News @ M-Media

Author: Ko Lay

  • သင်္ကန်းကိုခုတုံးလုပ်နေသူများ ပပျောက်ရန် ထိုင်းက သံဃာများကို စမတ်ကဒ်ထုတ်ပေးကာ ထိန်းချုပ်မည်

    သင်္ကန်းကိုခုတုံးလုပ်နေသူများ ပပျောက်ရန် ထိုင်းက သံဃာများကို စမတ်ကဒ်ထုတ်ပေးကာ ထိန်းချုပ်မည်

    ဇူလိုင် ၁၅၊ ၂၀၁၇
    M-Media

    မူးယစ်ဆေးဝါးသုံးသည့် ဘုန်းကြီးတစ်ပါးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားစဉ်

    – ဘုန်းကြီးတွေရဲ့ မူးယစ်ဆေးဝါးသုံးစွဲမှု၊ ရာဇ၀တ်မှုမှတ်တမ်းတွေကို နောက်ကြောင်းလိုက်နိုင်ဖို့အတွက် ထိုင်းနိုင်ငံက သံဃာတွေကို စမတ်ကတ်တွေထုတ်ပေးဖို့ စီစဉ်နေပြီး သင်္ကန်းဝန်တွေရဲ့ ကျဆင်းနေတဲ့ပုံရိပ်ကို ပြန်လည်ထိန်းသိမ်းဖို့ ထိုင်းအစိုးရရဲ့ ကြိုးပမ်းမှုတစ်ခု ဖြစ်ပါတယ်။

    ဗုဒ္ဓဘာသာကို ထိန်းသိမ်းစောင့်ရှောက်သူတွေလို့ ထိပ်တန်းနေရာပေးခြင်းခံထားရတဲ့ သံဃာအရေအတွက်ဟာ ထိုင်းနိုင်ငံမှာ လက်ရှိ ၃ သိန်းဝန်းကျင်လောက် ရှိနေပါတယ်။ ဒါပေမယ့် ဘုန်းကြီးကျောင်းကို အကာအကွယ်ယူပြီး လိင်ကိစ္စ၊ မူးယစ်ဆေးဝါးကနေ လူသတ်မှုအထိ ထိပ်တန်းဘုန်းကြီးတွေကအစ ကျူးလွန်နေတာကို မကြာသေးမီကာလအတွင်းမှာ ဆက်တိုက် တွေ့လာခဲ့ရပါတယ်။

    ၂၀၁၄ ခုနှစ်မှာ အာဏာရလာတဲ့ လက်ရှိ ထိုင်းအစိုးရဟာ ထိုင်းနိုင်ငံက ဗုဒ္ဓဘာသာရဲ့ ပုံရိပ်ကို မြှင့်တင်ဖို့ ကြိုးစားနေပြီး စည်းမစောင့်တဲ့ ဘုန်းကြီးတွေက ပထမဆုံးပစ်မှတ်တွေ ဖြစ်လာပါတယ်။

    “နိုင်ငံတစ်ဝှမ်းက ဘုန်းကြီးတွေဟာ သာမန် စာရွက်မှတ်ပုံတင်တွေကို ကိုင်ဆောင်ထားပြီး အချက်အလက်တွေက အရင်ကဟာတွေဖြစ်တဲ့အတွက် သူတို့ရဲ့ နောက်ကြောင်းကို ဆန်းစစ်ဖို့ ခက်ပါတယ်” လို့ ၀န်ကြီးချုပ်ရုံးက တာဝန်ရှိသူ Ormsin Chivapruck က မနေ့မှာ ပြောကြားခဲ့ပါတယ်။

    အခုနောက်ပိုင်း သံဃာတွေကိုထုတ်ပေးမယ့် ဒစ်ဂျစ်တယ် စမတ်ကဒ်တွေဟာ ဘုန်းကြီးတစ်ပါးရဲ့ နောက်ကြောင်းသမိုင်း၊ သီတင်းသုံးရာကျောင်းတိုက်၊ ရာဇ၀တ်မှုမှတ်တမ်း ရှိ၊ မရှိ၊ မူးယစ်ဆေး သုံး၊ မသုံး စတဲ့ အချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ နောက်ကြောင်းလိုက်နိုင်မှာပါ။

