News @ M-Media

Author: Ko Lay

  • အမေရိကန်တရားရေးသမိုင်းတွင် မှတ်တိုင်သစ် စိုက်ထူခဲ့သည့် မွတ်စလင်အမျိုးသမီး

    အမေရိကန်တရားရေးသမိုင်းတွင် မှတ်တိုင်သစ် စိုက်ထူခဲ့သည့် မွတ်စလင်အမျိုးသမီး

    မတ် ၂၅၊ ၂၀၂၃

    M-Media 


    -နာဒီယာ ခက်ဖ်လို့ အမည်ရတဲ့ မွတ်စလင်အမျိုးသမီးတစ်ဦးဟာ ပု၀ါဆောင်းပြီး တာ၀န်ထမ်းဆောင်တဲ့ အမေရိကန်ရဲ့ ပထမဆုံး တရားသူကြီး ဖြစ်လာပါတယ်။

    ဒါဟာ အမေရိကန်တရားရေးသမိုင်းမှာ မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့တာပါ။ 

    ဆီးရီးယားနွယ်ဖွားဖြစ်တဲ့ နာဒီယာဟာ မိသားစုနဲ့ လူ၀င်မှုကြီးကြပ်ရေးဆိုင်ရာ ရှေ့နေတစ်ဦးဖြစ်ပြီး ကြာသာပတေးနေ့မှာ နယူးဂျာစီပြည်နယ် အထက်ခုံရုံးရဲ့ တရားသူကြီးအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ 

    နယူးဂျာစီပြည်နယ် အုပ်ချုပ်ရေးမှူးက သူမကို လွန်ခဲ့တဲ့တစ်နှစ်ကတည်းက တရားသူကြီးအဖြစ် ခန့်အပ်ဖို့ အမည်စာရင်း တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ 

    နယူးဂျာစီပြည်နယ်မှာ အခြား မွတ်စလင်အမျိုးသမီး တရားသူကြီးတွေ ရှိပေမယ့် နာဒီယာက ပု၀ါဆောင်းပြီး တာ၀န်ထမ်းဆောင်တဲ့ ပထမဆုံးတရားသူကြီး ဖြစ်ပါတယ်။ 

    နာဒီယာဟာ အမေရိကန်ရဲ့ အကြီးဆုံး အစ္စလာမ်ဘာသာရေးအဖွဲ့ CAIR ရဲ့ နယူးဂျာစီအဖွဲ့ခွဲ ဘုတ်အဖွဲ့၀င် ဖြစ်ပါတယ်။ 

    အိမ်တွင်း အကြမ်းဖက်မှု၊ အမျိုးသမီးတွေခံစားနေရတဲ့ လူမှုရေးပြဿနာတွေကို ဖြေရှင်းပေးတဲ့ အကျိုးအမြတ်မယူတဲ့ Wafa House အဖွဲ့ရဲ့ ဥပဒေရေးရာ အကြံပေးအဖြစ်လည်း နာဒီယာက တာ၀န်ယူထားပါတယ်။ 

    Ref: Daily Sabah

  • မိန်းမကိစ္စအတွက် အဖမ်းခံရနိုင်ချေရှိနေတဲ့ ကန်သမ္မတဟောင်း ထရမ့်

    မိန်းမကိစ္စအတွက် အဖမ်းခံရနိုင်ချေရှိနေတဲ့ ကန်သမ္မတဟောင်း ထရမ့်

    မတ် ၂၁၊ ၂၀၂၃

    M-Media 

    -အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ ရာဇ၀တ်မှုတစ်ခုအတွက် အဖမ်းခံရနိုင်ချေရှိနေပြီး နောက်ဆက်တွဲ မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်တာကြောင့် အမေရိကန်မြို့ကြီးတွေမှာ လုံခြုံရေးတိုးမြှင့်ထားပါတယ်။ 

    အပြာမယ် စတော်မီ ဒန်နီယဲလ်နဲ့ ၂၀၁၆ ခုနှစ်က ရှုပ်တဲ့ကိစ္စပါ။ အိမ်ထောင်ရှိထားတဲ့ ထရမ့်ဟာ သူနဲ့ရှုပ်ခဲ့တဲ့အကြောင်း ဖွင့်ချမယ်လို့ စတော်မီက မီဒီယာတွေကို ဆက်သွယ်ပြောကြားခဲ့ပြီး ထရမ့်က ဒီကိစ္စကို နှုတ်ပိတ်ဖို့ သူ့ရှေ့နေ မိုက်ကယ် ကိုဟင်ကနေတစ်ဆင့် ကန်ဒေါ်လာ ၁၃၀၀၀၀ ပေးခဲ့ပါတယ်။ 

    ဒီလိုငွေကြေးပေးတာ ပြစ်မှုမမြောက်ပေမယ့် ဥပဒေရေးရာ ကိစ္စအတွက် ပေးတာဆိုပြီး ရှေ့နေကိုဟင်ကိုပေးတဲ့ ဖြတ်ပိုင်းမှာ ဖော်ပြထားပါတယ်။ 

    နယူးယောက်ပြည်နယ်ဥပဒေအရ ဒါဟာ စီးပွားရေးမှတ်တမ်း မသမာမှုဖြစ်ပြီး ရာဇ၀တ်မှု မြောက်ပါတယ်။ ဒီကိစ္စကို ပြည်သူတွေသိမှာ စိုးတဲ့အတွက် ဖုံးကွယ်ခဲ့ပြီး ဒီဟာကလည်း ရွေးကောက်ပွဲဥပဒေအရ ကြီးလေးတဲ့ ရာဇ၀တ်မှုဖြစ်ပါတယ်။

    နယူးယောက် တရားသူကြီးတွေက ဒီကိစ္စတွေအတွက် ထရမ့်ကို ဖမ်းဆီး တရားစွဲဆိုမှု လုပ်သင့်လား၊ မလုပ်သင့်လားဆိုတာ အခုတစ်ပတ်အတွင်း ဆုံးဖြတ်မှာပါ။

    ထရမ့်ကလည်း သူဟာ အင်္ဂါနေ့မှာ ဖမ်းဆီးခံနိုင်တယ်လို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပြီး ဆန္ဒပြကြဖို့လည်း ထောက်ခံသူတွေကို တိုက်တွန်းခဲ့ပါတယ်။ 

    ဒီလိုဖမ်းဆီးခံရမယ်ဆိုရင် ထရမ့်ဟာ အမေရိကန်သမိုင်းမှာ ရာဇ၀တ်မှုနဲ့ တရားစွဲဆိုခံရတဲ့ ပထမဆုံး သမ္မတဟောင်းအဖြစ် မှတ်တမ်း၀င်မှာ ဖြစ်ပါတယ်။ 

    ဒီကိစ္စနဲ့ပတ်သက်ပြီး မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်တဲ့အတွက် ၀ါရှင်တန်ပါအ၀င် မြို့ကြီးတော်တော်များများမှာ ရဲတပ်ဖွဲ့က လုံခြုံရေး တိုးမြှင့်ထားပါတယ်။ 

    Ref: New York Times

  • ၂၀၂၃ ခုနှစ်အတွက် ပျော်စရာအကောင်းဆုံးနိုင်ငံများ စာရင်းထွက်လာ

    ၂၀၂၃ ခုနှစ်အတွက် ပျော်စရာအကောင်းဆုံးနိုင်ငံများ စာရင်းထွက်လာ

    မတ် ၂၁၊ ၂၀၂၃

    M-Media 


    -ကမ္ဘာ့ပျော်စရာအကောင်းဆုံး နိုင်ငံများစာရင်းကို ကုလသမဂ္ဂက ထုတ်ပြန်ရာမှာ ဖင်လန်နိုင်ငံက နံပါတ် ၁ နေရာမှာ ရှိနေပါတယ်။ 

    ကုလရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကွန်ယက်က နိုင်ငံတကာ ပျော်စရာနေ့အဖြစ် သတ်မှတ်ထားတဲ့ မတ်လ ၂၀ ရက်နေ့မှာ ဒီစာရင်းကို ထုတ်ပြန်တာပါ။ 

    လူသက်တမ်းကို ကျန်းကျန်းမာမာနဲ့ ဖြတ်သန်းနိုင်မှု၊ တစ်ဦးချင်း GDP၊ လူမှုဖူလှုံရေးစနစ် ကောင်းမွန်မှု၊ ခြစားမှုကင်းစင်မှု၊ လူ့အဖွဲ့အစည်းအတွင်း ရက်ရောစောင့်ရှောက်မှု စတဲ့အချက်အလက်တွေကို တိုင်းတာကာ အမှတ်သတ်မှတ်တာပါ။ 

    ၂၀၂၀ ခုနှစ်ကနေ ၂၀၂၂ လေ့လာဆန်းစစ်မှုအတွင်း ဖင်လန်နိုင်ငံက ၇.၈ မှတ်နဲ့ ထိပ်ဆုံးမှာ ရှိနေတာ ဖြစ်ပါတယ်။ ဖင်လန်ဟာ ဒီစာရင်းမှာ ၆ နှစ်ဆက်တိုက် ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့တာပါ။

    အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဒိန်းမတ်နဲ့ အိုက်စလန်တို့က အဆင့် ၂ နဲ့ ၃၊ အစ္စရေးက အဆင့် ၄၊ နယ်သာလန်က အဆင့် ၅ အသီးသီး ရှိနေပါတယ်။ 

    ထိပ်ဆုံး အဆင့် ၂၀ အတွင်းမှာ သြစတေးလျ၊ ကနေဒါ၊ အမေရိကန်နဲ့ ယူကေတို့ ရှိနေကြပါတယ်။

    စာရင်းရဲ့ အောက်ဆုံး အဆင့် ၁၃၇ နေရာမှာ အာဖဂန်နစ္စတန်က ၁.၉ မှတ်နဲ့ ရှိနေပြီး သူ့အထက်မှာ လက်ဘနွန်၊ အာဖရိကက ဆီယာရာ လီယိုနီနဲ့ ဇင်ဘာဘွေတို့က အသီးသီး ရှိနေပါတယ်။ 

    စစ်အာဏာသိမ်းထားတာ ၂ နှစ်ကျော်ကြာပြီဖြစ်တဲ့ မြန်မာနိုင်ငံက ၄.၄ မှတ်နဲ့ အဆင့် ၁၁၇ နေရာမှာ ရှိပါတယ်။  

    Ref: CNN

  • သမ္မတဖြစ်စဥ်က ယူထားခဲ့သည့် လက်ဆောင်များအတွက် ဖြေရှင်းရအုံးမည့် ထရမ့်

    သမ္မတဖြစ်စဥ်က ယူထားခဲ့သည့် လက်ဆောင်များအတွက် ဖြေရှင်းရအုံးမည့် ထရမ့်

    မတ် ၁၈၊ ၂၀၂၃

    M-Media


    -အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ တာ၀န်ထမ်းဆောင်စဥ် နိုင်ငံခြားတိုင်းပြည်တွေက ပေးအပ်တဲ့ လက်ဆောင်တွေကို စာရင်းတင်ဖို့ ပျက်ကွက်ခဲ့ကြောင်း ဒီမိုကရက်တစ်ပါတီ လွှတ်တော်စောင့်ကြည့်ရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။ 

    အဲဒီအထဲမှာ ဂျပန်သမ္မတ ရှင်ဇိုအာဘေးကပေးထားတဲ့ ရွှေဂေါက်တံ၊ ဆော်ဒီတော်၀င်အသိုင်းအ၀ိုင်းက ပေးထားတဲ့ ပစ္စည်းတွေ ပါ၀င်ပါတယ်။ 

    စာရင်းတင်ဖို့ ပျက်ကွက်ခဲ့တဲ့ လက်ဆောင် ၁၀၀ ကျော်လောက်ရှိပြီး စုစုပေါင်း ဒေါ်လာ ၂၅၀၀၀၀ ကျော် တန်ကြေးရှိပါတယ််။ 

    အမေရိကန်ဥပဒေအရ သမ္မတ၊ ဒုသမ္မတနဲ့ သူတို့ရဲ့ မိသားစုတွေဟာ နိုင်ငံခြားတိုင်းပြည်က တာ၀န်ရှိသူတွေ လက်ဆောင်ပေးတဲ့အခါ ဒေါ်လာရာဂဏန်းအထက်ဆိုရင် အစိုးရ သံတမန်ရေးရာ လက်ဆောင်ဌာနကို တင်ပြစာရင်းသွင်းရပါတယ်။ 

    ဆော်ဒီတော်၀င်မိသားစုက ပေးထားတဲ့ လက်ဆောင် စုစုပေါင်း ၁၆ ခုရှိပါတယ်။ စုစုပေါင်း ဒေါ်လာ ၄၅၀၀၀ ကျော် တန်ကြေးရှိပြီး အိတ်ဆောင် ဓားတစ်ချောင်းထဲတင် ၂၄၀၀၀ လောက် တန်ပါတယ်။ 

    အိန္ဒိယအာဏာပိုင်တွေက ပေးထားတဲ့ လက်ဆောင်က ၁၇ ခုရှိပြီး ဒေါ်လာ ၄၆၀၀ တန် တာဂျ်မဟာလ် ပုံတူတစ်ခုလည်း ပါ၀င်ပါတယ်။ 

    ထိပ်တန်း ဒီမိုကရက်တစ်အမတ် ဂျာမီ ရက်စ်ကင်က ထရမ့်ဟာ ဥပဒေကို မထိလေးစားပြုခဲ့တယ်လို့ ၀ေဖန်ခဲ့ပါတယ်။

    ဒီမိုကရက်တစ် လွှတ်တော်စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဒီလက်ဆောင်တွေ ဘယ်ရောက်နေလဲဆိုတာနဲ့ နိုင်ငံခြားရေးမူ၀ါဒမှာ သမ္မတရဲ့ လုပ်ဆောင်မှုတွေအပေါ် လက်ဆောင်တွေက လွှမ်းမိုးခဲ့လားဆိုတာ စုံစမ်းစစ်ဆေးသွားမယ်လို့ ဖော်ပြထားပါတယ်။ 

    ထရမ့်ယူထားတဲ့ လက်ဆောင်တွေထဲမှာ အလ်ဆာဗေဒိုး သမ္မတက ပေးတဲ့ ထရမ့်ရဲ့ပုံတူ ဧရာမပန်းချီကားတစ်ချပ်လည်း ပါ၀င်ပြီး အဲဒါကို ဖလော်ရီဒါက သူပိုင်တဲ့ ကမ်းခြေအပန်းဖြေအိမ်မှာ ထားရှိပါတယ်။ 

    Ref: Reuters 

  • သြစတေးလျမှာ ငါးသန်းချီးသေဆုံးပြီး ကမ်းပေါ်လာတင်နေတာ ဘာနမိတ်လဲ

    သြစတေးလျမှာ ငါးသန်းချီးသေဆုံးပြီး ကမ်းပေါ်လာတင်နေတာ ဘာနမိတ်လဲ

    မတ် ၁၈၊ ၂၀၂၃

    M-Media


    – သြစတေးလျနိုင်ငံ နယူးဆောက်သ်၀ေးလ် ပြည်နယ်က မြို့ငယ်လေးတစ်မြို့မှာ ငါးသန်းချီ သေဆုံးပြီး ကမ်းပေါ်လာတင်နေတာကို မနေ့က တွေ့ခဲ့ရပါတယ်။ 

    မီနင်ဒီဆိုတဲ့မြို့က ဒီအဖြစ်အပျက်ဟာ ဒါလင်ဘာကာ မြစ်မှာဖြစ်ပေါ်နေတဲ့ အပူလှိုင်းကြောင့်ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 

    ဒီမြို့မှာ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဒီလိုအဖြစ်အပျက်မျိုး ဖြစ်ပွားခဲ့ပြီး အခုတစ်ကြိမ် ထပ်ကြုံရတာပါ။ ကမ္ဘာကြီးပူးနွေးလာမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးလည်း ဖြစ်ပါတယ်။ 

    စက်မှုထွန်ကားတဲ့ ခေတ်ကကာလနောက်ပိုင်း ကမ္ဘာကြီးရဲ့အပူချိန်ဟာ ၁.၁ စင်တီဂရိတ် တိုးလာပြီး၊ ကာဘွန်ထုတ်လွှတ်မှုကို မလျှော့ချနိုင်ရင် ဒီထက်ဆက်ပြီး တိုးဖို့ ရှိနေပါတယ်။

    ဒါလင်ဘာကာမြစ်ဟာ သြစတေးလျက ရေအရင်းအမြစ်ကွန်ယက်တွေထဲမှာ အရေးပါပြီး မီနင်ဒီမြို့ခံတွေကလည်း ဒီမြစ်ကို အမှီပြုရပ်တည်နေရတာ ဖြစ်ပါတယ်။

    ပြည်နယ်အာဏာပိုင်တွေကတော့ ငါးတွေ အခုလို သန်းနဲ့ချီ သေဆုံးမှုရဲ့ အကြောင်းအရင်းအသေးစိတ်ကို ဗဟိုအစိုးရရဲ့ အကူအညီနဲ့ အဖြေရှာသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ 

    Ref: BBC