News @ M-Media

Author: Ko Lay

  • ဘ၀အခြေကျရေး အလှမ်းဝေးနေသေးသည့် မြန်မာပြည်မြောက်ပိုင်းမှ အမေ့ခံ ဒုက္ခသည်များ

    ဘ၀အခြေကျရေး အလှမ်းဝေးနေသေးသည့် မြန်မာပြည်မြောက်ပိုင်းမှ အမေ့ခံ ဒုက္ခသည်များ

    ဇူလိုင် ၁၆၊ ၂၀၁၇
    M-Media

    အသက် ၇၃ နှစ်အတွက် လာဘန်လူတစ်ယောက် စစ်သားတွေက သူ့အိမ် မီးဖိုဆောင်ကို ပစ်တဲ့အချိန်ကျမှ အိမ်က ထွက်ပြေးလာသူပါ။ မိတ်ဆွေတွေအားလုံးဟာ အရင်ကတည်းက ထွက်သွားခဲ့ကြသလို၊ မိသားစုကလည်း သူ့ကို ထားသွားကြပါတယ်။ ခင်ပွန်းဖြစ်သူကတော့ ဆုံးပါးသွားတာ ကြာပါပြီ။

    – အပြင်ကမ္ဘာက တော်တော်များများ မသိကြတဲ့ မြန်မာနိုင်ငံက တစ်မြေ့မြေ့လောင်ကျွမ်းနေတဲ့ ကာလရှည်ပဋိပက္ခတွေကြောင့် ၁၉၄၈ ခုနှစ် နိုင်ငံလွတ်လပ်ရေးရကတည်းက ပြည်သူ သိန်းနဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

    လက်ရှိ နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေကြောင့်လည်း ပြည်သူတွေက ဆက်လက် ထွက်ပြေးနေရပြီး အသက်ရှင်ရပ်တည်မှုကို ထိခိုက်တာ၊ ရွာလုံးကျွတ် ပျက်ဆီးဆုံးရှုံးတာတွေလည်း ဖြစ်နေပါတယ်။

    ၂၀၁၅ ခုနှစ်မှာ မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ခုဟာ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ‘ကမ္ဘာပေါ်က အရှည်ကြာဆုံး ပြည်တွင်းစစ်’ လို့ တစ်ချို့တွေက ခေါ်တဲ့ တိုက်ပွဲတွေကို ရပ်တန့်ရေး မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမယ့် အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကတော့ ဒီသဘောတူညီချက်မှာ မပါဝင်ပါဘူး။

    ၂၀၁၆ ခုနှစ် စက်တင်ဘာမှာ ကရင်ပြည်နယ်အတွင်း ပဋိပက္ခတစ်သစ်တစ်ခု ဖြစ်ပွားခဲ့ပြီး ရွာသားတွေ ထောင်နဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ပါတယ်။

    ကိုယ့်အိုးကိုယ့်ကို သံယောဇဉ်ရှိတာပေါ့

    အသက် ၇၃ နှစ်အတွက် လာဘန်လူတစ်ယောက် စစ်သားတွေက သူ့အိမ် မီးဖိုဆောင်ကို ပစ်တဲ့အချိန်ကျမှ အိမ်က ထွက်ပြေးလာသူပါ။ မိတ်ဆွေတွေအားလုံးဟာ အရင်ကတည်းက ထွက်သွားခဲ့ကြသလို၊ မိသားစုကလည်း သူ့ကို ထားသွားကြပါတယ်။ ခင်ပွန်းဖြစ်သူကတော့ ဆုံးပါးသွားတာ ကြာပါပြီ။

    လက်ရှိမှာ လာဘန်လူဟာ ကချင်ပြည်နယ် ဗန်းမော်မြို့ ဒုက္ခသည်စခန်းတွေထဲက တစ်ခုမှာ နေထိုင်ပါတယ်။ ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ မြန်မာအစိုးရတပ်တို့အကြား ၁၉ နှစ်တာရရှိခဲ့တဲ့ အပစ်ရပ်ရေးဟာ ၂၀၁၁ ခုနှစ်မှာ ပျက်ဆီးသွားခဲ့ပြီး ကချင်ပြည်နယ်မှာ တိုက်ခိုက်မှုတွေ ထပ်ဖြစ်ခဲ့ပါတယ်။

    လွန်ခဲ့တဲ့ ၂ နှစ်တုန်းက လာဘန်လူဟာ သူ့ကလေးတွေကို ပြုစုပျိုးထောင်ပေးခဲ့တဲ့၊ လွန်ခဲ့တဲ့ ၁၆ နှစ် သူ့ခင်ပွန်းကို မြှုပ်ခဲ့တဲ့ သူသံယောဇဉ်အရှိဆုံးရွာကို စွန့်ခွာခဲ့ရပါတယ်။

