News @ M-Media

Author: Ko Lay

  • စပိန်ရှိ ကာတာလိုနီယာဒေသ ဆန္ဒခံယူပွဲ ဖြိုခွင်းမှု ဒဏ်ရာရသူ ၃၀၀ ကျော်ရှိ

    စပိန်ရှိ ကာတာလိုနီယာဒေသ ဆန္ဒခံယူပွဲ ဖြိုခွင်းမှု ဒဏ်ရာရသူ ၃၀၀ ကျော်ရှိ

    အောက်တိုဘာ ၁၊ ၂၀၁၇
    M-Media

    – စပိန်နိုင်ငံ ကာတာလိုနီယာဒေသ လွတ်လပ်ရေးအတွက် ပြည်သူ့ဆန္ဒခံယူပွဲအား တားဆီးရန် ရဲတပ်ဖွဲ့က အင်အားသုံး နှိမ်နှင်းမှုအတွင်း အနည်းဆုံး လူပေါင်း ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    ယနေ့တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသည့် အဆိုပါ ပြည်သူ့ဆန္ဒခံယူပွဲမှာ တရားမ၀င်ဟု အခြေခံဥပဒေဆိုင်ရာခုံရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် စပိန်အစိုးရက ထိုအစီအစဉ်ကို တားဆီးသွားမည်ဟု ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့က မဲရုံများကို ပိတ်ပစ်ခဲ့ပြီး၊ မဲပြားများ၊ မဲပုံးများကိုလည်း သိမ်းဆည်းခဲ့သည်။

    လွတ်လပ်ရေး ပြည်သူ့ဆန္ဒခံယူပွဲကို ထောက်ခံသည့်အနေဖြင့် ကာတာလိုနီယာပြည်သူများမှာ ဒေသမြို့တော် ဘာစီလိုနာတွင် ဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်များက နံပါတ်တုတ်များ၊ ရာဘာကျည်ဆံများဖြင့် နှိမ်နင်းခဲ့သည်။

    ကာ့တ်လန်ဒေသ အစိုးရနှင့် ကျန်းမာရေးဌာနက ဆန္ဒပြမှုအတွင်း ထိခိုက်မှုကြောင့် ဆေးရုံများ ဆေးခန်းများတွင် လူပေါင်း ၃၃၇ ဦး လာရောက် ကုသမှု ခံယူခဲ့ကြသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

    စပိန်ပြည်ထဲရေးဝန်ကြီးဌာနက ရဲတပ်ဖွဲ့ဝင် ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

    Ref: BBC

  • ရခိုင်ပဋိပက္ခနှင့် တရုတ်အကျိုးစီးပွား ဘယ်လိုဆက်စပ်နေလဲ

    ရခိုင်ပဋိပက္ခနှင့် တရုတ်အကျိုးစီးပွား ဘယ်လိုဆက်စပ်နေလဲ

    အောက်တိုဘာ ၁၊ ၂၀၁၇
    M-Media

    (AFP သတင်းဌာနမှ Myanmar’s conflict-hit Rakhine a magnet for Chinese cash ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ ဆောင်းပါးပါ ဖော်ပြချက်များသည် M-Media ၏ အာဘော်မဟုတ်ဘဲ မြန်မာစာဖတ်ပရိတ်သတ်များ ဖတ်ရှုနိုင်ရန် ဖော်ပြခြင်းသာ ဖြစ်ပါသည်)

    ရခိုင်မြောက်ပိုင်းမှ မီးလောင်ထားသည့် ရွာတစ်ခု

    – ရိုဟင်ဂျာမွတ်စလင်တွေအပေါ် စစ်တပ်က ဖြိုခွဲမှုနဲ့ပတ်သက်ပြီး ကမ္ဘာတစ်ဝှမ်းက အုပ်အောင်သောင်းနင်း ဖြစ်နေကြတဲ့အချိန် မြန်မာနိုင်ငံဟာ မိတ်ဆွေဟောင်းဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ အားပေးနှစ်သိမ့်မှုကို ရနေပါတယ်။ အာရှ စူပါ ပါဝါဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ဒီမလွှဲမရှောင်သာ ထောက်ခံမှုဟာ မတည်မငြိမ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်က ဆိပ်ကမ်းတွေ၊ ဓာတ်ငွေ့သိုက်တွေ၊ ရေနံတွင်းတွေးမှာ ဒေါ်လာဘီလီယံနဲ့ချီ ရင်းနှီးမြှုပ်နှံထားမှုနဲ့ ဆက်စပ်နေတာပါ။

