News @ M-Media

Author: Ko Lay

  • နေးမာအပြောင်းအရွှေ့ကိစ္စကို လာလီဂါတာဝန်ရှိသူများ လက်မခံ

    နေးမာအပြောင်းအရွှေ့ကိစ္စကို လာလီဂါတာဝန်ရှိသူများ လက်မခံ

    သြဂုတ် ၃၊ ၂၀၁၇
    M-Media

    ယမန်နေ့က ပေါ်တိုလေဆိပ်တွင် တွေ့ရသည့် နေးမာ

    – ဥရောပဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည့် ဘဏ္ဍာရေး ညီမျှမှု စည်းမျဉ်း (FFP) အား ချိုးဖောက်ဖွယ် ရှိနေသည့်အတွက်ကြောင့် ပီအက်စ်ဂျီအသင်းက နေးမာအပြောင်းအရွှေ့အတွက် လျော်ကြေး ယူရို ၂၂၂ သန်း ပေးချေမှုကို လာလီဂါတာဝန်ရှိသူများက လက်မခံဟု သိရသည်။

    အသက် ၂၅ နှစ်အရွယ် နေးမာမှာ မနေ့က အသင်းမှ ထွက်ချင်သည်ဟု ဘာစီလိုနာအား ပြောကြားခဲ့ပြီး ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ပီအစ်က်ဂျီသို့ ရောက်ရန် ရှိနေသည်။

    စာချုပ်သက်တမ်း မပြည့်သေးသောကြောင့် ပီအက်စ်ဂျီမှာ ဘာစီလိုနာအား လျော်ကြေး ယူရို ၂၂၂ သန်း ပေးရမည်ဖြစ်ပြီး စည်းမျဉ်းအားဖြင့် လာလီဂါအုပ်ချုပ်ရေးအဖွဲ့က လက်ခံရမည်ဖြစ်ကာ နောက်ပိုင်းတွင် ဘာစီလိုနာကို လွှဲပေးရမည်ဖြစ်သည်။

    လာလီဂါက ယခုငွေကြေးကို လက်မခံမှုအတွက် ပြင်သစ် လိဂ်ဝမ်း တာဝန်ရှိသူတစ်ဦးက ဝေဖန်ခဲ့ပြီး လာလီဂါမှာ တရားနည်းလမ်းမကျသည့် လုပ်ရပ်ကို လုပ်နေခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ဘာစီလိုနာအသင်း၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ၎င်းတို့အနေဖြင့် အခြေအနေကို စောင့်ကြည့်နေသည်ဟု AP သတင်းဌာနသို့ ပြောကြားခဲ့သည်။ ဘာစီလိုနာမှာ ပီအက်စ်ဂျီ၏ ထိုကမ်းလှမ်းမှုအတွက် ဥရောပဘောလုံးအဖွဲ့ချုပ်ကို တင်ပြမည်ဟု စောစောပိုင်းက ပြောကြားခဲ့သည်။

    လာလီဂါက နေးမာ၏ ရှေ့နေမှာ ထိုငွေကြေးကို မိမိတို့ထံ လာရောက်ပေးအပ်ခဲ့သော်လည်း မမိတို့က ငြင်းပယ်ခဲ့သည်ဟု BBC သို့ ပြောကြားခဲ့သည်။

    Ref: BBC

  • အစိုးရဆန့်ကျင်ရေးသပိတ်မှောက်မှု ‘ပတ္တနိက္ကုဇ္ဇနကံ’ အကြောင်းတရားနှင့် မညီဟု သာသနာရေး ထုတ်ပြန်

    အစိုးရဆန့်ကျင်ရေးသပိတ်မှောက်မှု ‘ပတ္တနိက္ကုဇ္ဇနကံ’ အကြောင်းတရားနှင့် မညီဟု သာသနာရေး ထုတ်ပြန်