    “ထွက်ပြေးရတော့မယ်ဆိုတာ အဖွားသိပါတယ်။ အဖွားပြင်ဆင်ထားတဲ့ အိတ်ကလေးတောင် ယူသွားချိန် မရလိုက်ပါဘူး”

    သူမဟာ ပိုင်ဆိုင်သမျှ အားလုံးကို ထားပြီး တစ်ယောက်တည်း ပြေးခဲ့ရတာပါ။

    “ဗန်းမော်မှာ မသေချင်ဘူး။ အိမ်ကိုပဲ မြန်မြန်ပြန်ချင်တယ်။ ခင်ပွန်းရဲ့ဘေးမှာပဲ ခေါင်းချချင်ပါတယ်” လို့ လာဘန်လူက ပြောကြားခဲ့ပါတယ်။

    အေးအေးလူလူမနေရ

    ကိုယ်ဝန်အရင့်အမာကြီးနဲ့ ဒေါ်အေးရွှေဟာ ခင်ပွန်း၊ ကလေးလေးယောက်တို့နဲ့အတူ တောထဲကို ထွက်ပြေးခဲ့ရပါတယ်။

    မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ကချင်ပြည်နယ်မှာ အသက် ၃၄ နှစ်အရွယ် ဒေါ်အေးရွှေဟာ ကလေးတွေနဲ့ မုဆိုးမဖြစ်ပြီး ဗန်းမော်မြို့က ရောဘတ်ဒုက္ခသည်စခန်းမှာ နေထိုင်နေရပါတယ်။

    ရှမ်းပြည်နယ်က တရုတ်နယ်စပ်နဲ့ ကပ်နေတဲ့ ကွတ်ခိုင်မြို့မှာ မွေးဖွားခဲ့သူ သူမဟာ တရုတ်နွယ်ဖွားတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံက တရားဝင်သတ်မှတ်ထားတဲ့ တိုင်းရင်းသား ၁၃၅ မျိုးစာရင်းထဲမှာ ပါဝင်ပါတယ်။ လွန်ခဲ့တဲ့ ၈ နှစ်မှာ သူမဟာ ခင်ပွန်း၊ ကလေးတွေနဲ့အတူ သူမရဲ့ဇာတိရွာက ထွက်ပြေးလာခဲ့ရပါတယ်။

    သူတို့မိသားစုဟာ အလုပ်အကိုင်အခွင့်အလမ်းများ ပိုကောင်းမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ မြောက်ပိုင်း ကချင်ပြည်နယ်က မိုင်းခေါင်မြို့ကို ထွက်လာခဲ့ကြတာပါ။ အဲဒီမြို့မှာ ၂ နှစ်ကြာ နေထိုင်ခဲ့ပြီ လယ်ငှားကာ တိုက်ပွဲတွေဖြစ်ပွားတဲ့အချိန် ၂၀၁၁ ခုနှစ်အထိ လုပ်ကိုင်ခဲ့ပါတယ်။

    ကိုယ်ဝန်အရင့်အမာကြီးနဲ့ ဒေါ်အေးရွှေဟာ ခင်ပွန်း၊ ကလေးလေးယောက်တို့နဲ့အတူ တောထဲကို ထွက်ပြေးခဲ့ရပါတယ်။

    “တောထဲမှာ မလုံခြုံဘူးလို့ ခံစားရပါတယ်။ စားလည်းမစားနိုင်၊ အိပ်လည်းမအိပ်နိုင်ပါဘူး။ သေတော့မှာပဲဆိုပြီး ကြောက်ရွံ့ခဲ့ရပါတယ်” လို့ သူမက ပြန်ပြာင်းပြောကြားခဲ့ပါတယ်။ အိမ်မှာ ပြန်လာနေလိုက်၊ တောထဲထွက်ပြေးလိုက်နဲ့ သူတို့ဟာ လတော်တော်များများ ဒီလိုပဲ နေခဲ့ရပါတယ်။ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှာတော့ ရောဘတ် ဒုက္ခသည်စခန်းကို ရောက်လာပါတယ်။

    “ကလေးတွေအတွက် ကျွန်မ အရမ်းစိုးရိမ်ပါတယ်။ ကျွန်မရဲ့ အကြီးမားဆုံး အိပ်မက်က ကလေးတွေ ပညာသင်နိုင်ဖို့ပါ။ မြန်မာနိုင်ငံကို အနာဂတ်မှာ ငြိမ်းချမ်းတဲ့နိုင်ငံတစ်ခု ဖြစ်စေချင်ပါတယ်” လို့ သူမက ပြောကြားခဲ့ပါတယ်။

    တစ်ရွာလုံးထွက်ပြေးရ

    ငြိမ်းဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ အသက် ၁၂ နှစ်အရွယ်မှာပဲ ပထမဆုံးအကြိမ် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

