတွက် ၀မ်းနည်းမိကြောင်း ပြောခဲ့ပါတယ်။  

    ချန်ဒူး၀မ်ရဲ့ အာဏာရှင်စနစ်ဟာ ၁၉၈၈ ခုနှစ်မှာ အဆုံးသတ်ခဲ့ပါတယ်။ နိုင်ငံတော် သစ္စာဖောက်မှု၊ ခြစားမှုတွေနဲ့ ၁၉၉၆ ခုနှစ်မှာ တရားစွဲ ထောင်ချခံခဲ့ရပေမယ့် နောက်ပိုင်းမှာ သမ္မတလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာခဲ့ပြီး အသက် ၉၀ အရွယ် ၂၀၂၁ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ 

    Ref: BBC

  • စစ်ခေါင်းဆောင်ကို ဖြုတ်ချနိုင်မည့် အမျိုးသမီးခေါင်းဆောင်တစ်ဦးကို ထိုင်းနိုင်ငံတွေ တွေ့ရတော့မည်

    စစ်ခေါင်းဆောင်ကို ဖြုတ်ချနိုင်မည့် အမျိုးသမီးခေါင်းဆောင်တစ်ဦးကို ထိုင်းနိုင်ငံတွေ တွေ့ရတော့မည်

    ဧပြီ ၁၊ ၂၀၂၃

    M-Media


    -ထိုင်း၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာ၀ပ်ထရာရဲ့ သမီးဖြစ်သူ အသက် ၃၆ နှစ်အရွယ် ပေတွန်တန် ရှင်နာ၀ပ်ထရာဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ပရာယွတ်ချန်အိုချာကို ဖြုတ်ချဖို့ ကြိုးပမ်းလာပါတယ်။ 

    ထိုင်းနိုင်ငံမှာ မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပြုလုပ်ဖို့ ရှိနေပြီး သက်ဆင်မိသားစုရဲ့ Phue Thai ပါတီဟာ ကျေးလက်ဒေသတွေမှာ ထောက်ခံမှု အကြီးအကျယ် ရနေပါတယ်။ 

    ၂၀၀၈ ခုနှစ် စစ်တပ်က အာဏာသိမ်းတဲ့အချိန် သက်ဆင်ဟာ တိုင်းပြည်က ထွက်ပြေးခဲ့ရပြီး အဲဒီနောက်ပိုင်း မဲနိုင်ကာ ၀န်ကြီးချုပ်ဖြစ်လာတဲ့ သက်ဆင်ညီမ ယင်လပ်လည်း ၂၀၁၄ ခုနှစ်မှာ ပရာယွတ်ရဲ့ အာဏာသိမ်းမှုကို ခံရကာ ထွက်ပြေးခဲ့ရပါတယ်။ 

    “စစ်အာဏာသိမ်းမှုနှစ်ခုမှာ လူကောင်းနှစ်ဦး တိုင်းပြည်ကို စွန့်ခွာခဲ့ရပါတယ်။ ဒီတစ်ကြိမ်မှာလည်း Pheu Thai ပါတီ တောင်ပြို၊ ကမ်းပြို အနိုင်ရအောင် ကြိုးစားပေးပါလို့ တောင်းဆိုပါတယ်” လို့ ပေတွတန်က မဲဆွယ်ပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ 

    Phue Thai ပါတီနဲ့ မဟာမိတ်တွေဟာ ၂၀၀၁ ခုနှစ်ကစပြီး လုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ မဲအများစု ရရှိခဲ့တဲ့ ပါတီလည်းဖြစ်ပါတယ်။

    သက်ဆင်ရဲ့သမီး ပေတွန်တန်ဟာ ၂၀၂၁ ခုနှစ်က နိုင်ငံရေးလောကထဲ ၀င်ရောက်လာခဲ့ပြီး အချိန်တိုတိုနဲ့ လူထုထောက်ခံမှု ရရှိလာပါတယ်။ မကြာသေးခင်က ပြုလုပ်တဲ့ စစ်တမ်းကောက်ယူမှုမှာဆိုရင် အာဏာသိမ်းစစ်ခေါင်းဆောင် ၀န်ကြီးချုပ် ပရာယွတ်ထက်ကို လူထုထောက်ခံမှု ၂ ဆကျော်ရတာ တွေ့ရပါတယ်။ 

    ပရာယွတ်က ရေးဆွဲအတည်ပြုထားတဲ့ အခြေခံဥပဒေသစ်အရ စစ်တပ်မဟာမိတ်အများအပြားနဲ့ ဖွဲ့စည်းထားတဲ့ အထက်လွှတ်တော်ဟာ ၂၀၂၄ ခုနှစ်အထိ ၀န်ကြီးချုပ်ကို တင်မြှောက်ခွင့်ရှိနေပြီး အောက်လွှတ်တော် အမတ် ၅၀၀ မှာ ၃၇၆ နေရာ အနိုင်ရမှ အထက်လွှတ်တော်ရဲ့ အာဏာကို အနိုင်ရပါတီက ကျော်နိုင်မှာ ဖြစ်ပါတယ်။ 

    Ref: The Star

  • ဆော်ဒီကို မက်ဆီရွေ့တော့မလား

    ဆော်ဒီကို မက်ဆီရွေ့တော့မလား

    ဧပြီ ၁၊ ၂၀၂၃

    M-Media 

    -ဆော်ဒီကလပ် အလ်-ဟီလာလ်အသင်းဟာ မက်ဆီကို ရော်နယ်ဒိုထက် မြင့်မားတဲ့ လုပ်ခလစာနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းလိုက်ပါတယ်။ 

    ဇွန်လမှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ပြည့်တော့မယ့် မက်ဆီဟာ စာချုပ်သစ်ကိစ္စအတွက် ဆွေးနွေးနေပမယ့် အဆင်မပြေသေးပါဘူး။ 

    အသင်းက လစာလျှော့ယူစေချင်ပြီး မက်ဆီက ဒါကို လက်မခံလိုပါဘူး။  

    ဆော်ဒီကလပ် အလ်-နဆာရ်အသင်းဟာ ဇန်န၀ါရီလက ရော်နယ်ဒိုကို တစ်နှစ်လုပ်ခ ပေါင် ၁၇၃ သန်းနဲ့ ခေါ်ယူခဲ့ပြီး ကမ္ဘာ့လစာအများဆုံးလည်းဖြစ်ပါတယ်။ 

    အလ်-နဆာရ်ရဲ့ ပြိုင်ဖက် အလ်-ဟီလာလ်အသင်းက မက်ဆီကို ဒီပမာဏထက်ပိုပေးပြီး ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ 

    မက်ဆီရဲ့ဖခင်ဟာ မတ်လအစောပိုင်းက ဆော်ဒီကို သွားရောက်ခဲ့ပါသေးတယ်။ မက်ဆီဖက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှထုတ်ပြန်တာ မရှိသေးပါဘူး။ 

    ပီအက်စ်ဂျီနောက်ခံလူ ရာမို့စ်လည်း စာချုပ်သစ်ကိစ္စ အဆင်မပြေသေးဘဲ ဆော်ဒီကလပ်ကို သွားကစားနိုင်ခြေရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။ 

    Ref: Mirror