    စစ်သွေးကြွအုပ်စုတစ်ခုရဲ့ တိုက်ခိုက်မှုနောက်ပိုင်း မြန်မာစစ်တပ်ရဲ့ ကြမ်းတမ်းတဲ့ စစ်ဆင်ရေးကြောင့် ပြီးခဲ့တဲ့လအတွင်းမှာ ရိုဟင်ဂျာ သန်းဝက်နီးပါးလောက်ဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပြီး ကုလကတော့ ဒီအခြေအနေကို ‘လူမျိုးစုလိုက် သုတ်သင်မှု’ လို့ သမုတ်ထားပါတယ်။

    ရခိုင်ကိစ္စနဲ့ပတ်သက်ပြီး ကြာသာပတေးနေ့နှောင်းပိုင်းမှာ ပြုလုပ်မယ့် ကုလ လုံခြုံရေးကောင်စီအစည်းအဝေးမှာ ၀င်ပြောဖို့ရှိနေတဲ့ တရုတ်နိုင်ငံဟာ စစ်တပ်ဦးဆောင်တဲ့ စစ်ဆင်ရေးကို ရှုတ်ချနေတဲ့ ကမ္ဘာ့နိုင်ငံတော်တော်များများနဲ့ အမြင်မတူပါဘူး။

    “နိုင်ငံဖွံ့ဖြိုးရေးကို တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ၀န်းရံပေးခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ထောက်ခံသင့်တယ်လို့ ကျွန်တော်တို့ ထင်ပါတယ်” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ Geng Shuang က ဒီလအစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

    ရာစုနှစ်တ၀က်လောက် စစ်အာဏာရှင် အုပ်စိုးမှုအတွင်း အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကြောင့် စီးပွားရေး မရှုနိုင်မကယ်နိုင် ဖြစ်နေတဲ့အချိန်မှာ မြန်မာနိုင်ငံမှာ ငွေတွင်းတူးခဲ့တဲ့ မိတ်ဖက်နိုင်ငံတစ်ခုအနေနဲ့ ဒီလိုထောက်ခံမှုမျိုးဟာ လိုအပ်တာထက် ပိုနေပါတယ်။

    မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေကို ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွေကြောင့် ၂၀၁၄ ခုနှစ်မှာ ဖယ်ရှားပေးခဲ့ပေမယ့် တရုတ်နိုင်ငံအတွက်တော့ အပြောင်းအလဲ သိပ်မရှိခဲ့ပါဘူး။

    ၁၉၉၈ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံမှာ ကန်ဒေါ်လာ ၁၅ ဘီလီယံဖိုးလောက် တရုတ်က ရင်းနှီးမြှုပ်နှံခဲ့တယ်လို့ တရုတ်နိုင်ငံပိုင်သတင်းဌာန Xinhua က ဖော်ပြခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ အပယ်ခံစစ်အာဏာရှင်ကို လက်နက်တွေလည်း ပံ့ပိုးပေးခဲ့ပါတယ်။

    “အဓိကစီးပွားရေး စီမံကိန်းအချို့ကို တရုတ်က မြန်မာအစိုးရနဲ့ လုပ်ဆောင်နေပါတယ်” လို့ French Institute for International Relations က အရှေ့တောင်အာရှဆိုင်ရကျွမ်းကျင်သူ ဆိုဇီ Sophie Boisseau du Rocher က ပြောကြားခဲ့ပါတယ်။