    သြဂုတ် ၃၊ ၂၀၁၇
    M-Media

    – ရန်ကုန်နဲ့ မန္တလေးမှာ မနေ့က စတင်ခဲ့ပြီး ရဟန်းသံဃာတွေနဲ့ လူပုဂ္ဂိုလ်တွေပါဝင်တဲ့ အစိုးရဆန့်ကျင်ရေး သပိတ်မှောက်မှုဟာ အင်္ဂုတ္တရပါဠိတော်မှာ ဖော်ပြထားတဲ့ ‘ပတ္တနိက္ကုဇ္ဇနကံ(သပိတ်မှောက်ခြင်း)’ အကြောင်းတရား ၈ ပါးနဲ့ ညီညွတ်ခြင်းမရှိဘူးလို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ဒီကနေ့မှာ ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။

    ကြေငြာချက်အပြည့်အစုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

     

    ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ပြုလုပ်ခဲ့သည့် သပိတ်မှောက်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းဖော်ပြခြင်း

    ၂-၈-၂၀၁၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်အနီး မဟာဇေယျ အတုလမာရဇိန် ကြေးသွန်းဘုရားတွင် သံဃာ ၁၀ ပါးနှင့် လူပုဂ္ဂိုလ် ၃၅ ဦးတို့ကလည်းကောင်း၊ မန္တလေး တိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မဟာမုနိဘုရားကြီး အနောက်ဘက် ၂၅၀၀ ခန်းမရှေ့တွင် သံဃာ ၁၅ ပါးခန့်နှင့် လူပုဂ္ဂိုလ် ၅၀ ဦးခန့်တို့ကလည်းကောင်း အစိုးရအား ဆန့်ကျင်သပိတ်မှောက်ပွဲ ပြုလုပ်ခဲ့ကြောင်း လူမှုကွန်ရက်အင်တာနက်စာမျက်နှာများတွင် တွေ့ရှိရပါသည်။

    ပတ္တနိက္ကုဇ္ဇနကံဆောင်ခြင်း(သို့မဟုတ်) သပိတ်မှောက်ခြင်းဆိုသည်မှာ ရဟန်းကောင်း၊ ရဟန်းမြတ် များအပေါ် အပြစ်လုပ်သူ ဒါယကာ၊ ဒါယိကာမများအား သပိတ်မှောက်သူများက သံဃာနှင့်ပတ်သက်ခွင့် ရှိသူ မဟုတ်တော့ကြောင်း၊ ၎င်းတို့လှူဒါန်းသည့် ဆွမ်း၊ ကွမ်းစသော အလှူဒါနတို့ကို ခံယူမှုမပြုတော့ကြောင်း သိစေအပ်ခြင်းကို ပတ္တနိက္ကုဇ္ဇနကံဆောင်သည်(သို့မဟုတ်) သပိတ်မှောက်သည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။

    လူဖြစ်စေ ရဟန်းဖြစ်စေ တစ်စုံတစ်ယောက်သောသူသည် အောက်ဖော်ပြပါအချက်များနှင့် ညီညွတ်မှသာ ပတ္တနိက္ကုဇ္ဇနကံ(သပိတ်မှောက်ခြင်း) ပြုလုပ်သင့်ကြောင်း အင်္ဂုတ္တရပါဠိတော်တွင် ဖော်ပြထားပါသည်-

    ၁။ ရဟန်းတို့အား လာဘ်မရအောင် ပြုလုပ်ခြင်း၊
    ၂။ ရဟန်းတို့အား အကျိုးမဲ့အောင် ပြုလုပ်ခြင်း၊
    (အပြစ်မရှိဘဲ အပြစ်ရှိသည်ဟု စွပ်စွဲခြင်း၊ သီလမပျက်စီးဘဲ သီလပျက်စီးသည်ဟု စွပ်စွဲခြင်း)
    ၃။ ရဟန်းတို့အား နေရာမရအောင် ပြုလုပ်ခြင်း၊
    ၄။ ရဟန်းတို့အား ဆဲရေးခြင်း၊ ကြိမ်းမောင်းခြင်း၊
    ၅။ ရဟန်းသံဃာအချင်းချင်း ကွဲပြားအောင် ကုန်းတိုက်ခြင်း၊
    ၆။ ဘုရားရှင်၏ ကျေးဇူးမဲ့ကဲ့ရဲ့စကားကို ပြောဆိုခြင်း၊
    ၇။ တရားတော်၏ကျေးဇူးမဲ့ကဲ့ရဲ့စကားကို ပြောဆိုခြင်း၊
    ၈။ သံဃာတော်တို့၏ကျေးဇူးမဲ့ကဲ့ရဲ့စကားကို ပြောဆိုခြင်း၊