    Chivapruck ကတော့ ဒါဟာ ‘ဘာသာတရားကို ခုတုံးလုပ်နေတဲ့ ဘုန်းကြီးတုတွေ၊ ဒါမှမဟုတ် တရားမ၀င်အလုပ်တွေလုပ်ပြီး သင်္ကန်းကိုအကာကွယ်ယူကာ ပုန်းကွယ်နေတဲ့ ဘုန်းကြီးတွေကို တားဆီးဖို့ ဖြစ်တယ်’ လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    စမတ်ကဒ်တွေ ထုတ်ပေးမယ့်ကိစ္စ အသေးစိတ်နဲ့ပတ်သက်လို့ နောက်တစ်ပတ်မှာ ကျင်းပမယ့် ထိုင်း သံဃမဟာနာယက အစည်းအဝေးမှာ တင်ပြဖို့ရှိပါတယ်။

    ဒါပေမယ့် ထိုင်းနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်အမျိုးသားတွေဟာ အရွယ်ရောက်ရင် သီတင်းပတ်အနည်းငယ်လောက် ပဉ္ဇင်းတက်လေ့ရှိတာကြောင့် ဒီဆောင်ရွက်မှုဟာ ရှုပ်ထွေးမှုတွေ ရှိလာနိုင်ပါတယ်။

    ထိုင်းသံဃနာယကအဖွဲ့က အမြင့်ဆုံးပုဂ္ဂိုလ်တွေဟာ သံဃာအဖွဲ့အစည်းအတွင်းမှာ ခြစားမှုကို တိုက်ဖျက်တာမျိုး မလုပ်နိုင်သလို၊ အပြောင်းအလဲလည်း မလုပ်နိုင်ဘူးလို့ ဝေဖန်သူတွေလည်း ရှိနေပါတယ်။

    ဘုန်းကြီးကျောင်းတွေဟာ မသမာမှုတွေလုပ်နေတယ်လို့ သတင်းတွေ ထွက်လာပြီးနောက်ပိုင်း ထိုင်းအစိုးရက ဘုန်းကြီးကျောင်းပေါင်း ၄၆၀၀၀ လောက်ကို သူ့တို့ရဲ့ဘဏ္ဍာရေးနောက်ခံတွေ၊ ဘဏ်အကောင့်တွေ တင်ပြဖို့ အမိန့်ထုတ်ထားပါတယ်။

    ထိုင်းသံဃာအဖွဲ့အစည်းမှာ မသမာမှုနဲ့ပတ်သက်ပြီး အကျော်ကြားဆုံးကိစ္စကတော့ ဘန်ကောက်မြို့ဆင်ခြေဖုံးက ဓမ္မကာယ ဧရာမဘုန်းကြီးကျောင်းဖြစ်ပြီး ကျောင်းထိုင်ဘုန်းကြီးဟာ ငွေကြေးခ၀ါခြမှုမှာ ပါဝင်တယ်ဆိုတဲ့ ကိစ္စနဲ့ အခုနှစ်အစောပိုင်းမှာ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက ၀င်ရောက် စီးနင်းရှာဖွေရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

    Ref: CNA

     

  • ကာတာနှင့် ကောင်းမွန်သည့်ဆက်ဆံရေးကို ဆက်ထိန်းမည်ဟု ကန်ပြော

    ကာတာနှင့် ကောင်းမွန်သည့်ဆက်ဆံရေးကို ဆက်ထိန်းမည်ဟု ကန်ပြော

    ဇူလိုင် ၁၅၊ ၂၀၁၇
    M-Media

    မေလအတွင်း ဆော်ဒီသို့ရောက်စဉ်က ကာတာခေါင်းဆောင်နှင့်တွေ့ဆုံခဲ့သည့် ထရမ့်

    – အမေရိကန်အနေဖြင့် ကာတာနှင့် ကောင်းမွန်သည့် ဆက်ဆံရေးကို ထိန်းသိမ်းသွားမည်ဖြစ်ပြီး၊ မိမိတို့၏ လေတပ်စခန်းကိုလည်း ကာတာနိုင်ငံမှ ဖယ်ရှားမည်မဟုတ်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။