    လက်ရှိ မတည်ငြိမ်မှုတွေ ဖြစ်နေတဲ့နေရာရဲ့ တောင်ဘက် ကျောက်ဖြူမြို့က ကန်ဒေါ်လာ ၉ ဘီလီယံတန် ရေနက်ဆိပ်ကမ်းစီမံကိန်းလည်း ဒီအထဲမှာ ပါဝင်ပြီး တရုတ်အစိုးရပိုင် CITIC ရင်းနှီးမြှုပ်နှံမှု အဖွဲ့က ၂၀၃၈ ခုနှစ်အထိ လုပ်ကိုင်ခွင့် ရထားပါတယ်။

    တရုတ်နိုင်ငံဟာ မတည်ငြိမ်တဲ့ ရခိုင်ပြည်နယ်မှာ ငွေတော်တော်များများကို ထည့်ထားသူပါ။

    အခုနှစ် ဧပြီလအတွင်းမှာ ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်းထားတဲ့ ကန်ဒေါ်လာ ၂.၄၅ ဘီလီယံတန် ပိုက်လိုင်းကို စတင်အသုံးပြုခဲ့ပြီး အရှေ့အလယ်ပိုင်းက ရေနံစိမ်းတွေ တရုတ်နိုင်ငံကို ပို့ဆောင်နိုင်ရေး အဓိကလမ်းကြောင်းလည်း ဖြစ်ပါတယ်။

    အဲဒီလမှာပဲ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မြန်မာသမ္မတ ဦးထင်ကျော်ကို ဘေဂျင်းမှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။ ရှီရဲ့ One Belt, One Road စီမံကိန်းဟာ တရုတ်နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ကြီးမားတဲ့ ကုန်သွယ်ရေးနဲ့ အခြေခံအဆောက်အဦးဆိုင်ရာ စီမံကိန်းတွေကို ချိတ်နိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

    တန်ဖိုးမဖြတ်နိုင်တဲ့ဒေသ

    စိုက်ပျိုးမြေတော်တော်များများ၊ ကမ်းရိုးတမ်းနဲ့ ကမ်းလွန် ဓာတ်ငွေ့သိုက်တွေရှိတဲ့ ရခိုင်ပြည်နယ်ဟာ ရခိုင် ဗုဒ္ဓဘာသာဝင်တွေနဲ့ ရိုဟင်ဂျာမွတ်စလင်တွေအကြား လူမျိုးစုပဋိပက္ခတွေ ဆယ်စုနှစ်ချီ ဖြစ်ခဲ့တဲ့နေရာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ARSA ဆိုတဲ့အဖွဲ့ဟာ နယ်စပ် ရဲကင်းစခန်းတွေကို တိုက်ခိုက်ပြီးနောက်ပိုင်းမှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။

    ဒီစစ်သွေးကြွတွေဟာ အခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ နောက်ထပ်တစ်ကြိမ် တိုက်ခိုက်ခဲ့ပြီး အဲဒီနောက် စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးမှာ ပြီးခဲ့တဲ့လအတွင်း ရိုဟင်ဂျာ ၄၈၀၀၀၀ လောက် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပါတယ်။

    ရိုဟင်ဂျာရွာသားတွေ စွန့်ပစ်ထားခဲ့တဲ့ အိမ်ယာတော်တော်များများဟာ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး မြန်မာစစ်တပ်နဲ့ ရခိုင်လူအုပ်စုက လုပ်တယ်လို့ စွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။

    “ရိုဟင်ဂျာတွေကို တစ်ဖက်သက်မောင်းထုတ်မှုကနေ ထွက်လာတဲ့ မြေတွေဟာ စစ်တပ်ရဲ့ အကြိုးစီးပွားအတွက် ဖြစ်ကောင်းဖြစ်လာနိုင်သလို၊ နိုင်ငံတစ်ဝှမ်း စီးပွားရေးဖွံ့ဖြိုးဖို့ လုပ်ဆောင်ရာမှာ စစ်တပ်ကို ထိပ်တန်းအခန်းကဏ္ဍမှာ ပါဝင်စေလာနိုင်မှာ ဖြစ်ပါတယ်။ တရုတ်စီမံကိန်းတွေကြောင့် မြေတွေဟာ တန်ဖိုးရှိလာပါတယ်” လို့ Columbia တက္ကသိုလ်က လူမှုရေးရာ ပါမောက္ခ Saskia Sassen က ပြောကြားခဲ့ပါတယ်။