    ငြိမ်းဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ အသက် ၁၂ နှစ်အရွယ်မှာပဲ ပထမဆုံးအကြိမ် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ နှစ်ပေါင်း ၂၀ ကြာမြင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဒီ ကရင်အမျိုးသမီးလေးဟာ အိမ်ပြန်လာနိုင်ခဲ့ပါတယ်။

    ငြိမ်းရဲ့ နုနုနယ်နယ် မျက်နှာလေးဟာ သူဖြတ်သန်းခဲ့ရတဲ့ ဒုက္ခတွေကို မထင်ဟပ်ပါဘူး။ အိမ်ကနေ ပထမဆုံး ထွက်ပြေးခဲ့ရတဲ့အချိန်ကို သူမက မှတ်မိနေပါတယ်။

    “တိုက်ပွဲတွေနီးလာတဲ့အချိန်တိုင်း တစ်ရွာလုံးက တောထဲကို ထွက်ပြေးရပါတယ်”

    အစိုးရစစ်တပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေကြောင့် သူဟာ ခဏခဏ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ တိုက်ခိုက်မှုအရှိန် အမြင့်ဆုံးရောက်နေတဲ့အချိန်မှာ တစ်ရွာလုံးက မိသားစု ၆၀ လောက်ဟာ တောထဲမှာ ၃ လလောက် ပုန်းနေရပါတယ်။

    ၂၀၀၅ ခုနှစ်မှာတော့ ငြိမ်းဟာ ရွာကထွက်ပြီး ထိုင်းနိုင်ငံကို သွားရောက်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့နွေရာသီမှာတော့ သူမဟာ ဇာတိရွာကို ပြန်ရောက်လာခဲ့ပါတယ်။

    “အစိုးရသစ်က ကရင်အမျိုးသားအစည်းအရုံးနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့တယ်လို့ ကျွန်မ ကြားခဲ့ရပါတယ်။ ဒါ့ကြောင့် ပြန်လာရင် အန္တရာယ်ကင်းမယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ငြိမ်းချမ်းရေးရချင်တယ်။ လွတ်လပ်စွာ သွားလာချင်တယ်။ ပြည်သူတွေကြားထဲမှာ နှစ်ပေါင်းများစွာရှိလာတဲ့ မယုံသင်္ကာမှုတွေ ပပျောက်စေချင်နေပါပြီ”

    အိုးအိမ်စွန့်ရမယ်လို့ မထင်

    အသက် ၆၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးသန်းမောင်ဟာ ငယ်ငယ်တုန်းက လယ်ယာလုပ်ငန်းနဲ့ ကုန်ရောင်းကုန်ဝယ် လုပ်ခဲ့သူတစ်ယောက်ပါ။ လက်ရှိမှာတော့ ကချင်ပြည်နယ်မှာ သူဟာ အိုအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်တစ်ယောက် ဖြစ်လို့နေပါတယ်။

    အသက် ၆၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးသန်းမောင်ဟာ ငယ်ငယ်တုန်းက လယ်ယာလုပ်ငန်းနဲ့ ကုန်ရောင်းကုန်ဝယ် လုပ်ခဲ့သူတစ်ယောက်ပါ။ လက်ရှိမှာတော့ ကချင်ပြည်နယ်မှာ သူဟာ အိုအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်တစ်ယောက် ဖြစ်လို့နေပါတယ်။

    ၂၀၁၁ ခုနှစ်မှာ အစိုးရတပ်နဲ့ KIA အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

    “အနာဂတ်အတွက် မျှော်လင့်ချက် များများစားစား မရှိပါဘူး။ ဒါပေမယ့် ကျွန်တော့်ရွာကို ကျွန်တော် ပြန်ချင်တယ်။ လွတ်လွတ်လပ်လပ် အလုပ်လုပ်ချင်တယ်။ ဒါမှ အလုပ်မလုပ်နိုင်တဲ့အချိန် သုံးနိုင်စွဲနိုင်ဖို့ ပိုက်ဆံစုနိုင်မှာပါ”

    ကျောင်းတက်ချင်တယ်

    အသက် ၈ နှစ်အရွယ် အောင်လတ်နဲ့ သူရဲ့ညီ ၃ နှစ်အရွယ် နော်အောင်တို့ဟာ ကချင်ပြည်နယ်က မန်စီဒုက္ခသည်စခန်းမှာ မိခင်၊ အမတို့နဲ့ နေထိုင်နေရသူပါ။

    အသက် ၈ နှစ်အရွယ် အောင်လတ်နဲ့ သူရဲ့ညီ ၃ နှစ်အရွယ် နော်အောင်တို့ဟာ ကချင်ပြည်နယ်က မန်စီဒုက္ခသည်စခန်းမှာ မိခင်၊ အမတို့နဲ့ နေထိုင်နေရသူပါ။