    အရှေ့အလယ်ပိုင်းတွင် အမေရိကန်၏ အဓိက မဟာမိတ်ဖြစ်သော ဆော်ဒီ၊ ယူအေအီး၊ ဘာရိန်းနှင့် အီဂျစ်တို့က ကာတာမှာ အကြမ်းဖက်အဖွဲ့များအား ထောက်ပံ့သည်ဟုဆိုကာ ဇွန်လ ၅ ရက်နေ့က သံတမန်အပါအ၀င် ဆက်သွယ်မှု အားလုံးကို ဖြတ်တောက်ခဲ့သည်။

    ကာတာနိုင်ငံတွင် အမေရိကန်တပ်ဖွဲ့ဝင် ၁၀၀၀၀ ၀န်းကျင် ရှိနေပြီး အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ်၏ အဓိကရုံးချုပ်တည်ရှိသည့် အလ်-အူဒစ် လေတပ်အခြေစိုက်စခန်းလည်း ရှိနေသည်။

    ထရမ့်ကမူ ကာတာရှိ စစ်စခန်းနှင့်ပတ်သက်၍ မိမိတို့တွင် မည်သည့်ပြဿနာမှ မရှိဟု ဆိုသည်။

    “ကာတာနဲ့ ဆက်လက်ပြီး ကောင်းမွန်စွာ ဆက်ဆံသွားမှာပါ။ စစ်စခန်းနဲ့ပတ်သက်ပြီးလည်း ပြဿနာမရှိပါဘူး။ ကျွန်တော်တို့ ထွက်ရင်လည်း နောက်ထပ် ၁၀ နိုင်ငံလောက်က နေရာပေးဖို့ ဆန္ဒရှိနေပြီး ကုန်ကျစားရိတ်ကိုတောင် သူတို့ကပေးမှာပါ။ ကျွန်တော်တို့ ကုန်ကျပေးရတဲ့ရက်တွေက များသောအားဖြင့် ကုန်ဆုံးသွားပါပြီ” ဟု ထရမ့်က CBN သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

    ဆော်ဒီဦးဆောင်သည့်အုပ်စုက ကာတာအား အဆက်အသွယ်ဖြတ်တောက်မှုနှင့်ပတ်သက်၍ ထောက်ခံသော မှတ်ချက်များကို ထရမ့်က Twitter စာမျက်နှာများတွင် တောက်လျှောက် ရေးသားခဲ့ဖူးပြီး မိမိ၏ အရှေ့အလယ်ပိုင်းခရီးစဉ်မှာ အလုပ်ဖြစ်ခဲ့ကြောင်း၊ အစွန်းရောက်အတွေးအခေါ်အတွက် ထပ်မံ ထောက်ပံ့၍ မရတော့ကြောင်း ပြောကြားခဲ့သည်။

    အမေရိကန်မှာ ပြီးခဲ့သည့်လကလည်း F-15 တိုက်လေယာဉ်များ ရောင်းချရန် ကန်ဒေါ်လာ ၁၂ ဘီလီယံတန်ဖိုးရှိ စာချုပ်တစ်ခုကို ကာတာနှင့် ချုပ်ဆိုခဲ့သည်။

    ကြာသာပတေးနေ့က အိမ်ဖြူတော်မှာ ကာတာပြဿနာ ဖြေရှင်းနိုင်ရေး ဆော်ဒီဘုရင် ဆလ်မန်နှင့် ဖုန်းပြောဆိုခဲ့သည်။

    Ref: Aljazeera

  • လူမျိုးရေးခွဲခြားစိတ်ကြောင့် အာရှသူအား အခန်းငှားရန်ငြင်းသည့် ကန်လူဖြူအမျိုးသမီး ပြစ်ဒဏ်ချခံရ

    လူမျိုးရေးခွဲခြားစိတ်ကြောင့် အာရှသူအား အခန်းငှားရန်ငြင်းသည့် ကန်လူဖြူအမျိုးသမီး ပြစ်ဒဏ်ချခံရ

