News @ M-Media
Author: Ko Lay
  • ရခိုင်ရှိ လူ့အဖွဲ့အစည်းများအတွက် စင်ကာပူက အကူအညီပေးပို့မည်
    ရခိုင်ရှိ လူ့အဖွဲ့အစည်းများအတွက် စင်ကာပူက အကူအညီပေးပို့မည်
    စက်တင်ဘာ ၂၉၊ ၂၀၁၇
    M-Media
    မတည်ငြိမ်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည့် ရိုဟင်ဂျာများ
    – ရခိုင်ပြည်နယ်က မတည်ငြိမ်မှုတွေကြောင့် ထိခိုက်ခံစားရတဲ့ ပြည်သူတွေအတွက် စင်ကာပူက ဒေါ်လာ သုံးသိန်းတန်ဖိုးရှိတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးပို့သွားဖို့ ရှိနေပါတယ်။
    ဒီ ကူညီထောက်ပံ့မှုဟာ ထိခိုက်ခံစားရတဲ့ လူ့အဖွဲ့အစည်းအားလုံးအတွက် ဖြစ်တယ်လို့ စင်ကာပူ ကာကွယ်ရေးဝန်ကြီးဌာန (MINDEF) က ဒီနေ့မှာ ပြောကြားခဲ့ပါတယ်။
    “လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေအတွက် စင်ကာပူဟာ စိုးရိမ်မိပါတယ်” လို့လည်း ၀န်ကြီးဌာနက ဆိုပါတယ်။
    ASEAN Charter နဲ့ အညီ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့အတွက် လက်ရှိနည်းလမ်းတွေကို အသုံးပြုပြီး အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ဆောင်ရွက်မှုတွေကို ပံ့ပို့ပေးသွားမယ်လို့လည်း MINDEF က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    အခုလက်ရှိ အကူအညီတွေကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတွေဆီ ပေးပို့မှာ ဖြစ်ပါတယ်။
    စင်ကာပူက ဘာသာရေးနဲ့ လူမှုရေးအဖွဲ့အစည်းတွေကလည်း ရခိုင်ပြည်နယ်က ထိခိုက်ခံစားရသူတွေကို ကူညီပေးနိုင်ဖို့အတွက် ရန်ပုံငွေတွေ ကောက်ခံနေပါတယ်။
    Ref: CNA
  • ဒုက္ခသည်များကိုတိုက်ခိုက်သည့် ဘုန်းကြီးများကို သီရိလင်္ကာအစိုးရက ပြင်းပြင်းထန်ထန်ဝေဖန်
    ဒုက္ခသည်များကိုတိုက်ခိုက်သည့် ဘုန်းကြီးများကို သီရိလင်္ကာအစိုးရက ပြင်းပြင်းထန်ထန်ဝေဖန်
    စက်တင်ဘာ ၂၈၊ ၂၀၁၇
    M-Media
    ဒုက္ခသည်များနေထိုင်သည့်နေရာကို အစွန်းရောက်ဘုန်းကြီးများက တိုက်ခိုက်ရန် ကြိုးစားနေသည့် မြင်ကွင်း
    – ရိုဟင်ဂျာ ဒုက္ခသည်များ ခိုလှုံရာနေရာကို တိုက်ခိုက်ခဲ့သည့် အစွန်းရောက် ဘုန်းကြီးအုပ်စုမှာ ‘တိရစ္ဆာန်များ’ ဖြစ်သည်ဟု သီရိလင်္ကာ အစိုးရက ယမန်နေ့တွင် ဝေဖန်ပြောကြားလိုက်ပြီး ဒုက္ခသည်များကို ကာကွယ်မပေးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များကိုလည်း အရေးယူမည်ဟု ကတိပြုခဲ့သည်။