    မိခင်ဖြစ်သူ အသက် ၃၀ အရွယ် လာရှီရွိုင်ဂျာက သူမဟာ လယ်ယတစ်ခုမှာ အလုပ်လုပ်ပြီး ကလေးတွေနဲ့ နေထိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ သူမရဲ့ ခင်ပွန်းကတော့ ကချင်စစ်တပ်က စစ်သားတစ်ယောက်ပါ။

    “၅ နှစ်လောက် အဲဒီစစ်တပ်မှာ သူ ပါခဲ့တယ်။ တစ်ခါရှေ့တန်းထွက်ရင် ၃ လကနေ ၆ လအထိ ကြပါတယ်”

    ၂၀၁၁ ခုနှစ် နိုဝင်ဘာမှာတော့ သူတို့ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

    “မြစ်ရိုးတစ်လျှောက် သေနတ်ပစ်သံတွေကြားရတုန်းက ကျွန်မ လယ်ထဲမှာ ကောက်ရိတ်နေတဲ့အချိန်ပါ။ အ၀တ်အစားတစ်ချို့နဲ့ အစားအသောက်အနည်းငယ်ကို ထုပ်ပိုးပြီး တောင်ပေါ်ကို ထွက်ပြေးခဲ့ရပါတယ်။ တစ်ရွာလုံးလည်း အဲဒီအချိန်မှာ ပြေးရတာပါပဲ”

    သူတို့ဟာ တောင်တွေပေါ်မှာ ၃ နှစ်လောက် နေခဲ့ရပြီးနောက်ပိုင်း မန်စီစခန်းကို ရောက်လာတာပါ။ ၂ နှစ်အရင်က လာရှီရွိုင်ဂျာဟာ သူမရဲ့ ခင်ပွန်း တိုက်ပွဲမှာ ကျသွားတယ်ဆိုတဲ့ သတင်းဆိုးတစ်ခုကို ကြားလိုက်ရပါတယ်။

    “သူ့ကို ကျွန်မ သတိရတယ်။ ဒါပေမယ့် ဘာမှမလုပ်နိုင်ပါဘူး။ ပြဿနာတစ်ခုခု ရင်ဆိုင်ရပြီဆိုရင် သူ့ကို သိပ်သတိရတာပဲ။ ဘာ့ကြောင့်လည်းဆိုတော့ သူက ကျွန်မကို အမြဲတမ်း အားပေးတယ်လေ”

    ဘယ်တော့ အိမ်ပြန်ရောက်မလဲဆိုတာကိုတော့ လာရှီတစ်ယောက် မသိပါဘူး။

    “ငြိမ်းချမ်းပြီး၊ သေနတ်သံတွေ ထပ်မကြားရတော့တဲ့ အချိန်မှာ ကျွန်မ အိမ်ပြန်နိုင်မယ်လို့ မျှော်လင့်ပါတယ်”

    Ref: Aljazeera

    (Aljazeera သတင်းဌာနမှ The faces of Myanmar’s internally displaced ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • IS က ဖန်တီးထားသည့် တိုက်ပွဲဝင်ကားများကို မူဆိုးလ်တွင် ပြသ

    IS က ဖန်တီးထားသည့် တိုက်ပွဲဝင်ကားများကို မူဆိုးလ်တွင် ပြသ

    ဇူလိုင် ၁၅၊ ၂၀၁၇
    M-Media

    – သာမန်ရိုးရိုးကားတွေကို တိုက်ပွဲဝင်နိုင်တဲ့ ယာဉ်တွေလိုမျိုး IS က ဖန်တီးထားတဲ့ ကားတွေကို မူဆိုးလ်မြို့မှာ အီရတ်အစိုးရက ပြပွဲတစ်ခုအဖြစ် ခင်းကျင်းပြသထားပါတယ်။

    ၂၀၁၄ ခုနှစ်က IS အကြမ်းဖွဲ့ရဲ့ သိမ်းယူမှုကို ခံလိုက်ရတဲ့ မူဆိုးလ်မြို့ကို ပြန်လည်သိမ်းပိုက်ဖို့အတွက် အီရတ်စစ်တပ်ဟာ ၉ လတာ ထိုးစစ်ဆင်ခဲ့ပြီး ပြီးခဲ့တစ်ပတ်မှာတော့ လုံးဝ လွတ်မြောက်သွားပြီဖြစ်ပါတယ်။

    မူဆိုလ်းမြို့ ပြည်ထောင်စု ရဲတပ်ဖွဲ့ဌာနချုပ်မှာ ပြသထားတဲ့ အဲဒီကားတွေဟာ ထိုးစစ်အတွင်း သိမ်းဆည်းရမိခဲ့တာတွေဖြစ်ပြီး အများစုက အိမ်စီးကားတွေ ဖြစ်ပါတယ်။