    ဇူလိုင် ၁၄၊ ၂၀၁၇
    M-Media

    လူမျိုးရေးခွဲခြားဆက်ဆံခံရသည့် ဒိုင်နီဆူး

    – ကယ်လီဖိုးနီးယားပြည်နယ်မှာ အာရှနွယ်ဖွားတစ်ယောက်ရဲ့ အခန်းဘိုကင်လုပ်မှုကို လူမျိုးရေးခွဲခြားစိတ်နဲ့ ငြင်းဆိုခဲ့တဲ့ လူဖြူအမျိုးသမီးတစ်ဦးဟာ လျော်ကြေး ကန်ဒေါ်လာ ၅၀၀၀ အပါအ၀င် ပြစ်ဒဏ်အများအပြား ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

    ကယ်လီဖိုးနီးယားတက္ကသိုလ်က ဥပဒေကျောင်းသူ အာရှနွယ်ဖွား ဒိုင်နီဆူးဟာ နာမည်ကျော် Big Bear အပန်းဖြေစခန်းမှာ ဖေဖော်ဝါရီလက နှင်းလျှောစီးခရီးအတွက် အွန်လိုင်းအခန်းငှားဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ Airbnb ကနေ အခန်းတစ်ခု ကြိုတင်ဘိုကင်လုပ်ခဲ့တာပါ။

    ဒါပေမယ့် အဲဒီက တာဝန်ရှိသူ တာမီဘာရ်ကာက သူ့အနေနဲ့ အာရှနွယ်ဖွားတစ်ယောက်ကို အခန်းမငှားနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

    Youtube မှာ လွှင့်တင်ထားတဲ့ ဗီဒီယိုမှာ ဆူးက သူတို့သူငယ်ချင်းတစ်စု နှင်းတောထဲမှာ Big Bear ဆီ ကားမောင်းသွားနေတဲ့အချိန် Airbnb မိုဘိုင်းအက်ပလီကေးရှင်းကနေ အခန်းမငှားနိုင်ကြောင်း ပြန်စာလာခဲ့တယ်လို့ မျက်ရည်လည်ရွဲနဲ့ ပြောကြားခဲ့ပြီး screenshoot ရိုက်ထားတဲ့ သူနဲ့ တာမီဘာရ်ကာတို့ရဲ့ အပြန်အလှန်ပြောဆိုမှုတွေကိုလည်း ပြသခဲ့ပါတယ်။

    “ကျွန်မက ဒီမှာ အသက် ၃ နှစ်ကတည်းက နေလာတာရှင့်။ အမေရိကန်က ကျွန်မရဲ့ ဌာနေပါပဲ။ ကိုယ့်ကိုယ်ကို အမေရိကန်တစ်ယောက်လို့ပဲ ကျွန်မ ခံယူတယ်။ ဒါပေမယ့် ဒီအမျိုးသမီးက ကျွန်မဟာ အာရှနွယ်ဖွားတစ်ယောက်ဖြစ်တဲ့အတွက် ခွဲခြားခဲ့တာပါ” လို့ ဆူးက ပြောကြားခဲ့ပါတယ်။

    ဘာကာရဲ့ပြန်စာမှာ “ဒီအကြောင်းကြောင့်ပဲ ထရမ့် တက်လာတာ” “ဒီတိုင်းပြည်ကို နိုင်ငံခြားသားတွေပြောတဲ့အတိုင်း လိုက်လုပ်ရတဲ့တိုင်းပြည်မျိုး ငါအဖြစ်မခံနိုင်ဘူး” ဆိုတာတွေလည်း ပါဝင်ခဲ့ပါတယ်။

    ကယ်လီဖိုးနီးယားက အလုပ်အကိုင်နှင့် အိမ်ယာ တရားမျှတရေးဌာနက ဒီကိစ္စကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပြီးတဲ့နောက် ဘာကာနေနဲ့ နစ်နာကြေး ကန်ဒေါ်လာ ၅၀၀၀ ပေးဖို့၊ ဆူးကို ပြန်လည်တောင်းပန်ဖို့၊ ကောလိပ်အဆင့်ရှိတဲ့ အာရှအမေရိကန် လေ့လာရေးသင်တန်း တက်ဖို့အပါအ၀င် အခြားသောပြစ်ဒဏ်တွေ ကျခံဖို့ အမိန့်ချခဲ့ပါတယ်။