    ကလေးငယ် ၁၆ ဦး အမျိုးသမီး ၇ ဦးအပါဝင် စုစုပေါင်း ရိုဟင်ဂျာဒုက္ခသည် ၃၁ ဦး နေထိုင်သည့် ကိုလံဘိုဆင်ခြေဖုံးမှ ကုလ၏ အဆောက်အဦးတစ်ခုကို ဘုန်းကြီးများဦးဆောင်သည့် လူအုပ်က အင်္ဂါနေ့တွင် ဖျက်ဆီးဝင်ရောက်ခဲ့ပြီး ရိုဟင်ဂျာများကို တိုက်ခိုက်ရန် ကြိုးစားခဲ့သည်။
    သီရိင်္လာ ကက်ဘိနတ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ရာဂျီသာ ဆီနာရတ္တနီက အစိုးရအနေဖြင့် ထိုလုပ်ရပ်ကို ရှုတ်ချသည်ဟု ပြောကြားခဲ့သည်။
    “ဖြစ်သွားတဲ့ကိစ္စအတွက် ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ ကျွန်တော် ရှက်မိပါတယ်။ လက်တစ်ဆုပ်စာ ဘုန်းကြီးတွေဦးဆောင်တဲ့ လူအုပ်ရဲ့ တိုက်ခိုက်မှုကြောင့် မိခင်တွေဟာ ရင်ခွင်ပိုက်ကလေးတွေကိုချီပြီး ထွက်ပြေးခဲ့ရတယ်”
    လူအုပ်မှာ အဆောက်ဦး၏ ၀င်းတံခါးများကို ရိုက်ချိုးကာ၊ ပြတင်းပေါက်မှန်များ ရိုက်ခွဲခြင်း၊ ပရိဘောဂပစ္စည်းများအား ဖျက်ဆီးခြင်းတို့ ပြုလုပ်ခဲ့ပြီး ဒုက္ခသည်များမှာ အဆောက်အဦး အပေါ်ထပ်တွင် ပုန်းအောင်းနေခဲ့ရသည်။
    လူအုပ်အား ရဲတပ်ဖွဲ့က တားဆီးခဲ့ပြီး တပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ရိုဟင်ဂျာဒုက္ခသည်များကိုမူ ဘေးကင်းရာနေရာသို့ ပြောင်းရွှေ့ပေးခဲ့သည်။
    ဆီနာရတ္တနီက လူအုပ်အား ထိန်းချုပ်ရန် ပျက်ကွက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များကို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုပြုလုပ်ရန် အမိန့်ပေးထားသည်ဟု ပြောကြားခဲ့သည်။
    “ဒါဟာ ဗုဒ္ဓမြတ်စွာဘုရားရဲ့ သွန်သင်မှုမဟုတ်ဘူးဗျ။ ဒီဒုက္ခသည်တွေအပေါ် ကျွန်တော်တို့ဟာ မေတ္တာထားရမယ်။ တိုက်ခိုက်မှုတွေလုပ်တဲ့ ဘုန်းကြီးတွေဟာ သံဃာအစစ်တွေမဟုတ်ပါဘူး။ တိရစ္ဆာန်တွေပါ”
    အဆိုပါ ဒုက္ခသည် ၃၁ ဦးကို သီရိလင်္ကာရေတပ်က ကယ်တင်ထားခြင်းဖြစ်ပြီး ကုလအစီအစဉ်ဖြင့် တတိယနိုင်ငံတွင် သွားရောက်အခြေချရန် စောင့်ဆိုင်းနေသူများဖြစ်သည်။
    Ref: Dhakatribune
  • ဆွီဒင်ရှိ မီးလောင်သည့်ဗလီသို့ ဘုရင်ဂူစ်တက်ဖ် လာရောက်ကြည့်ရှုကာ နှစ်သိမ့်အားပေး
    ဆွီဒင်ရှိ မီးလောင်သည့်ဗလီသို့ ဘုရင်ဂူစ်တက်ဖ် လာရောက်ကြည့်ရှုကာ နှစ်သိမ့်အားပေး
    စက်တင်ဘာ ၂၈၊ ၂၀၁၇
    M-Media
    မီးလောင်သည့်ဗလီသို့ လာရောက်ကြည့်ရှုခဲ့သည့် ဆွီဒင်ဘုရင်
    – နိုင်ငံအလယ်ပိုင်းရှိ မီးလောင်သွားသည့် ဗလီဝတ်ကျောင်းတော်အား ဆွီဒင်ဘုရင် ကားလ် ဂူစ်တက်ဖ်က ယမန်နေ့တွင် လာရောက်ကြည့်ရှုခဲ့ပြီး အစ္စလာမ်ဘာသာဝင်များအား နှစ်သိမ့်အားပေးခဲ့သည်ဟု သိရသည်။