    အစိုးရကတော့ ရခိုင်က မီးလောင်ပျက်ဆီးသွားတဲ့ မြေတွေကို ပြန်လည်ဖွံ့ဖြိုးရေးအတွက် စီမံသွားမယ်လို့ ဒီတစ်ပတ်ထဲမှာ ပြောကြားလိုက်ပြီး အသေးစိတ်ကိုတော့ ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။

    ဒီစီမံမှုဟာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာ လူအုပ်စုကြီးအတွက် ဘာကို ရည်ရွယ်သလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးဘဲ သူတို့အနေနဲ့ ဘယ်အချိန်မှာ၊ ဘယ်လို ပြန်လာလို့ရမလဲ ဆိုတဲ့ မေးခွန်းတွေကိုလည်း မြင့်တက်စေပါတယ်။

    သဘာဝရင်းမြစ်တွေ ကြွယ်ဝပေမယ့် ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံး ပြည်နယ်တွေထဲက တစ်ခုဖြစ်ပြီး ပြည်သူတွေရဲ့ ၇၈ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှု သတ်ချက်အောက်မှာ နေထိုင်နေရကာ နိုင်ငံရဲ့ ပျမ်းမျှ ပမာဏထက် ၂ ဆလောက်ကို ရှိနေတာပါ။

    နိုင်ငံရဲ့ လူများစု ဗမာလူမျိုးအပေါ်မှာ သံသယမျက်စိနဲ့ ကြည့်နေတဲ့ ရခိုင်လူမျိုးတွေဟာ ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှု တိုးလာပေမယ့် သူတို့ကတော့ အကျိုးကျေးဇူးကို နည်းနည်းပဲ ခံစားရတယ်လို့ ရှုမြင်နေပါတယ်။

    မြန်မာနိုင်ငံကို တရုတ်လွှမ်းမိုးမှုနဲ့ ပတ်သက်ပြီး ပြည်သူတွေကြားထဲမှာ မနှစ်မြို့မှုတွေလည်း ရှိနေပါတယ်။

    “အကျိုးကျေးဇူးကို လောက်လောက်လားလား မခံစားရတာကြောင့် ဒေသတွင်း ပြည်သူတွေကြားထဲမှာ ရခိုင်ပြည်နယ်က တရုတ်စီမံကိန်းကြီးတွေနဲ့ ပတ်သက်ပြီး မကျေလည်မှုတွေ တော်တော်ဖြစ်လာပါတယ်” လို့ French School of Oriental Studies (Inalco) က ရခိုင်ရေးရာကျွမ်းကျင်သူနဲ့ သုတေသနပညာရှင် Alexandra De Mersan က ပြောကြားခဲ့ပါတယ်။

    ရခိုင်က ပြဿနာတွေနဲ့ပတ်သက်ပြီး ကုလအတွင်းရေးမှူးဟောင်း ကိုဖီအန်နန် ဦးဆောင်တဲ့ အစိုးရကျောထောက်နောက်ခံပြု ကော်မရှင်က သြဂုတ်လအတွင်း ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုတွေကနေ ဘယ်သူတွေက အမှန်ကတယ် အမြတ်ထွက်နေလဲဆိုတာ သတိထားရမယ်ဆိုတဲ့ အချက်တစ်ခုလည်း ပါဝင်နေပါတယ်။

    “အကျိုးအမြတ်တွေကို နေပြည်တော်နဲ့ နိုင်ငံခြားကုမ္ပဏီတွေကပဲ ခွဲယူနေကြတာပါ။ အဲဒါရဲ့ နောက်ဆက်တွဲအနေနဲ့ ဒေသတွင်း လူ့အဖွဲ့အစည်းတွေက အစိုးရဟာ အမြတ်ထုတ်နေတယ်လို့ မှတ်ယူနေကြပါတယ်” လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ဒါပေမယ့် မြန်မာအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဖွံ့ဖြိုးတိုးတက်ရေးဟာ ရခိုင်ဒေသအတွက် ထိပ်တန်းဦးစားပေးဖြစ်တယ်လို့ ပြောကြားခဲ့ပြီး၊ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ရခိုင်ပြည်နယ်က ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လို့ သတိပေးမှုတွေ ရှိနေပါတယ်။