    ကယ်လီဖိုးနီးယား နိုင်ငံသားဆိုင်ရာဥပဒေအရ နေထိုင်မှုဆိုင်ရာ ကိစ္စတွေမှာ လူမျိုးရေးခွဲခြားမှုနဲ့ပတ်သက်တဲ့ ပြစ်မှုတစ်ခုတိုင်းအတွက် ဒဏ်ငွေဟာ ကန်ဒ်ါလာ ၄၀၀၀ ဖြစ်ပါတယ်။

    Ref: LaTimes

     

  • လန်ဒန်တွက် အက်စစ်ဖြင့်တိုက်ခိုက်မှု ၅ ခု တစ်ဆက်တည်းဖြစ်ပွား

    လန်ဒန်တွက် အက်စစ်ဖြင့်တိုက်ခိုက်မှု ၅ ခု တစ်ဆက်တည်းဖြစ်ပွား

    ဇူလိုင် ၁၄၊ ၂၀၁၇
    M-Media

    – ယူကေမြို့တော် လန်ဒန်အရှေ့ပိုင်းတွင် အက်စစ်ဖြင့်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လူအများအပြားမှာ မျက်နှာတွင် ဆိုးဆိုးဝါးဝါး ဒဏ်ရာရမှုများ ရှိခဲ့ကာ ရဲတပ်ဖွဲ့ကမူ ဆယ်ကျော်သက် ၂ ဦးကို ဖမ်းဆီးထားသည်ဟု သိရသည်။

    ယမန်နေ့ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က တိုက်ခိုက်သူ ၂ ဦးမှာ ဆိုင်ကယ်ဖြင့် မိနစ် ၉၀ အတွင်း နေရာ ၅ ခု၌ လူများကို အက်စစ်ဖြင့် ပက်ခဲ့ကြောင်း၊ ၎င်းတို့၏ ဆိုင်ကယ်များ အခိုးခံရမှုကြောင့် ထိုကဲ့သို့ တိုက်ခိုက်ခြင်း ဖြစ်ပုံရကြောင်း ပြောကြားခဲ့သည်။

    တိုက်ခိုက်ခံရသူများတွင် ၁ ဦးမှာ ဘ၀တစ်ခုလုံးကို ထိခိုက်နိုင်သည့် ဒဏ်ရာမျိုး ရရှိထားသည်ဟုလည်း ဆိုသည်။

    ထိုတိုက်ခိုက်မှုအတွက် အသက် ၁၅ နှစ်နှင့် ၁၆ နှစ်အရွယ် ဆယ်ကျော်သက် ၂ ဦးကို လန်ဒန်ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

    ဇွန်လအတွင်းကလည်း လန်ဒန်အရှေ့ပိုင်းတွင် အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် ၎င်း၏ ၀မ်းကွဲညီအမတစ်ဦးမှာ မွေးနွေးပွဲကျင်းပပြီးအပြန်တွင် အက်စစ်ဖြင့် တိုက်ခိုက်ခံခဲ့ရသည်။

    Ref : The Guardian

  • ဂျေရုစလင်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး အစ္စရေးရဲ ၂ ဦး သေဆုံး

    ဂျေရုစလင်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး အစ္စရေးရဲ ၂ ဦး သေဆုံး

    ဇူလိုင် ၁၃၊ ၂၀၁၇
    M-Media

    – အစ္စရေးက သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် ဂျေရုစလင်မြို့ဟောင်းတွင် သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် အစ္စရေးရဲနှစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ပါလက်စတိုင်း သေနတ်သမား ၃ ဦးမှာ အလ်အက်ဆာဗလီအနီးရှိ ဂိတ်ပေါက်ဝတစ်ခုတွင် အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်ခတ်ပြီးနောက် ထွက်ပြေးခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကာ သေနတ်သမားအားလုံး သေဆုံးသွားခဲ့သည်ဟု အစ္စရေးရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    ထို့နောက် အစ္စရေးရဲတပ်ဖွဲ့က ဗလီဝတ်ကျောင်းတော်ကို ပိတ်ပစ်ခဲ့ကာ သောကြာနေ့ဝတ်ပြုမှုမလုပ်ရန် တားမြစ်ခဲ့သည်။ သေနတ်သမားများမှာ စက်သေနတ် ၂ လက်၊ ပစ္စတို တစ်လက်နှင့် ဓားတစ်ချောင်းပါဝင်သည်ဟုလည်း အစ္စရေးရဲတပ်ဖွဲ့က ဆိုသည်။