    အိုရီဘရိုမြို့ရှိ ဗလီဝတ်ကျောင်းတော်မှာ အင်္ဂါနေ့က မီးလောင်ခဲ့ပြီး အဆောက်အဦး တစ်ခုလုံးနီးပါး ပျက်ဆီးခဲ့သည်။ အဆိုပါ မီးလောင်မှုမှာ ရှို့မီးဖြစ်သည်ဟု ရဲတပ်ဖွဲ့က ယူဆပြီး အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးထားသည်။
    ဘုရင် ကားလ် ဂူစ်တက်ဖ်မှာ စီစဉ်ထားသည့် ခရီးစဉ်အဖြစ် အိုရီဘီရိုမြို့ရှိ တက္ကသိုလ်တစ်ခုသို့ လာရောက်ခဲ့ပြီးနောက် မီးလောင်သွားသည့်ဗလီသို့ လာရောက်ကြည့်ရှုကာ ဒေသတွင်းရှိ အစ္စလာမ်ဘာသာဝင်များအား နှစ်သိမ့်အားပေးခဲ့သည်။
    “အိုရီဘရိုကိုရောက်နေတဲ့ ဘုရင်ကြီးက ကျွန်တော်တို့ကို အချိန်ပေးတဲ့အတွက် ဂုဏ်ယူရပါတယ်။ ဒီစိတ်မကောင်းစရာအဖြစ်အပျက်ကို သူမြင်ပြီး ကျွန်တော်တို့နဲ့အတူ မျှဝေခံစားနိုင်တာပေါ့” ဟု အိုရီဘရိုဗလီ၏ အကြီးအကဲ ဟာမန် မွန်တာဂူက ပြောကြားခဲ့သည်။
    ဘုရင်ကြီးနှင့် စကားလက်ဆုံကျခဲ့သည့် ဟာဆန်၏သမီးငယ် ဂျက်စမင်က “ဘုရင်ကြီးဟာ ကြင်နာပုံရပါတယ်” ဟု ပြောကြားခဲ့သည်။ ဂျက်စမင်မှာ ဘုရင် ကားလ် ဂူစ်တက်ဖ်အား ပန်းစည်း လက်ဆောင်ပေးခဲ့သည်။
    အင်္ဂါနေ့က မီးလောင်မှုအတွက် ဆွီဒင် ခရစ်ယာန်အသင်းတော်ကလည်း ၀မ်းနည်းကြောင်း ပြောကြားခဲ့ပြီး အခင်းဖြစ်ရာနေရာသို့ လာရောက်ကာ နှစ်သိမ့်အားပေးခဲ့သည်။
    Ref: The Local.se
  • တိုင်းပြည်မှပျောက်သွားသည့် ယင်းလပ် ဒူဘိုင်းတွင်ရှိဟု ထိုင်းပြော
    တိုင်းပြည်မှပျောက်သွားသည့် ယင်းလပ် ဒူဘိုင်းတွင်ရှိဟု ထိုင်းပြော
    စက်တင်ဘာ ၂၈၊ ၂၀၁၇
    M-Media
    – ယခင်ဝန်ကြီးချုပ်ဟောင်း ယင်းလပ် ရှင်နာဝပ်ထရာမှာ လက်ရှိတွင် ဒူဘိုင်း၌ ခိုလှုံနေသည်ဟု ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ယနေ့တွင် ပြောကြားလိုက်သည်။
    ထိုင်း ဗဟိုတရားရုံးချုပ်က ယမန်နေ့တွင် ယင်းလပ်အား ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့သည်။
    ယင်းလပ် ပျောက်သွားကတည်းက သူမမှာ ဒူဘိုင်းသို့ ထွက်ပြေးသွားသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး ၀န်ကြီးချုပ်က ယနေ့တွင် အတည်ပြုခဲ့သည်။
    “သူမ ဒူဘိုင်းမှာပါ။ လက်ရှိမှာ ရဲတပ်ဖွဲ့ဟာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပို) တို့နဲ့ ဆယ်သွယ်ကာ ညှိနှိုင်းဆောင်ရွက်နေပါတယ်” ဟု ပရာယွတ်က ပြောကြားခဲ့သည်။
