News @ M-Media

Author: Ko Lay

  • အိန္ဒိယနိုင်ငံ အရှေ့ပိုင်းတွင် မွတ်စလင်အမျိုးသားတစ်ဦး ရိုက်နှက် သတ်ဖြတ်ခံရ

    အိန္ဒိယနိုင်ငံ အရှေ့ပိုင်းတွင် မွတ်စလင်အမျိုးသားတစ်ဦး ရိုက်နှက် သတ်ဖြတ်ခံရ

    မတ် ၁၁၊ ၂၀၂၃

    M-Media


    GREATER NOIDA, INDIA – SEPTEMBER 29: Police on alert after violence over murder of a man over allegations of sacrificing a cow at village Bisada on September 29, 2015 in Greater Noida, India. Afzal, 36, a resident of Bisara area under Jarcha police station of Greater Noida, was dragged out of his house and beaten to death after residents alleged that he had sacrificed a cow in his house. The incident triggered violent protests in the area and a police vehicle was burnt. (Photo by Burhaan Kinu/Hindustan Times via Getty Images)

    -အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာရ်ပြည်နယ်မှာ မွတ်စလင် သက်ကြီးရွယ်အိုတစ်ဦး နွားချစ်သူများအဖွဲ့ရဲ့ ရိုက်နှက် သတ်ဖြတ်ခြင်းကို ခံလိုက်ရပါတယ်။ 

    အသက် ၅၆ နှစ်အရွယ် နာဆင်း ကိုရိုက်ရှီဆိုသူဖြစ်ပြီး အခုတစ်ပတ်အစောပိုင်းက အမဲသားသယ်ဆောင်တယ်လို့ စွပ်စွဲကာ လူ ၂၀ လောက်ပါ၀င်တဲ့ အုပ်စုတစ်စုက ၀ိုင်းရိုက်ခဲ့တာပါ။ 

    ရဲတပ်ဖွဲ့က ၀င်ရောက်တားဆီးခဲ့ပေမယ့် ကိုရိုက်ရှီဟာ ရရှိတဲ့ ဒဏ်ရာတွေကြောင့် ဆေးရုံးသွားတဲ့ လမ်းတစ်၀က်မှာပဲ သေဆုံးသွားခဲ့ပါတယ်။

    ရဲတပ်ဖွဲ့က ကျူးလွန်သူတွေထဲက ၃ ဦးကို ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ပါတယ်။

    ၂၀၁၄ ခုနှစ် ဟိန္ဒူအမျိုးသားရေးပါတီ BJP အာဏာရပြီးနောက်ပိုင်း နွားချစ်သူများအဖွဲ့တွေ ပိုမိုအတင့်ရဲလာပြီး ဒါလစ်ဇာနိမ့်တွေ၊ မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေကို အမဲသားကိစ္စ စွပ်စွဲကာ တိုက်ခိုက်သတ်ဖြတ်မှုတွေ ပြုလုပ်လာခဲ့ပါတယ်။ 

    ကိုဗစ်ကာလအတွင်း ဒီလိုအကြမ်းဖက်မှုတွေ လျော့သွားပေမယ့် အခုနောက်ပိုင်းမှာ ပြန်လည်မြင့်တက်လာပါတယ်။

    ဘီဟာရ်ပြည်နယ်မှာပဲ ဖေဖော်၀ါရီလနှောင်းပိုင်းမှာ ဟိန္ဒူအမျိုးသားတစ်ဦးကို အမဲသားစားတယ်လို့ စွပ်စွဲကာ နွားချစ်သူတွေက ရိုက်နှက်သတ်ဖြတ်ပြီး နှိပ်စက်ထားတဲ့ ဗီဒီယိုကို ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့ပါတယ်။ 

    Ref : The New Strait Times

  • အရပ်ဖက်နျူစီမံကိန်း လုပ်ခွင့်ပေးလျှင် အစ္စရေးနှင့် ဆက်ဆံမည်ဟု ဆော်ဒီ ကမ်းလှမ်းထား