    Ref: AFP

     

  • ဆန္ဒခံယူပွဲကိုဆန့်ကျင်သည့် အီရတ်အစိုးရ ဆုံးဖြတ်ချက်များကို ကာ့ဒ်လွှတ်တော် လက်မခံ

    ဆန္ဒခံယူပွဲကိုဆန့်ကျင်သည့် အီရတ်အစိုးရ ဆုံးဖြတ်ချက်များကို ကာ့ဒ်လွှတ်တော် လက်မခံ

    အောက်တိုဘာ ၁၊ ၂၀၁၇
    M-Media

    ကာ့ဒ်လွှတ်တော် အစည်းအဝေး

    – ပြီးခဲ့သည့်တစ်ပတ်က ကျင်းပခဲ့သည့် ကာ့ဒ်ဒေသလွတ်လပ်ရေး ပြည်သူ့ဆန္ဒခံယူပွဲအား ဆန့်ကျင်သည့် အီရတ်ဗဟိုအစိုးရ၏ ဆုံးဖြတ်ချက်အားလုံးကို ကာ့ဒ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လွှတ်တော်က ယမန်နေ့တွင် ပယ်ချလိုက်သည်။

    နိုင်ငံမြောက်ပိုင်း ကာ့ဒ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဗဟိုးအစိုးရနှင့် ပိုင်နက်အငြင်းပွားမှုရှိနေသည့် ကာ့ဒ်အများစုရှိရာ ဒေသတစ်ချို့တွင် ပြုလုပ်ခဲ့သည့် အဆိုပါဆန္ဒခံယူပွဲတွင် မဲပေးသူ ၉၀ ရာခိုင်နှုန်းကျော်က လွတ်လပ်ရေးအတွက် ထောက်ခံခဲ့ကြသည်။

    အီရတ်ဗဟိုအစိုးရက ဆန္ဒခံယူပွဲကို ရှုတ်ချထားပြီး ကာ့ဒ်ဒေသအစိုးရ၏ လက်ထဲမှ နယ်စပ် ထိန်းချုပ်ရေးစခန်းများကို ပြန်လည်ရယူရေး၊ ကာ့ဒ်ဒေသ လေပိုင်နက်အား ပိတ်ဆို့ရေးအပါအ၀င် ဆုံးဖြတ်ချက် အများအပြားကို ချမှတ်ခဲ့သည်။

    သို့သော်လည်း ထိုဆုံးဖြတ်ချက်များကို ၎င်းတို့၏ သဘောတူညီချက်မပါဘဲ ဆောင်ရွက်၍မရဟု ကာ့ဒ်ပါလီမန်က ပြောကြားခဲ့ပြီး ဗဟိုအစိုးရ၏ ထိုဆောင်ရွက်ချက်များအားလုံးကို ပယ်ချခဲ့သည်။ ထို့ပြင် နယ်စပ်နှင့် လေပိုင်နက် ပိတ်ဆို့မှု အခွင့်အဏာမှာ ဗဟိုအစိုးရတွင်မရှိဟုလည်း ထည့်သွင်း ပြောဆိုခဲ့သည်။

    အီရတ်ဝန်ကြီးချုပ် ဟိုက်ဒါ အလ်အာဘာဒီကမူ ကာ့ဒ်ဒေသကိစ္စအတွက် စစ်ရေးဖြင့် ဖြေရှင်းမည်မဟုတ်ဟု စောစောပိုင်းတွင် ပြောကြားထားသည်။