    ယင်းလပ်၏ အစ်ကိုဖြစ်သူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာမှာ ဒူဘိုင်းတွင် အိမ်ပိုင်ဆိုင်ထားသည်။
    Ref: CNA
  • ဘင်္ဂလာဒေ့ရှ်ရောက် မြန်မာဒုက္ခသည်များပြန်ခေါ်ရေး ၁၉၉၂ နှင့် ၁၉၉၃ နှစ်များတွင် မြန်မာအစိုးရ၏ သဘောတူစာချုပ်များ
    ဘင်္ဂလာဒေ့ရှ်ရောက် မြန်မာဒုက္ခသည်များပြန်ခေါ်ရေး ၁၉၉၂ နှင့် ၁၉၉၃ နှစ်များတွင် မြန်မာအစိုးရ၏ သဘောတူစာချုပ်များ
    စက်တင်ဘာ ၂၈၊ ၂၀၁၇
    M-Media
    (မူရင်းအင်္ဂလိပ်စာသားကို M-Mediaမှ မြန်မာဘာသာသို့ ပြန်ဆိုပါသည်)
    (အပိုဒ် ၇ မှ သဘောတူချက်တစ်ချို့)
    (ဂ) မြန်မာနိုင်ငံတွင် နေထိုင်သူများ ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာမှုကို ရပ်တန့်စေမည့် လိုအပ်သော ဆောင်ရွက်ချက်အားလုံး ပြုလုပ်ရန်နှင့် မြန်မာနိုင်ငံကို စွန့်ခွာလာသူများ မိမိတို့ဆန္ဒအလျောက် လုံခြုံစွာဖြင့် ၎င်းတို့၏ နေအိမ်များသို့ ပြန်လာနိုင်ရေး တိုက်တွန်းအားပေးရန် ပြည်ထောင်စု မြန်မာနိုင်ငံက သဘောတူခဲ့သည်။
    (ဃ) ဘင်္ဂလားဒေ့ရှ်သို့ ၀င်ရောက်လာသည့်အချိန်၌ အင်္ဂလားဒေ့ရှ်အစိုးရက ထုတ်ပေးသော ‘ဒုက္ခသည်သက်သေခံကဒ်ပြား’ (Refugee Registration Card) ဖြင့် ၎င်းတို့၏ တည်ရှိမှုကို မှတ်တမ်းတင်ထားပြီး၊ မြန်မာနိုင်ငံတွင် နေထိုင်မှုကို ရနိုင်သမျှ အထောက်အထားအား စားရင်ပြုစုထားသည့် ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံနေသူအားလုံးကို သေချာစွာ စီစစ်မှုပြုလုပ်ပြီးနောက် ပြန်လည်လက်ခံရန် ပူးပေါင်းဆောင်ရွက်လိုသည့် သဘောထားဖြင့် မြန်မာနိုင်ငံက သဘောတူသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရကပေးသော စာရင်းများအား သေချာစွာ စိစစ်မှုကို အခြေခံ၍ နိုင်ငံသားမှတ်ပုံတင်ကဒ်/နိုင်ငံသားစီစစ်ရေးကဒ် ကိုင်ဆောင်ထားသူများ၊ သက်ဆိုင်ရာ မြန်မာအာဏာပိုင်များက ထုတ်ပေးထားသည့် အခြားသော မည်သည့်စာရွက်စာတမ်းကိုမဆို ပြနိုင်သူများ၊ နေရပ်လိပ်စာ သို့မဟုတ် အခြား သက်ဆိုင်သည့် အချက်အလက်များကဲ့သို့ မြန်မာနိုင်ငံတွင် နေထိုင်ကြောင်း ခိုင်မာသည့် အထောက်အထား ပြနိုင်သူများအားလုံး စသဖြင့် လူအားလုံးကို အသုတ်များခွဲ၍ ပြန်လည်လက်ခံရန် ပြည်ထောင်စု မြန်မာနိုင်ငံက သဘောတူခဲ့သည်။ မြန်မာနိုင်ငံတွင် နေထိုင်ကြောင်း မှန်ကန်သည့်အထောက်အထား ပြနိုင်နေသမျှ ပြန်လည်လက်ခံမည့်အရေအတွက်ကို ကန့်သတ်မှုမပြုဟု ပြည်ထောင်စုမြန်မာနိုင်ငံက သဘောတူသည်။ ဘင်္ဂလားဒေ့ရှ်ကပေးအပ်သော စာရင်းများမှာ မြန်မာအာဏာပိုင်များက အတည်ပြုထားသူများနှင့် အနီးစပ်ဆုံး တူနေသည်ဟုလည်း ၎င်းတို့က အသေအချာ ပြောကြားခဲ့သည်။