    အရပ်ဖက်နျူစီမံကိန်း လုပ်ခွင့်ပေးလျှင် အစ္စရေးနှင့် ဆက်ဆံမည်ဟု ဆော်ဒီ ကမ်းလှမ်းထား

    မတ် ၁၀၊ ၂၀၂၃

    M-Media


    – အစ္စရေးနဲ့ ဆက်ဆံရေး တည်ဆောက်စေချင်နေတဲ့ အမေရိကန်ကို ဆော်ဒီအာရဗျက ကမ်းလှမ်းမှုတစ်ချို့ လုပ်ဆောင်ထားတယ်လို့ အရှေ့အလယ်ပိုင်းသံတမန်ရပ်၀န်းက ရင်းမြစ်တွေကို ကိုးကားပြီး အမေရိကန်မီဒီယာတွေက ဖော်ပြလာပါတယ်။ 

    ဒီကမ်းလှမ်းမှုတွေကတော့ အရပ်ဖက် နျူစီမံကိန်း တည်ဆောက်ခွင့်ပေးဖို့၊ ဆော်ဒီရဲ့ လုံခြုံရေးကို အမေရိကန်က အပြည့်အ၀ အာမခံပေးဖို့၊ လက်နက်ရောင်းချရာမှာ ကန့်သတ်မှုတွေ ဖြေလျှော့ပေးဖို့ စတာတွေ ဖြစ်ပါတယ်။ 

    လွတ်လပ်တဲ့ပါလက်စတိုင်းနိုင်ငံ မပေါ်မချင်း အစ္စရေးနဲ့ ဆက်ဆံရေး တည်ဆောက်မှာမဟုတ်ဘူးလို့ ဆော်ဒီအာရေဗျက အကြိမ်ကြိမ် ပြောထားတာပါ။ 

    အမေရိကန်ဟာ ဆော်ဒီကို အစ္စရေးနဲ့ သံအဆက်အသွယ် မြန်မြန်ဆန်ဆန် လုပ်ဆောင်ချင်နေပြီး၊ ဆော်ဒီကလည်း ဒီအတွက် အပေးအယူလုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ 

    ဒီကိစ္စအတွက် ဆော်ဒီဟာ ပြီးခဲ့တဲ့နှစ်ကစတင်ကာ ဘိုင်ဒန်အစိုးရနဲ့ ဆွေးနွေးနေပြီး ဆော်ဒီရဲ့တောင်းဆိုမှုမှာ ပါလက်စတိုင်းကိစ္စက အဓိက ကျတဲ့နေရာကနေ မပါ၀င်တော့ပါဘူး။

    အရပ်ဖက်နျူကလီးယားစီမံကိန်းကို အမေရိကန်ရဲ့ စောင့်ကြည့်မှုအောက်မှာ ဆော်ဒီက အကောင်အထည်ဖော်ချင်နေတာ ဖြစ်ပါတယ်။ ဒီတောင်းဆိုမှုဟာ အရှေ့အလယ်ပိုင်းမှာ နျူလက်နက်ပြိုင်ဆိုင်မှုကို ပိုမိုပြင်းထန်နိုင်တယ်လို့ ဘိုင်ဒန်အစိုးရက ရှုမြင်နေပါတယ်။

    လတ်တလောမှာ အမေရိကန်က ဒီတောင်းဆိုမှုတွေကို လိုက်လျောမယ့် အနေအထားမျိုး မရှိသေးဘဲ၊ ဆော်ဒီကလည်း ဒီမိုကရက်တစ်ပါတီဦးဆောင်တဲ့ အမေရိကန်အစိုးရထက် ရီပက်ဘလစ်ကန်ပါတီ ဦးဆောင်တဲ့ အမေရိကန်အစိုးရထံကနေ လိုက်လျောမှု ပိုရမယ်လို့ ရှုမြင်နေကြောင်း သံတမန်အသိုင်းအ၀ိုင်း ရင်းမြစ်တွေက ဆိုပါတယ်။ 