    IS က အဲဒီကားတွေကို သံပြားထူထူတွေနဲ့ ဖုံးအုပ်ပြီး ကျည်ကာကားအဖြစ် ဖန်တီးထားသလို အနောက်က လူထိုင်တဲ့နေရာတွေကို ဖယ်ရှားပြီး ဖောက်ခွဲရေးပစ္စည်းတွေကို ဖြည့်တင်းထားပါတယ်။ နောက်ပြီး ဘီးတွေမှာလည်း အသေခံဗုံးတွေကို တပ်ဆင်ထားတာ တွေ့ရပါတယ်။

    တစ်ချို့ကားတွေရဲ့ ခေါင်မိုးမှာ ရထားလမ်းလို လမ်းကြောင်းလေးတွေ ဖန်တီးထားပြီး လက်လုပ်ဒုံးကျည်အတွက် ရည်ရွယ်တယ်လို့ ယူဆရပါတယ်။ ဘီးတွေမှာ အသေခံဗုံးတွေမပါဘဲ ကျည်ဒဏ်ခံနိုင်ဖို့ သံပြားတွေ လှိုင်လှိုင်သုံးကာ တိုက်ပွဲဝင်ဖို့ ဖန်တီးထားတဲ့ ကားတွေကိုလည်း တွေ့ရပါတယ်။

    မြေတူးစက်ကားတွေကို လက်နက်တပ်ဆင်ကာ ကားတစ်စီးလုံးကို သံပြားတွေဖုံးထားတာ၊ ထရပ်ကားတစ်စီးမှာဆိုရင် T-55 တင့်ကားက အမြောက်ကို ဖြုတ်ကာ တပ်ပြီး ပုံဖျက်ထားမျိုးတွေလည်း ရှိပါတယ်။

    IS က ဖန်တီးထားတဲ့ ဒီကားတွေဟာ တင့်ကားအစစ်တွေနဲ့ယှဉ်ရင် အန္တရာယ်ကင်းမှု၊ ပေါ့ပါးမှုမရှိပေမယ့် အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကို ခံနိုင်ဖို့ အဓိကရည်ရွယ်လို့ ယူဆရပါတယ်။

    Ref: RT

  • အစ္စရေးက အလ်-အက်ဆာဗလီကို ပိတ်ပစ်မှု မွတ်စလင်ကမ္ဘာ့က ရှုတ်ချ

    အစ္စရေးက အလ်-အက်ဆာဗလီကို ပိတ်ပစ်မှု မွတ်စလင်ကမ္ဘာ့က ရှုတ်ချ

    ဇူလိုင် ၁၅၊ ၂၀၁၇
    M-Media

    – အစ္စရေးကသိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် ဂျေရုစလင်မြို့ဟောင်းမှာ သောကြာနေ့က တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးတဲ့နောက်ပိုင်း အလ်-အက်ဆာ ဗလီဝတ်ကျောင်းတော်ကို အစ္စရေးက ပိတ်ပစ်မှုအတွက် အစ္စလာမ်ကမ္ဘာက ခေါင်းဆောင်တွေက ရှုတ်ချလိုက်ပါတယ်။

    အလ်-အက်ဆာ ဗလီဝတ်ကျောင်းတော် အပြင်ဘက် အစ္စရေးစစ်ဆေးရေးဂိတ်မှာ သေနတ်ကိုင်ဆောင်ထားတဲ့ ပါလက်စတိုင်း ၃ ဦးရဲ့ ပစ်ခတ်မှုအတွင်း အစ္စရေးရဲနှစ်ဦး သေဆုံးခဲ့ပြီး နောက်ပိုင်း အပြန်အလှန်ပစ်ခတ်မှုကြောင့် လက်နက်ကိုင် ပါလက်စတိုင်း ၃ ဦးစလုံး သေဆုံးခဲ့ပါတယ်။

    အဲဒီအဖြစ်အပျက်အပြီးမှာ အစ္စရေးက အလ်-အက်ဆာဗလီကို ပိတ်ပစ်ခဲ့ပြီး သောကြောနေ့ ၀တ်ပြုဆုတောင်းမှုကို ခွင့်မပြုဘဲ၊ ဂျေရုစလင်မွဖ်သီ ရှိခ် မိုဟာမက် ဟူစိုင်ကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