    ၁၉၉၂ ခုနှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူစာချုပ်
    ၁၉၉၂ ခုနှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူစာချုပ်
    ၁၉၉၂ ခုနှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူစာချုပ်
    ၁၉၉၂ ခုနှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူစာချုပ်
    ၁၉၉၂ ခုနှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူစာချုပ်
    ——————————————
    (မူရင်းအင်္ဂလိပ်စာသားကို M-Media မှ မြန်မာဘာသာသို့ ပြန်ဆိုသည်)
    မိမိ၏ သဘောဆန္ဒအလျောက် နေရပ်ပြန်ရေးအစီအစဉ်တွင် အောက်ပါအချက်များ ပါဝင်သည်။
    ၁။ ပြန်လည်ဝင်ရောက်လာသည့်အဆင့် – ထိုကာလအတွင်း ပြန်လာမည့်သူ အမြောက်အများကို နေရာထိုင်ခင်းပေးနိုင်ရန်အတွက် လိုအပ်သည့် အခြေခံအဆောက်အဦးများကို အဆင်သင့် ပြင်ဆင်ထားရမည်။
    ၂။ ၎င်းတို့ မူလနေထိုင်သည့် ကျေးရွာများတွင် ကနဦးအကူအညီ ပေးခြင်း – အိမ်ထောင်သုံးပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများ (၀ါးများ) ကဲ့သို့ ကယ်ဆယ်ရေးပစ္စည်းများအပြင် ပြန်လာသူများမှာ WFP မှ ပေးအပ်သော ၂ လစာ စားနပ်ရိက္ခာ အထောက်အပံ့ကို ရရှိရမည်။
    ၃။ လူအဖွဲ့အစည်းအတွင်း နေသားတစ်ကျဖြစ်ရေးအဆင့် – ပြန်လည်ရောက်ရှိလာသူများ၏ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ တည်ငြိမ်စေရန်အတွက် လယ်ယာစိုက်ပျိုးရေး၊ ကျန်းမာရေး၊ သောက်ရေနှင့် သန့်ရှင်ရေး၊ ပညာရေးကဏ္ဍများတွင် ဒေသအဆင့် စီမံကိန်းများကို သက်ဆိုင်ရာ ဦးစီးဌာနများနှင့် အကောင်အထည်ဖော်ပေးရမည်ဖြစ်ပြီး ပတ်ဝန်းကျင်ရှိ လူ့အဖွဲ့အစည်းမှာလည်း ထိုအကျိုးကျေးဇူးကို ခံစားနိုင်စေရမည်။ ဆောင်ရွက်ချက်များ မထပ်စေရန်၊ ကယ်ဆယ်ရေးအဆင့်မှ ဖွံ့ဖြိုးရေးအဆင့်အထိ တစ်ဖြည်းဖြည်း ပြောင်းလဲသွားစေရန်အတွက် UNDP၊ အခြား ကုလသမဂ္ဂ အဖွဲ့အစည်းများဖြစ်သည့် UNICEF နှင့် WHO တို့ကဲသို့ အဖွဲ့များနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် ထိန်းသိမ်းထားရမည်။
    ၁၉၉၃ မြန်မာ-ကုလ နားလည်မှုစာချွန်လွှာ (မြန်မာဘာသာပြန်)
    ၁၉၉၃ မြန်မာ-ကုလ နားလည်မှုစာချွန်လွှာ (အင်္ဂလိပ်မူရင်း)