    အလ်အက်ဆာ ဗလီဝတ်ကျောင်းတော်တွင် အပတ်စဉ် သောကြာနေ့တိုင်း ပါလက်စတိုင်းပြည်သူ သောင်းချီ ၀တ်ပြုလေ့ရှိပြီး ယခုကဲ့သို့ အစ္စရေးက ဗလီအား ပိတ်ပင်မှုမှာ နှစ်များစွာအတွင်း ပထမဆုံးဖြစ်ကာ တင်းမာမှုများ ပိုမိုမြင့်တက်လာနိုင်သည်ဟု ခန့်မှန်းမှုများ ရှိနေသည်။

    ထို့ပြင် အစ္စရေမှာ ဂျေရုစလင် မြို့ဟောင်းအတွင်းသို့ ၀င်ရောက်ခွင့်ကိုလည်း ပိတ်ပင်ခဲ့သည်။

    “သောကြာနေ့ဝတ်ပြုမှုကို ပိတ်ပင်တာဟာ မမျှတတဲ့ လုပ်ဆောင်ချက်ပါ။ အလ်အက်ဆာဗလီမှာ အခြေအနေသစ်တစ်ရပ်ဖန်တီးဖို့ စောစောပိုင်းက ဖြစ်ခဲ့တာတွေကို အစ္စရေးက အမြတ်ထုတ်နေတာပါ” ဟု အလ်အက်ဆာဗလီမှ ဘာသာရေးဆိုင်ရာ တာဝန်ရှိသူ ရှိခ် အိုမာရ် ကက်စ်ဝါနီက ပြောကြားခဲ့သည်။

    သီးခြားအဖြစ်အပျက်တစ်ခုအဖြစ် အစ္စရေးတပ်ဖွဲ့ဝင်များမှာ ၎င်းတို့သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်း ဘက်သလီဟမ်တောင်ဘက် ဒုက္ခသည်စခန်း စီးနင်းမှုအတွင်း အသက် ၁၈ နှစ်အရွယ် ပါလက်စတိုင်းတစ်ဦးကို ယနေ့တွင် ပစ်သတ်ခဲ့သည်။

    အစ္စရေးတပ်ဖွဲ့များနှင့် ဂျူးအခြေချနေထိုင်သူများက အလ်အက်ဆာ ဗလီဝတ်ကျောင်းတော်သို့ ၀င်ရောက်စီးနင်းမှုများ ပြုလုပ်ခဲ့သည့် ၂၀၁၅ ခုနှစ် စက်တင်ဘာမှစ၍ ဖြစ်ပွားခဲ့သော တင်းမာမှုများတွင် အစ္စရေးတပ်ဖွဲ့ဝင်များ သတ်ဖြတ်ခတ်ခဲ့သည့် ပါလက်စတိုင်းစတိုင်းအရေအတွက်မှာ ယခုအချိန်အထိ ၂၅၄ ဦး ရှိလာပြီဖြစ်သည်။

    အစ္စရေးကမူ အများစုမှာ ၎င်းတို့အား တိုက်ခိုက်သူများဖြစ်သည်ဟု ပြေကြားထားသည်။ ထိုကာလအတွင်း ပါလက်စတိုင်းတိုက်ခိုက်သူများကြောင့် အစ္စရေး ၄၃ ဦး၊ အမေရိကန်ခရီးသွား ၂ ဦးနှင့် ဗြိတိန်ခရီးသွား တစ်ဦးတို့ သေဆုံးခဲ့သည်။

    Ref: Aljazeera