    “အလ်-အက်ဆာ ဗလီကို ပြန်ဖွင့်ဖို့နဲ့ အဲဒီမှာ ၀တ်ပြုဆုတောင်းခွင့်ရဖို့ ကျွန်တော်တို့ ရင်ဆိုင်သွားမှာပါ။ ၀တ်ပြုမှုကို တားမြစ်တဲ့ ကျူးကျော်သူတွေရဲ့လုပ်ရပ်ဟာ ဒီ အစ္စလာမ်နဲ့ပဲဆိုင်တဲ့ ဗလီမှာ ကျွန်တော်တို့ရဲ့ ၀တ်ပြုဆုတောင်းခွင့်ကို စော်ကားမှုတစ်ခုလည်း ဖြစ်ပါတယ်” လို့ မွဖ်သီကြီးက ပြောကြားခဲ့ပါတယ်။

    အလ်-အက်ဆာဗလီကို ပိတ်ပစ်တဲ့ အစ္စရေးရဲ့လုပ်ရပ်အတွက် အာရပ်ကမ္ဘာနဲ့ မွတ်စလင်ခေါင်းဆောင်တွေကလည်း ရှုတ်ချခဲ့ပါတယ်။

    အာရပ်လိဂ်

    နိုင်ငံပေါင်း ၂၂ နိုင်ငံပါဝင်တဲ့ အာရပ်လိဂ်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ အလ်-အက်ဆာဗလီကို ပိတ်ပြီး၊ သောကြာနေ့ဝတ်ပြုဆုတောင်းမှုကို ဖျက်ပစ်လိုက်တာဟာ အန္တရာယ်ရှိတဲ့လုပ်ရပ်ဖြစ်ပြီး နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်ကြောင်း၊ ဒေသတွင်းမှာ လုပ်နေတယ်လို့ဆိုတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆုတ်ယုတ်စေမှာဖြစ်ကာ ပဋိပက္ခ၊ အကြမ်းဖက်ဝါဒနဲ့ အစွန်းရောက်ဝါဒတွေကို မီးထိုးပေးသလို ဖြစ်မှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

    အလ်-အက်ဆာဗလီကို ချက်ခြင်း ပြန်ဖွင့်ပေးဖို့၊ ဗလီကြီးရဲ့ သမိုင်းဝင်အမှတ်သညာကို ပြောင်းလဲတဲ့ ဘယ်လိုအပြုအမူမျိုးကိုမှ မလုပ်ဖို့ မနေ့က ထုတ်ပြန်တဲ့ ဒီကြေငြာချက်မှာ တိုက်တွန်းခဲ့ပြီး အစ္စလာမ်နဲ့ ခရစ်ယာန်တို့ရဲ့ မြင့်မြတ်ရာ ဒီနေရာကို ကာကွယ်ကြပေးဖို့ နိုင်ငံတကာကိုလည်း တောင်းဆိုခဲ့ပါတယ်။

    ဂျော်ဒန်

    အလ်-အက်ဆာဗလီကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ ဂျော်ဒန်ကလည်း ဗလီပြန်ဖွင့်ပေးဖို့ တိုက်တွန်းခဲ့ပြီး ဂျေရုစလင်မြို့ဟောင်း ဒါမှမဟုတ် ဗလီဝတ်ကျောင်းတော်တွေရဲ့ လက်ရှိအနေအထားကို ပြောင်းလဲဖို့ရည်ရွယ်တဲ့ ဘယ်လို့ ခြေလှမ်းမျိုးကိုမဆို မလှမ်းဖို့လည်း ပြောကြားခဲ့ပါတယ်။

    “မွတ်စလင်တွေရဲ့အခွင့်အရေးအပေါ် ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမှ ဂျော်ဒန်က လက်မခံပါဘူး” လို့ ဂျော်ဒန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် မိုမာနီက ကြေငြာချက်မှာ ပြောကြားခဲ့ပါတယ်။

    ကာတာ

    ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက အလ်-အက်ဆာဗလီကို ပိတ်ပြီး၊ စစ်ဖက်ဇုန်အဖြစ်ကြေငြာတာ၊ ၀တ်ပြုဆုတောင်းမှု တားမြစ်တာ စတဲ့ အစ္စရေးရဲ့ လုပ်ရပ်တွေဟာ အစ္စလာမ့်အထွဋ်အမြတ်ထားရာနေရာတွေကို ဆိုးဆိုးဝါးဝါး ချိုးဖောက်မှုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက သန်းနှင့်ချီတဲ့ မွတ်စလင်တွေကို ဒေါသထွက်စေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    နောက်ပြီး ဒီလိုချိုးဖောက်မှုတွေ ရပ်တန့်ရေး နိုင်ငံတကာအသိုင်းအ၀ိုင်းက တာဝန်ယူ ဆောင်ရွက်ဖို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြခဲ့ပါတယ်။