    Ref: Alarabiya

  • ရခိုင်အရေး အနီးကပ်စောင့်ကြည့်နေပြီး အကူအညီများ ပေးပို့မည်ဟု ထိုင်းပြော

    ရခိုင်အရေး အနီးကပ်စောင့်ကြည့်နေပြီး အကူအညီများ ပေးပို့မည်ဟု ထိုင်းပြော

    အောက်တိုဘာ ၁၊ ၂၀၁၇
    M-Media

    ရခိုင်ပြည်နယ် မတည်ငြိမ်မှုကြောင့် ထွက်ပြေးလာရသူများ

    – ရခိုင်ပြည်နယ်က အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပြီး မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတွေကို အကူအညီပေးသွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့မှာ ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    မြန်မာနိုင်ငံတဲ့ပတ်သက်လို့ ရှားရှားပါးပါးထုတ်ပြန်တဲ့ ကြေငြာချက်ဖြစ်ပြီး ဒီကိစ္စတွေအတွက် စိုးရိမ်မိတယ်လို့လည်း နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

    သြဂုတ်လ ၂၅ ရက်နေ့မှာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်း ၃၀ လောက်ကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း တစ်ကျော့ပြန်ဖြစ်လာတဲ့ ရခိုင်ပြည်နယ် မတည်ငြိမ်မှုတွေမှာ ရိုဟင်ဂျာ ၄ သိန်းကျော်လောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ထွက်ပြေးခဲ့ရပါတယ်။

    မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ ရိုဟင်ဂျာအရပ်သားတွေကို သတ်ဖြတ်မှု၊ အဓမ္မကျင့်မှု၊ နေအိမ် မီးရှို့မှုတွေ ရှိနေတယ်လို့ သတင်းတွေထွက်နေပြီး ကုလ တာဝန်ရှိသူတွေက ‘လူမျိုးစုလိုက် သုတ်သင်မှု’ လို့တောင် စွပ်စွဲထားကြပါတယ်။ ဒါပေမယ့် မြန်မာအစိုးရနဲ့ စစ်တပ်ကတော့ ဒီစွပ်စွဲချက်တွေ အားလုံးကို ပယ်ချထားပါတယ်။

    “ထိုင်းနိုင်ငံဟာ ရခိုင်ပြည်နယ်က အခြေအနေကို စိုးရိမ်မှုနဲ့ အနီးကပ်စောင့်ကြည့်နေပါတယ်။ တော်ဝင် ထိုင်းအစိုးရဟာ မြန်မာနိုင်ငံက အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေကို ကာကွယ်စောင့်ရှောက်ရေး အမြဲတမ်း အရေးတယူ ဆောင်ရွက်ခဲ့ပါတယ်” လို့ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် မြန်မာနိုင်ငံသား တစ်သိန်းလောက် စခန်း ၉ ခုမှာ နေထိုင်မှုကို ရည်ညွှန်းပြီး ၀န်ကြီးဌာနရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ရခိုင်ပြည်နယ်က မတည်ငြိမ်မှုတွေနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ ရပ်တည်ချက်အပေါ် လူ့အခွင့်အရေး အဖွဲ့တွေက မေးခွန်ထုတ်လာမှုကို တုန့်ပြန်တဲ့အနေနဲ့ ဒီလို ကြေငြာချက် ထုတ်ပြန်ရတာဖြစ်တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

    အပြစ်မဲ့အရပ်သားတွေ သေဆုံးရတဲ့ ရခိုင်ပြည်နယ်က အကြမ်းဖက်မှုအားလုံးကို ရှုတ်ချတယ်လို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ပြီးခဲ့တဲ့တစ်ပတ်က ကြေငြာချက်ကို ထိုင်းနိုင်ငံကလည်း ထောက်ခံထားပါတယ်။

    ရခိုင်ပြည်နယ်က မတည်ငြိမ်မှု နောက်ဆက်တွဲကြောင့် ထိုင်းနိုင်ငံကို ရောက်လာတဲ့ ဒုက္ခသည်တွေ မရှိသေးဘူးလို့ မနေ့က ကြေငြာချက်မှာ ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