    ဤ ၈ မျိုးသော အကြောင်းတရားတို့တွင် တစ်ခုခုဖြင့် ငြိစွန်းလျှင် ထိုသို့ပြုလုပ်သောပုဂ္ဂိုလ်၊ အဖွဲ့အစည်းတို့အား သံဃာတော်များသည် “ပတ္တနိက္ကုဇ္ဇနကမ္မဝါစာ”ကို ရွတ်ဖတ်၍ ကျောင်းအတွင်း၌သာ သပိတ်မှောက်ထိုက်၊ ဆန္ဒပြထိုက်ပါသည်။ ထိုသို့ ပြုလုပ်ခြင်းသည်သာ သာသနာတော်ကို ကာကွယ်ခြင်း၊ တည်တံ့ပြန့်ပွားအောင် ပြုလုပ်ခြင်းဖြစ်ပါသည်။ အထက်ဖော်ပြပါအကြောင်းတရား ၈ ပါးအနက် တစ်ပါးပါးဖြင့် ငြိစွန်းခြင်းမရှိပါက ဆန္ဒပြခြင်း၊ သပိတ်မှောက်ခြင်း မပြုလုပ်သင့်ပါ။

    ယခု သပိတ်မှောက်ကံ ပြုလုပ်ခံနေရသော အစိုးရသည်လည်း ဘာသာသာသနာကို ထောက်ပံ့ လှူဒါန်းစောင့်ရှောက်နေသောကြောင့် ဘုရားရှင်ဟောကြားထားသော “ပတ္တနိက္ကုဇ္ဇနကံ” ပြုရမည့် အကြောင်းတရား ၈ ချက်အနက် တစ်ပါးပါးကိုမျှ ပြုမူဆောင်ရွက်ခြင်းမရှိကြောင်း၊ ရန်ကုန်၊ မန္တလေးမြို့ တို့တွင် ပြုလုပ်နေသော သပိတ်မှောက်ပွဲ၌ ပါဝင်သည့် သံဃာများသည် သံဃာအများစု၏ဆန္ဒကို ကိုယ်စားမပြုကြောင်း၊ တည်ငြိမ်အေးချမ်းမှုကို မလိုလားသူများက ရဟန်းများနှင့် လူပုဂ္ဂိုလ်အချို့ကို အသုံးချခြင်းဖြစ်နိုင်ကြောင်းနှင့် ယခုကဲ့သို့ သပိတ်မှောက်ခြင်းသည် ပြည်သူလူထု၏ဆန္ဒ မဟုတ်ပါကြောင်း အများပြည်သူ သိရှိနိုင်စေရန် ရှင်းလင်းဖော်ပြအပ်ပါသည်။

    သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန

  • မျိုးရိုးလိုက်တတ်သည့် ရောဂါများကို ဖယ်ရှားနိုင်တော့မည်

    မျိုးရိုးလိုက်တတ်သည့် ရောဂါများကို ဖယ်ရှားနိုင်တော့မည်

    သြဂုတ် ၃၊ ၂၀၁၇
    M-Media

    ရောဂါဖြစ်နိုင်သည့် DNA ကို ဖယ်ရှားပြီးနောက် တွေ့ရသည့် သန္ဓေသားလောင်း

    – မျိုးရိုးလိုက်ပြီး ဖြစ်တတ်တဲ့ ကြောက်စရာ နှလုံးရောဂါရဲ့ DNA ကို သိပ္ပံပညာရှင်တွေက သန္ဓေသားလောင်းကနေ ပထမဆုံးအကြိမ် အောင်မြင်စွာ ဖယ်ထုတ်နိုင်ခဲ့ပြီး အနာဂတ်မှာ မျိုးရိုးလိုက်ရောဂါတွေကို တားဆီးနိုင်ရေး လမ်းစတစ်ခုလည်း ဖြစ်ပါတယ်။