    တူရကီ

    တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့အဖြစ်အပျက်အတွက် ၀မ်းနည်းကြောင်း ပြောကြားခဲ့ပြီး အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ အရှေ့ဂျေရုစလင်က ဘာသာရေးဆိုင်ရာ နေရာတွေ – အထူးသဖြင့် အလ်-အက်ဆာ ဗလီဝတ်ကျောင်းတော်ရဲ့ ထွဋ်မြတ်မှု၊ သမိုင်းကြောင်းဆိုင်ရာ အမှတ်သညာတွေကို အလေးထားဖို့ဟာ လူ့ကျင့်ဝတ်နဲ့ ဥပေဒအရ ဆောင်ရွက်ရမယ့် တာဝန်တွေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အလ်-အက်ဆာဗလီကို ချက်ခြင်းပြန်ဖွင့်ပေးဖို့၊ တည်ငြိမ်မှုရှိအောင် မြန်မြန်ဆန်ဆန် ဆောင်ရွက်ဖို့လည်း တူရကီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    သောကြာနေ့က သေနတ်နဲ့ပစ်ခတ်မှုအပြီးမှာ အစ္စရေးတပ်ဖွဲ့တွေဟာ ဗလီဝတ်ကျောင်းတော်ရဲ့ ဝေယျဝစ္စတွေကို လုပ်ကိုင်နေတဲ့အဖွဲ့က အဖွဲ့ဝင် ၆၀ နီးပါးကို ဖမ်းဆီးခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ် အောက်တိုဘာမှာ အစ္စရေးတပ်ဖွဲ့တွေနဲ့ ဂျူအခြေချနေထိုင်သူတွေက အလ်-အက်ဆာဗလီကို ၀င်ရောက်စီးနင်းခဲ့ပြီးနောက်ပိုင်း ဂျေရုစလင်မှာ တင်းမာမှုတွေ မြင့်တက်ခဲ့ပြီး ပါလက်စတိုင်းပြည်သူ ၃၀၀ ကျော်လောက် အစ္စရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကို ခံခဲ့ရပါတယ်။

    အစ္စရေးကတော့ ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်ကို ကျူးကျော်သိမ်းပိုက်ထားပြီး တရားမ၀င်အခြေချအိမ်ယာတွေကို ဆောက်လုပ်တာ၊ သမိုင်းဝင်အဆောက်အဦးတွေကို ဖြိုချဖျက်ဆီးတာ၊ ပါလက်စတိုင်းပြည်သူတွေကို မောင်းထုတ်တာ စတဲ့လုပ်ရပ်တွေကို လုပ်လာခဲ့ပါတယ်။

    Ref: Press TV

  • အိန္ဒိယ၏ Act East ပေါ်လစီတွင် မြန်မာက အဓိကဒေါက်တိုင်ဖြစ်သည်ဟု ၀န်ကြီးချုပ်မိုဒီပြော

    အိန္ဒိယ၏ Act East ပေါ်လစီတွင် မြန်မာက အဓိကဒေါက်တိုင်ဖြစ်သည်ဟု ၀န်ကြီးချုပ်မိုဒီပြော

    ဇူလိုင် ၁၅၊ ၂၀၁၇
    M-Media

    – အိန္ဒိယနိုင်ငံရဲ့ Act East ပေါ်လစီအတွက် မြန်မာနိုင်ငံဟာ အဓိက ဒေါက်တိုင်ဖြစ်ပြီး ကဏ္ဍပေါင်းစုံမှာ နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာအောင် ဆောင်ရွက်ဖို့ သံန္ဓိဌာန်ချထားတယ်လို့ အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီက မနေ့မှာ ပြောကြားလိုက်ပါတယ်။

    အိန္ဒိယကို ချစ်ကျည်ရေးခရီး ရောက်နေတဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ်မှာ ဒီလိုပြောကြားလိုက်တာဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးကလည်း နှစ်နိုင်ငံ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် တင်ပြခဲ့တယ်လို့ အိန္ဒိယ၀န်ကြီးချုပ်ရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    မိုဒီကတော့ အိန္ဒိယနဲ့ မြန်မာတို့ နှစ်နိုင်ငံစစ်တပ်တွေ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မှုအတွက် အားရကျေနပ်ကြောင်း ပြောကြားခဲ့ပါတယ်။

    မကြာသေးခင် ကက်ရှ်မီးယားမှာဖြစ်ပွားခဲ့တဲ့ ဟိန္ဒူဘုရားဖူးတွေ အကြမ်းဖက်တိုက်ခိုက်ခံရမှုကို ရှုတ်ချကြောင်း ထိခိုက်ခံစားရသူတွေအတွက် ကြေကွဲဝမ်းနည်းရပါကြောင်း ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သလို ၀န်ကြီးချုပ်ကလည်း ဇွန်လ ၇ ရက်နေ့က မြန်မာ့တပ်မတော်လေယာဉ် ပျက်ကျမှုမှာ ကွယ်လွန်သွားတဲ့ တပ်ဖွဲ့ဝင်တွေ၊ မိသားစုဝင်တွေအတွက် ၀မ်းနည်းကြေကွဲရတယ်လို့ ပြောကြားခဲ့ကြောင်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဇူလိုင်လ ၇ ရက်ကနေ့ကတည်းက အိန္ဒိယနိုင်ငံကို ချစ်ကျည်ရေးခရီး ရောက်ရှိနေတာဖြစ်ပြီး အိန္ဒိယစစ်ဖက်ဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူတွေ တွေ့ဆုံကာ နှစ်နိုင်ငံစစ်တပ်များအကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့သလို စစ်ဘက်ဆိုင်ရာ သင်တန်းကျောင်းတွေ၊ ထင်ရှားတဲ့နေရာတွေကိုလည်း သွားရောက်ခဲ့ပါတယ်။