    Ref: Reuters

  • အနာဂတ်တွင် ကမ္ဘာတစ်ဝှမ်း နာရီဝက်အတွင်း ဒုံးပျံနှင့် ခရီးသွားနိုင်တော့မည်

    အနာဂတ်တွင် ကမ္ဘာတစ်ဝှမ်း နာရီဝက်အတွင်း ဒုံးပျံနှင့် ခရီးသွားနိုင်တော့မည်

    စက်တင်ဘာ ၃၀၊ ၂၀၁၇
    M-Media

    – လူသားတွေဟာ ကမ္ဘာ့မြို့ကြီးတွေကို မိနစ်ပိုင်းအတွင်း ဒုံးပျံနဲ့ သွားနိုင်မယ့် အစီအစဉ်တစ်ခုကို အမေရိကန်က ဒုံးပျံကုမ္ပဏီ Space X အကြီးအကဲ အေလွန်မက်စ်က ထုတ်ဖော်ပြသလိုက်ပါတယ်။

    အေလွန် မက်စ်နဲ့ Space X ဟာ အင်္ဂါဂြိုဟ်ကို လူပို့ဆောင်မယ့် ကြီးမားတဲ့ စီမံကိန်းကို စီစဉ်နေပြီး သောကြာနေ့က သြစတေးလျနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ အာကာသကွန်ဂရက် (IAC) မှာ သူ့ရဲ့ ဒီအစီအစဉ်သစ်ကို ဖွင့်ပြောလိုက်တာပါ။

    “ရလဒ်ဟာ တော်တော်လေး စိတ်ဝင်စားစရာကောင်းမှာပါ။ အာကာသမှာ ခရီးသွားရတဲ့ ကောင်းမွန်တဲ့အချက်တစ်ခုက ပွတ်တိုက်မှု မရှိတာပါ။ လေထုကနေ ထွက်သွားပြီဆိုတာနဲ့ ညိမ့်ညောင်းသွားပြီး ရာသီဥတု မရှိတော့ပါဘူး” လို့ နယူးယောက်ကနေ ရှန်ဟိုင်းကို နာရီဝက်အတွင်းသွားတဲ့ သရုပ်ဖော် ဗီဒီယိုကိုပြသရင်း သူက ပြောကြားခဲ့ပါတယ်။

    ကမ္ဘာတစ်ဝှမ်း ဘယ်နေရာသွားသွား နေရာအများစုဟာ မိနစ် ၃၀ အောက်သာ ကြာမြင့်မှာဖြစ်ပြီး တစ်နာရီထက် ပိုမကြာနိုင်ဘူးလို့လည်း ဆိုပါတယ်။

    ဒီတင်ဆက်မှုအပြီး Instagram စာမျက်နှာမှာ မက်စ်က အဲဒီ ဒုံးပျံခရီးစဉ်အတွက် ထိုင်ခုံတစ်ခုတန်ဖိုးဟာ လက်ရှိ လေယာဉ်လက်မှတ်တန်ဖိုးသာ ရှိမယ်လို့ ရေးသားခဲ့ပါတယ်။

    Space X ကုမ္ပဏီဟာ ၂၀၂၂ ခုမှာ အင်္ဂါဂြိုဟ်ကို ပစ္စည်းတင် အာကာသယာဉ်တွေ ပိုဖို့နဲ့ ၂၀၂၄ ခုနှစ်မှာ လူပို့ဖို့အထိ စီစဉ်ထားတာပါ။

    လက်ရှိမှာ ဂြိုဟ်တုတွေ လွှတ်တင်ရာမှာ ပြန်လည်အသုံးပြုနိုင်တဲ့ BFR ဒုံးပျံတွေ ထုတ်လုပ်ဖို့ စီစဉ်နေပြီး လာမယ့်နှစ် အလယ်လောက်မှာ ပထမဆုံးတစ်ခုကို စတင်ထုတ်မှာဖြစ်ပါတယ်။

    ကမ္ဘာတစ်ဝှမ်း ခရီးသည်တွေကို ပို့ဆောင်ရေးမှာလည်း တစ်နာရီကို ကီလိုမီတာ ၂၇၀၀၀ လောက်သွားမယ့် BFR ဒုံးပျံကိုပဲ အသုံးပြုမယ်လို့ မက်စ်က ဆိုပါတယ်။

    ဒီအစီအစဉ် အမှန်တကယ်ဖြစ်လာနိုင်လားဆိုတာကိုတော့ သူက ရှင်းရှင်းလင်းလင်း မပြောခဲ့ပါဘူး။

    Ref: CNN