    ဒီစမ်းသပ်မှုကို အမေရိကန်ပြည်ထောင်စု အော်ရီဂွန် ကျန်းမာရေးနဲ့ သိပ္ပံတက္ကသိုလ်၊ Salk Institute နဲ့ တောင်ကိုရီးယား Institute for Basic Science က ပညာရှင်တွေက ပူးပေါင်း ဆောင်ရွက်ခဲ့တာဖြစ်ပြီး ရောဂါဖြစ်နိုင်တဲ့ DNA ကို ဖယ်ရှားပြီးတဲ့နောက် သန္ဓေသားလောင်းကို ၅ ရက်တာ ဆက်ထားခဲ့ကာ နောက်ပိုင်းမှာ စမ်းသပ်မှုကို အဆုံးသတ်ခဲ့ပါတယ်။

    နှလုံးရောဂါ၊ ရင်သားကင်ဆာအပါအ၀င် မျိုးရိုးလိုက်ဖြစ်တတ်တဲ့ ရောဂါပေါင်း တစ်သောင်းလောက်ကို ဖယ်ရှားနိုင်ရေး အလားအလာရှိတဲ့ ဒီစမ်းသပ်မှုကို ၂၀၁၅ ခုနှစ်က ဖန်တီးနိုင်ခဲ့တဲ့ Crispr နည်းပညာနဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

    ဒီလို DNA ဖယ်ရှားမှုကို အမျိုးသားဆီက သုတ်သွေးနဲ့ အမျိုးသမီးဆီက မမျိုးဥတို့ စတင်ပေါင်းစည်းတဲ့အချိန်မှာ ပြုလုပ်ရတာဖြစ်ပြီး သုတေသနအဖွဲ့က အဓိကတာဝန်ရှိသူ ဒေါက်တာ ရှူခရတ် မီတာလီပေါ့ဗ်က ဒီလိုဖယ်ရှားလိုက်ကာ ရောဂါကင်းသွားတဲ့ မျိုးရိုးဗီဇဟာ နောက်မျိုးဆက်တွေကို လက်ဆင့်ကမ်းနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

    ဒီလို မျိုးရိုဗီဇ ပြုပြင်မှုမျိုးကို ၂၀၁၅ ခုနှစ်က တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့ပေမယ့် အပြည့်အ၀ မအောင်မြင်ခဲ့ပါဘူး။

    ဒီနည်းလမ်းရဲ့ အဓိက အခက်အခဲက ဘေးကင်းရေးဖြစ်ပြီး နောက်ထပ် ကျယ်ပြန့်တဲ့ စမ်းသပ်မှုတွေလုပ်ဖို့ လိုပါတယ်။ လက်ရှိမှာ ဒီနည်းလမ်းဟာ ကျင့်ဝတ်နဲ့ ညီပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

    Ref: BBC

  • မြန်မာက ကုလအချက်အလက်ရှာဖွေရေးအဖွဲ့ကို ၀င်ခွင့်မပေးလျှင် သိက္ခာမဲ့နိုင်ငံစာရင်း ၀င်မည်ဟု HRW ပြော

    မြန်မာက ကုလအချက်အလက်ရှာဖွေရေးအဖွဲ့ကို ၀င်ခွင့်မပေးလျှင် သိက္ခာမဲ့နိုင်ငံစာရင်း ၀င်မည်ဟု HRW ပြော

    သြဂုတ် ၃၊ ၂၀၁၇
    M-Media

    မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် ယန်ဟီးလီ

    – လူ့အခွင့်အရေးကောင်စီရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ကို ၀င်ခွင့်မပြုဘူးဆိုရင် မြန်မာနိုင်ငံဟာ သိက္ခာမဲ့တဲ့ အပယ်ခံနိုင်ငံတွေစာရင်းမှာ ပါဝင်သွားမှာဖြစ်ပြီး အဖွဲ့ဝင်ရောက်ခွင့်ရရေး ကုလအနေနဲ့ အားထုတ်လုပ်ဆောင်သင့်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ Human Rights Watch က ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။

    မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့အတွက် အချက်အလက်ရှာဖွေရေး အဖွဲ့တစ်ဖွဲ့ကို ၂၀၁၇ ခုနှစ် မတ်လမှာ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့ပေမယ့် မြန်မာအစိုးရ အာဏာပိုင်တွေကတော့ ဒီအဖွဲ့ကို ၀င်ခွင့်ပေးမှာမဟုတ်ဘူးလို့ လူသိရှင်ကြား ပြောကြားထားပါတယ်။ ဒီအဖွဲ့ဟာ သြဂုတ်လမှာ လုပ်ငန်းစတင်မှာပါ။

    “အချက်အလက်ရှာဖွေရေးအဖွဲ့ကို နိုင်ငံအတွင်း ၀င်ရောက်ခွင့် ပိတ်မယ်လို့ မြန်မာနိုင်ငံရဲ့ ခြိမ်းခြောက်မှုဟာ လူ့အခွင့်အရေးအပေါ် အစိုးရရဲ့ ရပ်တည်ချက်ကို ထိခိုက်မှုနဲ့သာ အဆုံးသတ်သွားမှာပါ။ ဒီအဖွဲ့ဟာ ၀င်ခွင့်မရခဲ့ရင်တောင် သူတို့အနေနဲ့ လုပ်စရာရှိတာကို ဆက်လက်လုပ်ဆောင်ပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေအတွက် တရားမျှတမှုကို မြှင့်တင်ပေးနိုင်မယ့် အစီရင်ခံစာမျိုး ထွက်လာမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” လို့ HRW ဒါရိုက်တာ ဂျွန် ဖစ်ရှာက ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံအနေနဲ့ ဒီလိုခြိမ်းခြောက်မှုတွေ ထပ်လုပ်မယ်၊ အချက်အလက်ရှာဖွေရေးအဖွဲ့ဝင်တွေကို ၀င်ရောက်ဖို့ ငြင်းမယ်ဆိုရင် မြောက်ကိုရီးယား၊ ဆီးရီးယား၊ အီရစ်ထရီယာနဲ့ ဘူရန်ဒီတို့လို့ ဂုဏ်သိက္ခာမဲ့တဲ့ အပယ်ခံနိုင်ငံစာရင်းထဲမှာ ပါဝင်သွားမယ်လို့ သူက ပြောဆိုခဲ့ပါတယ်။

    အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ လုပ်ငန်းအတွက် လိုအပ်ချက်တွေကို ဖော်ပြဖို့၊ သူတို့ရဲ့ တာဝန်ကို ရှင်းလင်းစေဖို့၊ အစိုးရရဲ့ ဟန့်တားမှုကို မီးမောင်းထိုးပြဖို့အတွက် HRW က အမေးအဖြေတစ်ခု ထုတ်ပြန်ဖို့ ရှိနေပါတယ်။

    အဲဒီ အမေးအဖြေထဲမှာ အဖွဲ့အကြောင်းနဲ့ တာဝန်တွေ၊ လက်ရှိ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေ၊ ဒီအဖွဲ့ကို ဗီဇာပိတ်မှုအတွက် သက်ရောက်နိုင်ဖွယ်ရှိတာတွေကို ဖော်ပြမှာ ဖြစ်ပါတယ်။

    “ဗီဇာမပေးဘူးလို့ ခြိမ်းခြောက်မှုမျိုးလို့ မြန်မာနိုင်ငံရဲ့ ဟန့်တားတဲ့နည်းလမ်းတွေကို ကုလက ဆန့်ကျင်ဖို့ လိုပါတယ်။ ဆိုးဆိုးရွားရွားနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်မှုတွေအတွက် မြန်မာစစ်တပ်က တာဝန်ယူမှုမရှိဘဲ တစ်ချိန်လုံး ရှောင်နေပါတယ်။ အချက်အလက်ရှာဖွေရေးအဖွဲ့ကို ၀င်ရောက်ခွင့်ပေးတာဟာ ဒီလို ဆိုးရွားတဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်သူကို ဖော်ထုတ်ဖို့၊ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်နေသူအားလုံးရဲ့ အနာဂတ် ရာဇ၀တ်မှုတွေကို ဟန့်တားဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ကူညီမှုကို အစိုးရက ပူးပေါင်းဆောင်ရွက်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းစကားတစ်ခု ပေးလိုက်တာမျိုး ဖြစ်မှာပါ” လို့ ဖစ်ရှာက ပြောကြားခဲ့ပါတယ်။