    Ref: Indiatimes

     

  • တရုတ်ဒီမိုကရေစီအရေးလှုပ်ရှားသူ နိုဘယ်ဆုရှင် လျူရှောင်ဘို၏ ဈာပနကို အကျဉ်းရုံး ကျင်းပ

    တရုတ်ဒီမိုကရေစီအရေးလှုပ်ရှားသူ နိုဘယ်ဆုရှင် လျူရှောင်ဘို၏ ဈာပနကို အကျဉ်းရုံး ကျင်းပ

    ဇူလိုင် ၁၅၊ ၂၀၁၇
    M-Media

    လျူ၏ ဇနီးနှင့် ဆွေမျိုးများက ဂါရ၀ပြုနေစဉ်

    – အသည်းကင်ဆာရောဂါဖြင့် အင်္ဂါနေ့က ကွယ်လွန်သွားခဲ့သည့် တရုတ်ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် လျူရှောင်ဘို၏ ဈာပနကို ယမန်နေ့က အကျဉ်းရုံးကျင်းပခဲ့ပြီး မီးသင်္ဂြီုဟ်ခဲ့သည်ဟု သိရသည်။

    နိုင်ငံ အရှေ့မြောက်ပိုင်း ရှန်းယန်မြို့တွင် ပြုလုပ်ခဲ့သည့် ဈာပနအခမ်းအနားသို့ လျူ၏ မိသားစုဝင်များနှင့် မိတ်ဆွေအနည်းငယ်သာ တက်ရောက်ခွင့်ရခဲ့ပြီး၊ မြူနီစီပယ် တာဝန်ရှိသူ ဇန် ချွင်ယန်က မိသားစု၏ ဆန္ဒ၊ ဒေသဓလေ့ထုံးစံများအတိုင်း လျူ၏ ရုပ်အလောင်းအား မီးသင်္ဂြီုဟ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    သုဿာန်ဇရပ်၌ အဖြူရောင်ပန်းများဖြင့် ၀န်းရံထားသော လျူ၏ ရုပ်လောင်းအရှေ့တွင် ဇနီး လျူရှားနှင့် သူမ၏မောင်၊ လျူရှောင်ဘို၏ ညီနှင့် လျူ၏ သူငယ်ချင်းများ ဂါရ၀ပြုနေသည့် ဓာတ်ပုံတစ်ပုံကို တရုတ်အစိုးရက ထုတ်ပြန်ခဲ့သည်။ ဈာပနအခမ်းအနားတွင် မိုးဇက်၏ Requiem သီချင်းအား ဖွင့်လှစ်ပေးခဲ့သည့်ဟ ဇန်ချွင်ယန်က ထည့်သွင်းပြောဆိုခဲ့သည်။

    ၁၉၈၉ ခုနှစ် Tiananmen ရင်ပြင်တွင် ဖြစ်ပွားခဲ့သည့် နာမည်ကျော် ဒီမိုကရေစီအရေး ဆန္ဒပြမှုနောက်ပိုင်း ထင်ရှားသည့် ဒီမိုကရေစီအရေးလှုပ်ရှားသူ ဖြစ်လာသော လျူရှောင်ဘိုကို တရုတ်အစိုးရက ၂၀၀၈ ခုနှစ်တွင် ဖမ်းဆီးကာ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့သည်။

    အကျဉ်းထောင်ထဲတွင် အသည်းကင်ဆာရောဂါ ခံစားနေရသည့် လျူအား နိုင်ငံရပ်ခြားတွင် ဆေးကုခွင့်ပေးရန် တောင်းဆိုမှုများကို လစ်လျူရှုခဲ့သောကြောင့် တရုတ်အစိုးရမှာ နိုင်ငံတကာ၏ ဝေဖန်မှုကို ခံခဲ့ရသည်။

    လျူ၏ဇနီး လျူရှားကိုလည်း မည်သည့်အပြစ်မှမရှိဘဲ တရုတ်အစိုးရက နှစ်များစွာ နေအိမ်အကျယ်ချုပ် ချထားသည်။

    Ref: Aljzeera