    Ref: New York Times 

    https://www.timesofisrael.com/to-normalize-with-israel-saudis-want-us-okay-for-civil-nuclear-program-diplomat/

  • ဘုရင်ကို စော်ကားသည်ဆိုသည့် စွဲချက်ဖြင့် ထိုင်းအမျိုးသား ၁ ဦး ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ

    ဘုရင်ကို စော်ကားသည်ဆိုသည့် စွဲချက်ဖြင့် ထိုင်းအမျိုးသား ၁ ဦး ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ

    မတ် ၈၊ ၂၀၂၃

    M-Media 


    -ဘုရင်ကို စော်ကားတဲ့ ပြက္ခဒိန် ရောင်းချတယ်ဆိုတဲ့ စွဲချက်နဲ့ အမျိုးသားတစ်ဦးက ထိုင်းတရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။ 

    ဘုရင်အပေါ် ၀ေဖန်ပြောဆိုမှုကို ပိုမို တင်းတင်းကြပ်ကြပ် ကိုင်တွယ် အရေးယူနိုင်မယ့် ဥပဒေတစ်ခုကို ၂၀၂၀ ခုနှစ်မှာ ထိုင်းအစိုးရက ပြဌာန်းခဲ့ပြီး၊ အဲဒီဥပဒေနဲ့ လူပေါင်း ၂၀၀ လောက်ကို ဖမ်းဆီး အရေးယူပြီးပါပြီ။ 

    အသက် ၂၆ နှစ်အရွယ် အမျိုးသား Narathorn Chotmankongsin ဟာ ဘုရင်အ၀တ်အစားမှာ ဘဲခေါင်းတပ်ထားတဲ့ပုံ၊ ဘုရင်ကို လှောင်ပြောင်တဲ့ စာသားတစ်ချို့ ပါ၀င်တဲ့ ပြက္ခဒိန်ကို ဒီမိုကရေစီ တောင်းဆိုတဲ့ Facebook စာမျက်နှာတစ်ခုကနေ ရောင်းချခဲ့တာပါ။ 

    ဒီအတွက် ၂၀၂၀ ခုနှစ် ဒီဇင်ဘာမှာ ဖမ်းဆီးခံခဲ့ရပြီး မနေ့က ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရပါတယ်။ ဘဲခေါင်းရုပ်ဟာ ဒီမိုကရေစီတောင်းဆိုသူတွေ အသုံးပြုတဲ့ သင်္ကေတတစ်ခုဖြစ်ပြီး အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွေမှာ တစ်စိုက်မတ်မတ် အသုံးပြုခဲ့ပါတယ်။ 

    အစိုးရရှေ့နေတွေကတော့ ဒီပြက္ခဒိန်က ပုံနဲ့စာတွေဟာ ဘုရင်ကို စော်ကားတာမျိုးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

    လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW က ထိုင်းအစိုးရဟာ တော်၀င်မိသားစု ကာကွယ်ရေး ဥပဒေကို အသုံးချပြီး အတိုက်အခံတွေကို နှိပ်ကွပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ 

    ထိုင်းနိုင်ငံရဲ့ တော်၀င်မိသားစုကာကွယ်ရေးဥပဒေအရ အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်ပါတယ်။ 

    Ref: BBC

  • မြန်မာပြဿနာက ပတ်၀န်းကျင်နိုင်ငံများကို ထိခိုက်နေကြောင်း မလေးရှား၀န်ကြီးချုပ် မီးမောင်းထိုးပြလာ

    မြန်မာပြဿနာက ပတ်၀န်းကျင်နိုင်ငံများကို ထိခိုက်နေကြောင်း မလေးရှား၀န်ကြီးချုပ် မီးမောင်းထိုးပြလာ

    မတ် ၇၊ ၂၀၂၃

    M-Media 


    -မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုတွေကြောင့် မလေးရှားအပါအ၀င် ပတ်၀န်းကျင်က အိမ်နီးချင်းနိုင်ငံတွေမှာပါ သက်ရောက်မှုရှိတဲ့အတွက် အာဆီယံအဖွဲ့ဟာ ပိုမိုထိရောက်တဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းသင့်တယ်လို့  မလေးရှား၀န်ကြီးချုပ် အန်န၀ါရ် အီဘရာဟင်က ပြောကြားလိုက်ပါတယ်။ 

    မြန်မာကိစ္စက သူတို့ကိုပါ ထိခိုက်နေကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း မလေးရှား၀န်ကြီးချုပ်က အကြိမ်ကြိမ် ထုတ်ပြောလာတာ ဖြစ်ပါတယ်။ 

    နိုင်ငံအသီးသီးမှာ မလေးရှားသံအမတ် တာ၀န်ထမ်းဆောင်နေသူ ၁၀၆ ဦးနဲ့ ဒီကနေ့တွေ့ဆုံမှုအတွင်း အန်န၀ါရ်က မလေးရှား ရင်ဆိုင်နေရတဲ့ မြန်မာဒုက္ခသည်ပြဿနာကို ထည့်ပြောခဲ့ပြီး ဒီကိစ္စအကြောင်း အာဆီယံခေါင်းဆောင်တွေနဲ့လည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

    “ထိုင်း၀န်ကြီးချုပ်၊ စင်ကာပူ၀န်ကြီးချုပ်၊ ဖိလစ်ပိုင်သမ္မတ၊ အင်ဒိုနီးရှားသမ္မတို့နဲ့ တွေ့ဆုံတဲ့အချိန်တိုင်းမှာ ကျွန်တော် ဒီကိစ္စကို ထည့်ပြောပါတယ်။ စေ့စပ်ဆောင်ရွက်ရမှာ မှန်ပေမယ့် ပြဿနာဖြေရှင်းဖို့ အခြား ထိရောက်တဲ့နည်းလမ်းတွေ စဥ်စားထားဖို့လည်း အလေးအနက်ထား တိုက်တွန်းခဲ့ပါတယ်။ ဒီရက်စက်ကြမ်းကြုတ်မှုတွေက မြန်မာနိုင်ငံမှာတင်မကဘဲ ကျွန်တော်တို့ကိုပါ ထိခိုက်ပါတယ်” 

    ဒုက္ခသည်ကိစ္စမှာလည်း မြန်မာစစ်တပ်ဟာ အိမ်နီးချင်းနိုင်တွေအပေါ် လေးစားမှု၊ ညှိနှိုင်းမှု မရှိတဲ့အတွက် ဒီပြဿနာဟာ ပိုဆိုးလာတယ်လို့ အန်၀ါရ်အီဘရာဟင်က ထည့်သွင်းပြောကြားခဲ့ပါတယ်။ 

    အပြုသဘောဆောင်တဲ့ စေ့စပ်ဆွေးနွေးမှုတွေ နှစ်ပေါင်း ၄၀ လုပ်လာပေမယ့် ထူးခြားမှုမရှိတာကို သူက ထောက်ပြခဲ့ပြီး၊ အာဆီယံရဲ့ ၀င်မစွက်ရေးမူ၀ါဒကြောင့် မြန်မာကိစ္စကို လစ်လျူရှုထားလို့မရဘူးလို့လည်း အန်န၀ါရ်က ဆိုပါတယ်။ 

    “၀င်မစွက်ရေးမူ၀ါဒရှိတယ်ဆိုတာ ကျွန်တော်သိတယ်။ နိုင်ငံထဲ၀င်ပြီး တိုက်ဖို့ခိုက်ဖို့ ကျွန်တော်ပြောနေတာမဟုတ်ဘူး။ ဒီပြဿနာကြောင့် စီးပွားရေး ၀န်ထုတ်၀န်ပိုးတွေ၊ နိုင်ငံရေးနောက်ဆက်တွဲတွေကို ကျွန်တော်တို့ ခံစားရတယ်။ ဒါကို လစ်လျူရှုထားလို့ မရပါဘူး”

    အာဆီယံဟာ မြန်မာပြဿနာပြေလည်ရေး ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ထားပြီး မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း သဘောတူထားပေမယ့် လိုက်နာဆောင်ရွက်ခြင်း မရှိပါဘူး။ 

    Ref: The Sun Daily 

  • လီဗာပူးအသင်း၏ အောင်ပွဲခံသံကို နားထောင်ခိုင်းပြီး မန်ယူအသင်းသားများကို နည်းပြက အပြစ်ပေး

    မတ် ၇၊ ၂၀၂၃

    M-Media 


    -မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် လီဗာပူးလ်ကို ၇ ဂိုးပြတ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ပြီးမှာ မန်ယူနည်းပြ အဲရစ် တန်ဟဂ်ဟာ အသင်းသားတွေကို ထူးထူးခြားခြား ပြစ်ဒဏ်တစ်ခု ပေးခဲ့ပါတယ်။ 

    ပွဲကစားပြီး နောက်နေ့မှာ အသင်းကို အနားပေးတာ၊ ဒါမှမဟုတ် နောက်ကျမှ လေ့ကျင်ကွင်းခေါ်တာမျိုး တန်ဟဂ်က ပုံမှန် လုပ်လေ့ရှိပေမယ့်၊ လီဗာပူးလ်ကိုရှုံးပြီး နောက်နေ့မှာတော့ လေ့ကျင့်ကွင်းကို မနက်ကတည်းက လာခိုင်းခဲ့ပါတယ်။

    အသင်းသားအားလုံး စုံတဲ့အခါမှာ လီဗာပူးအသင်း အ၀တ်လဲခန်းမှာ အောင်ပွဲခံတဲ့အသံကို ပြီးတဲ့အထိ နားထောင်ခိုင်းကာ အပြစ်ပေးခဲ့ပါတယ်။  

    ဒီလိုရှုံးနိမ့်ပြီးတဲ့နောက် ကံကောင်းလို့သာ အိမ်ပြန်လာနိုင်တာဖြစ်ကြောင်း ပြောခဲ့ပြီး နောက်ထပ် ဒီလိုအရှုံးမျိုး ကြုံတွေ့ရင် အသင်းက ယူ ၂၁ ကစားသမားတွေနဲ့အတူ လေ့ကျင့်ခန်း ဆင်းခိုင်းမယ်လို့လည်း တန်ဟဂ်က သတိပေးခဲ့ပါတယ်။

    အရှက်တကွဲဖြစ်မှုကို ခံနိုင်ရည်ရှိဖို့အတွက် အသင်းသားတွေ အသင်း စိတ်ရောဂါဆရာ၀န်နဲ့ ဆွေးနွေးကုစားတဲ့အစီအစဥ်ကို ပိုမိုလုပ်ဆောင်သွားဖို့ တန်ဟဂ်က စီစဥ်နေပါတယ်။ 

    ပြီးခဲ့တဲ့ သြဂုတ်လ ဘရန့်ဖို့အသင်းကို ၄ ဂိုးပြတ်နဲ့ ရှုံးနိမ့်တဲ့ အချိန်တုန်းကလည်း တန်ဟဂ်ဟာ နောက်နေ့မှာ အသင်းသားတွေကို ၁၄ ကီလိုမီတာအကွာအ၀ေးကို ပြေးခိုင်းပါတယ်။ 

    ဒါဟာ ပွဲအတွင်း ဘရန့်ဖို့တစ်သင်းလုံး ပြေးခဲ့တဲ့ အကွာအ၀ေး ဖြစ်ပါတယ်။

    Ref: Goal