    Ref: HRW.org

  • အီရန်ဝိုင်းပယ်ခံရမှု အဆုံးသတ်ရန် ကြိုးစားမည်ဟု သမ္မတ ရူဟာနီပြော

    အီရန်ဝိုင်းပယ်ခံရမှု အဆုံးသတ်ရန် ကြိုးစားမည်ဟု သမ္မတ ရူဟာနီပြော

    သြဂုတ် ၃၊ ၂၀၁၇
    M-Media

    – နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် တစ်သီးတစ်ခြား ဖြစ်နေမှုအား အဆုံးသတ်ရန်အတွက် မိမိအနေဖြင့် ဆက်လက်၍ ကြိုးစားအားထုတ်သွားမည်ဟု သမ္မတဒုတိသက်တမ်းအတွက် ကျမ်းကျိန်ခဲ့သည့် အီရန်သမ္မတ ဟာဆန်ရူဟာနီက ပြောကြားလိုက်သည်။

    “အပယ်ခံရတာကို ကျွန်တော်တို့ ဘယ်တော့မှ လက်ခံမှာ မဟုတ်ပါဘူး။ နျူကလီးယားသဘောတူညီချက်ဟာ နိုင်ငံတကာစင်မြင့်မှာ အီရန်ရဲ့ စိတ်စေတနာကောင်းမှုကို ဖော်ပြတဲ့ လက္ခဏာတစ်ရပ်ပါပဲ” ဟု ယနေ့ တီဟီရန်၌ ကျမ်းကျိန်ပွဲတွင် နိုင်ငံရေးနှင့် စစ်ဖက်တိုင်ရာတာဝန်ရှိသူများပါဝင်သော လူအုပ်ကြီးအား ပြောကြားခဲ့သည်။

    ရူဟာနီ၏ သမ္မတအဖြစ် တာဝန်ထမ်းဆောင်သည့် ပထမသက်တမ်းတွင် အမေရိကန်အပါအ၀င် အင်အားကြီး ၆ နိုင်ငံနှင့် နျူကိစ္စ သဘောတူညီချက်ကို ၂၀၁၅ ခုနှစ်တွင် ချုပ်ဆိုနိုင်ခဲ့ပြီး အီရန်အပေါ် ပြုလုပ်ထားသည့် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများကို ဖယ်ရှားနိုင်ခဲ့သည်။

    သို့သော်လည်း အနောက်ကမ္ဘာနှင့် ထိုကဲ့သို့ ဆက်ဆံရေး ပြန်လည်တည်ဆောက်မှုအတွက် အီရန်ရှိ အတိုက်အခံ ကွန်ဆာဗေးတစ်များက ရူဟာနီအား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

    “ရွေးကောက်ပွဲပြီးတဲ့အတွက် စည်းလုံးမှု၊ ပူးပေါင်းဆောင်ရွက်မှု စတင်ဖို့ အချိန်ကျပြီလို့ ကျွန်တော် ထပ်ပြောပါရစေ။ တိုင်းပြည်ရဲ့ ကြီးကျယ်မှုအတွက် ဆောင်ရွက်ကြတဲ့သူအားလုံးကို ကျွန်တော် လက်ကမ်းကြိုဆိုပါတယ်” ဟု ရူဟာနီက ထည့်သွင်း ပြောဆိုခဲ့သည်။

    အီရန်၏ ဒုံးကျည်အစီအစဉ်ကို ဆန့်ကျင်သောအားဖြင့် အမေရိကန်မှာ ပြီးခဲ့သည့်တစ်ပတ်က အီရန်အပေါ် ပိတ်ဆို့မှုအသစ်များ ပြုလုပ်ခဲ့ပြီး အီရန်ကမူ ထိုလုပ်ရပ်မှာ နျူသဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera